Chapter 25
Viewers 1k

♎️Chapter 25




အတန်းပြီးသည်နှင့် ဖုယွမ်ကျိုး၏ တစ်ချိန်လုံး ပြေးလွှားနေခဲ့ခြင်းက အချည်းအနှီးမဖြစ်ပေ။ ယနေ့ သူတို့၏ တန်းခွဲ 7 က လေ့ကျင့်ရန် အကောင်းဆုံးကွင်းကို ရှာတွေ့ခဲ့သည်။ အဓိက အကြောင်းအရင်းမှာ အတန်းပိုင်ဆရာ တာ့ယန်က အားကစား တွေ့ဆုံပွဲကို ထည့်သွင်းစဥ်းစားပေးကာ နောက်ဆုံးအချိန် သင်္ချာအတန်းအား စေတနာ ထက်သန်စွာဖြင့် စောစောဆင်းပေးသောကြောင့်ပင်။ ထို့ကြောင့် ထိုကွင်းကို ရနိုင်ခဲ့ခြင်းပင်။  


တစ်စုံတစ်ယောက် ရှိနေကြောင်း ပြသရန် အတွက် ဖုယွမ်ကျိုးက ကျောင်းလွယ်အိတ်ကို ကြမ်းပြင်ပေါ်တွင် ပစ်ချလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ ထို့နောက် အဝတ်အစားလဲကာ အားကစားဝတ်စုံ စွပ်ကျယ်နှင့် ဘောင်းဘီတိုကို ဝတ်လိုက်သည်။  


သူ၏ သွယ်လျသော ခြေတံ လက်တံများကို ဖော်ပြထားလေသည်။ သူ နေရောင်အောက်သို့ ရောက်သွားခိုက် သူ၏ ရှည်လျားသော ခြေတံများက ဖြူဝင်းကာ တောက်ပနေ၏။ သူ အကြောလျော့ လေ့ကျင့်ခန်း လုပ်နေချိန်တွင် တန်းခွဲ 7 မှ ကျောင်းသားများက ရေကူးတန်းတွင် တွေးခဲ့သည့် အတွေးများကို ထပ်တွေးမိပြန်သည်။ 


တန်းခွဲ 1 က ကျောင်းသားတွေက ဒါကို တစ်နှစ်လုံး ကြည့်နေခဲ့ရတာပေါ့။သူတို့ အရမ်း ပျော်နေကြမှာပဲ။ဟုတ်တယ်မလား။ 


"မင်းတို့ ဘာကြည့်နေတာလဲ...ဘာလို့ မြန်မြန် လေ့ကျင့်ခန်း မလုပ်သေးတာလဲ..." 


သူတို့အားလုံး သူ့ကို ကြည့်နေသည်အား ဖုယွမ်ကျိုး တွေ့လေသည်။ သို့သော် သူတို့၏ အတွေးများကိုမူ မတွေ့နိုင်ပေ။ ထို့ကြောင့် သူတို့ကို ဖုယွမ်ကျိုး မောင်းထုတ်လိုက်၏။  


ဤတစ်ကြိမ်တွင် သူ မီတာ တစ်ရာ ပြေးပွဲအတွက် စာရင်းသွင်းခဲ့ပြီး ယွမ်ယဲ့က သူ့အတွက် အချိန် မှတ်ပေးလေသည်။ နှစ်ကြိမ်တိုင်တိုင် ပြေးပြီးနောက် ဖုယွမ်ကျိုးက သူ့လှုပ်ရှားမှုများကို သင့်တော်အောင် ပြုပြင်နိုင်လာသည်။ ယွမ်ယဲ့က အပြုံးဖြင့် သူ့ဆီသို့ လျှောက်လာကာ ပြောလေသည်။ 


" မင်းက အပြေး အရမ်းတော်တာပဲ တကယ် မြန်တယ်" 


"ဒါပေါ့" 


၎င်းက ဖုယွမ်ကျိုး၏ ခိုင်မာသော အချက်ဖြစ်ပြီး သူက နှိမ့်ချနေမည် မဟုတ်ပေ။ သူ့ကိုယ်သူ အလွန်အကျွံ နှိမ့်ချခြင်းက သူ့ကိုယ်သူ မလေးစားပုံ ပေါက်နေသောကြောင့်ပင်။  


ယွမ်ယွဲ့ မျက်လုံးများက သူ့နားတွင် ရစ်ဝဲနေ၏။ ဖုယွမ်ကျိုး ပြေးချိန်တွင် သူ၏ ခပ်ပွပွ စွပ်ကျယ်က လေကြောင့် လွင့်သွားပြီး သူ၏ ခါးသေးသေးလေးကို ဖော်ပြနေသည်။ ယခုအချိန်တွင် ချွေးထွက်နေသောကြောင့် လည်ပတ် ပတ်ထားသော နေရာမှာ ပို၍ ပူနေလေသည်။ သူ့လက်ချောင်းများက လည်ပတ်ကို သတိမမူမိစွာ ဆတ်ခနဲဆွဲလိုက်လေသည်။ ၎င်းက ရမ္မက်ကို နိုးဆွနေသယောင်။ အကယ်၍ ယွမ်ယဲ့သာ သူ့စရိုက်ကို မသိပါက သူ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟုပင် ထင်မိလောက်သည်။  


"မဆိုးပါဘူး" 

သူ ရုတ်တရက် ပြောလိုက်မိသည်။  


"?"

ဖုယွမ်ကျိုး နားမလည်နိုင် ဖြစ်သွားသည်။  


"အစက ငါ ထွက်သွားဖို့ စီစဥ်ထားတာ"

ယွမ်ယဲ့ ပြောလိုက်သည် ။

" ငါ အားကစားပွဲတွေကို စိတ်မဝင်စားဘူး" 


သူက ထိုကဲ့သို့ ပုံစံ ဖြစ်သည်ကို ဖုယွမ်ကျိုး ပြန် သတိရလိုက်သည်။ အလယ်တန်းပြီးနောက် သူက မည်သည့် အားကစားပွဲတွင်မျှ မပါဝင်ခဲ့သလို အားကစားပွဲများတွင်လည်း သူ့ကို လုံးဝ မတွေ့ရပေ။ 


သူ ဘယ်လိုလုပ် ဒီတစ်ကြိမ် စိတ်ပြောင်းသွားရတာလဲ... 


သူ ယွမ်ယဲ့ကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များက မေးခွန်းထုတ်နေသယောင်။ ယွမ်ယဲ့ ရယ်လိုက်သည်။ 


" မင်းကို အဖော်ပြုပေးဖို့လေ" 


ဖုယွမ်ကျိုး : "..." 


ဖုယွမ်ကျိုး : "အိုး..." 


ယွမ်ယဲ့ : " မင်းက အရမ်း အေးစက်စက်နိုင်တာပဲ စိတ်မလှုပ်ရှားသွားဘူးလား..." 


ဖုယွမ်ကျိုး : "စိတ်မလှုပ်ရှားပါဘူး မင်းမလှုပ်ရှားရဲရင် မဆိုးပါဘူး" 

ဒီခွေးကောင်က သူ့ကို ဒီလို အကြံဆိုးမျိုးနဲ့ ကစားနေတာလား... 


သူတို့ စကားပြောနေခိုက် လူတစ်စုက ခါးသီးနေသော အမူအရာများဖြင့် ရောက်လာလေသည်။ စမ်းသပ်အတန်းမှ ကျောင်းသားများအနေဖြင့် ဆရာက သူတို့အဆင့်များကို ပို၍ အာရုံစိုက်လေသည်။ သူတို့ကို အတန်းစောစော မဆင်းပေးရုံသာမက မိနှစ် နှစ်ဆယ် ကြာအောင်ပင် အချိန်ဆွဲခဲ့လေသည်။ ထို့ကြောင့် သူတို့က လေ့ကျင့်ရေးအတွက် လာရန် စောင့်နေခဲ့ကြရသည်။ သူတို့ ရောက်လာချိန်တွင် ကစားကွင်းက လူများဖြင့် ပြည့်နှက်နေလေပြီ။ 


"အစ်ကိုယွမ် အစ်ကိုယွမ်..." 


ဖုယွမ်ကျိုးကို အဝေးမှ မြင်လိုက်ရသောအခါ လူတစ်စုက အသက်ဆက်ရန်အတွက် နောက်ဆုံးကောက်ရိုးမျှင်လေးကို တွေ့လိုက်ရသလို တက်တက်ကြွကြွဖြင့် သူ့အနားသို့ ဝိုင်းကာရောက်လာလေသည်။ 


" အစ်ကို့ကို တွေ့တာ အရမ်းပျော်တာပဲ အစ်ကို့ကို မတွေ့တာတောင် ကြာပြီ နောက်ပြီး အစ်ကို ပိုပြီးခန့်လာတယ်" 


"ဘာလို့လဲ..." 

ဖုယွမ်ကျိုး သူတို့ကို စောင်းကြည့်လိုက်သည်။

" ပြောစရာ ရှိလို့လား..."


"အစ်ကို့ရဲ့ အတန်းထဲက လေ့ကျင့်ရေးက ဘယ်လိုလဲ..." 

ထိုလူတစ်စုက နောက်ဆုံးအဆင့် သိပ္ပံကျောင်းသားများ ဖြစ်သောကြောင့် သူတို့က လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။

"တစ်ကယ်လို့ အစ်ကို့တိူ့အတန်းမှာ နေရာလွတ် ရှိသေးရင်..." 


"မရဘူး" 

ဖုယွမ်ကျိုးက အညှာအတာ မရှိပေ။

" တွေးတောင် မတွေးနဲ့" 


"အစ်ကိုယွမ် ဒီလို မလုပ်ပါနဲ့ ကျွန်တော်တို့ကို ကယ်ပါ"


ထိုလူတစ်စုက ငိုယိုနေရင်း ပြေးသွားကြလေသည်။ ဖုယွမ်ကျိုး သူတို့ကို ကြည့်လိုက်သော်လည်း မတွေ့ရတော့ပေ။ သူ ရန်ရှူးထန်ဆီသို့ အတွေး ရောက်သောအခါ ရန်ရှူးထန်က ပြိုင်ပွဲအတွက် စာရင်းပေးထားသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိပြီး ပြိုင်ပွဲ၏ အသေးစိတ်ကိုပင် သိ၏။ 


၎င်းက သူ့အတိတ်ဘဝမှ အဖြစ်အပျက်ပင်။ သူနှင့် ရန်ရှူးထန်က မတည့်ပေ။ ရန်ရှူးထန်က အထက်တန်း ပထမနှစ်၌ မည်သည့်ပြိုင်ပွဲတွင်မှ မပါဝင်ခဲ့ပေ။ ဒုတိယနှစ်တွင် မီတာ သုံးထောင် ပြိုင်ပွဲတွင် စာရင်းသွင်းခဲ့သည်။ သူ ထိုအကြောင်းအား ကြားခဲ့စဥ်က ရန်ရှူးထန်ကို အသုံးချခံရသည်ဟု တွေးကာ ရူးလောက်အောင် ပျော်သွားခဲ့သည်။ ရန်ရှူးထန်၏ ပင်ပန်းနွမ်းနယ်ပြီး ရုပ်ဆိုး အကျည်းတန်သည့်ပုံစံကို မှတ်တမ်းတင်ရန်အတွက် သူ DSLR တစ်ခုကိုပင် ဝယ်ခဲ့သည်။  


သို့သော် သူ စိတ်အတိုလွန်ပြီး သူ၏ DSLR ကိုပင် ကိုင်ပေါက်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ရန်ရှူးထန်က ကျောင်းလေးကျောင်း အနက် မီတာ သုံးထောင် ပြိုင်ပွဲကို အနိုင်ရခဲ့သည်။ ထို့ပြင် သူ စည်းကို ကျော်ပြီးချိန်တွင် တခြားပြိုင်ပွဲဝင်များက ပင်ပန်းနွမ်းနယ်နေသော်လည်း ရန်ရှူးထန်ကမူ တည်ငြိမ်နေကာ ချွေးများကို သုတ်လိုက်ပြီး အနည်းငယ် အသက်ရှူ မြန်ရုံမျှသာ။ 


အကယ်၍ ဖုယွမ်ကျိုး ဓါတ်ပုံရိုက်ယူခဲ့ပါက ရန်ရှူးထန်၏ တောက်ပသော အချိန်များကို မှတ်တမ်း ယူခြင်းသာ ဖြစ်ပေလိမ့်မည်။ ရုပ်ဆိုးအကျည်းတန်သော ပုံစံမှာ လုံးဝ မရှိခဲ့ပေ။  


ယခုဘဝအတွက်မူ ဖုယွမ်ကျိုးက ရန်ရှူးထန်ကို ဓါတ်ပုံရိုက်ရန် စိတ်ကူးမရှိပေ။ သို့သော် ရန်ရှူးထန်က ဤနေရာတွင် မရှိပေ။ မေးကြည့်ပြီးနောက် သူက လေ့ကျင့်ရန်အတွက် အိမ်ပြန်သွားသည်ဟု သိလိုက်ရသည်။  


ထိုအချိန်တွင် လူတစ်စုကလည်း သူတို့၏ လေ့ကျင့်ရေး ပြီးသွားပြီ ဖြစ်သောကြောင့် ထွက်သွားတော့မည် ဖြစ်သည်။ ပထမ လူအုပ်စုက ချက်ချင်း နေရာဝင်ယူလိုက်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ဖုယွမ်ကျိုးဘက်တွင် လူအများကြီး မကျန်တော့ပေ။  


ဖုယွမ်ကျိုးက ရေတစ်ပုလင်းအား သွားယူရန် စဥ်းစားနေချိန်တွင် မိန်းကလေးအများအပြားက သူ့ဆီသို့ လျှောက်လာနေသည်။ ထိုထဲမှ မိန်းမလှလေး တစ်ဦး၏ လက်နှစ်ဖက်လုံးထဲတွင် ရေသန့်ဘူးများကို ကိုင်ထားလေသည်။ သူမက အနည်းငယ် ထိတ်လန့်ရှက်ရွံ့နေလေသည်။ သူမက ဖုယွမ်ကျိုးကို ရေလှမ်းပေးလိုက်ပြီး ပြောလိုက်သည်။ 


" ကျောင်းသားဖု ရေသောက်ချင်လားဟင်..." 


ဒါက...သူ့ကို ပိုးပန်းကြေးအနေနဲ့ လာပြောနေတာလား... 


ဖုယွမ်ကျိုး အတော်ကြာ အံ့အားသင့်သွားလေသည်။ သူက ထိုအရာမျိုးနှင့် ရင်းနှီး၏။ သူ ငယ်စဥ်တည်းက နာမည်ကြီး၏။ ထိုကဲ့သိူ့ မြင်ကွင်းမျိုးကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။  


သူ စိတ်ဝင်စားသွားရသည့်အရာမှာ ထိုမိန်းကလေးက အိုမီဂါ ဖြစ်ကြောင်း ထင်ရှားစေသည့် လည်ပင်းပေါ်မှ လည်ပတ်ပင် ဖြစ်သည်။ သူမက မိန်းကလေး အိုမီဂါ ဖြစ်သည်။ တော်တော်လေး လှပြီး သူနှင့် ရင်းနှီးနေသယောင်။ သူမ သူ့အပေါ် အနည်းငယ် အထင်ကြီးသွားပုံပင်။ သူမကို မကြာခဏ မတွေ့ခဲ့ရဘူး ထင်တယ် ဖြစ်နိုင်တာက အရင်ဘဝကများလား... ။သူ့ကို လေးလေးနက်နက် အထင်ကြီးသွားအောင် သူဘာလုပ်ခဲ့တာလဲ...။ 


ဖုယွမ်ကျိုးက အံ့အားသင့်နေသောကြောင့် သူ့အကြည့်များက မိန်းကလေးအပေါ် ရောက်နေတုန်းပင်။ ထိုမိန်းကလေး၏ မျက်နှာက ပို၍ ပို၍ နီလာပြီး သူမ အလွန်ရှက်လာသည်။ ထိုအချင်းအရာကို တွေ့သောအခါ ယွမ်ယဲ့ ဆက်၍ တိတ်ဆိတ်နေရန် စိတ်ကူးမရှိတော့ပေ။  


"မင်း ဘာကို ကြည့်နေတာလဲ..." 

သူက အပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။


" လှတဲ့လူ တွေ့တာနဲ့ ငေးကြည့်နေတာလား...မင်းက လူရမ်းကားလား..." 


"မဟုတ်ဘူး...ငါက..." 


ထိုအခါမှသာ သူ ဘာလုပ်ခဲ့မိသည်ကို ဖုယွမ်ကျိုး နားလည်လိုက်သည်။ သူ ရှင်းပြတော့မည့် အချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် သူ့နာမည်ခေါ်ကာ သူ့ဆီ လျှောက်လာလေသည်။  


"ကျိုးအာ ငါ မင်းကို တွေ့ပြီ" 


ရောက်လာသောသူမှာ ယွိဖေး ဖြစ်သည်။ သူ၏ သွင်ပြင်မှာ ထင်ရှားသောကြောင့် လူအများ၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။ ချက်ချင်းပင် အကြည့်များက သူ့ဆီသို့ ရောက်လာပြီး သူ့ဘက်သို့ ကြည့်နေကြလေသည်။  


သူက ဖုယွမ်ကျိုး၏ ရှေ့သို့ လျှောက်လာလေသည်။ အနီဖျော့ရောင် မျက်ရည်ခံ မှည့်လေးက သူ့ကို ပို၍ ချစ်စဖွယ်ကောင်းအောင် ထောက်ပံ့ပေးနေလေသည်။ သို့သော် သူ့မျက်လုံးများက မိန်းကလေးများ အပေါ်သို့ ရောက်သွားချိန်တွင် ထိုအရာက ပျောက်ကွယ်သွားပြီး အေးစက်သွားသယောင်။ 


"ငါ မင်းအတွက် အချိုရည် ဝယ်လာခဲ့တယ် " 

ယွိဖေးက တွန့်နေသာသော မျက်ခုံးများဖြင့် အအေးဘူးကို လှမ်းလိုက်၏။


" ဒါက မင်းရဲ့ ခွန်အားကို ပြန်ဖြည့်ပေးမှာနော် မင်း သောက်မှာလား..." 


တစ်ခုခုတော့ တစ်ခုခုပဲ... 


တစ်ခြားသူများ၏ အမြင်တွင် ယွိဖေးနှင့် မိန်းကလေးမှာ ဖုယွမ်ကျိုးအား တစ်ချိန်တည်း ရေဘူးပေးနေခြင်းပင်။ ချက်ချင်းပင် သူတို့၏ လေ့ကျင့်ရေးကိူ မေ့သွားပြီး ထိုမြင်ကွင်းသို့ အာရုံရောက်သွားကြလေသည်။  


သူတို့အားလုံးနီးပါး ယွိဖေးကို သိကြ၏။ သူက အယ်လ်ဖာ ဖြစ်သည်ကို သိကြပြီး ဖုယွမ်ကျိုးကလည်း လူအများစုကို သိ၏။ ထိုမိန်းကလေးကလည်း လှပသော အိုမီဂါလေးအဖြစ် ကျောင်းတွင် နာမည်ကြီး၏။ ထို့ကြောင့် လေ့ကျင့်ရေးက ဒရမ်မာကြီး၏ ရှေ့တွင် အရေးမပါတော့ပေ။ 


သေစမ်း...ဒီမိန်းကလေးကို ဘာလို့ ရင်းနှီးနေလဲ သူသိပြီ... 


ဖုယွမ်ကျိုး အနည်းငယ် စိတ်ရှုပ်သွားလေသည်။ သူ၏ အတိတ်ဘဝတွင် ယွိဖေးနှင့် ထိုမိန်းကလေး သူ့ကို ဒုတိယနှစ် အားကစားတွေ့ဆုံပွဲ အကြိုနေ့တွင် တစ်ချိန်တည်းတွင်ပင် ရေဘူးပေးခဲ့သည်။ သူတို့ ဘာမှ မပြောသော်လည်း သူ ရေဘူး ယူရန် သူတို့ လိုလားခဲ့သည်။  


ယခု သမိုင်းက တဖန် ပြန်လည်လာသည်။ ထို့ပြင် ဖြစ်ရပ်ကလည်း တူနေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ အတိတ်တွင် မိန်းမလှလေးနှစ်ဦး ဖြစ်ပြီး ယခုတွင်တော့ နူးညံ့သော အိုမီဂါမိန်းကလေး တစ်ဦးနှင့် တစ်ခြားလူမှ ပို၍ အရပ်ရှည်ကာ ပို၍ သန်မာလာသော အယ်လ်ဖာ ယောင်္ကျားလေး တစ်ဦး ဖြစ်သည်။ မူလ ဖုယွမ်ကျိုးက ယွိဖေး၏ ရေဘူးကို ယူခဲ့၏။ ထိုအချိန်က သူ့တွင် တခြားအကြံမရှိပေ။ ယွိဖေးက ရှဲ့လင်၏ ဝမ်းကွဲ ဖြစ်ပြီး သူ့ငယ်ချစ် ဖြစ်သောကြောင့် သူမကို မျက်နှာသာ ပေးသင့်သည်ဟု ထင်သောကြောင့်ပင်။  


သို့သော် ယခုမူ ခြားနား၏။ လှပသော မိန်းကလေး အိုမီဂါ တစ်ဦးက သူ့ကို ပိုးပန်းနေလေသည်။ သူ၏ ယခုဘဝ စိတ်ကူးမှာ အိုမီဂါ မိန်းကလေး တစ်ဦးကို ရှာရန်ပင် ဖြစ်သည်။ ယခု ထိုကဲ့သို့ အခွင့်မျိုး ရချိန်တွင် သူ အမိအရ ယူသင့်ပြီး ပြန်သွားမှသာ ယွိဖေးကို ရှင်းပြလိုက်မည် ဖြစ်သည်။  


သို့သော် အချို့သော အကြောင်းကြောင့် ဖုယွမ်ကျိုး မိန်းကလေး၏ လက်ထဲမှ ရေဘူးကို မယူနိုင်လိုက်ပေ။ ယွိဖေး၏ အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ ယခုဘဝတွင် သူတို့ကြား၌ ရိုမန်တစ်ဆန်သော ဆက်ဆံရေး မရှိသည့်တိုင်၊ ယွိဖေးက အတိတ်က ဖြစ်ခဲ့သည့်တိုင် သူ မလုပ်နိုင်ပေ။  


ထားလိုက်ပါတော့ ရှောင်ဖေးက သူ့ကို ကြည့်နေတယ် သူ့မှာ ဒီမိန်းကလေးနဲ့ ပတ်သက်ပြီး အတွေးမရှိဘူး သူ အနာဂတ်မှာ အိုမီဂါ မိန်းကလေးနဲ့ တွေ့ရမယ့် အခွင့်အရေး မရှိတော့မှာမှ မဟုတ်တာ ဒီတစ်ကြိမ်တော့ ဒီလို လုပ်စရာ မလိုပါဘူး။ 


ဖုယွမ်ကျိုးက ယွိဖေး၏ ရေဘူးကို ယူရန် ဆုံးဖြတ်လိုက်သည်။ အပြစ်ရှိစိတ်မဝင်လာဘဲ သံသယများ ဝင်လာသည်။ သူ့အတိတ်ဘဝမှာ ရှောင်ဖေးက သူ့ကို အထင်ကြီးတယ် အဲ့တော့ သူမက သူ့ကို ရေဘူးပေးချင်ခဲ့တာ အခု ရှောင်ဖေးက ဘာလို့ ပေးချင်တာလဲ။ 


"မင်း မသောက်ဘူးလား..." 


ရုတ်တရက် ယွမ်ယဲ့ ပြောလိုက်ပြီး ဖုယွမ်ကျိုး၏ အတွေးများကို နှောက်ယှက်လိုက်သည်။ သူ့ကိူ ပြုံးပြနေသော ယွမ်ယဲ့ကို ကြည့်လိုက်သည်။ ယွမ်ယဲ့က လက်ဆန့်ထုတ်လိုက်ပြီး သူ့ကို ချောကလက် အပိုင်း တစ်ခုပေးလေသည်။  


"မင်းက ရေမဆာဘူး ဗိုက်ဆာနေတာမလား... ငါ မင်းကို ချောကလက် ပေးမယ်"

သူ အနည်းငယ် ဆိုးသွမ်းသလို ရယ်လိုက်သည်။

" မင်း ပူရှိန်းချောကလက် ကြိုက်တယ်မလား...စားလေ" 


ဖုယွမ်ကျိုး : "..." သေစမ်း ... 


လူသုံးယောက်က ဖုယွမ်ကျိုးကို တစ်ပြိုင်နက်တည်း ရေဘူးများနှင့် ချောကလက် ပေးနေလေသည်။ မြင်ကွင်းက အံ့အားသင့်စဖွယ် ဖြစ်နေသောကြောင့် တခြားကျောင်းသားများက အံ့ဩနေကြလေသည်။သူတို့ ယွမ်ယဲ့၏ စိတ်ကို မခန့်မှန်းနိုင်ပေ။ သူက ပြသနာ ရှာရတာ ပျော်လို့လား...ဒါမှမဟုတ် ဖုယွမ်ကျိုးကို ကြိတ်ကြိုက်နေလို့လား...သူတို့ မသိနိုင်ပေ။  


တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖုယွမ်ကျိုးက လက်ဆန့်ထုတ်ကာ ယွမ်ယဲ့၏ ချောကလက်ကို လက်တစ်ဖက်က ကိုင်လိုက်ပြီး ယွိဖေး၏ အအေးကို လက်တစ်ဖက်က ကိုင်လိုက်သည်။ ၎င်းတို့ကို သူ့လက်မောင်းထဲတွင် ပိုက်ထားလိုက်ပြီးနောက် တစ်ဖက် မိန်းကလေးကို အပြုံးဖြင့် ပြောလိုက်သည်  


"မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ ငါ့သူငယ်ချင်းတွေ ပေးတာတွေကို ယူရုံနဲ့တင် လုံလောက်နေပါပြီ" သူက သူငယ်ချင်း ဆိုသော နေရာတွင် ဖိပြောလိုက်သည်။  


မိန်းကလေး၏ လက်က အနည်းငယ် တုံယင်သွားပြီး သူမ မျက်လုံးများက အရောင်မှိန်သွားလေသည်။ ဖုယွမ်ကျိုးက အလျင်အမြန် ပြေးထွက်သွားပြီးနောက် ပြန်လာလေသည်။ သူ့လွယ်အိတ်ထဲမှ သစ်သီးချိုချဥ် နှစ်လုံးကို ထုတ်လိုက်ကာ မိန်းကလေး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။  


"ဒီ ချိုချဥ်တွေက မင်းအတွက်ပါ" 

သူ ပြောလိုက်၏ ။


" မင်းကို ကျေးဇူးအများကြီး တင်ပါတယ် "


မိန်းကလေး၏ မျက်လုံးများက အနည်းငယ် နီနေသော်လည်း သူမ သူ့ကို ပြုံးပြလေသည်။ နှုတ်ဆက်ပြီးနောက် သူမ၏ သူငယ်ချင်း တစ်ချို့နှင့်အတူ ထွက်သွားလေသည်။ ယွမ်ယဲ့က မိန်းကလေး၏ နောက်ကျောကို ကြည့်နေပြီး သူမ ထွက်သွားသည်အား သေချာအောင် ကြည့်နေလိုက်သည်။


ထို့နောက် သူ ပြုံးလိုက်ပြီး ဖုယွမ်ကျိုး၏ ခေါင်းကို ပုတ်လိုက်လေသည်။