Chapter 32
Viewers 2k

♎️Chapter 32



သူတို့နှစ်ယောက် စကားပြောနေချိန် ဖုယွမ်ကျိုးက ယွိဖေးဆီသို့ စာပို့ခဲ့ပြီး ယခင်နေရာတွင်သာ ထိုင်နေသည်။ သူ အရှုပ်အထွေးထဲသို့ ပါသွားပြီဖြစ်သောကြောင့် ထွက်ပြေးသင့်မသင့်ကို တွေးနေသည်။ 


ရှန်းရှီကောက သူ့ကို သံသယဝင်သွားပြီလား။


သို့သော် အနည်းငယ် နောက်ကျသွားပုံပေါ်သည်။ ရှန်းရှီကော တစ်ခုခုကို သိသွားလောက်ပြီဖြစ်သည်။ ထို့ကြောင့်သာ သူ့ကို စမ်းသပ်နေခဲ့ခြင်းပင်။ 


ဖုယွမ်ကျိုး ခက်ရင်းကို ကိုင်လိုက်ပြီး မစားရသေးသော အစားအသောက် ပန်းကန်ကို ခေါက်လိုက်သည်။ သူ့မျက်နှာပိုပျက်လာသည်။ သူ့ကို ရှောင်ချီးဟု သံသယဝင်နေခြင်းမှ ရှောင်ရှားရန် သူ့အမုန်းဆုံး အစားအသောက်များကို မှာယူခဲ့ရသောကြောင့် သူဆက်မစားနိုင်တော့ပေ။


ရုတ်တရက် တစ်စုံတစ်ယောက်၏ လက်က ရောက်လာပြီး ဖုယွမ်ကျိုး၏ ပန်းကန်ကို ဆွဲယူသွားလေသည်။ ထို့နောက် မထိရသေးသော အစားအသောက် ပန်းကန်တစ်ချပ်ကို သူ့ရှေ့သို့ တွန်းပို့ပေးလေသည်။ သူတို့၏ ပန်းကန်များကို လဲလိုက်သူမှာ ရှဲ့လင်ဖြစ်သည်။ 


"မင်းကိုယ်မင်း ဖိအားမပေးပါနဲ့"

 ရှဲ့လင် ခေါင်းငုံ့လိုက်ပြီး ပန်းကန်ပေါ်မှ အသားကို လှီးလိုက်သည် ။


"မင်းမှာ ကိစ္စတစ်ခုခုရှိရင် ပြန်ရောက်ရင် ငါ့ကို ပြောလေ"


အာ...ဟုတ်သားပဲ သူမကြိုက်ဆုံး အစားအသောက်တွေကို ရှဲ့လင်သိတယ်...


ဖုယွမ်ကျိုး တခဏမျှ အံ့အားသင့်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။ ရှဲ့လင်၏ စကားများက သူ့ကို ပြသနာထဲ ထပ်ရောက်သွားသလို ခံစားရစေသည်။ သူ ပြန်ရောက်ရင် ရှဲ့လင်ကို ရှင်းပြရမလား... သူ ဘယ်လိုဖြေရှင်းရမလဲ...သူ့အရင်ဘဝက ဖြစ်တဲ့ကိစ္စကိုတော့ ရှင်းပြစရာ မလိုဘူးမလား။


"မင်း အဲ့လူကို သဘောမကျဘူးမလား..." 

ရန်ရှူးထန်ကလည်း ထိုကဲ့သို့ ပြောလာသည်။ 


"သိသာနေတာလား..." 

ဖုယွမ်ကျိုး အနည်းငယ် ရှက်ရွံ့သွားသည်။ ရှောင်ဖေးနဲ့ ရှန်းရှီကောလည်း မြင်သွားလောက်ပြီ။


ရန်ရှူးထန် နှုတ်ခမ်းတွန့်လိုက်သည် ။

" မင်း ငါ့ကိုလည်း အဲ့လို ဆက်ဆံခဲ့ဖူးတယ်လေ"


"မင်းက ဘယ်လိုလုပ် သူနဲ့ တူမှာလဲ..." 


ရန်ရှူးထန်၏ စကားကို ကြားလိုက်သောအခါ ဖုယွမ်ကျိုး သူ ဒုက္ခရောက်နေသည်ကို မေ့သွားပြီး ရန်ရှူးထန်ကို နှစ်သိမ့်ပေးရန် သူ့ဘေးကို သွားထိုင်လိုက်သည်။ 


ရန်ရှူးထန်က ဘယ်သူမို့လို့လဲ... သူ့ကို အကျိုးပြုနေတဲ့သူလေ နောက်ပြီး သူ့သူငယ်ချင်း...သူ့ကို ဒီလိုမျိုး ပြောခွင့်မပေးနိုင်ဘူး...


"လုပ်ပါ မင်း ဒီနေ့ဘာစားချင်လဲ... ငါ ကျွေးမယ်"


ဖုယွမ်ကျိုးက အလွန်စိတ်အား ထက်သန်နေသောကြောင့် ရန်ရှူးထန်၏ ပုခုံးကို ဖက်ကာ ညီအစ်ကိုဟုပင် ခေါ်မတတ်ဖြစ်နေသည်။ ရန်ရှူးထန် မတတ်နိုင်ဘဲ ရှက်သလို ခံစားနေရသောကြောင့် ဘေးကို တိုးလိုက်၏။ 


ရှဲ့လင် ဓါးနှင့် ခက်ရင်းကို စားပွဲပေါ် တင်လိုက်သည်။ အားပြင်းသောကြောင့် ဓါးနှင့်ခက်ရင်း၏ စားပွဲကို ထိသံအား ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ 


ဖုယွမ်ကျိုး ရုတ်တရက် ကြောင်အသွားတော့သည်။


 "..." 

သူ အမှား တစ်ခုခု လုပ်မိလို့လား...


ရှဲ့လင် သူ့ကို ကြည့်နေလေရာ ဖုယွမ်ကျိုး၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားပြီး ရန်ရှူးထန်ဘေးမှ ဖြေးဖြေးချင်း ရွေ့လိုက်သည်။ ထို့နောက် သူ့မူလနေရာတွင် ပြန်ထိုင်လေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ယွိဖေးပြန်လာလေသည်။ သူ့ကို ကယ်တင်လိုက်ရုံသာမက သတင်းကောင်းများကိုပင် သယ်လာလေသည်။ ရှန်းရှီကောက သွားပြီဖြစ်ပြီး နေ့လည်စာအတွက် ပြန်မလာတော့မည်ဖြစ်ကြောင်း ပြောလာသည်။ 


ဖုယွမ်ကျိုး ချက်ချင်း ထခုန်လိုက်ပြီးနောက် စားပွဲထိုးကို ခေါ်လိုက်သည် ။


" ဟယ်လို ကျွန်တော် ထပ်မှာချင်လို့"


နေ့လည်စာ စားပြီးနောက် ဖုယွမ်ကျိုးနှင့် ရန်ရှူးထန် နှုတ်ဆက်လိုက်ကြသည်။ မထွက်သွားခင် သူ ဖုယွမ်ကျိုးကို ပြောလေသည် ။


" ငါ ဒီနေ့ အရမ်းပျော်ခဲ့ရပါတယ် ကျေးဇူးပဲ"


"ငါရောပဲ အရမ်း..." 


ဖုယွမ်ကျိုး ထိုစကားကို ပြောချင်သော်လည်း ရှန်းရှီကောကို သတိရလိုက်သောအခါ သူ၏ ကောင်းနေသော စိတ်အခြေအနေလေးက ပျက်ဆီးသွားရတော့သည်။ ထို့နောက် သူ ပြောလိုက်သည်။

 "ကျောင်းမှာ တွေ့မယ်"


"အိုကေ နောက်တစ်ပတ်ကျ တွေ့မယ်"

 ရန်ရှူးထန် ပြောလိုက်သည်။ 


ဒရိုင်ဘာက ဖုယွမ်ကျိုး၊ ရှဲ့လင်နှင့် ယွီဖေးကို လာခေါ်၏။ ဖုယွမ်ကျိုးက ကားမောင်းသူ၏ ဘေးထိုင်ခုံတွင် ထိုင်သင့်သော်လည်း ရှဲ့လင်က ကားတံခါးကို ကိုင်ထားရင်း ပြောလေသည် ။

" လာထိုင်လေ"


"နောက်မှာ လူသုံးယောက်တောင် ထိုင်တော့ မကျပ်ဘူးလား..." 

ဖုယွမ်ကျိုး တီးတိုး ပြောလိုက်သည်။

 "ရှောင်ဖေးလည်း ဒီထဲမှာပဲလေ..."


"ဒီကိုလာခဲ့"


ရှဲ့လင် သူ့ကို ကြည့်လိုက်သည်။ ဖုယွမ်ကျိုး စကားဆက်မပြောရဲတော့ပေ။ 


"မင်း ပြောလို့ရပြီ"


ကားစထွက်သောအခါ ရှဲ့လင်က ဖုယွမ်ကျိုး၏ လက်ကိုကိုင်ပြီး ခေါင်းလှည့်ကြည့်ရင်း ပြောလိုက်သည်။


"ဘာ..." ဖုယွမ်ကျိုး နားမလည်သလို ဟန်ဆောင်လိုက်သည်။ သူ့လက်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း ရှဲ့လင်က လွှတ်မပေးဘဲ ပို၍ တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားလေသည်။ 


"မင်းနဲ့ ရှန်းရှီကော" 

ရှဲ့လင် ပြောလိုက်သည် ။

" နောက်ပြီး ရန်ရှူးထန်"


ဖုယွမ်ကျိုး အံ့အားသင့်သွားရသည်။ ဒီကိစ္စ ရန်ရှူးထန်နဲ့ ဘာဆိုင်လို့လဲ...


"မင်း ဘာလို့ ရုတ်တရက်ကြီး သူနဲ့ ရင်းနှီးသွားတာလဲ..."

 ရှဲ့လင် ပြောလိုက်သည်။


"မင်းတို့ ဆက်ဆံရေး မကောင်းခဲ့ဘူးလေ"


ဖုယွမ်ကျိုး : "..."


သေစမ်း...သူ ထပ်ပြီး သဝန်တိုနေပြန်ပြီလား...သူ ဘယ်လိုလုပ် ရန်ရှူးထန်ရဲ့ ရှာလကာရည်တွေကို သောက်နေရတာလဲ...


ဖုယွမ်ကျိုးမှာ အတန်ကြာသည်အထိ ရှဲ့လင်၏မေးခွန်းကိုဘယ်လိုပြန်ဖြေရမည်မသိပေ။ သို့သော်လည်း ယွိဖေးကလှမ်းကြည့်ပြီးမေးလာခဲ့သည်။ 


"အားကျိုး...မင်းကဘာလို့လော့ရန်စုန့်ကိုမုန်းတာလဲ...သူကမင်းကိုတစ်ခုခုလုပ်ထားလို့လား..." 


သူရှန်းရှီကောအတွက် ပြောပေးချင်၍မဟုတ်။ သူအကြောင်းအရင်းတစ်ခုကိုလိုချင်ရုံသာ။သို့မှသာ သက်ရောက်မှုမခံရအောင် သူ့ကိုယ်တိုင် ကာကွယ်နိုင်လိမ့်မည်။ 


သူလည်း အခက်တွေ့ခဲ့ရသည်ပင်။ လော့ရန်စုန့်က သူ ထိုဆေးကိုဝယ်ခဲ့မှန်းသိသည်။ ပြဿနာကမကြီးကျယ်သော်လည်း သူ့အတွက်သင့်လျော်မှုမရှိ။ လော့ရန်စုန့်က သူ့အားအကျပ်ကိုင်ရန်အတွက် ထိုသို့သောနည်းလမ်းမျိုးကိုသုံးရဲခဲ့လျှင်...။ 


ယွိဖေးမျက်လုံးများက မည်းမှောင်လာရပြီး ဤအရှုပ်ထုပ်ကိုရှင်းရန် ခေါင်းငုံ့စဥ်းစားနေလေ၏။ 


ဖုယွမ်ကျိုး: "ငါရှန်းရှီကောနဲ့ပတ်သက်ပြီး ကြားဖူးတာရှိတယ်...အဲဒီကောင်က ပြဿနာကိုမီးခွက်ထွန်းရှာတတ်တဲ့ကောင်တဲ့...ငါသူနဲ့ဝေးဝေးနေချင်တယ်..." 

သူသည်ကား ခဏမျှတုံ့ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်၏။ 


"ရှောင်ဖေး...မင်းလည်းသူနဲ့အရမ်းမခင်တာပိုကောင်းမယ်ထင်တယ်..." 


သူငယ်ချင်းများကို လူများနှင့်ဝေးကွာအောင်စည်းရုံးနေခြင်းက ကောင်းသည့်လုပ်ရပ်မဟုတ်ပေ။ ၎င်းနှင့်ပတ်သ၍ ဖုယွမ်ကျိုးတွင်အတွေ့အကြုံအများအပြားရှိသည်။ 


သူသည် သူငယ်ချင်းများအပေါ်ယုံကြည်ပြီး အခြားသူများကသူ့သူငယ်ချင်းများအား မကောင်းပြောနေသည်ကိုနားမထောင်နိုင်ပေ၊၊ အခြားသူငယ်ချင်းတစ်ယောက်ကပြောလာလျှင်ပင် လက်မခံနိုင်။ 


ရှဲ့လင်က သူ့ကိုရှန်းရှီကောနှင့်ဝေးဝေးနေခိုင်းလေ၊ သူကရှန်းရှီကောနှင့်ပိုရင်းနှီးလာလေပင်။ ထိုစဥ်က ရှန်းရှီကောမကောင်းကြောင်းကိုပြရန် ရှဲ့လင်ထံတွင်သက်သေမရှိခဲ့ပေ။သူသည် ရှဲ့လင်ကရှန်းရှီကောကိုပုံမှန်သဘောမကျခြင်းသာဖြစ်လိမ့်မည်ဟုထင်ခဲ့သောကြောင့် သူလက်မခံခဲ့ပေ။ ဤအကြောင်းပြချက်လောက်နှင့် အရေးပါသည့်သူငယ်ချင်းများကို သူမစွန့်လွှတ်နိုင်ပေ။ 


ယခုတွေးကြည့်မှ ဖုယွမ်ကျိုးမှာ အကြီးအကျယ်နောင်တရမိလေ၏။ သို့သော် ကံသီစွာဖြင့် ယွိဖေးနှင့်သူက စရိုက်မတူကြပေ။ ထို့ကြောင့် သူငြိမ်နေလိုက်ပြီးနောက် ချက်ချင်းပင်ရယ်မောကာပြောလိုက်လေ၏။ 


"ငါကျိုးအာပြောတဲ့အတိုင်းလုပ်မယ်...မင်းသူ့ကိုမကြိုက်ဘူးဆိုမှတော့...တစ်ခုခုမှားနေလို့ပေါ့...ငါမင်းကိုပိုယုံတယ်.." 


ရှဲ့လင်: "ဒီလူကြောင့် မင်းအထက်တန်းပထမနှစ်မှာ အဆင့်တွေကျသွားခဲ့ရတာပေါ့" 


"အမှန်ပဲ..." 


သူအထက်တန်းပထမနှစ်တွင်ရှိနေစဥ်က ရှန်းရှီကောနှင့် စကားပြောရခြင်းကို စွဲလန်းခဲ့မိသည်။ ထို့ကြောင့်ပင် သူ့အဆင့်များကထိုးကျလာခဲ့ရခြင်းသာ။ 


ရှန်းရှီကော၏ကိုယ်ပေါ်တွင် မှော်စွမ်းအင်တစ်မျိုးရှိနေသည်ကိုမူဝန်ခံရမည်။ ၎င်းက သာမန်ဆန်သည့် ခံ့ညားမှုလည်းဖြစ်နိုင်သလို လူတစ်ယောက်၏စိတ်ကိုကြိုးကိုင်ခြယ်လှယ်နိုင်သည့် စွမ်းရည်လည်းဖြစ်နိုင်သည်။ သို့ထိတိုင် သူတို့နှစ်ယောက်စကားပြောခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့ချင်းအပြန်အလှန်သဟဇာတဖြစ်ခဲ့ကြသည့်တိုင် ၎င်းမှာကြာခဲ့ပေပြီ။ 


ရှဲ့လင်က ဘာကိုမှထပ်မပြောတော့ပေ။ သို့သော်လည်း ဖုယွမ်ကျိုးက သူ့အကြောင်းကိုသေချာသိထားပြီး ရှန်းရှီကောနှင့်ဝေးဝေးနေခြင်းကပိုကောင်းမှန်းလည်းသိထားလေသည်။ ယခု သူကိုယ်တိုင်ပင် ထိုအတိုင်းတွေးလာမိပြီ။ 


"ပြီးတော့..ရန်ရှူးထန်ရောပဲ..." 


ရှဲ့လင်ကထပ်ပြောလာခဲ့၏။ 


"......" 


ဖုယွမ်ကျိုးက တခဏမျှနှုတ်ဆိတ်သွားခဲ့ပြီး အမှန်အတိုင်းဝန်ခံလိုက်ရသည်။ 


"ငါအရင်ကအထင်လွဲခဲ့တဲ့ကိစ္စတစ်ခုကိုနားလည်သွားလို့ ရန်သူကနေမိတ်ဆွေတွေဖြစ်သွားကြပြီ...ပြီးတော့ အရင်အမှားလုပ်ခဲ့တာလည်းငါပဲလေ..." 


သူသည် ဖြစ်ခဲ့သမျှအကြောင်းကိုအတိုချုံးပြောပြလိုက်ပြီး နောက်ဆုံးတွင် ထပ်ဖြည့်ပြောလိုက်၏။ 


"ငါမကြာသေးခင်ကမှနားလည်လာတာ...သူကအရမ်းသဘောကောင်းတယ်...ပြီးတော့ ငါ့အတွက်မေးခွန်းတွေကိုလည်းကူထုတ်ပေးသေးတယ်...ငါသူနဲ့သူငယ်ချင်းလုပ်လို့ရပါတယ်..." 


ရှဲ့လင်ကသူ့ကိုကြည့်လာသည်။ 


"သူကဘယ်လောက်ကောင်းလို့လဲ..." 


ဖုယွမ်ကျိုး: "မင်းလောက်တော့မကောင်းဘူးပေါ့...မင်းက သူ့ထက်ပိုကောင်းတယ်...ရှဲ့လင်!" 


ရှဲ့လင်က စကားမပြောဘဲ ခေါင်းကိုသာခပ်ဖြည်းဖြည်းခါယမ်းလာသောကြောင့် ဖုယွမ်ကျိုးမှာ နှလုံးပင်လည်ချောင်းမှခုန်ထွက်လာတော့မယောင် ခံစားလိုက်ရ၏။ ယွိဖေးကလည်းသူ့ကိုကြည့်နေပြီး စိတ်ရှုပ်ထွေးနေသလိုပင်။ သို့ဖြစ်၍ ကျန်နေသည့်လက်တစ်ဖက်ဖြင့် ထိုသူ၏ခေါင်းကိုပွတ်ပြီးနှစ်သိမ့်ပေးလိုက်သည်။ 


"ယွိဖေးလည်းအရမ်းကောင်းပါတယ်..." 


နောက်တစ်စက္ကန့်တွင် ရှဲ့လင်ကသူ့လက်ကိုညှစ်လိုက်မှန်း ဖုယွမ်ကျိုးသိလိုက်ပြီး အတော်လေးနာကျင်သွားရလေ၏။ 


ချီးပဲ...ဒီကောင့်ကိုတကယ်စိတ်ကျေနပ်အောင်လုပ်ပေးဖို့ခက်တာပဲ! 


ထိုအချိန်မှာပင် ယွိဖေးကဖွဖွလေးပြုံးလိုက်ပြီး မျက်လုံးထောင့်နားမှမှဲ့နီလေးက ရိပ်ကနဲလှုပ်သွားသလိုပင်။ ထိုသူကဖုယွမ်ကျိုး၏လက်ကို ပြန်လည်ဆုပ်ကိုင်လာခဲ့သည်။ 


"မပူပါနဲ့..ငါလော့ရန်စုန့်ကိုမကူညီပါဘူး..ပြီးတော့ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်းထုတ်မပြောဘူး...မင်းကငါ့အတွက်အရေးအကြီးဆုံးလူလေ..."


ဖုယွမ်ကျိုးက ယွိဖေးကိုကျေးဇူးတင်ကြောင်းပြောလိုက်သည်။ သူစကားပြောတော့မည့်အချိန်တွင် အော်မိလုနီးပါးဖြစ်သွားရပြီး ခေါင်းလှည့်ကာရှဲ့လင်ကိုစိုက်ကြည့်လိုက်လေ၏။ 


"မညှစ်နဲ့လေ!" 


ရှဲ့လင်ကသူ့အားလွှတ်ပေးလိုက်ပြီး သူညှစ်လိုက်၍နီရဲသွားသည့်နေရာလေးကို ဖွဖွလေးနှိပ်ပေးလာသည်။ သူ့လက်ကိုအတင်းကိုင်ထားပြီး ဖုယွမ်ကျိုးမည်မျှရုန်းပါစေ မလွှတ်ပေးပါချေ။ 


အပြုံးလေးဖြင့်ပင် ယွိဖေးက ဖုယွမ်ကျိုးကိုလက်နှစ်ဖက်လုံးဖြင့်ဆုပ်ကိုင်လာခဲ့သည်။ 


"သူမင်းကို 'ရှောင်ချီး' လို့ခေါ်တာကြားလိုက်သလိုပဲ..အဲဒါကမင်းရဲ့အွန်လိုင်းအကောင့်က နာမည်လား..." 


ဖုယွမ်ကျိုးကခေါင်းညိတ်ပြလိုက်သည်။ 


"အင်း..ငါက ခုနစ် (ချီး) ကိုကြိုက်လို့လေ..." 


ယွိဖေးကပြန်မေးလာလေ၏။ 

"မင်းဟိုနေ့တွေတုန်းကစိတ်ညစ်နေတာ လော့ရန်စုန့်ကြောင့်လား...." 


ယွိဖေးကခေါင်းညိတ်ပြလိုက်ပြန်သော်လည်း ထိုနေ့က အထိတ်တလန့်ဖြစ်ခဲ့ရပြီးနောက် ယနေ့တွင် ရှန်းရှီကောကိုထပ်တွေ့လိုက်ရသည့်အခါ ကံကောင်း၍မရိုင်းပြလိုက်မိပေ။ မဟုတ်လျှင် ရှန်းရှီကောကိုထိုနေရာတွင်ပင် သူက ရှောင်ချီးဖြစ်ကြောင်းပြောလိုက်မိလျက်သားဖြစ်သွားနိုင်သည်။ 


သည့်နောက် သူကထပ်မေးလိုက်၏။ 


"မင်းရှန်းရှီကောနဲ့ဘယ်လိုတွေ့ခဲ့တာလဲ...မင်းတို့ကတစ်နိုင်ငံတည်းလည်းမဟုတ်ဘူး..အွန်လိုင်းပေါ်မှာလား ဘယ်လိုတွေ့ကြတာလဲ..." 


ယွိဖေးကခေါင်းခါပြသည်။ 


"ပါတီမှာပါ...ငါ့သူငယ်ချင်းကပါတီလုပ်တယ်လေ...ပြီးတော့ ကြားကနေ ငါတို့နှစ်ယောက်ကိုမိတ်ဆက်ပေးခဲ့တာ...အဲဒီတုန်းက လော့ရန်စုန့်က တကမ္ဘာလုံးပတ်သွားနေတော့...ငါတို့မြို့ကိုဖြတ်သွားရတဲ့အချိန်ဖြစ်နေတယ်လေ..." 


သူ့စကားကိုကြားရမှ ဖုယွမ်ကျိုးတစ်ယောက် စိတ်အေးသွားရသည်၊၊ ထိုနှစ်ယောက်ကသိရုံသာသိခဲ့ကြခြင်းပင်။ တိုက်ဆိုင်သွားရုံသာ။


 သူသိထားသလောက်မှာ ရှန်းရှီကောက ခရီးသွားရခြင်းကိုနှစ်သက်ပြီး ရှန်းရှီကောက ရောက်သည့်နေရာတွင်ဓာတ်ပုံရိုက်ကာအင်စတာဂရမ်တွင်တင်ရာမှ သူ့ထံမက်ဆေ့ချ်ရောက်လာပြီး သိကျွမ်းခဲ့ကြခြင်းပင်။ 


သူတို့အားလုံးဗီလာကိုပြန်ရောက်လာခဲ့ကြသည်။ ယွိဖေးနှင့်ရှဲ့လင်က ပြန်သွားခဲ့၏။ မသွားခင်ရှဲ့လင်ကပြောလာသေးသည်။ 


"နောက်တခါအပြင်ထွက်ရင် ကိုယ့်ကိုပြော..မင်းကိုနေရာတိုင်းလိုက်မရှာရစေနဲ့..." 


ဖုယွမ်ကျိုးက ပြောစကားနားထောင်သလိုခေါင်းညိတ်ပြလိုက်သည်။ အရင်ဘဝက ရှဲ့လင်သည်သူ့အပေါ် အလွန်အမင်းအခွင့်အရေးယူခဲ့လျှင် အတော်လေးသဘောမကျဖြစ်ခဲ့လျှင်ပင် ယခုတော့သူ့အားဂရုစိုက်ပေးသည့်အတွက် ရှဲ့လင်ကိုကျေးဇူးတင်ရမည်ပင်။ 


ပြန်ရောက်လာသည့်နောက် ဖုယွမ်ကျိုးသည်စာလေ့လာရာတွင်သာအာရုံစိုက်ထားလိုက်ပြီး အခြားသူများ၏ပြဿနာကိုစိတ်မဝင်စားတော့ပေ။ သိူ့သော်လည်း အ​တွေးများ များလာပြီး နောက်ထပ်မေးခွန်းများကိုထပ်မလုပ်နိုင်တော့ဘဲ အတိတ်အကြောင်းများကိုပြန်တွေးမိသည့်အခါ သူအန်ချင်စိတ်ဖြစ်လာရသည်။ အထူးသဖြင့် ရှန်းရှီကောနှင့်ဆက်နွယ်နေသည့်အတွေးများပင်။ 


သူနှင့်ရှန်းရှီကောမှာ သူငယ်ချင်းကောင်းများဖြစ်ခဲ့ကြစဥ်က အင်မတန်ပျော်ရွှင်ခဲ့ရ၏။ စကားနှင့်ပြောရန်မလိုသည့်နားလည်မှုရှိပြီး စိတ်ဝင်စားမှုချင်းလည်းတူညီကြသလို ဝါသနာလည်းတူကြသည်။ သူ အနှီသူနှင့်အတူရှိနေချိန်တွင် နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ပျော်ရွှင်မှုကိုခံစားရသည်။ ထိုသူနှင့်သာဆိုလျှင် စိတ်အပန်းပြေပြီးပျော်ရွှင်ရသည်။ ထိုခံစားချက်မျိုးကို လူနည်းစုလေးကပင်သူ့အားလုပ်ပေးနိုင်ခဲ့၏။ 


သိူ့သော်လည်း ရှန်းရှီကောပေးလိုက်သည့်ဒဏ်ရာက နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့သော သူတို့ကြားမှခင်မင်မှုကို ဖျက်ဆီးပစ်ရန်လုံလောက်ခဲ့သည်။ 


သူရှန်းရှီကောကိုမုန်းတီးပြီး သူ့ကိုယ်သူလည်းမုန်းခဲ့မိသည်။ မုန်းသည်ဟုပြောရမည်ထက် ကြောက်မိသည်ဆိုလျှင်ပိုမှန်လိမ့်မည်။ ထိုသူကိုလက်တုံ့ပြန်ချင်သည်ထက် ထိုသူထံမှလွတ်မြောက်လိုစိတ်က ပိုများနေခဲ့၏။ 


ရှန်းရှီကောက အိုဗာလုပ်တတ်သည့်လူတစ်ယောက်ဖြစ်ကြောင်း အစောပိုင်းတည်းကသူသတိထားမိသင့်သည်။ မဟုတ်လျှင် မည်သူက သူငယ်ချင်းနာမည်ကို ကိုယ်ပေါ်တွင်တက်တူးထိုးထားပါမည်နည်း။ 


လွန်ခဲ့သောနှစ်နှစ်(အတိတ်ဘဝ) သို့မဟုတ် သုံးနှစ်ကဖြစ်လိမ့်မည်။ သူတို့အတူရေကူးခဲ့ကြသည်။ ညကောင်းကင်အောက်တွင် အမိုးပွင့်ရေကူးကန်ထဲ၌ သူတို့နှစ်ယောက်သာရှိနေခဲ့ကြ၏။ ရှန်းရှီကောကအဝတ်အစားများကိုချွတ်လိုက်ပြီး သူ၏ကျယ်ပြန့်သည့်ရင်အုပ်ကို ဖော်ထုတ်ပြလာသည်။  ဖြူဖွေးသည့်အသားပေါ်ရှိ ရင်ဘတ်နေရာ၌ အနက်ရောင် အင်္ဂလိပ်စာလုံးဖြင့်တက်တူးတစ်ခုကို ဖုယွမ်ကျိုးမြင်လိုက်ရသည်။ 


ရှောင်ချီး... 


ထိုအချိန်တွင် ဖုယွမ်ကျိုးမှာ နောက်မှီကုလားထိုင်ပေါ်တွင်မှီထိုင်နေခဲ့ပြီး ရှန်ပိန်ကိုမော့သောက်နေခဲ့သည်။ သို့သော် တက်တူးကိုမြင်လိုက်ရချိန်တွင် ချက်ချင်းသီးသွားရပြီး ချောင်းဆိုးနေလျက်ဖြင့်မေးလိုက်ရ၏။ 


"မင်းတက်တူးကဘာကြီးလဲ..." 


"မင်းနာမည်လေ..." 


ရှန်းရှီကောက သူ့ကိုပြုံးပြလာပြီး ရေကူးကန်အနားကိုလျှောက်လာကာ သူ့ကိုယ်ပေါ်ကိုရေအနည်းငယ်စွတ်လိုက်ပြီး တက်တူးကိုပွတ်သပ်ပြလိုက်သည်။ 


"ငါတို့သိကျွမ်းနေကြတယ်ဆိုတဲ့သက်သေ..." 


"မင်းကတော့လေ...." 

အပိုကိုလုပ်လွန်းတယ်...