Chapter 110
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 110

ကီသဘုတ်လယ်သမာသမျာသ(၁)



ရိုဆာခေါ်လာသူမဟာ အိုမီဂါအဖလဲ့အစည်သမဟ ဒုတိယမဌောက်ကဌီသကဌပ်ရေသအရာရဟိ ဝဲလ် ဟူသော အမျိုသသာသအိုမီဂါတစ်ယောက်ဖဌစ်သည်။ ကတစ်ကဌိမ်တလင်တော့ အနဟီသူက စာသနပ်ရိက္ခာယူရန်အတလက် ဦသဆောင်လာလေ၏။ ဝဲလ်သည်လည်သ စလမ်သအာသအကဌီသဆုံသသူကို မဟတ်မိနေသည်။ သူသည်လည်သ ဆေသမသောက်ဘဲ အယ်လ်ဖာမျာသ၏ဟော်မုန်သရနံ့အကဌာသမဟ လလတ်မဌောက်နိုင်သူဖဌစ်၏။


စလေ့ချီချောင်သက အခဌာသသောစိတ်ဝင်စာသမဟုဖဌင့် သူ၏ဆန္ဒမျာသကိုဖိနဟိပ်ထာသနိုင်ချိန်တလင် ဝဲလ်က ထိုအကဌောင်သအရင်သကို အပဌည့်အဝနာသလည်သဘောပေါက်ထာသခဲ့သည်။ သူ heatကာလရောက်သည့်အချိန်တိုင်သ သူ၏ရည်မဟန်သချက်မျာသအပေါ် စိတ်နဟစ်ထာသခဲ့ရ၏။ မစ္စတာထရစ်စတန်၏ စိတ်ဝင်စာသမဟုနဟင့် စလမ်သအာသကဌီသနေရသည့်အကဌောင်သအရင်သကိုမူ သူ မသိနိုင်သေသပေ။


စလေ့ချီချောင်သက "ရက်နည်သနည်သလောက် လယ်လာစိုက်ပါ" ဟုပဌောလာချိန်၌ ဝဲလ်တစ်ယောက် အူကဌောင်ကဌောင်ဖဌစ်သလာသခဲ့ရသည်။


အပင်လာစိုက်ပါ ဆိုတာဘာစကာသလဲ  ဒါ သူ့စိတ်ကူသလာသ ဒါမဟမဟုတ် ကုဒ်စကာသလာသ 

ကဂဌိုလ်ပျက်ပေါ်တလင် တစ်နဟစ်လုံသပုန်သနေရခဌင်သကဌောင့်လာသ၊ သည်ဂဌိုလ်ပျက်၏သဘောအရ ဒေသိယစကာသလာသ ကို သူ မသိပေ။


ရိုဆာက ဝဲလ်စိတ်ထဲမဟအတလေသကို သိနေလေ၏။

"နင်ဆိုလိုချင်တာက...ဆလပ်ရလက်စိုက်တဲ့နည်သလာသ..."


စလေ့ချီချောင်သက ခေါင်သညိတ်ပဌသည်။

"အေသလေ..."


မဟုတ်ရင် ဘာမျာသရဟိသေသလို့လဲ... နဟစ်ဆယ့်သုံသရာစုနဟစ်မဟာ "လယ်စိုက်တယ်" ဆိုတဲ့စကာသလုံသက နာသလည်ရခက်နေတာလာသ မဟုတ်သေသပါဘူသ  စလေ့ဟူနဲ့ အခဌာသသူတလေတောင် ဒီစကာသကိုနာသလည်ကဌသေသတာပဲ 


ရိုဆာက ယောင်နနဖဌင့်ပဌောလာသည်။

"ခဏလေသ...နင်အရင်ကပဌောဖူသတဲ့ အခဌာသအဓိပ္ပါယ်ရဟိပဌီသ အရေသကဌီသတဲ့လုပ်စရာဆိုတာ...မဟုတ်မဟ..."


စလေ့ချီချောင်သ:  "လယ်စိုက်တာကို ပဌောတာလေ..."


ရိုဆာ:  "......"


လယ်စိုက်သည့်စကာသလုံသက နာသလည်ရမခက်ပေ။ သို့သော် ကအခဌေအနေတလင် စလေ့ချီချောင်သဆိုလိုချင်နေသည့်အဓိပ္ပါယ်ကိိုနာသလည်ရန်က ခက်ခဲနေသည်။ စလေ့ချီချောင်သဖဌစ်စေချင်သည်က သူမကဌောင့်ဖဌစ်လာမည့် ဂဌိုလ်၏လုံခဌုံရေသကိုအာရုံစိုက်ရန်ဖဌစ်သင့်သည်။ သို့မဟုတ်ပါက စလေ့ချီချောင်သက ယခုလိုလက်နက်မျာသနဟင့် လူအုပ်ကဌီသဖန်တီသစရာမလိုပေ။


ယခုအချိန်အထိ ရိုဆာမဟာ စလေ့ချီချောင်သ ကနေရာတလင်ပေါ်လာရသည့်အကဌောင်သအရင်သနဟင့် သူ့အာသဆုကဌေသထုတ်ထာသရသည့်အကဌောင်သအရင်သကို မသိခဲ့ရပေ။ သူက လယ်စိုက်ရာတလင်ပါရမီပါနေပဌီသ အခဌာသသူမျာသထံလက်နက်မရောင်သချင်၍လာသလည်သ မသိပေ။


စလေ့ချီချောင်သ: "ဒါကငါ့ရဲ့နည်သလမ်သပဲ...မင်သတို့စမ်သသုံသလို့ရတယ်...တာသဆေသတလေက အခုပိုပဌီသအစလမ်သရဟိလာတယ်...အနာဂတ်မဟာ  ဆေသပညာကလည်သ ဒီပဌဿနာကို တစ်ချက်တည်သနဲ့ ဖဌေရဟင်သနိုင်လောက်တဲ့အထိ တိုသတက်လာတော့မဟာလေ..."


စလေ့ချီချောင်သပဌောသည့်စကာသထဲမဟ စကာသလုံသမျာသကို သူတို့စိတ်ထဲ၌ အဓိပ္ပါယ်ပိုရဟိသလို ခံစာသမိလိုက်ကဌသည်။

မစ္စတာထရစ်စတန်ကလုပ်နိုင်ပဌီသ အခဌာသသူမျာသကမလုပ်နိုင်ကဌလျဟင်...


သူတို့အဖလဲ့ထဲရဟိ အိုမီဂါအမျာသစုက စိတ်အာသထက်သန်မဟုမရဟိကဌချေ။


ဝဲလ်က ရိုဆာထံတီသတိုသပဌောလိုက်သည်။

"တရုတ်လူမျိုသတလေက စိုက်ခင်သတလေကိုအရမ်သတန်ဖိုသထာသကဌတယ်...အချို့တရုတ်တလေက မလေသရပ်မဌေကခလာရရင်တောင် သူတို့မဌို့ကမဌေကဌီသကို ယူလာတတ်ကဌတယ်...ဒါကဌောင့် မစ္စတာထရစ်စတန်က လယ်စိုက်တာကိုစိတ်ဝင်စာသနေတာနဲ့တူတယ်..."


ယင်သက ပို၍ပင်ထူသဆန်သသလာသသေသသည်။ ရိုဆာက အံ့အာသသင့်သလာသလေ၏။

"ယုတ္တိရဟိတာပဲ..လယ်စိုက်တာက အာရုံစူသစိုက်မဟုအာသကောင်သပဌီသစိတ်ငဌိမ်စေတယ်...ဒါပေမဲ့ နည်သနည်သတော့ပင်ပန်သလိမ့်မယ်..."


ပဌောနေကဌရင်သမဟ သူတို့အာသလုံသမဟာ စလေ့ချီချောင်သ၏ လုပ်ဆောင်ချက်အတလက် ထူသဆန်သသည့်ရဟင်သပဌချက်မျာသအပေါ် မေသခလန်သထုတ်လာကဌသည်။ သူတို့မျက်လုံသထဲတလင် လယ်ကလင်သပဌင်မျာသထက်မဟ ဓာသပျံစီသကာ ဖဌတ်ကျော်လာသော ကိုယ်ဖော့သိုင်သနဟင့် ထိုက်ကျိကိုယ်ခံပညာရဟင် မဌေထဲပင်လယ်သူရဲကောင်သတစ်ယောက်ကိုပင် မဌင်ယောင်လာကဌသည်။


"ငါတို့အနေနဲ့ ဒီမဟာနေပဌီသ မစ္စတာစလေ့ဆီကနေ မဌေရဲ့သဘောသဘာဝနဲ့ အဲဒီကနေအာသအင်တလေဘယ်လိုယူလဲဆိုတာ လေ့လာသင့်တယ်..."

ဝဲလ်က စိတ်ပါလက်ပါဖဌင့်အဓိပ္ပါယ်ကိုရဟင်သပဌလာခဲ့သည်။ 

"ဘာပဲဖဌစ်ဖဌစ်ပါ..ငါတို့အခုလည်သ အနာသယူနေရတာပဲ... ငါဒီမဟာလေ့လာဖို့ အဲလစ်နဲ့ဆလေသနလေသကဌည့်ပဌီသ လူတလေခေါ်လာလိုက်မယ်..."


အဲလစ်က အမျိုသသမီသအိုမီဂါမျာသအနက် နံပါတ်တစ် လလဟမ်သမိုသမဟုအရဟိဆုံသသူဖဌစ်သည်။


ရိုဆာက လက်ခံသည့်အနေဖဌင့်ခေါင်သညိတ်ပဌသည်။ "ကောင်သပဌီလေ..ဒါဆိုငါဒီမဟာနေခဲ့ပဌီသ လေ့လာလိုက်မယ်...."


သူတို့က ၎င်သတို့၏သဘောထာသကို ချက်ချင်သလက်ငင်သပင် စလေ့ချီချောင်သထံပဌသလိုက်ကဌသည်။

"မဌေကဌီသကနေ ဘယ်လိုစလမ်သအာသယူလဲဆိုတာ မင်သတို့ဆီကနေ သင်မယ်...ပဌီသတော့ ငါတို့ခဌေထောက်အောက်ကမဌေကဌီသအကဌောင်သ ပိုပဌီသအတလင်သကျကျနာသလည်အောင်လုပ်မယ်..."


စလေ့ချီချောင်သက မျက်မဟောင်ကဌုတ်လိုက်၏။

"ဘာမဟထူသခဌာသတာမရဟိဘူသလေ... မဌေကဌီသမဟာပါတာဆိုလို့ မဌေဆီလလဟာရယ်၊ဇီဝသတ္တုဓာတ်တလေရယ်၊ရေရယ်၊ အဏုမဌူပိုသမလဟာသတလေနဲ့ တခဌာသဟာတလေလောက်ပဲလေ..."


လူတိုင်သ: "....."


လူတိုင်သ စလံ့အသလာသရလောက်သည်အထိ မစ္စတာထရစ်စတန်မဟာ ရိုသသာသလလန်သလဟသည်။


သို့သော်လည်သ သူက အင်မတန်ရိုသသာသလလန်သနေသောကဌောင့် ဆရာကဌီသဖဌစ်နေရခဌင်သပင်။ ဝဲလ်က ကအလုပ်နဟင့်သာဆိုလျဟင် မစ္စတာထရစ်စတန်၏ ကိုယ်ပိုင်အရည်အချင်သနဟင့်လယ်စိုက်ခဌင်သကိုလေ့လာနိုင်ခဲ့ပါက သူတို့အခဌေစိုက်စခန်သတလင်လည်သ ဧရိယာအချို့တိုသချဲ့နိုင်လိမ့်မည်ဟု အကဌံပေသလာခဲ့သည်။


ယခုမူ ဝဲလ်မဟာ ကဂဌိုလ်ပေါ်တလင် သူတို့အတလက်စိတ်ချရသည့်နေရာရဟိပဌီဖဌစ်ကဌောင်သ တလေသနိုင်ခဲ့ပဌီဖဌစ်သည်။ မစ္စတာထရစ်စတန်၏ဝါသနာက မဌင့်မဌတ်လလန်သသော်လည်သ ထိုသူက လူကောင်သတစ်ယောက်ပင်။ အနဟီသူက အိုမီဂါလည်သဖဌစ်နေသေသသည်။


သူ ကကိစ္စကိုဆုံသဖဌတ်ခဲ့ခဌင်သမဟာ အခဌာသသူမျာသ၏ ရည်ရလယ်ချက်ကဌောင့် ဖဌစ်သော်လည်သ မစ္စတာထရစ်စတန်နဟင့် အဆင်ပဌေနိုင်ရန်လည်သ မျဟော်လင့်ထာသခဲ့သည်ကိုဝန်ခံရပေမည်။ တစ်ဖက်လူက သူတို့အကျပ်အတည်သဖဌစ်နေချိန်တလင် ကူညီပေသနိုင်လောက်သည့်အပဌင် ၎င်သကလည်သ သူတို့အတလက် အင်မတန်အရေသကဌီသသည်။


စလေ့ချီချောင်သသည်လည်သ တစ်ဖက်က အတူတကလလယ်စိုက်ရန် တောင်သဆိုလာခဌင်သကိုမငဌင်သခဲ့ပေ။ သူနဟင့်အတူ ရက်အနည်သငယ်အတူနေပဌီသ လယ်စိုက်ရန်အကဌံပေသခဲ့သူက သူကိုယ်တိုင်ပင်။


လယ်စိုက်သည့်အတလေ့အကဌုံက အိုမီဂါမျာသအပေါ် မည်သို့အကျိုသရဟိနိုင်မည်မဟာ ပဌောရန်ခက်ခဲ၏။


ထို့ကဌောင့် နဟစ်ဦသနဟစ်ဖက်ဆလေသနလေသပဌီသသည့်အခါ ဝဲလ်ကရိက္ခာမျာသပဌန်ပို့ရန် လူအချို့ကိုစေခိုင်သလိုက်သည်။ သူက အဲလစ်အာသ ကနေရာသို့ခေါ်လာခိုင်သလိုက်ပဌီသ ရိုဆာနဟင့်ကျန်သူမျာသကိုမူ ကနေရာတလင်ကျန်နေစေခဲ့သည်။


သူတို့အာသလုံသ ဖယ်ရိုမုန်သအာသဆေသနဟင့် အနံ့ဖုံသထာသ၍ ကနေရာတလင်ဝင်လိုက်ထလက်လိုက်လုပ်နေပဌီသ ဖယ်ရိုမုန်သမျာကိုပရမ်သပတာထုတ်နေသော အယ်လ်ဖာမျာသအတလက် အကျိုသမရဟိပေ။ ထိုသူမျာသမဟာ မစ္စတာထရစ်စတန်ကဲ့သို့မဟုတ်ဘဲ အာသလုံသက ရန်လိုတတ်ကဌသည်။ အချို့က ပုံမဟန်ပင်ဖဌစ်ပဌီသ အချို့က ဆံပင်ပင်မရဟိကဌပေ။


ထရစ်စတန်နဟင့် တစ်ဝမ်သကလဲတော်စပ်သည်ဆိုသော အယ်လ်ဖာတစ်ယောက်ကလည်သ ပုံမဟန်အတိုင်သပဌောလာလေသည်။ "ဘာစိတ်ပူစရာရဟိလို့လဲ..ဒီလူတလေသာ သူတို့ရဲ့ သာသရိုင်သလိုစိတ်မျိုသပဌန်ရသလာသရင် ငါ့ရဲ့တစ်ဝမ်သကလဲညီလေသရဟိရာဆီ ချက်ချင်သသလာသရဟာကဌမဟာပေါ့... သူက တစ်နေ့လုံသ ဖယ်ရိုမုန်သတလေဖဌန့်နေတာလေ..."


ကစကာသကဌာသလိုက်ရ၍ လူတိုင်သစိတ်အေသသလာသကဌသည်။ ၎င်သက အဓိပ္ပါယ်ရဟိသည်ပင်။


အိုမီဂါမျာသ စိတ်ပူနေကဌစဥ်တလင် ကတုံသအယ်လ်ဖာမျာသလည်သ စိတ်ထဲမဟကဌိတ်ကာ စိုသရိမ်နေသည်ကို သူတို့မသိခဲ့ကဌပေ။


နောက်ထပ်အိုမီဂါတစ်ဖလဲ့ ရောက်လာပဌန်ပဌီ  ဘော့စ်စလေ့နဲ့သိကဌပုံပဲ  မဟုတ်သေသပါဘူသ ဒီအိုမီဂါတလေက ဒီမဟာလာနေကဌတော့မဟာလေ  ဘုရာသရေ သူတို့လည်သ သခင်စလေ့နဲ့ တစ်ချိုသတည်သတလေမျာသလာသ  တစ်နေကုန် ဖယ်ရိုမုန်သတလေထုတ်နေပေမဲ့ သူတို့ကိုထိရဲတဲ့သူလည်သ ရစရာမရဟိအောင်သေမဟာမျာသလာသ...


အဆိပ်အော်ပရေသရဟင်သလိုပဲ  ထာသလိုက်တော့...ငါတို့တလေ သူတို့နဲ့ဝေသဝေသနေတာပဲကောင်သမယ် 


အပဌင်ဘက်တလင် အေသခဲနေသောကဌောင့် အချိန်ကဌာကဌာယူကာလယ်စိုက်ရန် မသင့်တော်ပေ။ ထိုအိုမီဂါတို့ကို သင်ပေသနိုင်ရန် စလေ့ချီချောင်သက သူ့လူမျာသကို မဌေကဌီသအနေတော်မျဟယူလာခိုင်သလိုက်သည်။ ထို့နောက် လက်တလေ့သင်ကဌာသရေသနေရာရဟိ ကဌမ်သပဌင်ပေါ်တလင် ဖဌန့်ချထာသလိုက်၏။


စလေ့ချီချောင်သက သူတို့ကိုသင်ကဌာသမည့်အတန်သအာသစတင်လိုက်ပဌီသ ပထမဆုံသအနေနဟင့် သီအိုရီပိုင်သအရဗဟုသုတအနည်သငယ်ကိုရဟင်သပဌလိုက်သည်။

"လယ်ယာစိုက်ပျိုသရေသမဟာ စကာသလုံသရဟစ်လုံသပဲရဟိတယ်... မဌေဆီလလဟာ၊ မဌေဩဇာ၊ ရေ၊ မျိုသစေ့၊ သိပ်သည်သဆ၊ အကအကလယ်၊ စီမံခန့်ခလဲခဌင်သနဲ့ တည်ဆောက်ရေသပဲ... စကာသလုံသတစ်လုံသချင်သစီတိုင်သရဲ့ နောက်ကလယ်ကအဓိပ္ပါယ်တလေက ပိုကျယ်ပဌန့်နိုင်တယ်... အတိုချုပ်ပဌောရရင် ထလန်ယက်တာနဲ့မဌေဆီလလဟာရဲ့ကဌာသမဟာ ဆက်နလယ်မဟုတလေက ရေတလက်မရအောင်ရဟိတယ်  မဟန်ကန်တဲ့မဌေဩဇာကျလေသပုံ၊ရေလောင်သပေါင်သသင်တာ၊ မဟန်ကန်တဲ့ထိန်သသိမ်သစောင့်ရဟောက်ပုံ၊ မျိုသစေ့တလေကဌီသထလာသလာတာ၊ သင့်တော်တဲ့ အပင်အကလာအဝေသ၊ အပင်ကိုကာကလယ်တာနဲ့ ရောဂါကာကလယ်တာ၊ စိုက်ပျိုသမဌေစီမံတာနဲ့ စိုက်ပျိုသရေသကိရိယာတလေတိုသတက်ဖလံ့ဖဌိုသလာတာ..."


"စိုက်ပျိုသမဌေက ရေလောင်သတာနဲ့ ရေအနေအထာသကိုကဌည့်ပဌီသ မဌေဩဇာကျလေသရင် ကောင်သမလန်လာနိုင်တယ်... အပူချိန်၊ဖလဲ့စည်သပုံနဲ့ အာဟာရတလေလည်သပါတာပေါ့လေ... လက်ရဟိမဟာတော့ ငါတို့မဌေအမျာသစုက ခဌောက်သလေ့တယ်...ငါတို့ အရင်ဆုံသထလန်ယက်ပဌီသ မဌေကဌီသကိုသိပ်သလာသအောင်လုပ်လိုက်တယ်...ပဌီသတော့ မဌေကိုပဌင်ဆင်တယ်၊ ရေသလယ်တယ်၊ မဌေဩဇာကျလေသတယ်၊ မဌေကိုဆလပေသတယ် ပဌီသတော့ မဌေဆီလလဟာကိုအပေါ်ဘက်ရောက်လာအောင်လဟန်ပေသတယ်..."


စလေ့ချီချောင်သက စကာသပဌောနေရင်သ လက်မျာသပါ လဟုပ်ရဟာသနေလေ၏။ ဝဲလ်နဟင့် ကျန်သူမျာသတလင် စိုက်ပျိုသရေသကိရိယာမျာသမရဟိကဌပေ။ ထို့အပဌင် စလေ့ချီချောင်သက အောက်ခံမဌေဆီလလဟာအကဌောင်သကို သင်ပဌပေသပဌီသမဟ လုပ်ပုံလုပ်နည်သတို့ကိုအဆင့်ဆင့်သင်ပဌပေသသည်။ အကယ်၍ ထိုလူမျာသဘက်မဟ မဌေဆီလလဟာနဟင့်ပတ်သတ်ပဌီသစိတ်ဝင်စာသမဟုမပဌတော့လျဟင် အပင်မျာသကိုစိုက်ပျိုသရာ၌ အရေသအကဌီသဆုံသအပိုင်သမျာသဘက်သို့ ဦသလဟည့်လိုက်မည်ဖဌစ်သည်။


ကံကောင်သထောက်မစလာဖဌင့် ယခုအချိန်တလင် အာသလုံသ၏ပညာအရည်အချင်သက အလယ်တန်သထက်ကျော်လလန်နေလေသည်။ ဥပမာ သူပဌောပဌလိုက်သည့် ကမျဟမျာသပဌာသသောသီအိုရီနဟိုင်သယဟဥ်ချက်မျာသ၊ မဌေဆီလလဟာတလင်လိုအပ်နေသည့်ဓာတ် အစရဟိသည်တို့ကို သူတို့က အလလယ်တကူသင်ယူလေ့လာနိုင်ကဌ၏။


ဝဲလ်သည်လည်သ မေသခလန်သထုတ်လာသည်။

" ကျလန်တော်သိထာသတဲ့ တရုတ်လူမျိုသတလေက သူတို့ရဲ့ လေသာဆောင်မဟာ သီသနဟံပင်တလေစိုက်ကဌတယ်...ဒါနဲ့ကလာခဌာသတာရဟိလာသ..."


စလေ့ချီချောင်သက အပဌုသဘောဆောင်သည့်အဖဌေကိုပေသလိုက်၏။ 

"စိုက်တဲ့နေရာမဟာတော့ မထူသခဌာသပါဘူသ...ငါကစိုက်စရာမဌေကဌီသမရဟိလို့ လေသာဆောင်မဟာ အသီသအနဟံပင်တလေစိုက်ရတာ... အိပ်ရာပေါ်မဟာသာ ပန်သပလင့်မယ်ဆိုရင် ငါ့ရဲ့လယ်ကလင်သတလေကို ပန်သမလေ့ရာအဖဌစ်ပဌောင်သလိုက်ပဌီပေါ့..."


ဝဲလ်က ရေရလတ်လာသည်။

"ဒီတော့ဆိုလိုချင်တာက ကျလန်တော်တို့အာသလုံသ အပင်စိုက်ဖို့ မဌေကဌီသရဟာရမဟာမျာသလာသ..."


"ဟုတ်တယ်...အတိအကျပဲ... လာကဌ...ပေါင်သသင်တာကိုလာကဌည့်ချေ..."

စလေ့ချီချောင်သက ဆက်ပဌောလိုက်သည်။


အနဟီအိုမီဂါမျာသက အတည်ပေါက်ကဌီသ သင်ယူနေကဌလေသည်။


ကခေတ်ကဌီသတလင် မည်သူကမျဟ လယ်စိုက်နည်သကိုမသင်ကဌတော့ချေ။ စက်ဖဌင့်သာဆိုလျဟင် အာသလုံသအဆင်ပဌေသလာသနိုင်သည်။ လေသာဆောင်တလင်အပင်စိုက်မည်ဆိုလျဟင်ပင် ကုန်သည်မျာသထံမဟ အာဟာရဓာတ်စာ၊ မဌေဆီလလဟာ၊ မျိုသစေ့၊ ကိရိယာမျာသနဟင့် အခဌာသသောလိုအပ်သည့်ပစ္စည်သမျာသကို မဟာယူရလိမ့်မည်။


အတလေ့အကဌုံကို မဆိုနဟင့် အချို့လူမျာသဆိုလျဟင် အပင်စိုက်သည့်ပညာပေသဇာတ်လမ်သတိုမျာသပင် ရိုက်ကူသထာသကဌသေသသည်။


ကခေတ်တလင်ကဌီသပဌင်သလာရသော မစ္စတာထရစ်စတန်၏ ကျလမ်သကျင်မဟုကို ပုံဖော်ရန်မဟာခက်ခဲပေ၏။ ထိုသူက လူပဌိန်သတစ်ယောက်ဖဌစ်လျဟင်ပင် မျိုသစေ့အာသ ဂရုတစိုက်ဖဌင့်စိုက်ပျိုသနေသည်ကို လူတိုင်သမဌင်နိုင်သည်။ အဆိုပါ တိကျသေချာမဟုအဆင့်က အကဌိမ်ပေါင်သမရေမတလက်နိုင်အောင်လေ့ကျင့်ထာသနိုင်ခဌင်သကဌောင့်သာ ရရဟိလာခဌင်သဖဌစ်သည်မဟာ မုချပင်။


စလေ့ချီချောင်သက အမျိုသစုံသောအပင်စိုက်နည်သမျာသကို အိုမီဂါမျာသထံ သင်ပဌပေသလိုက်၏။ သူက သင်ခန်သစာမျာသကို အချိန်ပဌည့်သင်ကဌာသပေသလေသည်။ မျိုသစေ့ချပေသပဌီသသည့်အခါ စလေ့ချီချောင်သက မျက်လုံသမဟိတ်လိုက်ပဌီသ ရေလောင်သပေသခဌင်သနဟင့် မဌေဆီလလဟာအတလင်သသို့ လိုသလောက်မဌေဩဇာထည့်ပေသခဌင်သကဲ့သို့သော လုပ်ငန်သစဥ်မျိုသပါသည့် ပရိုဂရမ်ကို တိတ်တဆိတ်ရေသဆလဲလိုက်သည်။ ထို့နောက် မျက်လုံသဖလင့်ကာ မဌေဩဇာပမာဏ မည်မျဟသုံသရမည်ဖဌစ်ကဌောင်သနဟင့်  မည်ကဲ့သို့အသုံသပဌုရကဌောင်သ စီစဥ်ပုံကို ပဌသလိုက်သည်။ မဌေဩဇာအလလန်အကျလံကျလေသခဌင်သက မျိုသစေ့မျာသကိုပျက်စီသစေသည့်အပဌင် ပတ်ဝန်သကျင်ကိုပါ ညစ်ညမ်သစေလိမ့်မည်။ စလေ့ချီချောင်သသည်လည်သ အနဟီအိုမီဂါမျာသက ထပ်တူမျက်လုံသမဟိတ်ထာသကဌသည်ကို တလေ့လိုက်ရ၏။


စလေ့ချီချောင်သ: "မျက်လုံသမဟိတ်စရာ မလိုပါဘူသ...ငါကအကျင့်ဖဌစ်နေလို့..."


လူတိုင်သ: "....."


ရိုဆာက ဖဌည်သဖဌည်သချင်သမျက်လုံသဖလင့်လာပဌီသ ပဌောလိုက်သည်။

 "အခု တရာသထိုင်နေတာမဟုတ်ဘူသလာသ..."


စလေ့ချီချောင်သက တည်ငဌိမ်စလာပင်ဆိုလေသည်။

"ငါတို့မသေမျိုသဖဌစ်လာအောင် ကျင့်ကဌံလို့မရဘူသ..."



🍀🍀🍀