♎️Chapter 27
ရှဲ့လင် ဖုယွမ်ကျိုး၏ အိပ်ပျော်နေသော မျက်နှာလေးကို ကြည့်လိုက်သည် ။
" သူပဲ သိလိမ့်မယ်"
ဖုယွမ်ကျိုး အိမ်မက် မက်နေခဲ့သည်။ သူ့အတိတ်ဘဝမှ အကြောင်းအရာများကို သူ အိမ်မက်မက်နေခဲ့သည်။
သူ ပြန်လည်မွေးဖွားလာတည်းက ရံဖန်ရံခါသာ အိမ်မက် မက်ခဲ့သည်။ အများစုမှာ သူ့ကို ပျော်ရွှင်စေသော အသေးအဖွဲ့ မှတ်ဥာဏ်များသာ ဖြစ်သည်။ သို့သော် ယနေ့ညတွင် မတူတော့ပေ။ သူ မှတ်ဥာဏ်ထဲမှ အကြောက်ဆုံးအရာကို သူ အိမ်မက်မက်ခဲ့သည်။
သူ့အမေ၏ အုတ်ဂူ၊ သူ့အဖေ၏ ခန္ဓာကိုယ်ထဲမှ အရည်များကို ထုတ်ယူနေသော ပြွန်၊ ရှဲ့လင်၏ အေးစက်သော မျက်လုံးများ၊ ယွိဖေး၏ မျက်ရည်များ၊ ဝမ်းနည်းစွာ ထွက်ခွာသွားသော ယွမ်ယဲ့၏ နောက်ကျော၊ ဗီလာ။
ဗီလာက တောအုပ်ထဲတွင် အထီးကျန်စွာ တည်ရှိနေသည်။ ၎င်းက ပြင်ပကမ္ဘာကြီးနှင့် တသီးတခြားရှိနေသလို တိတ်ဆိတ်အေးချမ်းနေ၏။ လွန်ခဲ့သော နှစ်များအတွင်း ထိုဗီလာက ဖုယွမ်ကျိုး အနှစ်သက်ဆုံး နေရာဖြစ်သည်။ တောအုပ်ရော ဗီလာရောက သူတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုဖြစ်သည်။ တစ်ခါတစ်ရံ သူတို့က ထိုနေရာကို အားလပ်ရက် ခရီးထွက်လာတတ်သည်။ သူတို့နှစ်ယောက်တည်းသာ ဖြစ်ပြီး မည်သူမျှ သူတို့ကို မနှောက်ယှက်နိုင်ပေ။
သို့သော် ယခုတွင်တော့ ထိုဗီလာက ဖုယွမ်ကျိုးကို အကြောက်တရားများဖြင့် ပြည့်နှက်စေသည်။ သူ ပြန်လည် မမွေးဖွားလာခင်အထိ သူ ဗီလာအထဲတွင် ထိုယောင်္ကျားနှင့် ပိတ်မိနေခဲ့သည်။
ဗီလာ၏ အတွင်းပိုင်းက မူလပုံစံနှင့် မတူပေ။ နေရာတိုင်းတွင်း နူးညံ့သော အခင်းများကို ခင်းထားလေသည်။ နံရံများကိုလည်း အမွေးပွ နံရံကပ်များ ကပ်ထားလေသည်။ မည်သည့်နေရာတွင်မျှ ချွန်ထက်သော ပစ္စည်းများ မရှိပေ။
သူတို့က 24 နာရီလုံး အတူတူရှိနေခဲ့ပြီး သူတို့ကြားမှ အကွာအဝေးမှာ သုံး မီတာထက် မပိုပေ။ အိပ်ပျော်နေချိန်တွင်သာ ဖုယွမ်ကျိုး အနည်းငယ် အသက်ရှူချောင်သည်။ ထိုအချိန်တွင် သူ ထိုယောင်္ကျား၏ ကြောက်စရာ ကောင်းလောက်အောင် လှပသော မျက်လုံးများကို ရင်ဆိုင်စရာ မလိုတော့ပေ။ သူ အိပ်ပျော်နေချိန်တွင်ပင် ထိုယောင်္ကျား သူ့ကို ကြည့်နေသည်အား သူသိ၏။
အစပိုင်းတွင် သူ ထိုယောင်္ကျားကို ရူးလောက်အောင် မုန်းခဲ့သည်။ မုန်းလွန်းသောကြောင့် ထိုလူ၏ လည်ပင်းကိုပင် ညှစ်ခဲ့သည်။ လက်ချောင်းရာများ ထင်ပြီး သေမလိုပင် ဖြစ်ခဲ့သည်။ ထိုသို့ဆိုလျှင်တောင် ထိုလူက ရယ်နေပြီး သူ့ကိုယ်သူ ဂရုမစိုက်ပေ။ ထိုအစား သူက သူ၏ လက်များကို ပွတ်သပ်ပြီး "နာလား..." ဟု နူးညံ့စွာ မေးခဲ့သည်။
နောက်ပိုင်းတွင် သူ့ဒေါသများနှင့် အမုန်းများက အကြောက်တရားအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ ဘာကိုမျှ မတွေးနိုင်ပေ။ ထိုယောင်္ကျား သူ့ကို လွှတ်ပေးပါက မည်သို့ပင် ဖြစ်နေပါစေ သူ ကလဲ့စားမချေရဲပေ။ သူ ထိုယောင်္ကျားကို မစော်ကားရဲပေ။ သို့သော် သူ့ဆုတောင်းများမှာ အသုံးမဝင်ပေ။ ထိုယောင်္ကျား သူ့ကို လွှတ်ပေးမည် မဟုတ်ပေ။
"ရှောင်ချီး"
သူက ဖုယွမ်ကျိုး၏ နာမည်အရင်းကို သိနေသော်လည်း သူ့ကို ထိုကဲ့သို့ ခေါ်နေတုန်းပင်။ ၎င်းက သူတို့ကြားရှိ ထူးခြားသော နာမည်ပင် ဖြစ်သည်။
ထိုသူက ဖုယွမ်ကျိုး၏ ဘေးတွင် ထိုင်လိုက်ပြီး သူ၏ ပိန်ပါးဖျော့တော့နေသော မျက်နှာကို ပွတ်သပ်လိုက်သည်။
"မင်းကိုယ်မင်း နှိပ်စက်နေတာ တော်တော့"
"မင်း နှိပ်စက်နေတာလေ"
ထိုအချိန်တွင် ဖုယွမ်ကျိုး တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဖုယွမ်ကျိုး သူ့ခေါင်းသူ ကိုင်ထားရင်း ပြောလေသည် ။
" မင်း ငါ့ကိနှိပ်စက်နေတာ ကျေးဇူးပြုပြီး ငါ့ကို ထွက်သွားခွင့်ပေးပါ"
"ငါ မင်းကို သွားခွင့် မပေးနိုင်ဘူး"
ထိုယောင်္ကျား ပြောလေသည် ။
" ဒါပေမယ့် တစ်နေ့နေ့ကျရင်တော့ မင်း ငါ့ဆီက ထွက်သွားဖို့ နည်းလမ်းကို ရှာတွေ့နိုင်တယ်လေ"
"မင်း ငါ့ကို မုန်းရင် မင်း ထွက်မသွားခင် ငါ့ကို သတ်ခဲ့ ငါ့ကို သတ်လို့ မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး မင်း စိတ်ချလို့ရတယ်"
သူ ဖုယွမ်ကျိုးကို ဖက်လိုက်ပြီး ပြုံးလိုက်သည်။
" မင်း ငါ့ကို သတ်ဖို့ ဆန္ဒရှိတယ်ဆိုရင်ပဲ ငါ ဂုဏ်ယူရမှာပါ ရှောင်ချီး မင်း ထွက်သွားရင် ငါ့အတွက် သေတာနဲ့ မခြားတာကို မင်း သိရဲ့သားနဲ့ မင်း သတ်လို့ သေရမယ်ဆိုရင်လည်း ပျော်ပျော်ကြီး သေပေးမှာပါ..."
****
ဖုယွမ်ကျိုး ရုတ်တရက် အိမ်မက်မှ လန့်နိုးလာလေသည်။
သူ မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ ဝေဝါးနေသော မျက်လုံးများကြောင့် မီးရောင်မှိန်မှိန်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် လှုပ်ရှားလိုက်သောအခါ သူ့ကျောကို ကိုင်ထားသော လက်ကို ခံစားလိုက်သည်။ ထိုလက်ဖဝါးက ပူနွေးနေသောကြောင့် သူ့ကို နွေးထွေးစေသည်။
ဝိုင်ရနံ့ဖျော့ဖျော့ကြောင့် သူ့ကို ဘယ်သူ ဖက်ထားမှန်း သိသွားလေသည်။ သူ့မျက်လုံးများ ကြည်လင်လာသောအခါ ရှဲ့လင်၏ ခန့်ညားသော မျက်နှာကို တွေ့လိုက်ရသည်။
အိမ်မက်ကြောင့် ကယောက်ကယက်ဖြစ်နေရာမှ ချက်ချင်း စိတ်သက်သာရာရသွားတော့သည်။ ရှဲ့လင် ရှိနေသ၍ သူ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ယခုက သူ့ယခင်ဘဝက အချိန်သို့ပင် ရောက်နေပြီဖြစ်သော်လည်း ဘာမျှ မဖြစ်သေးပေ။ ယခုအကြိမ်တွင်တော့ သူ ထိုလူထံမှ လှည့်စားခံမည် မဟုတ်တော့ပေ။ ထိုသူနောက်ကို ထပ်မလိုက်တော့ဘဲ ထိုအရာများကိုလည်း ထပ်မဖြစ်စေတော့ပေ။
သူ့ကိုယ်သူ ကျိန်းသေ ပြောင်းလဲမည်ဖြစ်သည်။
သူ နိုးလာသည်ကို ခံစားမိသောအခါ ရှဲ့လင်၏ မှိတ်ထားသော မျက်လုံးများက ပွင့်လာသည်။ ဖုယွမ်ကျိုး အနည်းငယ် ရှက်သွားသည်။ သူ ထင်ထားသည်မှာ ရှဲ့လင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ဟုပင်။ ထို့ပြင် သူ ရှဲ့လင် အိပ်ပျော်နေသည်ကို မနှောင့်ယှက်ချင်ပေ။ ထို့ကြောင့် သူ တီးတိုး ပြောလိုက်သည်။
" ငါ မင်းကို နိုးအောင် လုပ်မိသွားတာလား...မင်း အိပ်ပျော်နေတာမလား..."
ရှဲ့လင် ခေါင်းခါပြလိုက်သည် ။
" ငါ မအိပ်ပါဘူး"
ဖုယွမ်ကျိုး အချိန်ကို ကြည့်လိုက်သောအခါ မနက်သုံးနာရီပင် ရှိနေချေပြီ။ သူ တခဏမျှ အံ့အားသင့်သွားလေသည်။ ထို့နောက် သူ အိပ်မပျော်ခင် ရှဲ့လင်ကို မထားခဲ့ရန် တောင်းပန်ခဲ့သည်ကို သတိရလိုက်သည်။ ရှဲ့လင် မထားခဲ့ဘဲ သူနှင့် ညနက်သည့်အချိန်အထိ အတူရှိနေပေးခဲ့သည်။
သူ ဖိထားလို့ ရှဲ့လင် အိပ်မပျော်တာ ဖြစ်မယ်။
ဖုယွမ်ကျိုး ထလိုက်သည်။ ရှဲ့လင်၏ လှုပ်ရှားမှုများက ချောချောမွေ့မွေ့ ဖြစ်မနေသည်ကို တွေ့လိုက်ရသည်။ သူ့ကို ဖက်ထားခဲ့သော ရှဲ့လင်၏ ညာလက်က ထုံကျင်နေပုံရသည်။ ထို့ကြောင့် သူ ရှဲ့လင်အနားကပ်လိုက်ပြီး သူ့ပုခုံးကို ကိုင်ကာ ပြောလိုက်သည်။
" ငါ တောင်းပန်ပါတယ်..."
ရှဲ့လင် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဖုယွမ်ကျိုး၏ မျက်လုံးနားမှ မျက်ရည်စကို ပွတ်သုတ်လိုက်သည်။
"မင်း ဝမ်းနည်းနေတုန်းပဲလား..."
"ငါ အဆင်ပြေပါတယ်"
ဖုယွမ်ကျိုး ပိုလို့ပင် ရှက်သွားလေသည်။
" ငါနဲ့အတူရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရမ်း နောက်ကျနေပြီ မင်း သော့ပါမလာဘူးမလား... ငါ့အိမ်မှာပဲ အိပ်သွားလိုက်လေ ငါ မင်းကို ဧည့်သည်ခန်းခေါ်သွားပေးမယ် ညဝတ်အင်္ကျီလည်း ပေးမယ်"
"မအိပ်တော့ဘူး"
ရှဲ့လင် အိပ်ယာပေါ်မှ ထလိုက်သည်။
"ရှောင်ဖေး ငါ့ကို သော့ပေးခဲ့တယ် ငါ ပြန်ပဲအိပ်တော့မယ်"
"အိုကေ ဒါဆိုလည်း ပြန်တော့လေ ငါ မင်းကို လိုက်ပို့ပေးမယ်"
ဖုယွမ်ကျိုး ထလိုက်ပြီး ရှဲ့လင်ကို အောက်လိုက်ပို့ရန် ပြင်လိုက်သည်။
ရှဲ့လင် ခေါင်းခါလိုက်သည်။
" အိပ်တော့"
ပြောပြီးနောက် သူ ခဏ ရပ်တန့်ပြီးဆက်ပြောလိုက်သည်။
" တကယ်လို့ မင်း ပြသနာ တစ်ခုခုဖြစ်နေရင် ငါ့ကိုပြော ငါ မင်းအတွက် ဖြေရှင်းပေးမယ်"
"..."
ဖုယွမ်ကျိုး ပါးစပ်ဖွင့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဘာမျှမပြောတော့ဘဲ ခေါင်းငြိမ့်၍ ပြုံးပြလိုက်သည် ။
" ကောင်းပြီ"
ရှဲ့လင် ရုတ်တရက် ပြောလိုက်သည်။
"အခုက မနက်အစောကြီးလေ"
"အင်း အဲ့တော့..."
"မနက်အစောကြီးလေ"
ရှဲ့လင် ဖုယွမ်ကျိုး၏ ခါးကို သူ့ဘက်သို့ ဆွဲလိုက်ပြီး နဖူးပေါ်သို့ နူးညံ့စွာ နမ်းလိုက်သည် ။
" မင်း ငါ့ကို မနက်ခင်းအနမ်း ပေးမယ်လို့ ကတိပေးခဲ့တယ်လေ"
"မင်း..."
မနက်အစောကြီး ဖြစ်ကြောင်းကို သတိရလိုက်သောအခါ ဖုယွမ်ကျိုး မအော်တော့ဘဲ ရှဲ့လင်၏ ပခုံးကိုသာ ပုတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
" ဒါက ဘယ်လို မနက်ခင်းမျိုးလဲ...အရင်က မင်းပဲ အဲဒါကို ဖျက်သိမ်းလိုက်ဖို့ ပြောပြီးတော့ ဘာလို့ အခုကျမှ ထပ်ပြီးတော့လဲ..."
ရှဲ့လင်က နူးနူးညံ့ညံ့ ပြောလိုက်သည်။
"ကောင်းသောညပါ"
ဖုယွမ်ကျိုး : "..."
သို့သော် ရှဲ့လင်က သူနှင့်အတူ အကြာကြီး ရှိနေပေးခဲ့သောကြောင့် သူ ဘာကိုမျှ မပြောနိုင်တော့ပေ။ မျက်လုံးလှိမ့်လိုက်ပြီးနောက် အခန်းထဲသို့ လျှောက်ဝင်သွားလေသည်။ ပြန်ရောက်လာသောအခါ သူ အိပ်မပျော်တော့ပေ။ သူ့ဖုန်းကို ထုတ်လိုက်ပြီး ထိုယောင်္ကျားနှင့် စကားပြောခဲ့ဖူးသော မှတ်တမ်းများကို ထိပ်ထိပ်ပျာပျာ ကြည့်နေလေသည်။
သူ ပထမနှစ်အရွယ်တုန်းက ထိုလူကို အင်စတာဂရမ်ပေါ်တွင် တွေ့ဆုံခဲ့သည်။ ထိုအချိန်က ထိုလူ ရိုက်ထားသော ရှူခင်းပုံကို တွေ့ခဲ့ပြီး အလွန်လှသည်ဟု ထင်သောကြောင့် ထိုလူကို မက်ဆေ့်ချ် ပို့ခဲ့သည်။ ထိုလူကလည်း စာပြန်ခဲ့သည်။ ထိုအချိန်က သာမန် စကားစမြည်သာ ပြောဖြစ်ခဲ့ကြသည်။ သို့သော် သူတို့နှစ်ယောက်လုံး နီးစပ်သည်ဟု ခံစားခဲ့ရသောကြောင့် သိပ်မကြာခင်တွင် သူတို့ ရင်းနှီးလာကြသည်။ တစ်ယောက်ကိုယ်တစ်ယောက် တွေ့ချင်လာကြသည်။
ထိုအချိန်တွင် ဖုယွမ်ကျိုးက သူနှင့် ကောင်းကောင်း သင့်တော်သည့်လူ ရှိသည်ဟု ခံစားခဲ့ရသည်။ သူတို့၏ အကြိုက်များက တစ်ထပ်တည်း ထပ်တူကျလုနီးပါးပင်။ ထို့ပြင် သူတို့၏ တွေးခေါ်မှုများကလည်း အမြဲထပ်တူကျနေသည်။ သူ ထိုလူနှင့် စကားပြောနေရသ၍ သူ ပျင်းသည်ဟု မခံစားခဲ့ရပေ။
သူ ထိုလူနှင့် အွန်လိုင်းပေါ်တွင် စကားပြောရသည်ကို သဘောကျခဲ့သည်။ အကယ်၍သာ တစ်ဖက်လူက အမျိုးသမီး တစ်ဦး ဖြစ်ပါက သူ ချစ်မိသွားမည်မှာ ကြာလောက်ပြီပင်။ သူနှင့် ရဲဘော်ရဲဘက် ပေါင်းသင်းလာခဲ့သော သူငယ်ချင်းများပင် သူတို့ကြားက ဆက်ဆံရေးကို မဖော်ပြနိုင်လောက်ဟု သူ ခံစားခဲ့ရသည်။ သူတို့ဆက်ဆံရေးက ဝိညာဥ်များအထိပင် နက်ရှိုင်းလှသည်။
သူ နေ့တိုင်း ထိုလူနှင့် လိုင်းပေါ်တွင် စကားပြောဖြစ်ခဲ့သည်။ တစ်နေ့တွင် 24 နာရီလုံး နိုးနေစေရန်ပင် ဆုတောင်းခဲ့သည်။ တစ်ခါတစ်ရံ အိပ်ယာမှ နိုးလာလာချင်း သူ ပထမဆုံး လုပ်သည့်အရာမှာ အင်စတာဂရမ်ကို ဖွင့်ပြီး ထိုလူ သူ့ကို စာပြန်ထားသည်အား ကြည့်ခြင်းပင်။
ထိုသို့နှင့် သူတို့တွင် မြောက်မြားစွာသော စကားပြောမှတ်တမ်းများရှိလာလေသည်။ ထို့ကြောင့် သူတို့ ဆော့ဖ်ဝဲ တစ်ခုထက်ပို၍ အသုံးပြုခဲ့ကြသည်။ မနက်မိုးလင်းသည်အထိ ဖုယွမ်ကျိုး ထိုစကားပြောမှတ်တမ်းများကို ရွေ့ကာ ကြည့်နေလေသည်။ သူ့မျက်လုံးများက နီရဲနေပြီး လက်များ ထုံံကျင်လာသည်အထိ ရွေ့ကာကြည့်နေလေသည်။ သို့သော်လည်း သူ ကြည့်နေသည်မှာ သုံးပုံ တစ်ပုံမျှသာ ရှိသေးသည်။
ထို့နောက် သူ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။ အကြောင်းမှာ သူ ထိုလူကို သူ၏ မျက်နှာပါသော အရှေ့ပုံ မပို့ရသေးသည်မှာ သေချာသွားသောကြောင့်ပင်။ ထို့ပြင် သူတို့၏ နာမည်အရင်းများကိုလည်း ပြောမပြရသေးပေ။ သူတို့ကြားတွင် ပြောစရာ မလိုသော နားလည်နိုင်စွမ်းရှိပြီး တချို့ကို လျှို့ဝှက်ထားချင်ခဲ့သည်။
အထက်တန်း ဒုတိယနှစ်၏ ဒုတိယနှစ်ဝက်တွင် သူ ထိုလူကို ရှာရန် နိုင်ငံခြားသို့ သွားခဲ့သည်။ ထို့နောက် သူတို့၏ ပုံစံများနှင့် နာမည်များကို အပြန်အလှန် သိခွင့်ရခဲ့သည်။ သို့သော် ယခု သူ၏ မျက်နှာနှင့် နာမည်မှအပ ဖုယွမ်ကျိုး၏ တစ်နေ့တာ အကြောင်းအရာများက ပေါက်ကြားသွားလေသည်။ သူ၏ ကျောင်းရော နာမည်ရောပါ ပေါက်ကြားသွားသောကြောင့် ထိုလူ သူ့ကို ဤနေရာတွင် လာရှာခြင်း ဖြစ်သည်။
သူ့ကို ရုတ်တရက် အမည်မည်းသွင်းခံရသောကြောင့် ထိုလူ အံ့ဩနေမည်ကို သူသိ၏။ အကြောင်းမှာ သူတို့က လွန်ခဲ့သော နှစ်နာရီလောက်တွင် ပျော်ရွှင်စွာ စကားပြောခဲ့ကြသောကြောင့်ပင်။ အကယ်၍ သူသာဆိုလျှင်လည်း လိုလားမည် မဟုတ်ပေ။
ထိုလူ သူ့ကို တချို့နည်းလမ်းများ သုံးကာ ရှာဖွေမည်ဟု ဖုယွမ်ကျိုး တွေးခဲ့သည်။ သို့သော် လူကိုယ်တိုင် ဤနေရာသို့ ရောက်လာပြီး ကျောင်းသို့ပင် လာရှာလိမ့်မည်ဟု မထင်ပေ။
ဒီအချိန်မှာ အဲ့လူရဲ့ သူ့အပေါ် စွဲလမ်းမှုက ဒီလောက်တောင် နက်ရှိုင်းနေပြီလား...။
ဖုယွမ်ကျိုး ဖုန်းကို ကိုင်ထားရင်း သူ့မျက်လုံးများက အလွန် ရှုပ်ထွေးနေသယောင်။ သူ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထိုလူ၏ နာမည်အရင်းကို ထုတ်ခေါ်လိုက်လေသည်။
"ရှန်းရှီကော..."
အဲ့လူ ဘယ်တော့မှ သူ့ကို ရှာမတွေ့စေရဘူး...။
သူအိပ်ယာပေါ်တွင် ပျင်းကျောဆန့်လိုက်ပြီး ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ သူ ကျောင်းသို့ မသွားချင်ပေ။ မနေ့က ပေးသော အိမ်စာများကို ရေးရန်လည်း အချိန်မရှိခဲ့ပေ။
သို့သော်လည်း အားကစား တွေ့ဆုံပွဲအတွက် လေ့ကျင့်ရေး ရှိသေးသည်ကို သတိရသောအခါ ဖုယွမ်ကျိုး ကျောင်းသို့ သွားလိုက်၏။ သူ ပြေးရမည့် အလှည့်လည်း ရှိသေး၏။ လူတိုင်းက ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြချိန်တွင် မနေ့က သူ ကျောင်းမှ စောစော ပြန်လာခဲ့သည်။
မနက်ပိုင်း ကိုယ်ပိုင် စာကြည့်ချိန် မစတင်ခင် သူ ကျောင်းသို့ ရောက်လာသည်။ ယနေ့ ယွမ်ယဲ့ နောက်မကျသည်ကို တွေ့သောအခါ သူ အံ့ဩသွားလေသည်။ ယွမ်ယဲ့ မနောက်ကျသည်မှာ ကျောင်းတက်ကတည်းက ယခုအချိန်အထိ ဤတစ်ကြိမ်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ယွမ်ယဲ့ သူ့ခုံဆီသို့ လျှောက်လာပြီး သူ့ကို မေးသောအခါ သူ အံ့အားသင့်သွားရ၏။
" မင်း အဆင်ပြေရဲ့လား..."
"ငါ အဆင်ပြေပါတယ်"
ဖုယွမ်ကျိုး ပြောလိုက်သည်။
" မင်း ဘာဖြစ်လို့လဲ...ဘာလို့ အစောကြီး ရောက်နေတာလဲ..."
"မင်းအတွက်လေ"
ယွမ်ယဲ့ ပြုံးလိုက်သည် ။
" ငါ မင်းကို မက်ဆေ့်ချ် ပို့ထားတယ် မင်း ငါ့ကို စာမပြန်လို့လေ အဲ့တော့ ငါ ကျောင်းကို စောစောလာပြီး မင်းကို လာတွေ့တာလေ တကယ်လို့ မင်း ကျောင်းမတက်ရင်လည်း ငါ မင်းအတွက် မှတ်စု ကူးထားပေးမယ်ဆိုပြီးတော့ လာတာ မင်း စာကြိုးစားမယ်လို့ ပြောတယ်လေ နောကြပြီး မှတ်စုမရှိတဲ့ ကျောင်းသားကောင်းလေးတွေက ငိုနေရမှာဆို"
"ကျေးဇူးပဲ..."
ဖုယွမ်ကျိုး၏ နားရွက်များက ပူနွေးနေ၏။ သူ စိတ်လှုပ်ရှားမှုနှင့် ရှက်ရွံ့မှု နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။
သူ့တွင် ယွမ်ယဲ့၏ မက်ဆေ့်ချ်ကို စာပြန်ရန် အချိန် မရှိခဲ့ပေ။ ယွမ်ယဲ့ တစ်ယောက်တည်းကို မဟုတ်ဘဲ အားလုံးကို စာပြန်ရန် အချိန် မရှိခဲ့ခြင်းပင်။ မနေ့က သူ လေ့ကျင့်ရေးမှ စောစောထွက်သွားချိန် လူအများကြီးက တစ်ယောက်ပြီး တစ်ယောက် သူ့ကို မက်ဆေ့်ချ် ပို့ကြသည်။ သူ့ကို နေကောင်းရဲ့လား ဟု မေးကြခြင်းဖြစ်သည်။ သူတို့၏ ဂရုစိုက်မှုအတွက် သူ ကျေးဇူးတင်သော်လည်း ကျောင်းတွင် တွေ့မှ
အကြောင်းပြန်လိုက်မည်ဟု သူ တွေးထားခဲ့ခြင်းပင်။
"မင်း အဆင်ပြေလို့ တော်သေးတာပေါ့"
ယွမ်ယဲ့ သူ့ခေါင်းကို ပုတ်လိုက်သည်။
" နေ့လည်ကျရင် နေ့လည်စာ တူတူသွားစားရအောင် ငါ ကျွေးမယ် ငါ အရင် တစ်ခေါက်ပြီးတည်းက မင်းကို မဖိတ်ရဘူး တကယ် ဆောရီးပါ"
အမှတ်တစ် အလယ်တန်း ကျောင်းက နေ့လည်စာ စားချိန် အကြာကြီး ပေးထားသည်။ တစ်နာရီခွဲက သူတို့ ထွက်စားရန် လုံလောက်သော အချိန်ပမာဏပင်။ ဖုယွမ်ကျိုး စဥ်းစားလိုက်ပြီး မြန်မြန် သဘောတူလိုက်သည်။ ယခင်တစ်ခေါက်က ယွမ်ယဲ့ သူ့ကို ထျန်းချမ် အလယ်တန်းကျောင်းသို့ သွားစားရန် ဖိတ်ခဲ့သည်။ သို့သော် သူတို့ မစားရသေးခင် တစ်စုံတစ်ယောက်က ပြသနာ လာရှာသောကြောင့် သူ အလျင်အမြန် ပြန်ခဲ့ရသည်။
နေ့လည်စာ ကျောင်းဆင်းချိန်တွင် သူတို့နှစ်ယောက် ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ကို ရှာရန် ကျောင်းမှ ထွက်လာခဲ့ကြသည်။ ၎င်းက ဖုယွမ်ကျိုး ရွေးချယ်ခဲ့သော ဂျပန်စားသောက်ဆိုင်ဖြစ်သည်။ သူ ထိုစားသောက်ဆိုင်ကို ကြိုက်တုန်းပင်။
သူတို့နှစ်ယောင် ထိုင်ခုံတွင် ထိုင်ကြပြီးနောက် ဖုယွမ်ကျိုးက ဟင်းပွဲများကို မှာ၏။ ယွမ်ယဲ့ သူ့ကို အတန်ကြာ ကြည့်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။
"လျှို့ဝှက်ချက်တွေ အချင်းချင်း ပြောပြချင်လား.."
"မင်း ဘာကို ပြောနေတာလဲ..." သူ ဘာကို ဆိုလိုသည်ကို ဖုယွမ်ကျိုး နားမလည်ပေ။
"မင်း မှတ်မိလား... ငါ မင်းကို အရင်တစ်ခေါက် ဖိတ်ကျွေးတုန်းက လူတစ်ချို့နဲ့ ဆုံခဲ့တယ်လေ ရန်တောင် ဖြစ်တော့မလို့လေ အဲ့အချိန်တုန်းက ငါ သူတို့နဲ့ ဘယ်လို အငြိုးအတေးရှိလဲလို့ မင်း မေးခဲ့သေးတယ်လေ ငါ မင်းကို မပြောခဲ့ဘူး အခုတော့ ပြောပြချင်တယ်"
ယွမ်ယဲ့ ပြုံးလိုက်သည်။ ထို့နောက် သူ့အသံကို တိုးကာ မျက်တောင်ချလိုက်သောကြောင့် သူ၏ ရေခဲတမျှ အေးစက်နေသော မျက်လုံးများကို ဖုံးကွယ်သွားလေသည်။
" အဲ့လူ မင်းကို ဘာလုပ်ခဲ့လို့ မင်း သူ့ကို အရမ်း ကြောက်နေခဲ့ရတာလဲ...ငါ သိချင်တယ် မင်း အသေးစိတ် မပြောပြချင်ရင် ငါ မေးတာ တစ်ခွန်းပဲဖြေ အဲလူ မင်းကို နာကျင်အောင် လုပ်ခဲ့လား..."
ဖုယွမ်ကျိုး ကြက်သေသေသွားပြီး ယွမ်ယဲ့ကို မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။
ရုတ်တရက်ပင် ယွမ်ယဲ့ သူ၏ အေးစက်မှုများကို ထိန်းချုပ်ထားလိုက်ကာ ဖုယွမ်ကျိုးကို ပြုံးပြလိုက်ပြန်သည်။
" ငါတို့ တစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကို တစ်ယောက် ပြောပြကြမယ်လေ အဲ့လိုဆို ငါလည်း နေသာထိုင်သာ ရှိသွားမှာ ငါ..."
မင်း ငိုနေတာကို မကြည့်ချင်ဘူး...
ယွမ်ယဲ့ စကားမဆုံးခင် သူ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ မီနူးကို ကောက်ယူလိုက်ပြီး ဖုယွမ်ကျိုး၏ မျက်နှာကို ဘေးဘက်မှ ကာလိုက်သည်။
" ရှူး မလှုပ်နဲ့"
ယွမ်ယဲ့ အသံတိုးလိုက်ပြီး ဖုယွမ်ကျိုးကို သတိပေးလိုက်သည်။ တံခါးတွန်းဖွင့်ဝင်လာသော လူငယ်ကို အေးစက် စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
"မနေ့ကလူ ဝင်လာတယ်"