အပိုင်း ၂
အခုမှ နိုးလာသော ချင်လိုင်တိသည် ပါးစပ်ထဲကနေ သွေးအန်တော့မလို ဖြစ်သွားရသည်။ အဘွားချင်သည်လည်း ထိုစကားတို့ကို ကြားလိုက်ရသောအခါ အောင့်သက်သက် ခံစားလိုက်ရသည်။ သူမ မြေးမကို ကယ်တင်ခဲ့သူသည် တစ်ယောက်ထဲမဟုတ်ပဲ ရဲဘော်လေးနှစ်ယောက်ဆိုသည်မှာ မှန်ကန်ပေသည်။ တစ်ယောက်သည် ကျောက်ချင်းစုန့်ဖြစ်ပြီး အမှန်တကယ် ရေထဲခုန်ချပြီး ကယ်ဆယ်ပေးခဲ့သူမှာ ထိုကျောက်တတိယသားမဟုတ်ခဲ့ပေ။
အဲ့တာဆို သူမ လူမှားပြီး အပူကပ်နေမိခဲ့သည်လား။ကျောက်ချင်းစုန့်သည် ကောင်းမွန်သော ဘဝတက်လမ်းနှင့် နောက်ခံအင်အားတောင့်တင်းတာကြောင့် သူမမြေးမရေထဲသာမကျခဲ့လျှင် လက်ထပ်ယူရန် အဘွားချင်အနေနှင့် စကားတောင်မစရဲပေ။ ဒါပေမဲ့ တခြားရဲဘော်ဆိုသူသည် စစ်တပ်မှ အနားယူတော့မည်သူဖြစ်နေရာ အဘွားချင်သည် မစင်ပုံတက်နင်းမိသလို ခံစားလိုက်ရသည်။
ဘေးအိမ်က အဒေါ်လျှို့သည် အနာကို အပ်နှင့် ထိုးပေးသလိုမျိုး “အိုး အဘွားချင် မသိသေးဘူးလား။ အဲ့ရဲဘော်လေးရဲ့ မိသားစုက ပေကျင်းမှာ အဆင်ပြေပြေနေနိုင်တဲ့ အတန်းအစားထဲကပဲတဲ့။ “
အဘွားချင် ရင်ထဲ အဆင်ပြေသွားသလို ခံစားလိုက်ရသည်။“ဒါပေမဲ့ သူ့မိဘတွေကို ပေတဟွမ်ကို ရွှေ့ခံလိုက်ရတာလို့ ကြားတယ်နော်။ အဲ့တာဆို ဘယ်တော့မှ ပေကျင်းကို ပြန်လာနိုင်မယ်လို့ မထင်ဘူး”
အဘွားချင်သည် ချက်ချင်း မူးလဲသွားတော့မလို ခံစားလိုက်ရသည်။ သူမတို့ရွာသည် နွားတင်းကုတ်လေးလို သိမ်ငယ်သေးနုပ်သော်လည်း ပေတဟွမ်ဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ။ အဲ့ကလူတွေသည် မြေကြီးကို အိမ်လုပ်ပြီး ဖြစ်သလို နေထိုင်စားသောက်ရမှန်း လူတိုင်းသိနိုင်သည်။ ဒါ့အပြင် ထိုရဲဘော်လေးတစ်ဦးထဲ၏ မိဘတွေသာ ထိုနေရာကို ပြောင်းရွှေ့ခံရတာဖြစ်သည်။
အဒေါ်လျို့သည် မျက်လုံးများကို မှေးကာ “ အိုး အဲ့အကြောင်းမသိသေးဘူးလား။ အဲ့ရဲဘော်လေးက ပြန်ကြားရေး စစ်သားလေးဖြစ်ခဲ့တာတဲ့။ သူလျှိုတွေကို ဖမ်းဆီးဖို့ သတင်းရှာပေးရတဲ့ အလုပ်လုပ်ခဲ့တာတဲ့နော်။ သူဘာလို့ အနားယူလိုက်ရတာလဲ သိလား”
“ဘာလို့တဲ့လဲ” အဘွားချင်မှာ မတ်တတ်တောင် ကောင်းကောင်းမရပ်နိုင်တော့ချေ။
“သူက ဒုက္ခိတဖြစ်သွားလို့တဲ့အေ”
လူတိုင်း - “အိုးး….”လို့ အာမေဍိတ်သံပြုမိကြသည်။ လူတစ်ယောက်ဆင်းရဲသည် သို့မဟုတ် အသုံးမကျဘူး တုံးအနေသည်ဆိုရင်တောင် အဆင်ပြေသေးသည်။ သို့သော် ခန္တာကိုယ်က မသန်မစွမ်းဖြစ်နေသည်ဆိုလျှင် အဲ့လူသည် သုံးစားမရတော့ဟု ဆိုနိုင်ပေသည်။
“အဒေါ်ချင်ရေ ဒီတစ်ခါတော့ ရှင်အမှားကြီး လုပ်လိုက်မိပြီထင်တယ်။ အဒေါ့်မြေးမလေး လိုင်တိက ဒေါသကြီးပြီး ခက်ထန်တယ်ဆိုပေမဲ့ ဒီလိုဒုက္ခိတနဲ့တော့ ပေးစားလို့မဖြစ်ဘူးလေနော်”
“နင်ပဲ ဒုက္ခိတနဲ့ယူ နင်တို့မိသားစုပဲ ဒုက္ခိတနဲ့ယူကြ” အဘွားချင်သည် ဒေါသမထိန်းနိုင်ပဲ ရန်စဖြစ်လေတော့သည်။
ခြံဝန်းထဲတွင် ရန်ဖြစ်စကားများသံများ ဆူညံနေလေသည်။ သို့ပေမဲ့ ချင်လိုင်တိသည် နှလုံးခုန်နူန်းမြန်လာသလို ခံစားနေရသည်။ တကယ်လို့ တရုတ်ပြည်၏ မတိုးတက်သေးသော မြောက်ပိုင်းအရပ်သို့ ပြောင်းရွှေ့ခံရသူမှာ ထိုရဲဘော်လေး၏ မိဘတွေသာမှန်ရင် သူမကို ကယ်တင်ခဲ့သူသည် မျိုးရိုးနာမည်ဟယ်ဆိုသူဖြစ်လိမ့်မည်။ သူ့လက်နှင့်ခြေထောက်တွေသည် ဒဏ်ရာရထားသေးတယ်ဆိုရင် ထိုသူသည် လောင်ဟယ်ဆိုတာ သေချာပေါက်ပြောနိုင်သည်။
လမ့်ဟယ်မြို့ရှိလူတွေအားလုံးသည် လောင်ဟယ်ကို ဉာဏ်ကြီးရှင် လူတော်တစ်ဦးဖြစ်ကြောင်း ဆိုကြလိမ့်မည်။ လောင်ဟယ်၏ နာမည်အရင်းက ဟယ်လျန်ရှန့်ဖြစ်သည်။ သူ၏ ဇာတိသည် ပေကျင်းဖြစ်ပြီး သူ့အထက်တန်းပညာရေးကြောင့် စစ်သားအဖြစ် စုဆောင်းခံခဲ့ရသည်။ အစပိုင်းတွင် စစ်သားအငယ်လေးအဖြစ် စတင်စစ်မှုထမ်းခဲ့ပြီး သူများနှင့်မတူ ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးနှင့် သတ္တိရှိမှုကြောင့် လျှို့ဝှက်စစ်သားအဖြစ် ရာထူတိုးမြင့်ခံခဲ့ရသည်။ အမှန်တကယ် ဒဏ်ရာကြီးကြီးမားမားရနေတာ မဟုတ်ပဲ ဟိုင်ချန်ရှိ ဝိုင်ယာကြိုးမဲ့ နည်းပညာသုံးစက်ရုံ၂တွင် နည်းပညာရှင်အဖြစ် လုပ်ဆောင်ရမည်ဖြစ်သည်။
သာမန်လူတစ်ယောက်သာဆိုလျှင် အရပ်ဘက်စစ်တပ်သားတစ်ဦးအဖြစ် အေးဆေးစွာ နေလို့ရသည်။ သို့သော် ဟယ်လျန်ရှန့်သည် သူဘယ်နေရာသို့ ရောက်နေပစေ သူ၏လေ့လာ အားထုတ်မှုတွေကို ရေစုန်မြောပစ်ဖို့ စိတ်ကူးမရှိပေ။
ရေဒီယိုစက်ရုံတွင် တာဝန်ထမ်းဆောင်ရသည်ကို အခွင့်အရေးအဖြစ် သဘောထားကာ ရေဒီယိုတည်ဆောက်ပုံကို လေ့လာသင်ယူခဲ့သည်။ နိုင်ငံခြားဘာသာစကားများ သင်ယူကာ နိုင်ငံခြားရှိ နောက်ဆုံးပေါ် နည်းပညာများကို အခြားနည်းပညာရှင်များအား ဘာသာပြန်သင်ကြားပေးခဲ့သည်။ သူ့အနေနှင့် သင်ယူလေ့လာခြင်းသည် အချိန်များစွာယူရန် မလိုအပ်ပေ။
သူ့ထက်ပိုပြီး နည်းပညာတတ်ကျွမ်းသောသူတွေသည် သူ့လောက် နိုင်ငံခြားဘာသာ မတတ်ကျွမ်းပေ။ ဘာသာစကား ပိုမိုတတ်မြောက်သူတွေကလည်း သူ့လို နည်းပညာတွင် ကျွမ်းကျင်ခြင်းမရှိကြပေ။
နောက်ပိုင်းတွင် နည်းပညာနှင့် ဘာသာစကားကျွမ်းကျင်မှုကြောင့် လမ့်ဟယ်မြို့ရှိ 412 ရေဒီယိုစက်ရုံသို့ တာဝန်ချထားခြင်းခံခဲ့ရသည်။ ကျောက်ချင်းစုန့်၏ မနာလိုမှုအောက်တွင် လျန်ရှန်သည် စီနီယာအင်ဂျင်နီယာတစ်ယောက်အဖြစ် ရာထူးတိုးမြှောက်စားခံခဲ့ရသည်။
နှစ်ပေါင်း၂၀ကျော်ထိ ရေဒီယိုနည်းပညာနယ်ပယ်သည် ပိတ်ဆို့တားမြစ်ခဲ့ရပြီး 412 စက်ရုံသည် အဓိကထား၍ ဖိနှပ်ခံရသော နေရာတစ်ခုဖြစ်ခဲ့သည်။ လောင်ဟယ်သည် မည်သူအပေါ်တွင်မှ မှီခိုအားထားမပြုဘဲ သူ၏ အရည်အချင်းကိုသာ အားကိုးပြီး ထူးထူးချွန်ချွန်ရပ်တည်လာသူဖြစ်သည်။
အရင်ဘဝတွင် လောင်ဟယ်သည် သူမ အိမ်ဘေးတွင်နေသည့် အိမ်နီးနားချင်း မိတ်ဆွေတစ်ယောက်ဖြစ်သည်။ ချင်လိုင်တိ မနက်စောစောထပြီး ရေခပ်နေသည့်အချိန်မှာ လောင်ဟယ်သည် မနက်ခင်း လေ့ကျင့်ခန်းလုပ်ပြီး ချွေးတလုံးလုံးနှင့် ပြန်လာနေပြီဖြစ်သည်။ သူ့အိမ်မီးကို မနက်ခင်း၂နာရီထိမပိတ်ပဲ လင်းထိန်နေသည်ကိုသာ တွေ့နေရသည်။ သူမနှင့် လမ်းမှာဆုံတိုင်းလည်း ယဉ်ကျေးစွာ လမ်းဖယ်ပေးလေ့ရှိသည်။
လိုင်တိအမြင်တွင် လောင်ဟယ်သည် ယဉ်ကျေးကြင်နာတတ်ပြီး စကားနည်းသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူမ အိမ်ထောင်သက်တမ်းတစ်လျှောက်တွင် ကျောက်ချင်းစုန့်သည် အမြဲတစေခရီးသွားနေသည်။ ထို့ကြောင့် လင်ပါသားသမီးနှစ်ယောက်နှင့် အခက်အခဲတစ်ခုခုရှိတိုင်း လောင်ဟယ်ကိုသာ အကူအညီတောင်းခဲ့ရသည်။
လျှပ်စစ်မီးသီးပျက်လျှင် ရေပူမရလျှင် သို့မဟုတ် အိမ်သာပိုက်ပိတ်နေရင်တောင်မှ လိုင်တိမှာ လောင်ဟယ်ကိုသာ အပူသွားကပ်နေခဲ့ရသည်။ တခါက မိုးအကြီးကျယ်ရွာသွန်းခဲ့စဉ် သူမတို့အိမ်ခေါင်မိုး ပျက်စီးမိုးယိုစိမ့်ခဲ့သည်။ ထိုအခါကလည်း လောင်ဟယ်က ရာသီဥတုဆိုးဝါးနေတာတောင် လက်သမားဆရာတစ်ယောက်ကို ရှာဖွေ ခေါ်ယူပေးခဲ့သည်။ ခေါင်မိုးပြုပြင်နေစဉ်တွင် သူ၏ အိမ်တွင်နေထိုင်ရန် အိမ်သော့ပေးထားခဲ့ပြီး သူကိုယ်တိုင်ကျ အလုပ်ရုံတွင်သာ ကြပ်ကြပ်တည်းတည်းနေထိုင်နေခဲ့သည်။
ထို့ကြောင့် ကျောက်ဟိုင်ယန်ကတောင် ဦးလေးဟယ်သည် သူ့အဖေရင်းထက် ပိုပြီး အဖေနှင့် တူသည်ဟု ဆိုသည်။ ကျောက်ချင်းစုန့်သည် လမ့်ဟယ်မြို့မှ အိမ်ပြောင်းလာသောအခါ လောင်ဟယ်နှင့် တွေ့ဆုံရန်ရေစက်ကုန်ပြီဟု လိုင်တိထင်ခဲ့သည်။ သို့ပေမဲ့ သူမအိမ်ပေါ်မှ မောင်းချခံခဲ့ရသည့်အချိန်တွင် လောင်ဟယ်ရောက်လာခဲ့သည်။
မိတ်ဆွေဟောင်း လောင်ဟယ်သည် သူမအိမ်ခြေရာမဲ့ဖြစ်နေတာကို ရှာဖွေကူညီရန် မိုင်ပေါင်းရာချီကားတစ်တန်ရထားတစ်တန်စီးကာ အရောက်လာခဲ့သည်။သူမ ဘယ်လို ဒုက္ခတွေကြုံတွေ့ခဲ့ရလဲနှင့် ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ တစ်ခွန်းမှမမေးပဲ သူမ နေထိုင်ရန် တစ်အိုးတစ်အိမ် ငှါးရမ်းပေးခဲ့သည်။ လောင်ဟယ်သည် သူမကို အချိန်တိုအတွင်းရှာတွေ့ရန် မည်သည့်နည်းလမ်းတွေ သုံးခဲ့သည်ဆိုတာ သူမ မသိခဲ့ပေ။ များပြားလှသော လူအုပ်ထဲ သူမကို အကြည့်တစ်ချက်နှင့် ဘယ်လိုမှတ်မိနိုင်တာလဲဆိုတာ သူမစဉ်းစားမရခဲ့ပေ။
သူမ စိတ်အားငယ်နေမည်ကို စိုးရိမ်သောကြောင့် လက်မှုပညာ လုပ်ငန်းတစ်ခုကိုပါ လုပ်ကိုင်နိုင်ရန် ရှာဖွေပေးခဲ့သည်။ အလင်းရောင် ရှိနေချိန်တွင် ကစားစရာအရုပ်တစ်ချို့ကို ချည်ထိုးကာ ရောင်းချနိုင်သောကြောင့် တစ်လလျှင် ၇ယွမ်၈ယွမ်မျှ ဝင်ငွေရခဲ့သည်။
လောင်ဟယ်သည် သူမဆီ လာတိုင်း အသားငါးပုစွန်တွေကိုပါ အမြဲလိုလို ယူဆောင်လာလေ့ရှိခဲ့သည်။ သူမသည် အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်ခဲ့တာကြောင့် ထိုအသားငါး လတ်လတ်ဆတ်ဆတ်တွေ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ သူမမြင်ရုံနှင့် သိနိုင်သည်။
လောင်ဟယ်သည် သူမဇနီးတစ်ယောက်အနေနှင့် ရသင့်သော ပိုင်ဆိုင်မှုကို ပြန်ယူရန် ကူညီပေးမည်ဟု ပြောဆိုခဲ့သည်။ သို့သော် လောင်ဟယ်မသိတာက ကျောက်ချင်းစုန့်မသေဆုံးခင်ကတည်းက သူမနောက်ကွယ်မှာ သူ့ပိုင်ဆိုင်မှုအကုန်လုံးကို သူ့သားသမီးတွေကို လွှဲပြောင်းပေးခဲ့သည်ဆိုတာပင်။ ကျောက်ဟိုင်ယန်သည် ထိုပိုင်ဆိုင်မှုတွေကို တစ်ခုပြီးတစ်ခုပြီး ရောင်းချသုံးစွဲခဲ့ပြီးဖြစ်သည်။ သူမ တရားစွဲဆိုလျှင်တောင် ဘယ်လောက်မှ ပြန်ရနိုင်လိမ့်မည် မဟုတ်ပေ။
လောင်ဟယ်သည် သူမကို လမ့်ဟယ်မြို့တွင် ဆွေမျိုးများနှင့် တွေ့လို၍ ပြန်နေချင်ပါက သူ့အိမ်တွင်နေနိုင်သည်ဟု ဆိုခဲ့သည်။ အပုပ်ချပြောဆိုခံရခြင်းကင်းရန် သူသည် အခြားသူငယ်ချင်းများနှင့် သွားရောက်နေမည်လို့လည်း ပြောဆိုခဲ့သေးသည်။ သို့သော်ငြားလည်း အိမ်ငှါးရမ်းခမြင့်တက်နေသော ခေတ်ကြီးတွင် မည်သူက အိမ်ကို အလကားနေခိုင်းလိမ့်မည်နည်း။ လောင်ဟယ်သည် သူ့ပိုက်ဆံများကို အိမ်ငှါးနေဖို့အတွက် ဖြုန်းပစ်လိမ့်မည်ဆိုတာ သူမသိနေသည်။
လောင်ဟယ်သည် သူမသစ်တော်ပင်ကို သဘောကျတယ်ဆိုတာ မှတ်မိနေတာကြောင့် တစ်မြို့လုံးတွင် ပြတင်းပေါက်နားတွင် သစ်တော်ပင်အကြီးကြီးရှိသည့် အိမ်ကိုရှာဖွေကာ ငှါးရမ်းပေးခဲ့သည်။ သူမကိုယ်တိုင်တောင် သစ်တော်ပင်ကြိုက်သည်ဟု ပြောခဲ့သည်ကို မမှတ်မိချေ။ သို့သော် လေတိုက်တိုင်း လှုပ်ရမ်းနေသည့် စိမ်းစိုနေသော သစ်တော်ပင်သည် အမှန်တကယ်ကို မျက်စိပသာဒဖြစ်ပြီး လှပလွန်းလေသည်။
လူတစ်ယောက်သည် အခြားသူကို အကြောင်းပြချက်မဲ့စွာ ကောင်းပေးနေသည်ဆိုတာမရှိကြောင်း သူမသိလေသည်။ သူမအရွယ်ကောင်းစဉ်က အကူအညီတောင်းတိုင်း လုပ်ပေးခဲ့ပြီး သူမ အိုမင်းနေသည့်အချိန်တွင်လည်း ကူညီကယ်ဆယ်ပေးခဲ့သူသည် သူမဘဝ၏ သူရဲကောင်းတစ်ယောက်လို ဖြစ်သည်။ လောင်ဟယ်သည် သူနှင့်ကျောက်ချင်းစုန့်က မိတ်ဆွေဖြစ်တာကြောင့် ဝတ္တရားအရ ကူညီခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သူမအရင်ဘဝ၏ နောက်ဆုံး၃နှစ်အချိန်တွင် သူမကျန်းမာရေးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများ ဝယ်ယူရန် သူ၏ ပင်စင်လစာအကုန်လုံးကို အသုံးပြုခဲ့သည်။ သူမ ခံစားနေရသော နှလုံးရောဂါနှင့် သွေးတိုးရောဂါကို သက်သာစေသည်ဟု နာမည်ကြီးသည့် စက်ပစ္စည်းများကို အင်တာနက်ပေါ်မှ ဝယ်ယူပေးရန် ကြိုးပမ်းခဲ့သည်။ ထိုပစ္စည်းများရောက်ရှိလာသောအခါ ချင်လိုင်တိသည် ငိုကြွေးရမလို ပျော်ရွှင်ရမလို ခံစားချက်တွေ ရောထွေးနေခဲ့သည်။
ဘာကြောင့် သူမအပေါ် ကောင်းပေးနေရသည်လဲဟု လောင်ဟယ်ကို မေးမြန်းခဲ့သည်။ ထိုအခါ လောင်ဟယ်သည် သူမမျက်လုံးအစုံကို စိုက်ကြည့်ရင်း ဩရှသောအသံနှင့် ပြောခဲ့သည်။
“ဟုတ်တယ် ရှောင်းချင် ငါမင်းကို သဘောကျတယ်။ မင်းကို ရေထဲက ကယ်ခဲ့တဲ့နေ့ကစပြီး သဘောကျလာခဲ့တာ။ အခု မင်းဆီကနေ ဘာမှမမျှော်လင့်ပါဘူး။ ငါ့ဘဝရဲ့ နောက်ဆုံးနေဝင်ချိန်လေး နှစ်၂၀လောက်ကို မင်းနဲ့အတူ ကုန်ဆုံးချင်မိလို့ပါ။ နှစ်၂၀မဟုတ်တောင် ၁၀နှစ် ဒါမှမဟုတ် ၈နှစ်ဆိုရင်တောင် ငါ့အတွက် ဆုလာဒ်တစ်ခုလိုပါပဲကွာ။ မင်းအခု ဒီလိုအကြောင်းတွေကို မစဉ်းစားချင်ဘူးဆိုလည်း ရပါတယ်။ ငါအချိိန်ဘယ်လောက်ဖြစ်ဖြစ် စောင့်နိုင်တယ် ရှောင်းချင် “
ထိုစကားတွေသည် သူနှင့်ပြောခဲ့သမျှထဲတွင် အရှည်ဆုံးစကားများပင်။ ချင်လိုင်တိသည် သူ၏ ကြာရှည်လှသည့် တိတ်တခိုးအချစ်ကြောင့် အံ့အားသင့်ခဲ့ရသည်။ ထိုအချိန်မှာ သူမတွင် ငယ်ရွယ်နုပျိုမှုနှင့် လှပမှုတို့ မရှိရုံသာမက ရောဂါကြောင့် အိုမင်းရင့်ရော်နေခဲ့သည်။ သူသည် အခြားသူတို့ထံမှ လေးစားမှုကို ခံရသော ပညာတတ် နည်းပညာရှင်တစ်ယောက်ဖြစ်သည်။
သူမအနေနှင့် ညတွင်းချင်း ဘယ်လိုလို့ အဖြေပြန်ပေးနိုင်မည်လဲလေ။ သူမ စဉ်းစားရန် လိုအပ်သည်ဟုသာ ပြောနိုင်ခဲ့သည်။ ထို့ကြောင့် သူမတစ်ညလုံးစဉ်းစားခဲ့ပြီး မနက်မိုးလင်းလျှင် အဖြေကောင်းတစ်ခုပေးနိုင်ရန် တွေးထားခဲ့သော်လည်း ကံကြမ္မာက သူမကို လှည့်စားခဲ့သည်။ သူမနိုးလာသောအခါ ၁၈နှစ်အရွယ် ချင်လိုင်တိဖြစ်နေခဲ့သည်။
အဘွားချင်သည် သူမရင်ဘတ်ကို ထုရင်း ပြောခဲ့သည်။ “လိုင်တိရေ ငါတို့ ဒီနေ့ပဲ လက်ထပ်ဖို့ သွားပြောရအောင်”
အမှန်တိုင်းပြောရလျှင် အရင်ဘဝက သူမကို ကယ်ဆယ်ခဲ့သူသည် ကျောက်ချင်းစုန့်လား ဟယ်လျန်ရှန့်လားဆိုတာ သေချာခွဲမသိခဲ့ချေ။ ရေထဲအချိန်အတော်ကြာ နစ်မြုပ်နေခဲ့ပြီးနောက် သူမ မှတ်မိသည်က စစ်တပ်ဝတ်စုံဝတ်ထားသည့် လူငယ်လေးတစ်ယောက်က ရေထဲခုန်ဆင်းလာပြီး သူမကို ကမ်းခြေသို့ ဆယ်တင်ပေးခဲ့တာကိုပင်။ ကုန်းပေါ်ရောက်သည့်အချိန်တွင် သူမမေ့မြောသွားခဲ့သည်။
သူမ မေ့နေရာက နိုးလာသည့်အခါ အဘွားချင်၏ တွန်းအားပေးမှုကြောင့် ကျောက်ချင်းစုန့်နှင့် ချက်ချင်းလက်ထပ်ခဲ့ရသည်။ ထိုအချိန်က အဘွားချင်သည် လက်ထပ်ပွဲအထမြောက်မှုကြောင့် ပျော်ရွှင်နေခဲ့သည်။
ဒါပေမဲ့ သူမသိခဲ့သည်က ကျောက်ချင်းစုန့်သည် သူကိုယ်တိုင် လက်ထပ်ရန်ဆုံးဖြတ်ခဲ့တာက ချင်လိုင်တိကို သင့်တော်သော မိထွေးတစ်ယောက်အဖြစ် မှတ်ယူခဲ့သောကြောင့်ဖြစ်သည်။
ယခုအချိန်တွင် အဘွားချင်သည် အရင်ဘဝကဲ့သို့ ပျော်ရွှင်မနေခဲ့ပေ။ သူမမြေးမကို “ လိုင်တိ မင်းရေထဲကျသွားလို့ မူးဝေနေတုန်းလား။ အဘွားတို့က ဂုဏ်သတင်းသိပ်မကောင်းပေမဲ့လည်း လက်ထပ်တယ်ဆိုတာ အရေးကြီးတဲ့ ကိစ္စမို့ သေချာစဉ်းစားရမယ်နော်။ အာ့ကြောင့် စိတ်မရှုပ်နဲ့အုံး”
လိုင်တိသည် ဆုံးဖြတ်ချက်ချပြီးသည့်ပုံနှင့် “သမီး စိတ်မရှုပ်ပါဘူး”
သူမ၏ ပုံစံကို ကြည့်ကာ အဘွားချင်သည် နောင်တရစွာ “ ဒါတွေအကုန်လုံး ငါ့လူမှားခဲ့တဲ့ အပြစ်ပါအေ။ အဘွား မကူညီပေးနိုင်တော့ဘူး မြေးရယ်”
လိုင်တိသည် သူမအဘွား၏ အိုမင်းပြီး ပိန်ပါးသော လက်လေးကို ကိုင်ပြီး ဖေးမပေးလိုက်သည်။
“အဲ့ဒုက္ခိတလူငယ်လေးက အေးစက်တဲ့စိတ်နေစိတ်ထားရှိလို့ မြေး နောက်ပိုင်းမပျော်ရွှင်ရမှာကို စိုးရိမ်မိတယ်ကွယ်။” အဘွားချင်သည် သူ့မြေးမကို ကျောက်ချင်းစုန့်နှင့် လက်ထပ်ရန် သဘောတူလာအောင် ဖျောင်းဖျနေသည်။
လိုင်တိသည် မျက်လုံးများမှေးသည့်ထိ ပြုံးလိုက်ပြီး
“ညှာတာထောက်ထားပြီး ကြင်နာတတ်ရမှာက လူတွေမှာ ရှိသင့်တဲ့ အရာတစ်ခုပဲလေ”
ကိစ္စထွေထွေထူးထူး မရှိလျှင် အခုပဲ လက်ထပ်စာချုပ်သွားလုပ်တော့မည်ဟု သူမ စဉ်းစားနေမိသည်။