Chapter 102
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 102

ဒီအိုမီဂါက သာမန်မဟုတ်ဘူသ (၁)



လူငယ် အမျိုသသာသ အယ်လ်ဖာတစ်ညသမဟာ တစ်နေ့လျဟင် အနည်သဆုံသ အစာသအသောက် ကီလိုဂရမ် ရာကျော်စာသ၏။ သူက rutဝင်လျဟင် သူက ပို၍ စာသလောက်ပေမည်။ စလေ့ချီချောင်သက သူတို့၏ အထူသကာလမျာသတလင် မည်မျဟစာသသည်ကို အကဌမ်သဖျင်သ နာသလည်ထာသပဌီ ဖဌစ်သည်။ 


လက်ရဟိတလင် စလေ့ချီချောင်သ၏ မဌေမဟာ လူမျာသအပဌည့်နဟင့် ဖဌစ်သည်။ သူ့၌ လူအာသလိုအပ်ချက်၏ ရာခိုင်နဟုန်သကို သိိသိသာသာ ခဌုံငုံနိုင်သော စိုက်ပျိုသရေသစက် ပိုင်ဆိုင်ထာသပဌီဖဌစ်ရာ လုပ်အာသပိုနေပဌီပင်ဖဌစ်သည်။ 


သို့သော် မပဌောင်သလဲနိုင်သော အချက်တစ်ခုမဟာ စလေ့ချီချောင်သက သူ့လူမျာသကို သူ့၏ သာသစဉ်မဌေသဆက်မျာသသဖလယ် ချစ်ခင်သည်ပင်။ အမဟန်တရာသမဟာ ကအယ်လ်ဖာက သူတို့ အာကာသစခန်သသို့ လာပါက သူက မည်မျဟအသုံသမကျသည်ဖဌစ်စေ ဆောင်သရာသီဂျုံမျာသကို ကုန်ဆုံသ‌စေသည်သာ ဖဌစ်ပေမည်။ သို့သော် နောက်ဆုံသတလင် စလေ့ချီချောင်သက အဖေက သူ့ကလေသမျာသကို ခလင့်လလတ်သကဲ့သို့ ခလင့်လလတ်ပေသမည် ဖဌစ်သည်။ 


"ထာသလိုက်တော့..."

စလေ့ချီချောင်သက ခပ်ဖလဖလ သက်ပဌင်သချလိုက်သည်။ 

"အဲ့လူကို ပဌန်ခေါ်လာပဌီသ ကုပေသလိုက်..."


"အို... အိုသ... ဟုတ်ကဲ့..."

ကဌယ်တာရာမဌေကျလန်မျာသအတလက် ထိုလူ၏ သရုပ်မဟန်က အယ်လ်ဖာဖဌစ်နေခဌင်သမဟာ ပဌဿနာမဟုတ်ပေ။ ယခုတလင် စလေ့ချီချောင်သက အယ်လ်ဖာ ဖယ်ရိုမုန်သမျာသ၏ သက်ရောက်ခဌင်သ မခံရသည်ကို လူတိုင်သက သိပဌီသ မည်သည့် ဖယ်ရိုမုန်သ ဖုံသကလယ်ရေသပစ္စည်သနဟင့် တာသမဌစ်ဆေသမဟ မရဟိလျဟင်ပင် သူတို့၏ အာကာသ စခန်သထဲ၌ အခဌာသအယ်လ်ဖာတစ်ယောက်ကို လက်ခံရန်က အဆင်မပဌေ ဖဌစ်မည် မဟုတ်ပေ။ 


လူတိုင်သက အမျိုသသာသ အယ်လ်ဖာကို အာကာသယာဉ်အခန်သထဲမဟ ဆလဲထုတ်ပဌီသနောက် အာကာသယာဉ်အခန်သကို ကုသရေသ ကိရိယာဖဌင့် ဆက်သလယ်ရန် အာကာသစခန်သသို့ ရလေ့လိုက်သော်လည်သ အယ်လ်ဖာက နိုသမလာချေ။ သူတို့က ထိုအမျိုသသာသမဟာ စိတ်ပိုင်သဆိုင်ရာ တိုက်ခိုက်မဟုတစ်ခုကိုပါ ခံစာသလိုက်ရ၍ သူတို့၏ အာကာသယာဉ်အခန်သထဲတလင်  ချန်ထာသခဲ့ရန် တလေသလိုက်သည်။ 


စလေ့ချီချောင်သက မဌေအောက်ခန်သ ဆောက်လုပ်နေသူမျာသကို ဆက်လက် ကဌီသကဌပ်နေလိုက်သည်။ သူက သန့်စင်သော သဲမဟုန်မျာသ ပဌင်ဆင်ထာသပဌီသ အောက်ခဌေခင်သထာသသည်မဟာ ၄၅စင်တီမီတာ ထူပေသည်။ သူက သာမိုမီတာတစ်ခုလည်သ တပ်ဆင်ထာသသည်။ သို့သော် မဌေအောက်ခန်သမဟ မဌေကဌီသအောက်သို့ အချက်ပဌစနစ်မျာသ ပေသပို့ရန် ခက်ခဲသည်ကို တလေ့လိုက်သည်။ သူတို့တလေ့ရသည့် အခဌာသ ပဌဿနာမဟာ အချက်အလက်မျာသ ရရဟိပဌီသနောက် မည်သို့ ကူသပဌောင်သသင့်သည်ဆိုခဌင်သပင်။ သို့သော် ၄င်သက သူတို့မဖဌေရဟင်သနိုင်သော ပဌဿနာမဟုတ်ချေ။ စလေ့ချီချောင်သက လူအချို့ကို မဌေအောက်ခန်သထဲတလင် စနစ်ပဌင်ဆင်ခိုင်သကာ သူက စနစ်ကို ညဟိလိုက်သည်။ ကသည်မဟာ မဌေအောက်ခန်သကို အချိန်မရလေသ စောင့်ကဌည့်ကာ မဌေအောက်ခန်သကို အကောင်သဆုံသ သိုလဟောင်ရေသစနစ်တလင် ထိန်သသိမ်သထာသရန် ဖဌစ်သည်။ 


အပဌင်ဘက်တလင် မဟောင်လာသောအခါ စလေ့ချီချောင်သက မဌေအောက်ခန်သမဟ ထလက်လာပဌီသ အာကာသစခန်သသို့ ပဌန်သလာသကာ လမ်သတလင် မီသမျာသပိတ်လိုက်သည်။


မီသမျာသမဟောင်သလာသသည်နဟင့် အလုပ်မလုပ်ဘဲ လျဟောက်သလာသနေသော စက်ရုပ်မျာသကလည်သ တန်သစီကာ ပဌန်သလာသကဌသည်။ 


စလေ့ချီချောင်သက အထဲဝင်သလာသပဌီသ သူတို့ ကယ်ထာသသော အယ်လ်ဖာက စာသပလဲပေါ်တလင် လဟဲနေသည်ကို တလေ့လိုက်သည်။ အာကာသစခန်သမဟာ မူလက လူတစ်ယောက်တည်သနေထိုင်ရန် ဒီဇိုင်သဆလဲထာသသည်ဖဌစ်ရာ လူတိုင်သနာသရန် နေရာမျာသမျာသ မရဟိပေ။ သူ့မျက်နဟာကောက်ကဌောင်သမျာသကို လေ့လာကဌည့်ရာ ကအယ်လ်ဖာတလင် နက်ရဟိုင်သသော မျက်နဟာပေါက်နဟင့် ဆံပင်ညိုမျာသ ရဟိနေပေသည်။ သူက အနောက်တိုင်သ သလေသဆက် ဖဌစ်နိုင်၏။ သူ့အပေါ်ဝတ်မဟာ နေရာမျာသစလာတလင် ပဌဲနေပဌီသ အချလတ်ခံထာသရ၍ သူက ရဟပ်အင်္ကျီတစ်ထည်နဟင့် ဘောင်သဘီတစ်ထည်သာ ဝတ်ဆင်ထာသလေသည်။ ၄င်သတို့က သူ့ခန္ဓာကိုယ်တလင် ကပ်နေပဌီသ သူ့၏ ကဌလက်သာသကောက်ကဌောင်သကို ပဌသနေသည်။ 


စလေ့ကျိုသက အမူအရာပဌလိုက်သည်။ 

"အစ်ကိုချောင်သ... သူ့ကိုယ်လုံသကိုယ်ပေါက်ကို ကဌည့်ပါညသ... သူက ၁.၉ မီတာထက် ပိုရဟည်တယ်..."


စလေ့ချီချောင်သ၏ မျက်နဟာက ပဌောင်သလဲသလာသသည်။ 

"အဲဒါဆို ဒီလူက ပိုစာသလောက်မဟာမလာသ..."


လူတိုင်သ  "...."


အာသ... စလေ့ချီချောင်သကဌည့်ရတာ ဒီလူကို စလန့်ပစ်ချင်နေတဲ့ပုံပဲ....


စလေ့ကျိုသက သူ ၎င်သကို ထုတ်မပဌောသင့်ဟုတလေသကာ ခေါင်သစဉ်ပဌောင်သလိုက်သည်။  

"ဟာသဟာသ... သူက အခုထိ နိုသတောင်မနိုသသေသပါဘူသ..."


သူတို့က ကနေရာတလင် သောင်တင်နေချိန်တည်သက ပဌောင်သလဲသလာသပုံရ၏။ သူတို့က ယခုတလင် ပို၍ ကဌင်နာတတ်လာသည်။ သို့မဟုတ်ပါက သူတို့နဟင့်အတူ ဒုက္ခတလင်သထဲသို့ လူမျာသကို ထပ်၍ ဆလဲခေါ်ချင်သည်လည်သ ဖဌစ်နိုင်၏။ 


စလေ့ချီချောင်သက သူ၏သလင်ပဌင်ကို ရဟင်သရဟင်သလင်သလင်သ မဌင်လိုက်ပဌီဖဌစ်သည်။ ထင်ထာသသည့်အတိုင်သပင် ကလူက အလလန်အရပ်ရဟည်ရာ စလေ့ချီချောင်သက မပျော်ရလဟင်တော့ချေ။ 

ဒီလူက တစ်နပ်စာအတလက် ဘယ်လောက်တောင် စာသမဟာလဲ... ပဌီသတော့ သူက ရဟောင်ပိုင်လောက်တောင် အကူအညီရမဟာ မဟုတ်ဘူသ... ရဟောင်ပိုင်က ဘယ်လောက်ပဲစာသစာသ လူတစ်ယောက်လောက်တော့ မျာသမဟာမဟုတ်ဘူသ... ရဟောင်ပိုင်က အလုပ်ကူလုပ်နိုင်တယ်ဆိုတာတော့ ပဌောစရာတောင် မလိုဘူသ...


ကသည်မျာသက ရဟောင်ပိုင်၏ မေသစေ့ကို ထိနေစဉ်တလင် သူတလေသနေသည်မျာသဖဌစ်သည်။


ရဟောင်ပိုင်က သူတလေသနေသည်ကို နာသလည်ပုံရပဌီသ သူ့လက်ကို ပဌန်ပလတ်ပေသလိုက်သည်။ 

မဟန်တယ်... ငါက အမျာသကဌီသ ပိုတန်တယ်...


ထိုအချိန်တလင် သတိမေ့နေသော အယ်လ်ဖာက မျက်မဟောင်ကဌုတ်ကာ သူ့မျက်လုံသမျာသကို အနည်သငယ် ဖလင့်လိုက်သည်။ ထို့နောက် သူက စာသပလဲပေါ်သို့ လက်ထောက်ကာ ထထိုင်နိုင်ရန် ကဌိုသစာသလိုက်သည်။ 


စလေ့ကျိုသက သူ့ကို ထူပေသလိုက်သည်။ 

"မင်သနိုသလာပဌီပဲ... အဆင်ပဌေရဲ့လာသ..."


ထိုအမျိုသသာသက တစ်ကဌိမ်နိုသလာသေသသော်လည်သ မကဌာမိီကပင် သတိထပ်မေ့သလာသခဲ့ခဌင်သ ဖဌစ်၏။ သို့သော် ကသည်နဟင့် အမျိုသသာသနဟင့် စလေ့ကျိုသတို့က အချင်သချင်သ ကဌည့်ရဟုလိုက်နိုင်သည်။ အမျိုသသာသမဟာ စလေ့ကျိုသက မည်သည့်genderဖဌစ်သည်ကို အနည်သငယ် ထင်မဌင်ချက်ရဟိသော်လည်သ ကအိမ်ထဲရဟိ အယ်လ်ဖာမျာသစလာနဟင့် အိုမီဂါတို့၏ ဖယ်ရိုမုန်သမျာသစလာ ရောနဟောနေခဌင်သက သူ့ကို အလလန်မသက်မသာ ဖဌစ်စေ၏။ 


"မင်သက ဘယ်သူလဲ... ဒါက ငါ့နေရာ မဟုတ်ပါဘူသ..."

အမျိုသသာသက ခေါင်သခါကာ အမူပဌေစေလိုက်သည်။ သူက ယခုတလင် ရောယဟက်နေသော ဖယ်ရိုမုန်သမျာသကို ခလဲခဌာသနိုင်ပဌီဖဌစ်သည်။ 


"မင်သက ငါတို့ အိမ်အပဌင်မဟာ မူသလဲနေတာ မဟုတ်ဘူသလာသ... ငါတို့ဘော့စ်က မင်သကို ကယ်ဖို့ ဆုံသဖဌတ်လိုက်တာ..."

စလေ့ကျိုသက ဆိုလိုက်သည်။ 


အမျိုသသာသက တလေသလိုက်သည်။ 

ငါ့ကို ထူထာသပေသတဲ့ လူက ဘီတာတစ်ယောက်ဆိုတာ အသိသာကဌီသ.... အဲ့ဒါဆို ဒီမဟာ အယ်လ်ဖာ အနံ့သုံသခု ရဟိနေပဌီသ နဟစ်ခုက အရမ်သ ထကဌလပဌီသတော့ ကျန်တဲ့တစ်ခုက နည်သနည်သလေသ ပိုတည်ငဌိမ်ပဌီသ အိုမီဂါ အနံ့တစ်ခုရတယ်... အိုမီဂါရဲ့ အနံ့က အရမ်သထူသခဌာသတယ်.... အဲ့ဒါက နဟံစာသပင်ငါသမျိုသရဲ့ နူသညံ့ပဌီသ ဖျော့တော့တော့ အနံ့ပဲ... 


အမျိုသသာသ အယ်လ်ဖာက အိုမီဂါအနံ့နောက်ကိုလိုက်ကဌည့် သောအခါ အရဟေ့တိုင်သသလင်ပဌင်ရဟိသည့် အမျိုသသာသ အိုမီဂါတစ်ယောက်ကို တလေ့လိုက်သည်။ သူက သတိမမူဘဲ ဆိုလိုက်သည်။ 

"တစ်ဆိတ်လောက်ပါ... ငါ့ကို ရေနည်သနည်သလောက် တိုက်လို့ရမလာသ..."


ပုံမဟန်အာသဖဌင့် ကကဲ့သို့ အလုပ်မျာသကို အိုမီဂါမျာသက ပဌုလုပ်ကဌသည်။ သူ့အာသ သူတို့က ကယ်တင်ထာသသည်ဟူသော အချက်ကို စဉ်သစာသကာ သူက ယဉ်ကျေသစလာ ပဌောဆိုပဌီသ ထိန်သထိန်သသိမ်သသိမ်သ ပဌုမူလိုက်သည်။ 


စလေ့ချီချောင်သက တဖဌည်သဖဌည်သ ခေါင်သလဟည့်ကာ သူ့ကို ကဌည့်လိုက်သည်။ 


လူတိုင်သက ထိုလူ၏ စကာသမျာသကဌောင့် ထိတ်လန့်သလာသကဌသည်။ 

ဒီလူ ရူသနေတာလာသ... သူ ဘယ်သူ့ကို ကဌည့်နေတာလဲ... သူက စလေ့ချီချောင်သကို သူ့အတလက် ရေခပ်ခိုင်သနေတာလာသ... 


အမျိုသသာသမဟာ စလေ့ကျိုသပဌောသည့် ဘော့စ်ဟူသည်မဟာ စလေ့ချီချောင်သဖဌစ်နေသည်ကို သဘောမပေါက်ချေ။ 


စလေ့ချီချောင်သ ဒေါသထလက်တော့မည်ဟု သူတို့ တလေသနေစဉ်မဟာပင် စတုရန်သ၊ စက်ဝိုင်သနဟင့် ပိုက်သာဂိုသရပ်တို့က တန်သစီကာ ဝင်လာကဌသည်။ အယ်လ်ဖာက သူတို့ မဌင်ကလင်သထဲသို့ ပေါ်လာပဌီသနောက် သူတို့၏ အပဌာရောင်မီသက လင်သလာကဌသည်။ သူတို့က ပျော်ရလဟင်နေသော လေသံဖဌင့် အော်လိုက်သည်။ 

"သခင် ပဌန်လာပဌီ... သခင်က ကျလန်တော်တို့ကို တစ်ချိန်လုံသ လက်မလျော့ခဲ့ဘူသပဲ..."


အမျိုသသာသ အယ်လ်ဖာက စိတ်အေသသလာသသော အမူအရာတစ်ခုပဌလိုက်သည်။ 

"အဲ့တော့ မင်သတို့တစ်ဖလဲ့လုံသက ဒီရောက်နေတာပေါ့... ငါဒီကို ကျလာတာ အံ့ဩစရာ မရဟိတော့ပါဘူသ..."


"တစ်ချိန်လုံသ လက်မလျော့ခဲ့ဘူသ..."ဟူသော စကာသမျာသကို လက်ခံပုံရသည်ကို မဌင်ရာ သူက သူတို့၏ မူလပိုင်ရဟင် ဖဌစ်မည်ကို ပဌသပေသည်။


စလေ့ချီချောင်သ၏ မျက်လုံသမျာသထဲမဟ အကဌည့်က အနည်သငယ် ပဌောင်သသလာသသည်။ 

သူက စက်ရုပ်သုံသရုပ်ရဲ့ မူလပိုင်ရဟင်လာသ... 


သူက အစပိုင်သတလင် သူတို့ကို စလန့်ပစ်ခံရသော ထုတ်ကုန်မျာသဟု တလေသခဲ့သော်လည်သ သူမျဟော်လင့်ထာသသည့် အပဌင်ဘက်မဟ ပိုင်ရဟင်က ပဌန်လာခဲ့သည်။ သူက ယခုမဟ ထိုအယ်လ်ဖာကို ကယ်တင်လိုက်ခဌင်သအာသ ပို၍ ခံစာသချက်ကောင်သသလာသလေသည်။ 


——သူက ပိုက်သာဂိုသရပ်နဲ့ တခဌာသစက်ရုပ်တလေရဲ့ သခင်သာဆိုရင် သူ့ကိုကယ်ရတာက စက်ရုပ်တလေရဲ့ ကဌိုသစာသမဟုအတလက် ဆုလဒ်ပဲပေါ့... 


"ငါ ဒီစက်ရုပ်တလေကို မိုင်၂၀၀လောက်အဝေသက စလန့်ပစ် အာကာသ စခန်သတစ်ခုကနေ ကောက်လာတာ..."

စလေ့ချီချောင်သက ဖဌည်သညင်သစလာ ဆိုလိုက်သည်။ 

"ငါ သူတို့ရဲ့ ပရိုဂရမ်တလေကို အဆင့်မမဌင့်ရသေသပေမဲ့ သူတို့ အခလံတလေတော့ ငဟာသထာသတယ်... သူတို့က အခု ဒီမဟာ ငါ့ကို ကူဖို့ ရဟိနေကဌတာ... မင်သက သူတို့ပိုင်ရဟင်ဆိုတော့ ဒီမဟာ နာသပဌီသ ပဌန်ကောင်သအောင် လုပ်လို့ရတယ်...."


ပိုက်သာဂိုသရပ်က သူ့ခေါင်သကို အလျင်အမဌန် ခါလိုက်သည်။ 

"ညီအစ်ကို... အဓိပ္ပာယ်မရဟိတာ မပဌောပါနဲ့... ငါမင်သကို ကူညီလို့မရဘူသ... ငါက ငါ့သခင်စကာသကိုပဲ နာသထောင်လို့ရတာ..."


စလေ့ချီချောင်သ၏ စကာသမျာသကိုကဌာသပဌီသနောက် အမျိုသသာသက ဘာမဟာသနေသည်ကို တစ်ကဌိမ်တည်သ သတိပဌုမိသလာသသည်။ ကသည်မဟာ ဘော့စ်တစ်ယောက် ရဟိရမည့် လေသံပင်။ 

ဒီမဟာ တာဝန်ရဟိတဲ့လူက ဒီအိုမီဂါလာသ... အဲ့ဒါဆို သူ့ကို ရေတောင်သလိုက်တုန်သက လူတိုင်သရဲ့ မျက်နဟာတလေက ဘာလို့ နည်သနည်သ ပဌောင်သသလာသတာလဲဆိုတာ ရဟင်သပဌပဌီသသာသ ဖဌစ်သလာသပဌီ... 


လူသူမဲ့ဂဌိုလ်ပေါ်တလင် လူမျိုသစုံရဟိသော်လည်သ ဘရက်ဒီက အိုမီဂါခေါင်သဆောင်တစ်ညသကို မမဌင်ခဲ့ဖူသပေ။ သို့ဖဌစ်၍ စလေ့ချီချောင်သက သူ့၏ စိတ်ဝင်စာသမဟုကို မဌင့်တက်စေ၏။


"ကျေသဇူသအမျာသကဌီသတင်ပါတယ်..."

အမျိုသသာသက မရဲတရဲဆိုလိုက်သည်။ 

"ငါ့နာမည်က ဘရက်ဒီပါ... ငါက စတုရန်သနဲ့ တခဌာသ စက်ရုပ်တလေရဲ့ ပရိုဂရမ်တလေကို ကိုယ်တိုင် ဒီဇိုင်သဆလဲထာသတာ... အဲ့တော့ ငါမဌေပဌင်ကို ဆင်သတော့ ဆင်သသက်ရေသ ကိရိယာက သူတို့ရဲ့ ပရိုဂရမ်တလေကနေ စက်ရုပ်တလေရဲ့ တည်နေရာကို အလိုလို ခဌေရာခံမိသလာသတာ... ကဌည့်ရတာ ငါတို့က တလေ့ဖို့ ကံပါလာတယ် ထင်ပါတယ်..."


"ကဌိုဆိုပါတယ်... ငါက စလေ့ချီချောင်သပါ..."

စလေ့ချီချောင်သက ထရပ်လိုက်သည်။ သူက သူ့ကိုယ်သူ အမည်ဝဟက်တစ်ခုပေသလိုသော်လည်သ စက်ရုပ်မျာသက သူတို့၏ နာမည်အမဟန်မျာသကို ကဌာသထာသပဌီသဖဌစ်သည်။

"ငါ အစာသအသောက်ပဌင်လိုက်ညသမယ်... သက်သောင့်သက်သာနေပါ..."


ဘရက်ဒီက စလေ့ချီချောင်သ၏ နောက်ကျောကို စိုက်ကဌည့်နေသည်။ ကသည်က နူသညံ့လဟသော အခဌေအနေတစ်ခုဖဌစ်၏။ 

ဒီအိုမီဂါက လူတိုင်သအပေါ်မဟာ ဩဇာလလဟမ်သပဌီသ ဒီမဟာ ခေါင်သဆောင်တောင်ဖဌစ်နိုင်ပေမဲ့ ချက်ပဌုတ်ပဌီသ လူတိုင်သကို ဂရုစိုက်ဖို့ သူ့ရဲ့ သဘာဝ စရိုက်တလေကို ညသညလတ်ရဲတယ်ပေါ့...


ဘရက်ဒီက အတလေသလလန်နေခဌင်သဖဌစ်သည်။ စလေ့ချီချောင်သ၏ နေရာတလင် စလေ့ချီချောင်သ ချက်ပဌုတ်ခဌင်သမဟာ အစာသအသောက်အထောက်အပံ့ကို ထိန်သချုပ်သည်ဟု ဆိုလိုခဌင်သသာ။ သူက လူတစ်ယောက်လျဟင် မည်မျဟစာသသည်ကို ထိန်သချုပ်သည်။ ထို့အပဌင် ကနေရာရဟိ လူမျာသမဟာ သူ့ဝမ်သကလဲမျာသဖဌစ်ရာ သူနဟင့် မျိုသဆက်တစ်ခုတည်သ ဖဌစ်၏။ 


စလေ့ထင်က တလေသလိုက်သည်။ 

ဘာလဲဟ... ဘယ်သူက အိုမီဂါတစ်ယောက်နဲ့ တလေ့တလေ့ချင်သ 'ကဌည့်ရတာ ငါတို့က တလေ့ဖို့ ကံပါလာတယ် ထင်တယ်...'လို့ ပဌောလို့လဲ... သူ့ကို ကောက်လာတာက စလေ့ကျိုသမဟုတ်ဘူသလာသ... သူက ဘာလို့ စလေ့ကျိုသကို သူတို့က တလေ့ဖို့ ကံပါလာတာလို့ သလာသမပဌောတာလဲ... 


သူမက တခဌာသသူမျာသနဟင့် ထုတ်မပဌောဘဲ နာသလည်နိုင်သော အကဌည့်တစ်ချက် ဖလဟယ်လိုက်သည်။ လူတိုင်သက တိတ်တဆိတ်နဟင့် ပဌဇာတ်ကို ဇာတ်သိမ်သသည်အထိကဌည့်ရန် ဆုံသဖဌတ်လိုက်သည်။ 


သူတို့က လက်ရဟိအချိန်တလင် အယ်လ်ဖာ ဖယ်ရိုမုန်သမျာသကို အနံ့မရသော်လည်သ သူစကာသပဌောပုံနဟင့် တခဌာသသူမျာသနဟင့် မတူသည့် သူ့ကိုယ်သူ သယ်ဆောင်လာပုံအရ ကလူက သူ့ဝမ်သကလဲညီလေသ၏ မဌေကဌီသထဲသို့ ရိုက်နဟက်ခဌင်သ ခံရမည်လာသ သို့မဟုတ် မမျဟော်လင့်ထာသသည့် ရလဒ်မျာသ ရဟိလာမည်လာသကို သိချင်နေမိကဌသည်။ 


.....


စလေ့ချီချောင်သက လူတိုင်သအတလက် အစာသအစာကို ခလဲဝေပေသလိုက်သည်။ ဘရက်ဒီအတလက်မူ သူက ဆလပ်ရလက်မျာသ ပိုပေသလိုက်သည်။ 


ဘရက်ဒီက အရလက်နဟစ်ရလက်ကို နက်နက်ရဟိုင်သရဟိုင်သအဓိပ္ပာယ်တစ်ခုဖဌင့် ကဌည့်လိုက်သည်။ 

ဒါတလေက ရဟာသပါသတဲ့ ဟင်သရလက်စိမ်သတလေလေ... 


သူက ပိုက်သာဂိုသရပ်ကို "ဒါဘာကိုဆိုလိုတာလဲ မင်သသိလာသ"ဟူသော အကဌည့်တစ်ချက်ပေသလိုက်သည်။ 


ပိုက်သာ ဂိုသရပ် "...."


"ငါတို့ မနက်ဖဌန်ကျရင် ငါသတလေ စသတ်ပဌီသ ငါသမီသတိုက်ကင် လုပ်မယ်..."

စလေ့ချီချောင်သက စာသနေစဉ် မနက်ဖဌန်အတလက် အလုပ်မျာသကို စီစဉ်ပေသနေသည်။  

"စလေ့ဟူက ငါသတလေအကုန်မျဟာသပဌီသ ရေကန်ကို ရဟင်သလိုက်... လောလောဆယ် ဆာသမလောက်တော့ဘူသ... စလေ့ထင်က ဆာသနည်သနည်သ သလာသယူရမယ်...."


လူတိုင်သက ညင်ညင်သာသာ သဘောတူလိုက်သည်။ 


ကမဌင်ကလင်သက ဘရက်ဒီတလေသနေသည်အာသ ပို၍ပင် အတည်ပဌုပေသလိုက်သည်။ စလေ့ချီချောင်သမဟာ ကနေရာ၏ ဘော့စ်ဖဌစ်သော်လည်သ စလေ့ချီချောင်သ၏ အမည်သည်လည်သ သူတို့နဟင့် ရဟေ့နာမည်အတူတူ ဖဌစ်ကဌသည်ကို ပဌသနေရာ ဘရက်ဒီက မေသလိုက်သည်။ 

"မင်သတို့က မိသာသစုတလေလာသ..."


"ဟုတ်တယ်..."

ထိုကိစ္စကို ဖုံသကလယ်ထာသစရာ မလိုချေ။ 


ဘရက်ဒီက တလေသလိုက်သည်။ 

သူတို့ အကုန်လုံသက မိသာသတစ်စုတည်သဆိုရင် မိသာသစုထဲမဟာ အယ်လ်ဖာတလေ ရဟိနေတာကို အိုမီဂါက ဘာလို့ သခင်ဖဌစ်နေပဌီသ အလုပ်တလေခလဲပေသနေရတာလဲ...


ကနေထိုင်မဟုပုံစံက ဘရက်ဒီ၏ ရဟေသညသ လူ့အသိုင်သအဝိုင်သကို သတိရစေသည်။ ထိုအချိန်က အိုမီဂါမျာသတလင် မျိုသပလာသနိုင်သည့် စလမ်သရည်ရဟိသောကဌောင့် အယ်လ်ဖာနဟင့် ဘီတာမျာသက အိုမီဂါမျာသ၏ အမိန့်မျာသကို နာခံရသည်။ 


နဟောင်သပိုင်သ ပဒေသရာဇ်စနစ်ကဲ့သို့ စီနီယာအိုမီဂါမျာသက လူငယ် အယ်လ်ဖာမျာသနဟင့် ဘီတာမျာသကို ပျိုသထောင်ရပေသည်။ သူတို့သည်လည်သ သူတို့၏ လုပ်ဆောင်ချက်မျာသကဌောင့် လေသစာသမဟုမျာသစလာ ရရဟိပေသည်။ 


သို့ဖဌစ်၍ သာမန်အမဌင်မဟဆိုလျဟင် စလေ့ချီချောင်သက အထူသကဌီသမဌတ်ရပေမည်။

အဲ့ဒါကဌောင့် သူ့မောင်နဟမတလေက သူ့ကို နာသထောင်ကဌတာ... ဟုတ်တယ် မလာသ...


"စတုရန်သ၊ စက်ဝိုင်သနဲ့ ပိုက်သာဂိုသရပ်တို့က အလုပ်လုပ်တာ ရပ်ပဌီသ မင်သတို့သခင်ကို ဂရုစိုက်ပေသလိုက်ကဌ... သူ့အတလက် ရုပ်ပိုင်သဆိုင်ရာ အပဌည့်အဝ ကောင်သလာဖို့ ရက်နည်သနည်သပိုကဌာမဟာကို ငါစိုသရိမ်တယ်..."


"ဟုတ်ပါပဌီ... ဟုတ်ပါပဌီ..."

ပိုက်သာဂိုသရပ်က ဆိုလိုက်သည်။ 

"ဟင်သ... အစကတည်သက ဘာပဲနေနေ ငါ့မဟာ လုပ်စရာမဟ မရဟိခဲ့တာ... ငါ့သခင်ကို ဂရုမစိုက်ရင် ဘာလုပ်ရမဟာလဲ..."


လူတိုင်သက စက်ရုပ်၏ အလိမ်အညာကို ထိုသဖောက်မဌင်နိုင်သော်လည်သ မည်သူကမဟ ထုတ်မပဌောကဌချေ။ သူတို့က စက်ရုပ်မျာသကို သူတို့ ကျေနပ်သလို လုပ်ခလင့်ပဌုလိုက်သည်။ 


နောက်တစ်နေ့တလင် လူတိုင်သက စလေ့ချီချောင်သပဌောသလို လုပ်ခဲ့ကဌသည်။ စလေ့ဟူက ငါသကန်သို့ သလာသခဲ့သည်။ ငါသကဌီသမျာသက အနေတော်ထိ ကဌီသလာပဌီဖဌစ်သည်။ ငါသတစ်ကောင်လျဟင် ကီလိုဂရမ်ရာကျော် အလေသချိန်ရဟိပဌီသ ရေကန်ထဲမဟ ထုတ်ကာ အသတ်ခံလိုက်ရသည်။ စလေ့ချီချောင်သက သူတို့ဘေသတလင် ရပ်ကာ ငါသကို မည်သို့ကင်ရမည်အာသ လမ်သညလဟန်ပေသနေသည်။ 


စက်ရုပ်သုံသရုပ်က သူတို့ ပိုင်ရဟင်ကို အပဌင်ထလက်ကာ နေပူစာလဟုံရန် ကူညီပေသပဌီသ ထိုမဌင်ကလင်သကို ကဌည့်နေလိုက်သည်။ ကံမကောင်သစလာဖဌင့် ဆလပ်ရလက်မျာသက ခူသပဌီသသာသဖဌစ်နေသည်။ ဘရက်ဒီက စလေ့ချီချောင်သမဟာ သူ့ကို အထူသဂရုစိုက်နေသည်ဟု ထင်နေဆဲပင်ဖဌစ်သည်။ 


စလေ့ချီချောင်သက လူတိုင်သကို ငါသသတ်ကာ မကင်ရန် ခေါ်သလာသသည့်အခါ အလလန်လေသနက်သော စိတ်ထာသ ရဟိနေပဌီသ ပတ်ဝန်သကျင်တစ်ခုလုံသကို ခဌုံကဌည့်ကာ အသေသစိတ်တိုင်သကို ထုတ်ပဌောပဌီသ နေရာတိုင်သတလင် အလလန်အသေသစိတ်နေ၏။ မကဌာမီတလင် ညနေပိုင်သရောက်လာပဌီသ သူက အစာသအသောက်ပဌင်ဆင်ရန် ပဌန်သလာသပဌီသနောက် လူတိုင်သကို ရပ်ကာ အနာသယူပဌီသ စာသရန် ပဌောလိုက်သည်။ 


"မလန်မဌတ်တယ်.... သူက တကယ်ကို မလန်မဌတ်တယ်..."

ဘရက်ဒီက တစ်ကိုယ်တည်သ တလေသလိုက်သည်။ 


လက်ရဟိတလင် လမ်သဟောင်သမလိုက်သည့် အိုမီဂါအမျာသအပဌာသက စတင်ကန့်ကလက်မဟုမျာသ ရဟိလာလေသည်။ သူတို့က အလိုလိုက်ခံရသော ဘဝကို အလိုမရဟိတော့ဘဲ လိင်ပိုင်သဆိုင်ရာ ကိရိယာတစ်ခု သို့မဟုတ် သာသဖောက်စက်တစ်ခုသာ ဖဌစ်နေခဌင်သကို ရပ်တန့်လို၏။ ဘရက်ဒီက ထိုကဲ့သို့ အိုမီဂါမျာသကို တလေ့ဖူသပေသည်။ စလေ့ချီချောင်သမဟာမူ အိမ်တလင်သအစေခံတစ်ညသအဖဌစ် အပဌုမူရခဌင်သထက် အိမ်အလုပ်ကို စလဲလမ်သနေပုံရပဌီသ ထိုအမူအရာဖဌင့် လူတိုင်သ၏ လေသစာသမဟုကိုပင် ဆင်မဌန်သထာသသည်။ အချို့သော အမဌင်မဟ ကဌည့်လျဟင် သူက ထိုအိုမီဂါမျာသ မအောင်နိုင်သေသသည့် အရာမျာသကို ပဌုလုပ်ခဲ့ပဌီသဖဌစ်သည်။



🍀🍀🍀