♎️Chapter 33
ရှန်းရှီကောက သူ့ကိုပြုံးပြလာပြီး ရေကူးကန်အနားကိုလျှောက်လာကာ သူ့ကိုယ်ပေါ်ကိုရေအနည်းငယ်စွတ်လိုက်ပြီး တက်တူးကိုပွတ်သပ်ပြလိုက်သည်။
"ငါတို့သိကျွမ်းနေကြတယ်ဆိုတဲ့သက်သေ..."
"မင်းကတော့လေ...."
အပိုကိုလုပ်လွန်းတယ်...
ဖုယွမ်ကျိုးမှာ အစကထိုသို့ပြောလိုက်ချင်သော်လည်း "အပိုလုပ်လွန်းသည်" ဆိုသည့်စကားလုံးကသိပ်မကောင်းလှ၍ စိတ်ပြောင်းကာပြင်ပြောလိုက်သည််။
"မင်းကငါ့ကိုသိပ်အရေးပေးလွန်းတာပဲ..."
သူလမ်းလျှောက်လာချိန်တွင် ရေစက်များက ပြီးပြည့်စုံသည့်ကောက်ကြောင်းတလျှောက်စီးကျနေပြီး ထိုသူက နောက်မှီထိုင်ခုံတွင်ကျောမှီလိုက်သည်။ ထိုအနေအထားကြောင့် အဆိုပါတက်တူးက သူ၏မြင်ကွင်းထဲ၌ ပို၍ပင်ထင်ရှားလာလေ၏။ အနှီသူသည် ဖုယွမ်ကျိုးကို ပိုပြီးမြင်တွေ့စေချင်သလိုပင်။
ရေစက်လေးများက ထိုသူ၏မျက်နှာအပေါ်တွင်ပြေးလွှားနေလေသည်။ ထိုသူသည် ဖုယွမ်ကျိုးလက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ကာ ရင်ဘတ်ပေါ်မှတက်တူးကိုထိကိုင်စေပြီး အပြုံးဖျော့ဖျော့လေးနှင့်မေးလာလေသည်။
"ကြည့်ကောင်းလား..."
ဖုယွမ်ကျိုးမှာ ထိုမေးခွန်းကိုဘယ်လိုပြန်ဖြေရမည်မသိ။ ရှန်းရှီကောက သူ့နာမည်ကိုလည်း သူ့အားတက်တူးထိုးစေချင်ပြီး သူကငြင်းပယ်ခဲ့သည်ကိုပင်မှတ်မိနေလေသည်။ သူသည်ကား နာကျင်ရသည့်ခံစားချက်ကိုကြောက်ရွံ့သည်ဖြစ်ရာ ရှောင်ဖေး၏နာမည်ကိုပင်တက်တူးမထိုးခဲ့ပေ။ ထို့ကြောင့် ရှန်းရှီကော၏အမည်ကိုလည်းတက်တူးမထိုးနိုင်ပေ။
ထိုစဥ်က ရှန်းရှီကောသည် ဘာမှမပြောခဲ့သော်လည်း ဖုယွမ်ကျိုးကိုချုပ်ထားပြီး သူ၏တက်တူးဖြင့်လိုက်ဖက်စေချင်သလို ဖုယွမ်ကျိုး၏အဝတ်အစားများကိုဖယ်ကာ ရင်ဘတ်တွင် ဘောပင်နှင့်သူ့နာမည်ကို ခပ်ဖွဖွရေးခြစ်ခဲ့သည်။
"....."
မပြီးပြတ်သေးသည့်အိမ်စာများကိုကြည့်ပြီး ဖုယွမ်ကျိုးမှာ ဆက်မရေးနိုင်တော့ချေ။ ရေချိုးရန် ရေချိုးခန်းထဲသို့သာဝင်သွားလိုက်သည်။ ရေချိုးနေစဥ်မသိစိတ်အရ သူ့ရင်ဘတ်ကိုအခါခါပွတ်တိုက်မိ၍ ထိုနေရာလေးကအနည်းငယ်မျှနီမြန်းနေခဲ့သည်။
အကြိမ်ရေထောင်နှင့်ချီကာ ရှောင်တိမ်းခဲ့လင့်ကစား သူရှန်းရှီကောနှင့်ဆက်တွေ့နေရပြီး ရှန်းရှီကောကလည်း သူ၏အမည်ကိုခန့်မှန်းနိုင်ခဲ့သည်။ သို့ထိတိုင် သူစိမ်းအနေဖြင့်သာရှိပြီး သူလည်းရှန်းရှီကောနှင့် ဆက်သွယ်နေရန်မလိုအပ်တော့ပေ။
မနက်ဖြန်ကျောင်းသွားရမည်ဖြစ်၍ ဖုယွမ်ကျိုးတစ်ယောက် ယွမ်ယဲ့၏ဂိမ်းကစားရန်ဖိတ်ခေါ်ချက်ကိုငြင်းပယ်လိုက်ပြီး အိပ်ရာစောစောဝင်လိုက်သော်လည်း ကောင်းကောင်းမအိပ်ခဲ့ရပေ။ ရှန်းရှီကောနှင့်တွေ့ပြီး အတိတ်မှအကြောင်းအရာတို့ကိုပြန်အမှတ်ရလာခဲ့ကာ ထိုအကြောင်းများက အိပ်မက်ထဲအထိပင်ရောက်လာခဲ့လေ၏။
သူရှဲ့လင်နှင့်လမ်းခွဲခဲ့ရသည့်အချိန်ကအကြောင်းကို အိပ်မက်မက်ခဲ့သည်။
ထိုအချိန်က သူ့ဖခင်မှာ ကားမတော်တဆမှုဖြစ်ထားပြီး ကိုမာဖြင့်မေ့မြောနေခဲ့၏။ သူသည်ကား အပြင်တွင်မျက်နှာကိုလက်ဖြင့်အုပ်ကာထိုင်နေခဲ့သည်။ သူ့အဖေနှင့်နောက်ဆုံးတွေ့ခဲ့သည်မှာ သားအဖနှစ်ယောက်စကားများကာ သူအိမ်မှထွက်ပြေးလာချိန်ကပင်။ သူအိမ်မပြန်ခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီး ယခုသူ့အဖေကိုနောက်တကြိမ်ပြန်တွေ့ရချိန်မှာ ICU အခန်းတံခါးတစ်ချပ်ခြားနေခဲ့ပြီ။
သူ့အမေသည် လွန်ခဲ့တစ်နှစ်ကဆုံးသွားခဲ့ပြီဖြစ်၏။ ယခုကား သူ့အဖေအလှည့်ပင်။ သူအလဲလဲအပြိုပြိုဖြစ်နေရပြီး အကူအညီမဲ့နေခဲ့၏။ ရှန်းရှီကောကသာသူ့ကိုပွေ့ဖက်ကာ နှစ်သိမ့်ပေးနေခဲ့ပြီး သူ့ဘဝ၏အမှောင်မိုက်ဆုံးအချိန်များတွင် အဖော်ပြုပေးနေခဲ့သည်။
ရက်အနည်းငယ်ကြာပြီးမှ ရှဲ့လင်က ကိုယ်ထင်ပြလာခဲ့၏။ ထိုသူကအပြေးအလွှားဖြင့်ဆေးရုံရောက်လာသည်ကိုကြည့်ပြီး ဖုယွမ်ကျိုးအံ့အားသင့်သွားခဲ့သည်။ အရင်ရက်များက အနှီဘယ်ရောက်နေခဲ့သည်လဲ။ ဘာကြောင့်အခုမှရောက်လာရသသည်လဲ။ ထိုသူကိုအလိုအပ်ဆုံးအချိန်တွင် ဘာကြောင့်ပေါ်မလာခဲ့ရသည်လဲ။
ထိုအတွေးများက လျှပ်စီးလက်သွားသည့်နှယ် ဖုယွမ်ကျိုးစိတ်ထဲတွင်ပေါ်လာခဲ့သော်လည်း ရှဲ့လင်ကိုအပြစ်မတင်တော့ပေ။ ကတိမတည်ခဲ့သည့်သူ့ကိုယ်သူသာ မုန်းတီးမိလိုက်ချေ၏။ ရှဲ့လင်တွင် အလုပ်အကိုင်ရှိနေသည်။ သူတို့နှစ်ယောက်က ကလေးဘဝတည်းကသူငယ်ချင်းများဖြစ်လာခဲ့ကြသော်လည်း ရှဲ့လင်ကိုတချိန်လုံးသူ့အနားတွင် နေခိုင်းထား၍မဖြစ်ပေ။
သူနှင့်သူ့အဖေကိုလာကြည့်သည်ကပင် တော်လှပြီ။ ဖုယွမ်ကျိုးသည်ထိုအတိုင်းသာတွေးလိုက်ပြီး ရှဲ့လင်ကို အားမရှိစွာဖြင့်နှုတ်ဆက်လိုက်သော်လည်း ရှဲ့လင်ကသူ့အား ရေခဲကဲ့သို့သောအကြည့်နှင့်ပင်ကြည့်နေခဲ့သည်။
ရှဲ့လင်ကပြောလာခဲ့၏။
"မင်းရှန်းရှီကောနဲ့အဆက်အသွယ်ဖြတ်လိုက်..."
ဖုယွမ်ကျိုးကတောင့်တင်းသွားခဲ့သည်။ ထိုသူကယခုလိုပုံစံဖြင့် ပထမဆုံးပြောလာသည်က သူလုံးဝမမျှော်လင့်ထားသည့်စကားမျိုးဖြစ်နေခဲ့သည်။ ထွေးပွေ့ပေးမှုမရှိ၊ နွေးထွေးမှုမရှိ၊ မျက်လုံးအကြည့်များက အေးစက်နေသေးသည်။
သူလုံးဝစိတ်မထိန်းထားနိုင်တော့ဘဲ ရှဲ့လင်နှင့်စကားများခဲ့သည်။ ထိုသူကို ထိုးပစ်မိလုနီးပါးပင်။ ထိုအချိန်မှာ ရှန်းရှီကောရောက်လာပြီး သူ့အားတားလာကာ ဖြစ်ပျက်ခဲ့သမျှကိုမေးမြန်းနေခဲ့၏။ နားထောင်ကြည့်ပြီးသည့်အခါ ထိုသူကားတည်တည်ငြိမ်ငြိမ်ဖြင့်ပင် ရှဲ့လင်ကိုပြန်မေးလာခဲ့၏။
"ငါဘာလုပ်မိလို့လဲ..."
"မင်းပဲသိမှာပေါ့..."
"ထွက်သွားစမ်း.."
ထိုရက်များအတွင်း ဖုယွမ်ကျိုးမှာ လုံးဝအနားမရသေးပေ။ ရှဲ့လင်ကြောင့် စိတ်လှုပ်ရှားကာမူးဝေနေပြီး အသေအချာပင်မတ်တပ်မရပ်နိုင်တော့။
ရှန်းရှီကောက သူ့ကိုထိန်းပေးထားပြီး သူသည်ကားရှန်းရှီကောလက်မောင်းကိုမှီထားရသည်။ ရှဲ့လင်က သူတို့နှစ်ယောက်ကိုကြည့်ပြီးမေးလာခဲ့၏။
"မင်းသူနဲ့ဆက်ပြီးဆက်သွယ်နေဦးမှာလား..."
ဖုယွမ်ကျိုးက အေးတိအေးစက်ဖြင့်သာတုံ့ပြန်ခဲ့သည်။
"ငါ့ကိုစိတ်ပူမနေနဲ့...ထွက်သွား..."
ရှဲ့လင်မျက်လုံးများက လုံးဝအေးစက်သွားခဲ့သည်။
သည့်နောက် အနှီသူကဖြည်းဖြည်းပင်ပြောလာခဲ့၏။
"ကောင်းပြီ..."
ထို့နောက်သူရပ်လိုက်ပြီးမှဆက်ပြောလာခဲ့သည်။
"ဒါဆိုလည်း ငါတို့နှစ်ယောက်ထပ်ပြီးမဆက်သွယ်ကြတော့ရုံပေါ့..."
ယခုအချိန်အထိ ထိုစကားကိုကြားလိုက်ရစဥ်ကခံစားချက်ကို ဖုယွမ်ကျိုးမှတ်မိနေသေးသည်။ ပါးရိုက်ခံလိုက်ရသလို မူးဝေသွားစေပြီး သူ့မျက်နှာကပူထူနေခဲ့သည်။ တစ်နေ့တွင် ရှဲ့လင်နှုတ်မှ ထိုစကားကိုကြားရလိမ့်မည်ဟုလုံးဝမထင်ခဲ့ပေ။
သည်တကြိမ်တွင် ရှဲ့လင်ကသူ့ကိုတကယ်စိတ်ပျက်သွားမှန်း သူသိလိုက်သည်။ သူရှဲ့လင်ကိုတားချင်ခဲ့သော်လည်း ဘာပြောရမှန်းမသိခဲ့ပေ။ သူ့ကိုဘယ်လိုပြောမှာလဲ။ ရှန်းရှီကောနဲ့တကယ် အဆက်အသွယ်ဖြတ်နိုင်လို့လား။ သူမလုပ်နိုင်ပေ။
သည့်အပြင် သူထိုအချိန်က တကယ်စိတ်ဆိုးနေခဲ့သည်။ ရှဲ့လင် သူ့ကိုမကူညီလည်းရသည်။ သို့သော်လည်း အနှီသူကသူနှင့် အဆက်အသွယ်ပင်ဖြတ်ပစ်ခဲ့သည်။ ယခုလိုကလေးဆန်သည့်လူက ဘယ်လိုသူငယ်ချင်းမျိုးလဲ။
နောက်ပိုင်းမှ ယွိဖေးကသူ့ကိုရှင်းပြခဲ့သည်၊၊ ရှဲ့လင်ထိုအချိန်ကမလာနိုင်ခဲ့သည်မှာ ဖုယွမ်ကျိုးတို့မိသားစု ကုမ္ပဏီကိုစောင့်ကြည့်ပေးနေရသောကြောင့်ပင်။ အလုပ်များလွန်း၍ မကြာခဏဆိုသလို ညဥ့်နက်ခဲ့ရသော်လည်း အချိန်ပေးကာ ဆေးရုံကိုလာပြီး ဖုယွမ်ကျိုး၏အဖေကိုလာကြည့်ခဲ့သည်။
သို့တစေ ထိုနေ့က ထူးထူးဆန်းဆန်း ဖုယွမ်ကျိုးရောက်နေခဲ့၍ သူတို့နှစ်ယောက်တွေ့ခဲ့ရခြင်းပင်။
ဖုယွမ်ကျိုးမှာ အကြောင်းတိုက်ဆိုင်ပြီးအထင်လွဲသွားရခြင်းဖြစ်မည်ဟု ထင်ခဲ့သည်။ သူအစပိုင်းတွင် ရှဲ့လင်ကိုဒေါသထွက်ခဲ့၍ နောင်တရမိပြီး ရှဲ့လင်ကိုမက်ဆေ့ချ်ပို့ခဲ့သော်လည်း တခါမှပြန်စာမရပေ။ သူရှဲ့လင်ကို နောက်ထပ်ဆက်သွယ်ရန်မစောင့်နိုင်တော့သည့်အပြင် အနှီသူကိုနောက်ထပ်တွေ့ရရန် အခွင့်အရေးပင်မရှိတော့ပေ။
ရှဲ့လင်က တကယ်ပင်သူနှင့်အဆက်အသွယ်ဖြတ်လိုက်ခြင်းလည်းဖြစ်နိုင်သည်။
သူချက်ချင်းစိတ်ထိခိုက်ခဲ့ရသည်။ သူ့အနားတွင် မည်သူမှရှိမနေပေ။ အမေကလည်းဆုံးသွားပြီဖြစ်ကာ အဖေကလည်း အသည်းအသန်ဖြစ်နေပြီး ယွမ်ယဲ့ကလည်းဒဏ်ရာရနေသည့်လက်ကိုကုသရန် နိုင်ငံခြားထွက်သွားခဲ့သည်။
ရှန်းရှီကောတစ်ယောက်တည်းသာ သူနှင့်အတူရှိနေခဲ့၏။
"ငါဒီမှာရှိနေပါတယ်..."
ရှန်းရှီကောက သူ့ကိုပွေ့ဖက်ပြီး သူ့ကျောကိုပုတ်ကာ နူးညံ့စွာဖြင့်နှစ်သိမ့်ပေးခဲ့သည်။
"ငါသေတဲ့အထိမင်းနဲ့အတူရှိနေမှာပါ..."
ဖုယွမ်ကျိုးသည် အိပ်ပျော်နေရာမှ ရုတ်တရက်မျက်လုံးပွင့်လာပြီး ချွေးအေးများရွှဲနင့်နေရင်း နိုးထလာရသည်။ ဖုန်းမှအချိန်ကိုကြည့်လိုက်သည့်အခါ မနက်တစ်နာရီခွဲဖြစ်၏။ သူလုံးဝပြန်အိပ်၍မရတော့ပေ။
သူသည် အိပ်မက်ကိုပြန်တွေးနေမိပြီး သူ့အားစိတ်တုန်လှုပ်စေခဲ့သည့် ရှဲ့လင်၏အေးစက်သည့်မျက်လုံးများကသာ သူ့စိတ်ထဲတွင်စွဲကျန်နေခဲ့၏။
အိပ်မက်ထဲမှခံစားချက်များ၏ သက်ရောက်မှုကြောင့် သူဖုန်းထုတ်ပြီး ရှဲ့လင်ကို WeChat မက်ဆေ့ချ်ပို့လိုက်သည်။ ရှဲ့လင်က ယခုအချိန်တွင်အိပ်ပျော်နေပြီဆိုသော်လည်း...
"ငါတောင်းပန်ပါတယ်...ငါ့ကိုမထားခဲ့ပါနဲ့..."
သူသည် စာရိုက်ပို့လိုက်ပြီး အစိမ်းရောင်သန်းနေသည့် စာကိုငေးကြည့်ရင်း တိတ်တဆိတ်သာထထိုင်လိုက်သည်။ ထို့နောက် ရူးနေသည့်နှယ် ရုတ်တရက်သူဟာသူရယ်လိုက်မိလေ၏၊ ယခုအချိန်မှရှဲ့လင်ကိုစာပို့လိုက်လျှင်ပင် ဘယ်နေရာတွင်အသုံးဝင်ပါမည်နည်း။ စာထဲတွင် နောင်တရနေသည့်အရိပ်အယောင်တစ်စက်လေးပင်မပါဘဲ သူ့စိတ်သဘောအတိုင်းလုပ်လိုက်မိခြင်းသာ။
ညဥ့်နက်မှ နှင်းဆီပန်းပွင့်လေးတစ်ပွင့်သည် စိတ်ကူးယဥ်ဆန်စွာဖြင့်ပွင့်လန်းလာခဲ့ခြင်းဖြစ်နိုင်သည်။
ရှဲ့လင်မမြင်ရသေးခင် အဆိုပါမက်ဆေ့ချ်ကို အချိန်မီလေးဖျက်လိုက်နိုင်၏။
မထင်မှတ်ဘဲ ဖုန်းကနှစ်ကြိမ်နှစ်ခါတုန်ခါလာ၏၊၊ ရှဲ့လင်ကသူ့အားစာပြန်လာခြင်းပင်။
"မအိပ်သေးဘူးလား..."
ရှဲ့လင်မအိပ်သေးဘူးလား။ သူပို့လိုက်တဲ့မက်ဆေ့ချ်ကြောင့်နိုးသွားတာများလား။
ဖုယွမ်ကျိုးက အံ့အားသင့်သွားပြီး ရှဲ့လင်ကို ဘာလုပ်နေလဲဟုမေးလိုက်သော်လည်း ရှဲ့လင်ကစာမပြန်ခဲ့ပေ။ မိနစ်အနည်းငယ်ကြာမှ မက်ဆေ့ချ်ရောက်လာခဲ့သည်။
"အပြင်ထွက်ခဲ့...ကိုယ်မင်းအိမ်ရှေ့မှာ..."
"မင်းဘာလို့ဒီနေရာကိုလာတာလဲ"
ဖုယွမ်ကျိုးက မင်ဆေ့ချ်ပြန်ပို့လိုက်ကာ သော့ကိုဆွဲပြီး အပြင်ပြေးထွက်လာခဲ့၏။
ရှဲ့လင်က အိမ်ရှေ့တံခါးဝတွင် မတ်တပ်ရပ်ရင်း သူ့အားစောင့်နေခဲ့သည်။ ညကားမှောင်လွန်းပြီး ရာသီဥတုကအေးသထက်အေးလာသည်။ လမ်းကြားလေးထဲတွင် ခပ်မှိန်မှိန် မီးအလင်းရောင်သာရှိ၏။ သူသည်ကား ကုတ်တစ်ထည်ဖြင့်အအေးဒဏ်ကိုကာကွယ်ထားရပြီး တံခါးဖွင့်လိုက်သည့်အသံကြားရမှ လှည့်ကြည့်လိုက်၏။
"ဆောရီး..ငါမက်ဆေ့ချ်ပို့လိုက်လို့နိုးသွားတာလား..."
ဖုယွမ်ကျိုးကမေးလိုက်ပြီး ရှဲ့လင်ဝင်လာနိုင်အောင် ဘေးကပ်ပေးလိုက်၏။
"အထဲဝင်မလား..."
"ကိုယ်မအိပ်ရသေးဘူး..."
ရှဲ့လင်ကခေါင်းယမ်းပြီး မဝင်တော့သည့်အကြောင်း အမူအရာပြလာသည်။
"ကိုယ်မင်းကိုတွေ့ရအောင်လာခဲ့တာ.."
"ငါအခုလေးတင်ပြောလိုက်တဲ့စကားကြောင့်လား..."
ရှဲ့လင်ကိုမသိစေချင်၍ ဖုယွမ်ကျိုး မေးကြည့်လိုက်လေ၏။
ရှဲ့လင်: "စိတ်ရှုပ်နေလို့လား...ဘာလို့ကိုယ့်ကိုတောင်းပန်နေတာလဲ...ကိုယ်မင်းကိုထားခဲ့မယ်လို့ရော ဘာလို့တွေးရတာလဲ..."
ယင်းက ပထမဆုံးအကြိမ်မဟုတ်တော့။ ယခင်ကလည်း ဖုယွမ်ကျိုးက သူ့ကိုထိုစကားမျိုးပြောခဲ့ဖူးပြီး သူ့အားမထားခဲ့ပါရန်တောင်းပန်ခဲ့ဖူးသည်။
"ငါညလယ်ကြီးမှာ အိပ်မက်ဆိုးမက်လိုက်လို့ပါ...အထွေအထူးမဟုတ်ပါဘူး..."
ဖုယွမ်ကျိုး ရှက်ရှက်နှင့်ရှင်းပြလိုက်ရ၏။
"ဆောရီး..ဒါပေမဲ့ ငါမင်းကို သက်သက်အလုပ်ရှုပ်စေမိတာ.."
ရှဲ့လင်: "ရှန်းရှီကောနဲ့ပတ်သတ်နေလား.."
ဖုယွမ်ကျိုးက နည်းနည်းလေးမှင်သက်သွားခဲ့သည်။ ရှဲ့လင်က ဤမျှအလေးထားလိမ့်မည်ဟုမထင်ထားခဲ့ပေ၊ သို့သော်လည်း ဤကိစ္စက လက်ရှိရှန်းရှီကောနှင့်မပတ်သတ်သောကြောင့် ခေါင်းယမ်းကာငြင်းလိုက်၏။
"အဲဒါကသူနဲ့မဆိုင်ပါဘူး.."
ရှဲ့လင်: "ကိုယ်မင်းကိုတစ်ယောက်တည်းမထားခဲ့ပါဘူး...ဘာတွေပဲဖြစ်လာပါစေပေါ့..."
ဒါပေမဲ့ အရင်ဘဝကတော့ မင်းတကယ်ကြီးလုပ်ခဲ့တယ်....
ဖုယွမ်ကျိုးက နှလုံးသားထဲမှချဥ်စူးနေသည့်ခံစားချက်ကိုရလိုက်သည်။
"ငါကမင်းအပေါ် ခွင့်မလွှတ်နိုင်တဲ့အလုပ်မျိုးလုပ်ခဲ့ရင်ရော... ဥပမာ လူသတ်တာ..မီးရှို့တာမျိုး...ပြီးတော့အားလုံးကငါ့ကိုစိတ်ပျက်ပြီးမုန်းသွားကြလိမ့်မယ်..."
"မင်းကလုပ်မှာမဟုတ်ပါဘူး..."
ရှဲ့လင်ကသူ့ခေါင်းကိုအင်မတန်ညင်သာစွာဖြင့် ပွတ်သပ်ပေးလာ၏။
"မင်းကအဲဒီလိုအလုပ်မျိုးလုပ်မှာမဟုတ်ပါဘူး..."
"လုပ်ခဲ့ရင်ရော"
ဖုယွမ်ကျိုးက အသံတိုးတိုးလေးဖြင့်ပြောလာခဲ့သည်။
"လူတိုင်းကပြောင်းလဲတတ်တာပဲ..."
ရှဲ့လင်က တခဏမျှနှုတ်ဆိတ်သွားပြီးနောက် ပြောလာခဲ့သည်။
"အဲဒီလိုဖြစ်ခဲ့ရင် အဲဒီနေ့ရောက်မှ ကိုယ်မင်းကိုပြန်ပြောင်းပေးမယ်..ကိုယ်မင်းကိုအမှားမလုပ်နိုင်အောင် တားမယ်...မင်းအရင်လိုပြန်ဖြစ်အောင် ကူညီမယ်...ပြီးတော့မင်းကိုပြုပြင်ပေးမယ်..."
သူသည် ဖုယွမ်ကျိုးမျက်လုံးထဲသို့ စေ့စေ့ကြည့်ကာပြောလာ၏။
"ကိုယ်မင်းကိုဘယ်တော့မှမထားခဲ့ပါဘူး..."
သူစကားကိုခဏရပ်လိုက်သည်။
"မင်းကိုယ့်ကိုသတ်ပစ်တဲ့အထိပေါ့..."
"ငါမင်းကိုမသတ်ပါဘူးကွာ...!"
ဖုယွမ်ကျိုးက သဘောတကျရယ်လိုက်ပြီး ထိုအခိုက်အတန့်လေးအတွင်းမှာပင် သူ့ကိုလုံးဝမထားခဲ့နိုင်အောင် ရှဲ့လင်ကိုကတိပေးစေချင်ခဲ့သည်။
အကယ်၍ ရှဲ့လင်သာ သူရှန်းရှီကောကြောင့် ပိတ်မိနေမှန်းသိသွားခဲ့လျှင် နောက်တကြိမ်ထပ်တွေ့ကြချိန်တွင် အနှီသူကသူ့ကိုခွင့်လွှတ်ပေးနိုင်မလားမသိတော့ပေ။ ယခုတော့ ထိုအဖြေကိုသိရရန် သူ့တွင်အခွင့်အရေးမရှိပေ။
ရှဲ့လင်က လက်ဆန့်ကာ သူ၏စိုစွတ်နေသောမျက်လုံးထောင့်လေးများကို သုတ်လိုက်ပြီး အသံမှာနူးညံ့နေခဲ့၏။
"ဒီတော့ ကိုယ်မင်းကိုမထားသွားပါဘူး...."
"အင်း..."
ဖုယွမ်ကျိုးက သူ၏စူးတက်လာသောမျက်လုံးကို သုတ်ပစ်လိုက်ပြီး မငိုမိအောင်ထိန်းထားရင်း တုံ့ဆိုင်းစွာဖြင့်ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပဲ...ရှဲ့လင်..."
"ကျေနပ်သွားပြီလား.."
ရှဲ့လင်ကပြန်မေးလာလေသည်။
"ကျေနပ်သွားပြီ.."
ဖုယွမ်ကျိုးမှာပိုပြီးပင် ရှက်လာရ၏။
"အိုကေ....ကိုယ့်အလှည့်..."
ရှဲ့လင်က ထိုသို့ပြောလိုက်ပြီး ရုတ်တရက်ပင် ဖုယွမ်ကျိုးကိုနံရံတွင်ဖိထားလိုက်ပြန်ကာ သူ့မျက်လုံးထဲသို့နက်ရှိုင်းစွာဖြင့်ကြည့်လာခဲ့သည်။
"ကိုယ်ဆိုးရွားတာတစ်ခုခုလုပ်မိရင်ရော...မင်းကိုယ့်ကိုအဆက်အသွယ်ဖြတ်မှာလား..."
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ ရှဲ့လင်နှင့် ဘယ်တော့မှအဆက်အသွယ်ဖြတ်မည်မဟုတ်ပေ။
ဖုယွမ်ကျိုးက ထိုအတိုင်းတွေးမိပြီး သူဘယ်တော့မှရှဲ့လင်ကိုထားသွားမည်မဟုတ်၍ တွန့်ဆုတ်မနေဘဲကတိပေးလိုက်လေသည်။
"မဖြတ်ဘူး!"
"ကိုယ့်ကိုအဖြေမပေးခင် ပြန်စဥ်းစားဦး..."
ရှဲ့လင်က သူ့နှုတ်ခမ်းများကိုထိကိုင်လာသည်။ ဖုယွမ်ကျိုးအသံတိတ်နေသည့်အခါ ဖုယွမ်ကျိုးလည်ဂုတ်ကိုဆုပ်ကိုင်လာပြီး လည်ပတ်အောက်မှဂလင်းကို ပွတ်သပ်ပေးလာသည်။
"ကိုယ်ကတော့မင်းကို အတော်လေးဆိုးတာမျိုးလုပ်မိမယ်ထင်တယ်..."
ထိုသူသည် ခေါင်းငုံ့ပြီး ဖုယွမ်ကျိုးမျက်နှာနှင့်နီးကပ်လာခဲ့၏၊ သူတို့၏အသက်ရှူသံများက ယှက်သွယ်နေကာ နှုတ်ခမ်းနှစ်စုံကထိစပ်လုမတတ်ပင်။ အနည်းငယ်မျှတိုးလိုက်သည်နှင့် သူ့ကိုတိုက်ရိုက်နမ်းလိုက်သလိုဖြစ်သွားလိမ့်မည်။
"ကိုယ်ကမင်းကိုနမ်းမယ်...အမှတ်ပေးမယ်...မင်းကိုပိုင်ချင်တယ်..ပြီးရင် မင်းကိုကိုယ်ဝန်ရအောင်လုပ်မယ်.."
"ဒီလိုဆိုရင်ရော...ကိုယ့်ကိုခွင့်လွှတ်ပေးပြီး...ကိုယ်နဲ့ဒီအတိုင်းဆက်ရှိသွားမှာလား..."