Chapter 28
Viewers 2k

♎️Chapter 28




ရှန်းရှီကော ဆိုင်ထဲသို့ ဝင်လာသည်ဟု ယွမ်ယဲ့ ပြောသည်ကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ဖုယွမ်ကျိုး၏ နှလုံးသား ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး မျက်နှာကို အောက်သို့ ငုံ့ချလိုက်သည်။ 


မီနူးစာအုပ်ကို တချိန်လုံး ကိုင်ထားခြင်းကြောင့်လည်း အာရုံစိုက်ခံရနိုင်သောကြောင့် ယွမ်ယွဲ့က လက်ကိုအောက်ချလိုက်ပြီး မျက်လုံးများဖြင့် အသံတိတ် မေးလိုက်သည်။ ဖုယွမ်ကျိုး ကိစ္စမရှိကြောင်း ဖြည်းညှင်းစွာ ခေါင်းခါပြလိုက်ကာ သူ့လက်ကို မြှောက်လိုက်ပြီး မျက်နှာဘေးတွင် ကာထားလိုက်သည်။  


လက်ရှိ ရှန်းရှီကောမှာ သူ့မျက်နှာကို မမြင်ဖူးသေးပေ။ ထို့ကြောင့် သူ့ကို မှတ်မိမည် မဟုတ်ပေ။ သို့သော် ၎င်းက သူ့ပင်ကိုယ် ကြောက်စိတ်ပင်။ ရှန်းရှီကော ထံမှ မည်သည့် အာရုံစိုက်မှုကိုမျှ မခံလိုချေ။ ထိုမျက်ဝန်းပြာများနှင့် ပိုလို့ပင် မဆုံချင်ပေ။  


"မင်း အဆင်ပြေရဲ့လား..." 

ယွမ်ယဲ့ သူတို့နှစ်ယောက်သာ ကြားရလောက်မည့် လေသံဖြင့် မေးလိုက်သည်။


" ငါ သူ့ကို ထွက်သွားအောင် လုပ်လိုက်မယ်" 


"မလုပ်နဲ့"

ဖုယွမ်ကျိုး၏ နှလုံးခုန်နှုန်းက မြန်ဆန်နေပြီး စားပွဲပေါ်တွင် တင်ထားသော လက်များက အနည်းငယ် တင်းကျပ်နေသည်။ သို့သော် သူ တည်ငြိမ်နေသည့်ပုံစံကို အကောင်းဆုံး ထိန်းသိမ်းနေသည်။


" ငါ ဘယ်လိုပုံစံလဲဆိုတာ သူ မသိဘူး အဲ့တော့ အဆင်ပြေပါတယ်" 


ယွမ်ယဲ့က အနည်းငယ် အံ့အားသင့်သွားပြီး ရှန်းရှီကောကို ကြည့်လိုက်သည်။ ဒီလူက ဖုယွမ်ကျိုးကို လုံးဝ မမြင်ဖူးသေးဘူး ဒါပေမယ့် ဖုယွမ်ကျိုး သူ့ကို အရမ်းကြောက်နေတာ သူတို့ကြားမှာ ဘာဖြစ်ခဲ့တာလဲ...။ 


ယခုအချိန်တွင် စကားပြောရန် အဆင်မပြေပေ။ ထို့ကြောင့် ယွမ်ယဲ့ ဘာကိုမျှ မမေးမြန်းခဲ့ပေ။ တမင်တကာပင် သူ တည်ငြိမ်နေသည့်ပုံကို ပြသခဲ့ပြီး ဖုယွမ်ကျိုးနှင့်အတူ တခြားအကြောင်းအရာများကို ပြောနေလေသည်။ အကယ်၍ သူတို့ တိတ်ဆိတ်လွန်းပါက ထူးဆန်းနေမည်ဖြစ်သည်။  


စားပွဲထိုးက ရှန်းရှီကောကို ဆိုင်ထဲသို့ လမ်းညွှန်ပေးလေသည်။ သူ၏ အရပ်ရှည်ရှည် ကပြားပုံစံမှာ အလွန် ချောမောပြီး အာရုံဖမ်းစားနိုင်သည်။  


အပြုံးဖျော့ဖျော့ဖြင့် သူ ဖုယွမ်ကျိုးနှင့် ယွမ်ယဲ့တို့၏ စားပွဲကို ဖြတ်သွားချိန်တွင် သူ့မျက်လုံးများက သူတို့ကို လျှပ်တပြက် ကြည့်သွားလေသည်။ ထိုအခိုက်အတန့်တွင် ဖုယွမ်ကျိုး၏ ကျောပြင်က တောင့်တင်းသွားသည်။ သို့သော် ကံကောင်းစွာဖြင့် ရှန်းရှီကောက သူ့ရှေ့တွင် မရပ်ဘဲ ဆက်သွားလေသည်။  


၎င်းက ဖုယွမ်ကျိုး စိတ်ကူးယဥ်ဖူးသမျှထဲတွင် ကြောက်စရာ အကောင်းဆုံး မြင်ကွင်းပင်။ အခုလေးတင် မဖြစ်ခဲ့သော်လည်း စားပွဲထိုးက ရှန်းရှီးကောကို သူ့ဘေးတွင် ထိုင်ရန် ခေါ်လာလေသည်။ သူတို့ကို ဆိုဖာ၏ နောက်ကျောကခြားထားပြီး ကျောချင်းကပ်ရက် ထိုင်နေကြခြင်းပင်။  


သူတို့က နီးကပ်လွန်းသောကြောင့် ဖုယွမ်ကျိုး ရှန်းရှီကော၏ အသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထိုသူ၏ အသံမှာ ကြည်လင်ပြတ်သား နူးညံ့ပြီး အပြုံးဖျော့ဖျော့ဖြင့် အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှသော်လည်း ဖုယွမ်ကျိုးကိုတော့ ကြောက်ရွံ့စေသည်။  

ရှန်းရှီကောက ဟင်းများကို မှာနေလေသည်။ သူ မှာလိုက်သည်ကို ကြားသောအခါ ယွမ်ယဲ့ မတတ်နိုင်ဘဲ သူ့ကို ကြည့်လိုက်မိသည်။ အကြောင်းမှာ သူ လိုချင်သည့်ဟင်းမှာ ဖုယွမ်ကျိုး မှာလိုက်သောဟင်းဖြစ်သည်။ သူ မှာလိုက်သော အချိုရည်ကပင် အတူတူဖြစ်နေသည်။  


သူတို့နှစ်ယောက်က အကြိုက်တူတာပဲလား...ဒါမှမဟုတ် ဒီလူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် ရှိတာလား... 


ယွမ်ယဲ့၏ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေသော်လည်း သူ အလျင်အမြန် ထုတ်လိုက်သည်။


 သူ့ဖုန်းထဲမှ မှတ်စုတွင် စာရိုက်လိုက်ပြီးနောက် ဖုယွမ်ကျိုး ဖတ်ရန် ပေးလိုက်သည်။ 


ထိုစာထဲတွင် မေးထားသည်မှာ

" သူ ဒီကို ကြည့်မနေတုန်း ထွက်သွားကြမလား..." 


သူတို့၏ အစားအသောက်များအတွက် ကြိုတင် ငွေရှင်းပြီးသားဖြစ်သည်။ သူတို့ ထွက်သွားလျှင်ပင် ကိစ္စမရှိပေ။ အလွန်ဆုံးမှ ပိုက်ဆံဆုံးရန်သာ ရှိသည်။ သူ ခေါင်းငြိမ့်ကာ သဘောတူတော့မည့် အချိန်တွင် စားပွဲထိုးက သူတို့ မှာထားသည်များကို လာချပေးလေသည်။ အကယ်၍ သူတို့ အခုချိန် ထထွက်သွားပါ သူတို့ကို စားပွဲထိုးက ကျိန်းသေ မေးမည် ဖြစ်သည်။ ထိုအခါ ရှန်းရှီကောကလည်း သူတို့ဘက်ကို လှည့်ကြည့်နိုင်သည်။  


ကြံရာမရစွာဖြင့် ဖုယွမ်ကျိုးနှင့် ယွမ်ယဲ့ ထိုင်ပြီး စားနေရန်သာ တတ်နိုင်ခဲ့သည်။ အရသာပင် မခံနိုင်ချေ။ ယွမ်ယဲ့က အသံတိုးတိုးဖြင့် သူ့ကို ပြောလေသည်။ 


"မင်း အရင်သွားနှင့်" 


ထိုအချိန်တွင် စားပွဲထိုးက ရှန်းရှီကောကို မှာထားသည်များ ချပေးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဖုယွမ်ကျိုး ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်သွားရန် ထလိုက်သည်။ သို့သော် သူ ဆိုင်၏ တံခါးပေါက်သို့ ရောက်ချိန်တွင် သူ့ဖုန်းက အကြိမ်ပေါင်းများစွာ တုန်ခါလာသည်။ ဆိုင်က တိတ်ဆိတ်နေသောကြောင့် တခြားသူများက ထိုအသံကို ရှင်းလင်းစွာ ကြားနိုင်သည်။  


ဖုယွမ်ကျိုး ဖုန်းကို အလျင်အမြန် ထုတ်လိုက်ပြီး ကြည့်လိုက်သောအခါ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။  


ရှန်းရှီကောထံမှ မင်ဆေ့ချ်ဖြစ်သည်။ နေပုံ တစ်ချို့နှင့် ရှန်းရှီကော မှာထားသော အစားအစာများ၏ ဓါတ်ပုံများဖြစ်သည်။ စာတစ်ကြောင်းလည်း ပါသေး၏။


"ငါ မင်း ကြိုက်တဲ့ စားသောက်ဆိုင်ထဲမှာ မင်း ဒါ စားရတာကိုလည်း ကြိုက်တယ်မလား...ငါလည်း ကြိုက်သလိုပဲ" 


ရှန်းရှီကော ထိုအသံကို ကြားမကြား ဖုယွမ်ကျိုး မသိသော်လည်း သူ ပြန်လှည့်မကြည့်ရဲပေ။ ထို့ကြောင့် ဖုန်းကို ကိုင်ထားပြီး ထွက်ပြေးသွားလေသည်။ 


စကားပြော မှတ်တမ်းများကို ပြန်ကြည့်ရန်အတွက် သူ ရှန်းရှီကောကို blacklist ထဲမှ ထုတ်ခဲ့မိသည်။ သို့သော် သူ ရှန်းရှီကောကို ပြန် blacklist လုပ်ရန် မေ့နေခဲ့သည်။ ယခုတွင် ရှန်းရှီကော သူ့ကို အောင်မြင်စွာ မက်ဆေ့်ချ် ပို့လိုက်နိုင်ပြီဖြစ်သည်။  


ရှန်းရှီကော မက်ဆေ့ချ်ကို ပို့လိုက်ချိန်တွင် သူ မက်ဆေ့ချ်ဝင်၍ တုန်ခါသံကို ချက်ချင်း ကြားလိုက်ရသည်။ သူ ရပ်တန့်သွားပြီး ဆိုင်တံခါးဝကို လှည့်ကြည့်လိုက်သည်။ ဖုယွမ်ကျိုး၏ ထွက်သွားသော ကျောပြင်ကို တွေ့သောအခါ ထိုသူက ရှောင်ချီးဖြစ်ကြောင်းကို သူ ချက်ချင်း မှတ်မိလိုက်သည်။ သူ တုံ့ဆိုင်းမနေဘဲ ချက်ချင်းထကာ သူ့နောက်ကို လိုက်လေတော့သည်။  


"မင်း တစ်ခုခု ပျောက်သွားသေးလား..." 

ယွမ်ယဲ့ ရှန်းရှီကောကို သာမန်အပြုံးဖြင့် တားလိုက်သည်။ သူ ရှန်းရှီကော၏ စားပွဲပေါ်ကို လက်ညှိုးထိုးပြလိုက်သည် ။


" အဲ့ဒါ မင်းဟာလား..." 


"မဟုတ်ဘူး ကျေးဇူးပဲ" 


ရှန်းရှီကော ပြောလိုက်သည်။ သို့သော် ဘာပစ္စည်းအား ပြောသည်ကို အတည်ပြုရန် လှည့်ပင် ကြည့်မသွားချေ။ အကြောင်းမှာ မည်သည့်ပစ္စည်းပင် ဖြစ်ပါစေ ရှောင်ချီး၏ နောက်သို့ လိုက်ရသည်လောက် အရေးမကြီးသောကြောင့်ပင်။ သူ ယွမ်ယဲ့ တားဆီးနေသည်ကို ရှောင်သွားလိုက်ပြီး ဂျပန်စားသောက်ဆိုင်မှ ထွက်သွားလေသည်။  


ယွမ်ယဲ့က တည်ငြိမ်နေသည်။ ဖုယွမ်ကျိုး ထွက်သွားပြီ ဖြစ်ပြီး ထိုလူ သူ့ကို ရှာတွေ့မည် မဟုတ်သောကြောင့်ပင်။  


အသေအချာပင် အတော်အတန် ကြာပြီးနောက် ရှန်းရှီကော စားသောက်ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သူ စားပွဲတွင် ထိုင်လိုက်ပြီး ဟင်းပွဲများကို ငုံ့ကြည့်လိုက်သည်။ သို့သော် သူ့ပုံစံမှာ ခံတွင်းပျက်သွားသလိုပင်။ အတော်ကြာ ထိုင်နေပြီးနောက် သူ ထထွက်သွားတော့သည်။  


ယွမ်ယဲ့က နှုတ်ခမ်း​ပေါ်တွင် အပြုံးဖြင့် အသားကို ဖြည်းဖြည်းချင်း စားနေလေသည်။ ရှန်းရှီကော ထွက်သွားပြီးနောက် သူ စားပွဲထိုးကို ခေါ်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည် ။ 


" ငါ ထပ်မှာမယ် ဒါ ယူသွားမယ် ငါ့ကို ပါဆယ်ထုတ်ပေးပါ ကျေးဇူးပဲ"


ဖုယွမ်ကျိုး ကျောင်းသို့ ပြန်ပြေးလာခဲ့ပြီး အတန်းထဲသို့ လျှောက်သွားလေသည်။ ထိုမှသာ သူ လုံခြုံသလို ခံစားလိုက်ရသည်။ ကျောင်းဝတ်စုံ ဝတ်ထားသော ကျောင်းသားများကြားတွင် ရှန်းရှီကော သူ့ကို မှတ်မိရန် ခက်ခဲပေမည်။ 


သူ ဘယ်နေရာတွင် ရှိနေသည်ကို မေးမြန်းရန် ယွမ်ယဲ့ သူ့ကို မက်ဆေ့်ချ် ပို့လေသည်။ အတန်ကြာမှ ယွမ်ယဲ့လည်း ပြန်လာလေသည်။ သူ ပြန်သယ်လာသော စက္ကူအိတ်ကို ဖုယွမ်ကျိုး၏ စားပွဲပေါ်သို တင်ပေးလိုက်သည်။ ထို့နောက် ပြောလေသည်။


 " ငါ မင်းအတွက် ယူလာတာ နေ့လည်အတန်းကျရင် ဗိုက်ဆာမနေအောင်လို့"


"ကျေးဇူးပဲ" 

ဖုယွမ်ကျိုး ပြောလိုက်သည်။

 " ဘယ်လောက်ပေးရလဲ...ငါ မင်းကို ပိုက်ဆံ ပြန်လွှဲပေးမယ်"


"မလိုပါဘူး ငါ မင်းကို ဖိတ်ကျွေးတာလေ" 

ဖုယွမ်ကျိုး သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။

 " အဲ့ဒီ လူ ငါ့ကို သတိမထားမိလိုက်ဘူးမလား..."


" မင်း ထွက်သွားတော့ အဲ့လူ မင်းနောက်ကို လိုက်ဖို့ လုပ်သေးတယ် ဒါပေမယ့် မင်းကို မတွေ့ပါဘူး အဲ့လောက်ပဲ" 


ယွမ်ယဲ့ ပြုံးရင်း မေးလိုက်သည်။

 " မင်းဖုန်းသံကို ငါ ကြားလိုက်တယ် သူ မင်းကို မက်ဆေ့်ချ် ပို့တာလား..."


ဖုယွမ်ကျိုး၏ နှလုံးသား တစ်ခုလုံး နစ်မြှပ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် မသက်မသာ အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


"မင်းတို့နှစ်ယောက် ဘယ်လို တွေ့တာလဲ..."

 ယွမ်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။


 " မင်းကတော့ သူဘယ်လိုပုံစံဆိုတာကို သိပြီး သူကတော့ မင်းကို မသိဘူးလား..." 


"ငါတို့ အင်တာနက်ကတွေ့တာ" 

ဖုယွမ်ကျိုး တွေးလိုက်ပြီး ပြောလိုက်သည် ။

" သူ ငါ့ကို ဓါတ်ပုံတွေ ပို့တယ် ငါကတော့ ငါ့ပုံတွေ သူ့ကို မပို့ဖူးဘူး" 


နောက်ကျောပုံသာ ပို့ထားဖူးသော်လည်း ယွမ်ယဲ့ကို အသေးစိတ်ကျကျ ရှင်းပြရန် မလိုဟု ထင်သောကြောင့် သူ ဘာမျှ မပြောတော့ပေ။ 


"..." ယွမ်ယဲ့ သူ့ကို သေချာ​ကြည့်နေလေသည်။ 


"မင်း ဘာတွေ တွေးနေတာလဲ..." 

သူ့အကြည့်များက ထူးဆန်းနေသည်ဟု ဖုယွမ်ကျိုး ထင်လိုက်သည်။ 


"ငါ တွေးနေတာ..." 

ယွမ်ယဲ့ ပြောလိုက်သည်။


" သူ မင်းကို ရှာတွေ့သွားမှာကို မင်းအရမ်း ကြောက်နေတာလေ မင်း လူတွေကို အွန်လိုင်းပေါ်ကနေ လိမ်နေတာတော့ မဟုတ်ဘူးမလား...ဥပမာ ပြောရမယ်ဆိုရင် အိုမီဂါ မိန်းကလေးယောင်ဆောင်ပြီး တခြားသူတွေရဲ့ ခံစားချက်ကို လှည်စားနေတာလိုမျိုးလေ..."


၎င်းကို မကြားခင်အထိ ဖုယွမ်ကျိုး ကြောက်ရွံ့နေတုန်းပင်။ သို့သော် ယွမ်ယဲ့ သူ့ကို စနောက်လိုက်သောအခါ ဖုယွမ်ကျိုးတွင် ထိုအတွေးများ ရှိမနေတော့ဘဲ သူ ပြောလိုက်လေသည်။


 " ငါ သရဲတစ်ကောင်ကို လိမ်နေတာလေ"


"အစ်ကိုကြီး ငါ့ကို လာလိမ်လိုက်လေ"

 ယွမ်ယဲ့ ပြောလိုက်သည်။


 " ပိုက်ဆံအတွက်ပဲဖြစ်ဖြစ် အချစ်ကြောင့်ပဲ ဖြစ်ဖြစ် ငါ သည်းခံနိုင်တယ် မင်း ကြိုက်တာကိုသာ ယူသွားချည်..."


ဖုယွမ်ကျိုး ဒေါသကြီး ပြောလိုက်သည်။

 " ငါ မင်းရဲ့ ခွေးဘဝကို ယူမယ်..."


"အိုကေ နောက်နေတာ မဟုတ်ဘူး လာစားတော့ ငါ သူတို့ကို အသစ်လုပ်ခိုင်းလာတာ မအေးခင်လာစား"


သူ ထိုစက္ကူအိတ်ကို သေသပ်စွာ ဖောက်လိုက်ပြီး ဖုယွမ်ကျိုးအတွက် တူများကို ဖောက်ပေးလေသည်။ သူက အလွန်ကို ဂရုတစိုက် လုပ်ပေးနေသောကြောင့် ဖုယွမ်ကျိုး ပြောစရာ မရှိဖြစ်သွားလေသည်။ 


အတန်းထဲတွင် တစ်ယောက်မျှ မရှိပေ။ ဖုယွမ်ကျိုး စားနေချိန်တွင် ယွမ်ယဲ့က သူ့ဘေးတွင် ထိုင်နေကာ သူစားနေသည်ကို ကြည့်နေပြီးနောက် ရုတ်တရက် စကားထပြောလေသည်။ 


"ခုနက ငါတို့ စကားပြောတာ မပြီးသေးဘူး ငါ အဲ့လူတွေနဲ့ ဘယ်လို အငြှိုးအတေးရှိလဲလို့ မင်းမေးတယ်လေ ဒါပေမယ့် ဘာမှမဟုတ်ဘူး ငါတို့ အရင်က တိုက်ခိုက်ဖူးတယ်လေ ငါ သူတို့ကို အသေဆော်လိုက်တာ အဲ့တာကြောင့် သူတို့ ငါ့ကို မုန်းလဲမုန်းတယ် ကြောက်လဲကြောက်တယ် သူတို့ ငါ့ကို သင်ခန်းစာ ပေးချင်ပေမယ့် ငါ့ကို ရိုက်ရဲတဲ့ သတ္တိလည်း မရှိဘူး"


၎င်းကို ကြားသောအခါ ဖုယွမ်ကျိုး တူကို ရပ်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော် သူ့ပါးစပ်ထဲတွင် အစားများဖြင့် ပြည့်နှက်နေသောကြောင့် သူ ဘာမျှမပြောရသေးခင် ယွမ်ယဲ့က ဆက်ပြောလေသည်။ 


"မင်း ဘာကို မေးချင်တယ်ဆိုတာ ငါ သိတယ် ငါ ဘာလို့ ကျောင်းပြောင်းခဲ့တာလဲလို့ မင်း မေးချင်တာမလား..." 

ယွမ်ယဲ့ ပြုံးလိုက်သည် ။


" အကြောင်းကအဲ့တုန်းက ငါ လူတစ်ယောက်ကို ရိုက်လိုက်ပြီး ဆေးရုံမှာ တစ်လလောက် နေရအောင် လုပ်ခဲ့တယ် အဲ့တော့ ငါ အလယ်တန်းကျောင်းကို ပြောင်းခဲ့တာ"


" အဲ့​ကိစ္စဖြစ်ပြီးတော့ ငါ တကယ် နောင်တရခဲ့တယ်လေ..." 

ယွမ်ယဲ့ ရယ်နေတုန်းပင် ဖြစ်သော်လည်း သူ မျက်လုံးများက နစ်မြှပ်နေလေသည် ။


" သူ့ကို မသန်မစွမ်း ဖြစ်အောင် မလုပ်ခဲ့မိတဲ့အတွက် နောင်တရတယ်"


ဖုယွမ်ကျိုး မျက်မှောင်ကြုတ်လိုက်ပြီး ယောင်ဝါးဝါး ပြောလိုက်သည် ။

" ဘာလို့လဲ...ဘာဖြစ်ခဲ့လို့လဲ..."


"ငါ့မှာ အရမ်းလှတဲ့ အိုမီဂါ သူငယ်ချင်း မိန်းကလေး ရှိခဲ့တယ် သူမရဲ့ အိမ်မက်က အကပညာရှင် ဖြစ်ချင်တာပဲ"


ယွမ်ယဲ့က ဝမ်းနည်းနေပုံပေါ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည် ။


" ဒါပေမယ့် သူမရဲ့ အိမ်မက်တွေက အဲ့လူကြောင့် ပျက်ဆီးသွားပြီ သူက မူးပြီး ကားမောင်းရင်း ငါ့သူငယ်ချင်းရဲ့ ခြေထောက်ကို ချိုးလိုက်မိတယ် သူမက ပြန်လမ်းလျှောက်နိုင်ပေမယ့် မကနိုင်တော့ဘူး ငါတို့သာ မတားခဲ့ရင် သူမကိုယ်သူမ သတ်သေမိတော့မှာ..."


"အဆုံးမှာတော့ အဲ့လူက အပြစ်ကနေ လွတ်​သွားတယ် ငါ့သူငယ်ချင်းရဲ့ မိသားစုက ခွင့်လွှတ်ဖို့ ရွေးချယ်ခဲ့တယ် သူတို့က တိုးတိုးတိတ်တိတ် သဘောတူညီမှု လုပ်ခဲ့တယ် နောက်ပြီး ငါတို့တစ်ယောက်မှ ကြားဝင်လို့ မရခဲ့ဘူး"


"ငါ့ သူငယ်ချင်း ဆေးရုံက ဆင်းတဲ့နေ့က သူ ငါ့သူငယ်ချင်းကို လာတွေ့ပြီး အပြစ်ရှိသလို ခံစားရသလို ဟန်ဆောင်ခဲ့တယ်လေ ဒါပေမယ့် ငါ ကြားတာတော့ သူ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ပြီး ဒီကိစ္စကို ရှင်းဖို့ ပိုက်ဆံ အများကြီး ကုန်ခဲ့တယ်လို့ ပြောတယ် နောက်ပြီး သူက ဇိမ်​ခံကားကို မောင်းတော့ သူမက သူ့ဆီက တမင်တကာ ပိုက်ဆံလိမ်တောင်းဖို့ ကားရှေ့ကို ဝင်လာတာလို့လည်း ပြောခဲ့တယ်..."


"အဲ့တော့ ငါလည်း မတတ်နိုင်ဘူးလေ" 

သူ ပြုံးနေသော်လည်း မျက်လုံးထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေလေသည်။


 " သူ ငါ့လက်သီး ရှေ့ကို တည့်တည့်တိုးဝင်လာတာဆိုတော့ ငါလည်း ဘာမှ မတတ်နိုင်ဘူးလေ ဟုတ်တယ်မလား..."


ဖုယွမ်ကျိူး အံ့အားသင့်သွားပြီးနောက် သူ့ယခင် ဘဝက ဖြစ်ခဲ့သည်များကို သတိရလိုက်သည်။ 


ထိုအချိန်တွင် ယွမ်ယဲ့က ထိုမိန်းကလေးဖြစ်ရပ်နှင့် တူသည်။ သူက အားကစားတွင် ကျွမ်းကျင်သော ကစားသမား ဖြစ်လာရန် ဆုံးဖြတ်ချက် ချခဲ့သည်။ သူ့အတွက် အလားအလာလည်း ရှိ၏။ သူနှင့် စာချုပ် ချုပ်ရန် အသင့်ဖြစ်နေသော အသင်းများလည်း ရှိ၏။ သို့သော် သိပ်မကြာခင်တွင် သူ ခေါင်းတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး နိုင်ငံခြားသို့ ဆေးသွားကုခဲ့ရသည်။ သို့သော် ပြန်ကောင်းလာနိုင်ချေက အလွန်နည်း၏။ 


ယွမ်ယဲ့ ဘာကြောင့် ဒဏ်ရာ ရခဲ့သည်ကို သူ အကြိမ်ကြိမ် မေးခဲ့၏။ သို့သော် ယွမ်ယဲ့ တစ်ခွန်းမျှ မပြောခဲ့ပေ။ သူ နိုင်ငံခြားသို့ ထွက်သည့်နေတွင် သူ့ကို လေဆိပ်သို့ လိုက်ပို့ပေးခဲ့သည်။ လေယာဥ်လက်မှတ်စစ်သည့်အချိန်ထိ သူတို့ အတိတ်အကြောင်း အများကြီးကို ပြောခဲ့ကြသည်။ ယွမ်ယဲ့ သူ့လွယ်အိတ်ကို လွယ်လိုက်ပြီး သူ့ကို ပြုံးပြခဲ့သည်။


"အိုကေ အစ်ကိုယွမ် မင်း ပြန်လို့ရပြီ"


သူ ဖုယွမ်ကျိုးကို အကြာကြီး ဖက်ခဲ့သည်။ ဖုယွမ်ကျိုးကလည်း သူ့ကို ပြန်ဖက်ခဲ့သည်။ သို့သော် သူ အနည်းငယ် တုန်ယင်နေသည်ကို ခံစားခဲ့သည်။


ယွမ်ယဲ့ သူ့ကို ဖက်ကာ ပြောလိုက်သည်။

 " ငါ ဒီနိုင်ငံမှာ မရှိတော့ပေမယ့် မင်း ငါ့ကို ခေါ်တာနဲ့ ငါ ချက်ချင်း ပြန်လာမယ်လို့ ကတိပေးတယ် မင်း ပြသနာ ကြုံရရင် ငါ့ကို ခေါ်နော် မင်း ငါ့ကို ခေါ်ဖို့ မလိုပါစေနဲ့လို့တော့ မျှော်လင့်ပါတယ် မင်း လုံလုံခြုံခြုံ ဘေးကင်းကင်း နေရမယ်နော်"


"မင်းရောပဲ" 

ဖုယွမ်ကျိုး ဝန်လေးနေကာ ဝမ်းနည်းနေ၏ ။

" မင်း တစ်ခုခုဖြစ်ရင် ငါ့ကို ခေါ်နော် ငါ အမြန်ဆုံး လေယာဥ်နဲ့ မင်းဆီ ရောက်အောင် လာခဲ့မယ် မင်း စိတ်အေးအေးနဲ့ အဲ့မှာနေ မင်းကို စင်မြင့်ပေါ်မှာတွေ့ဖို့ ငါ စောင့်နေမယ်"


"မျှော်လင့်ရတာပဲ" 

ယွမ်ယဲ့ ပြုံးလိုက်သည်။ 


"အင်း" ဖုယွမ်ကျိုး အလေးအနက် ပြောလိုက်သည်။ 


"အိုကေ" ယွမ်ယဲ့ ပြုံးလိုက်သည်။

 " ဒါဆို ငါ သွားတော့မယ်"


သူ လက်မှတ်စစ်သည့်နေရာတွင် တန်းဆီရန် လှည့်လိုက်သည်။ ဖုယွမ်ကျိုး သူ့ကို အဝေးမှ ကြည့်နေလေသည်။ ယွမ်ယဲ့ လက်မှတ်စစ်သည့် ဂိတ်မှ ထွက်သွားတော့မည့် အချန်တွင် သူ ရုတ်တရက် ခေါင်းလှည့်ကာ ဖုယွမ်ကျိူးဘက်သို့ လှည့်လိုက်ပြီး အနည်းငယ် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ " ဖုယွမ်ကျိုး..."


ယွမ်ယဲ့က သူ့ကို အစ်ကိုယွမ်ဟု မခေါ်ဘဲ ဖုယွမ်ကျိုးဟု ခေါ်သောကြောင့် ဖုယွမ်ကျိုး အံ့အားသင့်သွားလေသည်။ 


ထိုအချိန်က သူ ယွမ်ယဲ့ကို ကြည့်ရင်း နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။ ထိုမျက်လုံးများထဲတွင် ဖုံးကွယ်ထားသော ခံစားချက်များ ရှိနေလေသည်။ သို့သော် ဝေးနေသောကြောင့် သေချာမပြောနိုင်ပေ။ 


"ငါ့ကို မေ့မသွားနဲ့" 


ယွမ်ယဲ့ ဖြေးဖြေးချင်း ပြောလိုက်သည် ။


" ယွမ်ကျိုး ငါ့ကို မမေ့ပါနဲ့"