Chapter 30
Viewers 2k

♎️Chapter 30



ထိုအချိန်က သူ့အဆင့်များက တရုတ်မှ တက္ကသိုလ်ကောင်းကောင်းတွင် တက်နိုင်ရန်အထိ မကောင်းသဖြင့် သူ့မိသားစုက သူ့ကို နိုင်ငံခြားသို့ လွှတ်ခဲ့သည်။ သူ၏ ဆန္ဒလည်း ဖြစ်ခဲ့၏။ 


သူ ရှန်းရှီကော ရှိသော နိုင်ငံကို သွားချင်ခဲ့သောကြောင့်ပင်။ 


အမှန်တွင် လွန်ခဲ့သော နှစ်နှစ်အတွင်း သူ လုံးဝ စာမကြိုးစားခဲ့ဘဲ ရှန်းရှီကောနှင့်သာ အချိန်ဖြုန်းနေခဲ့သောကြောင့် သူ့ကျောင်းစာများတွင် နစ်နာခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ပြီးသွားပြီ ဖြစ်သောကြောင့် သူ့စိတ်ကို အကျိုးမသက်ရောက်စေဘဲ သူ ဆက်လက် ပျော်ရွှင်နေခဲ့သည်။  


ရန်ရှူးထန် ခေါင်းငြိမ့်လိုက်ပြီး ဖုယွမ်ကျိုး၏ နိုင်ငံရပ်ခြား ပညာသင်ရခြင်း အတွေ့အကြုံများကို မေးမြန်းခဲ့သည်။ မည်သူမျှ ဂရုမစိုက်သောအရာကို မေးမြန်းနေသောကြောင့် ရန်ရှူးထန် ဆေးမှားသောက်မိသည်ဟု တွေးနေပြီး စိတ်မပါစွာ ပြန်ဖြေနေသည်။ ရန်ရှူးထန် သူနှင့် အကြာကြီး စကားပြောနေခဲ့သည်။ 

သူတို့နှစ်ယောက်မှာ ဘာပြောစရာ အကြောင်းရှိလို့လဲ... 


ရန်ရှူးထန်က စကားဝိုင်းကို အဆုံးမသတ်ချင်မှန်း နားလည်သွားသောအခါ သူ ထွက်ပြေးရန် ဆင်ခြေရှာချင်နေခဲ့သည်။ ထိုအခိုက် သူ့ဖုန်း မြည်လာသည်။ သူ့ကို ဖုန်းခေါ်သူမှာ ရှန်းရှီကောဖြစ်ပြီး သူ ဖုန်းကိုင်လိုက်သည်နှင့် ကြားလိုက်ရသည်။ 


"ရှောင်ချီး" 


"ကော မင်း မအိပ်သေးဘူးလား..." 


ဖုယွမ်ကျိုး တခဏမျှ အံ့အားသင့်သွားပြီး ရန်ရှူးထန်ကို ချက်ချင်း ပြောလိုက်သည် ။ 


" ငါ့သူငယ်ချင်း ဖုန်းခေါ်နေလို့ ဖုန်းအရင် သွားပြောလိုက်ဦးမယ်" 


"မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ..." 

ရှန်းရှီကော မေးလိုက်သည်။  


"အတန်းဖော်ဟောင်းပါ ငါ ဒီနေ့ ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သွားမယ်လို့ ပြောခဲ့တယ်လေ မင်း ဘာလို့ မအိပ်သေးတာလဲ...အဲ့မှာ ညနက်နေပြီမလား..." 


ရှန်းရှီကော ခပ်တိုးတိုးရယ်လိုက်သည်။ 


" ငါ အိပ်မရဘူး မင်းအကြောင်း​ တွေးနေလို့လေ" 


"ငါ့အသားတွေတောင် ထုံသွားတယ် ကံကောင်းတာက မင်းက ယောင်္ကျားလေးမို့လို့ပေါ့ မဟုတ်လို့ ရှောင်ဖေးကြားသွားရင် ငါသူ့ကို ဘယ်လိုရှင်းပြရမလဲ...." 


"ဒါဆိုလည်း မရှင်းပြနဲ့ပေါ့" 

ရှန်းရှီကော ပေါ့ပါးစွာ ပြောလိုက်သည် ။

"ဘာဖြစ်မှာမို့လို့လဲ..." 


"သေလိုက်လေ" 


ဖုယွမ်ကျိုး အပြုံးဖြင့် လျှောက်ထွက်သွားလိုက်သည်။ သူ လှည့်ကြည့်လိုက်ချိန်တွင် ရန်ရှူးထန်၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသော်လည်း သူ့စိတ်အစုံက ရှန်းရှီကော အပေါ်တွင် ရောက်နေသောကြောင့် သူ အများကြီး တွေးမနေတော့ပေ။  


ဖုန်းပြောပြီးနောက် သူ အထဲသို့ ပြန်မသွားတော့ဘဲ ယွိဖေးကို တံခါးဝမှ စောင့်နေလေသည်။ ထိုသို့ဖြင့် ရန်ရှူးထန်နှင့် သူ၏ စကားဝိုင်းမှာ ရုတ်တရက် အဆုံးသတ်သွားရတော့သည်။ ၎င်းက အတိတ်ဘဝတွင် သူတို့ နောက်ဆုံး စကားပြောခဲ့ချင်းပင်။ 


ထိုအချိန်တွင် ဖုယွမ်ကျိုး အပြစ်ရှိစိတ် နည်းနည်းလေးမျှ မခံစားခဲ့ရပေ။ သာမန် စကားဝိုင်း အဆုံးသတ်သွားသည်ဟုသာ ထင်ခဲ့သော်လည်း ယခု ပြန်တွေးကြည့်လိုက်သောအခါ သူ ရန်ရှူးထန်အတွက် စိတ်မကောင်းဖြစ်နေမိသည်။ 


ယခုဘဝတွင် သူနှင့် ရန်ရှူးထန် ပို၍ ရင်းနှီးလာခဲ့သည်။ ရန်ရှုးထန်ကိုလည်း သူ ကောင်းကောင်းနားလည်လာသည်။ 


အဲ့အချိန်တုန်းက ရန်ရှူးထန် သူနဲ့ ရင်းနှီးချင်လို့ နေမှာပေါ့...အဲ့နေ့ညက သူ ပြန်လာခဲ့ရင် နောက်ပိုင်း မတူညီတဲ့ ဇာတ်ကြောင်း ဖြစ်သွားမှာလား... 


ဖုယွမ်ကျိုး တွေဝေနေပြီး ရန်ရှူးထန်ကို မျက်တောင်မခတ် ငေးကြည့်နေလေသည်။ အစပိုင်းတွင် ရန်ရှူးထန်က မေးခွန်းများကို အသံတိတ် အဖြေရှာနေသော်လည်း သူ့နောက်ကျောက အနည်းငယ် တင်းကျပ်လာသောအခါ ခေါင်းမော့ကာ မေးလိုက်တော့သည်။ 


" မင်း ဘာတွေ ကြည့်နေတာလဲ..." 


"ငါ..." 

ဖုယွမ်ကျိုး ရုတ်တရက် အသိပြန်ဝင်လာသည်။ ထိုအချိန်မှသာ သူ ရန်ရှူးထန်ကို အကြာကြီးညငေးကြည့်နေမိသည်ကို နားလည်လိုက်သည်။ ထို့ကြောင့် သူ ဆင်ခြေပေးလိုက်သည်။


" မင်းက တော်တော်လေး တော်တာပဲ...အာ မဟုတ်ဘူး..." 


ရန်ရှူးထန်၏ အမူအရာ ထပ်မံ ပြောင်းလဲသွားသည်ကို တွေ့သောအခါ ဖုယွမ်ကျိုး ဆင်ခြေရှာလိုက်ပြန်သည်။ သူ မတ်မတ်ထိုင်လိုက်ပြီး ပြောလိုက်သည်။


" ငါ မင်းကို တောင်းပန်ချင်လို့ အရင်တစ်ခေါက်က ပြောဖို့ အချိန်မရှိခဲ့ဘူး အခု ငါ ဓါတ်ပုံကို ရှာတွေ့ပြီ အဲ့အချိန်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို သိသွားပြီ" 


"ငါ တောင်းပန်ပါတယ်"

သူ့​အမူအရာက လေးနက်နေသည်။

"ပြိုင်ပွဲနေ့တုန်းက ချိန်းဆိုမှုကို ဖျက်ခဲ့ပြီး မင်းကို တစ်နေ့လုံး စောင့်နေရအောင် လုပ်ခဲ့တယ် ငါ တောင်းပန်ပါတယ်" 


ရန်ရှူးထန်က အတော်ကြာ တိတ်ဆိတ်နေပြီး အကြည့်ကို အောက်ချကာ မေးလိုက်သည် ။

" မင်း မှတ်မိတယ်ပေါ့..." 


"အင်း" 

ဖုယွမ်ကျိုး အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ သူ့အမေထံမှ ထိုအရာ အားလုံးကို ကြားခဲ့ခြင်း ဖြစ်သည်။ သူ့အပေါ် အထင်ကြီးစိတ် တစ်ဝက်လောက် လျော့ကျသွားခဲ့ရသည်။ ထိုအချိန်က သူ့အဖျားနှင့် သက်ဆိုင်ကောင်း သက်ဆိုင်နိုင်သည်။ သူ ပြင်းပြင်းထန်ထန် ဖျားခဲ့သည်ကိုသာ မှတ်မိတော့သည်။  


"မင်း ဘာလို့ မလာခဲ့တာလဲ..." 


ရန်ရှူးထျန် မေးလိုက်သည်။  


"ငါ ဖျားသွားလို့ အိမ်မှာပဲ နားနေခဲ့တာ" 

ဖုယွမ်ကျိုး ပြောလိုက်သည်။ 


" အဲ့တုန်းက အခြေအနေက ခြားနားတယ်လေ နောက်ပြီး ငါတို့က ပွဲစီစဥ်သူကို ဆက်သွယ်လို့ မရခဲ့ဘူး ဒါပေမယ့် ဆင်ခြေပေးနေတာတော့ မဟုတ်ပါဘူး ငါ မင်းနဲ့ ချိန်းထားတာကို ရောက်မလာခဲ့တဲ့အတွက် တောင်းပန်ပါတယ်" 


ထိုအကြောင်းကြောင့်ဟု မထင်ခဲ့သောကြောင့် ရန်ရှူးထန် အံ့အားသင်သွားရသည်။ အတန်ကြာသည်အထိ သူ့အမူအရာမှာ မူလအတိုင်း တည်ငြိမ်မနေတော့ပေ။ ယခုတွင် သူ့အမူအရာက ပိုလိုပင် စိတ်ရှုပ်နေသယောင်။ နောက်ဆုံးတွင် သူ့ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်သည် ။ 


" ငါ မင်းကို အပြစ်မတင်ပါဘူး" 


"ဒါပေမယ့် ရလဒ်ကတော့ တူတူပဲလေ" 

ဖုယွမ်ကျိုး ပြောလိုက်သည်။

" အရင်တစ်ခေါက်ကလည်း ငါ မင်းကို မတော်တဆ နမ်းမိသွားတယ် ငါ တကယ်ကို..." 


"အဲ့အကြောင်း မပြောနဲ့" 

ရန်ရှူးထန် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာသည်အထိ မတ်တတ်ရပ်နေပြီးမှ ပြန်ထိုင်လိုက်သည်။ သို့သော် သူ့နားရွက်များက အနည်းငယ်အနီရောင်သန်းနေသည်။ 


"အရင်တစ်ပတ်က ကိစ္စအတွက် ငါ မင်းကို အပြစ်မမြင်ပါဘူး" 


သူ ထိုသို့ပြောလိုက်သောအခါ ဖုယွမ်ကျိုးက စိတ်အနှောက်အယှက် ဖြစ်မသွားပေ။ သူ မတတ်နိုင်သောကြောင့်ပင်။ ထို့​ကြောင့် သူ ပြိုင်ပွဲအကြောင်း ဆက်ပြောလေသည်။ 


" မင်း အခုထိ အဲ့ကိစ္စကို စိတ်ဝင်စားသေးတယ်ဆိုရင် တစ်နေ့တာရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ ငါတို့ နောက်ကျရင် ပြိုင်လို့ရတယ်လေ" 


"အခု ပြိုင်ရင်ရော..." 

ရန်ရှူးထန် သူ့မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး သူ့ကို မော့ကြည့်လေသည် ။

"အိမ်မှာ စစ်တုရင် ကစားဖို့ အရုပ်တွေ အများကြီး ရှိတယ်" 


"အခုတော့ မဟုတ်သေးဘူးလေ" 

ဖုယွမ်ကျိုး ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။

" ငါ စည်းမျဥ်းတွေကို မေ့နေပြီ ငါ ပြန်သင်တာကို စောင့်ပေးဦး" 


"အိုကေ" ရန်ရှူးထန် ပြန်ပြောလိုက်သည်။  


သူတို့နှစ်ယောက် အတော်ကြာ တိတ်ဆိတ်သွားလေသည်။ ရန်ရှူးထန် နူးနူးညံ့ညံ့ ပြောသည်ကို ကြားလိုက်ရသောအခါ သူ့ကို ဘာတောင်းပန်စရာ ရှိသေးလဲဟု ဖုယွမ်ကျိုး တွေးနေလေသည်။  


"အထက်တန်း ပထမနှစ်တည်းက မင်း ငါ့ကို လုံးဝ မမှတ်မိတာကိုလည်း သိတယ် ပြိုင်ပွဲကို အထင်မကြီးတာလဲသိတယ်" 


"ငါ့ကိုယ်ငါ ပြောပြခဲ့တယ် မင်းကို မတွေရတာလဲ နှစ်တော်တော်ကြာပြီ ငါ အခု ကြီးလာပြီဆိုတော့ မင်း ငါ့ကို မမှတ်မိတာ ပုံမှန်ပါပဲ လို့လေ ဒါပေမယ့် ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ခဲ့ဘူး တစ်ခါတစ်လေကျရင် ငါ ဒေါသထွက်တယ် ငါ့အပြစ်ဆိုပြီးတော့လေ ငါ မင်းကို တောင်းပန်ချင်ခဲ့တယ်" 


ဖုယွမ်ကျိုး အနည်းငယ် ရှက်နေ၏။ ၎င်းက အမှန်ဖြစ်သည်။ ပြိုင်ပွဲ လွန်ခဲ့သော ခုနှစ်နှစ် ရှစ်နှစ်ကပင်။ ထို့ပြင် သူတို့နှစ်ယောက်ကလည်း အများကြီး ပြောင်းလဲသွားသည်။ သို့သော် ရန်ရှူးထန်က သူ့ကို ချက်ချင်း မှတ်မိနိုင်ခဲ့သည်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ မှတ်ဉာဏ်နဲ့ စွဲလမ်းမှုကြီးလဲ။ 


"တစ်ရက် မင်း ကျောင်းက ပြန်လာတော့ မင်း ငါ့ကို စကားတစ်ခွန်း ပြောပြခဲ့တယ် မင်း ပြောခဲ့တာက 'မင်းငါ့ကို တစ်ချိန်လုံး ကောင်းကောင်းမွန်မွန်ဆက်ဆံနေခဲ့တာပဲ' တဲ့ ငါ အရမ်း ပျော်သွားခဲ့တာ ဒါပေမယ့် နောက်တော့..."


ရန်ရှူးထန် ထပ်မပြောတော့ပေ။ ဖုယွမ်ကျိုး အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။ သူ ထိုစကားကို ရန်ရှူးထန်အား ဒေါသဖြင့် ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် ရန်ရှူးထန်က အထင်လွဲသွားပြီး အကောင်းပြောသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်း သူ ဓါတ်ပုံတွေကို လုံးဝ မမှတ်မိခဲ့ပေ။ ရန်ရှူးထန် ဒေါသထွက်ခဲ့တာ မထူးဆန်းတော့ပါချေ။ 


သူ အတန်ကြာသည်အထိ တွေးလိုက်ပြီးနောက် ပြောလိုက်သည် ။ 


" တကယ်လို့ မင်း ဆန္ဒရှိမယ်ဆိုရင် အတိတ်က ဖြစ်ရပ်တွေကို ဒီတိုင်းထားလိုက်ရအောင် အခုကစပြီး ငါတို့က သူငယ်ချင်းတွေ လုပ်ကြမယ်လေ" 


ထို့နောက် သူ လက်ကို ဆန့်ထုတ်လိုက်ကာ ရန်ရှူးထန်ကို ပြုံးပြလိုက်သည်။ 


" အနာဂတ်မှာ ငါတို့ တစ်ယောက်ဆီကတစ်ယောက် သင်ယူကြမယ် ငါ့ကိုလည်း ဂရုစိုက်ပေးပါ မင်း နောက်ကျရင် ငါ့ကို ဆက်ပြီး ဂိုက်သင်ပေးဖို့ လိုနေတုန်းပဲနော်" 


"အိုကေ..." 


ရန်ရှူးထန် တခဏတာ မှင်တက်သွားပြီးနောက် လက်ကို ဆန့်ထုတ်လိုက်ကာ ဖုယွမ်ကျိုး၏ လက်ကို ကိုင်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် အလျင်အမြန်ပင် လက်ကို ပြန်ထုတ်ယူလိုက်သည်။  


"တိုက်ဆိုင်တယ်လို့ မင်းမထင်ဘူးလား..." 

ဖုယွမ်ကျိုး အပြုံးဖြင့် ပြောလိုက်သည်။


" မင်းက ငါ့ထက် အသက်နှစ်နှစ်တောင် ငယ်တယ်လေ ဒါပေမယ့် မင်းက အတန်းကျော်နိုင်ပြီး နံပါတ် ၁ အထက်တန်းကျောင်းကို ဝင်နိုင်ခဲ့တယ်လေ မင်းနဲ့ငါက အတန်းဖော်တွေ ဖြစ်လာတယ် ခုံတောင် တစ်ခုံတည်းထိုင်ရတယ်လေ" 


"အဲ့တာ တိုက်ဆိုင်တာ မဟုတ်ဘူး" 


ရန်ရှူးထန် ပြောလိုက်သည်။  


"?" 

ဖုယွမ်ကျိုး စိတ်ရှုပ်သွားရသည်။  


"ငါ အတန်းကျော်တယ်ဆိုတာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူး" 


ရန်ရှူးထန် သူ့လက်သူ အနည်းငယ် ခပ်တင်းတင်း ဆုတ်ကိုင်ထားပြီး ပွင်ပွင့်လင်းလင်း ပြောရန်အတွက် သတ္တိအားလုံးကို ထုတ်သုံးနေသယောင်။ 


"ငါ မင်းအတွက် လုပ်ခဲ့တာ...ငါ မင်းကို ဟိုးအရင်တည်းက တွေ့ဖူးတယ် အတန်းနှစ်တန်းကို တစ်ခါတည်း ကျော်နိုင်ဖို့ ငါ နှစ်နှစ်လောက် အချိန်ယူခဲ့ရတယ် အဲ့တာမှ မင်းနဲ့အတူ စာသင်နိုင်ပြီး မင်း ငါ့ကို သိလာနိုင်မှာလေ" 


ဖုယွမ်ကျိုး မှင်တက်သွားရတော့သည် ။ 


" မင်း ငါ့အတွက် လုပ်ခဲ့တာ..." 


ရန်ရှူးထန် တိတ်ဆိတ်သွားပြီး သူ့မျက်နှာက နီရဲသွားတော့သည်။ သူ ၎င်းကို ဒုတိယအကြိမ်အဖြစ် လက်မခံနိုင်ပေ။  


ဒါဆို အရင်ဘဝတုန်းက မင်း ဘာလို့ ဘာမှ မပြောခဲ့တာလဲ...ဘာလို့ မင်း တစ်ယောက်တည်းပဲ ကြိတ်ခံစားနေတာလဲ...မင်း ဝမ်းနည်းနေခဲ့ရတယ်မလား... 


ထိုအခိုက်အတန့်တွင် ဖုယွမ်ကျိုးထံ၌ ပြောစရာ စကားအများကြီး ရှိနေသော်လည်း သူ ပြောမထွက်နိုင်ပေ။ စိတ်ထဲတွင် နောင်တရမှုနှင့် ပျော်ရွှင်မှု နှစ်မျိုးလုံးကို ခံစားလိုက်ရသည်။  


အတိတ်ဘဝ သူတို့ကြားတွင် တင်းမာမှုများ ရှိခဲ့သည်မှာ သနားစရာပင်။ ထို့ကြောင့် သူတို့၏ ဆက်ဆံရေးက ဆိုးဝါးခဲ့ပြီး သူတို့က သူစိမ်းများ ဖြစ်လာခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ယခုဘဝတွင် အရာအားလုံးကို ပြန်စတင်ရန် အခွင့်အရေး ရခဲ့သည်။ သူတို့က အထင်လွဲမှုများ အားလုံးကို ဖြေရှင်းခဲ့ပြီး သူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။  


ရန်ရှူးထန်က သူ့ကို မုန်းနေခြင်း မဟုတ်ခဲ့ဘဲ အလွန်အလေးထားကြောင်း သိလာရသည်။  


ဖုယွမ်ကျိုး စိတ်အခြေအနေ ကောင်းနေသောကြောင့် ပြုံးနေသည်။ ရုတ်တရက် စားပွဲပေါ် တင်ထားသော သူ့ဖုန်းက လှုပ်လာလေသည်။ ရှဲ့လင် သူ့ကို ခေါ်ဆိုနေခြင်းပင်။  


"မင်း ဘယ်မှာလဲ..." 


သူ ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရှဲ့လင်က တိုတိုပြတ်ပြတ် မေးလာသည်။  


"ငါ..." 


ဖုယွမ်ကျိုး ပြောစရာ စကားမဲ့နေလေသည်။ သူ ထွက်လာစဥ်က ဖုယွမ်ကျိုးကို သူ မပြောခဲ့ပေ။ သူ့မိသားစုကိုလည်း သူ ဘယ်သွားမည်ကို မပြောခဲ့ပေ။ ရှဲ့လင် သူ့အိမ်ကို သွားသောအခါ သူ့ကို မတွေ့သောကြောင့် ဖုန်းခေါ်လိုက်ခြင်း ဖြစ်ပါသည်။  


"မင်း ရန်ရှူးထန်နဲ့ အတူတူ စာလုပ်နေတာမလား..." 


ရှဲ့လင် မေးလိုက်သည်။  


"မင်း ဘယ်လိုသိတာလဲ..." 


ဖုယွမ်ကျိုး အံ့အားသင့်သွားလေသည်။ ထို့နောက် ရှဲ့လင် ခန့်မှန်းလိုက်ခြင်းဖြစ်မည်ဟု သူ တွေးလိုက်သည်။ ရှဲ့လင် သူ့ကို ကောင်းကောင်း သိသောကြောင့် သူ ခန့်မှန်းနိုင်သည်မှာ အံ့ဩစရာ မရှိပေ။  


"ဘယ်တော့ပြီးမှာလဲ..." 


"နေ့လည်တောင် ရောက်နေပြီပဲ" 


ဖုယွမ်ကျိုး နံရံမှ နာရီကို ကြည့်လိုက်ပြီး နေ့လည်ပင် ရောက်နေပြီကို တွေ့လိုက်ရသည်။  


"ငါ မင်းကို လာရှာမယ်" 

ရှဲ့လင် ပြောလိုက်သည်။ 


" မင်း ကြိုက်တဲ့ အနောက်တိုင်း စားသောက်ဆိုင်ကို သွားစားမယ်လေ" 


"အိုကေ" 

ဖုယွမ်ကျိုး ပျော်သွား၏။

" ဒါဆို စားသောက်ဆိုင် ရှေ့မှာပဲ တခါတည်း တွေ့ကြမယ်လေ" 


 "အိုကေ" 


ဖုယွမ်ကျိုး ဖုန်းချပြီးနောက် ပစ္စည်းများကို သိမ်းလိုက်ကာ ရန်ရှူးထန်ကို နှုတ်ဆက်လိုက်သည်။ ရန်ရှူးထန် သူ့ဘေးတွင် ရပ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။ အချို့သော အကြောင်းများကြောင့် ရန်ရှူးထန်၏ ထိုပုံစံက အတိတ်ဘဝက ရန်ရှူးထန်၏ ကျောင်းသားဟောင်း တွေ့ဆုံပွဲမှပုံစံကို သတိရစေသည်။ ထို့ကြောင့် သူ မေးလိုက်သည်။ 


" မင်း အနောက်တိုင်း အစားအသောက်တွေကို ကြိုက်လား... ငါနဲ့ လိုက်ခဲ့မလား..." 


"ငါ လိုက်လို့ရလား..." 


ဖုယွမ်ကျိုး ခေါင်းငြိမ့်ပြလိုက်သည် ။

" သူငယ်ချင်းတွေ အတူတူစားတာ ဘာဖြစ်မှာ မို့လို့လဲ..."


၎င်းကို ကြားသောအခါ ရန်ရှူးထန်၏ မျက်လုံးများက အနည်းငယ် စိတ်ရှုပ်သယောင် ဖြစ်သွားသည်။ သူ ဖုယွမ်ကျိုးနှင့်အတူ လိုက်သွားလေသည်။ သူတို့ စားသောက်ဆိုင်ရှေ့ ရောက်သွားသောအခါ ရှဲ့လင် တစ်ယောက်တည်း မဟုတ်ဘဲ ယွိဖေးပါ ရှိနေသည်ကို ဖုယွမ်ကျိုး တွေ့လိုက်ရသည်။ ယွိဖေးလည်း သူ့အိမ်သို့သွားကာ သူ့ကို သွားရှာခဲ့ခြင်းဖြစ်သည်။  


ရန်ရှူးထန် သူနှင့် လိုက်လာသည်ကို တွေ့သောအခါ ရှဲ့လင် သူ့ကို ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြကာ ဟယ်လို ဟု နှုတ်ဆက်လိုက်သည်။ ယွိဖေး ဘာမှ မပြောဘဲ ဖုယွမ်ကျိုး၏ လက်ကိုင် တယုတယကိုင်ပြီး စားသောက်ဆိုင်ထဲသို့ ခေါ်သွားလေသည် ။ 


" မင်း ဗိုက်ဆာနေပြီလား သွားစားရအောင်" 


သို့သော် ယွိဖေး တံခါးကို တွန်းလိုက်ချိန်တွင် ဖုယွမ်ကျိုး၏ သူငယ်အိမ်များက ကျုံ့သွားလေသည်။ အကြောင်းမှာ ရှန်းရှီကော အထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။  


သူ့ကို တကယ် ခြောက်လှန့်နေတာပဲ...ဘာလို့ ဒီမှာ ရှန်းရှီကောနဲ့ တွေ့ရတာလဲ... 


ဖုယွမ်ကျိုး ဘယ်လိုလုပ် အထဲဝင်သွားရဲမှာလဲ... သူ ချက်ချင်း လှည့်ထွက်သွားတော့မည့် အချိန်တွင် ယွိဖေးက အံ့အားသင့်နေသည်။ ထို့နောက် ရှေ့သို့ လျှင်မြန်စွာ လျှောက်သွားလိုက်ရင်း ရှန်းရှီကော၏ စားပွဲဆီ သွားလေသည်။ ထို့နောက် အပြုံးဖြင့် နှုတ်ဆက်လိုက်သည် 


"လော့ရန်စုန့် မင်း ဘယ်တုန်းက တရုတ်ကို ပြန်ရောက်တာလဲ..." 


ဖုယွမ်ကျိုး၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားေတာ့သည်။