♎️Chapter 21
"ဒါကျိုးအာ မူလတန်းတုန်းကပုံဖြစ်မယ်..."
"ဟုတ်တယ်....ဘယ်ဘက်ကပုံက သူမူလတန်းတုန်းက ပြိုင်ပွဲဝင်ပြိုင်ခဲ့တာလေ...ပထမရခဲ့တာထင်တယ်..."
"နောက်တစ်ပုံကတော့ ရှောင်လင်တို့ကျောင်းက ကပွဲရုံမှာ ပြိုင်ပွဲလုပ်တာ...ကံကောင်းလို့အတန်းတွေအများကြီးပြိုင်လို့ရတယ်လေ...သူတို့နှစ်ယောက်က အချင်းချင်းအဖော်လုပ်ပေးကြလို့ပေါ့..မဟုတ်ရင် ဒီဓာတ်ပုံထွက်လာမှာမဟုတ်ဘူး..."
"အဲဒီနှစ်ယောက်က ခွဲလို့ကိုမရတာလေ..."
အဘွားအသံက ဂုဏ်ဆာနေသလိုပင်။
"....."
ယွိဖေးအပြုံးလေးက မှေးမှိန်သွားခဲ့သည်။ သူအယ်လ်ဘမ်ကို ညင်သာစွာချလိုက်ကာ ဖုယွမ်ကျိုးကိုလှမ်းကြည့်လာသည်။ ဖုယွမ်ကျိုးက သူကြည့်နေသည်ကိုသတိမထားမိပေ။ အယ်လ်ဘမ်ကိုဖွင့်ကာ ဓာတ်ပုံဟောင်းများကိုလှန်လှောနေပြီး နောက်ဆုံးမှ စစ်တုရင်အဖွင့်ပြိုင်ပွဲမှဓာတ်ပုံကိုရှာတွေ့သွားသည်။
အဖွင့်ပြိုင်ပွဲမှဓာတ်ပုံက အများအပြားဖြစ်နေပြီး ရန်ရှူးထန်၏မှတ်စုစာအုပ်ထဲမှဓာတ်ပုံလည်းပါသည်။ ရန်ရှူးထန် သူ့ကိုပြိုင်ခဲ့သည့်ပုံ။ ထိုဓာတ်ပုံကို ဘေးတိုက်အနေအထားမှရိုက်ထားခြင်းဖြစ်၏။ နှစ်ယောက်လုံး ကင်မရာကိုစိတ်မဝင်စားဘဲ အရှေ့မှ စစ်တုရင်ဘုတ်အပေါ်ကိုသာအာရုံရောက်နေခဲ့ကြသည်။
ရန်ရှူးထန်က တကယ်ပင် သူ၏ပြိုင်ဘက်ဖြစ်ခဲ့ပုံရ၏။
ဓာတ်ပုံကိုမြင်လိုက်ရသည့်အခါ ဖုယွမ်ကျိုး အနည်းငယ်မျှလေးစားစိတ်ဝင်သွားခဲ့သည်။ သူ့ထက်နှစ်နှစ်သာငယ်သည့်ကောင်လေးက တကယ်ကိုသူ့ပြိုင်ဘက်ဖြစ်နေခဲ့သည်။ ထိုကောင်လေးက အတော်လေးငယ်သော်လည်း ဘာကိုမှဂရုမစိုက်ဘဲ အကောင်းဆုံးကြိုးစားခဲ့သည်။
သူမှတ်မိသည့်အတိုင်းဆိုလျှင် တစ်ယောက်ကျော်ပြိုင်လိုက်ရ၍ သူအနိုင်ရသွားခဲ့ပြီး ကောင်လေးက နောက်တကြိမ်ထပ်ပြိုင်ရန်စိမ်ခေါ်ခဲ့သည်။ ထိုအချိန်က သူလက်ခံခဲ့သော်လည်း ဖျားနေ၍ မပြိုင်လိုက်ရပေ။
အဲဒါကြောင့် အစတည်းက ရန်ရှူးထန်သူ့ကိုမုန်းနေခဲ့တာလား။နှစ်တွေဒီလောက်ကြာနေပြီကို ဘယ်လိုလုပ်မှတ်ထားနိုင်သေးတာလဲ။
ထိုနေ့က သူရန်ရှူးထန်ကို WeChat မက်ဆေ့ချ်ပို့ခဲ့သော်လည်း ရန်ရှူးထန်ကစာမပြန်ခဲ့ပေ။ ထို့ကြောင့် နောက်တစ်ရက်တွင် တန်းခွဲ ၁ သို့သွားကာရန်ရှူးထန်ကိုရှာခဲ့သော်လည်း ရန်ရှူးထန်ကသူ့အား လျစ်လျူရှုထားပြီး သူနှင့်စကားပြောချင်ပုံမရပေ။
အစတည်းက သူတို့နှစ်ယောက်သည်ပြိုင်ဘက်များသာ။ ဖုယွမ်ကျိုးက သူ့ကိုကျေနပ်အောင်မလုပ်ပေးနိုင်ခဲ့ပေ။ သူလှည့်ထွက်တော့မည့်အချိန်တွင် သူပြန်လှည့်ကြည့်မိသည့်အခါ ရန်ရှူးထန်၏လက်ချောင်းလေးများကတုန်ယင်နေသည်ကို သူသတိထားမိခဲ့သည်။ အနီးကပ်ကြည့်မည်ဆိုပါက ထိုသူသည်နှုတ်ခမ်းကိုပါတင်းတင်းစေ့ထားသည်ကိုမြင်နိုင်ပေလိမ့်မည်။
ထိုသူသည်ကား စိတ်ကျဥ်းကျပ်နေရသည်ပင်။
ထိုအခိုက်အတန့်မှာပင် ဖုယွမ်ကျိုးသည် ရန်ရှူးထန်၏ခံစားချက်တို့ကိုသတိပြုမိလိုက်လေ၏။ သူ့ဘဝတစ်လျှောက် ရန်ရှူးထန်၏အခြားတဖက်ကို မြင်တွေ့ခဲ့ရပေါင်းများ၍လည်းဖြစ်လိမ့်မည်၊၊ သူသည်ကား ပိုပြီးအာရုံစိုက်တတ်လာကာ ဤတကြိမ်တွင်မူ တစ်ဖက်လူ၏ခံစားချက်တိုင်းကို အမိအရသတိပြုမိနိုင်ခဲ့သည်။
သူ၏ခန့်မှန်းချက်က မည်မျှအတိုင်းအတာအထိမှန်နိုင်မည်နည်း။
ဖုယွမ်ကျိုးမှာ ထိုတဒင်္ဂလေးအတွင်း တောင့်တင်းသွားရပြီး ရန်ရှူးထန်သူ့အားပေးခဲ့သည့် စာအုပ်များကိုပြန်တွေးမိလိုက်သည်။ ထိုသူကား အတော်လေးပင်ပန်းခဲ့ရမည်ပင်။
ရန်ရှူးထန်ကအသည်းမာနိုင်သည့်တိုင် ဖုယွမ်ကျိုးကမူ စိတ်ပျော့လေ၏။ နောက်ဆုံး၌ သူ့ဘက်မှ စိတ်ရင်းအမှန်ဖြင့်တောင်းပန်ခဲ့သည်။ ဓာတ်ပုံအကြောင်းကိုဆက်မပြောတော့ဘဲ စာပြပေးသည့်ကိစ္စနှင့်ပတ်သတ်ပြီးသာမေးမြန်းခဲ့သည်။ မထင်မှတ်ဘဲ ရန်ရှူးထန်က စာပြသည့်အပိုင်းကိုမဖျက်ပစ်ပဲ မူလအစီအစဥ်အတိုင်းဆက်လုပ်ရန်ကြံရွယ်ထားခဲ့သည်။
မူလက ပိတ်ရက်တိုင်းစာလုပ်ကြရန်သတ်မှတ်ထားသော်လည်း သည်တစ်ပတ်တွင်မူ ဖုယွမ်ကျိုးက အဘွားဖြစ်သူအိမ်ကိုသွားရဦးမည်ဖြစ်ပြီး ရန်ရှူးထန်မှာလည်းလုပ်စရာရှိနေသေးသည်။ သို့ဖြစ်၍ နောက်တစ်ပတ်မှစတင်ရန် တရားဝင်သတ်မှတ်လိုက်ရတော့၏။
သူရန်ရှူးထန်ကိုဘယ်လိုပြောသင့်လဲ။
သူဓာတ်ပုံကိုမမှိတ်မသုန်ကြည့်နေသည့်အခါ အမေဖြစ်သူကသတိထားမိသွားလေ၏။
"ဒီကလေးက မင်းတို့အတန်းထဲက ရန်ရှူးထန်ဆိုတဲ့ကောင်လေးနဲ့တူတယ်နော်"
သူမသည်ကား နှစ်စဥ်ကျင်းပသည့် မိဘဆရာတွေ့ဆုံပွဲရောက်တိုင်း ဖုယွမ်ကျိုးအတွက်လာပေးရတတ်သည်။ အတန်းစာမေးပွဲတိုင်း ပထမရတတ်သောရန်ရှူးထန်မှာ နာမည်ကြီးသောကြောင့် မိဘဆရာတွေ့ဆုံပွဲတွင် ထိုသူကသူ၏အတွေ့အကြုံများအကြောင်းကို အမြဲရှင်းပြပေးရ၏။ ကျောင်းသားမိဘများကသူ့အားမြင်သည့်အခါတိုင်း အမြဲချီးကျုးတတ်ကြသည်။
ဖုယွမ်ကျိုး: "သူပဲလေ..."
မာမားဖု: "အိုး...ငါသူ့ကိုနောက်တခါတွေ့ရင်တောင်းပန်ရမယ်..."
"ဗျာ..."
ဖုယွမ်ကျိုး အူကြောင်ကြောင်ဖြစ်သွားသည်။ အမေကဘာလို့ ရန်ရှူးထန်ကိုတောင်းပန်မှာလဲ။
"မင်းအဲဒီတုန်းကဖြစ်ခဲ့တာတွေမှတ်မိသေးလား...မင်းအဖျားအရမ်းကြီးနေလို့မပြိုင်လိုက်ရဘူးလေ...မင်းအားနာစိတ်လေးတောင်မဖြစ်မိဘူးလား..."
ဖုယွမ်ကျိုး ခေါင်းညိတ်ပြလိုက်လေရာ မာမားဖုကဆက်ပြောလာခဲ့သည်။
"မင်းတို့နှစ်ယောက်က ပြိုင်ပွဲမှာတွေ့ကြတယ်...မင်းတို့အချင်းချင်းလည်းလေးစားကြတယ်လေ...အဲဒီတုန်းက ငါမင်းကိုနောက်မှပြိုင်ပါလို့ပြောတာကို...မင်းကသူ့ကိုကတိပေးထားပြီး အပြင်းဖျားသွားတယ်လေ...သူကတော့မင်းကိုမိုးချုပ်တဲ့အထိ ပွဲရုံမှာအကြာကြီးစောင့်နေလိုက်ရတာ...မင်းရောက်လာမယ်လို့ယုံကြည်ပြီးတော့လေ..."
"ဘာလို့ ကျွန်တော့်ကိုတစ်ခါမှမပြောပြတာလဲ..."
ဖုယွမ်ကျိုး မှင်သက်သွားခဲ့သည်။
"ငါလည်းသူကမင်းကိုအဲဒီမှာစောင့်နေမယ်လို့မထင်ထားခဲ့ဘူးလေ...ပြိုင်ပွဲအတွက်စာရင်းသွင်းတော့ ငါကဖုန်းနံပါတ်ချန်ထားခဲ့တယ်...အဲဒီနေ့က ငါ့ကိုတာဝန်ရှိသူက အများကြီးခေါ်ထားတာ...ဖြစ်ချင်တော့ အဲဒီနေ့ကနိုင်ငံခြားရောက်နေခဲ့တာနဲ့ ပြည်တွင်းဖုန်းကိုမယူလာမိဘူးလေ..ငါအဲဒီလူကိုပြန်ခေါ်တော့ လဝက်တောင်ဖြစ်နေပြီ..ပြိုင်ပွဲလည်းပြီးသွားပြီလေ..."
မာမားဖုကသက်ပြင်းချပြီး ဆက်ပြောလာ၏။
"ငါအရမ်းရှက်တာပဲ..သူ့မိသားစုကတော့ ကံမကောင်းတာပါဆိုပြီး နှစ်သိမ့်ပေးကြပါတယ်..ဖုန်းနံပါတ်ကခေါ်မရတော့ဘူး...အဲဒါမှားတာပဲ..ဒါပေမဲ့ ကလေးကတော့စိတ်မကောင်းဖြစ်သွားမှာ...သူ့ခမျာ ပွဲသိမ်းတဲ့အထိစောင့်နေခဲ့ရတာ..."
"ငါမင်းကိုမပြောခဲ့မိတာပါ..မင်းကိုစိတ်မကောင်းမဖြစ်စေချင်လို့လေ...မင်းမှားတာမဟုတ်ပါဘူး..."
"အမေမှားတာလည်းမဟုတ်ပါဘူးဗျာ..."
ဖုယွမ်ကျိုးမှာနားထောင်လေ အရှက်ရလေပင်။ အခုတော့ ရန်ရှူးထန်သူ့ကိုမုန်းရသည့်အကြောင်းအရင်းအားသိသွားခဲ့ပြီ။ သူသာ "အကြောင်းမရှိအကြောင်းရှာ" ထိုင်စောင့်နေလိုက်ရပါက သေသည်အထိအမုန်းခံရပေတော့မည်။
သည့်အပြင် သူကိုယ်တိုင်လည်း မေ့လျော့နေခဲ့သည်ပင်။ ရန်ရှူးထန်ကသူ့ကိုမှတ်မိသည့်တိုင် သူကမူ ရန်ရှူးထန်ကိုမမှတ်မိသလို တောင်းလည်းမတောင်းပန်ခဲ့ပေ။ အစတည်းက ရန်ရှူးထန်က သူ့အပေါ်ကောင်းကောင်းမဆက်မဆံခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။
ရန်ရှူးထန်က သဘောကောင်းလွန်းသောကြောင့် အစကသူ့ကိုမုန်းခဲ့သော်လည်း သူ့ကိုအိမ်စာများကူပြပေးပြီး ကျေးဇူးပြန်ဆပ်ခဲ့သေးသည်။
ဖုယွမ်ကျိုးသည် အပြစ်ရှိစိတ်နှင့်စိတ်ထိခိုက်မှုတို့ရောထွေးကုန်ပြီး ချက်ချင်းဖုန်းထုတ်ကာ ရန်ရှူးထန်သို့ မျက်ရည်ကျပြီးဖက်ပေးနေသည့်အီမိုဂျီတသီကြီး ပို့ပေးလိုက်၏။
ရန်ရှူးထန်ကသူ့အားစာပြန်မလာသေးပေ။ သူရန်ရှူးထန်ကို စာအရှည်ကြီးဖြင့်တောင်းပန်ထားပြီးမှ အမေဖြစ်သူပြောလာသည်ကိုကြားလိုက်ရသည်။
"ဆေးသောက်ဖို့အချိန်ရောက်ပြီ...ကျန်တဲ့လူတွေဘယ်ရောက်သွားကြတာလဲ...အိမ်ထဲမှာလဲမတွေ့ဘူး.."
"အပြင်ထွက်သွားကြတယ်ထင်တယ်.."
ဖုယွမ်ကျိုး တအိမ်လုံးပတ်ရှာပြီးအော်ခေါ်သော်လည်း ယွိဖေးကို အိပ်ခန်းရောရေချိုးခန်းထဲတွင်ပါမတွေ့ပေ။ အပြင်ထွက်သွားသလားမသိရသော်ငြား ဖုန်းရောပိုက်ဆံကိုပါယူမသွားခဲ့ချေ။
ဆယ်မိနစ်ကြာသည်အထိ ထိုသူကပြန်မလာသေးပေ။ မာမားဖုကပြောလာပါ၏။
"အမေ မင်းတို့မြေးအဘွားအတွက်ညစာချက်ပေးမယ်..သူ့ကိုလိုက်ရှာနေဖို့မအားတော့ဘူး...ရှောင်လင်နဲ့ရှောင်ကျိုး အပြင်ထွက်ပြီးသူ့ကိုသွားရှာကြချေ..."
"အိုကေ...."
ရန်ရှူးထန်ဆီမှပြန်စာမရသောကြောင့် ဖုယွမ်ကျိုးသည် ရှဲ့လင်နှင့်အတူ ယွိဖေးကိုအရင်ထွက်ရှာရန်ဆုံးဖြတ်လိုက်၏။ အပြင်မထွက်ခင် ရှဲ့လင်ကိုလူခွဲရှာရန်အကြံပေးခဲ့၍ သူ ရှဲ့လင်နှင့် နှစ်ယောက်တည်းအတူမရှိနိုင်တော့ပေ။ မဟုတ်ပါက ရှဲ့လင်ဘာလုပ်နိုင်မှန်းသူမသိနိုင်ချေ။
ဖုယွမ်ကျိုးက ခြံဝန်းထဲသို့ထွက်လာခဲ့သည်။ သူ၏အဘွားဖြစ်သူအိမ်က မြို့၏ဆင်ခြေဖုံးတွင်ရှိနေ၏။ ခြံကကျယ်ဝန်းပြီး မြက်ခင်းပြင်ကျယ်နှင့်ဗီလာနှစ်လုံးဆောက်ထားသည်။ အိမ်ခြေကျဲပါးပြီး လူအနေနည်းလေ၏။
သူလမ်းလျှောက်နေရင်းမှ လမ်းတဖက်တွင် ပုံရိပ်တစ်ခုလမ်းလျှောက်လာနေသည်ကို ရုတ်တရက်မြင်တွေ့လိုက်ရသည်။ ထိုအချိန်သည် နေဝင်ချိန်ဖြစ်နေ၍ ထိုသူ၏မျက်နှာကိုသေချာမမြင်ရပေ။ ဖုယွမ်ကျိုးက ခန့်မှန်းကြည့်ပြီး လှမ်းအော်လိုက်သည်။
"ရှောင်ဖေး...မင်းလား..."
"ဖုယွမ်ကျိုး..."
ထိုပုဂ္ဂိုလ်က သူ့နာမည်ကိုခေါ်လာ၍ ဖုယွမ်ကျိုးမှာ တခဏမျှရပ်ဆိုင်းသွားပြီးနောက် ထိုသူ၏အသံကိုမှတ်မိလိုက်လေ၏။
"ရန်ရှူးထန်လား?"
"အေး..ငါပဲ..."
ရန်ရှူးထန်က သူ့အနားကိုချဥ်းကပ်လာပြီး ရှင်းသန့်ကြည်လင်သည့်မျက်နှာလေးကိုဖော်ပြလာ၏၊ ဖုယွမ်ကျိုးက အတော်လေးအံ့အားသင့်သွားရပြီး ပါးစပ်ဟကာမေးလိုက်လေ၏။
"မင်းကဘယ်လိုလုပ်ဒီမှာရှိနေရတာလဲ..."
"ဒီနေ့က ငါ့အဘိုးဆုံးသွားတဲ့နှစ်ပတ်လည်နေ့လေ...အဲဒါကြောင့် အုတ်ဂူကိုလာကန်တော့တာ..."
ရန်ရှူးထန်က သူ့ကိုဖျတ်ကနဲကြည့်လာပြီး သူဤနေရာတွင်ရောက်နေရသည့်အကြောင်းအရင်းကိုသိချင်နေပုံပင်။
ဖုယွမ်ကျိုး: "ဒီကနေဆို ငါ့အဘွားအိမ်နဲ့သိပ်မဝေးဘူး..တိုက်ဆိုင်လိုက်တာ...ငါကတို့ကအိမ်နီးချင်းတွေပါဖြစ်နေတာလား..."
ရန်ရှူးထန်က ခေါင်းယမ်းငြင်းဆိုသည်။
"ငါ့မိသားစုကဒီမှာမနေတော့တာကြာပြီလေ..."
ရန်ရှူးထန်က ငြင်းလိုက်သော်လည်း ဖုယွမ်ကျိုးကစိတ်မပျက်သွားခဲ့ပေ၊၊ သူယခုစိတ်ထိခိုက်ပြီးအရှက်ရနေဆဲဖြစ်၍ ရန်ရှူးထန်ကို ယခုလိုရိုးရိုးလေးမြင်ရရုံနှင့်တင် ဆွေမျိုးရင်းခြာတစ်ယောက်ကိုတွေ့လိုက်ရသလိုပင်။
"မင်းဒီနေ့ညကို ငါ့အိမ်မှာညစာလာစားချင်လား.."
သူသည်ကား အင်မတန်ခင်မင်ရင်းနှီးဟန်ဖြင့် ရန်ရူထန်၏ပုခုံးပေါ်ကိုလက်တင်လိုက်ပြီး ညီအစ်ကိုများလို လည်ပင်းကိုသိုင်းဖက်ထားလေသည်။
"ငါ့အမေက အရသာရှိတာတွေချက်ထားတယ်...လိုက်စားပါလား..."
ယခုလိုအဖက်ခံလိုက်ရသည့်အခါ ရန်ရှူးထန်၏နားရွက်များက ရုတ်တရက်နီလာပြီး ငုပ်လျိုသွားသည့်နေလုံးထက်ပင်နီစွေးနေခဲ့သည်။ ထိုသူသည် ဖုယွမ်ကျိုး၏ဆက်ဆံပုံ ရုတ်တရက်ပြောင်းလဲသွားမှုအပေါ် ကျင့်သားမရသေးပုံပင်။
"မစားဘူး!"
"သွားမယ်...ငါ့ကိုအားနာမနေစမ်းပါနဲ့..."
မထင်မှတ်ဘဲ ဖုယွမ်ကျိုးစိတ်ဓာတ်တက်ကြွနေခဲ့သည်။
"မင်းကိုပြောစရာစကားလည်းရှိသေးတယ်..."
"တကယ်...မလိုက်တော့ဘူးလို့..."
"ကျိုးအာ..."
အသံတစ်သံက ရန်ရှူးထန်၏စကားကို ရုတ်ချည်းကြားဖြတ်သွားခဲ့သည်။ ဖုယွမ်ကျိုးလှည့်ကြည့်လိုက်သည့်အခါ ယွိဖေးကသူ့အနောက်တွင်ရပ်နေခဲ့ပြီး မျက်ခုံးမျက်လုံးများက နေဝင်ချိန်အောက်တွင်တောက်ပနေခဲ့၏။ ထိုသူကပြုံးနေသော်လည်း ပြုံးနေပုံမပေါ်ပြန်ပေ။
အနှီသူသည် ပျော့ပျောင်းလှသည့်အသံဖြင့်ဆိုလာလေ၏။
"မင်းတို့နှစ်ယောက်က....အရမ်းခင်ကြသလိုပဲနော်.."
ယွိဖေး၏ရည်းစားဟောင်းဖြစ်ခဲ့ဖူးသူအနေဖြင့် ဖုယွမ်ကျိုးမှာ သိထားသမျှအကုန်လုံးကိုမပြောပြရဲပေ။ သို့ထိတိုင် သူမကိုစာနာနားလည်ပေးနိုင်သေးသည်။ တလောကလုံးမှ သက်ရှိများအပေါ်အထင်သေးအမြင်သေးတတ်သည့် ယောကျ်ားတစ်ယောက်ဖြစ်လာသည့်အချိန်အထိ သူမ၏အရိုးထဲမှအကျင့်များမှာ မပြောင်းလဲသေးပေ။
ဥပမာ ယွိဖေးအသံကိိုနားထောင်ကြည့်ရုံဖြင့် သူမ၏မပျော်မရွှင်ဖြစ်နေမှုကို သိနိုင်သည်။
အတော်လေးသိသာနေ၍ လျစ်လျူရှုထား၍ပင်မရပေ။ ဖုယွမ်ကျိုးမှာ ရန်ရှူးထန်ကိုလွှတ်ပေးလိုက်ရသော်လည်း အားနာနေဆဲပင်။ ယွိဖေးက ထိုသူကြောင့်မရွှင်မပြဖြစ်သွားရသော်လည်း အကြောင်းအရင်းကိုမူ သူလည်းနားမလည်နိုင်သေးပေ။
သူအမှားလုပ်မိလို့များလား။ သူရှောင်ဖေးဆီကိုမသွားသေးဘဲ ရန်ရှူးထန်ကိုစကားဆက်ပြောနေမိလို့များလား။အဲဒါကြောင့် ရှောင်ဖေးကစိတ်ဆိုးနေတာများလား။
"ဆောရီး..."
သူယွိဖေးကိုတောင်းပန်စကားပြောလိုက်သည်။
"ဘာကိုဆောရီးလဲ..."
ယွိဖေးကလည်းပြန်မေးလာသည်။
ဘာလို့လဲ။သူလည်းမသိပေ။သူသိသည်က အရင်ဆုံးတောင်းပန်လိုက်ရန်သာ။
ဖုယွမ်ကျိုး: "မင်းစိတ်မပျော်နေဘူး...ဘယ်သူ့ကိုမှမပြောဘဲ အပြင်ထွက်သွားတယ်လေ...ငါလည်းမသိလိုက်ဘူး..."
သူသည်ကား မျက်တောင်လေးခတ်ကာ အသံလေးမှာလည်းသနားစရာကောင်းနေခဲ့သည်။ သူယခုလိုမျက်နှာမျိုးလုပ်ပြလိုက်သည်နှင့် သူ့ကိုဆူပူမည့်သူမရှိတော့ပေ။ ယွိဖေးက ချက်ချင်းနူးညံ့သွားပြီး သူ့ခေါင်းလေးကိုပွတ်ပေးလာသည်။
"မင်းကြောင့်မဟုတ်ပါဘူး...တောင်းပန်စရာလည်းမလိုဘူး..မင်းလည်းငါ့ကိုဘာအမှားမှမလုပ်ထားခဲ့ဘူး..."
ရန်ရှူးထန်က သူတို့နှစ်ယောက်စကားပြောနေသည်ကိုဘေးတွင်ရပ်ကြည့်နေခဲ့သည်။ အစက ယွိဖေးမှသူတို့ကို ရင်းနှီးသည်ဟုပြောလာ၍ ရှက်သွားသေးသော်လည်း ယခုမူပြန်လည်တည်ငြိမ်သွားပြီး နှုတ်ခမ်းကိုဖိကာပြောလိုက်သည်။
"ငါပြန်တော့မယ်..."
"ဟေ့...မသွားနဲ့ဦးလေ...ငါ့အိမ်မှာညစာမစားတော့ဘူးလား..."
ဖုယွမ်ကျိုးက သူ့ကိုပြန်ဆွဲထားပြီး တချိန်တည်းမှာပင် ယွိဖေးကိုကြည့်လိုက်မိသေး၏။ ယွိဖေးကအခုလေးတင် စိတ်မကြည်ဘူးလို့ပြောလိုက်တော့...ရန်ရှူးထန်နဲ့မဆိုင်လောက်ပါဘူးနော်။
ရန်ရှူးထန်ကခေါင်းယမ်းပြလိုက်သည်။
"ဆွေမျိုးတွေအိမ်မှပဲစားလိုက်တော့မယ်...."
ဖုယွမ်ကျိုးက ထပ်မေးပြန်သည်။
"မနက်ဖြန်ဆိုရင်ရော? ဘယ်အချိန်ပြန်မှာလဲ..မနက်ပိုင်းကိုမပြန်သေးရင် အိမ်မှာနေ့လည်စာစားပြီး ငါ့ကိုပါစာကူလုပ်ပေးသွားဦး...ငါစာအုပ်တွေအကုန်ယူလာတယ်..."
"မနက်ဖြန်လည်း...."
ရန်ရှူးထန်က ခဏလောက်တွေးနေပြီးနောက် သဘောတူလိုက်သည်။
"မနက်ဖြန်ဆယ်နာရီ...မင်းအားလား..."
"ရတယ်..."
ဖုယွမ်ကျိုးက သူ့အိမ်ဘက်ကိုလက်ညိုးထိုးပြလိုက်သည်။
"အမိုးနီလေးနဲ့အိမ်ကိုတွေ့လား...အဲဒါအဘွားအိမ်လေ.."
ရန်ရှူးထန်က သူသိကြောင်းခေါင်းညိတ်ပြလိုက်သည်။ ဖုယွမ်ကျိုးက သူ့အားလက်ပြနှုတ်ဆက်လိုက်၏။ သူဘယ်လိုတုံ့ပြန်ရမှန်းမသိတော့၍ လက်ကိုသာသာလေးယမ်းပြပြီး ထိုနေရာမှထွက်လာခဲ့လိုက်သည်။
"ငါမှတ်မိပြီ...အဲဒီတစ်ယောက်ကမင်းနဲ့ ပြိုင်ခဲ့တဲ့တစ်ယောက်မလား..."
ယွိဖေးက ရန်ရှူးထန်ကိုလှည့်ကြည့်လိုက်သည်။
"ပြန်တည့်သွားကြပြီလား..."
"မတည့်သေးဘူး...ငါ့ကိုသဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးဖို့တော့မျှော်လင့်ပါတယ်..."
ဖုယွမ်ကျိုး သက်ပြင်းချလိုက်သည်။
"မင်းကိုငြင်းနိုင်တဲ့သူဆိုတာမရှိဘူး..."
ဖုယွမ်ကျိုးက ညင်သာစွာပြုံးပြလိုက်လေ၏။
"မင်းကဘယ်လောက်ချစ်စရာကောင်းလဲဆိုတာမင်းမသိသေးပါဘူး..."
ဖုယွမ်ကျိုးမှာ ရှက်သွားရလေရာ နားရွက်များပူလာရပြန်သည်။ ဤသို့ဤပုံချီးကျုးမှုမျိုးကို သူနားမထောင်တတ်ပေ။
"မင်းမနက်စာလုပ်တဲ့အခါ ငါရောလာနားထောင်လို့ရလား..."
ယွိဖေးက ပြုံးလျက်မေးခွန်းထုတ်လာလေသည်။
"ငါလည်းမင်းနဲ့အတူတူစာလုပ်ချင်တယ်..."
"ငါကတော့ကိစ္စမရှိဘူး...ရန်ရှူးထန်လာတော့မှ သူ့သဘောကိုမေးကြည့်လိုက်လေ..."
စာကူပြပေးမည့်သူက ရန်ရှူးထန်ဖြစ်နေ၍ ဖုယွမ်ကျိုးကထိုအတိုင်းသာစကားပြန်လိုက်သည်။ စာများက အထက်တန်းပထနှစ်စာများဖြစ်ပြီး ယွိဖေးနှင့်လည်းအတန်းတူသည်။သို့တစေ ရန်ရှူးထန်သဘောတူမတူကိုမေးကြည့်ရဦးမည်။
နှစ်ယောက်သား စကားပြောရင်းဖြင့်သာလမ်းလျှောက်လာခဲ့ကြသည်။ ဖုယွမ်ကျိုးက ယွိဖေးကိုရှာတွေ့ပြီဖြစ်သည့်အကြောင်း ရှဲ့လင်ထံ WeChat မက်ဆေ့ချ်ပို့လိုက်ပြီး ယွိဖေးကိုမေးလိုက်၏။
"မင်းအခုလေးတင် စိတ်မပျော်ဘူးဆို...တစ်ယောက်ယောက်ကမင်းကိုတစ်ခုခုပြောလိုက်လို့လား..."
ယွိဖေးကပြုံးလိုက်၏။
"မဟုတ်ပါဘူး...ငါနိုင်ငံခြားမှာ အရမ်းအရေးကြီးတဲ့ပစ္စည်းတစ်ခုကျန်နေခဲ့တာကို သတိရသွားလို့..."
ဖုယွမ်ကျိုးက ဇဝေဇဝါဖြင့်ပြန်ကြည့်နေသည်။
"ဥပမာ....."
ယွိဖေးက အသံနှိမ့်လိုက်၏။
"ငါမင်းနဲ့ဆယ့်တစ်နှစ်လုံး အချိန်မကုန်ခဲ့ရတာတွေပေါ့..."
ဖုယွမ်ကျိုးက နောက်ဆုံးလိုက်ပြီး ပြုံးကာ အမြန်ဖြေရှင်းလိုက်၏။
"ရပါတယ်...ငါတို့ကငယ်သေးတာပဲ....အချိန်တွေအများကြီးကျန်ပါသေးတယ်..."
ယင်းသည်ကား သူ့ကိုယ်သူကတိပေးလိုက်ခြင်းပင်။ ဤဘဝတွင် သူကောင်းကောင်းမွန်မွန်နေထိုင်သွားပြီး ဆွေမျိုးနှင့်မိတ်ဆွေများကိုလည်း ချစ်ခင်တန်ဖိုးထားမည်။
အားလုံးလည်းပျော်ရွှင်စေရမည်။