Chapter 26
Viewers 2k

♎️Chapter 26




"ငါ့အတွက် ချိုချဥ်ရော  သူမ အတွက်ပဲလား ငါ့အတွက် မပါဘူးလား..."



ဖုယွမ်ကျိုး ထိုမိန်းကလေးအတွက် ဝမ်းနည်းသလို ခံစားရပေမယ့် ယွမ်ယဲ့အတွက်တော့ ဝမ်းနည်းမနေပေ။ ထို့ကြောင့် သူ ဒေါသကြီး ပြောလိုက်သည်။ 


" ငါ့​လွယ်အိတ်ထဲမှာ ကိုယ့်ဘာသာ သွားယူချည်" 


ယွမ်ယဲ့က ပခုံးတွန့်ပြပြီး သွားယူလေသည်။  


သူတို့၏ ပွဲကို ကြည့်နေကြသူများက စိတ်ပျက်သွားကြလေသည်။ သူတို့က ဒီပွဲ မြန်မြန် ပြီးဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ အယ်ဖာနှစ်ယောက်၊ အိုမီဂါ တစ်ယောက်နှင့် အိုမီဂါ တစ်ယောက်က ပို၍ စိတ်ဝင်စားစရာ ကောင်းပေသည်။ သူတို့ လုံလောက်အောင် မကြည့်ခဲ့ရပေ။ ယွမ်ယဲ့နှင့် ယွိဖေးက သူတို့ သူငယ်ချင်း ဒုက္ခများအောင် လုပ်ခြင်းလား။ သို့မဟုတ် သူတို့က ဖုယွမ်ကျိုးကို စိတ်ဝင်စားနေ၍လားဟူ၍ စဥ်းစားမနေတော့ပါချေ။ 


သူတို့ တစ်ချိန်လုံး အမှန်တရားကို မသိရခြင်းက သနားစရာပင်။ ယွိဖေးက ဖုယွမ်ကျိုးကို ပြုံးကာ ပြောလိုက်သည် ။ 


" ငါလည်း သွားတော့မယ် ငါ တစ်နေရာရာမှာ သွားလေ့ကျင့်လိုက်ဦးမယ် ပြီးသွားရင် မင်းနဲ့ တွေ့မယ်" 


"မင်း ဒီမှာ လေ့ကျင့်နေတာ မဟုတ်ဘူးလား..." 


ဖုယွမ်ကျိုး အနည်းငယ် အံ့အားသင့်သွား၏။ သူ ယွိဖေးကို ယခင်က မတွေ့လိုက်ခြင်းဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယွိဖေး ဤနေရာကို တမင်တကာ ရောက်လာခြင်းဟု မမျှော်လင့်ခဲ့ပေ။ ရေဘူးကိစ္စမှာ တိုက်ဆိုင်မှုသာ ဖြစ်ပုံရ၏။ 


"ငါ မင်းကို လာတွေ့တာ မင်းရဲ့ ခန္ဓာကိုယ် သိပ်မကြာခင် ပြန်ကောင်းသွားလိမ့်မယ် မင်း အားစိုက်ရတဲ့ အားကစားတွေမှာ အဆင်မပြေမှာကို စိုးရိမ်တယ် ဒါပေမယ့် ငါ ခုနက ဒေါက်တာစွင်း ကို မေးခဲ့တယ် အဆင်ပြေတယ်တဲ့" 

ယွိဖေးက ငုံ့ကြည့်လိုက်သည်။

" ငါ တောင်းပန်ပါတယ် ကျိုး မင်းရဲ့ estrus ကာလ စောသွားတာက မင်း အယ်လ်ဖာ ဖရိုမုန်းတွေကို ရှူမိလို့တဲ့ ဟုတ်တယ်မလား..." 


"မင်းနဲ့ မဆိုင်ပါဘူး" 

ဖုယွမ်ကျိုး သူ့ကို ဖျောင်းဖျလိုက်သည်။ ယွိဖေးတွင် အာရုံခံ ပြသနာရှိသောကြောင့် ထိန်းချုပ်ဆေးကို အသုံးမပြုနိုင်ခဲ့ခြင်းပင်။ ၎င်းက သူ့အပြစ် မဟုတ်ပေ။  


"ငါ မင်း estrus ဖြစ်စေဖို့ စိတ်ကူးမရှိခဲ့ပါဘူး...ဒေါက်တာစွင်း ပြောတာတော့ ငါ့ရဲ့ ဖယ်ရိုမုန်းက estrus ကို ဖြစ်စေလောက်တဲ့အထိ မလုံလောက်ဘူးတဲ့ မင်း တခြား အယ်လ်ဖာရဲ့ ဖယ်ရိုမုန်းကို ရှူမိသေးလား...ငါ့အစ်ကိုရဲ့ ဖယ်ရိုမုန်းလား...ဒါမှမဟုတ် တခြားတစ်ယောက်ဟာလား..." 


ဖုယွမ်ကျိုး၏ အမူအရာမှာ ပုံမှန် မဟုတ်တော့ပေ။ ဖယ်ရိုမုန်း အကြောင်းပြောရမယ်ဆိုရင် သူ လူအများကြီး၏ ဖယ်ရိုမုန်းကို ရှူခဲ့မိ၏။

ရှဲ့လင်၊ ယွမ်ယဲ့၊ ယွိဖေး  အရေအတွက်မှာ နည်းတော့ မနည်းပေ။ တစ်ယောက်တည်းကြောင့် estrus မဖြစ်သော်ငြား သုံးယောက်ဖြစ်နေလေသည်။ 


"ကျိုးအာ မင်း တခြားအယ်ဖာတွေ အခွင့်အရေး အယူမခံရအောင် သတိထားနေရမယ်နော်" 


ယွိဖေး ဖြည်းဖြည်းချင်း ပြောလိုက်သည်။  


"ကျေးဇူးပါ ရှောင်ဖေး ငါ သတိထားပါ့မယ်" 


ဖုယွမ်ကျိုး ပြောလိုက်သည်။ ယွိဖေး၏ စကားလုံးများက အနည်းငယ် မှားယွင်းနေသလို ခံစား​လိုက်ရသည်။ 

"တခြား အယ်လ်ဖာတွေ..." ဘာလို့ အဲ့လိုကြီး ပြောတာလဲ...အယ်လ်ဖာလို့ ပြောလိုက်လဲ ရတာပဲမလား။


သို့သော် သူ အရမ်း ဂရုစိုက်မနေပေ။ ယွိဖေး သူ့ကို နှုတ်ဆက်သွား၏။ ယွမ်ယဲ့က ချိုချဥ်စားပြီးသောအခါ လက်ထဲ အပြည့် ချိုချဥ်များကို ယူ၍ ပြန်လာလေသည် ။

" ငါ ဒါတွေအကုန် ယူလို့ ရမလား..." 


"မင်း ဒီချိုချဥ်ကို အဲ့လောက်တောင် ကြိုက်တယ်ပေါ့...ရတယ် မင်း ကြိုက်သလောက်သာ ယူသွား" 


ဖုယွမ်ကျိုး အံ့အားသင့်သွားလေသည်။ သစ်သီးချိုချဥ်ကို သူ အားဖြည့်ရန်အတွက် ဝယ်လာခြင်း ဖြစ်သော်လည်း ယွမ်ယဲ့ကို အကုန်ပေးလိုက်ရလျှင်ပင် သူ ဂရုမစိုက်ပေ။ ယွမ်ယဲ့ကလည်း သူ့ကို ချောကလက် ပေးထားသောကြောင့်ပင်။ 


"ငါ မက်မွန်သီး အရသာ ချိုချဥ်တွေ အကုန်ယူလာခဲ့တယ်" 

ယွမ်ယဲ့ ပြောလိုက်သည် ။ 


" အကြီးဆုံး တစ်ခုပါ ယူခဲ့တယ်" ဖုယွမ်ကျိုး၏ ဆံပင်ကို ကိုင်ရင်း သူ ပြောလိုက်သည် ။

" တစ်ခြားသူတွေအတွက် တစ်ခုမှ မချန်ခဲ့ဘူး" 


ဖုယွမ်ကျိုးက အမူအရာမဲ့စွာဖြင့်

" ငါ့ကို ချိုချဥ်ပြန်ပေး" 


ယွမ်ယဲ့ : " မပေးဘူး ငါ့ဟာတွေ အကုန် ငါ့ဟာတွေ ဖြစ်သွားပြီ" 


ဖုယွမ်ကျိုး : " မင်းတော့ သေတော့မယ်" 


ယွမ်ယဲ့ ယူထားသော မက်မွန်သီး ချိုချဥ်ကို ယူရန် လက်လှမ်းလိုက်သည်။ ယွမ်ယဲ့က သူ့ထံမှ ဖွက်လိုက်၏။ သူတို့နှစ်ယောက် လုယက်နေကြလေသည်။ ရုတ်တရက် ယွမ်ယဲ့က ဖုယွမ်ကျိုးကို နောက်မှ ဖက်လိုက်ပြီး အပြုံးဖြင့် သူ့နားထဲသို့ ကပ်ကာ ပြောလိုက်သည်  


" မင်း ခုနက ကောင်မလေးရဲ့ ရေဘူးကို မယူတာ ငါ အရမ်းပျော်တာပဲ တကယ်ဆို မင်း အိုမီဂါ ကောင်မလေး ချစ်သူကို ရှာစရာ မလိုပါဘူး ယောင်္ကျားကောင်းလေးကို ရှာလည်း အဆင်ပြေတာပဲလေ" 


"ငါ ရူးမနေသ၍တော့ မရှာဘူး" 


ဖုယွမ်ကျိုး၏ လေသံက ဂရုမစိုက်သလို လေသံ ဖြစ်နေပြီး ဖက်ထားရာမှ လွတ်မြောက်ရန် ကြိုးစားနေလေသည်။ သူ့မျက်လုံးများက ရှေ့သို့ မတော်တဆ ရောက်သွားပြီးနောက် ရုတ်တရက် ရပ်တန့်သွားလေသည်။ 


အဖြူရောင် ဝတ်စုံ ဝတ်ထားသော ချောမောခန့်ညားသည့် ယောင်္ကျားတစ်ယောက်က ဖုန်းကို ကိုင်ထားလေသည်။ သူက မြင်ကွင်းကို သဘောကျနေသကဲ့သို့ သူ့နှုတ်ခမ်းများက အပေါ်သို့ အနည်းငယ် တွန့်ကွေးနေ၏။ ထို့နောက် သူက ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ဓါတ်ပုံ ရိုက်နေ၏။  


ထိုအခိုက်အတန့်တွင် ဖုယွမ်ကျိုး ထိုလူကို မှတ်မိလိုက်သည်။ သူ့မျက်စံအိမ်များက ရုတ်တရက် ကြုံ့သွားပြီး ချွေးစီးများ ပြန်လာလေသည်။ ထို့နောက် သူ နောက်သို့လှည့်ကာ ယွမ်ယဲ့၏ ရင်ခွင်ထဲသို့ ဝင်လိုက်ကာ သူ့မျက်နှာကို ထိုလူ မမြင်အောင် ကွယ်လိုက်သည်။  


သူ ဒီကို ဘယ်လို လာတာလဲ...ဘာလာလုပ်တာလဲ... ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ... 


ပြန်လည် မွေးဖွားလာပြီးနောက် ဖုယွမ်ကျိုး တစ်ဖက်လူ၏ ဆက်သွယ်ရေး နံပါတ်များကို ဘလော့ခဲ့သည်။ ထိုအချိန်တွင် သူတို့၏ ဆက်ဆံရေး မနက်ရှိုင်းသေးပေ။ သူတို့ ဘယ်တော့မှ ထပ်မတွေ့တော့ဘူးဟု သူ တွေးခဲ့သော်လည်း သူ ယခုအကြိမ်တွင် ထိုမျက်နှာ၊ ထိုမျက်ဝန်းပြာများကို ထပ်မံ၍ မြင်လိုက်ရပြန်သည်။ ထိုသူက သူ့ရှေ့တွင် ပေါ်လာပြန်သည်။ 


သူ တကယ် ရောက်လာတာပဲ... 


ဖုယွမ်ကျိုး၏ စိတ်ထဲသို့ ရောက်လာသော အတွေးများမှာ သူ့ကို တုန်ယင်စေနိုင်လောက်သည်အထိပင်။ သူ့ပုံစံက မမှန်ဖြစ်နေသည်ကို ယွမ်ယဲ့ နားလည်လိုက်သည်။ သူ၏ ကပျက်ကချော် အမူအရာမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူ မျက်မှောင်ကြုတ်လိုက်ကာ သူ့ကို ဖက်ထားရင်း မေးလိုက်သည်။ 


" မင်း ခန္ဓာကိုယ် ဘာဖြစ်လို့လဲ... တစ်နေရာရာက နေလို့ မကောင်းလို့လား..." 


ဖုယွမ်ကျိုးက စွန့်အနေပြီး တုန်ယင်နေတုန်းပင်။ ယွမ်ယဲ့က စိုးရိမ်လာပြီး ချက်ချင်း ပြောလိုက်သည်။ " ငါ မင်းကို ကျောင်းဆေးခန်း ခေါ်သွားပေးမယ်" 


သူက ကိုယ်ကို ကိုင်း၍ ဖုယွမ်ကျိုးကို ဖက်ရန် လုပ်လိုက်ချိန်တွင် ဖုယွမ်ကျိုးက သူ့ကို တားလိုက်သည်။ ဖုယွမ်ကျိုးက အားနည်းနေသော အသံဖြင့် ပြောလိုက်သည်။


" အဲ့လူ ငါ့ကို မမြင်သွားစေနဲ့..." 


သူက ပတ်ဝန်းကျင်တွင် ရုတ်ခြည်း ပေါ်လာသော လူ သတိထားမိရလောက်အောင် ပြိုင်ဘက်ကင်းသည့် ပုံစံဖြင့် ပြင်ပလူ ဖြစ်ပုံပေါ်သော ထိုသူစိမ်းအကြောင်း ပြောနေသည်ကို ယွမ်ယဲ့ ချက်ချင်း နားလည်လိုက်သည်။  


ယွမ်ယဲ့ ဘာကိုမျှ မမေးမြန်းခဲ့ပေ။ သူ့လွယ်အိတ်ကို ယူလာပေးရန် တစ်စုံတစ်ယောက်ကို တောင်းဆိုလိုက်သည်။ ထိုလွယ်အိတ်ထဲမှ အပေါ်ထပ်အင်္ကျီကို ထုတ်လိုက်ပြီး ဖုယွမ်ကျိုး၏ ခေါင်းပေါ်တွင် အုပ်ပေးထားလိုက်သည်။ ထို့နောက် သူ့ကို ထိုသူနှင့် ဆန့်ကျင်ဘက်သို့ ခေါ်သွားလေသည်။ အစမှ အဆုံးထိ သူ၏ မျက်လုံးများက အေးစက် စူးရှနေ၏။ 


ဖုယွမ်ကျိုးကို ဒီလိုတောင် ဖြစ်အောင် လုပ်တယ်ပေါ့...ဒီလူတော့...။ 


ကစားကွင်းတွင် ကျောင်းသားများရှိနေသောကြောင့် သူတို့၏ ထွက်ခွာသွားမှုက သိသာထင်ရှားမနေပေ။ထို့ပြင် ထိုလူငယ်၏ အာရုံစိုက်မှုကိုလည်း မခံလိုက်ရပေ။ ထိုသူက ကစားကွင်းကို ဖြတ်သွားရင်း ကျောင်းသားတိုင်း၏ ပုံများကို ကင်မရာဖြင့် ဗီဒီယိုများ၊ ဓါတ်ပုံများ ရိုက်နေတုန်းပင်။  


ဓါတ်ပုံ အများအပြား ရိုက်ကူးပြီးသောအခါ ထိုလူငယ်က ရပ်တန့်လိုက်သည်။ သူက ကျောင်းသားတိုင်းနီးပါး၏ ပုံကို ရိုက်ပြီးပြီဖြစ်သည်။  


သူ၏ တစ်မူထူးခြား တောက်ပသော သွင်ပြင်က လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်လေသည်။ သို့သော် သူ ဂရုမစိုက်ပေ။ ဓါတ်ပုံများကိုသာ တစ်ပုံပြီးတစ်ပုံ ကြည့်နေလေသည်။ ထူးဆန်းသောအရာက ဓါတ်ပုံ အများစုမှာ ကျောင်းသားများ၏ နောက်ကျောများသာ ဖြစ်နေခြင်းပင်။ 


နောက်ဆုံး တစ်ပုံကို ကြည့်ပြီးသည်အထိ သူ ဘာကို ရှာနေမှန်းမသိ ရှာနေပြီး သူ့နှုတ်ခမ်း ထောင့်စွန်းများက မြင့်တက်သွားကာ ခေါင်း အနည်းငယ် မော့၍ ပြုံးလ်ုက်သည်။ ထို့နောက် ဓါတ်ပုံအားလုံးကို ဖျက်လိုက်ကာ သူ့ဖုန်းမှ အယ်လ်ဘမ်ကို ဖွင့်လိုက်သည်။ 


ထိုအယ်လ်ဘမ်၏ အမည်မှာ "ရှောင်ချီး" ဖြစ်ပြီး ထိုထဲတွင် ဓါတ်ပုံ တစ်ပုံသာ ရှိသည်။ ၎င်းက နေဝင်ချိန်အောက်တွင် လူတစ်ယောက်၏ နောက်ကျောပုံဖြစ်သည်။ ဓာတ်ပုံထဲမှကောင်လေးက ခြေပြောင်ဖြင့် ကမ်းခြေတွင် ရပ်နေပြီး ကင်မရာကို ကျောခိုင်းထားလေသည်။ အရိပ်က စိုစွတ်နေသော သဲသောင်ပြင်ပေါ်တွင် ကျရောက်နေသောကြောင့် စိတ်ကူးယဥ်ဖွယ် ပုံရိပ်လေး ဖြစ်နေချေသည်။  


သူ ထိုပုံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြည့်ပြီးပြီ ဖြစ်သည်။ တခြားနောက်ကျောပုံများကို ကြည့်လိုက်ချိန်တွင် သူ နှိုင်းယှဥ်စရာပင် မလိုဘဲ ခွဲခွဲခြားခြား သိနိုင်လေသည်။ ထို့ပြင် ထိုဓါတ်ပုံက သူ့တွင်ရှိသည့် တစ်ခုတည်းသော " ရှောင်ချီး"၏ ပုံဖြစ်သည်။ 


ထိုလူက ဖုန်းကို သိမ်းလိုက်ပြီ လှည့်ထွက်သွားလေသည်။  


သူ သူ၏ "ရှောင်ချီး" ကို ရှာမည်ဖြစ်သည်။



... 


ဖုယွမ်ကျိုး ကျောင်းဆင်းလျှင် ရှဲ့လင်ကို စောင့်မနေတော့ဘဲ ယွမ်ယဲ့က အိမ်ပြန်ပို့သည်ကိုလက်ခံလိုက်သည်။ 


ယွမ်ယွဲ့က ကားခေါ်လိုက်ပြီး ကားတံခါးနားအထိ ဖုယွမ်ကျိုးကို တွဲခေါ်သွားလေသည်။ ကားထဲတွင် သူက ယခင်ကလို မဟုတ်ဘဲ ဖုယွမ်ကျိုး ဘေးတွင် စကားတစ်ခွန်းမျှ မပြောဘဲ သူ့ပခုံးကို ဖုယွမ်ကျိုး မှီရန်ပေးထားလေသည်။ သူ ဘာကိုမှ မမေးခဲ့ပေ။ ကားပေါ်မှ ဆင်းချိန်မှသာ ဖုယွမ်ကျိုး၏ ဆံပင်ကို ပွတ်လိုက်ပြီး စောစောအနားယူရန် ပြောလေသည်။ 


ဖုယွမ်ကျိုး ပင်ပန်းနွမ်းလျစွာဖြင့် အိမ်ပြန်ရောက်လာပြီး အိပ်ယာပေါ်တွင် လှဲလိုက်သည်။ ယွိဖေးနှင့် ရှဲ့လင်က ကျောင်းတွင် သူ့ဖုန်းကို ခေါ်ခဲ့သည်။ ထိုအချိန်က ယွမ်ယဲ့ ဖုန်းဖြေခဲ့သည်။ သူက ဖုယွမ်ကျိုး နေမကောင်းသောကြောင့် အိမ်သို့အရင်ပြန်မည်ဟု ပြောခဲ့သောကြောင့် ထိုနှစ်ယောက်က ဖုယွမ်ကျိုးကို အရင်တွေရန် အလျင်စလို လာကြလေသည်။  


" ဒါက estrus ရဲ့ နောက်ဆက်တွဲလား..." 


ယွိဖေးက တံခါးအပြင်ဘက်တွင် မတ်တတ်ရပ်နေပြီး အထဲသို့ ဝင်မသွားရဲပေ။ သူ့ ဖယ်ရိုမုန်းများက ဖုယွမ်ကျိုးကို အကျိုးသက်ရောက်မည်ကို စိုးရိမ်သောကြောင့်ပင်။ သူ့အမူအရာက စိုးရိမ်မှုအပြည့် ဖြစ်နေသည်။

" ကျိုးအာ မင်း အရမ်း နေမကောင်း ဖြစ်နေလား..." 


ရှဲ့လင် အခန်းထဲသို့ ဝင်သွားပြီး ဖုယွမ်ကျိုးကို ပြောလိုက်သည်။ 

" ဒေါက်တာစွင်း သိပ်မကြာခင် ဒီကို ရောက်လာလိမ့်မယ် မင်း သည်းခံနိုင်ရဲ့လား...မခံနိုင်ရင် ငါ မင်းကို ဆေးရုံ ခေါ်သွားမယ်" 


ဖုယွမ်ကျိုး စကားမပြောပေ။ ရှဲ့လင် ဖုယွမ်ကျိုးအတွက် စိုးရိမ်ကာ မျက်မှောင် ကြုတ်လိုက်သည်။

" မင်းကို ဆေးရုံခေါ်သွားဖို့ ငါ ဒရိုင်ဘာကို ပြောလိုက်မယ်" 


သူ လှည့်ထွက်သွားတော့မည့်အချိန်တွင် ရုတ်တရက် ဖုယွမ်ကျိုးက သူ့အင်္ကျီအနားစကို ဖြည်းဖြည်းလေး ဆွဲထားလေသည်။  


"ငါ့ကို မထားခဲ့ပါနဲ့..." 


ဖုယွမ်ကျိုး ခေါင်းမော့ကာ နီရဲနေသော မျက်လုံးများဖြင့် ရှဲ့လင်ကို ကြည့်လိုက်သည် 


"ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့..."


ရှဲ့လင်၏ လှုပ်ရှားမှုများက အတန်ကြာ ရပ်တန့်သွားသည်။ ထို့နောက် သူ ဖုယွမ်ကျိုးကို ငုံ့ကြည့်လိုက်ပြီး အိပ်ယာ​အစွန်းတွင် ဝင်ထိုင်လိုက်ကာ ဖုယွမ်ကျိုး ဆံပင်များကို ပွတ်သပ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ 


" ကောင်းပြီ" 


ထိုမြင်ကွင်းကို တွေ့သောအခါ တံခါးပေါက်ဝတွင် ရပ်နေသော ယွိဖေး၏ မျက်လုံးများက မှောင်မိုက်သွားလေသည်။ တံခါးကို ကိုင်ထားသော သူ့လက်များက အနည်းငယ် တင်းကျပ်သွားသည်။ သို့သော် သူ အလျင်အမြန် ပြောလိုက်သည်။ 


"ငါ တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်" 


"မလိုပါဘူး" 


ရှဲ့လင်၏ နှစ်သိမ့်မှုကြောင့် အင်အားများ ပြန်ရလာသော ဖုယွမ်ကျိုးက အိပ်ယာပေါ်မှ ထလိုက်ပြီး ခေါင်းခါလိုက်သည်။ 


" ငါ့ကို ဆေးရုံခေါ်သွားဖို့ မလိုပါဘူး ငါ နေမကောင်းတာ မဟုတ်ပါဘူး ငါ..."


သူ အတန်ကြာ ဆို့နင့်သွားပြီးနောက် ပြောလိုက်သည် ။

" တစ်ခုခုဖြစ်သွားလို့ပါ" 


ထိုယောင်္ကျားကို တွေ့ပြီးတည်းက သူ ထိတ်လန့်နေခဲ့ခြင်းပင်။ ရေခဲကန်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ သူ အသက်မရှူနိုင်သလို သူ့တစ်ကိုယ်လုံးကလည်း အေးစက်နေသည်။ ရှဲ့လင်နှင့် ယွိဖေး ရောက်လာမှသာ သူ ထိုအခြေအနေမှ လွတ်မြောက်သွားပြီး အသိပြန်ဝင်လာခြင်းပင်။ 


သို့သော် ရှဲ့လင် ထွက်သွား​တော့မည့်အချိန်တွင် သူ့အတိတ်ကို သတိရလိုက်သည်။ ထိုအချိန်တွင် သူ ရှဲ့လင်၏ အေးစက်သော မျက်လုံးများကို တစ်ခါမျှ မမြင်ဘူးခဲ့သလို ရှဲ့လင် သူ့ကို ထားသွားလိမ့်မည်ဟုလည်း တစ်ခါမျှ မတွေးခဲ့ပေ။  


အစပိုင်းတွင် သူ ထိတ်လန်သွားခဲ့သော်လည်း ပို၍ စိတ်တို ဒေါသထွက်ခဲ့သည်။ ရှဲ့လင် သူ့ကို ထားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ရှဲ့လင် သူ့ကို ပြန်လာရှာမည်ကို သူ စောင့်နေခဲ့သည်။ သို့သော် သူတို့ပြန်တွေ့မည်ဟုပင် မတွေးသေးချိန်တွင် ထိုလူက သူ့ကို ခေါ်သွားခဲ့သည်။  


ထိတ်လန့်မှုကြီးက ဖုယွမ်ကျိုးကို ဖုံးလွှမ်းနေခဲ့သည်။ ထို့ကြောင့် သူ တုံ့ဆိုင်းခြင်းမရှိဘဲ ရှဲ့လင်၏ အင်္ကျီကို ဆွဲကိုင်ရင်း သူ့ကို မထားခဲ့ရန် တောင်းပန်ခဲ့ခြင်းပင်။  


"ယွမ်ကျိုး ငါ ဒီမှာ ရှိပါတယ်" 


ရှဲ့လင်က အမြဲတမ်း အေးတိအေးစက်နိုင်သော်လည်း ယခုတွင် အနည်းငယ်သော နူးညံ့မှုကို ပြသထားလေသည်။ နှစ်သိမ့်ရန်အတွက် သူက ဖုယွမ်ကျိုး၏ နာမည်ကို ခေါ်ပြီး သူ၏ ချွေးပြန်နေသော နှဖူးကို ပွတ်သုတ်ပေးလေသည်။


" မင်း သူ့ကို ဘယ်လိုလုပ် တွေ့တာလဲ... ဘာဖြစ်ခဲ့လို့လဲ..." 


ဖုယွမ်ကျိုး၏ နှာခေါင်းမှာ နာကျင်နေ၏။ သူ့တွင် ရှဲ့လင်ကို ပြောစရာ အများကြီး ရှိသော်လည်း လက်ရှိ ရှဲ့လင်ကို သူ မပြောနိုင်ပေ။ စကားလုံးများက သူ့လည်ချောင်းတွင် တစ်နေသည်။ သို့သော် နောက်ဆုံး ထွက်သွားသော စကားလုံးများမှာ တိုတုတ်သော စကားတစ်ခွန်းမျှသာ။ 


"မသွားပါနဲ့..." 


ရှဲ့လင်က အိပ်ယာပေါ် တက်လိုက်ပြီး အိပ်ယာခေါင်းရင်းကို ခေါင်းမှီလိုက်သည်။ ထို့နောက် ဖုယွမ်ကျိုးကို သူ့ပေါ်တွင် မှီခိုင်းထားလိုက်ပြီး သူ့ကျောကို ပွတ်ပေးလိုက်သည် ။ 


" ငါ မသွားပါဘူး ငါ မင်းကို အဖော်လုပ်ပေးမယ်" 


ယွိဖေးက တံခါးပေါက်ဝတွင် အဆင်မပြေသလို ခံစားနေရသည်။ ဖုယွမ်ကျိုး၏ ရှဲ့လင်အပေါ် မှီခိုမှုကို သူ အဆင်မပြေသလို ခံစားရပြီး သူ ပို၍ စိတ်ဓါတ်ကျသလို ခံစားရသည်။ 


ဖုယွမ်ကျိုးကို သူ ကောင်းကောင်းသိ၏။ ဖုယွမ်ကျိုးက အမြဲလိုလို ပျော်ပျော်နေတတ်ပြီး ယုံကြည်မှုရှိသူတစ်ယောက်ပင်။ 


ဘာဖြစ်ခဲ့တာလဲ... ဘာလို့ သူ့ရဲ့ အားနည်းတဲ့ ပုံစံကို ပြရတာလဲ...။ 


ဖုယွမ်ကျိုးက မျက်လုံးမှိတ်ထားပြီး ရှဲ့လင်၏ လက်မောင်းများကို မှီထားလေသည်။ ရင်းနှီးနေသော ရနံ့ကြောင့် သူ သိပ်မကြာခင် ပင်ပန်းစွာ အိပ်ပျော်သွားလေသည်။ သို့သော် သူ့မျက်လုံး ထောင့်စွန်းများက အနည်းငယ် နီရဲနေပြီး စိုစွတ်နေ၏။ သူ အိပ်ပျော်နေချိန်တွင်ပင် ရှဲ့လင်ကို တင်းကျပ်စွာ ဆုတ်ကိုင်ထားလေသည်။  


ယွိဖေး ထိန်းချုပ်ဆေး အသုံးပြုရန် ထွက်သွားလေသည်။ သူ ပြန်ရောက်သောအခါ အခန်းထဲသို့ တိတ်ဆိတ်စွာ လျှောက်ဝင်သွားလိုက်သည်။ ထို့နောက် အခန်းမီးကို ပိတ်လိုက်ပြီး စားပွဲတင်မီးအိမ်ကို ဖွင့်လိုက်သောကြောင့် အခန်းထဲတွင် မီးရောင်မှိန်မှိန်သာ ကျန်ရှိတော့သည်။  


သူ အိပ်ပျော်နေသော ဖုယွမ်ကျိုးကို ကြည့်လိုက်ပြီး သူ့မျက်လုံးများစွန်းမှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။ 


"အစ်ကို ဘာလို့ ကျိုးအာက အရမ်းဝမ်းနည်းနေတာလဲ အစ်ကိုကြီး သိလား..." 


သူ ပြန်ရောက်လာသောအချိန်က တိုတောင်းလွန်းပြီး ဖုယွမ်ကျိုး အကြောင်းကို လုံလုံလောက်လောက် မသိသော်လည်း သူ့ဝမ်းကွဲအစ်ကိုကတော့ သိလောက်သည်။ 


သို့သော် ရှဲ့လင် ခေါင်းခါပြလိုက်သည်။ ယွိဖေးက အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလေသည်။

" ဦးလေးနဲ့ အန်တီလည်း သိပုံမပေါ်ဘူး" 


သူ ထိန်းချုပ်ဆေး ပြန်ယူခဲ့စဥ်က လူကြီးနှစ်ယောက်ကို ယောင်ဝါးဝါး မေးခဲ့စဥ်က သူတို့သည်လည်း နောက်ကျမှ ပြန်ရောက်လာသောကြောင့် ဖုယွမ်ကျိုးကို မတွေ့ခဲ့ပေ။ သူ အစာစားရန် ဆင်းမလာခဲ့ခြင်းအား သူတို့က သူ ပင်ပန်းနေသောကြောင့် သို့မဟုတ် စာလုပ်နေသောကြောင့်ဟု ထင်ခဲ့သည်။ သူ တစ်ခုခုဖြစ်နေသည်ကိုပင် မသိကြပေ။ 


ထို့နောက် ယခုတလော ဖုယွမ်ကျိုး မတော်တဆမှု တစ်ခုခု ဖြစ်သေးလားဟု မေးချိန်တွင်လည်း မဖြစ်ခဲ့ဘူးဟု သူတို့ ပြောခဲ့သည်။