♎️Chapter 22
ယွိဖေးက စကားမဆိုဘဲပြုံးကာ ခြံဝန်းထဲဝင်လာခဲ့ကြသည်။ နှစ်ယောက်သား ခြံဝန်းထဲရောက်သည်နှင့် သူဖုယွမ်ကျိုးကိုပြောလိုက်၏။
"ကျိုးအာ....မင်းအရင်ဝင်နှင့်...ငါအပြင်မှာနေချင်သေးတယ်.."
"ငါရော...မင်းနဲ့အတူနေပေးရဦးမလား..."
ဖုယွမ်ကျိုးကထိုသူကိုမေးကြည့်လိုက်သည်။
"ရပါတယ်....မင်းဝင်နှင့်ပါ...အဘွားနဲ့နေပေးလိုက်ဦး..."
ယွိဖေးက ပြုံးလိုက်ချေ၏။
"ငါအပြင်ကိုထပ်ပြီးမထွက်သွားတော့ပါဘူး...မပူပါနဲ့..."
"အေးပါ..ဝင်လာရင်တော့ ဆေးသောက်ဖို့မမေ့နဲ့နော်..."
"ကောင်းပြီ..."
ယွိဖေးကတုံ့ပြန်လာသည့်အခါ ဖုယွမ်ကျိုးကလည်းအိမ်ထဲဝင်သွားလိုက်သည်။ ထိုအချိန်တွင် နေဝင်သွားပြီဖြစ်ပြီး ကောင်းကင်ပြင်မှာလည်း တိမ်လွှာနှစ်ထပ်ဖြင့်ပိုင်ခြားခံထားရ၏။ ဝင်စနေလုံးအရောင်ကြောင့်တစ်ပိုင်းမှာ သွေးနီရောင်တောက်ပနေကာ အခြားတစ်ပိုင်းမှာ အရှေ့အရပ်ဆီမှလင်းချင်းလာသောလမင်း၏ ငွေရောင်အလင်းတန်းတို့ရောစွက်နေသည့် ည၏အမှောင်ယံဖြစ်ပြီး လင်းလိုက်မှိန်လိုက်ကြယ်စုလေးများပင်ထွက်ပြူနေလေပြီ။
"ဖာ့ခ်.."
သူသည်ကား ခြံထောင့်တွင်မတ်တပ်ရပ်နေရင်း မီးခြစ်ကိုထုတ်ကာ ဝယ်လာသည့်စီးကရက်ကိုမီးညှိလိုက်သည်။ ဆေးလိပ်၏အနံ့က ထွက်လာသည့်မီးခိုးငွေ့များထက်ပင်ဆိုးရွားနေသော်လည်း သူဂရုမစိုက်ပေ။လက်ရှိတွင် သူ့အတွက်က စီးကရက်သည်သာအလိုအပ်ဆုံးဖြစ်နေလေ၏။
အလင်းရောင်သည် ညအချိန်အခါကိုဖြိုခွင်းနေပြီး သူ၏မျက်ခုံးပေါ်တွင် မြူအလွှာတစ်ခုစုဝေးနေခဲ့သည်။ သူသည် လက်ထဲမှစီးကရက်မကုန်ခင် တိတ်တဆိတ်မတ်တပ်ထရပ်လိုက်ပြီး ခြံဝန်းဂိတ်ဝမှ လူအရိပ်တစ်ခုဝင်လာခဲ့သည်။ရှဲ့လင်ပြန်ရောက်လာပြီ။
"မင်းဆေးလိပ်သောက်နေတာလား..."
ရှဲ့လင်က ယွိဖေးကိုတည့်တည့်ကြည့်နေသည်။
"ပုံမှန်လိုဖြစ်နေပြီ..."
ယွိဖေးက စီးကရက်ဖင်စီခံကိုချေလိုက်ပြီး အမှုမထားသလိုဆို၏။
"ကျိုးအာကိုပြန်မပြောနဲ့..."
"မင်းဆေးရောသောက်ပြီးပြီလား..."
ရှဲ့လင်က မေးလာပြန်သည်။
"မသောက်ရသေးဘူး...အထဲဝင်ရအောင်...."
ရှဲ့လင် မေးမြန်းနေမှုကိုရပ်လိုက်ပြီး အိမ်ထဲသို့ဝင်သွားလိုက်၏။ သူကအရှေ့မှဝင်လာပြီး ယွိဖေးကသူ့အနောက်လိုက်လာသည်။ အိမ်ထဲဝင်ခါနီးတွင် ယွိဖေးကရုတ်တရက်ပြောလာခဲ့သည်။
"အစ်ကို...မင်းသိလား...ငါမင်းကိုအမြဲနောက်ကနေကြည့်နေခဲ့တယ်.."
ရှဲ့လင်က ရပ်လိုက်ပြီး သူ့အားလှည့်ကြည့်လိုက်သည်။
"မင်းက အားလုံးထက်ပိုတော်တယ်...ငါမင်းကိုမမီပါဘူး...ငါမင်းကိုမနာလိုဖြစ်နေတာတော့မဟုတ်ဘူး..မင်းက ငါ့ကိုဂုဏ်ယူရအောင်လုပ်ပေးတယ်...ဒါပေမဲ့ သူကတော့..."
ယွိဖေးကရပ်လိုက်ပြီးမှဆက်ပြောလာ၏။
"သူ့ကိုတော့ ငါမင်းဆီမပေးချင်ဘူး..."
သူသည် 'ထိုသူ' ၏အမည်ကိုမဖော်ထုတ်လိုက်သော်လည်း 'ထိုသူ' ကိုတော့ နှစ်ယောက်လုံးသိကြသည်။
ယွိဖေးကဆက်ပြောလာ၏။
"ငါသူ့ကိုသဘောကျတယ်...အရမ်းကိုသဘောကျတယ်..မင်းသဘောကျတာထက်ပိုတယ်..."
"ငယ်ငယ်က ငါတို့သုံးယောက်အတူကြီးပြင်းခဲ့ကြတယ်..ငါကအငယ်ဆုံးပဲ..မင်းတို့နှစ်ယောက်ရဲ့အနောက်မှာ ငါကအမြဲဆီပုလင်းလေးလိုဖြစ်နေခဲ့တာ..."
"သူငိုတဲ့အခါ...မင်းကိုအမြဲလိုက်ရှာပြီးချော့ခိုင်းတယ်...သူပြဿနာရှာပြီးရင်လည်း ကလေးလိုမျိုးမင်းကိုကပ်တွယ်တယ်...ငါနဲ့ဆိုရင်ကျတော့...သူကအစ်ကိုကြီးလိုပဲ..."
"သူကငါ့ကိုဂရုစိုက်ပေးပါတယ်...ငါသကြားလုံးကြိုက်တတ်တာကိုသူသိတယ်...လူကြီးတွေကသူ့ကိုလက်ဆောင်ပေးရင် ချောကလက်တွေအကုန်လုံးနီးပါးကို ငါ့ဆီအမြဲပေးတယ်..တစ်လုံးကိုတော့ချန်ထားပြီး မင်းနဲ့တဝက်စီစားကြတယ်..."
"အဲဒီအချိန်ကငါတွေးနေခဲ့တာ...ငါသာချောကလက်တွေအကုန်လုံးကို မင်းရဲ့တဝက်နဲ့လဲစားနိုင်ရင် ကမ္ဘာပေါ်မှာ အရသာအရှိဆုံးဖြစ်မှာပဲလို့..."
ရှဲ့လင်က ထိုနေရာအထိ သူပြောသမျှကိုနားထောင်နေခဲ့ပြီးမှ ရုတ်တရက်ပြောလိုက်သည်။
"အမှန်ပဲ...ဒီတော့ငါမလဲဘူး..."
သူလှည့်ထွက်သွားသည့်အခါ ယွိဖေးသည်လည်းမျက်လုံးမှိတ်လိုက်ပြီး သူ့အနောက်မှလိုက်ဝင်လာလေ၏။ အထဲရောက်သည့်အခါ သူ့မျက်နှာပေါ်တွင် ပြီးပြည့်စုံသည့်အပြုံးတစ်ပွင့်ရှိနေပြီး ရယ်မောကာဖြင့်လူကြီးများကိုနှုတ်ဆက်လာသည်။
ညစာစားပြီးချိန်၌ မာမားဖုက ယွိဖေးကိုဆေးသောက်ရန်သတိပေးပြန်သည်။ ယွိဖေးကပြုံးကာတုံ့ပြန်ပြီး ဧည့်ခန်းထဲမှအိတ်ကိုဖွင့်ကာ ဆေးများကိုထုတ်လိုက်၏။ ၎င်းတို့က အဖြူရောင်များမဟုတ်ဘဲ အပြာဖျော့ရောင်ဆေးများသာ။
သူနိုင်ငံခြားမှဝယ်လာသည့်အဆိုပါဆေးများက တားမြစ်ခံထားရသည်။ သူသောက်လိုက်ပြီးသည်နှင့် ဖယ်ရိုမုန်းအာရုံခံနိုင်စွမ်းတို့ကိုဖြည်းဖြည်းချင်းရလာနိုင်၏။ တကယ်တမ်းတွင် ဆေးရုံ၌စစ်ဆေးခံရန်အတွက် ချက်ချင်းသောက်ခဲ့ရုံသာဖြစ်သည်။ ၎င်းဆေးများက တရုတ်နိုင်ငံတွင်မရနိုင်သလောက်နီးပါးဖြစ်ပြီး နောက်ဆုံးဆေးစစ်ချက်ရလဒ်မှာ အာရုံခံနိုင်စွမ်းချို့ယွင်းမှုဟုအဖြေထွက်လာခဲ့သည်။ တကယ်တမ်း၌ သူ၏အာရုံခံနိုင်စွမ်းကသာမန်သာ။
သူသည် ထိုဆေးကိုတခဏမျှစိုက်ကြည့်နေပြီး ချက်ချင်းပြန်ထည့်လိုက်ကာ ယနေ့သောက်ရမည့်ဆေးကိုသာထုတ်လိုက်ပြီး ရေနှင့်မျှောချလိုက်သည်။
နှင်းဆီရနံ့ကလေထုထဲတွင်ပျံ့နှံ့နေခဲ့သည်။ ထိုကာလအတွင်း ၎င်းက ပို၍ပိုကာအားကောင်းလာခဲ့၏။ အာရုံခံနိုင်စွမ်းချို့ယွင်းနေသည့်လူနာများအတွက်မှာ တားဆေးများကိုလျှော့သောက်ပြီး ဖယ်ရိုမုန်းအာရုံခံနိုင်စွမ်းကိုမြှင့်တင်ပေးရသည်။ ထိုနည်းဖြင့် ၎င်းတို့၏ဖယ်ရိုမုန်းအာရုံခံနိုင်စွမ်းက သာမန်လူများအတွက်ပိုပြီးမြင့်မားလာလိမ့်မည်။
သူကျိုးအာနှင့်အဆင်ပြေလိုပါက ထိုသူကိုလက်ခံပြီး ထိုသူနှင့်နေသားကျအောင်ဖန်တီးယူရမည်။ ထိုအခါမှ သူ၏ဖယ်ရိုမုန်းကိုနည်းနည်းချင်းစီ နှစ်သက်လာမည်မလား။
"ဂျစ်...ဂျစ်..."
မီးခြစ်လေးက ယွိဖေး၏လက်ချောင်းများအကြား၌ သွက်လက်စွာလှုပ်ရှားနေပြီး မီးတောက်များက သူ၏ပြုံးယောင်သန်းနေပုံရသည့်မျက်နှာထက်ထင်ဟပ်နေလေသည်။
အလဲအလှယ်လုပ်၍မှမရလျှင် လုယူရလိမ့်မည်။
အချိုမြိန်ဆုံးနှင့် အကောင်းဆုံးသောရနံ့က သူ၏အိပ်မက်တို့ကိုဖြည့်ဆည်းပေးနိုင်ပေမည်။
.........
နောက်တနေ့နံနက်တွင် ဖုယွမ်ကျိုးက အိပ်ရာမှစောစောထပြီး ပြန်လည်လေ့ကျင့်ခန်းများကိုပြင်ဆင်ကာ ရန်ရှူးထန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ဆယ်နာရီတွင် ရန်ရှူးထန်ကတံခါးလာခေါက်၏။ ထိုသူသည်လာလည်သူဖြစ်နေ၍ လက်ဆောင်များပါသယ်လာပြီး အခြားဒေသမှရောက်လာသည့်ဆွေမျိုးများ၏ ဘိုးဘေးများအတွက် အထူးထုတ်ကုန်ပူဇော်ပစ္စည်းများကိုပါသယ်လာခဲ့သည်။
"အတန်းဖော်ရန် ရောက်လာပြီဟေ့..."
မာမားဖုက သူလာမည်ကိုကြိုသိထားပြီး သူ့အား အတိုင်းထက်အလွန် ဆီးကြိုသမှုပြုလာ၏။ မနေ့ကလေးတင် သူမဘက်မှရန်ရှူးထန်ကိုတောင်းပန်ချင်သည်ဟုပြောနေခဲ့ပြီး ယနေ့ပင် ထိုသူကသူမထံသို့ရောက်လာလေသည်။ တိုက်ဆိုင်လွန်းလှ၏။
ထို့အပြင် ရန်ရှူးထန်က အဆင့်များကောင်းပြီး သဘောလည်းကောင်းသည်။ အနှီသူမှာ အခြားမိသားစုမှ စံပြကလေးတစ်ယောက်နှင့်ကျောင်းသားကောင်းတစ်ယောက်ပင်။ သေချာပေါက် အနှီသူကိုလူကြီးများက ချစ်ကြပေလိမ့်မည်။
သူရောက်လာသည်နှင့် အဘွားဖြစ်သူနှင့်အမေဖြစ်သူ၏မျက်လုံးများက အရောင်တောက်လာပြီး အဘွားကသူ့လက်ကိုဆွဲကာ အပြုံးလေးဖြင့်မေးလာသည်။
"ရှူးထန်ကအသက်ဘယ်လောက်ရှိပြီလဲ...တစ်ယောက်ယောက်နဲ့စကားပြော(ချိန်းတွေ့)နေပြီလား..."
"အဘွား...သူကဆယ့်ငါးနှစ်ပဲရှိသေးတယ်..ကျွန်တော့်ထက်နှစ်နှစ်တောင်ငယ်တယ်...အဲဒီလိုမျိုးတွေထပ်မမေးနဲ့တော့..."
ဖုယွမ်ကျိုးမျက်နှာကနီရဲနေပြီ။ တွေ့တွေ့ချင်း ဘယ်လိုများ ယခုလိုမေးခွန်းမျိုးကိုမေးနိုင်ကြပါသနည်း။
အဘွား: "ငယ်လေကောင်းလေပဲပေါ့...ငယ်တော့ သူများကိုစိတ်ထိခိုက်အောင်မလုပ်နိုင်တော့ဘူး..."
"အဘွား..."
ဖုယွမ်ကျိုးမှာ ခေါင်းပင်မူးလာရပြီ။ သူ့အဘွားက ဘာလို့ဒီလိုလေသံနဲ့ပြောရတာလဲ။ ဘာကိုပြောချင်နေတာလဲ။ သူနဲ့ရန်ရှူးထန်က ဘယ်လိုလုပ်ဒီလိုမျိုးဖြစ်နိုင်ပါ့မလဲ။
ရန်ရှူးထန်လည်းရှက်လွန်း၍ မျက်နှာနီနေပြီ။ ဖုယွမ်ကျိုးက ထပ်မစောင့်နိုင်တော့၍ ထိုသူကိုအပေါ်ထပ်သို့ဆွဲခေါ်သွားပြီး ရှက်ရှက်နှင့်ပြောလိုက်ရ၏။
"စိတ်မရှိပါနဲ့ကွာ..အဘွားကဒီလိုပဲ...အဲဒီလိုမေးခွန်းတွေမေးရတာကိုအရမ်းကြိုက်တာလေ..."
သူတခဏမျှတွေးကြည့်လိုက်သည်။ ရန်ရှူးထန်မှာ လွန်ခဲ့သည့်နှစ်များစွာက သူ၏ချိန်းဆိုမှုပျက်ကွက်ခဲ့ခြင်းအပေါ် စိတ်ဆိုးနေဆဲဖြစ်ပြီး သူ့အပေါ်တွင်လည်း ဆိုးရွားသည့်ထင်မြင်ချက်များရှိနေသေးသည်။ ယခုလိုနှစ်ယောက်တည်းရှိနေချိန်တွင် ဖြေရှင်းလိုက်ခြင်းက အကောင်းဆုံးဟုယူဆပြီး သူနောက်တကြိမ်ထပ်ပြောလိုက်သည်။
"ငါနဲ့အတူရှိနေရင် မင်းစိတ်မသက်မသာဖြစ်နေတုန်းပဲဆိုတာ ငါသိပါတယ်...ငါကမင်းနဲ့မထိုက်တန်ပါဘူး...ငါအဘွားကိုပြောပြီး မင်းရဲ့သိက္ခာကိုပြန်အဖတ်ဆယ်ပေးမယ်..."
"....."
ရန်ရှူးထန် ပါးစပ်ဟလိုက်သည်။ တခုခုပြောတော့မည့်ပုံနှင့် နောက်ဆုံးတွင် တစ်လုံးတည်းသာတုံ့ပြန်လာ၏။
"အင်း..."
ဖုယွမ်ကျိုး: "?"
ဘာလို့ ရန်ရှူးထန်ကငါ့ထက်ပိုမပျော်သလိုဖြစ်နေတာလဲ။ ငါပဲအထင်မှားနေတာလား။
ရန်ရှူးထန်သည်တခါ ရောက်လာချိန်၌ တဖက်လူကို အရေးကြီးသည့်စကားပြောမှဖြစ်မည်၊ ထိုသူကိုတောင်းပန်ရမည်ပင်။ နှစ်ယောက်တည်းရှိနေသည့်အချိန်တွင် သူအမိအရထပ်ပြောလိုက်၏။
"အရင်က...ငါ..."
"ကျိုးအာ...မင်းတို့သွားတာကလည်းမြန်လိုက်တာ..."
ယွိဖေးက သူတို့အနောက်မှလိုက်လာပြီး ခပ်ပြုံးပြုံးမျက်နှာဖြင့်ပြောလာ၏။
"ငါ့ကိုစောင့်ကြဦး..."
မနေ့က ဖုယွမ်ကျိုးမှာ ရန်ရှူးထန်ကိုမက်ဆေ့ချ်ပို့ပြီး စာလုပ်လျှင် ယွိဖေးကိုခေါ်လာ၍ရမရမေးမြန်းခဲ့သည်၊၊ တဖက်ကလည်း လက်ခံခဲ့ပါ၏။ ယွိဖေးမျက်ခုံးများက ဂျိတ်တစ်ချောင်းနှယ်ဖြစ်နေပြီး ရန်ရှူးထန်ကိုကြည့်ကာပြောလိုက်သည်။
"စီနီယာရန်...ကျွန်တော်ဒီနေ့တော့ စီနီယာကိုဒုက္ခပေးမိပြီ..."
"မင်းတို့အကုန်လုံးစာလုပ်ကြမှာကို...ရှောင်လင်ကဘာလုပ်နေတာလဲ..."
မာမားဖုကသူတို့စကားပြောနေသည်ကိုကြားပြီး ရှဲ့လင်ကိုအောက်ထပ်ဆင်းလာခိုင်းလိုက်၏။
"ရှောင်လင်ကအဆင့်ကောင်းတယ်...သူမင်းတို့ကိုကူညီပေးလို့ရတယ်..."
အနှီသူအောက်ဆင်းလာသည့်အခါ သူတို့စာလုပ်မည့်အကြောင်းကိုပြောပြလိုက်ပြီး အနှီသူကလည်းခေါင်းညိတ်ကာ ပူးပေါင်ရန်သဘောတူလိုက်၏။
နှစ်ယောက်တည်းစာလေ့လာမည့်အစီအစဥ်က လေးယောက်စုံညီပြီး စာကျက်မည့်အစီအစဥ်အဖြစ်သို့ပြောင်းသွားလေ၏။ ဖုယွမ်ကျိုးကမူ ထူးခြားသလိုမခံစားရပေ။ ယွိဖေးသည်လည်း နိုင်ငံခြားမှာကျောင်းတက်နေစဥ်က အဆင့်ကောင်းခဲ့သည်။ မာစတာသုံးယောက်အကြားတွင် သူတစ်ယောက်တည်းဂျလေဘီဖြစ်နေလေ၏။ အကျိုးမရှိဆုံးကိစ္စမှာ သူတို့အားလုံးအယ်လ်ဖာများဖြစ်နေကြခြင်းပင်။
ပုံမှန်ပဲကို ဘာလို့သူက ဖိအားများသလိုခံစားနေရတာလဲ။
လူလေးယောက်က စားပွဲတစ်လုံးထဲတွင်ဝိုင်းထိုင်နေကြသည်။ ရန်ရှူးထန်က ဖုယွမ်ကျိုးအတွက် မေးခွန်းတစ်စုံကိုရွေးပေးနေ၏။ ဖုယွမ်ကျိုးက စာရေးရာတွင် သူ့ကိုယ်သူစိတ်နှစ်ထားသည့်တိုင် လုံးဝအာရုံမစိုက်နိုင်ဘဲစိတ်ပျံ့လွင့်နေခဲ့သည်။ ခဏအကြာ၌ လူတစ်ယောက်ကသူ့ကိုကြည့်နေသလိုခံစားရပြီး နှင်းဆီရနံ့ဖျော့ဖျော့က သူ့ကိုဝိုင်းထားသလို အနံ့ရနေခဲ့သည်။
ထိုအနံ့ကပိုပြီးပြင်းလာခဲ့သည်။ ရှောင်ဖေးက တားဆေးအလွန်အကျွံမသုံး၍ ထိုအနံ့လေးက ခပ်သင်းသင်းဖြစ်နေသည်။
ဖုယွမ်ကျိုးမှာ လေအေးပေးစက်ဖွင့်ထားသည့်အခန်းထဲတွင်ထိုင်နေပြီး အဖျားတက်ချင်လာသည်။ သူသည်ကား ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ရေချိုးခန်းထဲသို့ဝင်သွားလိုက်ပြီး ရေအေးဖြင့်မျက်နှာသစ်လိုက်၏။ သို့ထိတိုင် သူ့ကိုယ်တွင် အပူဓာတ်များဖြာထွက်လာနေဆဲပင်။
သူအယ်လ်ဖာဖယ်ရိုမုန်းအနံ့ကိုခံမိတိုင်း ထပ်တူညီသည့်ခံစားချက်မျိုးရတတ်သော်လည်း ယခုတခေါက်က ယခင်ကထက်ပိုပြင်းထန်နေခဲ့သည်။
ဘေစင်ကိုကိုင်ထားရင်း ဖုယွမ်ကျိုး လေကို ခဲရာခဲဆစ်ရှူသွင်းနေရသည်။ နီပြီးရင်းနီလာသည့် သူ့မျက်နှာကိုကြည့်ပြီး ချွေးများကလည်းပါးပြင်တလျှောက်ရွှဲနင့်နေသည်။ ကိုယ်တွင်းအင်္ဂါများက မီးကျွမ်းနေသလိုပင်။ အသားအရေမှာ ထိကိုင်မရအောင်ပူပြင်းနေကာ ခန္ဓာကိုယ်မှာအားနည်းနေ၍ ကောင်းကောင်းပင်မရပ်နိုင်ပေ။
ချိုမြိန်သည့် မက်မွန်ရနံ့က ချက်ချင်းထွက်လာသည်။ ထိန်းသိမ်းသည့်လည်ပတ်ပင် မတားဆီးနိုင်တော့သလို ရေချိုးခန်းတစ်ခန်းလုံးကိုအနံ့ပျံသွားပြီး တံခါးကြားထဲမှပင်စိမ့်ထွက်သွားခဲ့သည်။
ပူတယ်....အရမ်းပူတယ်....
သူသည်ကား ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကိုယ်ကိုကွေးထားလိုက်၏။ အင်္ကျီစကို ဖြဲမိမတတ်ဆုပ်ထားကာ ပြင်းပြလှသည့်အလိုရမ္မက်ဆန္ဒများက သူ့ကိုယ်ပေါ်တွင်ဖြန့်ကျက်နေလေသည်။
ရုတ်တရက် သူ့ဖယ်ရိုမုန်းကိုမထိန်းထားနိုင်တော့ပေ။
ရနံ့များက သူ့ကိုပိုင်ဆိုင်ချင်မည့်အယ်လ်ဖာတစ်ယောက်အား ဖိတ်ခေါ်နေခဲ့လေသည်။