အပိုင်း ၂
Viewers 3k

­အပိုင်း ၂

 

 

 

 

 

 

လယ်တောသည် နေရာကောင်းမဟုတ်ပေ။ မြေပိုင်ရှင်များ၊ သူဌေးများကို အလုပ်ပိုလုပ်ပြီး အစားလျော့စားရန် ပို့သည်။ နှစ်အနည်းငယ်အတွင်းပင် သူတို့၏ ခန္ဓာကိုယ်က မခံနိုင်ပေ။ သူမ ထိုကဲ့သို့သော နေရာမျိုးကို မသွားချင်ပေ။

 

 

သူမသည် လက်မခံနိုင်သေးပေ။ "ကျွန်မရဲ့သမီးကို ကျွန်မဘာလို့ မရိုက်ရမှာလဲ? သူ့ကို ကျွန်မ သေအောင်ရိုက်ရင်လည်း ဘယ်သူက ဘာပြောရဲလဲ?"

 

 

"သေအောင်ရိုက်မယ်? နင်က တော်တော်တတ်နိုင်တာပဲ။ ဘာလို့ နတ်ပြည်မတက်သွားလိုက်လဲ?" ချောင်ရှို့ကျီက အေးစက်စွာပင် လှောင်လိုက်သည်။

 

 

 "နင်ရိုက်ချင်တယ်မဟုတ်လား? ရိုက်လိုက်။ သူမ သေသွားတာနဲ့ နင့်ကို ရဲဆီ သတင်းပို့လိုက်မယ်"

 

 

ဘယ်လောက်တောင် ရက်စက်တဲ့ အဖွားကြီးလဲ!

စောင့်ကြည့်နေသူအချို့သည် မီးပေါ်တွင် ဆီလောင်းလိုက်သည်။

 

 

"ငါပြောမယ် ဖန်းရှောင်ကျွမ်း၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ လူသတ်တာက ဥပဒေနဲ့ မညီဘူး။ ဖမ်းမိတဲ့သူတွေက ပြသဖို့အတွက် ဦးထုပ်မြင့်ကြီးတွေ ဆောင်းရုံပဲမဟုတ်ဘူး။ ပစ်သတ်ခံရတယ်လို့ ငါကြားတယ်"

 

 

ဖန်းရှောင်ကျွမ်းက ဆိုးဆိုးဝါးဝါးအော်ဟစ်ပြီး နောက်တစ်ဖန် ပြန်ငိုတော့သည်။

 

 

 "ကျွန်မရဲ့ ဘဝက ဘာလို့ဒီလောက်တောင် ဆိုးဝါးရတာလဲ? ဒီမိသားစုကို ကျိန်စာတိုက်တဲ့ဟာလေးကို မဆူ၊ မရိုက်နိုင်ရုံမက ဘိုးဘေးလိုမျိုး ပြုစုရဦးမယ်တဲ့လား? ကျွန်မထပ်ပြီး အသက်မရှင်ချင်တော့ဘူး..."

 

 

ချောင်ရှို့ကျီက အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။ "တကယ်လို့ နင်အသက်မရှင်ချင်ရင်လည်း သေလိုက်။ အခုချက်ချင်းသေနော်။ ပြီးရင် နင့်အတွက် အခေါင်းဝယ်ပေးမယ်"

 

 

ဖန်းရှောင်ကျွမ်း - "..."

 

 

ကြည့်နေသူရွာသားများသည် နောက်တစ်ကြိမ် ရယ်မောသွားပြန်သည်။

 

 

ဖန်းရှောင်ကျွမ်းသည် မုန်းတီးလွန်းသဖြင့် အံကြိတ်လိုက်သည်။ ပျက်စီးနေတဲ့ အအိုမကြီးက င့ါရဲ့ကိစ္စတွေကို ဖျက်ဆီးဖို့ပဲသိတယ်!

 

 

သူမသည် အံကြိတ်ပြီး အခန်းထဲသို့ ပြေးဝင်ကာ ချောင်ကျန်းကျွင်းကို မေးလိုက်သည်။ "ဒီကပ်ဘေး သာ့ချောင်ကို ရှင်ဘာလုပ်မလဲ?"

 

 

ချောင်ကျန်းကျွင်း၏ မျက်လုံးများသည် လေးနက်သွားပြီး သူ၏ မျက်နှာကလည်း လုံးဝမတုန်လှုပ်ပေ။

သူ၏ မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နေသည်။

 

 

 "သာ့ချောင်ကလည်း ငါတို့ကလေးပဲ။ သူမကို ရှောင်ချောင်လိုမျိုး ဘာလို့ မချစ်တာလဲ?"

 

 

ဖန်းရှောင်ကျွင်းက တံတွေး ထွေးလိုက်သည်။ "သူမက ကပ်ဆိုးလေ။ ကျောင်းကျောင်းအာနဲ့ ယှဥ်နိုင်လို့လား? ကျွန်မ ဒီနေ့ ပြတ်ပြတ်ပြောမယ်။ မိသားစုထဲမှာ ကျွန်မ မဟုတ် သူမ တစ်ယောက်တည်းပဲ ရှိရမယ်။ ရှင်ရွေးလိုက်!"

 

 

ချောင်ကျန်းကျွင်းက မျက်လုံးမှိတ်ပြီး စောင်အောက်ရှိ သူ၏ လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူက ကန့်ကွက်သည့်အနေဖြင့် တိတ်ဆိတ်နေသည်။

 

 

ဖန်းရှောင်ကျွမ်း၏ မျက်နှာသည် စိမ်းသွားပြီး ခန္ဓာကိုယ်ကလည်း ဒေါသကြောင့် တုန်လှုပ်နေသည်။

သူမ မျက်နှာပျက်သည်ဟု ခံစားနေရသည်။

 

 

"ကောင်းပြီ။ ရှင်က သူမကို ကာကွယ်ချင်တယ်ဆိုတော့ အဲ့ဒီကပ်ဆိုးနဲ့ ရှင်နေခဲ့လိုက်!"

 

 

ထိုသို့ပြောပြီးနောက် သူမသည် လှည့်ထွက်သွားပြီး သူမ၏ ပစ္စည်းများကို သိမ်းဆည်းနေသည်။ သူမသည် ပစ္စည်းများကို တမင်တကာ ပစ်ထုတ်ပြီး အသံကျယ်အောင် ပြုလုပ်နေသည်။

 

 

သို့သော်လည်း ချောင်ကျန်းကျွင်းက သူမ ပစ္စည်းများ သိမ်းဆည်းပြီး တံခါးဝဆီ ရောက်သည်အထိ အသံမထွက်ပေ။

 

 

ဖန်းရှောင်ကျွမ်းသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်လိုက်သည်။

 

 

သူမသည် တစ်ဖက်အခန်းသို့ သွားပြီး ရှောင်ချောင်ကို ဆွဲကာ ပြောလိုက်သည်။ "သွားစို့။ အမေနဲ့တူတူ အဖွားအိမ်ကို လိုက်ခဲ့!"

 

 

ဖန်းရှောင်ကျွမ်း ဝင်လာသည့်အချိန်တွင် ရှောင်ချောင်က စာဖတ်နေသည်။ ဖန်းရှောင်ကျွမ်း ပြောသည်ကို ကြားသောအခါ ခေတ္တမျှစဥ်းစားပြီး ခေါင်းညိတ်လိုက်သည်။

 

 

 "ဟုတ်ကဲ့"

 

 

ရှောင်ချောင်က သူမ၏ အမေအိမ်သို့ သူမနှင့်အတူသွားမည်ကို ကြားသောအခါမှ ဖန်းရှောင်ကျွမ်းက သက်သာသွားသည်။

 

 

ကပ်ဆိုးနှင့် ကွာခြားပြီး ရှောင်ချောင်က သူမဘဝ၏ အကြီးမားဆုံး အောင်မြင်မှုပင်!

 

 

သူမ အမေက အဝတ်အိတ်နှင့် ထွက်လာသည်ကို မြင်သောအခါ သာ့ချောင်၏ မျက်နှာသည် ကြောက်လန့်လွန်းသဖြင့် ဖြူဖွေးသွားတော့သည်။ သူမ၏ ကြီးမားသော မျက်လုံးများကို ပုတ်ခတ်ပြီး တောင်းပန်သည်။

 

 

 "အမေ၊ မသွား  မသွားပါနဲ့"

 

 

သူမ၏ အသံသည် သကြားအုပ်ထားသော ကောက်ညှင်းလုံးကဲ့သို့ ပျော့ပျောင်း နူးညံ့နေသည်။ ထိုအချိန်တွင် သူမအမေ၏ အင်္ကျီစကို ဆွဲနေသည်မှာ ကြောက်နေသည့် တိရိစ္ဆာန်လေးကဲ့သို့ပင်။

 

 

ဖန်းရှောင်ကျွမ်းသည် သူမကို မုန်းတီးလွန်းသဖြင့် ပြင်းပြင်းထန်ထန် ခါထုတ်လိုက်သည်။ "ငါ့ကို မခေါ်နဲ့။ ငါက နင့်အမေ မဟုတ်ဘူး!"

 

 

သာ့ချောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူမ၏ လက်ဖဝါးမှ သွေးများ ထွက်လာသော်လည်း ဂရုမစိုက်ဘဲ ပြေးလိုက်ရန် ပြင်သည်။

 

 

ချောင်ရှို့ကျီက အရှေ့သို့ တက်လာကာ သူမအကျီကော်လာကို ကြက်ကလေးအား ချီသကဲ့သို့ ကိုင်ထားပြီး ပြောလိုက်သည်။ "သူမကို မတောင်းပန်နဲ့။ ပေးသွားလိုက်"

 

 

ထိုမိန်းမက ဘယ်လောက်ကြာကြာ ထိုသို့ နေနိုင်မည်လဲဆိုသည်ကို သူမ စောင့်ကြည့်မည်။

 

 

ဖန်းရှောင်ကျွမ်းက မာနကြီးသော ဒေါင်းကဲ့သို့ ထရပ်ပြီး မောက်မာစွာ လျှောက်သွားသည်။

 

 

မထင်မှတ်ထားစွာဖြင့် ခြံဝင်းငယ်၏ အဝသို့ ရောက်သောအခါ သူမ ခြေချော်သွားသည်။ သူမ၏ ဒူးက မြေပြင်ပေါ်သို့ ပထမဆုံးပြုတ်ကျပြီးနောက် သူမ၏ ခန္ဓာကိုယ်က ပြုတ်ကျသွားသည်။

 

 

ရှောင်ချောင်လည်း တူတူ ပြုတ်ကျသွားခဲ့သည်။

"ဘန်း!"

 

 

အမေနှင့်သမီးတို့၏ မျက်နှာများက မြေပြင်ပေါ်တွင် ကပ်နေခဲ့သည်။

 

 

ရှောင်ချောင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ တင်ပါးသည် ကောင်းကင်သို့ ထောင်တက်နေခဲ့သည်။ သူမ ဒေါထွက်သွားသည်။

 

 

အရင်ဘဝတုန်းက သူမလှောင်ပြောင်ခံခဲ့ရသော နေ့ရက်များကို ပြန်တွေးမိသည်။

 

 

အရင်ဘဝတုန်းက ဝတ္ထုထဲသို့ သူမကူးပြောင်ူလာသောအခါ မူလကိုယ်သည် သူမကိုယ်သူမ ဂရုမစိုက်နိုင်သည့် အရူးဖြစ်သည်။ မူလကိုယ်မွေးဖွားလာသောအခါ ဗိုက်ထဲတွင် အချိန်ကြာမြင့်ခဲ့သဖြင့် အသက်ရှူကျပ်ပြီး ဦးနှောက်ပျက်စီးသွားသည်။

 

 

ဝတ္ထုများအတွင်းရှိ အခြားဇာတ်လိုက်မများကဲ့သို့ မူလကိုယ်၏ ကံကြမ္မာကို သူမပြောင်းလဲနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ မူလကိုယ်ကို သူမ မထိန်းချုပ်နိုင်ပေ။

 

 

အခြားသူများပြောသည်ကို သူမ ရှင်းရှင်းလင်းလင်း ကြားရသော်လည်း ပြန်လည်မတုံ့ပြန်နိုင်ပေ။ ပြင်ပကမ္ဘာနှင့် သူမသည် ဖန်သားပြင်တစ်ခု ခြားနားထားပုံပင်။ သူမသည် ၎င်းကို ကြားနိုင်သော်လည်း မထိတွေ့နိုင်ပေ။

 

 

သူမဘာသာ မည်သို့ စားရမည်၊ ဝတ်ရမည်ကို သူမ မသိပေ။ သူမ စားသောက်ရန်၊ ဝတ်စားရန် အခြားသူကို မှီခိုရသည်။ သူမကိုယ်သူမ သတ်သေ၍လည်း မရနိုင်ပေ!

 

 

သူမသည် အရူး၏ ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည်။ နေ့စဥ်နေ့တိုင်း လူများ၏ လှောင်ပြောင်စနောက်ခြင်း ခံရသည်။ သူမ စိတ်အားငယ်ပြီး ဒေါသထွက်သော်လည်း ဘာမှ မလုပ်နိုင်ပေ။

 

 

သူမ၏ အရင်ဘဝမှ နေ့ရက်များက သူမအတွက် အိပ်မက်ဆိုးများပင်။

 

 

ယခုဘဝတွင် သူမသည် အလွန်စောပြီး ပြန်ရောက်လာသည်။ သူမက ဗိုက်ထဲတွင် ရှိနေသေးသည့်အချိန်၌ပင် အသိစိတ်ရှိလာသည်။ သူမကို မွေးဖွားသည့်နေ့တွင် သူမသည် သာ့ချောင်ကို ပြင်းပြင်းထန်ထန်တိုးဝှေ့ပြီး ထွက်လာခဲ့သည်။ သူမကိုယ်သူမထပ်ပြီး ဉာဏ်နုံသူ အဖြစ်မခံနိုင်တော့ပေ။

 

 

သူမ မွေးဖွားလာပြီးကတည်းက အရာအားလုံး ချောမွေ့ခဲ့သည်။ သူမသည် မိသားစု၏ ရတနာလေး ဖြစ်ခဲ့သည်။ ယခုသည် သူမ ပထမဆုံးအကြိမ် လူအုပ်ကြားတွင် အရှက်ကွဲရခြင်းပင်!

 

 

ပတ်ဝန်းကျင်တွင် ရယ်သံများ ပျံ့နှံ့နေသည်။ စုန့်ကျင်းလိုင် မိန်းမ၏ ရယ်သံက အကျယ်ဆုံး ဖြစ်သည်။

 

 

 "သူတို့ရဲ့ မျက်နှာနဲ့ ပြုတ်ကျတယ်။ ဟား ဟား ဟား...ဖန်းရှောင်ကျွမ်း၊ ငါပြောပြမယ်၊ နှစ်သက်ကူးအတွက် အရမ်းစောနေသေးတယ်။ နှစ်သစ်ကူးအတွက် လူတိုင်းကို ဒီလိုမျိုး ကြီးကြီးမားမား နှုတ်ဆက်ဖို့ မလိုဘူး"

 

 

စုန့်ကျင်းလိုင် မိန်းမသည် ဖန်းရှောင်ကျွမ်းနှင့် အာဃာတ မရှိပေ။ သူမက နှုတ်စောင်းထက်သည်။ ထို့အပြင် သူမသည် ဖန်းရှောင်ကျွမ်း၏ လှပသောပုံစံနှင့် ချောင်ကျန်းကျွင်း၏ သူမကို အလိုလိုက်မှုအား မနာလိုဖြစ်ရုံသာ ဖြစ်သည်။ ထို့ကြောင့် ဖန်းရှောင်ကျွမ်းက သူမကိုယ်သူမ အရူးလုပ်သည်ကို မြင်သောအခါ နှစ်ထောင်းအာရ ဖြစ်မိသည်။

 

 

စုန့်ကျင်းလိုင်မိန်းမ၏ စကားကိုကြားသောအခါ လူတိုင်းက ထပ်ရယ်သွားကြသည်။

 

 

ဖန်းရှောင်ကျွမ်း၏ မျက်နှာသည် ဖြူတစ်လှည့် စိမ်းတစ်လှည့် ဖြစ်သွားသည်။ သူမက မတ်တပ်ထရပ်ပြီး ခါးထောက်ကာ စုန့်ကျင်လိုင်မိန်းမကို ပြန်ပြောလိုက်သည်။

 

 

"နင်က င့ါကို ရယ်ရဲတယ်ပေ့ါလေ။ နင် မစင်ကျင်းထဲကျတာ နင်မေ့သွားပြီလား?"

 

 

လူများ၏ ရယ်သံက ပိုပြီး ကျယ်လောင်သွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်တုန်းက စုန့်မိသားစုသည် ဝက်သား ကျင်းအနည်းငယ် ရခဲ့သည်။ စုန့်ကျင်းလိုင်မိန်းမ ဟင်းချက်သောအခါ သူမသည် အဆီပိုင်း ၂ တုံးကို တိတ်တဆိတ် ဖွက်ထားခဲ့သည်။

 

 

 ညလယ်ခေါင် လူ​များအိပ်ချိန်သို့ ရောက်သောအခါ သူမသည် ဝက်သား ထစားသည်။ ယခုဆောင်းရာသီတွင် ဝက်သားသည် ခဲသွားပြီး ဆီများလာသည်။ စားပြီးနောက် စုန့်ကျင်းလိုင် မိန်းမသည် ဗိုက်အောင့်လာသည်။

 

 

ညမှောင်မှောင်ထဲတွင် စုန့်ကျင်းလိုင် မိန်းမသည် အိမ်သာသို့ ၅ ကြိမ် ၆ ကြိမ်လောက်သွားသည်။

 

 

 နောက်ဆုံးတစ်ကြိမ်တွင် သူမ၏ ခြေထောက်များ ပျော့ခွေသွားသည်အထိ ဝမ်းသွားခဲ့သည်။ သူမတွင် မတ်တပ်ရပ်ရန် အင်အားပင် မရှိချေ။ သူမ မတ်တပ်ရပ်လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး မစင်ကျင်းထဲ ပြုတ်ကျသွားခဲ့သည်။

 

 

ထိုအချိန်တွင် စုန့်ကျင်းလိုင်၏ မိန်းမသည် စူးစူးဝါးဝါးအော်ဟစ်ပြီး အကူအညီတောင်းသည်။ ရွာထဲရှိ ကလေးများသည် ကြောက်လန့်လွန်းသဖြင့် ငိုကြပြီး ခွေးများက အော်သံမတိတ်တော့ပေ။

 

 

စုန့်ကျင်းလိုင်မိန်းမကို ကယ်ဆယ်သောအခါ သူမသည် ​ခေါင်းစခြေဆုံး မစင်များဖြင့် လူးနေသည်။ စုန့်မိသားစုရှိ လူကြီး၊ လူငယ်အားလုံးသည် ထိုနေရာတွင်ပင် အန်ကြသည်။

 

 

စုန့်ကျင်းလိုင်မိန်းမသည် ရှက်လွန်းသဖြင့် မျက်နှာနီရဲသွားပြီး လူအုပ်ကို တွန်းတိုက်ကာ မျက်နှာအုပ်၍ ထွက်ပြေးသွားသည်။

 

 

ထွီ၊ သူမကိုယ်သူမ ဘာထင်နေတာလဲ? သူမရှေ့မှာလာပြီး ဝင့်ကြွားနေရဲသေးတယ်!

 

 

ဖန်းရှောင်ကျွမ်းက ခါးထောက်ပြီး အောင်ပွဲခံနေသည်။

 

 

သူမ၏ ခေါင်းကို လှည့်လိုက်သောအခါ ရှောင်ချောင်က မြေပြင်ပေါ်တွင် လဲနေသေးသည်ကို သူမတွေ့လိုက်သည်။ သူမအောင်ပွဲခံနေသည်ကို ချက်ချင်းပင် ရပ်လိုက်ပြီး သူမ၏ သမီးကို ကူညီပေးတော့သည်။

 

 

"မေမေ့ရဲ့ ကျောင်းကျောင်းလေး၊ မေမေ့ရဲ့ ရတနာလေး၊ ပြုတ်ကျတာ နာသွားသေးလား? တစ်နေရာရာနာသွားသေးလား မေမေ့ကိုပြကြည့်"

 

 

ရှောင်ချောင်၏ နဖူးကွဲသွားသည်ကို မြင်သောအခါ သူမ၏ နှလုံးသည် အထုတ်ခံလိုက်ရသကဲ့သို့ ကြေကွဲသွားတော့သည်။

 

 

 "အမလေး၊ နဖူးက ဘာလို့ဒီလောက် နာသွားရတာလဲ? ရုပ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ? စိတ်မပူနဲ့ ကျောင်းကျောင်း။ မေမေ သမီးကိုအခုချက်ချင်း ဆေးခန်းခေါ်သွားပေးမယ်။ မေမေက ဆရာဝန်ကို သမီးအတွက် အကောင်းဆုံးဆေးတွေ ပေးခိုင်းမယ်။ သမီးရဲ့မျက်နှာပေါ်မှာ အမာရွတ်လုံးဝ ကျန်ခဲ့မှာ မဟုတ်ဘူး"

 

 

သူမ၏ နဖူးက ထိခိုက်သွားသည်ကို ကြားသောအခါ ရှောင်ချောင်က ချက်ချင်းပင် ပူပန်သွားတော့သည်။

 

 

 "အခုချက်ချင်း ဆေးရုံသွားရအောင်!"

 

 

သူမသည် အသားဖြူပြီး ချမ်းသာသောသူ ဖြစ်ချင်သည်။ သူမ၏ မျက်နှာထက်တွင် ထိခိုက်မှု လုံးဝ မရှိစေရပေ!

 

 

ချောင်ရှို့ကျီသည် ရှောင်ချောင်၏ နဖူးပေါ်ရှိ လက်သည်းခွံအရွယ် ခြစ်ရာကိုကြည့်ပြီး သာ့ချောင်၏ မျက်နှာပေါ်ရှိ လက်ဝါးရာကို ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းများ ကွေးညွှတ်သွားသည်။

 

 

နှစ်ယောက်လုံးက သူမ၏ ကလေးများ ဖြစ်သည်။ တစ်ယောက်က ပြုတ်ကျမှာ ကြောက်သဖြင့် သူမ၏ လက်ထဲတွင် ကိုင်ထားပြီး ပျောက်ဆုံးမှာ ကြောက်သဖြင့် သူမ၏ ပါးစပ်ထဲတွင် ငုံထားစဥ် အခြားတစ်ယောက်ကမူ သူမ ကောက်ရလာသကဲ့သို့ပင်။ အိမ်ရှိ အလုပ်များဖြစ်သည့် ကြက်စာကျွေးခြင်း၊ ချက်ပြုတ်ခြင်း၊ ဝက်စာဖြတ်ခြင်းများ ပြုလုပ်ရသည်။

 

 

ထိုမိန်းမ၏ နှလုံးသားသည် အလွန်ဘက်လိုက်လွန်းသည်။

 

 

"ကောင်းပြီ။ အမေတို့အခု သွားကြမယ်"