အပိုင်း ၅
လူတိုင်းအသံကြားရာ လှည့်ကြည့်လိုက်ကြပြီး ပြောလိုက်သည်။ “ဟေ့ အဲ့ကလေးမလေးက နေ့လည်တုန်းကမှ လက်ထပ်လိုက်တဲ့ ချင်မိသားစုက ကောင်မလေးမလား”
“မင်းလုပ်နိုင်တယ် ဟုတ်လား”
“လိုင်တိ ဒါစနောက်စရာမဟုတ်ဘူးနော် ဟာသလာမလုပ်နဲ့”
“ဟုတ်တယ် ဒီကောင်မလေး အပျော်လာစနေတာနေမှာ။ အဘွားချင်ကလေ သူ့ကိုအရမ်းအလိုလိုက်ထားတာလေ။ ဒီကောင်မလေးကတော့ သူ့ယောကျာ်းအိမ်လိုက်သွားနေမှပဲ သိတတ်လိမ်မာလာတော့မှာ”
ကပ္ပတိန် လီပမ်းဖန်သည် အခုချိန်တွင် အလွန်စိတ်ရှုပ်နေတာဖြစ်သည်။ သူသည် ဘေးနားရှိလူများ၏ ဆူဆူပူပူစကားသံများကြောင့် ခေါင်းရှုပ်လာကာ ပြောလိုက်သည်။
“လုပ်စရာရှိတာ သွားလုပ်ကြဟေ့။ ဒီနားမှာပဲ မျောက်ပွဲကြည့်သလို လာရပ်ကြည့်မနေကြနဲ့”
ချင်လိုင်တိ ရှေ့ကို တိုးသွားပြီး ပြောလိုက်သည်။ “ ဦးလေး ကျွန်မတကယ် ဆရာဝန်ဆီကနေ သင်ထားဖူးတယ်။ ကျွန်မ ကူမွေးပေးမယ်နော်”
အခုနှစ်တွေမှာ ဝက်မွေးမြူရေးခြံကို လူတွေနဲ့ ဝေးသည့် ရွာအပြင်ဘက် တောင်ကုန်းတွေဘက်မှာ ထားရှိမွေးမြူကြသည်။ ဝက်တွေကို ကျွမ်းကျင်သည့် သားဖောက်ဆရာနှင့် စနစ်တကျမွေးမြူထားသည်။ ဝူလဲ့ထုံရွာတွင် အချိန်ပြည့် သားဖောက်ဆရာမရှိပေ။ တစ်စုံတစ်ယောက်ဖျားနာလျှင် ဆရာဝန်ကို သွားရောက်ခေါ်ယူရသည်။
ယခုနှစ်တွင် တပ်ရင်းသည် ဝက်မ၃ကောင်ကို မွေးမြူခဲ့ပြီး အဲ့ထဲက၂ကောင်က သားမွေးတော့မည်ပြီဖြစ်သည်။ယခုတစ်ခေါက်တွင် ရွာဆရာဝန်သည် မြို့ကို အလုပ်ကိစ္စနှင့် သွားနေပြီး တပ်ရင်းမှ သားဖောက်ဆရာဝန်ကလည်း သင်တန်းသွားတက်ရောက်နေချိန်ဖြစ်နေသည်။ သားဖောက်မည့်သူ ရှိမနေခဲ့ပေ။ ဝက်သားဖောက်ရခြင်းသည် လူကလေးမွေးရခြင်းထက် ပိုမိုရှုပ်ထွေးကာ အကောင်ရေများသည့်အတွက် သေချာစောင့်ကြည့်ရသည်။ မကျွမ်းကျင်လျှင် ဝက်သားပေါက်လေးများကို ဒဏ်ရာရစေနိုင်ပြီး သေဆုံးသည်ထိဖြစ်စေနိုင်သည်။
ဝက်မများကို မွေးမြူရခြင်းသည် သာမန်အသားစားဝက်များကို မွေးရခြင်းထက် ပိုမိုခက်ခဲသည်။ သားတည်ချိန်မှစ၍ သားမွေးချိန်ထိ အားအလွန်စိုက်ထုတ်ထားရသည်။ အကယ်၍ သားဖောက်သူသာ မကျွမ်းကျင်လျှင်က ဝက်အမေကြီးသည် သားပေါက်များကို သေစေခဲ့လျှင် ဆုံးရှုံးမှု ပိုမိုကြီးမားစေသည်။
လီပမ်းဖန်အနေနှင့် ဇွတ်တရွတ်ဆုံးဖြတ်ချလိုက်ရန် မလွယ်ကူချေ။ ဝက်မကိုက်ထားသော သူ့ဘယ်လက်ကို ပွတ်သပ်ကာ မေးလိုက်သည်။
“တကယ်ပဲ ရွာဆရာဝန်က နင့်ကို သင်ပေးထားတာလား”
ချင်လိုင်တိသည် တခြားသူတွေ၏ မယုံသင်္ကာအကြည့်တွေကို လုံးဝမကြောက်ရွံ့ပေ။ သူမအရင်ဘဝတွင် နှစ်အတန်ကြာ ဆရာဝန်လုပ်ခဲ့သောကြောင့် ယုံကြည်ချက်ခိုင်ခိုင်မာမာရှိသည်။
“အရင်နှစ်က
ဆရာနဲ့ ဝက်မတစ်ကောင်ကို သားဖောက်ခဲ့ပြီးပြီ။ ”
သူမကို လူတိုင်းက နေ့လည်ကမှ လက်ထပ်ထားသော်လည်း ခင်ပွန်းဖြစ်သူက ချက်ချင်းထွက်သွားခံခဲ့ရသည့် ကောင်မလေးတစ်ယောက်အဖြစ် သနားစဖွယ်ကြည့်နေကြသည်။
လီပမ်းဖန်သည် တွေဝေစဉ်းစားနေသည်။ သို့သော် ဝမ့်လီဖုန်းသည် ထပ်မံအချိန်မဆွဲတော့ဘဲ ပြောလိုက်သည်။ “ မိန်းကလေးတစ်ယောက်က ဘာလို့ သားဖောက်တာမလုပ်နိုင်ရမှာလဲ။ ယောကျာ်းဆရာဝန်တွေတောင် မိန်းမမီးယပ်ရောဂါတွေကို ကုပေးနေကြသေးတာပဲ”
လူတိုင်းရီမောသွားကြကာ သဘောတူခွင့်ပြုပေးလိုက်ကြသည်။
ဝမ့်လီဖုန်းသည် လူတိုင်းကို နောက်ဆုတ်ခိုင်းလိုက်ပြီး ရေနွေးကြိုရန်နှင့် သကြားညိုကြိုရန် ခိုင်းလိုက်သည်။ကောက်ရိုးခြောက်တွေကိုလည်း သန့်ရှင်းပြီး နေရာပြင်ဆင်ခိုင်းသည်။ ချင်လိုင်တိ သူမလက်တွေကို ဆေးကြောလိုက်ပြီး ဝက်ခြံထဲကို သွားလိုက်သည်။ဝက်ခြံထဲတွင် ဝက်မ၂ကောင်ရှိနေပြီး သွေးစွန်းနေသော ကောက်ရိုးအခင်းတွေကို တွေ့လိုက်ရသည်။
“ဝက်က ဗိုက်နာနေတာ ၃ရက်လောက်ရှိပြီမလား”
“ဟုတ်တယ် အရင်နေ့ကစပြီး အစားစားဖို့ငြင်းနေတာ ငါလည်း ဘယ်လိုလုပ်ပေးရမှန်းမသိလို့”
လူတိုင်းသည် ချင်လိုင်တိ ဝက်မရှိရာသို့ ဖြည်းညှင်းစွာချဉ်းကပ်သွားတာ တွေ့လိုက်ရသည်။ ဝက်မကြီးသည် နာကျင်လို့ ညည်းညူနေရာမှ ချက်ချင်းပင် မျက်လုံးဖွင့်ကြည့်လိုက်ပြီး သွားဖြီးကာ သူမကို မာန်ဖီနေသည်။အကယ်၍ ဝက်မကသာ ရုတ်တရက် တိုက်ခိုက်လိုက်လျှင် သူမအတွက် အန္တရာယ်ရှိနိုင်သည်။
“အဲ့လောက်ရက်အကြာကြီး မမွေးနိုင်တာ ပုံမှန်တော့ မဟုတ်ဘူးထင်တယ်။ လူတွေသာဆို အခုချိန် အမေရော သားသမီးတွေပါ သေနေလောက်ပြီ” အဒေါ်ကြီးတစ်ယောက်က ပြောနေသည်။
“ဟုတ်တယ် အရင်နှစ်က ငါတူမဝမ်းကွဲတစ်ယောက် ကလေးမမွေးနိုင်တာ နှစ်ရက်နဲ့ တစ်ညကြာတယ်လေ။ ဆေးရုံပို့လိုက်ပေမဲ့ မကယ်နိုင်လိုက်ဘူး”
စိုးရိမ်နေသည့် မိန်းမတစ်ယောက်သည် သူမမျက်ရည်တွေကို သုတ်လိုက်ပြီး “ဒီလိုနဲ့ ဝက်မတွေ သားမပေါက်နိုင်ရင် ငါတို့ဒီနှစ်ကို အသားဘယ်လောက်မှ ရမယ်မထင်ဘူး။ ဒါဆို ဒီနှစ်ကို ဘယ်လိုရှင်သန်ရပါ့အေ”
“ငါ့သားလေးဆို အရင်ရက်က ဖျားတာ အသားစားချင်တယ် ပြောသေးတယ််။ နှစ်သစ်ကူးနေ့ကျမှ စားရအောင်လို့ ချော့ပြောထားရတာ။ သနားစရာငါ့ကလေးလေး”
စိတ်မာသော အချို့လူတွေက “ဘာစိုးရိမ်စရာရှိလို့လဲ။ ဝက်မတွေ သားမပေါက်နိုင်တောင် သေသွားတဲ့ ဝက်ပေါက်လေးတွေကို စားလို့ရနေတာပဲလေ”
“ဟွန်း ဘယ်လိုတောင် ရက်စက်ရတာလဲ”
“ဟေး အဒေါ်ကြီး ခင်ဗျားမစားချင်ရင် ခင်ဗျားဝေစု ကျွန်တော့ကို ပေးလိုက်လေ ဟုတ်ပြီလား”
လူတွေက စကားများနေကြသောကြောင့် ချင်လိုင်တိသည် ဝက်မ၏ ခါးလည်နှင့် ဖင်နားကို လက်ဖြင့် ညှင်သာစွာ ဖိနှိပ်ပေးနေသည်ကို မမြင်ကြချေ။
ဝက်မကြီးသည် တစ်ခါတစ်ရံ မာန်ဖီပြနေသော်လည်း နာကျင်စွာအော်နေခြင်းမရှိကြောင်း မြင်နေရသည်။
ဝမ့်လီဖုန်းသည် ထိုမိန်းခလေး၏ ရဲတင်းသောလုပ်ရပ်ကိုမြင်ပြီး အော်လိုက်သည်။ “ဟေ့ ချင်မိန်းခလေး …..”
သူမ စကားပြောလို့မပြီးသေးခင်မှာပဲ ချင်လိုင်တိသည် ဝက်မဖင်ကို နှစ်ချက်ထက်ပိုပြီး ပုတ်လိုက်သည်ကို မြင်လိုက်ရသည်။ ဝက်အမေကြီးကလည်း သူမရှေ့တွင် ငြိမ်ငြိမ်လေးလဲလျောင်းနေပြီး သူမ ကူညီပေးတာကို ခွင့်ပြုထားပုံရသည်။
“ဟေး လိုင်တိ မင်းဘယ်လိုသူ့နားကပ်သွားတာလဲ” လူတိုင်းသူမကို လှည့်ကြည့်လိုက်ကြသောအခါ လိုင်တိသည် အမည်းရောင်အရာတစ်ခုကို ဆွဲထုတ်လိုက်သည်ကို မြင်ကြရသည်။
“အဲ့တာ ဝက်ပေါက်စလေးပဲ”
မွေးဖွားရခက်ခဲနေသောကြောင့် ဝက်ပေါက်လေးတွေသည် အောက်ဆီဂျင် အားနည်းနေပုံရသည်။ သို့သော် ကံကောင်းစွာဖြင့် ဝက်ပေါက်လေးတွေသည် ကြံ့ခိုင်သန်စွမ်းပုံရကာ အပြင်ရောက်ရောက်ချင်း မြေပြင်ပေါ် တွားသွားနိုင်သေးသည်။
ချင်လိုင်တိသည် ဝက်ကလေးတွေ၏ နှလုံးနားကို မပြင်းလွန်းမပျော့လွန်းသော အားဖြင့် ဖိပေးနေသည်။ထိုကဲ့သို့ ဖိအားကို ထိန်းချုပ်ရခြင်းသည် မလွယ်ကူချေ။ သူမသည် ဝက်ပေါက်ကလေးတွေ အသံမထွက်မချင်း ဆက်တိုက်ဖိပေးနေခဲ့သည်။
လူတိုင်းသည် သူမ ဝက်ပေါက်တစ်ကောင်ပြီးတစ်ကောင် မွေးပေးနေသည်ကို ကြည့်နေမိသည်။
“ဝက်ပေါက်တွေ အကုန်ထွက်လာပြီပဲ”
“အကုန်မွေးပေးလိုက်တာဟ”
မကြာခင် ဝက်မကြီးဘေးတွင် ပန်းရောင်ဝက်ပေါက်လေး၈ကောင် အစီအရီလှဲလျက်ရှိနေသည်။ ဝမ့်လီဖုန်းနှင့် လီပမ်းဖန်သည် သူမ၏ ကျွမ်းကျင်မှုကို မေးခွန်းတောင်မထုတ်ပဲ ပျော်ရွှင်လွန်းလို့ ပြောစရာစကားတောင် မရှိအောင်ဖြစ်နေသည်။ “အများကြီးပဲ..”
“တစ်ကောင် နှစ်ကောင် သုံးကောင် ….ခုနှစ် ရှစ်ကောင်…ရှစ်ကောင်တောင်လား” ကပ္ပတိန်လီ အရမ်းအံ့ဩနေသည်။
ရွာသားတွေတွင် အခုတလော အစာရေစာအရမ်းရှားပါးနေခဲ့ပြီ သိုလှောင်ထားသည်မှာလည်း သိပ်မကျန်တော့ပေ။ သားပေါက်ရှစ်ကောင်မွေးခြင်းသည် အလွန်ကို သားပေါက်နူန်းမြင့်သည်ဟု ဆိုနိုင်သည်။
ချင်လိုင်တိသည် မပျော်ရွှင်နိုင်ပဲ ဖြစ်နေကာ ဝက်အမေကြီး၏ ဗိုက်ကို ဂရုတစိုက်စမ်းပြီး ပြောလိုက်သည်။
“ဗိုက်ထဲမှာ နှစ်ကောင်ကျန်သေးတယ်”
လူတိုင်းအံ့ဩသွားကြပြီး မေးလိုက်သည်။ “သေချာလို့လား”
ချင်လိုင်တိ ပြန်မဖြေပဲ သားဖောက်ပေးရန်သာ အာရုံစိုက်နေသည်။
လူအများစုသည် နွေဦးရာသီတွင် တပ်ရင်းသို့ သွားပြီး ဝက်ကို ဖက်စားမွေးရန် စာရင်းပေးနိုင်သည်။ နှစ်ကုန်လျှင် ထိုကြီးပျင်းလာသော ဝက်ကို တပ်ရင်းသို့ပြန်အပ်ပြီး အချိုးကျ ဝေစုရနိုင်သေးသည်။ ထိုဝက်ပေါ်လျှင် အသားဝေစုရနိုင်ကာ အိမ်ထောင်စုတစ်စုလျှင် အသားဖက်ထုပ်ကို နှစ်သစ်ကူးကာလတစ်လျှောက် ၃ကြိမ်လောက် လုပ်စားရန် လောက်ငှပေသည်။
လူအများသည် ချင်လိုင်တိ မွေးပေးလိုက်သော ဝက်မတစ်ကောင်အပြင် ကျန်ရှိနေသေးသည့် နောက်ဝက်မတစ်ကောင်ကို သတိရလိုက်ကြသည်။
နေ့ခင်းပိုင်းတွင် ဝက်မကြီးနှစ်ကောင်သည် စုစုပေါင်းဝက်သားပေါက်အကောင်နှစ်ဆယ်ကို ရှောရှောရူရူမွေးလိုက်နိုင်သည်။
ထိုအချိန်တွင် ချင်လိုင်တိသည် ဖြောင့်ဖြောင့်တောင် မတ်တပ်မရပ်နိုင်တော့ပဲ ဝက်ခြံနံရံကိုမှီကာ ထိုင်ချလိုက်တော့သည်။
“ဦးလေး ဒီဝက်အမေကြီးနှစ်ကောင်ကို သတ်သတ်စီ ထားလိုက်ဖို့ လိုတယ်။ ပြီးတော့ သူတို့ကို အစာကျွေးလိုက်ဦး။ အဲ့တာမှ သူတို့က နို့တိုက်လို့ရမှာ”
လီပမ်းဖန်နှင့် ဝမ့်လီဖုန်းသည် အခုထိ မယုံကြည်နိုင်ဆဲဖြစ်နေဆဲပင်။ သူတို့နှစ်ယောက်လုံးခံစားနေရသည်က ရွာဆရာဝန်သည် မြို့ကြီးက ဆေးရုံကောင်းက ဆရာဝန်ဆိုသည်မှာ တကယ်ပင်ဖြစ်ရမည်ဟုပင်။ သူသည် ဒီကလေးမကို အကြိမ်အနည်းငယ်မျှ ပြသပေးရုံနှင့် အတော်လေး ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်သည်။
“ချင်မိန်းခလေး နင်အရင်အိမ်ပြန်ပြီး အနားယူသင့်တယ်။ ငါတို့တပ်ရင်းမှာ ဒီဝက်တွေ ဘယ်လိုမွေးရမလဲဆိုတာ ဆွေးနွေးလိုက်အုံးမယ်”
အိမ်တွင် ချင်ကွေ့ဟွားသည် ဝက်ခြံကနေ စောပြန်လာသည် ရွာသားတစ်ယောက်ဆီမှ သူမမြေး၏ ရဲတင်းပြီး ထက်မြက်သော လုပ်ရပ်အကြောင်းဖောက်သည်ချပြောဆိုနေတာကို နားထောင်နေသည်။
“တကယ် ရွာဆရာဝန်ဆီက သင်ခဲ့တာတဲ့လား။ ကျွန်မကို လိမ်မပြောနဲ့နော်”
အဘွားချင်သည် သူမမြေးမတွေကို ထိုဆရာဝန်အိုကြီးဆီတွင် ပညာသင်ယူနိုင်ရန် မနည်းမျက်နှာလုပ်ကြိုးစားထားရသည်။ အစပိုင်းတွင် မြေးမအကြီးဆုံးကို သင်ရန်လွှတ်လိုက်သော်လည်း အပျိူရွယ်ရောက်နေပြီဖြစ်တဲ့ သူမက ရှက်ရွံ့နေခဲ့သောကြောင့် မအောင်မြင်ခဲ့ပေ။
ထက်ထက်မြက်မြက်ရှိသည့် မြေးအလတ်ကို သင်ကြားရန် ခိုင်းစေသော်လည်း သူမသည် မသင်ယူနိုင်ခဲ့ပေ။ ထို့ကြောင့် အဘွားချင်သည် တတိယမြေးမလေးကိုသာ သင်ကြားခိုင်းစေခဲ့သည်။
“အဲ့အချိန်တုန်းက အဲ့ကလေးမက မသွားချင်ခဲ့ဘူးလေ။ ငါ့မှာ တုတ်တစ်ချောင်းကိုင်ပြီး သွားသင်ခိုင်းရတာ”
“ဒါပေမဲ့ ဆရာဝန် ရွာမှာမရှိတာ ၂လလောက်ရှိပြီနော်။ ဘယ်တော့ ပြန်လာမှာလဲ မသိဘူး”
ချင်လိုင်တိသည် သူမ၏ အရင်ဘဝမှတ်ဉာဏ်အရဆိုလျှင် ရွာဆရာဝန်သည် မြို့ပေါ်ရှိ ဆေးရုံကြီးတစ်ခုတွင် ခေါင်းဆောင်ဆရာဝန်အဖြစ် တာဝန်ကျတော့မည်ဖြစ်သည်။ ဘယ်လိုလုပ် ရွာသေးသေးလေးတွင် ရှိနိုင်တော့မည်နည်း။
ဆရာဝန်၏ နာမည်အရင်းသည် ဟဲလီပိုင်ဖြစ်သည်။ သူသည် တိုင်းရင်းဆေးသမားတော်မျိုးဆက်မှ ဆင်းသက်လာပြီး ပေကျင်းတွင် ဆေးပညာသင်နေခဲ့သည်မှာ ဆယ်စုနှစ်မနည်းချေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်စတွင် ပီကင်းနှင့် ရှန်ဟိုင်း ဆေးပညာကောလိပ်တွင် ဌာနမှူးအဖြစ် ထမ်းဆောင်ခဲ့ပြီး တော်လှန်ရေးအပြီးတွင် ပေကျင်းဆေးရုံတွင် အလုပ်လုပ်ခဲ့သည်။ယခုချိန်တွင် စစ်သားဟောင်းတွေ၏ ကျန်းမာရေးဆိုင်ရာ တာဝန်ယူထားခဲ့သည်။
ချင်လိုင်တိသည် သူနှင့်ဆေးပညာစသင်ခြင်းသည် အဘွားချင်ကို ကြောက်ရွံ့၍သာဖြစ်သည်။ ထိုဆရာဝန်ကြီးသည် သူမကို အမြဲတစေ သစ်သီးချိုချဉ်တစ်လုံး ပေးပြီး ခဲဖျက်တစ်ခုနှင့် ခဲတံတစ်ချောင်းလည်းပေးသည်။ သူမသည် ဆေးစာများဖတ်ရပြီး သူသင်သမျှစာတွေကို ကျက်မှတ်ကာ ပြန်လည်ရွတ်ဆိုပြန်ရသည်။ ပြီးလျှင် သူမသည် ဆုသေးသေးလေးတစ်ခုလည်း ပြန်ရသေးသည်။
ထိုသင်ကြားမှုအခြေခံသေးသေးလေးကြောင့် သူမသည် နောင်အခါ လူလေးစားဖွယ် အလုပ်တစ်ခုကို လုပ်ကိုင်နိုင်မည်ဆိုတာ လူတွေသိလျှင် ယုံကြည်ရန် ခဲယဉ်းပေသည်။ ကံမကောင်းစွာနှင့် ကြာရှည်တော့ မခံခဲ့ပေ။
နောက်ပိုင်းတွင် ဟဲလီပိုင်သည် သူမ၏နေရာကို သိကာ လာရောက်တွေ့ဆုံခဲ့သေးသည်။ သို့သော် သူမသည် ဆရာဝန်ကြီးနှင့် ရင်ဆိုင်ရန် သတ္တိမရှိခဲ့သောကြောင့် ရှောင်ပုန်းနေခဲ့သည်။ ဆံပင်ဖြူများမုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ယောက်သည် သူမ၏ တောင်းရမ်းသည့်ခွက်ထဲသို့ ယွမ်၂ရာကို ထည့်ကာ စိတ်မကောင်းစွာဖြင့် လမ့်ဟယ်မြို့မှ ထွက်ခွါသွားခဲ့သည်။
ထိုအချိန်က ချင်လိုင်တိသည် သူမ၏ နှလုံးသားထဲအောက်ခြေတွင် လိပ်ပြာမလုံခြင်းနှင့် အပြစ်ရှိစိတ်တို့ ခိုအောင်းနေခဲ့သည်။ ယခုအချိန်တွင် အစမှ ပြန်လည်ပြင်ဆင်ခွင့်တစ်ခု ရှိသည်ဟု ချင်လိုင်တိယုံကြည်ထားသည်။