Chapter 109
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 109

အထူးစိတ်ဝင်စားမှု(၂)



ယနေ့ညစာမှာ ကြက်သွန်ဖြူအသားမွှကြော်နှင့် နှံစားပြောင်းထမင်းဖြစ်သည်။


အသားမွှကြော်မှာ ဆားအရသာအသင့်အတင့်နှင့် အနံ့မှာ အင်မတန်ကြိုင်လှိုင်နေပြီး အဆီလည်းမများပေ။ ပါးစပ်ထဲထည့်လိုက်သည်နှင့် ကြပ်တိုက်ထားသောအသား၏ရနံ့နှင့်အရသာက မြိုချလိုက်လျှင် ပေါင်းစပ်ပျော်ဝင်သွားသည်။ လှီးချွတ်ဆေးကြောထားသော ကြက်သွန်ဖြူအရသာက နူးညံ့ချိုမြိန်နေပြီး အသားမှထွက်လာသောအဆီကြောင့် အငန်အရသာကို မဆိုသလောက်ရစေသည်။ အသားကိုကိုက်လိုက်သည့်အခါ ကြွပ်ရွနေကာ ငရုတ်သီးနံ့မွှေးမွှေးလေးပင်ရနိုင်သေး၏။


၎င်းတို့က ကြက်သွန်ဖြူနှင့်ရောနေသော အသား၏အပေါ်တွင်ရစ်ပတ်ထားပြီး နှံစားပြောင်းဆန်ကို အသေအချာဖုံးအုပ်ထားကာ ဝါးလိုက်သည်နှင့် တကြွပ်ကြွပ်အသံများထွက်နေစေ၏။ ထိုသို့သောဟင်း၏အရသာက နှံစားပြောင်းဆန်နှင့် လိုက်ဖက်ညီနေပြီး ပြောင်းဆန်၏အနံ့နှင့်အရသာကို ပိုတိုးလာစေလေသည်။


စွေ့ဟူမှာ စိတ်ဝင်တစား စားသောက်နေသည့်တိုင် သိမ်မွေ့သည့်အသွင်အပြင်ကို ထိန်းသိမ်းထားသေး၏။ တစ်ဖက်တွင်မူ ရက်ပေါင်းများစွာငတ်ပြတ်နေခဲ့သလိုမျိုးသရုပ်ဆောင်နေသော ကတုံးများသည်ကား ပတ်ဝန်းကျင်တစ်ခွင်ကို ဝှေ့သွားသည့်လေပွေများပမာ သူတို့၏ပန်းကန်များကို အပြောင်ရှင်းပစ်လိုက်ကြသည်။ ပန်းကန်ထဲမှအစားအသောက်များကုန်သွားသည့်အခါ ထပ်လိုချင်သေး၍ အော်ဟစ်လာကြပြန်၏။


စွေ့ဟူက သူတို့၏စားသောက်ပုံကိုတွေ့ပြီး စွေ့ချီချောင်းအားခပ်တိုးတိုးကပ်ပြောလေသည်။

"ညီလေးချောင်း...အဲဒီကတုံးတွေက အတော်လေးစားနိုင်တာပဲ… ငါတို့ သူတို့ကို ပြောင်းဆန်တွေ ထပ်ကျွေးနိုင်တော့မယ်မထင်ဘူး… မဟုတ်ရင် ငါတို့ရိက္ခာတွေအကုန်ကုန်လိမ့်မယ်..."


မူလက စွေ့ချီချောင်းမှာ ကတုံးများကို သူတို့လေယာဥ်ပေါ်မှ ရိက္ခာခြောက်များကိုသာစားရန် ခွင့်ပြုပေးထားခဲ့သည်။ သို့ထိတိုင် သူတို့က အလုပ်ကောင်းကောင်းလုပ်နိုင်ကြ၏။ ထို့အပြင် သူတို့က အသားနှင့်ထမင်းကို ပွဲတော်တည်နေချိန်တွင် ကတုံးများ၏ပုံစံက သနားစရာကောင်းနေသောကြောင့် သူတို့ကိုပါ အသားနှင့်အသီးအရွက်များ ကျွေးမွေးရန် ခွင့်ပြုပေးလိုက်ရခြင်းပင်။


သို့သော်လည်း သူတို့က စားသောက်နိုင်ကြပြီး စားတိုင်း ထမင်းနှင့်အသားများ ထပ်တောင်းတတ်ကြသည့်တိုင် ဆောင်းရာသီလည်းကုန်သွားပြီဖြစ်ကာ သူတို့ထံတွင် ဤနေရာရှိလူတိုင်းကို ကျွေးမွေးနိုင်ရန် ပြောင်းဆန်နှင့်ခေါက်ဆွဲများသာ ကီလိုဂရမ်ထောင်ချီရှိသည်။ ဤလယ်ကွက်လောက်နှင့် သူတို့၏စားသောက်နှုန်းကို ကာမိမည်မဟုတ်ပေ။


စွေ့ထင်က သူမလက်ချောင်းလေးများကိုထောင်ကာ တွက်ချက်ကြည့်နေသည်။

"ငါတို့ ပျိုးကြဲဖို့အတွက် ဖယ်ထားတဲ့ ပြောင်းဆန်တွေကတော့ ကီလိုဂရမ်တစ်ထောင်ရှိသေးတယ်...လိုအပ်လာရင်တော့ ထုတ်စားလို့ရပါတယ်...ပြီးတော့ တစ်ခါစိုက်ရင် နှစ်ကီလိုပဲလိုတာမလား..."


ချက်ချင်းပင် စွေ့ချီချောင်းက သူမလက်ကိုပုတ်ထုတ်ပြီးတုံ့ပြန်လိုက်သည်။

"မဟုတ်ဘူး...အဲဒီကနေ မယူဘူး..ငါတို့မိဘတွေကိုအငတ်ခံခိုင်းရမယ်ဆိုရင်တောင် ပျိုးကြဲဖို့ထားထားတဲ့ မျိုးစေ့တွေတော့ ဘယ်တော့မှမစားဘူး..."


စွေ့ထင်: "....."


ထိုသို့သောစကားပုံမျိုးကို သူမတစ်ခါမှပင် မကြားဖူးခဲ့ပေ။ ဘယ်သားသမီးက သူတို့မိဘကို အငတ်ခံခိုင်းမှာလဲ…


သာမန်အတိုင်း ပြောလိုက်ခြင်းဖြစ်သည့်တိုင် ပြောလိုက်သူမှာ စွေ့ချီချောင်းပင်။ သူတို့စိတ်ထဲတွင်မူ အနှီသူက အမှန်တကယ်ပင် သူ့မိဘများကိုငတ်ပြီး သေခိုင်းလိမ့်မည်ဟုခံစားနေရသည်။


"စီစဥ်စရာရှိတာတွေကို ဂရုတစိုက်လုပ်ပြီး ဆန်ပို့တဲ့နှုန်းထားကိုလျှော့ချလိုက်တော့... ဆန်နဲ့ခေါက်ဆွဲတွေလို ရိက္ခာခြောက်တွေကို ပြန်လှည့်ပြီးသုံးကြမယ်... ဒါပေမဲ့ အချိန်နဲ့ မလုပ်ထားနဲ့...ဒါမှ ဆန်တွေကုန်သွားခဲ့ရင် အာဟာရပျော်ရည်တွေကျန်မှာ..."

သူ၏တွက်ချက်ပုံအရဆိုပါက အစားအသောက်က သူတို့အတွက်ကျန်နိုင်လိမ့်မည်။ ဤနှစ်ဆောင်းရာသီအတွက် အသားနှင့်အသီးအရွက်များကို အများအပြား သိုလှောင်ထားပြီးနောက်ပိုင်း လုံလောက်သည်ထက်ပင် ပိုနေနိုင်သေး၏။


လုံလောက်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ နှစ်စတည်းက အစားအသောက်အများအပြား ကုန်သွားခဲ့ပြီ၊ အစားအသောက်များခွဲဝေပေးထားခြင်းက မညီမျှတော့ပေ။ ငြီးငွေ့စရာဟင်းချက်နည်းများနှင့် အစားအသောက်စာရင်းကို စတင်လုပ်ရန်က အရေးအကြီးဆုံးသာ။


ဆလပ်ရွက်နှင့်ပြောင်းဆန်တို့ကိုမူ မကြာသေးခင်က မဆင်မခြင်စားသောက်ခဲ့သောကြောင့် သူတို့အတွက် ရိက္ခာခြောက်အချို့၊ စည်သွပ်ဘူးများကိုသာစားရန် ရှိတော့သည်။ စွေ့ချီချောင်းစိုက်ထားသည့် ကြက်သွန်ဖြူနှင့် အပင်ပေါက်လေးများက အသင့်အတင့်ကြီးထွားနေကြပြီဖြစ်ပြီး အညွန့်လေးများကိုဖြတ်ကာ လိုသလိုချက်စားနိုင်သည်။ ထိုပုံစံနှင့် တစ်ခါတစ်ရံတွင် ပြောင်းဆန်ပြုတ်နှင့် ပြောင်းဆန်ကိတ်တို့လုပ်စားနိုင်သည်။

အခုလို ပြောင်းစားတာကလည်း တစ်မျိုးတော့ ကောင်းတယ်မလား…


အနှီအစီအစဥ်အတိုင်း စွေ့ချီချောင်းက ကျောင်းသားများထက် အစားကြီးသောပုဂ္ဂိုလ်များနှင့် သုံ့ပန်းများကို ယခင် ပုံရိပ်ယောင်ယာဥ်နှစ်ခုပေါ်တွင်ကျွေးမွေးခဲ့သည်အား စဥ်းစားကြည့်လိုက်၏။


မျှတစေရန် သက်လတ်ပိုင်းအရွယ် သုံ့ပန်းများနှင့် တက္ကသိုလ်မှကျောင်းသားများအပါအဝင် နေရာအနှံ့မှသူ၏လူများကို ထည့်သွင်းစဥ်းစားလိုက်သည်။ သက်လတ်ပိုင်းအရွယ်လူကြီးများသည်ကား ခက်ခဲပင်ပန်းသောအချိန်များတွင်နေခဲ့ရသောကြောင့် စွေ့ချီချောင်းသာ ပဲများပေးလိုက်လျှင် ပျော်ရွှင်သွားကြလောက်ပြီး ကျောင်းသားများကမူ ပုံမှန်ဖြစ်နိုင်မည့်အရသာမှန်သမျှ လက်ခံကြလောက်သည်။


ကြေးစားများကမူ အဆိုပါအုပ်စုနှစ်ခုနှင့် မတူပေ။ သူတို့ကိုသာ ကော်မရှင်ပေးလိုက်သည်နှင့် အစားအသောက်အပြင် ဇိမ်ခံပစ္စည်းအများအပြားကို ဝယ်ကြလိမ့်မည်။ ဤနေရာရှိသိပ္ပံနှင့်နည်းပညာများက ပိုမိုတိုးတက်လာပြီး တစ်ခုလိုချင်သည်နှင့် ဘာမဆိုလုပ်ပေးသည့် ပေါင်းအိုးများရှိလာပြီဖြစ်သည်။ ပါဝင်ပစ္စည်းအားလုံးက ကြီးကျယ်သောစိုက်ပျိုးရေးအမျိုးအစားများဖြစ်လာနိုင်၏။ ထို့ကြောင့် သူတို့စားသောက်ကြသည့်အခါ စိတ်အလိုအတိုင်းလိုက်နေကြပြီး ၎င်းအခိုက်အတန့်လေးတွင် စားပိုးနင့်သည်အထိစားသောက်နေကြကာ အသက်ရှင်နေကြခြင်းသာ။


လက်ရှိအခြေအနေက ထိုဥပမာအတိုင်းပင်။ စွေ့ချီချောင်းက ကတုံးများဗိုက်ပြည့်သွားသည်ကို မြင်သော်လည်း သူတို့က အစာအိမ်ကိုသန်မာစေပြီး အစားပိုဝင်စေရန် အစာကြေဆေးပြားသောက်ကြသည်ကိုလည်းမြင်လိုက်ရသည်။ ယင်းမှာ အသားမွှကြော်ကို ပိုစားချင်ကြ၍ဖြစ်ပြီး သူတို့စားခဲ့သမျှထဲတွင် ယင်းကအရသာအရှိဆုံးပင်။ သူတို့ အကြိုက်တွေ့နေ၍လည်းဖြစ်နိုင်သည်။


ထိုသို့သော အကျင့်ပျက်မှုမျိုးက သည်းမခံနိုင်စရာဖြစ်ပြီး ချက်ချင်းပြုပြင်သင့်သည်။ ထိုသူတို့ကို ကျွေးချင်တိုင်းကျွေးရန် ရိက္ခာမလုံလောက်သေးပေ။


စွေ့ချီချောင်းက ညွှန်ကြားချက်ပေးတော့မည့်အချိန် ဘီတာတစ်ယောက်က ရုတ်ချည်းသတင်းပို့လာသည်

"ဘော့စ်...အပြင်လူချဥ်းကပ်လာတာတွေ့ပါတယ်..."


အပြင်လူ ချဥ်းကပ်လာတယ်လား… စွေ့မိသားစုက လွှတ်လိုက်တဲ့လူများလား…


စွေ့ချီချောင်းက တူကိုချကာ မတ်တပ်ရပ်ပြီးမော်နီတာကိုဖွင့်ကြည့်လိုက်သည်။ ကံကောင်းသည်မှာ သူ့မိတ်ဆွေဟောင်းကြီးလီဆာဖြစ်နေလေ၏။ သူမသည်ကား အဝတ်အထူကြီးဝတ်ထား၍ မျက်လုံးလေးသာဖော်ထားသည့်တိုင် စွေ့ချီချောင်းကမူ သူ့အားမှတ်မိနေလေသည်။


"သူက ဘာလို့ဒီနေရာကိုလာတာလဲ..."

စွေ့ချီချောင်းက လီဆာကို ထပ်မတွေ့ခဲ့ရသော်လည်း လက်ရှိအခြေအနေကို ခန့်မှန်းထားခဲ့သည်။ လီဆာအနေဖြင့် သူတို့ဤနေရာတွင် ရှိနေသည်ကိုသိနေသည်။ စွေ့မိသားစုက ဆုကြေးပေးထားလျှင် မည်သည့်အဖွဲ့အစည်းကမှ သူတို့အဖွဲ့အကြောင်း မသိဘဲနေမည်မဟုတ်ပေ။ 


ကတုံးအဖွဲ့ထဲမှ ဘီတာတစ်ယောက်က လီဆာကိုမသိ၍ သူ မေးကြည့်လိုက်သည်။

"ဘော့စ်...သူ့ကိုရှင်းလိုက်ရမလား..."


"မရှင်းနဲ့...ငါသူ့ကိုသိတယ်...အရင်ဆုံး သူဒီနေရာကိုလာရတဲ့အကြောင်းအရင်း မေးကြည့်လိုက်မယ်..."

စွေ့ချီချောင်းကပြောပြီး အဝတ်အစားများဝတ်လိုက်၏။ "ငါစားလို့ပြီးပြီ...သူ့ကိုသွားတွေ့လိုက်ဦးမယ်..."


တုံ့ပြန်လာသူ မရှိခဲ့ပေ။ အိုမီဂါတစ်ယောက်တည်း အပြင်ထွက်သွားသည့်တိုင် ဘယ်သူမှအဖက်လုပ်စရာမလိုချေ။ အထူးသဖြင့် ဤတစ်ယောက်ဆိုလျှင်...


ကတုံးတစ်ယောက်ကသာ စွေ့ချီချောင်း၏စားပြီးသားပန်းကန်ကို လှမ်းဆွဲလိုက်သည်။

"ဘော့စ်..မစားတော့ဘူးမလား...ကျွန်တော်ရှင်းလိုက်မယ်..."


စွေ့ချီချောင်း: " အင်း ရတယ်..."


လီဆာ ဤနေရာသို့ရောက်လာသည်မှာ မတော်တဆမှုတစ်ခုကြောင့်ပင်။ သူတို့၏အခြေစိုက်စခန်းတွင် ရိက္ခာအလုံအလောက်ရှိသေးသော်ငြား သူတို့နှင့်ဆင်တူသော အိုမီဂါအဖွဲ့အစည်းက သူတို့တံခါးဝသို့ ရောက်လာလေ၏။


တစ်ဖက်အဖွဲ့အစည်းက အခြားသောအမည်မသိ ဂြိုလ်အပျက်တစ်လုံးပေါ်တွင် မူလက အခြေချနေခဲ့သည်။ သို့သော် စေခိုင်းခံထားရသည့် ကြေးစားအဖွဲ့၏ တိုက်ခိုက်ခံလိုက်ရပြီး ချက်ချင်းထွက်ပြေးလာခဲ့ရသည်။ သူတို့ လူအင်အားအမြောက်အများဆုံးရှုံးလိုက်ရရုံမက ရိက္ခာများလည်းပျက်စီးသွားခဲ့သည်။ ယာယီတွင် လွတ်မြောက်ရန်အတွက် လီဆာနှင့် သူမလူများထံမှ အကူအညီတောင်းခံနေရ၏။


နှစ်ဦးနှစ်ဖက်လုံး ခင်မင်ရင်းနှီးစွာဖြင့် ကုန်စည်ဖလှယ်ခဲ့ကြပြီး စိတ်ဝင်စားမှုလည်းတူညီကြသည်။ မတူညီသည်မှာ စစ်ဆင်ရေးအတွက် ကြားမှဧရိယာပင်။


လီဆာက သူတို့နှင့်ပူးပေါင်းရန်သဘောတူလိုက်သည်မှာ အနီးအနားရှိ အိမ်နီးချင်းဂြိုလ်များထံမှ အစားအသောက်များချေးငှားပေးမည်ဟု ဆိုလိုခြင်းဖြစ်ပြီး စွေ့ချီချောင်းတွင် အသီးအရွက်အများအပြားရှိနေကာ ကျွေးမွေးရန် လူအနည်းငယ်သာရှိသည်ကို လူတိုင်းသိကြသည်။ လီဆာသည်ကား စွေ့ချီချောင်း၏တစ်ဦးတည်းသောကုန်သွယ်ဖက်ဖြစ်ပြီး သူနှင့်စေ့စပ်ဆွေးနွေးရန် စေလွှတ်ခံခဲ့ရသည်။


သို့သော်လည်း ရိုးရိုးသားသားထုတ်ပြောရလျှင် လီဆာအနေဖြင့် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ တစ်ဖက်နှင့် ကောက်ပဲသီးနှံ၊ အသီးအရွက်များနှင့် စည်သွပ်ဘူးများလဲလှယ်လိုက်ပြီးနောက်ပိုင်း သူမထံတွင် စွေ့ချီချောင်းကိုပေးစရာမရှိတော့ချေ။ တန်ဖိုးချင်းညီမျှသော စားနပ်ရိက္ခာနှင့် လက်နက်များသာရှိတော့သော်လည်း စွေ့ချီချောင်းတွင်လက်နက်မရှား၍ ကုန်သွယ်ရန်သဘောမတူမည်ကို သူမဘက်မှစိုးရိမ်နေမိသည်။


ယခင်က ဤနယ်မြေတွင် တစ်ခါမှခြေမနင်းခဲ့ရပေ။ စွေ့ချီချောင်းနှင့်သူ့လူများက ဤနေရာတွင်စခန်းချနေကြောင်း သူမသိထားပြီး စွမ်းအားကြီးလက်နက်များလည်း ဤနေရာတွင်ရှိနေသည်။ သူမကို မမှတ်မိဘဲ တိုက်ရိုက်ပစ်ချလိုက်မည်ကို ကြောက်ရွံ့နေမိ၏။


လီဆာက သူမ အန္တရာယ်ပေးရန်လာခြင်း မဟုတ်ကြောင်း လက်နှစ်ဖက်အား မြှောက်ပြလိုက်သည်။ ထပ်မံစဥ်းစားကြည့်သည့်ပြီးသည့်အခါ မျက်နှာဖုံးကိုချွတ်လိုက်ပြီး သူမအားမှတ်မိစေရန် မော်နီတာဘက်သို့ မျက်နှာလှည့်ပြလိုက်၏။ ညစာစားချိန်ဖြစ်နေသောကြောင့် အပြင်ဘက်ရှိအမှောင်ထု၏အပူချိန်မှာ နေ့ထက်ပို၍ နိမ့်ကျနေခဲ့သည်။ လေအေးများက သူမမျက်နှာကို နီတစ်လှည့်ပြာတစ်ခါဖြစ်နေစေပြီး လေအေးများက သူမကိုနာကျင်လာစေသော်ငြား နောက်ထပ်စက္ကန့်အနည်းငယ်ကြာမှ မျက်နှာဖုံးကိုပြန်ဝတ်လိုက်သည်။ 


ကျေးဇူးတင်စရာပင်။ မကြာလိုက်မီမှာပင် လီဆာက အင်မတန်ရင်းနှီးနေသောစကူတာတစ်စီး အဝေးမှနေ၍ သူမထံသို့ တရွေ့ရွေ့မောင်းနှင်လာသည်ကို မြင်တွေ့လိုက်ရသည်။


သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက တဖြည်းဖြည်းတိုလာခဲ့ပြီး စွေ့ချီချောင်းက လီဆာအရှေ့တွင်ရပ်လိုက်ကာ မေးလိုက်လေသည်။

"မင်း ဒီကိုဘာလာလုပ်တာလဲ..."

သူသည်လည်း လီဆာ၏အဖွဲ့က ဤမျှမြန်မြန်ရိက္ခာကုန်သွားလိမ့်မည်မဟုတ်ကြောင်း ခန့်မှန်းထားပြီးသားပင်။


လီဆာက တည့်တိုးပြောရန် အနည်းငယ်မျှရှက်နေမိသည်။ "ငါတို့ အေးအေးဆေးဆေးစကားပြောလို့ရမယ့်နေရာ သွားကြမလား...နင့်နေရာမှာ ပြောဖို့မသင့်ဘူး...လေကွယ်မယ့်တစ်နေရာသွားရအောင်..."

လီဆာက စွေ့ချီချောင်းဘက်မှ သူမ၏ရည်ရွယ်ချက်အပေါ်သံသယဝင်သွားမည်ကို မလိုလားပေ။ သူတို့က အရွယ်အစားပိုကြီးသော အာကာသခုန်ကူးယာဥ်ပေါ်တက်သွားပြီး အနောက်ထဲတွင်ထိုင်ကာ စကားစပြောကြသည်။


"ငါ နင့်ကို ဒီစကားပြောရတာ အရမ်းရှက်မိပါတယ်...ဒါပေမဲ့ ငါတို့အဖွဲ့အစည်းအကြောင်းကို အရင်ကလည်း ပြောဖူးပါတယ်..."

စွေ့ချီချောင်းမှာ လီဆာက ဤနေရာကိုလာပြီး သူမနှင့်ပူးပေါင်းရန် လာစည်းရုံးခြင်းဖြစ်မည်ဟု ထင်ခဲ့လင့်ကစား လီဆာကဖြစ်ပျက်ခဲ့သမျှကို ခရေစေ့တွင်းကျထုတ်ပြောလာခဲ့သည်။


"အခုတော့ သူတို့က ငါတို့နဲ့ ခဏလာနေကြတယ် ပြီးတော့ အနီးနားမှာစခန်းချထားကြတယ်...ဒါပေမဲ့ ရိက္ခာတွေလည်းကုန်သွားကြပြီ... ကုန်ဖြန့်ဖို့လုပ်ငန်းစဥ်ကလည်း နှေးနေသေးတယ်..ငါတို့မှာ အုပ်စုနှစ်စုစာအတွက် ရိက္ခာအလုံအလောက်မရှိဘူး... ဒါကြောင့်...မစ္စတာထရစ်စတန်ကို အကူအညီလာတောင်းတာပါ..."


လီဆာက ရှက်ရှက်နှင့်ပင် ဆက်ပြောလိုက်ရ၏။

"အရမ်းရိုင်းရာကျသွားမှန်းသိပါတယ်...ဒါပေမဲ့ သူတို့မှာအခုလက်နက်တွေပဲရှိတယ်... ယာယီကို သူတို့နဲ့ ရှင်တို့ဘက်ကလက်နက်ပဲ အလဲအလှယ်လုပ်ပေးလို့ရမလား...ဒါမှမဟုတ် စားနပ်ရိက္ခာအတွက် အပေါင်စာချုပ်အနေနဲ့သုံးပါလား...သူတို့ရဲ့ကုန်ဖြန့်တဲ့လုပ်ငန်းသာ အဆင်ပြေသွားရင် အပေါင်ထားထားတဲ့လက်နက်တွေနဲ့ ပြန်လဲပါလိမ့်မယ်..."


စွေ့ချီချောင်းက လီဆာပြောနေသည်ကို အသေအချာအကဲခတ်နေပြီး သူမ လိမ်နေခြင်းဟုတ်မဟုတ် စူးစမ်းနေ၏။


"မနက်ဖြန်မှ သူတို့ကို စားစရာတွေလာယူခိုင်းလိုက်ပါ...သူတို့ဆီမှာရှိတဲ့ လူအရေအတွက်အလိုက် ငါတို့ဘက်က တစ်လစာရိက္ခာတော့ ချန်ထားပေးနိုင်ပါတယ်..."

စွေ့ချီချောင်းက အဝေးမှကြယ်ကိုလှမ်းကြည့်ပြီး စကားဆက်သည်။

"လက်နက်တွေအတွက်ကတော့ မလိုပါဘူး...အခုလိုအခြေအနေမှာ သူတို့လုံခြုံရေးအတွက် လက်နက်လိုတယ်လေ..."


လီဆာ အံ့အားသင့်သွားခဲ့သည်။

"မစ္စတာထရစ်စတန်..."


"ငါတို့မှာ ရိက္ခာလောက်တယ်...သူတို့ဘက်က ငှားတာဖြစ်ဖြစ် ရိက္ခာနဲ့လဲတာပဲဖြစ်ဖြစ် ငါတို့ကိုတစ်ခုခုပြန်ပေးရင်ရပါပြီ...မျိုးစေ့တွေဆိုရင်တော့ အကောင်းဆုံးပဲ..."

စွေ့ချီချောင်းက ငေးမောနေရာမှ ပြန်လည်လှုပ်ရှားလာ၏။ 

"ဘာလို့လဲလို့ မေးချင်နေတာဆိုရင်တော့ မင်းတို့အဖွဲ့ရဲ့သဘောတရားကြောင့်...လုပ်ဖို့လိုအပ်နေလို့ပဲ ပြောရမှာပဲ..."


လီဆာက လှုပ်ရှားလာပြီး သူ့ကိုရိုးသားပွင့်လင်းစွာဖြင့်ကျေးဇူးတင်လာသည်။

"တကယ်ကျေးဇူးတင်ပါတယ်... ဒီလိုအဆင်ပြေသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... နင်တို့ဘက်က ဘာမှလည်းမလိုချင်ဘူး...ရိက္ခာလည်းချေးပေးဦးမယ်..."


အကြံတစ်ခုက သူမစိတ်ထဲသို့ ဖျတ်ကနဲရောက်လာခဲ့သည်။ စွေ့ချီချောင်း၏ အစွမ်းအစနှင့်ဆိုလျှင် အပေါင်ပစ္စည်းအနေဖြင့် လက်နက်မလိုချင်လျှင်ပင် ပိုကောင်းအောင်လုပ်နိုင်လိမ့်မည်။ ယင်းသည်ကား စွေ့ချီချောင်းကသဘောထားကြီးလွန်း၍မဟုတ်ပေ။ သူမထံတွင် အစတည်းက အခွင့်အရေးရှိနေခဲ့သည်။ မစ္စဝာာ ထရစ်စတန်ဘက်မှ သူတို့အဖွဲ့နှင့်ပူးပေါင်းရန် ဆန္ဒမရှိလျှင်ပင် ထိုသူ၏နှလုံးသားထဲ၌ မျိုးနွယ်တူများကို ကူညီပေးချင်နေလေသည်။


သူမ အကြောင်းအရာတစ်ခုကိုရုတ်တရက်တွေးမိသွားပြီးနောက် ပြောလိုက်လေသည်။

"ငါအရင်က နင့်ကိုလိမ်ခဲ့မိတယ်...တကယ်တော့ ငါ့နာမည်က လီဆာမဟုတ်ဘူး...ရိုဆာဘာတန်ပါ..."


စွေ့ချီချောင်းက စိတ်ထဲထားမနေဘဲ တုံ့ပြန်လိုက်သည်။

"ရပါတယ်...ငါ့နာမည်ကလည်း ထရစ်စတန်မဟုတ်ဘူးလေ..."


လီဆာကမူ ထိုဆိုလိုရင်းကို အလေးအနက်ထားစဥ်းစားနေမိသည်။ စွေ့ချီချောင်းက "မင်းတို့အဖွဲ့ရဲ့သဘောတရားကြောင့်" ဟုပြောခဲ့၍ အနှီသူတို့ကို သူတို့၏စံပြလူငယ်အဖွဲ့အတွင်းသို့ဝင်ရောက်ရန်မဲဆွယ်ခြင်းက မလွယ်ကူနိုင်ဟုပြောချင်သည့်သဘော ဆောင်နေသည်။ မည်သို့ပင်ဆိုပါစေ အားလုံးက လီဆာ၏အမှားများသာ။


စွေ့ချီချောင်းက အာကာသစခန်းသို့ပြန်သွားခဲ့ပြီး စားစရာအချို့လုပ်ပေးရန်ခိုင်းလိုက်သည်။ သူက ဤနေရာတွင် ခေါင်းဆောင်နေလေရာ သူ့အမိန့်ကို လွန်ဆန်မည့်သူမရှိချေ။ သူ့အမိန့်ကို ကလန်ကဆန်လုပ်သူပေါ်လာပါက လီဆာနှင့်တစ်ဖက်အဖွဲ့အစည်းကို အလဲအလှယ်လုပ်ရာတွင် ပြောင်းဆန်နှင့်မလုပ်ရန် ပြောလိုက်ရုံသာဖြစ်သည်။ သူတို့လက်ထဲတွင် ပြောင်းဆန်အလုံအလောက်မရှိပေ။


နောက်တစ်နေ့တွင် လီဆာက အိုမီဂါအချို့နှင့်ရောက်လာခဲ့သည်။ စွေ့ချီချောင်းက လီဆာနှင့်စကားပြောခဲ့သည့်နေရာသို့ အချိန်မီလူလွှတ်ပေးလိုက်၏။ သူက အများအပြားတွေးမနေဘဲ လူတစ်ယောက်ကို အလျင်းသင့်သလိုလွှတ်ပေးလိုက်ရုံသာ။ ကြံ့ခိုင်သန်မာသော မကတုံးအယ်လ်ဖာတစ်ယောက်က အရှေ့ဆုံးမှစောင့်နေပြီး အနှီသူရှိနေ၍ အိုမီဂါအချို့က ထိတ်လန့်သွားကြသည်  သို့သော်လည်း ရိုဆာ၏အာမခံချက်ကြောင့် အယ်လ်ဖာအနောက်သို့အေးအေးချမ်းချမ်းလိုက်လာကြသည်။ ထို့အပြင် စွေ့ချီချောင်းက တာဝန်အတွက် အယ်လ်ဖာများကိုစေလွှတ်ခြင်းမှာ လီဆာအတွက် အဆန်းမဟုတ်တော့ချေ။


သူတို့အားလုံးကို လေယာဥ်ပေါ်သို့ ခေါ်ဆောင်သွားကြပြီး ထွက်ခွာကြသည်နှင့် heatကာလရောက်နေသော အိုမီဂါ၏ဖယ်ရိုမုန်းအနံ့ကို ရလိုက်ကြသည်။ သုံးလကျော်ကြာသွားပြီးသည့်နောက် စွေ့ချီချောင်း၏စက်ဝန်းသည်လည်း သူတို့နှင့်တွေ့ဆုံသည့်အခါ အံဝင်ခွင်ကျဖြစ်လာခဲ့သည်။


ဖယ်ရိုမုန်းရနံ့ရလိုက်သည်နှင့် အယ်လ်ဖာ၏အသံက အက်ရှရှဖြစ်လာလေသည်။

"ငါတို့ဘော့စ်ရဲ့အထူးကာလက ရောက်နေပြီ...ဒါကြောင့်  ငါမင်းတို့ကို ဒီနေရာမှာထားခဲ့မယ်... ဒီမှာပဲစောင့်နေကြ...မင်းတို့ကို ကျန်တဲ့လမ်းမှာခေါ်သွားနိုင်ဖို့ ဘီတာတစ်ယောက်ကိုသွားရှာလိုက်ဦးမယ်..."

မကြာမီမှာပင် သူ လူတစ်ယောက်ကိုရှာတွေ့လာပြီး ရိုဆာနှင့်အခြားသူများကိုဆက်လက်ကာ ဦးဆောင်ခေါ်သွားခဲ့သည်။


ရိုဆာက သူမရနေသည့်ရနံကို နောက်တစ်ကြိမ် အနံ့ခံပြီးအတည်ပြုလိုက်၏။

"မစ္စတာထရစ်စတန်ရဲ့ ဖယ်ရိုမုန်းအနံ့ မဟုတ်ဘူးလား...သူ အဆင်ပြေရဲ့လား...ဒီလိုအချိန်ကြီးမှာ သူ့ကိုအနှောင့်အယှက်ပေးလို့ဖြစ်ပါ့မလား..."


စွေ့ချီချောင်းက ဖယ်ရိုမုန်းအနံ့ကိုမဖုံးကွယ်တတ်ကြောင်း သူမ သိထားသည်။ ထို့အပြင် သူက တားဆေးလည်းမသုံးပေ။ သို့သော်လည်း စွေ့ချီချောင်းတွင် တွဲဖက်အယ်လ်ဖာတစ်ယောက်ရှိကြောင်းသိလိုက်ရ၍ ကိစ္စမရှိဟုယူဆခဲ့၏။ သို့သော် ထိုသူက heatကာလတွင်ရောက်နေပြီး သူတို့ကိုလာခေါ်ရန် အချိန်ရှိနေသေးသည်မှာ အံ့ဩစရာပင်။


ဘီတာက အဖြေမပေးဘဲ သူတို့ဘော့စ်၏ရုံးခန်းသို့တိုက်ရိုက်ခေါ်သွားခဲ့သည်။ ဖယ်ရိုမုန်းအနံ့များကို ပြင်းပြင်းထန်ထန်ထုတ်လွှတ်နေသော စွေ့ချီချောင်းသည်ကား သူ၏ပုံကြမ်းကို ပြီးပြည့်စုံသည်အထိ ရေးဆွဲနေခဲ့သည်။ ဒီဂျစ်တယ်ဖောင်တိန်ဖြင့် ရေးဆွဲထားသောမျဥ်းကြောင်းက သုံးဖက်မြင်ပုံရိပ်ဖြစ်ပေါ်လာစေပြီး ရွဲ့စောင်းခြင်းမရှိဘဲ ဖြောင့်တန်းနေလေသည်။ သူတို့ကြည့်နေရုံဖြင့်ပင် ထိုသူက heatကာလရောက်နေသည်ဟု ထင်မိကြမည်မဟုတ်ပေ။ 


သို့သော်လည်း လေထဲမှရနံ့ကမူ ထိုသူထံမှ တကယ်ကြီးထွက်လာနေသည်။ အိုမီဂါတိုင်းက ပြောနိုင်ပြီး သူတို့သာအနံ့ကိုမဖုံးထား၊ ဆေးမသောက်ထားလျှင် စွေ့ချီချောင်း၏ဖယ်ရိုမုန်းက သူတို့အပေါ်ပါ ကူးစက်လာမည်ကိုစိုးရိမ်လာကြတော့သည်။


ယခုမူ အိုမီဂါများမှာ သူတို့အစားအသောက်ရရန် စိတ်စောနေသည်ထက် စွေ့ချီချောင်းလုပ်နေသည့်အရာကိုသာ ပိုအာရုံစိုက်လာနေကြ၏။


စွေ့ချီချောင်းက ဖောင်တိန်ကိုချကာ သူတို့ကိုကြည့်လိုက်သည်။

"ရောက်လာကြပြီကိုး...စားစရာတွေကအသင့်ဖြစ်နေပြီ...IOU ကိုလက်မှတ်ထိုးပြီးတာနဲ့ ယူသွားလို့ရပါပြီ..."


ရိုဆာခေါ်လာသော ယောကျ်ားလေးအိုမီဂါတစ်ယောက်က ထပြောလာသည်။

"ကောင်းပါပြီ... မစ္စတာထရစ်စတန်...ခင်ဗျားအခု heatကာလထဲရောက်နေတာဆိုတော့ မထိန်းချုပ်နိုင်တော့ရင် တောင်းပန်ပါတယ်...ဒါပေမဲ့ ခင်ဗျားကစိတ်ငြိမ်နေတော့  ဆေးသောက်နေလို့လားဟင်.."


"မဟုတ်ပါဘူး...ကျွန်တော်ကစိတ်တည်ငြိမ်လို့ပါ..."

စွေ့ချီချောင်းက ပြန်ဖြေလိုက်၏။


အိုမီဂါများက တစ်မဟုတ်ချင်း တီးတိုးဆွေးနွေးကြတော့၏။

ဘာ...စိတ်တည်ငြိမ်လို့တဲ့လား… ထိုးဆေးတွေသောက်ဆေးတွေကြောင့်မဟုတ်ဘဲ စိတ်တည်ငြိမ်လို့တဲ့လား...


ယောကျ်ားလေးအိုမီဂါမှာ တစ်ခဏမျှတွေးနေပြီးနောက် ရုတ်ချည်း မျက်လုံးအစုံမှာတောက်ပသွားလေသည်။ "အရှေ့တိုင်းမှာ လူတွေကိုစိတ်တည်ငြိမ်စေတဲ့ အထူးတရားကျင့်စဥ်နည်းလမ်းရှိတယ်လို့ကြားဖူးတယ်...ဘယ်လိုနည်းလမ်းသုံးတာလဲဟင်..."


နောက်တစ်ယောက်ကလည်း မျက်လုံးပြူးသွားလေသည်။  အဲဒါက ဘာကြီးလဲ…


အယ်လ်ဖာများက လုပ်နိုင်ကိုင်နိုင်ပြီး အိုမီဂါများက စိတ်တည်ငြိမ်ကြသည်။ လိင်နှစ်ခုသည် လူအများကြားထဲ ဝေဖန်မှုတစ်ခုဖြစ်နေရပြီး အထူးသဖြင့် အိုမီဂါအပေါ်တွင်ပိုဖြစ်သည်။ မည်မျှပင် အရည်အချင်းရှိပြီး တဖက်ကမ်းခတ်ကျွမ်းကျင်ကြပါစေ၊ heatကာလကြောင့် စိတ်ကြွလာတတ်ပြီး သူတို့၏ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းလွတ်တတ်သောကြောင့် ဆေးအပေါ်တွင်မှီခိုနေကြရ၏။


သို့သော်လည်း သူတို့စိတ်ကိုထိန်းချုပ်ထားနိုင်ပြီး heatကာလတွင် သူတို့ကိုယ်သူတို့ထိန်းချုပ်နိုင်မည့်နည်းလမ်းရှိမည်ဆိုပါက သူတို့၏သားရဲပုံစံအသွင်မှ လူသားပုံစံအဖြစ်သို့ ပြောင်းလဲနိုင်မည်လားကို မသိနိုင်ပေ။


သူတို့ ပိုတွေးလေ ပိုစိတ်လှုပ်ရှားလာလေပင်။


စွေ့ချီချောင်းက ယခုလိုအကြည့်ခံနေရသည်ကိုနားမလည်နိုင်ပေ။

"ဒါက လျှို့ဝှက်ထားစရာတော့မဟုတ်ပါဘူး...ပြောရရင်...မင်းတို့စိတ်ဝင်စားတဲ့အရာကိုရှာ... မင်းတို့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာပေါ့...ဒါပေမဲ့ မင်းတို့ တားဆေးမသုံးကြဘူးလား..."


"သုံးကြပါတယ်...ဒါပေမဲ့ ကျွန်တော်တို့က လုံးဝလွတ်လပ်ချင်တာ..."

အိုမီဂါက စိတ်လှုပ်ရှားနေပုံဖြင့်တုံ့ပြန်လာသည်။

"မစ္စတာထရစ်စတန် ကျွန်တော်မေးလို့ရမလား..ခင်ဗျားရဲ့အလိုချင်ဆုံးစိတ်ဆန္ဒကို ဘယ်လိုဖော်ထုတ်လဲ... ကျွန်တော်တို့လည်း ဖြစ်ချင်တာတွေရှိပါတယ် ဒါပေမဲ့ ကိုယ်တိုင်ထိန်းချုပ်ရတာနဲ့တင် မလုံလောက်သေးဘူးလေ...ခင်ဗျားစိတ်ဝင်စားတဲ့အရာက အရမ်းထူးခြားနေတာလား...ကျွန်တော်တို့ကို အကြံလေးနည်းနည်းလောက်ပေးပါလား..."


ရိုဆာမှာ ပိုပြီးပင်စိတ်လှုပ်ရှားလာပြီး အရှေ့သို့ပင်တိုးလာခဲ့သည်။

"လုပ်ပါ... မစ္စတာထရစ်စတန်…တောင်းဆိုပါတယ်…"


စွေ့ချီချောင်းက ခြောက်ကပ်ကပ်သာပြန်ဖြေလိုက်၏။

"ဒါဆိုလည်း ရက်နည်းနည်းလောက် ကျွန်တော်နဲ့အတူ လယ်လာစိုက်ရင်းနေကြပါလား..."



🍀🍀🍀