အပိုင်း
၃
ဖန်းရှောင်ကျွမ်းသည်
ရှောင်ချောင်ကို ဖေးမပြီး မတ်တပ်ရပ်ပေးသည်။ သူမငုံ့ကြည့်လိုက်သောအခါ သူမပြုတ်ကျသောနေရာတွင်
ရေအိုင်တစ်အိုင်ကို တွေ့လိုက်သည်။ သူမ၏ ဒေါသသည် နောက်တစ်ကြိမ် ပြန်ထလာသည်။
"ဒီမှာဘယ်လိုလုပ်
ရေအိုင်ရှိနေတာလဲ? သာ့ချောင်၊ အဲဒါနင်လား? ပိုက်ဆံဖြုန်းတဲ့ဟာလေး၊ ရေကိုတမင်ဒီမှာ သွန်ထားတာ
မဟုတ်လား? ပြောစမ်း!"
သူမသည်
သာ့ချောင်ကို လူသတ်ချင်သကဲ့သို့ ကြည့်နေသည်မှာ သူမ၏ အရှေ့တွင်ရပ်နေသူသည် သူမကိုယ်တိုင်မွေးထုတ်ထားသည့်
သမီးမဟုတ်ဘဲ သူမ၏ အဖေကို သတ်လိုက်သည့် ရန်သူကဲ့သို့ပင်။
သာ့ချောင်သည်
သူမ၏ အမေနှင့်ညီမ တစ်ချိန်တည်း ပြုတ်ကျသွားသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်သွားသည်။
သူမဘာမှ မပြောနိုင်မီ သူမ အမေက ထိုးနှက်မည်ဟု မထင်ထားပေ။
တရုတ်ဆီးသီးကဲ့သို့
ကြီးမားသည့် သူမ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်သွားတော့သည်။ သူမ၏ လက်ကလေးများကို
ခါယမ်းပြီး ငြင်းဆိုတော့သည်။
"မဟုတ် မဟုတ်ဘူး။ အဲ့ဒါ သမီး မဟုတ်ဘူး။ သမီးက..."
ဖန်းရှောင်းကျွမ်းက
စိတ်မရှည်သော အကြည့်ဖြင့် ကြည့်ပြီး ကြားဖြတ်ပြောလိုက်သည်။
"အဲ့ဒါနင်မဟုတ်ရင်လည်း
အိမ်ကို မကောင်းတဲ့ကံတွေယူခဲ့တဲ့နင်ပဲနေမှာ။ စိတ်ထားမည်းညစ်တဲ့ဟာလေး၊ နင်က ငါတို့တစ်မိသားစုလုံးကို
မကြာခင်သေအောင်သတ်မယ်ဆိုတာ သိသားပဲ!"
သူမ၏
ဓားသွားကဲ့သို့ ထက်ရှသော မျက်လုံးများဖြင့် သာ့ချောင်ကို ပြင်းထန်စွာ ကြည့်လိုက်သည်။
အိမ်စောင့်နတ်ကဲ့သို့ ရပ်နေသည့် သူမ၏ ယောက္ခမကြောင့်သာမဟုတ်လျှင် ချက်ချင်းပင် ပြေးသွားပြီး
သာ့ချောင်ကို သတ်လိမ့်မည်။
သာ့ချောင်သည်
သူမ၏ ခေါင်းကို ငုံ့ချလိုက်သည်။ သူမ၏ မျက်တောင်များသည် မိုးရေစိုနေသော လိပ်ပြာတောင်ပံများကဲ့သို့
တဖျပ်ဖျပ် ခတ်နေသည်။
သူမ၏
ပန်းရောင်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သည့် ဝမ်းနည်းမှုများက
ပြည့်နေသည်။
အဲဒါက
သူမ မဟုတ်ပေ!
သူမသည်
မိုးသောက်ချိန်မတိုင်မီထပြီး ခြံငယ်လေး၏ ထောင့်တစ်နေရာတိုင်းကို သန့်ရှင်းထားသည်။ ထိုရေက
မည်သည့်နေရာက ရောက်လာသည်လဲ သူမ မသိပေ။
သူမအမေ
ပြောသည်က မှန်နိုင်သည်။ သူမက ကပ်ဆိုးဖြစ်ပြီး အိမ်ကို မကောင်းသည့်ကံများ ယူဆောင်လာပေးသူ
ဖြစ်ရမည်။
သူမ၏
တရုတ်ဆီးသီး မျက်လုံးများသည် မျက်တောင်ခတ်သွားသောအခါ မျက်ရည်စက်များသည် ပုလဲလုံးများကဲ့သို့
ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ရိုက်ခတ်သွားသည်။
ထိုသနားစရာကောင်းသောပုံစံသည်
လူသား၏ နှလုံးသားကို နူးညံ့သွားစေသည်။ တစ်စုံတစ်ယောက်က ဖျောင်းဖျခဲ့သည်။
"သာ့ချောင်က
လိမ်မာတဲ့ကလေး မဟုတ်လား? ဖန်းရှောင်ကျွမ်း၊ နင်က ကလေးကို ဘာလို့ အမြဲဆူနေတာလဲ?"
ဖန်းရှောင်ကျွမ်းက
စောင်းကြည့်လိုက်သည်။ "တကယ်လို့ သူမက ကောင်းတယ်ထင်ရင် နင်ခေါ်ထားလိုက်!"
ထိုလူက
ချက်ချင်း ပါးစပ်ပိတ်သွားသည်။ ထိုအချိန်တွင် အိမ်တိုင်းသည် လုံလောက်အောင် မစားသောက်နိုင်ပေ။
တခြားကလေးတစ်ယောက် မွေးစားဖို့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ? သာ့ချောင်က ကျိန်စာလည်း ဖြစ်နေသေးသည်။
ချောင်ရှို့ကျီသည်
သူမ၏ မျက်လုံးကို မှေးကျဥ်းပြီး ဘေးရှိ တံမြက်စည်းကိုကောက်ကာ ဝှေ့ယမ်းလိုက်သည်။
"ထွက်သွား။ နင့်ရဲ့အမေအိမ်ကို ပြန်မယ် မဟုတ်လား?
အခုချက်ချင်း ထွက်သွား။ နင့်တစ်ဘဝလုံး ပြန်မလာတော့ရင် ပိုကောင်းမယ်!"
ချောင်ရှို့ကျီက
လက်သီးတစ်ချက်တည်းဖြင့်ပင် တောဝက်ကို သတ်နိုင်သည်။ အကယ်၍ သူမ အရိုက်ခံရလျှင် သူမက မသေလျှင်တောင်
သူမ၏ အသက်တစ်ဝက်တော့ ဆုံးရှုံးသွားလေမည်!
ဖန်းရှောင်ကျွမ်းသည်
ကြောက်လန့်သဖြင့် ရှောင်ချောင်ကို ဆွဲပြီးချက်ချင်း ထွက်ပြေးသွားသည်။ ပြုတ်ကျသွားသော
သူမ၏ ဖိနပ်ကိုပင် နောက်တစ်ဖန် ပြန်လာမကောက်ရဲပေ။
အမေနှင့်
သမီးက ကြောက်လန့်ပြီး ထွက်ပြေးသွားသည်ကို မြင်သောအခါ လူတိုင်းက နောက်တစ်ဖန် ပွဲကျသွားပြန်သည်။
ဖန်းရှောင်ကျွမ်းထွက်သွားသောအခါ
ရွာသွားများလည်း ထွက်ခွာသွားကြသည်။
လျိုချွေ့ဟွားက
နောက်ဆုံးမှ ထွက်သွားသူ ဖြစ်သ ည်။ "အဒေါ်ချောင်၊ ဘာလို့ ဖန်းရှောင်ကျွမ်းကို မတားလိုက်တာလဲ?
မိသားစုထဲမှာ ကလေးနဲ့ နေမကောင်းတဲ့သူပဲ ရှိတာ။ မိန်းမ မရှိရင် ဘယ်လိုလုပ်မလဲ?"
ဖန်ရှို့ကျီက
သရော်လိုက်သည်။ "ငါတို့ ချောင်အိမ်တော်ဟောင်းမှာ ဒီလောက်လူအများကြီးဟာ။ ဖန်းရှောင်ကျွမ်းဆိုတဲ့
သူမ မရှိဘဲ မနေနိုင်စရာလား?"
ဖန်းရှောင်ကျွမ်းကို
ဆက်ဆံရန် ချောင်ရှို့ကျီသည် သူမ၏ စိတ်ကို ဆုံးဖြတ်ချက်ချလိုက်သည်။ သူမသွားချင်ရင် သွားပါစေ။
တကယ်လို့ သူမပြန်လာချင်ရင်တော့ လုံးဝ မလွယ်ပေ!
လျိုချွေ့ဟွားသည်
အနည်းငယ် စကားဖွာနေရုံသာ ဖြစ်သည်။ သူမဆုံးဖြတ်ချက်ချပြီးသည်ကို မြင်သောအခါ ဖျောင်းဖျနေသည်ကို
ရပ်လိုက်ပြီး အိမ်သို့ ပြန်သွားတော့သည်။
ခြံဝင်းက
တိတ်ဆိတ်သွားသည်။ ချောင်ရှို့ကျီသည် တံမြက်စည်းကို ချပြီး လှည့်ကြည့်လိုက်သောအခါ သာ့ချောင်က
နေရာတွင်သာ ရပ်နေသည်ကို တွေ့လိုက်သည်။
သူမသည်
တံခါးကို မျက်လုံးကြီးများဖြင့် ကြည့်နေသည်။ သူမ၏ အရွယ်နှင့် မလိုက်ဖက်သော ဝမ်းနည်းမှုများက
မျက်နှာပေါ်တွင် ပြည့်နေသည်။
သူမကိုယ်ပေါ်ရှိ
ချည်ထည်အင်္ကျီသည် ဟောင်းနွမ်းပြီး အလွန်ကြီးပြီး အဖာအထေးများက နေရာအနှံ့ပြည့်နေသည်။
ဘောင်းဘီသည် ရှစ်စိတ်ဘောင်းဘီနှင့်တူသည်။
၎င်းသည်
လက်သီးတစ်ချက်ဖြင့်ပင် ကျိုးသွားနိုင်သည့် သစ်သားခြောက်ကဲ့သို့ ခြေချင်းဝတ်လေးကို မြင်နေရသည်။
သူမခြေထောက်အောက်ရှိ ဖိနပ်သည်လည်း မကောင်းမွန်ပေ။ ခြေမနှစ်ခုက ပေါ်ထွက်နေသည်။
ချီလီရွာမဆိုနှင့်၊
တုန်ဖုန်းအစုတွင်ပင် ချောင်မိသားစု၏ ဘဝနေထိုင်ပုံသည် ထိပ်ဆုံးတွင် ဖြစ်သည်။ သူတို့သည်
နေ့တိုင်း ဂျုံဖြူနှင့် ဆန်ဖြူများ မစားနိုင်သော်လည်း လုံလောက်သော ပြောင်းဖူးပေါင်မုန့်နှင့်
ဆန်ကြမ်းများ ရှိသည်။
သူတို့၏
ကလေးများကို ဒုက္ခသည်များကဲ့သို့ မရှင်သန်ခိုင်းပေ။ ထို့အတူ ကလေးများကိုလည်း စုတ်ပြဲနေသော
အဝတ်အစားများ မဝတ်ခိုင်းပေ။
ထို့အပြင်
ဒုတိယအိမ်ခွဲသည် ခွဲထွက်သွားသော်လည်း ချောင်ကျန်းကျွင်းသည် အကြောမသေမီက လုံ့လရှိသောသူအဖြစ်
ထုတ်လုပ်ရေးအဖွဲ့တွင် လူသိများသည်။
ထို့အပြင် အရင်တုန်းက အခြားသူများဆီမှ လက်သမားအတတ်ကို
သင်ယူခဲ့သဖြင့် အချို့ပရိဘောဂများကို ပြုလုပ်ပေးပြီး ဝင်ငွေရသည်။ ၎င်းသည် မများသော်လည်း
မိသားစုကို ကျွေးမွေးရန် မခက်ခဲပေ။
သာ့ချောင်က
သူတောင်းစားကဲ့သို့ နေထိုင်နေရခြင်းမှာ ဖန်းရှောင်ကျွမ်း၏ လုပ်ရပ် ဖြစ်ရမည်!
ချောင်ရှို့ကျီသည်
ဖန်းရှောင်ကျွမ်းကို စိတ်ထဲတွင် နောက်တစ်ဖန် ကျိန်ဆဲလိုက်ပြန်သည်။ သူမက မျက်နှာမဲ့ပြီး
ပြောလိုက်သည်။
"ဒီလောက်အေးတဲ့နေ့မှာ အထဲမဝင်သေးဘဲနဲ့ ဘာလုပ်နေတာလဲ?
လူသားရေခဲတောင့် ဖြစ်ချင်နေတာလား?"
သာ့ချောင်သည်
ခေါင်းမော့ပြီး သူမ၏ အဖွားကို မဲနက်ကြည်လင်သော မျက်လုံးများဖြင့် ကြည့်ပြီး မေးလိုက်သည်။
"အဖွား၊ သမီးက ကပ်ဆိုးလား?"
ချောင်ရှို့ကျီသည်
ထိုကလေး၏ မျက်လုံးများသည် အလွန်လှပသည်ကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။ ညနက်ကောင်းကင်ကဲ့သို့
နက်မှောင်ပြီး တောက်ပနေသည်မှာ စကားပြောနိုင်သကဲ့သို့ပင်။
သူမသည်
ဂရုပြီးပြီး မေးလိုက်သည်။ သူမ၏ မျက်တောင်များမှာ တုန်ခါနေသည်မှာ စွန့်ပစ်ခံရသည့် ကြောင်ကဲ့သို့
အလွန်သနားသရာကောင်းနေသည်။
မည်သို့ နှလုံးသာမာကြောသည့်သူ ဖြစ်ပါစေ၊ ထိုသည်ကို
ကြည့်ပြီး သူတို့၏ နှလုံးသားများမှာ နူးညံ့သွားပေမည်။
ချောင်ရှို့ကျီက
သူမ ခေါင်းကို ရိုက်လိုက်သည်။ "ကောင်းတာတွေ မသင်ဘဲနဲ့ မဟုတ်တာတွေပဲ သင်ယူနေ။ ဘာကပ်ဆိုး၊
ဘာပိုက်ဆံဖြုန်းတာလဲ? အဲ့ဒါက အရင်ခေတ်တုန်းက ပြောတာတွေ။ အခုက ခေတ်သစ်ရောက်နေပြီ။ မိန်းမတွေက
ကောင်းကင်တစ်ဝက်ကို သယ်နိုင်တယ်လို့ ခေါင်းဆောင်ကြီးတွေက ပြောခဲ့တယ်! နင့်အမေရဲ့ခေါင်းက
တံခါးနဲ့ဆောင့်မိပြီးတော့ ပျက်စီးသွားပြီ။ နောက်ခါကျရင် သူမ ပြောတာ နားမထောင်နဲ့။ နားလည်လား?"
ချောင်ရှို့ကျီသည်
အားနည်းနည်းမှ မသုံးပေ။ သို့သော်လည်း သူမသည် ခွန်အားကြီးဖြင့် မွေးဖွားခဲ့သဖြင့် သူမထိရုံဖြင့်ပင်
သာ့ချောင်၏ ခေါင်းက ခါယမ်းသွားသည်။
အနည်းငယ်နာကျင်သော်လည်း
သူမက အလွန်ပျော်သည်။
သူမ၏
အဖွားက သူမသည် ကပ်ဆိုးမဟုတ်ဟု ပြောသောကြောင့်ပင်!
သူမ၏
မျက်ခုံးများသည် ကွေးညွှတ်သွားသည်။ သူမ၏ ပါးစပ်ရှိ သွားများပေါ်သည်အထိ ပြုံးဖြဲသွားတော့သည်။
"သမီး
နား လည် ပါ ပြီ အဖွား!"
သူမသည်
ကပ်ဆိုးမဟုတ်ဘဲ သူမ၏ မိဘနှင့် ရှောင်ချောင်ကို သေသည်အထိ ကျိန်စာမမိစေသရွေ့ အိမ်မှ မောင်းထုတ်မခံရပေ။
၎င်းက အလွန်ကောင်းသည်!
သူမ၏
အမေက ဘယ်တော့ပြန်လာမည်လဲဆိုသည်ကို သူမမေးချင်နေသေးသည်။ သို့သော်လည်း ချောင်ရှို့ကျီက
သူမကို အခွင့်အရေး မပေးခဲ့ချေ။
"မြန်မြန်သွားပြီးတော့
ဆေးအသစ် မလုပ်သေးဘူးလား? နင့်အဖေကို မြန်မြန်မကောင်းစေချင်ဘူးလား?"
ဆေးများ
ပြုတ်ကျသွားသည်ကို သာ့ချောင်သတိရသွားသည်။ လက်ရှိတွင် သူမအမေက ဘယ်တော့ ပြန်လာမည်လဲဆိုသည်ကို
သူမ မမေးအားတော့ဘဲ မီးဖိုဆီ အလျင်အမြန် ပြေးသွားခဲ့သည်။
_
_ _ _ _
ဖန်းရှောင်ကျွမ်းနှင့်
ရှောင်ချောင်သည် လူများအားလုံးသွားသည်အထိစောင့်ပြီး သူတို့၏ ဖိနပ်ကို လာပြန်ယူကြသည်။
ထို့နောက် အမေနှင့်သမီးသည် ဆေးခန်းသို့ သွားကြသည်။
ရှောင်ချောင်၏
အနာသည် အလွန်သေးလွန်းသဖြင့် ဆေးခန်းရှိ သူနာပြုမလေးသည် ထိုအနာအား ဂရုစိုက်ရန် စိတ်မရှည်ပေ။
သူမသည် ဒဏ်ရာကို သန့်ရှင်းပေးပြီး သူတို့ကို မောင်းထုတ်လိုက်သည်။
ဆေးခန်းမှ
အဝေးကြီး လျှောက်လာပြီးသော်လည်း ဖန်းရှောင်ကျွမ်းက ဆဲဆိုနေသေးသည်။ "လူတွေကို ဘယ်လို
ဂရုစိုက်တာလဲ? သူမကို တိုင်ကြားရမယ်။ ခွေးမျက်လုံးက လူတွေကို အထင်သေးတယ်"
ရှောင်ချောင်သည်
ခေါင်းငုံ့ကာ လမ်းလျှောက်နေကာ သူမ၏ အပြစ်တင်မှုများကို လျစ်လျူရှုထားသည်။
အရင်ဘဝတွင်
သူမ၏ အဖေသည် အကြောမသေခဲ့ဘဲ ကောင်းမွန်စွာ နေထိုင်ခဲ့သည်။ သူက လူချမ်းသာ မဖြစ်လာသော်လည်း
မိသားစုကို မနစ်မွန်းစေခဲ့ပေ။
ယခုတွင်
သူက အကြောသေသွားပြီး ချောင်မိသားစုတွင်လည်း နောက်ခံမရှိပေ။ အနာဂတ်မှာ ဘယ်လိုလုပ်ရမလဲ?
အကယ်၍
အဖွားက သူတို့ကို ပြန်လာခွင့်ပြုလျှင် အဆင်ပြေနေသေးသည်။ သို့သော် သူမသည် သူမ၏ အမေကို
အလွန်မုန်းတီးသဖြင့် ပြန်လာခွင့်ပြုမည် မဟုတ်ပေ။
သူမ၏
အဖေသည် လယ်ထဲတွင် အလုပ် မလုပ်နိုင်ပေ။ ထို့အပြင် သူ၏ အရာအားလုံးကို ဂရုစိုက်ရန် လူတစ်ယောက်လိုအပ်သည်။
ထိုသို့ဆက်သွားလျှင် သူမ၏ ဘဝအရည်အသွေးကို ထိခိုက်လိမ့်မည်!
တကယ်ကို
စိတ်ရှုပ်စရာကောင်းသည်!
ထိုသို့ဖြစ်လာမည်ကိုသိလျှင်
ထိုနေ့က အနောက်ဘက်သစ်တောသို့သွားရန် သာ့ချောင်ကို သူမ မလိမ်ခဲ့ပေ။
အလကားပဲ၊
အကြောသေတဲ့သူက ဘာလို့ သာ့ချောင် မဖြစ်တာလဲ? သူမက အရမ်းကံကောင်းလွန်းသည်!
ရှောင်ချောင်သည်
စိတ်လှုပ်ရှားပြီး မျက်မှောင်ကြုတ်သွားသည်။
ဖန်းရှောင်ကျွမ်းသည်
အော်ဟစ်ပြီး အာခြောက်လာသောအခါမှ ရှောင်ချောင်က သူမကို မတုံ့ပြန်မှန်း သိသွားသည်။
သူမအရှေ့မှလူသည်
သာ့ချောင်ဖြစ်ပါက ချက်ချင်းပင် ပါးရိုက်လိမ့်မည်။ ၎င်းသည် ရှောင်ချောင် ဖြစ်နေသဖြင့်
သူမသည် ချက်ချင်းစိုးရိမ်သွားသည်။
"ကျောင်းကျောင်းအာ၊ ခေါင်းထိသွားတာလား ခေါင်းနာနေတာလား
မေမေသမီးကို အခုချက်ချင်း ဆေးခန်းပြန်ခေါ်သွားပေးမယ်။ မဟုတ်ဘူး၊ မေမေတို့ ဆေးခန်းမသွားကြဘူး။
မေမေတို့ ဝမ်ရွေ့ရှန်းကို မိတ်ဆက်စာရေးခိုင်းပြီးတော့ မြို့က ဆေးရုံကို သွားကြမယ်"
သူမက
ထိုသို့ ပြောပြီး ရှောင်ချောင်င်ကို စိုးရိမ်တကြီးဖြင့် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်
ဝမ်ရွေ့ရှန်း၏ အိမ်သို့ ခေါ်သွားသည်။
ရှောင်ချောင်သည်
သူမ၏ လက်ကို ဆွဲလိုက်ပြီး စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။ "အမေ၊ သမီးအဆင်ပြေတယ်"
သူမက
ဘာတစ်ခုမှ မှားယွင်းမှု မရှိသည်ကို ဖန်းရှောင်ကျွမ်း စိတ်ချသွားသည်။ "ကောင်းပြီ။
ကျောင်းကျောင်းအာက အဆင်ပြေတယ်ဆိုတော့ မေမေလည်း စိတ်ချသွားပြီ။ သမီးက စကားအကြာကြီးမပြောတာကို
မြင်တော့ ခေါင်းထိသွားပြီလို့ မေမေထင်သွားတာ"