အပိုင်း ၅
Viewers 3k

အပိုင်း ၅

 

 

 

 

 

 

 

 

စုန့်ကျင်းလိုင် မိန်းမက ရောက်ရှိလာသောသူက မည်သူဖြစ်သည်ကို သိသွားသောအခါ သူမ၏ မျက်နှာကို ထိလုနီးပါး လက်ညိုးထိုးပြီး ပြောလိုက်သည်။

 

 

 "နင်က ညံစရာလိုလို့လား? တကယ်လို့နင်အားနေရင် ဘာလို့ တုန်းလင်အတွက် အဖေအသစ် မရှာပေးနေတာလဲ?"

 

 

လင်းဟွေ့သည် ရွာသူကြီး လင်းသာ့ဖှာ၏ အငယ်ဆုံးသမီး ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်တုန်းက သူမသည် ရွာရှိ ပညာတတ်လူငယ်နှင့် လက်ထပ်ခဲ့ပြီး သားတစ်ယောက် မွေးဖွားခဲ့သည် လွန်ခဲ့သောနှစ်နှစ်က ထိုပညာတတ်လူငယ်သည် မြို့သို့ပြန်သွားပြီး လုံးဝပြန်မလာခဲ့ပေ။

 

 

ပထမတွင် သူတို့သည် ပညာတတ်လူငယ်က သူ၏မိန်းမနှင့်သားကို စွန့်ပစ်သွားသည်ဟု ထင်ကြသည်။ ကြာသောအခါမှ သေသွားပြီမှန်း သိကြသည်။ သူက မြစ်ထဲသို့ ပြုတ်ကျပြီး ရေနစ်သေသွားသည်။ ထိုအချိန်မှစပြီး လင်းဟွေ့က မုဆိုးမ ဖြစ်လာခဲ့သည်။

 

 

စုန့်ကျင်းလိုင်မိန်းမ၏ စကားများသည် လွန်လွန်းသည်။ လင်းဟွေ့၏ လက်ချောင်းသည် ဒေါသများဖြင့် တုန်ယင်သွားသည်။

 

 

"တကယ်လို့နင်က မကောင်းဘူးလို့ မခံစားရရင် အခုချက်ချင်းပဲ အဒေါ်ရှို့ကျီဆီ သွားရအောင်။ သူမက င့ါကို နားညီးတယ်လို့ ထင်မလား နင့်ကို အသေရိုက်သတ်မလား ဆိုတာ ကြည့်ကြတာပေ့ါ...!"

 

 

ချောင်ရှို့ကျီသည် အလွန်ကာကွယ်တတ်သောသူ ဖြစ်သည်။ သို့သော်လည်း သူမသည် ဤမြေးမ သာ့ချောင်ကို သိပ်ဂရုမစိုက်ပေ။ အကယ်၍ သူတို့က ချောင်မိသားစုကို အနိုင်ကျင့်ရဲလျှင် ထိုလူ၏ သွားကျွတ်သည်အထိ သူမက ရိုက်လိမ့်မည်။

 

 

စုန့်ကျင်လိုင်မိန်းမ၏ မျက်တောင်များ တုန်သွားသည်။ "င့ါကြက်တွေကို အစာမကျွေးရသေးဘူး။ ငါနင်နဲ့ စကားပြောဖို့ အချိန်မရှိတော့ဘူး!"

 

 

ထိုသို့ပြောပြီးနောက် သရဲက သူမနောက်လိုက်နေသကဲ့သို့ ပြေးထွက်သွားသည်။

 

 

ကော်တန်အမေ၏ခြေထောက်များက ပျော့ခွေလာသည်။ "ငါလည်း ကြက်စာသွားကျွေးတော့မယ်"

 

 

လင်းဟွေ့က သူမ၏ နောက်ကျောကို ကြည့်ပြီး တံတွေးထွေးလိုက်သည်။ သူမပြန်လှည့်သောအခါ သာ့ချောင်၏ လက်ပေါ်ရှိ အနီမှတ်ကိုကြည့်ကာ ပိုပြီး ဒေါသထွက်သွားသည်။ ဘုရားက ဘာလို့ ဒီမိန်းမတွေကို အပြစ်မပေးသေးတာလဲ? သူတို့က ၆ နှစ်ကလေးကို ဒီလိုမျိုး ပြောရဲသေးတယ်!

 

 

သာ့ချောင်ကြောက်လန့်သွားမည်ကို စိုးရိမ်သဖြင့် သူမ၏ ဒေါသကို ဖိနှိပ်ပြီး ချိုချိုသာသာ ပြောလိုက်သည်။ "နာနေသေးလား? အဒေါ်ဟွေ့ရဲ့အိမ်ကိုလိုက်ခဲ့။ ဆေးအရက်လူးပေးမယ်"

 

 

သာ့ချောင်သည် သူမ၏ လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ "ကျေး ဇူး ပါ အ ဒေါ် ဟွေ့ ။ သမီး မ နာ တော့ ဘူး"

 

 

သူမသည် အဒေါ်ဟွေ့ကို အလွန်ကြိုက်သည်။ အဒေါ်ဟွေ့က လှရုံသာမက သူမကိုလည်း ကောင်းကောင်း ဆက်ဆံသည်။ သူမစားရန်အတွင် ပြောင်းဖူးပေါင်မုန့်ကိုလည်း မကြာခဏ ခိုးပေးသည်။

 

 

 အဒေါ်ဟွေ့မိသားစု၏ မောင်လေး တုန်လင်ကလည်း အလွန်ချစ်စရာကောင်းသည်။ သူပြုံးသောအခါ သူ၏ သွားများက ပေါ်နေသည်။ သူက သူမအနောက်သို့ အမြဲလိုက်ပြီး မမဟု သူ၏ ကလေးသံဖြင့် ခေါ်တတ်သေးသည်။

 

 

သူမ၏ မျက်နှာလေးသည် အရင်ကထက် အသားပိုရှိလာသည်ကို လင်းဟွေ့ သတိထားမိသည်။ စိတ်ထဲတွင်မူ သူမအတွက် ပျော်ရမည်လား၊ စိတ်မကောင်းရမည်လား သူမ မသိတော့ပေ။

 

 

 "ဘာဖြစ်လို့ သမီးက တစ်ယောက်တည်း လာခဲ့တာလဲ?"

 

 

သာ့ချောင်က အရှေ့ရှိ သစ်တောကို လက်ညိုးထိုးပြီး ညင်သာစွာ ပြောလိုက်သည်။ "သွား ပြီး သစ်ကိုင်း ခြောက် ကောက် မ လို့"

 

 

လင်းဟွေ့သည် သူမ၏ ခြင်းတောင်းကို ဖြုတ်ပြီး သူမခြင်းထဲရှိ သစ်ကိုင်းခြောက်များကို သာ့ချောင်၏ ခြင်းထဲသို့ မတွေဝေနေဘဲ လောင်းထည့်ပေးလိုက်သည်။

"မ ဟုတ် ဘူး။ အဲ့ လို မ လုပ် နဲ့..."

 

 

သာ့ချောင်သည် အလွန်ပြာယာခတ်သွားသဖြင့် သူမ၏ စကားထစ်မှုက ပိုဆိုးသွားသည်။

 

 

"ယူထားလိုက်။ အဒေါ်ဟွေ့က ပြန်ပြီးတော့ ကောက်လိုက်မယ်။ သမီးမြန်မြန် ပြန်သင့်တယ်။ သမီးအဖေ စိတ်ပူရအောင် မလုပ်နဲ့" လင်းဟွေ့က သူမကို ငြင်းခွင့် မပြုပေ။ သူမအဖေ၏ အကြောင်းကို ပြောသောအခါ အနည်းငယ် ရပ်တန့်သွားသည်။

 

 

သာ့ချောင်က သူမ၏ မူမမှန်မှုကို သတိမထားမိပေ။ သူမ၏ မျက်ခုံးသေးသေးလေးက တွန့်နေသည်မှာ ခူကောင်လေး နှစ်ကောင်ကဲ့သို့ပင်။

 

 

သူမက ဒုက္ခပေးမိမည်အား ကြောက်နေမှန်း လင်းဟွေ့သိသဖြင့် သူမ၏ နှလုံးသားက နူးညံ့သွားတော့သည်။

သူမက လက်ကို ဆန့်ထုတ်ပြီး သာ့ချောင်၏ ဆံပင်ပွများကို ထိုးဖွရင်း နူးညံ့စွာ ပြောလိုက်သည်။

 

 

"လိမ်လိမ်မာမာနဲ့ ယူသွားလိုက်နော်။ သမီးကြီးလာရင် အဒေါ်ဟွေ့ကို ပြန်ကူညီ။ ဟုတ်ပြီလား?"

 

 

သာ့ချောင်သည် ခေါင်းကိုစောင်းပြီး ခေတ္တမျှစဥ်းစားလိုက်သည်။ ကောင်းသည့်အကြံဟု သူမ ခံစားရသုဖင့် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "ကောင်းပြီ။ အ နာ ဂတ် ကျ ရင် သမီးက အဒေါ် ဟွေ့ အိမ် မှု ကိစ္စ လုပ် တာ ကို ကူညီပေးမယ်"

 

 

အမှန်တကယ်တွင် သူမက မကြောက်လှန့်သည့်အခါ စကားကို ဖြည်းဖြည်းပြောလျှင် စကားထစ်သည့်အခြေအနေသည် တိုးတက်လာသည်။ သို့သော်လည်း အိမ်တွင် သူမ၏ အမေက သူမစကားကို နားထောင်ရန် စိတ်မရှည်သည့်အပြင် မနှစ်မြို့သည့် အမူအရာကို ပြသသည်။ သူမက ဘယ်လိုလုပ် မထိတ်လန့်ဘဲနေမလဲ?

 

 

သာ့ချောင်နှင့် လင်းဟွေ့တို့ ထွက်သွားသည်ကို မြင်သောအခါ စုန့်ကျင်းလိုင်မိန်းမသည် လင်းဟွေ့၏ နောက်ကျောကို ကြည့်ပြီး တံတွေးထွေးလိုက်သည်။ "ထွီ၊ ဒီအဖွားကြီးရဲ့ ခေါင်းပေါ်တက်ထိုင်ဖို့ သူမကိုယ်သူမ ဘာထင်နေတာလဲ?"

 

 

ကော်တန်၏ အမေကလည်း လှုပ်ရှားမှုများကို ကြားသောအခါ အိမ်ထဲမှ ထွက်လာသည်။ သူမ၏ လက်ထဲတွင် ကြက်စာကို မွှေနေသည်။ "သတိထား။ သူမက အဒေါ်ရှို့ကျီကို နင့်အကြောင်းသွားတိုင်နေဦးမယ်"

 

 

စုန့်ကျင်လိုင်မိန်းမ၏ မျက်နှာက ပိုပြီး ကြမ်းတမ်းသွားသည်။ "သူမက တိုင်ရဲလို့လား? သူမ လုပ်ရဲရင် ငါကလည်း သူမက ဒုတိယချောင်ကို ကြိုက်နေတယ်လို့ လိုက်ဖွမှာ။ ဘယ်သူက ပိုပြီး မျက်နှာပျက်မှာလဲဆိုတာ ကြည့်ကြတာပေ့ါ!"

 

 

"အမလေး၊ မဖြစ်နိုင်ဘူး မဟုတ်လား? နင်ပြောတာ လင်းဟွေ့က ဒုတိယချောင်ကို ကြိုက်နေတာလား?" ကော်တန်အမေ၏ အမူအရာမှာ စိတ်လှုပ်ရှားသည့်ပုံ ပေါ်သွားသည်။

 

 

စုန့်ကျင်လိုင်မိန်းမ၏ မေးက ပိုမြင့်သွားပြီး ဂုဏ်ယူသော ပုံစံနှင့် ပြောလိုက်သည်။ "မဟုတ်ရင် သူမက အဲ့ဒီကပ်ဆိုးသာ့ချောင်ကို ဘာလို့ဒီလောက်ကောင်းနေတယ်လို့ နင်ထင်နေတာလဲ? သူမက ဒုတိယချောင်ကို လွမ်းနေသေးလို့နေမှာ။ သူမက အရမ်းမူယာမာယာ များတယ်။ အရင်တုန်းက..."

 

 

ထိုကဲ့သို့ အတင်းပြောရသည်ကို သဘောကျသည့် ကော်တန်၏ အမေသည် ကြက်စာကျွေးရန် ဂရုမစိုက်တော့ဘဲ စုန့်ကျင်းလိုင်မိန်းမ၏ တောင်စဥ်ရေမရ ပြောသည်များကို နားထောင်နေတော့သည်။

 

 

လင်းဟွေ့နှင့် လမ်းခွဲပြီးနောက် သာ့ချောင်သည် အိမ်သို့ တိုက်ရိုက်မပြန်ဘဲ ရွာ၏ မြောက်ဘက်ရှိ ဖန်းမိသားစုအိမ်သို့ ခြင်းတောင်းနှင့် လျှောက်သွားခဲ့သည်။

 

 

ဖန်းမိသားစုအိမ်သည် ရွာ၏ တောင်ဘက်တွင် ရှိသော ချောင်မိသားစုအိမ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မြောက်ဘက်တွင်ရှိသည်။ သူမ၏ အမေက သူမကို ခေါ်သွားရသည်အား မကြိုက်သဖြင့် ထိုအိမ်သို့ တစ်ခါသာ ရောက်ဖူးသည်။

 

 

လမ်းတစ်လျောက်တွင် ရွာသားများကို တွေ့သောအခါ သူမက ချိုမြိန်စွာ ပြုံးပြပြီး နှုတ်ဆက်သည်။ သူမက စကားထစ်သည်ကို လူတိုင်းသိသဖြင့် သူတို့ကို နှုတ်မဆက်သည်အား စိတ်ထဲမထားကြပေ။

 

 

ရွာ၏ မြောက်ဘက်သို့ သူမ ရောက်သောအခါ ရှောင်ချောင်ကို ကလေးတစ်အုပ်က ဝိုင်းရံထားသည်အား သူမတွေ့လိုက်သည်။

 

 

ရှောင်ချောင်သည် အလွန်လှပပြီး ကလေးပါရမီရှင်ဟု လူသိများသည်။ ရွာထဲရှိ ကလေးတိုင်းက သူမကို သဘောကျကြသည်။

 

 

သာ့ချောင်က မနာလိုစွာဖြင့် ကြည့်နေသည်။ သူမက အိမ်အလုပ်များကို လုပ်ရသည့်အပြင် စကားကလည်းထစ်နေသဖြင့် မည်သည့်ကလေးနှင့်မှ မကစားဖူးပေ။

 

 

ကလေးတစ်ယောက်က သူမကို မြင်သောအခါ ချက်ချင်း အော်တော့သည်။ "ဟိုမှာကြည့်ကြည့် ငထစ်မလာပြီ!"

 

 

ကလေးအချို့က ပြေးလာကာ လက်ခုပ်တီးပြီး သူမကို ပတ်၍ ကလေးကဗျာကို ဆိုတော့သည်။

 

 

"ငထစ်မလေး ဖားလေးနဲ့ ကစားနေ။

သူမက ဖရဲသီးကောက်၊ ဆယ်ဆင့်နဲ့ရောင်း။

သူမအိမ်ကို မြန်မြန်ပြန်ပြေး၊ မျက်နှာနဲ့ ပြုတ်ကျ။

မျက်နှာနဲ့ ပြုတ်ကျ! ဟား ဟား..."

 

 

အရင်တုန်းက ရွာထဲတွင် ယခုကဲ့သို့ ကလေးကဗျာ မရှိပေ။ လွန်ခဲ့သော ၂ နှစ်ကမှ စတင်ပြီး ပျံ့နှံ့လာခဲ့ခြင်း ဖြစ်ပြီး ထိုကဗျာ မည်သည့်နေရာမှ စတင်လာသည်လဲဆိုတာ မည်သူမှ မသိပေ။

 

 

သာ့ချောင်၏ မျက်နှာလေးက နီရဲနေပြီး သူမ၏ လက်ကလေးများကလည်း အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

 

 

ရှောင်ချောင်က ချိုမြိန်စွာပြုံးရင်း သာ့ချောင်၏ အရှက်ကွဲခံရမှုကို ခေါင်းလေးစောင်းပြီး ကြည့်နေသည်။

 

 

ထို 'ငထစ်မလေး' ကလေးကဗျာသည် သူမ၏ အရင်ဘဝမှ ကလေးကဗျာကို တုပပြီး ပြုလုပ်ထားခြင်းဖြစ်သည်။ တခြားသူများဆီသို့ ရောက်အောင် သူမကပဲ တိတ်တဆိတ် ပြုလုပ်ခဲ့သည်။

 

 

သာ့ချောင်က မွေးလာကတည်းက ထစ်အသူ ဖြစ်သည်။ သို့သော်လည်း အရင်ဘဝတွင် သူမ၏ အမေက ရတနာကဲ့သို့ ဂရုစိုက်ခဲ့သည်။ သူမ၏ စကားထစ်ခြင်းကို လှောင်ပြောင်သည့် မည်သူကိုမဆို သူမ၏ အမေက ရန်ဖြစ်သည်။ ထို့နောက် သူမက ဆေးရုံသို့သွားပြီး ဆရာဝန်ဆီသို့ သွားပြခဲ့သဖြင့် သာ့ချောင်၏ စကားထစ်ခြင်းက အသက် ၆ နှစ်မတိုင်မီ ပျောက်ကွယ်သွားသည်။

 

 

ယခုဘဝတွင် သူမက သူမအမေ၏ ဂရုစိုက်မှုကို ဆုံးရှုံးသွားခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်မှ သူမကို လှောင်ပြောင်မှုက စိတ်အားငယ်စေသဖြင့် စကားထစ်ခြင်းကလည်း ပိုပြီးဆိုးရွားလာခဲ့သည်။

 

 

လုံလောက်အောင် ကြည့်ရှုပြီးနောက် သူမက လူတိုင်းဆီသို့ လျှောက်လာပြီး ညင်သာစွာ ပြောလိုက်သည်။ "င့ါရဲ့အစ်မက မွေးကတည်းက စကားထစ်နေတာ။ ဒီဘဝမှာ ကုလို့ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် မရယ်ကြနဲ့"

 

 

"တကယ်လို့ တစ်ဘဝလုံးကုလို့မရဘူးဆိုရင် တစ်သက်လုံး ငထစ်အဖြစ်နေမယ် မဟုတ်လား"

 

 

"နင်ပြောတာ မှားတယ်။ ငယ်ရင် ငထစ်အလေး။ သူကြီးလာရင် ငထစ်အကြီး။ သူမ အိုရင် ငထစ်အအိုကြီး ဟား ဟား..."

 

 

သာ့ချောင်၏ မျက်နှာက နီရဲသွားသည်။ ရှက်လွန်းသဖြင့် သူမ၏ ခြေ၊လက်များကို မည်သည့်နေရာ၌ ထားရမည်မသိ ဖြစ်နေခဲ့သည်။

 

 

"နင်တို့တွေက ဆိုးလွန်းတယ်။ ငါနင်တို့ကို စကားထပ်မပြောတော့ဘူး!" ရှောင်ချောင်က ခြေဆောင့်ပြီး ခေါင်းကို တစ်ဖက်သို့လှည့်ကာ သာ့ချောင်ကို ပြုံးပြလိုက်သည်။ "မမ၊ ဘာလို့ဒီကို ရောက်လာတာလဲ?"

 

 

ရှောင်ချောင်၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်သောအခါ သာ့ချောင်က စိတ်သက်သာရာရသွားသည်။ "ညီမလေး၊ မေ မေ နဲ့ ညီ မ လေး ဘယ် တော့ အိမ် ပြန် လာ မှာ လဲ?"

 

 

ရှောင်ချောင်က မျက်မှောင်ကြုတ်လိုက်သည်။ "မေမေက ပြောတယ်။ မမက ကပ်ဆိုးတဲ့။ တစ်မိသားစုလုံးကို သတ်လိမ့်မယ်တဲ့။ တကယ်လို့ မမအိမ်ကမထွက်သွားဘူးဆိုရင် မေမေက ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး"

 

 

"ကပ်ဆိုးဆိုတာဘာလဲ?" အချို့ကလေးငယ်များက မသိသဖြင့် မေးကြသည်။

 

 

"ငါသိတယ်။ ငါသိတယ်။ သာ့ချောင်က ကပ်ဆိုးနတမဘုရားတဲ့။ သူ့နားကပ်တဲ့ဘယ်သူမဆိုး ကံဆိုးမှာ" စုန့်သာ့ပေါင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

 

 

စုန့်သာ့ပေါင်သည် စုန့်ကျင်းလိုင်၏ သားကြီး ဖြစ်သည်။ သူ၏ အမေက အိမ်တွင် သာ့ချောင်က ကပ်ဆိုးကြယ်ဖြစ်ကြောင်း ပြောသည်ကို ကြားပြီး သတိရနေခြင်း ဖြစ်သည်။

 

 

အခြားကလေးများက စုန့်သာ့ပေါင် ပြောသည်ကို ကြားပြီး ပြေးသွားကြသည်မှာ သာ့ချောင်က ကပ်ရောဂါ ကဲ့သို့ပင်။ အနားကပ်သွားလျှင် သူတို့က ကူးစက်ခံရတော့မည့် ပုံနှင့်ပင်။