Chapter 116
Viewers 6k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 116

ဂလက်ဆိီတစ်ခွင်လှည့်ပြီး ဆန်ကိတ်လိုက်ရောင်းနေရသလိုပဲ(၁)



အလိုအလျောက်လယ်ထွန်စက်ကို ဖန်တီးပြီးသည့်နောက် စွေ့ချီချောင်းမှာ စိုက်ပျိုးရေးစက်အသစ်နှင့် အပင်ရောဂါကာကွယ်ဆေးဖော်စပ်ရန်အတွက် လေ့လာရုံမှလွဲပြီး အခြားလုပ်စရာမရှိတော့ပေ။ သူ အတော်လေးငြီးငွေ့လာရပြီဖြစ်၍ ကြောင်ကို လယ်ထွန်စက်မောင်းနည်းသင်ပေးရသည့်အလုပ်ကိုပင် ပြောင်းလုပ်လာ၏။


ရှောင်ပိုင်ကမူ လုံးဝကိုစိတ်မပါတော့ပေ။


စွေ့ချီချောင်း ရူးသွားပြီလား… ဒီကမ္ဘာကြီးမှာ လယ်ထွန်စက်မောင်းတဲ့ကြောင်ရှိလို့လား…

သို့သော်လည်း စွေ့ချီချောင်း ထိုစက်ကိုဖွင့်လိုက်သည်နှင့်  ရှောင်ပိုင်က သူ့ပုခုံးပေါ်တွင်ငုတ်တုပ်ထိုင်ကာ အခြားကိစ္စတစ်ခုလိုစပ်စုလာသည်။


သူ၏ကနဦးအတွေးမှာ စွေ့ချီချောင်းက ရှောင်ပိုင်ကို လယ်ထွန်စက်အပေါ်တွင် ထိုင်ခိုင်းလိမ့်မည်ဟုပင်။ အနှီသူက အသားတုံးတစ်တုံးကို စက်ခလုတ်ပေါ်တင်ပြီး စက်၏အလုပ်လုပ်ပုံကိုပြရန် ရှောင်ပိုင်၏လက်လေးကိုကိုင်လိုက်သည်။


ရှောင်ပိုင်: "......"


ဟား... ဒီလို သိက္ခာမဲ့တဲ့ အလုပ်မျိုးကို ငါ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးနော်…


ကံဆိုးသည်မှာ ရှောင်ပိုင်က အင်မတန်တက်ကြွနေသည်ဟု စွေ့ချီချောင်းက အထင်လွဲသွားခဲ့ပုံပင်။ ပုံရိပ်ယောင်ကမ္ဘာတွင် ရှောင်ပိုင်က အလုပ်လုပ်ရာ၌စိတ်ပါလက်ပါရှိသော်လည်း လယ်ထွန်စက်စက်အကြောင်းမသိ၍ သင်ယူရန်မဝံ့မရဲဖြစ်နေသည်ဟု ယူဆမိပြီး သူကပင် စိတ်ရှည်စွာဖြင့်သင်ပြပေးရန် ဆုံးဖြတ်လိုက်လေသည်။


"လက်တွေကိုလှုပ်လိုက်..."

စွေ့ချီချောင်းက အမိန့်ပေးသည်နှင့် ချက်ချင်းပင် ရှောင်ပိုင်က လက်မြှောက်လာပြီး စွေ့ချီချောင်းတင်ထားသည့်အသားတုံးအပေါ်တင်ကာ ဖိချလိုက်သည်။


ရှောင်ပိုင်မှာ ဒေါသထွက်လွန်း၍ 'မြောင်' ဟုသာအော်လိုက်မိသည်။ စက်ကားမပွင့်လာခဲ့ပေ။


စွေ့ချီချောင်း: "ကြောင်ဘိုးဘေးက ဘယ်လိုလုပ် လယ်ထွန်စက်မမောင်းတတ်ရတာလဲ..."


ရှောင်ပိုင်: "......"


ဒီမျိုးမစစ်ကောင် စွေ့ချီချောင်းတော့…

အနှီသူသည် နှစ်ဆယ့်တစ်ရာစုမှ နည်းလမ်းများဖြင့် သူ့အားလှည့်စားရန်ကြံနေလေပြီ။ 


ကြောင်ဘိုးဘေးက ဘယ်လိုလုပ်လယ်ထွန်စက်မောင်းနိုင်မှာလဲ...


ရှောင်ပိုင် ဖျာပေါ်တွင်လှဲနေပြီး နားမလည်သလိုလုပ်နေ၏။


စွေ့ချီချောင်းမှာ သူ ရုတ်တရက် ဒေါသထွက်လာသည်ကိုကြည့်နေပြီး အတိတ်တွင် သူ စွေ့ချီချောင်းထံမှသစ္စာဖောက်ခံရသည်ကို သတိရသွားခြင်းဖြစ်မည်ဟု နားလည်လိုက်သည်။ စွေ့ချီချောင်းကပြုံးပြီး ရှောင်ပိုင်ကိုပွေ့ဖက်လိုက်သည်။


လူတိုင်းက အမှန်ကို ရှင်းရှင်းလင်းလင်းသိထားကြလျှင်ပင်

ဤလှည့်စားမှုက စွေ့ချီချောင်းအတွက် မလွယ်ကူပေ။ သူက ရှောင်ပိုင်၏ဝမ်းဗိုက်လေးကိုပွတ်ပေးပြီး ပြန်ချော့လိုက်သည်။


ရှောင်ပိုင်က ခြေထောက်လေးအားဆန့်ကာ သူ့အားထပ်မံပွတ်သပ်ပေးရန် အသံပေးလာ၏။


စွေ့ချီချောင်းက ပြုံး၍ပြောလိုက်လေသည်။

"မင်းဘက်က ငါ့ကိုရိုက်ဖို့အတွက်တောင် သိသေးတာပဲ...လယ်ထွန်စက် ဘယ်လိုပြင်ရမလဲ ငါမပြောရင်တောင်သိမှာပါ..."


ရှောင်ပိုင်: "......"


သူက မာန်တက်နေသည့်ပုံစံဖြင့် စွေ့ချီချောင်းကို ဘေးတစောင်းကြည့်လိုက်သည်။

အနည်းဆုံးတော့ မင်းသိနေလို့တော်သေးတာပေါ့…


သူသည်ကား အဆိုပါဆွဲဆောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပါချေ။ 

ငါတကယ် လယ်ထွန်စက်မောင်းတတ်ရင် စွေ့ချီချောင်းကသူ့ကို ရိုက်ခွင့်ပေးမှာလား…


သူ ထိုအကြောင်းတွေးနေစဥ်မှာပင် စွေ့ထင်ရောက်လာလေသည်။ သူမက ယခုလေးတင်မြေဖော်၍ ပြီးစီးသွားခဲ့ပြီး ခုန်ပေါက်မြူးတူးကာ ပြတင်းပေါက်အားဖက်တွယ်ထားလျက် ပျော်ရွှင်နေသည့်မျက်နှာဖြင့် မေးလာလေ၏။

"တစ်ဝမ်းကွဲမောင်လေး ဘာလုပ်နေတာလဲ..."


စွေ့ချီချောင်း: "ရှောင်ပိုင်ကို လယ်ထွန်စက်မောင်းနည်းသင်ပေးနေတာ..."


စွေ့ထင်: "...."


"ဘယ်လိုလုပ် သင်ပေးလို့ရမှာလဲ...ရှောင်ပိုင်ကို သာမန်လိုပဲမွေးထားတာလေ...ပစ္စည်းကောက်တတ်ရုံသင်ပေးထားရင်ပဲ တော်လောက်ပြီ...ငါကြားဖူးတယ် မျောက်တွေနဲ့ မျိုးဗီဇစပ်ထားတဲ့ ကြောင်မျိုးစိတ်အသစ်တွေရှိတယ်တဲ့...အဲဒီကောင်တွေက အရမ်းဉာဏ်ကောင်းတယ် လယ်ထွန်စက်မောင်းတတ်တယ်တဲ့...တစ်ကောင်လောက်လိုချင်လား..."


ခဏတွင်းချင်းမှာပင် ရှောင်ပိုင်၏အမွှေးများကထောင်တက်သွားခဲ့သည်။


စွေ့ မျိုးရိုးနာမည်ပါသည့်လူတိုင်း အကျင့်မကောင်းကြပေ။ သူက စွေ့ချီချောင်းအောင်မြင်မှုရရန် လျှောက်ခဲ့ရသည့်လမ်းတစ်လျှောက် အဖော်ပြုပေးခဲ့ရသည်။ ယခုတွက်မူ စွေ့ချီချောင်းက သူ လယ်ထွန်စက်မမောင်းနိုင်၍ အထင်သေးနေပြီဖြစ်သည်။ စွေ့ထင်ကမူ ကြောင်အသစ်မွေးရန် အကြံပေးနေ၏။ 

ဟား ဆုတောင်းလေ… အဲ့စွေ့ထင်က ရာထူးတက်ရဖို့ ဘာမဆိုလုပ်နေတော့တာပဲ…


စွေ့ချီချောင်းက ရှောင်ပိုင်၏အတွေးများကို မသိသေးဘဲ စွေ့ထင်၏ အကျိုးအကြောင်းတိုက်ဆိုင်သွားသောစကားကြောင့် မူရင်းစကားမှ လမ်းကြောင်းပြောင်းသွားခဲ့သည်။ ၎င်းက ရှောင်ပိုင်စိတ်ထဲရောက်သွားမည် စိုးရိမ်သောကြောင့် သူက ကာကွယ်ပြောလိုက်၏။

"မဟုတ်ပါဘူး...ငါကကစားရုံပါ...သူ့ကိုလယ်မထွန်ခိုင်းပါဘူး..."


ပြောနေရင်းဖြင့် စွေ့ချီချောင်းက သူ့ကို စက်ပေါ်မှချလိုက်သည်။

"အခုလာရင်းကိစ္စကို ပြောတော့..."


"ဟုတ်သားပဲ..."

စွေ့ထင်က ချက်ချင်းပင်နှစ်ပေအကွာသို့ဆုတ်သွားကာ အစီရင်ခံလိုက်သည်။ 

" လူတော်တော်များများက ရုတ်တရက်ကြီး ဝဲလ်ကိုဆက်သွယ်လာကြပြီး သူ့ဆီကနေတစ်ဆင့် ရိက္ခာရောင်းဝယ်စေချင်နေတယ်... ငါတို့လယ်တွေကလည်း အသီးအနှံအထွက်ကောင်းတာပဲလေ...သူက ငါတို့ကိုကြားခံပွဲစားလုပ်ပေးနိုင်တာပဲ..."


စွေ့ချီချောင်းက ခေါင်းခါလိုက်သည်။

"မကောင်းဘူး..."


သူက ခဏစဥ်းစားပြီးမှ အဖြေပြန်ပေးလိုက်၏။

"သူက ဝယ်သူတွေနဲ့ အပြောအဆိုတတ်တာမဟုတ်ဘူး... တောင်းဆိုချက်တွေက အဆင်ပြေနေသေးရင်တောင် ကုန်တွေပို့ဖို့က အချိန်လိုတယ်...သူတို့ဘက်က စောင့်ပေးနိုင်လားလို့ အရင်မေးကြည့်လိုက်..."


မည်သည့်အကြောင်းပင်ရှိသည်ဖြစ်စေ ဆလပ်ရွက်များက ကြီးထွားမြန်နေဆဲဖြစ်သည်။ ထို့အပြင် ဤမတိုင်မီက စိုက်ပျိုးမြေများကိုလည်း တိုးချဲ့ထား၍ ကြာမြင့်စွာစောင့်နေရန်မလိုအပ်တော့ပေ။


စွေ့ထင်က ပုတ်သင်ညိုသဖွယ် ခေါင်းညိတ်လိုက်သည်။


သူတို့၏ အဖွဲ့အစည်းက စိုက်ပျိုးရေးအခြေခံရှိပြီး ဘွဲ့လက်မှတ်များလည်းမရှိကြသောကြောင့် စည်းကမ်းလိုက်နာနေစရာမလိုအပ်ပေ။ သူတို့ဘက်မှ အသီးအနှံများဝယ်ယူကာ သူတို့၏စကားကို နားထောင်ရန်လိုအပ်ပြီး စာချုပ်ဖျက်သိမ်းခံရမည်ကိုလည်း စိုးရိမ်နေရန်မလိုချေ။


စွေ့ထင်ကမူ ရှောင်ပိုင်အကြောင်းစဥ်းစားမိပြီး ဟာသလုပ်ပြောလိုက်သည်။

"ဒါနဲ့ ရှောင်ပိုင်က အရမ်းဝတယ်နော်..သူ့ကို သန္ဓေပြောင်းလိုက်ကြမလား...ငါသူ့ရဲ့ဘောတွေကို ဖြုတ်တတ်တယ်..."


"မရဘူး..."

စွေ့ချီချောင်းက ဖွဖွလေးပြုံးနေလေသည်။ သူရှောင်ပိုင်နှင့်နေလာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီးဖြစ်ရာ ရှောင်ပိုင်စိတ်ကြွလာချိန်ကို မမြင်ဖူးသေးပေ။


နှစ်ယောက်သား အချိန်အတန်ကြာအထိ စကားပြောနေခဲ့ကြရာမှ ရုတ်တရက်ပင် လယ်ထွန်စက်တစ်လုံးက နှစ်မီတာခန့်ရွေ့သွားသည့်အသံကို ကြားလိုက်ရသည်၊ ၎င်း၏အနောက်ဘက်ရှိ ထယ်ထိုးသည့်ဘီးက ဖြတ်သွားတိုင်း မြောင်းများပါပေါ်လာခဲ့၏။


သူတို့ဘက်မှကြည့်လျှင် မောင်းသူနေရာ၌ မည်သူမှမရှိပေ။


စွေ့ချီချောင်း ဘေးဘီကိုကြည့်လိုက်ရာ ရှောင်ပိုင်လိုက်မလာ၍ အဖြေသိလိုက်ပြီဖြစ်သည်။ သူ့ မျက်နှာပေါ်တွင် အမေးသင်္ကေတများ ပြည့်နေသောစွေ့ထင်အား ပြောလိုက်၏။

"ခုန်ကြည့်လိုက်..."


စွေ့ထင်က ခုန်ကြည့်လိုက်သည့်အခါ ကြောင်တစ်ကောင်က ၎င်း၏နောက်ခြေထောက်များကို မောင်းသည့်စက်ပေါ်တွင်တင်ထားရင်း ခလုတ်ကို မျက်နှာသေဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။ ၎င်းက သူမအကြည့်ကိုသတိထားမိပုံရပြီး ခေါင်းလှည့်လာကာ အထင်သေးသည့်မျက်လုံးများဖြင့် ပြန်ကြည့်လာလေသည်။


စွေ့ထင်: "......"


စွေ့ထင်က လှမ်းအော်လိုက်သည်။

"ဖာ့ခ်...ကြောင်ကမိုက်တယ်ဟ...လယ်ထွန်စက်မောင်းနေတယ်…"


"သေသေချာချာလေ့ကျင့်ထားသရွေ့တော့ အကုန်လုပ်လို့ရတယ်..."

စွေ့ချီချောင်းက ဂုဏ်ယူဝင့်ကြွားနေသည့်အသံဖြင့် ပြောလိုက်၏။


စွေ့ထင်က ခဏတွေးနေပြီးမှ တုံ့ပြန်လိုက်၏။

"ဆိုတော့... ငါ့မောင်လေးက ကြောင်ကိုပဲရှာပြီး အယ်လ်ဖာတွေကိုမရှာတာ မဆန်းတော့ပါဘူး...ကြောင်တွေက စကားနားထောင်ပြီး လယ်စိုက်နိုင်တယ်... အစားလည်းနည်းပြီး လူတွေကိုလည်း အမှတ်အသားမပေးနိုင်ဘူးလေ..."


စွေ့ချီချောင်းက တစ်ခဏမျှအေးခဲသွားသော်လည်း မှားနေသည့်အရာမရှိသလိုပင်။

"အင်း...အဓိပ္ပါယ်ရှိသားပဲ..."


စွေ့ချီချောင်းစကားအတိုင်း စွေ့ထင်က ဝဲလ်၏အေးဂျင့်များကို ဝယ်သူများဘက်မှ လိုချင်သည့်ပမာဏအား မေးမြန်းပြီး မလောက်သေးပါက စောင့်ဆိုင်းရမည်ဖြစ်ကြောင်းရှင်းပြလိုက်သည်။


ထိုတောင်းဆိုချက်က အလွန်အရေးကြီးသည်။ ယင်းကသာမန်ဆလပ်ရွက်များမဟုတ်ဘဲ အထူးထုတ်ကုန်များသာ။ အဖွဲ့အစည်းက၏ခေါင်းဆောင်များက အချင်းချင်းခေါင်းချင်းဆိုင်ကာ နောက်တစ်ကြိမ်ဆွေးနွေးကြပြန်သည်။ 


စောင့်ကြမှာလား…


ဘာလို့စောင့်ရမှာလဲ…


ဖြန့်ချီထားသည့်ပမာဏက မလုံလောက်သည်မှာ သိသာနေသည်ပင်။ ဆလပ်ရွက်များက အပေါ်ယံထုတ်ကုန်သာဖြစ်ကြောင်း လူတိုင်းသိကြသည်။ စွေ့ချီချောင်း၏အဖွဲ့အစည်းအား ပေးထားသည့်ဆုကြေးပင် မသန့်ရှင်းပေ။ သို့မဟုတ် လူတစ်ယောက်က ပိုများသည့်ဈေးကိုပေးထားပြီး ထိုထက်ဖြစ်နိုင်ချေများလည်း ရှိသေးသည်။


ငါတို့ ရိုးသားတယ်ဆိုတာ သူတို့သိအောင် ပြောရမယ်… ငါတို့ သူတို့လက်ထဲက အသီးအရွက်တွေကို ချက်ချင်းလိုချင်တယ်…


သို့ဖြစ်၍ စွေ့ထင် ပြန်ရလာသည့်အဖြေမှာ...

( မစောင့်နိုင်ဘူး… ငါမင်းတို့လက်ထဲက အစားအသောက်ပဲလိုချင်တယ်…)


"...."

စွေ့ထင်မှာ အသံတိတ်သွားလေသည်။ 

"ဒီလူတွေက နှစ်ပေါင်းတစ်ရာလောက်ကို အသီးအရွက်ပဲစားနေတော့မှာလား... ကြယ်တာရာခေတ်ရဲ့တိုးတက်ခြင်းဆိုတာကို မကြားဖူးကြတာလား...အာ ငါတို့က ဘာလုပ်လို့ရမှာလဲ...လိုချင်တဲ့လူတွေကို ရောင်းပေးရုံကလွဲပြီး မရှိတဲ့ဟာကို..."


စွေ့ထင်ဘက်မှ ဘာလုပ်ရမှန်းမသိသေးမီ ထိုလူများက အပြိုင်အဆိုင် လေလံပေးကြတော့သည်။


ဒီအမည်မသိအဖွဲ့က ငါတို့ရဲ့ရိုးသားမှုကို လိုချင်တာမလား...အမြင့်ဆုံးဈေးသာ ခေါ်လိုက်စမ်းပါ…


စွေ့ချီချောင်းသည်လည်း ထိုလူများက တစ်ခုခုကိုနားလည်မှုလွဲနေကြောင်း သဘောပေါက်လိုက်သည်။ သူ့ဘက်မှ ထိုလူများနှင့် ထူးဆန်းသောကုန်ဖလှယ်မှုမျိုးကို မလိုချင်ပေ။ သူသည်ကား ဝယ်သူများအပေါ် သတိထားရန် စွေ့ထင်အားချက်ချင်းမှာလိုက်ပြီး ကုန်စည်များကို အမှာအတိုင်းပို့ပေးရန် ပြောလိုက်၏။


အပြင်ဘက်ကမ္ဘာသည်လည်း ၎င်းတို့၏ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး အဖွဲ့အစည်းက လုပ်ဆောင်နေသည့်အပေါ်  အမျိုးမျိုးခန့်မှန်းနေခဲ့ကြသည်။ ဦးစားပေးအော်ဒါများကို ပြန်လည်ပြင်ဆင်လိုက်ခြင်းက စွေ့ချီချောင်း၏အဖွဲ့အစည်းထဲတွင် ပဋိပက္ခတစ်ခုခုရှိနေခြင်းကို ဖော်ပြနေ၏။


အသီးအရွက်များကို အောင်အောင်မြင်မြင်ဝယ်သွားနိုင်သူများကမူ ပျော်ရွှင်နေကြသည်။


ရည်ရွယ်ချက်ကိုမူ မပြောလျှင်ပင် အသေအချာခန့်မှန်းရုံဖြင့်မြင်နိုင်၏။ စာရင်းထဲမှဈေးက ဈေးမကြီးလှပေ။ ကုန်စည်များက အဝေးမှရောက်လာခြင်းဖြစ်ပြီး လတ်ဆတ်သည့် အသီးအရွက်ဆိုသည်မှာ ရခဲလှပေသည်။ ထို့အပြင် သယ်ပို့သည့်ကုန်ကျစရိတ်ကိုပါထပ်ပေါင်းလိုက်ပါက ဈေးကလက်ရှိထက်ပင် မြင့်တက်သွားနိုင်သည်။


အသီးအရွက်များ၏ အရသာသည်လည်း ရှော့ခ်ရလောက်အောင် လတ်ဆတ်ပြီး အရသာရှိနေ၏။


ဘော့စ်ကရှေ့ဆုံးမှနေကာ ဆလပ်ရွက်များကိုမြည်းကြည့်လိုက်ပြီး နောက်ထပ်လဝက်အကြာတွင် ဆလပ်ရွက် ကီလိုပေါင်းတစ်သောင်းအထိ မှာယူခဲ့သည်။ ဘော့စ်က ပျော်ရွှင်နေသည့်အမူအရာဖြင့်ပြောလိုက်လေ၏။

"ဆလပ်ရွက်တွေကုန်ပြီ...ကီလိုတစ်သောင်းလောက်ဝယ်ထားလိုက်ဦး...ဒါနဲ့ ကန်စွန်းဥတွေရော ရောင်းလားလို့မေးကြည့်ဦး...နောက်ဆုံးတစ်ခေါက်ကပို့လာတာ ကန်စွန်းဥတွေလည်းမဟုတ်ဘူး..."


သူ့ လက်ထောက်ကလည်း ပြောလာပြန်၏။

"ကျွန်တော်လည်း ထပ်ဝယ်ရတော့မယ်ဆိုတာသိသားပဲ...ဒီဆလပ်ရွက်တွေက ဘေးကင်းပြီး လတ်ဆတ်တယ်လေ..ဒါတွေက အစဥ်အလာမပျက်ထုတ်ထားတဲ့ အာဟာရဆေးပြားတွေထက်စာရင် ပိုပြီးစားရပျော်ပါတယ်..."


နောက်ဆုံးတွင် သူတို့မှာ ပိုက်ဆံကို ဆလပ်ရွက်နှင့်အသီးအရွက်ဝယ်ရန်အတွက် ဖယ်ထားလိုက်ရသည်။ ဝယ်ပြီးနောက် လက်နက်ရသည်မရသည်ထက် အစာစားချင်စိတ်တို့သာ မြင့်တက်လာရသည်။ ပုံမှန်အတိုင်း အခြားနေရာများမှ အသီးအရွက်များကို ဝယ်ယူလိုက်သော်ငြား အဖွဲ့အစည်းမှလူများက ရွံရှာသည့်အမူအရာများပြလာကြသည်။


စားစရာတွေက လတ်ဆတ်ပြီး ချိုရုံတင်မကဘူး…စားပြီးရင်းစားချင်လာရောပဲ…


......


အလင်းနှစ်အကွာအဝေး မသိရသောတိုင်းပြည်တစ်ခုတွင် ကုန်သွယ်မှုအပေါ် ကျေနပ်နေသည့် အရာရှိတစ်ယောက်ရှိနေသည်။ အနှီသူက အဆိုပါ ဆလပ်ရွက်များကို ကနဦးရောင်းဝယ်ပေးခဲ့သူပင်။ ကုန်သွယ်မှု၏အလုပ်လုပ်ပုံကို မသိလျှင်ပင် သူတို့လက်နက်များ ရောင်းဝယ်နေခြင်းကို အထင်လွဲသည့်သူမရှိပေ။


အေးဂျင့်မှတစ်ဆင့် ရိက္ခာများဝယ်ယူခဲ့ပြီးနောက် ဆလပ်ရွက်များ မှောင်ခိုရောင်းဝယ်နိုင်သည့်အပေါ်တွင် သူကကျေနပ်ဝမ်းမြောက်နေပြီး သူ၏ဝန်ထမ်းများလည်း ပျော်ရွှင်နေကြပြီး တစ်ခါပင် စိတ်ပျက်ရခြင်းမျိုးမရှိခဲ့ပေ။ နောက်ပိုင်းတွင် ပြည်တွင်း၌အသုံးပြုနိုင်သည့်အခြေအနေအထိရှိလာပြီး နိုင်ငံခြားဧည့်သည်များကိုပါ ပြန်ပို့လာနိုင်သည်။


လက်နက်များမရောင်းဝယ်ချင်၍ ဆလပ်ရွက်များရောင်းဝယ်နေခြင်းက အလွန်ရူးမိုက်ရာကျပြီး ဟင်းလျာများအကြောင်း ကြွားဝါနေခြင်းက သာမန်လူများလုပ်တတ်သည့်အရာမဟုတ်ပေ။ 


ထိုလူများက ဆလပ်ရွက်တွင် အန္တရာယ်ရှိသည့်ရနံ့ထွက်နေရသည့်အကြောင်းအရင်းကို မသိကြပေ။ သို့သော်လည်း အရသာရှိသည်ပင်။ ဝယ်သည့်နေရာကို မေးလိုက်လျှင်ရပြီဖြစ်သည်။


ထိုအရာရှိက နားမလည်သည့်ပုံစံဖြင့်ပြောလိုက်၏။

"ဒီလိုမျိုး သာမန်အသီးအရွက်ရောင်းတဲ့လူကို မင်းတို့ရှာတွေ့နိုင်မှာမဟုတ်ဘူး..."


"...."


.....


ရက်အနည်းငယ်ကြာပြီးနောက်။


ကြယ်တာရာတစ်ခွင် လှည့်ပတ်သွားနေကြသော ကုန်သည်များကို အချို့သော ထူးဆန်းသည့်ဝယ်သူများက ချဥ်းကပ်လာကြသည်။

"ခင်ဗျားတို့တွေ XX ဂလက်ဆီနဲ့ XX ဂလက်ဆီက အမည်မသိဂြိုလ်တွေဆီသွားပြီး ကျွန်တော့်အတွက်အရောင်းအဝယ်လုပ်ပေးဖို့မျှော်လင့်ပါတယ်..."


အနှီလုပ်ငန်းရှင်များက ယခုလိုစဥ်းစားကြလိမ့်မည်: အို့...အဲဒီနေရာလား ငါသိတယ်...တော်တော်ကိုမငြိမ်မသက်ဖြစ်နေတာလေ...ပြီးတော့ အဲဒီက ဒေသသုံးခုနဲ့ နေရာအပိုင်ရဖို့ အားပြိုင်နေကြတဲ့ တရားမဝင်အဖွဲ့အစည်းကိုးခုလည်းရှိတယ်…


"ခင်ဗျားတို့ကဘာလိုချင်လို့လဲ..."

လုပ်ငန်းရှင်က ရှားရှားပါးပါးအမေးပြုလိုက်လေသည်။


"အသီးအရွက် မှာချင်လို့ပါ..."

ဝယ်သူကလည်း ပြန်ပြောလိုက်သည်။


အလုပ်ရှင်: "....."



🍀🍀🍀