Chapter 24
Viewers 1k

♎️Chapter 24




သူမစိုးရိမ်နေပြီး ဘာလုပ်ရမည်မသိဖြစ်နေစဥ်မှာပင် ရှဲ့လင်က ရေချိုးခန်းအနားကိုရောက်လာကာ အေးစက်စက်ဖြင့်ပြောလိုက်၏။ 


"တံခါးဖွင့်စမ်း..."


"မဖွင့်ဘူး!" 


ဖုယွမ်ကျိုးကလည်းပြန်ဖြေလိုက်၏။

 "ငါတစ်ယောက်တည်းနေပါရစေ...မင်းတို့အကုန်လုံးထွက်သွားကြ...ငါအဆင်ပြေပါတယ်..."


ရှဲ့လင်: "အဆင်ပြေပါတယ် ဟုတ်လား..

 ရေအေးထဲမှာနှစ်နာရီလုံးနေမလို့လား...မင်းအဖျားဝင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကိုပါခံစားရမှာ...မင်းအဲဒီလိုဖြစ်ချင်တာလား..."


ဖုယွမ်ကျိုးက ပြန်မပြောမိပေ၊၊ သူအေးလည်းအေးသလို ပူလည်းပူနေပြီး နေရမသက်သာသော်လည်း ယခုအချိန်တွင် တံခါးဖွင့်ပေးလိုက်လျှင် သူ့ပုံစံကကြည့်ရဆိုးနေလိမ့်မည်။


"ဘန်း!" 


ရုတ်တရက် ရေချိုးခန်းတံခါးထံမှ အသံကျယ်ကြီးထွက်လာသည်။ ရှဲ့လင်က တံခါးကိုကန်ဖွင့်လိုက်ခြင်းသာ။ မက်မွန်ပန်းရနံ့က အပူဓာတ်ထဲတွင်ပျော်ဝင်နေသည့်သကြားရည်နှယ် ဝေါကနဲထွက်လာပြီး တစ်အိမ်လုံးရှိလူများ၏အာရုံခံအင်္ဂါကိုနှိုးဆော်လိုက်သည်။


အိုမီဂါမာမားဖုပင် စိတ်မခြောက်ခြားဘဲမနေနိုင်ပေ။ ကိုယ်ထဲမှဖယ်ရိုမုန်းများအုံကြွလာမှုကြောင့် ယွိဖေးမျက်လုံးများပင်နီရဲလာသည်။ နှင်းဆီနံ့နှင့်မက်မွန်ပွင့်ရနံ့တို့က အပြင်အလှန် ဆွဲငင်နေသလို ပြင်းပြစွာနှင့်ဆက်နွယ်နေလေ၏။


ဖုယွမ်ကျိုး၏မေထုန်ကာလကိုမကျော်သေးချိန်တွင် ယွိဖေးသည်လည်း ဖယ်ရိုမုန်းအနံ့များကြောင့် အဖျားတက်ချင်လာလေသည်။


မာမားဖုမှာ သူမသားလေး၏ဖယ်ရိုမုန်းက heatကာလအတွင်းတွင် ဤမျှပြင်းထန်လိမ့်မည်ဟုလုံးဝမသိထားခဲ့ပေ။ သူမသည် သက်ပြင်းချလိုက်ရင်း ယွိဖေးနှင့်ရှဲ့လင်အားပြောလိုက်၏။ 


"ရှောင်ကျိုးက မင်းတို့ကိုယာယီအမှတ်အသားလုပ်ခွင့်မပေးဘူးဆိုတော့ မင်းတို့အရင်သွားကြတော့..ငါပဲသူ့ကိုဂရုစိုက်လိုက်...."


သူမစကားပင်မဆုံးသေးခင် ရှဲ့လင်ကရေချိုးခန်းထဲသို့တန်းဝင်သွားခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် တစ်ခုခုပြုတ်ကျသွားသလို တတောက်တောက်အသံထွက်လာပြီး ဖုယွမ်ကျိုး၏အော်သံကအနောက်မှလိုက်လာခဲ့၏။


 "ရှဲ့လင်...ငါ့ကိုလွှတ်စမ်း! လွှတ်စမ်း..."


ရုတ်တရက် ရေကျနေသံများနှင့်ပစ္စည်းများပြုတ်ကျသည့်အသံရပ်သွားခဲ့သည်။ ရှဲ့လင်ကိုယ်မှာလည်း ရေများဖြင့်ရွှဲနေပြီး ထိုရေစက်လက်ကျနေသည့်ပုံစံဖြင့်ပင် ရှက်သွေးဖြာနေသော ဖုယွမ်ကျိုးထံ လျှောက်သွားလိုက်၏။


ဖုယွမ်ကျိုးက အံကြိတ်ပြီးရုန်းနေသေးသော်လည်း အမေဖြစ်သူနှင့်ယွိဖေးကပါ ထိုနေရာတွင်ရှိနေကြောင်းတွေ့လိုက်ရသည်နှင့် နေရာတွင်ပင် အမှုန်အမွှားများအဖြစ်ပျောက်ကွယ်သွားလိုက်ချင်စိတ်ဖြစ်လာရလေသည်။


သူသည် ရုန်းကန်နေခြင်းကိုရပ်လိုက်ပြီး ပူနွေးနေသောမျက်နှာကိုအုပ်ကာ **ခြင်သံဖြင့်ပြောလိုက်၏။(**တိုးတိုး)


 "ငါ့ကိုမကြည့်နဲ့..."


ရေများက သူ၏ဆံပင်အဖျားမှ တတောက်တောက်ကျနေပြီး အဖြူရောင်အဝတ်အစားမှာ အသားနှင့်ကပ်နေလေသည်။ ၎င်းကြောင့် သူ၏လှပသည့်ကောက်ကြောင်းနှင့် သင့်တင့်သည့်အသားအရေကို ပေါ်လွင်နေစေ၏။


"ကျိုးအာ..."


ယွိဖေးကသူ့နာမည်ကိုတိုးတိုးလေးခေါ်လာပြီး ဖုယွမ်ကျိုးကိုရူးချင်စိတ်ဖြစ်လာစေနိုင်သည့် ရှက်ရွံ့မှုတို့က သူ့မျက်လုံးတွင် ထင်ဟပ်နေခဲ့၏။ ရေစိုနေသည့် မျက်နှာရဲရဲလေး။ မသိမသာတုန်ယင်နေသောပုခုံးပြင်နှင့် လှစ်ဟပြထာသည့်အသားအရေတို့က လှပသည်ထက်ပိုနေခဲ့သည်။ ယခုလိုဆွဲဆောင်မှုမျိုးကြောင့် သူလုံးဝကျရှုံးသွားနိုင်၏။


သို့တည်းမဟုတ် သူသည် လွန်ခဲ့သောနှစ်များစွာတည်းက ဖုယွမ်ကျိုးလက်ထဲမှ ရုန်းမထွက်နိုင်ခဲ့ခြင်းလည်းဖြစ်လိမ့်မည်။


"အမြန်ထပြီး ရေတွေသုတ်လိုက်တော့.."


မာမားဖုက တဘတ်ယူလာပေးသည်။ ရှဲ့လင်ကမယူပေ။ သူကဖုယွမ်ကျိုးကိုအိပ်ရာထဲအထိသယ်လာသော်လည်း ဖုယွမ်ကျိုးကထွက်ပြေးချင်နေဆဲပင်။ သူ့ကိုယ်သူပိတ်လှောင်ထား၍ရမည့် အခန်းတစ်ခန်းရှိနေလျှင် အတော်လေးကောင်းမည်ပင်။ သို့သော်လည်း ရှဲ့လင်ကသူ့အားလွှတ်မပေးပေ။ သူ့အားအိပ်ရာပေါ်တင်ကာ စောင်နှင့်လုံးထားလိုက်၍ သူသည်ကား အိပ်ရာထဲတွင်သာပိတ်မိသွားလေ၏။


"မင်းယာယီအမှတ်အသားလုပ်ဖို့လိုတယ်.." ရှဲ့လင်က သူ့အားဖျောင်းဖျလာ၏။


"မလိုဘူး...."


ဖုယွမ်ကျိုး ရုန်းကန်နေသော်လည်း အခြေအနေကဆိုးရွားနေလေရာ အားကုန်မထုတ်နိုင်ချေ။ သည့်အပြင် သူအာရုံစိုက်မရဖြစ်နေလေသည်။ သူသည်ကား အိုမီဂါတစ်ယောက်၏စိတ်ဆန္ဒများကိုခုခံထားရုံဖြစ်ပြီး သူ့ဘက်မှ အရင်စကာ ရှဲ့လင် သို့မဟုတ် ယွိဖေးကိုဖက်မည်မဟုတ်။ 


ကိုက်ရာတစ်ချက်နှင့်ပင် သူ၏အားအင်အကုန်လုံးနီးပါးလျော့သွားနိုင်ပြီး ရှဲ့လင်၏ ဖျောင်းဖျမှုဆန်သည့်အမိန့်ကိုငြင်းဆန်ရန်ပင် ပိုခက်သွားလိမ့်မည်။


မကြာခင်မှာပင် သူ၏စိတ်အခြေအနေကထိန်းသိမ်းမရဖြစ်လာပြန်သည်။ ရေအေးကြောင့်ဖြစ်လာသည့်အအေးဒဏ်က အလျင်အမြန်ပျောက်ကွယ်သွားကာ ထိန်းချုပ်ထား၍မရသည့်အပူဓာတ်က သူ့ကိုယ်ပေါ်တွင်နောက်တကြိမ်ပျံ့နှံ့လာပြန်သည်။


ရှဲ့လင်က သူ၏ပူခြစ်နေသောကျောပြင်ကို အနောက်မှပွေ့ဖက်ထားသည်။အပေါ်ယံထိတွေ့မှုလေးကပင် ဖုယွမ်ကျိုးကို အော်ဟစ်လုနီးပါးဖြစ်စေလေ၏။


သူသည်ကား ပါးစပ်ကိုအမြန်အုပ်လိုက်ရကာ နောက်ကျောဘက်မှပူလာသည့်အနွေးဓာတ်ကို သည်းခံထားရသည်။ ထိုအခိုက်အတန့်လေးအတွင်း သူ၏ကိုယ်အပူချိန်က ပွက်ပွက်ဆူနေသောရေနွေးအိုးတစ်လုံးလိုဖြစ်နေပြီး သူ့ကိုယ်ထဲမှရေများကအငွေ့ပျံနေသလိုပင်။ သူအတော်လေးမသက်မသာဖြစ်နေခဲ့သော်လည်း စိတ်၏အတွင်းပိုင်းဆာလောင်မှုက ကြီးသထက်ကြီးမားလာခဲ့သည်။


သည့်အပြင် တစုံတစ်ယောက်ကို ပွေ့ဖက်ထားလိုသည့်ဆန္ဒများ။


မဟုတ်ဘူး...မဟုတ်ဘူး...တင်းခံထားမှဖြစ်မယ်။


ယင်းသည် ဖုယွမ်ကျိုးစိတ်ထဲမှအတွေးလေးမျှသာဖြစ်ပြီး အယ်လ်ဖာဖယ်ရိုမုန်းကို နည်းနည်းချင်းစီအနံ့ရနေလေ ယခုကဲ့သို့ သူ့အားသေသွားနိုင်လောက်သည့်မီးတွင်းထဲမှလွတ်နိုင်မည်မှန်းသိလာလေပင်။


ရှဲ့လင်ကမလှုပ်ရှားသေးဘဲ သူ့နားရွက်လေးကိုဖိကာပြောလာလေသည်။


 "ငါမင်းကိုအခုကိုက်လိုက်ရမလား...ဒါမှမဟုတ် မင်းဟာမင်းငါ့ကိုတောင်းဆိုမလား..."


"သေလိုက်လေ...မင်းကိုသူကတောင်းဆိုနေလို့လဲ.." 

ဖုယွမ်ကျိုးက သူ့ကိုအိပ်ရာထဲတွင်ပင် ရိုက်နှက်လိုက်၏။ 


"ထစမ်း!"


"တကယ်ကြီးလား?" 

ရှဲ့လင်ကလည်းပြန်မေးလာသည်။ 

"မင်းသည်းခံနိုင်ပါစေလို့ ငါဆုတောင်းပေးပါတယ်...."


ထိုသူ၏လေသံက စိတ်ပိုင်းဖြတ်လိုက်ပုံရပြီး ဖုယွမ်ကျိုးမှာ ဒေါသထွက်မိသလို အပြစ်ရှိသလိုလည်းခံစားရသည်။ သူမည်မျှကြာသည်အထိသည်းခံထားနိုင်မလဲမသိပေ။ရှဲ့လင်ပြောလာမှ ယခုလိုအနေအထားတွင် လှေကားပေါ်မှပင်ဆင်းနိုင်မည်မဟုတ်ကြောင်း သေချာသွားခဲ့သည်။


ယာယီအမှတ်အသားဖြစ်လျှင်ပင်.....သူနည်းနည်းတော့ရင်တုန်နေမိသည်။


အမှတ်အသားဖြစ်လျှင်ပင် ရှဲ့လင်ကိုပေးခိုင်း၍မဖြစ်။ ရှဲ့လင်သူ့အားနောက်ဆုံးတကြိမ်ကိုက်ချိန်က ခံစားချက်ကိုမမေ့သေးပေ။ ၎င်းကနာကျင်ပြီး ထိန်းချုပ်လိုသည့်ဟန်ရှိသည်။ ရှဲ့လင် ကိုက်လျှင်အရမ်းကြမ်းသည်။ ထိုသူက မုဆိုးတစ်ယောက်ပုံပေါ်ပြီး သူကမူ ၎င်း၏သေနတ်ပြောင်းဝအောက်၌ ဒူးထောက်ပြီးဆုတောင်းနေရသူ။ မုဆိုးကိုအနီးကပ်မြင်နေရလေ သူ၏စိတ်ဝိညာဥ်အတွင်းပိုင်းထဲကအထိ တုန်လှုပ်လာရလေပင်။


ရှောင်ဖေးကမဆိုးလှသည့်တိုင် ထိုသူကနူးညံ့လွန်းသည်။ သူ၏ဂလင်းကို အင်မတန်ညင်သာစွာဖြင့် ဖြည်းဖြည်းချင်း ကိုက်ပေးလောက်၏။ ရှောင်ဖေးက သူ၏ရည်းစားဟောင်းဖြစ်နေ၍ ရှက်စရာကောင်းသည့်ရွေးချယ်မှုဖြစ်သွားနိုင်သည်။


ရေအေးဖြင့်လောင်းချထားသည်ကိုပင် heatကာလကြောင့် ဖုယွမ်ကျိုး၏တွေးခေါ်မှုများက ကယောက်ကယက်ဖြစ်နေလေသည်။ သူ၏အတွေးတိုင်းကကန့်သတ်ခံထားရပြီး သူသတိရှိနေစဥ်က ဘယ်သောအခါမှမတွေးခဲ့ဖူးသည့် မဟုတ်တရုတ်အကြံများပါ ဦးနှောက်ထဲတွင်ပေါ်လာခဲ့သည်။


သူသည်ကား နေရမသက်သာလေရာ ခပ်တိုးတိုးပင့်သက်ရှိုက်လိုက်မိချေသည်။ သူတကယ်သည်းမခံနိုင်တော့ပေ။ သူစောင်ကိုဆွဲချကာ ဖြည်းဖြည်းချင်းကွေးလိုက်ရင်း ရှဲ့လင်၏လက်မှလွတ်အောင်ကြိုးစားကြည့်သည်။ထို့နောက် ယွိဖေးကို အသံတိုးတိုးဖြင့်ခေါ်လိုက်၏။ 


"ရှောင်ဖေး..မင်းလာခဲ့...."


ရှဲ့လင်က သူ့အားသန်မာသည့်လက်ဖြင့်ပြန်ဆွဲထားပြီး ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်၏။ 


"မင်းဘယ်သူ့ကိုခေါ်နေပြန်တာလဲ..."


ဝိုင်နီဖယ်ရိုမုန်းအနံ့များ ဝိုင်းခံထားရရင်း ဖုယွမ်ကျိုးက ရှဲ့လင်ကျောကို တုန်တုန်ယင်ယင်ဖြင့်မှီထားရသည်။ သူ့မျက်လုံးများက မျက်ရည်စလေးများဖြင့်ရီဝေနေပြီး စကားမပြောနိုင်ပေ။


သူ့အားခေါ်လိုက်၍ ယွိဖေးမျက်လုံးများက အရောင်လဲ့သွားပြီး လက်ချောင်းထိပ်ဖျားလေးများက စိတ်လှုပ်ရှားမှုနှင့်တုန်ယင်သွားရသည်။ သူချက်ချင်း ဖုယွမ်ကျိုးအရှေ့ကိုသွားလိုက်ပြီး ဖုယွမ်ကျိုး၏ ရှက်သွေးဖြာနေသည့်မျက်နှာကိုပင့်ကာ နူးညံ့စွာပြောလိုက်၏။ 


"ကျိုးအာ..ငါလုပ်ပေးရမလား..."


"မင်းကိုလုပ်ပေးစေချင်တယ်..."


ဖုယွမ်ကျိုးမှာ နောက်တခေါက်မပြောနိုင်တော့ပေ။ သူအလွန်အရှက်ရနေသည်။ ယခင်ဘဝက ရှောင်ဖေးဖြစ်ချင်သည့်အရာမှန်သမျှကို ဖြည့်ဆည်းပေးခဲ့သည်မှာ မလွဲဧကန်ပင်။ သို့ပါသော် လက်ရှိတွင် သူ့ဂလင်းကိုကိုက်ရန် ရှောင်ဖေးကိုသူကိုယ်တိုင်တောင်းဆိုနေရပြီ။ သူ့ပါးစပ်ကိုပင်မဟနိုင်တော့ပေ။


သူရှောင်ဖေးကို ဂလင်းအားကိုက်ပေးရန်တောင်းဆိုမိသည့်အပြင် ရှဲ့လင်ကလည်း အတော်ကိုဒေါသထွက်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူရှဲ့လင်ကိုလုံးဝတောင်းဆိုမည်မဟုတ်။


သူငိုချင်လာလေ၏။ ရှဲ့လင်..ဒီတိရစ္ဆာန်ကောင်....သူ့ကိုဘာလို့ရေချိုးခန်းထဲကဆွဲထုတ်လာတာလဲ...သူနှိပ်စက်နေတာကိုခံတာထက် နောက်ဆက်တွဲကိုခံစားလိုက်တာမှပိုကောင်းဦးမယ်။


ရှဲ့လင်က ဖုယွမ်ကျိုး၏ဂုတ်ကိုလှမ်းကိုင်ပြီး လည်ပတ်၏ချိတ်ကိုဖြုတ်ကာ နည်းနည်းချင်းစီအောက်သို့လျှောချလိုက်၏။


"မင်းဘယ်သူ့ကိုလုပ်စေချင်လဲ..." 

သူမေးလိုက်မိချေပြီ။


 "ငါလား သူလား..."


ဖုယွမ်ကျိုး ဘာမှမပြောရဲတော့၊၊ မပြောနိုင်တော့ပေ။


မာမားဖုက သူတို့ကိုစိတ်ရှုပ်ထွေးစွာဖြင့်ကြည့်နေချိန် ရုတ်တရက် အထဲကိုပြေးဝင်လာသည့်ခြေသံအားကြားလိုက်ရသည်။ရန်ရှူးထန်ကလှေကားပေါ်တက်လာပြီး လက်ထဲတွင်လည်းထိုးဆေးတစ်အိတ်ပါလာလေ၏။


"ငါအိုမီဂါထိန်းချုပ်ဆေးထိုးအပ်တွေဝယ်လာတယ်..." 


ရန်ရှူးထန်က အခန်းထဲကို မောနေဟန်ဖြင့်ဝင်လာပြီး ဖုယွမ်ကျိုးကို ပွေ့ဖက်ခံထားရရင်း လည်ပတ်ကလည်းပြုတ်နေသည်ကိုတွေ့လိုက်ရသည်နှင့် စက္ကန့်အနည်းငယ်ကြာအတွင်း ချက်ချင်းပြောလာ၏။ 


"သူ့ကိုထိုးပေးလိုက်...."


ယနေ့ကစပြီး ရန်ရှူးထန်ကသူ၏အသက်သခင်ကျေးဇူးရှင်ပင်၊၊ နောင်အနာဂတ်တွင် သူရန်ရှူးထန်အတွက် အကောင်းဆုံးမှန်သမျှ လုပ်ပေးတော့မည်။ ရန်ရှူးထန် သူ့ကိုသဘောမကျဘူးဟုပြောလာခဲ့လျှင်ပင် သူလေညှင်းလေးသဖွယ်နေပေးနိုင်ပါ၏။


စိတ်နှင့်ကိုယ်မကပ်ချိန်တွင် ဖုယွမ်ကျိုးက ရန်ရှူးထန်အသံကိုကြားနေရသည်။ သူပြန်လည်မွေးဖွားလာခဲ့စဥ်ကလို စိတ်လှုပ်ရှားဖွယ်ကောင်းနေ၏။ ရန်ရှူးထန်ကြည့်နေသည်ကိုပင် သူအရှက်ရမိရန်မေ့လျော့နေခဲ့ပြီး ထိုအားအင်များက မည်သည့်နေရာမှရောက်လာမှန်းလည်းမသိရပေ။ သူအိပ်ရာပေါ်မှကုန်းရုန်းထသွားပြီး သူ့ကိုယ်သူရန်ရှူးထန်ရှိရာကိုပစ်ဝင်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှတားဆေးပြွန်ကိုလှမ်းယူလိုက်၏။


သူသည်ကား လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ပေ။ ရန်ရှူးထန်က သူ့အားကူညီပေးချင်သော်လည်း ချိုမြိန်သည့်ရနံ့နှင့် ပြင်းပြသည့်အသက်ရှူသံက သူ့မျက်နှာကိုရိုက်ခတ်လာခဲ့၍ ထိုသူမှာ တခဏမျှစိတ်ရှုပ်ထွေးသွားရပြီး လှုပ်ရှားနေမှုပင်တောင့်တင်းသွားခဲ့သည်၊၊ ထိုသူ၏လက်များမှာတုန်ယင်နေကာ ဆေးထိုးအပ်ပင် လက်ထဲမှပြုတ်ကျသွားခဲ့၏။


သူရဲ့တားဆေးထိုးအပ်လေး။


ဖုယွမ်ကျိုးသည် ဆေးထိုးအပ်ကိုအလိုအလျောက်လှမ်းယူလိုက်ပြီး ဟန်ချက်မငြိမ်သောကြောင့် ရုတ်တရက်ရန်ရှူးထန်၏ကိုယ်ပေါ်ကိုယိုင်ကျသွားခဲ့သည်။


ရန်ရှူးထန်က သူ့အားထိန်းပေးရာမှ အနောက်ကိုခြေနှစ်လှမ်းခန့်ယိုင်သွားပြီး နံရံနှင့်ကျော တိုက်မိသွားကာ နှစ်ယောက်လုံးကြမ်းပြင်ပေါ်ကိုလဲကျသွားသည်။ ပူရှိန်းရနံ့သင်းသင်းက ဖုယွမ်ကျိုး၏ တင်းကျပ်နေသည့်ကျောပြင်ကို ဖြည်းဖြည်းချင်းသက်သာသွားစေခဲ့၏။


ရန်ရှူးထန်က ငယ်လွန်းသေးသောကြောင့် သူ့အရပ်ကဖုယွမ်ကျိုးထက် နိမ့်သည်၊၊ သို့သော်လည်း ဖုယွမ်ကျိုးက ခြေထောက်များကိုကွေးထားရင်း သူ့အားမှီတွယ်ထားလေ၏၊၊ သူမတ်တပ်ရပ်ပြီး ရန်ရှူးထန်ကိုစကားပြောချင်လျှင် ခေါင်းမော့မှရပေမည်။


သူခေါင်းမော့ကာ ရန်ရှူးထန်ကိုကျေးဇူးတင်စကားပြောချင်လင့်ကစား သူခေါင်းမော့လိုက်သည့်အခါ ရန်ရှူးထန်နှင့်သူ့ငယ်ထိပ်ကတိုက်မိပြီး ရန်ရှူးထန်၏နှုတ်ခမ်းက သူ့နဖူးကိုပွတ်တိုက်သွားမိသည်။


ရန်ရှူးထန်မှာ ချက်ချင်းပင်မျက်လုံးပြူးသွားရပြီး ပူရှိန်းနံ့ဖယ်ရိုမုန်းများက ပိုပြီးသိပ်သည်းလာရသည်၊ ဖုယွမ်ကျိုးအားထိန်းကိုင်ထားပေးခဲ့သည့်လက်ကိုပင် ခါးပေါ်မှဖယ်လိုက်မိပြီး ဘယ်နေရာထားရမှန်းပင်မသိတော့ပေ။


ဖုယွမ်ကျိုးမှာရှက်နေသော်လည်း ခြေထောက်များမှာပျော့ခွေနေ၍ မတ်တပ်မရပ်နိုင်ပေ။ ရှဲ့လင်က အိပ်ရာပေါ်မှထလာကာ သူ့ကိုပြန်ဆွဲခေါ်ပြီး အိတ်ကိုဖြဲလိုက်သည်၊၊ ထို့နောက် ခေါင်းငုံ့ကာ ဖုယွမ်ကျိုးကိုဆေးထိုးပေးလိုက်လေ၏။


အဘွားက ဖယ်ရိုမုန်းအနံ့ပြယ်ဆေး စပရေးဘူးကိုယူလာပြီး မက်မွန်ရနံ့ပျောက်သွားသည်အထိ တခန်းလုံးအနှံ့ဖြန်းပေးခဲ့သည်။


ရှဲ့လင်နှင့်ယွိဖေးတို့က အယ်လ်ဖာတားဆေးကိုတစ်ဘူးစီယူလိုက်ကြသည်။ ထိုအချိန်လေးတွင်သာ ဖုယွမ်ကျိုးမှာ ၎င်းတို့၏ခေါင်းများက ချွေးများဖြင့်စိုရွှဲနေသည်ကို တွေ့လိုက်ရလေ၏။


၎င်းတို့လည်း သူ့ ဖယ်ရိုမုန်းကြောင့် သည်အတိုင်းနေ၍မရပေ။


ထိုနေ့ နေ့လည်ခင်းမှာပင် ဖုယွမ်ကျိုးမှာ ကိုယ်တိုင်ကားမောင်းကာအိမ်ပြန်သွားပြီး အိမ်ရောက်သည်နှင့် သူ့ကိုယ်သူ အိပ်ခန်းထဲတွင်ပိတ်လှောင်ထားလိုက်တော့သည်။


Heatကာလကျော်သွားပြီးသည့်နောက် သူ ရှဲ့လင်၊ ယွိဖေးနှင့်ရန်ရှူးထန်ကိုမြင်တိုင်း ရှက်စရာကောင်းသည့်အပြုအမူများကိုပြန်တွေးမိပြီး ရှက်လွန်း၍ ကျောင်းပင်မသွားချင်တော့ပေ။