Chapter 31
Viewers 2k

♎️Chapter 31




ရှောင်ဖေးက ဘယ်လိုလုပ် ရှန်းရှီကောနဲ့ သိနေတာလဲ...


ဖုယွမ်ကျိုး ထိုနေရာတွင် မတ်တတ်ရပ်နေပြီး သူ့အမူအရာက ဗလာဖြစ်နေသည်။ ထိုလူနှစ်ယောက် မည်သို့ သိနေသည်ကို သူ သိချင်နေ၏။ သူတို့နှစ်ယောက်လုံးက နိုင်ငံခြားတွင် နေခဲ့ဖူးသော်လည်း တစ်နိုင်ငံတည်း မဟုတ်ပေ။ ထို့ပြင် အတိတ်ဘဝတွင် သူ မိတ်ဆက်ပေးမှုကြောင့် အကြိမ်ရေ အနည်းငယ်သာ တွေ့ဖူးသည်။


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...


ထိုအခိုက်အတန့်တွင် ဖုယွမ်ကျိုး ပြေးသွားပြီး ယွိဖေးကို ဆွဲကာ ထွက်ပြေးချင်ခဲ့သည်။ သို့သော် ယွီဖေးက ရှန်းရှီကောနှင့် စကားပြောနေသောကြောင့် သူ မသွားရဲပေ။ 


ယွီဖေး ပြုံးကာ ရှန်းရှီကောကို မေးလိုက်သည် ။


" မင်း ဘယ်တုန်းက တရုတ်ကို ပြန်ရောက်တာလဲ..."


"သုံးရက်ပဲ ရှိသေးတယ် ခဏလာတာမို့လို ဘယ်သူ့ကိုမှ မပြောတာ"


 ရှန်းရှီကော အပြုံးဖြင့် ပြန်ပြောလိုက်သော်လည်း အနည်းငယ် အံ့အားသင့်နေသည်။


 " ငါ တရုတ်ကို ပြန်လာမယ်ဆိုတာ မင်း သိတာလား...ငါ မင်းနဲ့ တွေ့မယ်လို့ ထင်မထားဘူး"


"ငါ့မိသားစုက ဒီမှာနေတာလေ ဒီနေ့ သူငယ်ချင်းတွေနဲ့ အတူတူ နေ့လည်စာ စားမလို့ မင်းမှာ ချိန်းထားတာ မရှိရင် ငါတို့နဲ့ လာစားလေ" 


ယွီဖေး ပြောလိုက်သည်။ 


"အိုကေ"


ရှန်းရှီကော မငြင်းပေ။ ယွီဖေး ပြုံး​လိုက်ပြီးနောက် ရှဲ့လင်နှင့် တခြားသူများဘက် လှည့်ကာ ပြောလိုက်သည် ။


" ဒါ ငါ နိုင်ငံခြားမှာတုန်းက ဆုံခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပဲ ငါနဲ့ သူက..." 


သူ စကားပြောနေတုန်း တစ်ဝက်တစ်ပြတ်အချိန်တွင် အံ့အားသင့်စွာ မေးလိုက်သည် ။

"ကျိုးအာ ဘယ်မှာလဲ..."


"သူ သန့်စင်ခန်းကို သွားတယ်" 

ရှဲ့လင် ပြောလိုက်သည်။ 


ဖုယွမ်ကျိုး သန့်စင်ခန်းထဲသို့ အလျင်စလို ပြေးဝင်သွားပြီး တံခါးကို လောခ့်ချလိုက်သည်။ သူက ထိတ်လန့်နေဆဲဖြစ်ပြီး အတန်ကြာမှ သက်ပြင်းချလိုက်သည်။ 


ကံကောင်းလို့ပေါ့ သူ မြန်မြန်ပြေးလာလို့ အဲ့အချိန်တုန်းက ရှန်းရှီကောက ရှောင်ဖေးနဲ့ စကားပြောနေတာဆိုတော့ သူ့ကို မမြင်လောက်ပါဘူး...


သူ နားမလည်နိုင်ဖြစ်သွားပြီး ထိုနှစ်ယောက် မည်သို့သိသည်ကို မခန့်မှန်းနိုင် ဖြစ်နေသည်။ နေ့လည်စာစားပြီးရင် ရှောင်ဖေးနဲ့ ရှန်းရှီကောကို သေချာခွဲထားရမယ် မဟုတ်လို့ သူတို့ ခဏခဏ ဆက်သွယ်နေရင် သူ့ကို မှတ်မိနိုင်ခြေ ပိုများသွားလိမ့်မယ်...


အကယ်၍ သူ ရှောင်ဖေးကို ရှန်းရှီကောနှင့် ဝေးဝေးနေရန် ပြောချင်ပါက သူ အကြောင်းပြချက် ရှာရမည်ဖြစ်သည်။ သူ ရှောင်ဖေးကို ဘယ်လို သိမ်းသွင်းပြောရမလဲ။


ဖုယွမ်ကျိုး တခဏမျှ တွေးနေလိုက်သည်။ သို့သော် သင့်တော်သော အကြောင်းပြချက်ကို မရှာနိုင်ဖြစ်နေသည်။ သို့သော် သူ ယနေ့ ဒီနေရာမှ ထွက်ပြေးရမည်ဖြစ်သောကြောင့် သူ နေလို့မကောင်းဘူးဟု အကြောင်းပြကာ ထွက်ပြေးမည် ဖြစ်သည်။ 


ထိုသို့လုပ်မည်ဟု တွေးထားလိုက်ရင်း တံခါးကို ဖွင့်ကာ အိမ်သာထဲမှ ထွက်လိုက်ချိန်တွင် ရှန်းရှီကော ကျောပေးကာ လက်ဆေးနေသည်ကို တွေ့လိုက်ရသည်။ သူ လှည့်လာချိန်တွင် သူတို့ တစ်ယောက်ကို တစ်ယောက် မြင်သွားကြသည်။ 


"..."


ထိုအခိုက်အတန့်တွင် ဖုယွမ်ကျိုး၏ တစ်ကိုယ်လုံးက တောင့်တင်းနေပြီး ထူးဆန်းသော အမူအရာကို မပြမိစေရန် အစွန်းကုန် ကြိုးစားနေရလေသည်။ 


ရှန်းရှီကော သူ့ကို ရင်းရင်းနှီးနှီး ပြုံးပြပြီး ဆက်၍ လက်ဆေးနေလေသည်။ သူ့ကို အရမ်းအာရုံမစိုက်သည်ကို တွေ့သောအခါ ဖုယွမ်ကျိုး သက်ပြင်းချလိုက်ပြီး အလျင်အမြန် လှည့်ထွက်သွားတော့သည်။ 


ချောမောခန့်ညားသော လူငယ်က တစ်ရှူးတစ်ရွက်ကို ထုတ်လိုက်ပြီး လက်ကို ဖြေးညှင်းစွာ သုတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ဖုယွမ်ကျိုး၏ ကျောပြင်သို့ အကြည့်ရောက်လာချိန်တွင် ရုတ်တရက် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားတော့သည်။ 


ထိုပုံရိပ်လေးကို အလွန်ရင်းနှီးနေသောကြောင့် သူ့မျက်လုံးထဲတွင် အလင်းရောင် အနည်းငယ် ဖြတ်သန်းသွားသည်။ ထို့နောက် သူ့လက်များက တင်းကျပ်သွားသည်။ သို့သော် သူ့ကို မဆင်မခြင် မစစ်ဆေးသင့်ပေ။ ထိုအစား သူ မေးလိုက်သည်။


 " မင်းက ယွီဖေးရဲ့ သူငယ်ချင်းလား..."


ထိုသူက ရှောင်ချီးအကြောင်း ပြောခြင်း မဟုတ်ပေ။ အကယ်၍ ဟုတ်ခဲ့ပါက သူ ချက်ချင်း ထွက်ပြေးသွားမည် ဖြစ်သည်။ ရှန်းရှီကော၏ မေးခွန်းမှာ သူနှင့် ယွီဖေးကြားရှိ ဆက်ဆံရေးပင်။ သူ ယခင်က အလျင်အမြန် လမ်းလျှောက်လာခဲ့ခြင်း ဖြစ်ပြီး သူတို့ ဘာတွေပြောနေခဲ့သည်ကို သူတို့မသိပေ။ သူ ဤနေရာမှ ထွက်ပြေးသွားပါက သံသယဝင်စရာ ဖြစ်နေပေလိမ့်မည်။ 


သူ့ကို မမှတ်မိလောက်ပါဘူး ဟုတ်တယ်မလား...


"ဟုတ်တယ်" 

စွန့်စားရင်း ဖုယွမ်ကျိုး အပြုံးဖြင့် လှည့်ဖြေလိုက်သည် ။

" မင်း ဘယ်လိုလုပ် သိတာလဲ..."


"ငါက ယွီဖေးနဲ့ နိုင်ငံခြားမှာ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းပါ သူ့သူငယ်ချင်းတစ်ယောက် သန့်စင်ခန်းသွားတယ်ဆိုလို့လေ မင်း ဖြစ်မယ်ထင်လို့"


ရှန်းရှီကော ပြုံးလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ဖုယွမ်ကျိုး ကိုယ်ပေါ်သို့ နည်းနည်းချင်းစီ ကျရောက်သွားလေသည်။ သူ့ကို ခေါင်းအစ ခြေအဆုံး ကြည့်ပြီးသောအခါ သူပုံစံက အဖိုးတန်သော အနုပညာ အပိုင်းအစတစ်ခုကို ကြည့်နေသကဲ့သို့ ဖြစ်သွားတော့သည်။ 


ထိုအကြည့်က ယခင်ဘဝမှ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့သည့်အချိန်ကကဲ့သို့ တစ်ပုံစံတည်းပင်။ ဖုယွမ်ကျိုး အလွန်ပျာယာခတ်သွားသည်။ ရှန်းရှီကော သူ့ကို မှတ်မိခြင်းကြောင့်လား သို့မဟုတ် သူ့ရုပ်ရည်ကို သဘောကျခြင်းကြောင့်လား သူမသိပေ။ 


ရှန်းရှီကော တစ်ရှူးကို လွှင့်ပစ်လိုက်ပြီး သူ့ဆီသို့ အပြုံးဖြင် လျှောက်လာလေသည် ။


" အတူတူ သွားကြမလား..."


"မလိုပါဘူး" 

ဖုယွမ်ကျိုး သူ၏ မြန်ဆန်နေသော နှလုံးခုန်နှုန်းကို သည်းခံလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည် ။

" ငါ နေလို့မကောင်းလို့ အရင်ပြန်နှင့်မယ်"


"ဘယ်နေရာက နေလို့မကောင်းတာလဲ..." 

ရှန်းရှီကော မျက်လုံးများက တခြားနေရာသို့ ရောက်မသွားဘဲ သူဆီမှ မခွာပေ ။


" ငါ မင်းကို ဆေးရုံလိုက်ပို့ပေးမယ်လေ"


"ငါ ပြန်တော့မယ်" 


ဖုယွမ်ကျိုး အိမ်ကို ပြန်မည်ဟု ပြောချင်သော်လည်း ထိုလူ သူ့အိမ်နံပါတ်အား သိသွားမည်ကို စိုးရိမ်၏။ 


တကယ်လို့ သူ အရင်ပြန်သွားလို့ ရှန်းရှီကောက သူ့အိမ်နံပါတ်ကို ရှောင်ဖေးကို မေးရင် ဘယ်လိုလုပ်မလဲ...သူ့မှာ ရှောင်ဖေးကို ပြောဖို့အချိန်မရှိဘူး.။


သူက စိတ်ပြောင်းသွားသည့်ပုံစံဖြင့် ပြောလိုက်သည်။


" ယွီဖေးကို လိုက်ပို့ခိုင်းလိုက်မယ်" 

ထိုနည်းလမ်းဖြင့် ရှောင်ဖေးအား သူ့အကြောင်း မေးမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ 


"ငါပါ လိုက်ခဲ့မယ်" 

ရှန်းရှီကော ပြောလိုက်သည် ။


" မင်းကို ဂရုစိုက်ပေးမယ့်လူ ပိုများတော့ ပိုအဆင်ပြေတာပေါ့"


"တကယ်ကို မလိုပါဘူး" 


ဖုယွမ်ကျိုး ထပ်၍ ငြင်းဆန်တော့မည့်အချိန်တွင် သန့်စင်ခန်းတံခါးကို အပြင်မှ ဆွဲဖွင့်ခံလိုက်ရ၏။ ယွိဖေး သူ့ကို လာရှာခြင်းပင်။ သူ့ကို တွေ့သောအခါ သူ ပြုံးကာ မေးလိုက်သည် ။


" ကျိုးအာ မင်း ထွက်မလာတာကြာနေတာနဲ့ ငါ မင်းကို လာရှာတာ" 

ထို့နောက် သူရှေ့မှ လူနှစ်ယောက်ကို ကြည့်လိုက်သည် ။

" မင်းတို့ စကားပြောနေတာလား..."


"ဟုတ်တယ်" 

ရှန်းရှီကော ဖုယွမ်ကျိုးကို မျက်တောင်မခတ် ကြည့်နေရာမှ အကြည့်လွှဲလိုက်၏ ။


" မင်းရဲ့ သူငယ်ချင်း ပြောတာတော့ သူ နေလို့မကောင်းလို့တဲ့ အဲဒါ သူ့ကို ဆေးရုံသွားဖို့ လိုမလို မေးနေတာ"


"မင်း နေလို့မကောင်းဘူးလား..." 

ယွီဖေး စိုးရိမ်စိတ်ဖြင့် ဖုယွမ်ကျိုး အနားသို့ လျှောက်လာပြီး သူ့ပခုံးကို ကိုင်လိုက်၏။


 " ဘာဖြစ်လို့လဲ.."


"အဆင်ပြေပါတယ် အခု ပိုနေလို့ကောင်းလာပါပြီ"


သူ ထွက်ပြေးလို့ မရနိုင်သည်ကို ဖုယွမ်ကျိုး နားလည်လိုက်သောအခါ ဖုယွမ်ကျိုး ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။


 " ပြန်သွားပြီး စားရအောင်"


"တကယ် ကောင်းတာလား..." 

ယွိဖေး စိတ်ပူနေတုန်းပင်။ 


"အဆင်ပြေပါတယ်" 

ဖုယွမ်ကျိုး သူ့ လက်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။

" သွားရအောင်"


ဖုယွမ်ကျိုး သူ့လက်ကို ဆွဲလိုက်သောအခါ ယွီဖေး၏ အမူအရာက ပို၍ နူးညံ့သွားပြီး ဖုယွမ်ကျိုး၏ လက်ကို ပြန်ကိုင်ကာ သူ့နောက်လိုက်သွားလေသည်။ 


ရှန်းရှီကော သူတို့နှစ်ယောက်နောက်မှ လိုက်လာခဲ့သည်။ သူ့မျက်လုံးများက ဖုယွမ်ကျိုး၏ နောက်ကျောကိုသာ ကြည့်နေလေသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် တွန့်ကွေးသွားပြီး သူ့မျက်လုံး အောက်ခြေတွင် အပြုံးတစ်ခု ပေါ်လာလေသည်။ သို့သော် တွဲထားသော လက်များအပေါ်သို့ အကြည့်ရောက်သွားချိန်တွင် သူ့ မျက်လုံးများက စိုးရိမ်သွားသယောင် အရောင်မှိန်သွားလေသည်။ 


သူတို့သုံးယောက် ထိုင်လိုက်လေသည်။ ရန်ရှူးထန်နှင့် ရှဲ့လင်က သူတို့ကို စောင့်နေ၏။ အစာများ မှာနေချိန်တွင် ဖုယွမ်ကျိုး သူ့အကြိုက်ဟင်းများကို တမင်တကာ ဖယ်၍ မှာနေချိန် ရှန်းရှီကောက ဖုယွမ်ကျိုး အကြိုက်ဟင်းများကို မှာနေ၏။ ထို​အခြင်းအရာကို ရှဲ့လင် တွေ့သောအခါ ဖုယွမ်ကျိုးကို ကြည့်လိုက်ပြီးနောက် ဘာမှ မပြောပေ။ 


ယွီဖေးမှလွဲ၍ ရှဲ့လင်နှင့် ရန်ရှူးထန်က ရှန်းရှီကောကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ဖုယွမ်ကျိုးလည်း သူ့ကို တခြားသူများအမြင်တွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သောကြောင့် ယွီဖေးက သူတို့နှစ်ဖက်လုံးကို မိတ်ဆက်ပေးရန် တာဝန်ရှိ၏။ သူ ပြုံးကာ ပြောလိုက်သည်။


 " ဒါက ငါ ငယ်ငယ်တည်းက သိလာတဲ့ သူငယ်ချင်း သူ့နာမည်က ဖုယွမ်ကျိုး"


"ဖုယွမ်ကျိုး..."


ရှန်းရှီကော သူ့ကို ဖြည်းဖြည်းချင်း ကြည့်လိုက်ပြီပြုံးပြလေသည်။

"နာမည်ကောင်းလေးပဲ"


ဖုယွမ်ကျိုး သူ့ကို ပြန်ပြုံးပြလိုက်သော်လည်း ဓါးကိုင်ထားသော သူ့လက်များက အနည်းငယ် ချွေးထွက်နေ၏။ 


"ဒါက ရှန်းရှီကော များသောအားဖြင့်တော့ သူ့ကို လော့ရန်စုန့်လို့ခေါ်တယ် မင်း ကြိုက်သလို ခေါ်လို့ရပါတယ်" 

ယွီဖေး မိတ်ဆက်ပေးပြီးနောက် ရှန်းရှီကောကို မေးလိုက်၏ ။


" ဒီတစ်ခေါက် မင်း ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ..."


"ငါ လိုင်းပေါ်မှာ တွေ့ခဲ့တဲ့သူငယ်ချင်းနဲ့ လာတွေ့တာ" 

ရှန်းရှီကော ပြောလိုက်သည်။


 "ဒါပေမယ့် ငါ သူ့ကို မတွေ့ဖူးသေးဘူး ငါ သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့မိလို့ဖြစ်မယ် သူ ငါ့ကို အဆက်အသွယ်ဖြတ်ထားတယ်"


သူ ဖုယွမ်ကျိုးကို တစ်ချိန်လုံး ကြည့်နေ၏ ။


" ယွမ်ကျိုးက ငါ့သူငယ်ချင်းနဲ့ တော်တော်တူတယ် ငါ မင်းကို မေးချင်နေတာ မင်းသာ ငါ့သူငယ်ချင်းဆို ဘာလို့ ငါ့ကို စိတ်ဆိုးနေတာလဲလို့လေ..."


"ငါ မသိဘူး" 

ဖုယွမ်ကျိုး သူ့မျက်လုံးများကို ရှောင်လိုက်သည် ။


" ငါက သူ မဟုတ်ဘူးလေ သူ ဘာတွေးနေလဲ ငါ မခန့်မှန်းတတ်ဘူး အကြောင်းအရင်းက အရမ်း ရှုပ်ထွေးမယ်ထင်တယ်"


"တကယ်လား..." 

ရှန်းရှီကော သက်ပြင်းဖွဖွချလိုက်၏။

" ဟုတ်မှာပေါ့ ငါတို့ အရင်က ဆက်ဆံရေးကောင်းတယ် ရုတ်တရက်ကြီး သူ ငါ့ကို လျစ်လျူရှုလာတော့တာပဲ"


"မင်း သူ့ကို တန်ဖိုးထားတာလား..."

 ယွိဖေး မေးလိုက်သည်။ 


ရှန်းရှီကော ပြုံးကာ ခေါင်းငြိမ့်လိုက်၏ ။

"ဒါပေါ့ မဟုတ်ရင် ဘယ်လာပါ့မလဲ... ငါ သူ့နာမည်ကိုလည်း မသိဘူး သူ့ပုံစံကိုလည်း မသိဘူးလေ"


၎င်းကို ကြားသောအခါ ယွိဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ထို့နောက် သူ ရှန်းရှီကောကို ကြည့်လိုက်သည်။ ထိုအချိန်တွင် ရှန်းရှီကောက ဖုယွမ်ကျိုးကို ကြည့်နေသည်။


 ဖုယွမ်ကျိုးက မျက်လွှာချထားပြီး ဘာမှမပြောပေ။ သူ၏ ပင်ကို ရွှင်ပြသော အမူအရာမျိုးနှင့် မဟုတ်ဘဲ မှာထားသည်များကိုသာ စားနေလေသည်။ 


"လော့ရန်စုန့်" 

သူ ပြောလိုက်သည်။

 " ငါနဲ့လိုက်ခဲ့"


ရှန်းရှီကော မျက်ခုံးပင့်လိုက်ပြီးနောက် သူ့နောက်သို့ လိုက်ကာ စားသောက်ဆိုင် တစ်နေရာ၏ တိတ်ဆိတ်သော ထောင့်စွန်းနေရာသို့ သွားလေသည်။ 


ယွိဖေး နံရံကို ခပ်ပေါ့ပေါ့ မှီလိုက်သည်။ ထို့နောက် သူ့ဖုန်းကို ဖွင့်လိုက်ပြီး သူ ယခုလေးတင် ရရှိခဲ့သော မက်ဆေ့်ချ်ကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို လှည့်ကာ ရှန်းရှီကောကို မေးလိုက်သည်။

 

" မင်း ခုနက ကျိုးအာကိုပဲ ကြည့်နေတာ သူက မင်းရဲ့ လိုင်းပေါ်က သူငယ်ချင်းလို့ ထင်နေလို့လား..."


ရှန်းရှီကော သူ့ကို ကြည့်နေပြီး တခဏကြာသောအခါ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

 " ဟုတ်တယ် သူကို အရမ်း ရင်းနှီးနေတယ်"


"မင်းမှာ ဘာသက်သေရှိလို့လဲ..." 

ယွိဖေး မေးလိုက်သည် ။

" မင်းပဲ ပြောတယ်လေ လိုင်းပေါ်က မင်း သူငယ်ချင်းရဲ့ မျက်နှာကိုရော နာမည်ကိုရော မသိဘူးဆို"


"ရှောင်ချီးက သူ့ရဲ့ နောက်ကျောပုံ ငါ့ကို ပို့ဖူးတယ်" 

ရှန်းရှီကော ပြောလိုက်သည် ။

" ငါ အကြိမ်ကြိမ်ကြည့်ပြီးသွားပြီ နောက်ပြီး အဲ့ပုံက ယွမ်ကျိုးရဲ့ နောက်ကျောပုံနဲ့ တစ်ပုံတည်းပဲ"


"နောက်ကျောကို ကြည့်ရုံနဲ့ သူလို့ မင်း ထင်တာလား..." 

ယွီဖေး မေးလိုက်သည်။ 


"နောက်ပြီး သူ ငါ့ကို ဆက်ဆံတဲ့ပုံ..." 

ရှန်းရှီကော ပြောလိုက်သည် ။


" သူက ဖုံးကွယ်နေပေမယ့် သူ စိုးရိမ်နေတယ် နောက်ပြီး သူ ငါ့ကို ငြင်းဆန်နေတာလေ တကယ်လို့ ငါက သူနဲ့ စိမ်းသက်တဲ့လူဆိုရင် သူ့ပုံစံက ဒီလို ဖြစ်နေမှာ မဟုတ်ဘူး"


သူ ရပ်တန့်လိုက်ပြီးနောက် ထပ်ပြောလေသည်။


 " အဲ့တော့ သူ ငါ့ကို သိနေတယ်လေ နောက်ပြီး ငါ့ကို သဘောမကျဘူး ရှောင်ချီးက ငါ့ကို ရုတ်တရက်ကြီး ဘလောခ့်သွားတာလေ သူ ငါ့ပုံစံကို တစ်နည်းနည်းနဲ့ သိသွားတာဖြစ်မယ် အဲ့တော့ သူ ငါ့ကို အကြောင်းတစ်ချို့ကြောင့် ငြင်းဆန်နေတာ" 


သူ ယွီဖေးကို ကြည့်ပြီး မေးလိုက်သည်။

 " အဲ့ကိစ္စ မင်းနဲ့ ဆိုင်လို့လား..."


"ငါနဲ့လား...ငါ ကျိုးအာကို တစ်ခုခု ပြောလိုက်ရင် မင်း ဘာဖြစ်သွားမယ်ထင်လဲ..." 

ယွိဖေး ပြုံးလိုက်သည်။

 " မင်း စိတ်ကူးကြည့်လိုက်လေ"


ရှန်းရှီကော သူ၏ ထေ့ငေါ့နေသော စကားများကို လျစ်လျူရှုလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

 " သူက ရှောင်ချီးဆိုတာ သေချာတယ်"


"သူ ဟုတ်ဟုတ် မဟုတ်ဟုတ်" 

ယွီဖေး ပြောလိုက်သည် ။

" သူ့ကို ဖိအားမပေးပါနဲ့"


"မင်း ငါ့ကို ခြိမ်းခြောက်နေတာလား..."


"ခြိမ်းခြောက်တာ မဟုတ်ဘူး သတိပေးတာပါ" 

ယွီဖေး ပြောလိုက်သည်။


" ကျိုးအာကို ငါ နှစ်ပေါင်းများစွာ ကြိုက်လာခဲ့ရတာ မင်း သူနဲ့ သူငယ်ချင်း ဖြစ်ချင်တယ်ဆိုရင်ရတယ် ဒါပေမယ့် မင်း သူ့ကို ပိုးပမ်းလို့တော့ မရဘူး အဲ့ဒါအပြင် သူ မင်းကို ငြင်းတယ်ဆိုတော့ ငါ ကူညီပေးတော့မှာ မဟုတ်ဘူး ငါ သူ့ဆန္ဒကို အလေးထားတယ်"


"အလေးထားတယ်တဲ့လား..." 

ရှန်းရှီကော ပြုံးလိုက်သည် ။

" အဲ့ဆေးက သူ့အတွက် ဝယ်ခဲ့တာမဟုတ်ဘူးလား..." 


ယွီဖေး၏ မျက်လုံးများက နက်မှောင်သွား၏ ။

" မင်း ဂရုစိုက်စရာ မလိုပါဘူး"


ဖယ်ရိုမုန်း ထိန်းချုပ်ဆေးများကို လျော့ချရန်နှင့် သူ့ဖယ်ရိုမုန်းကို ဖုယွမ်ကျိုး ဖြည်းဖြည်းချင်း မှီခို အသားကျလာစေရန် ရှန်းရှီကောက ထိုတားမြစ်ဆေးနှင့် သူ့ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ 


သူ ဖုယွမ်ကျိုး၏ estrus ကို အစပျိုးပေးရန် မရည်ရွယ်ခဲ့ပေ။ ထိုနေ့က ဖုယွမ်ကျိုး နေမကောင်းဖြစ်ပြီးနောက် သူ နောင်တရနေခဲ့ခြင်း ဖြစ်သည်။ သူ မည်သို့ပင် ခံစားနေရပါစေ ကိစ္စမရှိပေ။ သို့သော် ဖုယွမ်ကျိုး၏ ခန္ဓာကိုယ်ကိုတော့ မထိခိုက်စေချင်ပေ။ ဖုယွမ်ကျိုး တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ကာ နောက်ပိုင်းတွင် သူ ဆေးအားလုံးကို လွှင့်ပစ်ခဲ့ပြီး ထိန်းချုပ်ဆေးများကိုသာ ဆက်တိုက်သုံးခဲ့သည်။ 


ကျိုးအာနဲ့ ယှဥ်ရင် လော့ရန်စုန့်က သူ့ရဲ့ သာမန်သူငယ်ချင်းပဲ ။ ဘာမှမဟုတ်ဘူး။ ကျိုးအာက လော့ရန်စုန့်ကို ဘာလို့ မုန်းလဲ သူမသိပေမယ့် ကျိုးအာ အဲ့လူကို မကြိုက်မှတော့ သူ လုံးဝ ကူညီမှာ မဟုတ်ဘူး နောက်ပြီး ကျိုးအာက အဲ့လူနဲ့ အတူမရှိချင်တာ အသိသာကြီးလေ။


အဲဒါအပြင် လော့ရန်စုန့်ကလဲ လူကောင်းမဟုတ်ဘူး...


ရှန်းရှီကောကို သူ့ရဲ့ ဆက်သွယ်ရေး အချက်အလက်များ မပေးရန် ဖုယွမ်ကျိုး သူ့ကို ပို့ခဲ့သော မက်ဆ့်ချ်များကို တွေးလိုက်ရင်း ယွီဖေး ပြောလိုက်သည် ။


" ကျိုးအာ အင်စတာဂရမ် သုံးတာ တစ်ခါမှ မမြင်ဖူးဘူး မင်းရှာနေတဲ့ ရှောင်ချီးက သူ မဟုတ်လောက်ဘူး မင်းအဲ့လောက်ကြီး ကျိုးအာအပေါ် မျှော်လင့်မထားနဲ့ မင်းရှာနေတဲ့သူ့ကို တွေ့ဖို့ နှောင့်နှေးသွားဦးမယ်"


ရှန်းရှီကော ပြုံးကာ ခေါင်းခါလိုက်သည် ။


" ဟုတ်လား မဟုတ်ဘူးလားဆိုတာ ငါ အတည်ပြုရမှာပါ"


"သူ့ကို စမ်းသပ်ဖို့ မင်းရဲ့ ဖယ်ရိုမုန်းတွေကို မသုံးနဲ့"


ယွိဖေး အတိတ်မှ အရာတစ်ချို့ကို ပြန်တွေးလိုက်ပြီး သူ့လေသံကို မြင့်လိုက်သည်။ လော့ရန်စုန့်၏ ဖယ်ရိုမုန်းများက အန္တရာယ်ရှိ၏။ ကျိုးအာကို ထိုဖယ်ရိုမုန်းများကြောင့် အကျိုးသက်ရောက်မှု မရှိစေချင်ပေ။ 


"မဟုတ်ပါဘူး" 

ရှန်းရှီကော အပြုံးဖြင့် ပြောလိုက်သည် ။


" ငါ စဥ်းစားနေတာ ရှောင်ချီး ဒါမှမဟုတ် ဖုယွမ်ကျိုးလို့ခေါ်ရမလား... သူ စိတ်ညစ်နေမယ်ဆိုရင် ငါ အရင်သွားတာပိုကောင်းလိမ့်မယ်"


"အခွင့်အရေးရှိမယ်ဆိုရင် အဆက်အသွယ် မပြတ်စေနဲ့" 

ယွီဖေး ဝတ်ကျေတမ်းကျေ လေသံဖြင့် ပြောလိုက်သည်။ ယခုကဲ့သို့ ဖြစ်မည်ကိုသာ ကြိုသိခဲ့ပါက သူ ရှန်းရှီကောကို ဝေးနိုင်သမျှ ဝေးဝေးကို သွားခိုင်းမည်ဖြစ်သည်။ 


ရှန်းရှီကော အဓိပ္ပါယ်ပါပါ ပြောလိုက်သည် ။

" နောက်ကျရင် ငါတို့ တွေ့နိုင်ချေက ပိုများပါတယ်"