♎️Chapter 29
ပြန်လည် မွေးဖွားလာပြီးနောက် ဖုယွမ်ကျိုး ထိုမြင်ကွင်းကို သေချာမှတ်မိနေသည်။ သူ့အတွက် ယွမ်ယဲ့ကို မေ့နိုင်မည်မှာ မဖြစ်နိုင်ပေ။ သူ့ညီအစ်ကိုကောင်း ယွမ်ယဲ့ကို သူ ကျိန်းသေပေါက် သတိရနေမည်ဖြစ်သည်။ ထိုအချိန်က ယွမ်ယဲ့ သူ့ကို ဘာကြောင့် ထိုသို့ ပြောခဲ့သည်ကို သူ နားမလည်နိုင်ခဲ့ပေ။
သို့သော် နောက်ပိုင်း အဖြစ်အပျက် အများကြီး ဖြစ်သွားပြီးနောက် ဖုယွမ်ကျိုး ယွမ်ယဲ့ကို ဘယ်တော့မှ ပြောမပြတော့ပေ။ သူ အဆင်ပြေသည်ဟုသာ ယွမ်ယဲ့ကို အမြဲတမ်း ပြောပြခဲ့သည်။ ယွမ်ယဲ့၏ ကုသမှုကို သူ့ကြောင့် မနှောင့်နှေးစေချင်ဘဲ တရုတ်သို့ ပြန်မလာစေချင် သောကြောင့်ပင်။ ယွမ်ယဲ့ကို အားကစားကွင်းတွင် တောက်တောက်ပပပုံစံနှင့် ပြန်မြင်ရန် စောင့်နေခဲ့တုန်းပင်။
သူ့ကို ထိုသို့ မြင်ရန်အကြာကြီး စောင့်မနေချင်ပေ။ နောက်ပိုင်းတွင် သူ ရှန်းရှီကောနှင့် အတူနေခဲ့ပြီး ပြင်ပကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်ခဲ့ရသည်။ ယွမ်ယဲ့ သူ့ကို ရှာမတွေ့ပါက သူ့ကို စိုးရိမ်ပြီး တရုတ်သို့ ချက်ချင်း ပြန်လာမည်လားကို သူ သိချင်ခဲ့သည်။
ယခုအချိန်တွင်မူ ငယ်ရွယ်သော ယွမ်ယဲ့က သူ့ရှေ့တွင် ထိုင်ကာ အေးဆေးတည်ငြိမ်စွာ စကားပြောခဲ့သည်။
" အဲ့လူက သူ့ကိစ္စကို ပိုက်ဆံသုံးပြီး ဖြေရှင်းခဲ့တယ် ငါလည်း သူ့အတိုင်း ပြန်လုပ်ခဲ့တယ် ဒါပေမယ့် အဲ့ကိစ္စက အကျိုးသက်ရောက်မှု ရှိခဲ့တယ် ငါ ထျန်းချမ် အလယ်တန်းကျောင်းမှာ ဆက်မနေနိုင်တော့ဘူး အဲ့တော့ နံပါတ် ၁ အလယ်တန်းကျောင်းကို ပြောင်းလာခဲ့တယ် အဲ့ဒါက ပြသနာ မဟုတ်ပါဘူး ကောင်းတဲ့ အရာပဲလေ အဲ့ဒါကြောင့်ပဲ ငါ မင်းကို သိခွင့်ရခဲ့တာ..."
"ဟုတ်တယ် မင်း ငါ့ကို တွေ့ခဲ့ရတာ ကောင်းတဲ့အရာပဲ"
ဖုယွမ်ကျိုး သူ့လက်ကို ရုတ်တရက် ကိုင်လိုက်ပြီး လေးနက်စွာ ပြောလေသည် ။
" ငါ့ကို အစ်ကိုလို့ ခေါ်ခွင့် ပြုလိုက်တည်းက ငါ အနာဂါတ်မှာ မင်းကို ကာကွယ်ပေးမှာပါ မင်း တစ်ခုခု ကြုံတွေ့နေရပြီဆိုရင် ငါ ဘယ်ရောက်နေနေ ငါ့ကို ကျိန်းသေရှာပါ ငါ ကျိန်းသေ မင်းကို လာကူညီပါ့မယ် မင်း ငါ့ကို အဲ့လို ရှာရမယ့်နေ့ ရှိမလာဖို့တော့ ငါ မျှော်လင့်ပါတယ်"
သူ လက်ရှိ ယွမ်ယဲ့ကို ကတိပေးလိုက်ပြီး တစ်ချိန်တည်းတွင်ပင် သူ့နှလုံးသားထဲတွင် ယွမ်ယဲ့ ထိုအချိန်ကကဲ့သို့ ထပ်မံ မခံစားရစေရန် ဆုံးဖြတ်ချက် ချလိုက်သည်။
သူ့သူငယ်ချင်း၏ အိမ်မက်က ကားအက်စီးဒန့်ကြောင့် ကြေမွပျက်ဆီးသွားခဲ့ရသည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်ဖြစ်ပါက သူ့အတွက် ပိုလ်ို့ပင် နာကျင်ရမည်ဖြစ်ပြီး သေချင်လောက်သည်အထိ မျှော်လင့်ချက် မဲ့သွားနိုင်သည်။
ယွမ်ယဲ့ အတော်ကြာ အံ့အားသင့်နေပြီး ပြူးကျယ်နေသော မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။
" ငါ့ကို စိတ်ပူတာလား...မင်းက အရမ်းကို စိတ်ပါလက်ပါ ပြောနေတော့ ငါ ရှက်တယ်"
" ဟုတ်တယ် ငါ မင်းကို စိတ်ပူတယ်" ဖုယွမ်ကျိုး ပြောလိုက်သည်။
"..."
ယခုတစ်ကြိမ်တွင် ယွမ်ယဲ့ အချိန်အကြာကြီး အံ့အားသင့်သွားလေသည်။ ဖုယွမ်ကျိုးက ထိုသို့ ပြောနေကျ မဟုတ်ပေ။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူ့လက်များကို ဖုယွမ်ကျိူး လက်ထဲမှ ဆွဲထုတ်လိုက်သည်။ သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲနေပြီး သူ့မျက်လုံးများကို ငုံ့ထားသည်။
" ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်"
သူ အတန်းထဲမှ အလျင်အမြန် ထွက်သွားလေသည်။ သူ့ကို နောက်ကျောဘက်မှ ကြည့်ရသည်မှာ ရှက်နေပုံပင်။ သူ အံ့အားသင့်ပြီး ရှက်ရွံ့သွားသည်ကို ဖုယွမ်ကျိူး သိ၏။ တခဏကြာမှသာ ယခုဘဝက သူ့ယခင်ဘဝနှင့် မတူတော့သည်ကို သတိရလိုက်သည်။ ယွမ်ယဲ့မှာ သူ့အပေါ် ဒီလိုခံစားချက်မျိုးတွေ ရှိတာပဲ။
သေစမ်း...
တစ်စုံတစ်ယောက်က အတန်းတံခါးကို ခေါက်သောအခါ သူ အနည်းငယ် ရှက်ရွံ့သွားပြီး ထိုအခြေအနေမှ လွတ်မြောက်ရန် မည်သို့ လုပ်ရမည်ကို တွေးနေမိသည်။ သို့သော် တံခါးက ပွင့်သွားလေသည်။ မည်သူ တံခါးလာခေါက်သည်ကို သူ မသိပေ။
သူ မော့ကြည့်လိုက်သောအခါ ရန်ရှူးထန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် စာရွက်ကို ကိုင်ထားပြီး ဖုယွမ်ကျိုးကို ပြောလေသည် ။
" ငါ မင်းကို စာမေးပွဲမေးခွန်း လာပေးတာ"
ဖုယွမ်ကျိုး : "..."
ရန်ရှူးထန် သူ့ကို စကားပြောနေချိန် ဘာလို့ မော့မကြည့်တာလဲ...သူ့ကို စကားပြောနေရင်း ဘာလို့ ကြမ်းပြင်ကို ငုံ့ကြည့်နေတာလဲ...
သူ မတ်တတ်ရပ်လိုက်ပြီး ရန်ရှူးထျန် ရှေ့သို့ လျှောက်သွားလေသည်။ သူ အနားသို့ တိုးကပ်သွားချိန်တွင် ရန်ရှူးထန်က ခြေတစ်လှမ်း နောက်ဆုတ်သွားမည်ဟု မထင်ခဲ့ပေ။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း သူ့နားရွက်များက သိသိသာသာနီရဲနေလေသည်။ ထို့နောက် သူက အဝေးမှနေ၍ စာရွက်ကို လှမ်းပေးလေသည် ။
" ရော့ ယူလိုက်"
ဖုယွမ်ကျိုး : "..."
ကြည့်ရတာ အဲ့နေ့က သူ ရန်ရှူးထန်ကို မတော်တဆ နမ်းလိုက်လို့ ရန်ရှူးထန် ပိုရှက်တတ်သွားတာများလား။
သူက အလွန် ရှက်နေသောကြောင့် ဖုယွမ်ကျိုးမှာ အနည်းငယ် စိတ်မသက်မသာဖြစ်ရလေသည်။
သူတို့တွေက ယောင်္ကျားလေးတွေပဲလေ ဘာရှက်စရာ ရှိလဲ... ဘာလို့ အိုမီဂါဆိုတဲ့ အရာကြီးက အရမ်းလွှမ်းမိုးနေရတာလဲ။
သို့သော် အမှန်စင်စစ် အယ်လ်ဖာနှင့် အိုမီဂါကြားတွင် ခြားနားပေသည်။ ယခုနောက်ပိုင်းတွင် ဖုယွမ်ကျိုးအနေဖြင့် ဝန်လေးနေသေးသော်လည်း ၎င်းကို အသားကျစေရန် ကြိုးပမ်းနေရလေသည်။
သူက စာရေးကိရိယာများကို ထုတ်ပြီး ရန်ရှူးထန်နှင့် ရင်းရင်းနှီးနှီး စကားပြောရန် ပြင်လိုက်သော်လည်း အတန်းချိန် နီးနေပြီဖြစ်သောကြောင့် ကျောင်းသားများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြလေသည်။ သူတို့နှစ်ယောက် တံခါးနားတွင် ရပ်နေသည်ကို သူတို့ တွေ့သောအခါ အားလုံးက သူတို့ကို အံ့အားသင့်သလို အကြည့်များဖြင့် ကြည့်သွားကြလေသည်။
သူတို့နှစ်ယောက်က အမြဲတမ်း ထူးဆန်းသည်ဟု သူတို့ သိခဲ့သော်လည်း စကားလုံး တစ်ချို့က သူတို့ကြားရှိ လေထုကို အေးစက်စက် ဖြစ်စေသည်။ ရန်ရှူးထန်၏ လက်ထဲမှ စာရွက်များကို တွေ့သော်လည်း သူ ဖုယွမ်ကျိုးအတွက် လုပ်လာခဲ့သည်ဟု မည်သူမျှ ထင်မည် မဟုတ်ပေ။
လူများလာသည်ကို တွေ့သောအခါ ရန်ရှူးထန်၏ နှုတ်ခမ်းများက အနည်းငယ် တင်းကျပ်သွားပြီး စာရွက်များကို ဖုယွမ်ကျိုး၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ကာ လှည့်ထွက်သွားတော့သည်။ ဖုယွမ်ကျိုး တွေးလိုက်ပြီးနောက် သူ့ကို ဒီတိုင်း မလွှတ်လိုက်သင့်ဘူးဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူ ရန်ရှူးထန်နောက်သို့ လိုက်သွားပြီး လျှောက်လမ်းထောင့်တွင် သူ့ရှေ့မှ ပိတ်ရပ်လိုက်သည်။
"ဘာကိစ္စ ရှိသေးလို့လဲ..."
ရန်ရှူးထန်က ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။ သို့သော် သူ့နောက်ကျောက နံရံတွင် ကပ်နေပြီး ဖုယွမ်ကျိုးကို မကြည့်ဘဲ အကြည့်ကို အောက်ချထားလေသည်။ ၎င်းကြောင့် ဖုယွမ်ကျိုး သူ့ကိုယ်သူ လိမ္မာသော မိသားစုမှ ကောင်ငယ်လေး တစ်ယောက်ကို လိုက်၍ ပိုးပမ်းနေသလိုပင် ထင်ယောင်ထင်မှား ခံစားလိုက်ရသည်။
ကြည့်ရတာ ရန်ရှူးထန် ရှေ့ရောက်သွားရင် သူက အယ်လ်ဖာတစ်ယောက်နဲ့ ပိုတူတယ်နဲ့တူတယ်...
ဖုယွမ်ကျိုး အနည်းငယ် ဂုဏ်ယူမိသွားပြီး သူ့ကိုယ်သူ မိမိုက်သလို ခံစားလိုက်သည်။ သူက ရန်ရှူးထန်ကို ရန်လိုခြင်း မရှိတော့သော်လည်း သူ၏ အသိစိတ်ထဲတွင်တော့ ထိုစိတ်များက သူ့အလိုလို ရှိနေ၏။
"ငါ့မှာ လုပ်စရာ ရှိသေးလို့"
သူ တခဏမျှ တွေးလိုက်ပြီးနောက် သူ့တွင် ရန်ရှူးထျန်ကို ပြောစရာ အများကြီး ရှိနေသေးသည်ဟု ခံစားလိုက်ရသည်။ သူ ထိုအကြောင်း ဘာမျှ မပြောတော့ဘဲ ဤပိတ်ရက်အတွက် စာသင်ပေးရန် အကြောင်းကိုသာ ပြောလိုက်သည် ။
" ပိတ်ရက်ကျရင် ငါ့ကို စာပြပေးဖို့ မင်းမှာ အချိန် ရှိလား..."
သူ ကျောင်းကိစ္စများကို ပြောသည်အား ကြားသောအခါမှသာ ရန်ရှူးထန် ခေါင်းမော့ကြည့်ကာ ပြောလေသည် ။
" စနေ ဒါမှမဟုတ် တနင်္ဂနွေမနက်"
"ဒါဆို စနေနေ့"
ဖုယွမ်ကျိုး သူ့ကို ညစာ ဖိတ်ကျွေးချင်သေးသည် ။
" ဒီတစ်ခါတော့ ငါတို့နှစ်ယောက်တည်း ဘယ်သူမှ မပါဘူး"
ယခင်တစ်ပတ် ပိတ်ရက်က အဖြစ်အပျက်များက သူ့မှတ်ဥာဏ်ထဲတွင် လက်ဆတ်နေတုန်းပင်။ သူ့စိတ်ထဲတွင် အရိပ်အဖြစ် ကျန်ရှိမတတ် ဖြစ်ခဲ့ရသောကြောင့် သူ ထိုသို့ ထပ်၍ မလုပ်ချင်ပေ။
သူ ရန်ရှူးထန်၏ အတွေးများကို မသိပေ။ သို့သော် သူ့မျက်တောင်များက အနည်းငယ် တုန်ယင်နေ၏။ သူ ပြန်ပြောလေသည် ။
" အိုကေ"
"နေရာကို ပြီးမှ ပြောမယ် အခု အတန်းစတော့မယ်"
ဖုယွမ်ကျိုး ပြောလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် နှုတ်ဆက်လိုက်သည်။ ဖုယွမ်ကျိုး အတန်းထဲသို့ ပြန်သွားလေသည်။ ယွမ်ယဲ့လည်း ပြန်ရောက်လာပြီဖြစ်ပြီး သူ့ အမူအရာမှာ မူလအတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်သည်။ ယခင်အတိုင်း အတန်းမပြီးခင်အထိ ဖုယွမ်ကျိုးကို စနောက်နေခဲ့သည်။
ထိုနေ့ ကျောင်းဆင်းချိန်တွင် ဖုယွမ်ကျိုးသည် ရှန်းရှီကောကို ထပ်တွေ့မည်ကို စိုးရိမ်စိတ်ဖြင် ကစားကွင်းသို့ အထိတ်တလန့် သွားလေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ မကောင်းသော အတွေးအတိုင်း ဖြစ်မလာခဲ့ပေ။
စနေနေ့ မနက်တွင် ဖုယွမ်ကျိုး အချိန်မှန် ထွက်သွားလေသည်။ ရန်ရှူးထန်နှင့် ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် သူတို့ ရန်ရှူးထန်၏ အိမ်သို့ သွားရန် ဆုံးဖြတ်လိုက်တော့သည်။ တခြားနေရာများသို့ သွားရန် အဆင်မပြေပေ။ သူ ဖုယွမ်ကျိုး၏ အိမ်သို့ သွားပါက ရှဲ့လင်နှင့် ယွိဖေးတို့နှင့်ပါ ကျိန်းသေ ရင်ဆိုင်ရမည် ဖြစ်သည်။ သူ ထိုသို့ အခြေအနေမျိုးကို ထပ်၍ မကြုံတွေ့ချင်ပေ။
ဖုယွမ်ကျိုး စဥ်းစားခဲ့ပြီးနောက် ရှဲ့လင်နှင့် ယွိဖေးကို သူ အပြင်ထွက်မည့်အကြောင်း ကြိုမပြောခဲ့ပေ။ ထို့နောက် taxi တစ်စီးကို တိတ်တိတ်လေး ငှားလိုက်ပြီး ရန်ရှူးထန်၏ အိမ်သို့ သွားလိုက်လေသည်။
ရန်ရှူးထန်၏ အိမ်က မြို့လယ်ရှိ စီးပွားရေး အချက်အချာကျရာ နေရာနှင့် အလွန်နီး၏။ သူ့အိမ်က အထပ်မြင့် အဆောက်အဦးကြီး၏ အထပ် ၂၀ တွင် ဖြစ်သည်။ ထိုနေရာမှ အလုပ်ရှုပ်ကာ သွားလာနေသော ယာဥ်သွားယာဥ်လာလမ်းကြောင်းကိုပါ မြင်နိုင်နေသည်။
ဤတစ်ကြိမ်တွင် ရန်ရှူးထန်၏ မိဘများကို တွေ့သွားမည်ဟု ဖုယွမ်ကျိုး တွေးထားလိုက်သည်။ သူ လက်ဆောင် တစ်ချို့ကိုပင် ပြင်ဆင်ခဲ့သည်။ သို့သော် အိမ်သို့ ရောက်ချိန်တွင် ရန်ရှူးထန် တစ်ယောက်တည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မိဘများက အလွန်အလုပ်ရှုပ်သောကြောင့် သူတို့က စနေနေ့များတွင်ပင် အလုပ်လုပ်ရန် လိုအပ်လေသည်။
"မင်း ဘာသောက်မလဲ..."
ဖုယွမ်ကျိုးက တံခါးဝတွင် ဖိနပ်ချွတ်နေလေသည်။ ရန်ရှူးထန် သူ့ကို မေးလိုက်သောအခါ သူ သာမန်ပင် ပြန်ဖြေလိုက်သည် ။
"coke"
"Coke မရှိဘူး"
"သံပရာရည် ဆိုရင်ရော... ဒါမှမဟုတ် ကော်ဖီ... ဒါမှမဟုတ် အသီးဖျော်ရည်..."
"တစ်ခုမှ မရှိဘူး" ရန်ရှူးထန် ပြောလိုက်သည်။ "လက်ဖက်ရည်ပဲရှိတယ်"
ဖုယွမ်ကျိုး ပြောလိုက်သည် ။
" ဒါဆို ရေပဲသောက်တော့မယ် ကျေးဇူး"
ရန်ရှူးထန်၏ အိမ်ကို ရိုးရိုးရှင်းရှင်း ခေတ်မှီစွာ အလှဆင်ထားလေသည်။ ပြတင်းပေါက်များက လင်းလင်းထင်းထင်းရှိကာ သန့်ရှင်းနေ၏။ ကြမ်းပြင်ကလည်း သန့်ရှင်းပြီး ပြောင်လက်နေသည်။ ပရိဘောဂများကိုလည်း သေသပ်စွာ ပြင်ဆင်ထားသည်။
ရန်ရှူးထန်ရဲ့ စရိုက်နဲ့ လိုက်ဖက်ပါတယ်... ။
ဖုယွမ်ကျိုး တွေးနေလိုက်ပြီး ရန်ရှူးထန် သူ့ကို လှမ်းပေးနေသော ရေခွက်ကို ယူလိုက်သည်။
သူ့ ရန်ရှူးထန််ကို စကားတစ်ချို့ ပြောချင်သော်လည်း ဘာမှ မပြောခဲ့ပေ။ ထို့နောက် သူက အိမ်စာ ကူလုပ်ရန် အကြောင်းကိုသာ ပြောလိုက်တော့သည်။
ယခင်တစ်ခေါက်က ရန်ရှူးထန် စကားအများကြီး မပြောခဲ့ပေ။ ထို့ပြင် သူ သေချာလုပ်ခဲ့သည်ဟု ဖုယွမ်ကျိုး ခံစားခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ၎င်းက ပို၍ ထင်ရှား၏။ ရန်ရှူးထန်က သူ့ကို စကားနည်းနည်းဖြင့်ပင် စာရှင်းပြနိုင်သည်။ ဖုယွမ်ကျိုး၏ စိတ်က အလွန်မြန်၏။ သို့သော် သူက အလွန်မေ့တတ်၏။ သိုသော်လည်း ၎င်းက သူ ဥာဏ်မကောင်းခြင်း မဟုတ်ပေ။
ယနေ့ သူတို့နှစ်ယောက်တည်းသာ ရှိ၏။ ရန်ရှူးထန် ယခင်ရက်များကဲ့သို့ အဆင်မပြေမှုများနှင့် ရှက်ရွံ့မှုများ ရှိမနေတော့ဘဲ တည်ငြိမ်နေသည်။ ဖုယွမ်ကျိုး သူ့အမူအရာကို သတိထားမိလိုက်ပြီး ယခုအခြေအနေကို ထိန်းထားနိုင်ရန်အတွက် သူ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို ရက်မည်မျှကြာအောင် ပြင်ဆင်ခဲ့ရသည်ကို တွေးနေလေသည်။
သူ ယခင်က ရန်ရှူးထန်ကို သေချာမကြည့်ခဲ့ဖူးပေ။ သို့သော် ယခု သေချာကြည့်မိသောအခါ သူ့မျက်တောင်များက ရှည်လျား ထူထဲသည်ကို တွေ့လိုက်ရသည်။
အဲ့မျက်လုံးတွေက အရမ်းလှတာပဲ နောက်ပြီး အသားလည်း ဖြူတယ် သူ့ပုံစံက တော်တော်လေး နူးညံ့တာပဲ ငယ်လည်းငယ်သေးတယ်...။
ဖုယွမ်ကျိုး ရန်ရှူးထန်ကို မေးမော့ကာ ကြည့်လိုက်မိပြီး သူ့စိတ်များက စတင်၍ ပျံ့လွင့်သွားလေသည်။ အယ်လ်ဘမ်ထဲမှ ဓါတ်ပုံများကို သူ သတိရလိုက်သည်။ ထိုထဲတွင် ကောင်ငယ်လေး ရန်ရှူးထန်က အလွန်ချစ်ဖို့ကောင်း၏။ ယခု သူက ကြီးလာသော်လည်း သူ့ကလေးဘဝ၏ အရိပ်အယောင်များကို တွေ့နိုင်သေးသည်။
အနာဂတ်မှာ ရန်ရှူးထန်က ဘယ်လိုပုံစံ ဖြစ်နေမလဲ...
သူ့အတိတ်ဘဝကို ပြန်တွေးလိုက်သည်။ အထက်တန်းကျောင်းမှ ဘွဲ့ရပြီး နှစ်နှစ်အကြာတွင် သူ ရန်ရှူးထန်ကို ကျောင်းသားဟောင်းများ တွေ့ဆုံပွဲတွင် တွေ့ခဲ့သည်။
ထိုအချိန်တွင် သူက နိုင်ငံခြားတွင် ပညာသင်နေခြင်း ဖြစ်သည်။ သူ အားလပ်ရက် ပြန်လာပြီး သိပ်မကြာခင်တွင် ရှဲ့လင်နှင့် ယွမ်ယဲ့က မအားကြပေ။ ထို့ကြောင့် သူ မသွားချင်ပေ။ သို့သော် ယွိဖေးက သွားချင်ခဲ့သည်။ ထို့ကြောင့် သူမကို အဖော်ပြုပေးရန်အတွက် သူ သွားခဲ့ရသည်။
တက်သစ်စ သရုပ်ဆောင်မင်းသမီးဖြစ်သော ယွိဖေးက အင်တာတိန်းမန့် ကုမ္ပဏီကတစ်ခု၌လည်း ပွဲဦးထွက်ပြီးပြီဖြစ်သောကြောင့် အတော်အတန် နာမည်ရပြီးဖြစ်သည်။ သူမကို စကားပြောချင်သော အတန်းဖော်များက ဝန်းရံနေသည်။ ထို့ကြောင့် ဖုယွမ်ကျိုးက ဘေးထွက်နေပေးခဲ့ရသည်။ သို့သော် သူ ရန်ရှူးထန်ကို တွေ့ရန် မမျှော်လင့်ခဲ့ပေ။
နှစ်နှစ်သာ ရှိသေးသော်လည်း သူတို့ တစ်ယောက်ကိုတစ်ယောက် မမှတ်မိခဲ့ပေ။ သူ၏ ပထမဆုံးအမူအရာမှာ မနှစ်မြို့ခြင်းပင်။ အကြောင်းမှာ ရန်ရှူးထန်က ပို၍ အရပ်ရှည်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ အထက်တန်းကျောင်းတွင် သူက ရန်ရှူးထန်ထက် အနည်းငယ်သာ ပိုပုပြီး ယခုတွင်တော့ ရန်ရှူးထန်က စင်တီမီတာပေါင်းများစွာ ပို၍ ရှည်လာလေသည်။
အရပ်တစ်ခုတည်း မဟုတ်ဘဲ ရန်ရှူးထန်၏ မျက်နှာသွင်ပြင်မှာလည်း ပို၍ ရင့်ကျက်လာပြီး သူ၏ စိတ်ကလည်း ပို၍ တည်ငြိမ်လာသည်။ သူ ဖုယွမ်ကျိုးကို ကြည့်လိုက်ချိန်တွင် ဖုယွမ်ကျိုး မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်းဆုတ်ချင်လောက်သည့် အရှိန်အဝါမျိုး သူ့တွင် ရှိနေသည်။
"မတွေ့တာ ကြာပြီ"
ရန်ရှူးထန် သူ့ကို ခေါင်းငြိမ့်ပြလေသည်။ သူ့ကို လက်ဦးမှုယူကာ နှုတ်ဆက်သောကြောင့် ဖုယွမ်ကျိုး အတော်လေး အံ့အားသင့်သွားလေသည်။
"အာ...ဟယ်လို"
အတိတ်က သူတို့ကြားတွင် မပျော်ရွှင်စရာ အဖြစ်အပျက်များရှိခဲ့သော်လည်း သူတို့ လွန်ခဲ့သော နှစ်နှစ်တည်းက ဘွဲ့ရခဲ့ပြီးဖြစ်သည်။ အနည်းဆုံးတော့ တွေ့ဆုံပွဲတွင် ဖုယွမ်ကျိုး သူ့ကို ပြသနာ မရှာချင်ပေ။ ထို့ကြောင့် သူ ယဥ်ယဥ်ကျေးကျေးနှင့် ခပ်စိမ်းစိမ်း တုံ့ပြန်လိုက်သည်။
"မင်း နိုင်ငံခြားမှာ ပညာသင်နေတယ်လို့ ငါ ကြားတယ်"
"ဟုတ်တယ် သုံးနှစ်သင်တန်းလေ"