♎️Chapter 35
ဤသည်မှာ ရှဲ့လင်ကဖုယွမ်ကျိုးအပေါ်ရှိနေသည့်ခံစားချက်ကိုဖော်ပြသည့် ပထမဆုံးအကြိမ်မဟုတ်ပေ၊၊ ယခင်ကတော့ အနှီသူသည် မသိမသာဖော်ပြတတ်သလို သွယ်ဝိုက်ပြီးလည်းပြောပြတတ်သည်။ ယခုလိုမျိုး မျက်နှာချင်းဆိုင်ကာ တည့်တိုးကြီးဖွင့်ပြောခြင်းမျိုးကိုဖြင့် မကြုံခဲ့ရဖူးပေ။ အကြောင်းပြချက်ကရိုးရှင်းလွန်းလှသောကြောင့် ဖုယွမ်ကျိုးပင် စက္ကန့်အနည်းငယ်ကြာသည်အထိမှင်သက်နေခဲ့ပြီး ခဏနေမှဖြည်းဖြည်းချင်းအသိပြန်ဝင်လာခဲ့သည်။
ရှဲ့လင်က ဘာမှဆက်မပြောတော့ဘဲ သူ့အားကောင်းကောင်းအနားယူရန်နှင့် တောင်တောင်အီအီလျှောက်မစဉ်းစားရန်ပြောပြီး လှည့်ထွက်သွားတော့သည်။
ဖုယွမ်ကျိုးက ခဏမျှရပ်နေပြီးမှ အိပ်ခန်းထဲသို့ပြန်ဝင်လာခဲ့၏။ ပန်ကိတ်ကိုလှန်နေသလို အိပ်ရာပေါ်တွင်ဟိုဘက်သည်ဘက်လှိမ့်နေမိလေသည်။ ယခုတခေါက်အိပ်မပျော်ရခြင်းမှာ ရှန်းရှီကောကြောင့်မဟုတ်ဘဲ ရှဲ့လင်ကြောင့်သာ။
ရှဲ့လင်၏ဖွင်ဟပြောဆိုချက်က သူ့အားစိတ်လေးလံစေခဲ့သည်။ ယင်းမှာ ရှဲ့လင်၏ဖွင့်ပြောလာခြင်းကို မဖြေရှင်းတတ်၍မဟုတ်ဘဲ ထိုအကြောင်းကိုစဉ်းစားမိတိုင်း သူ့အားနှလုံးခုန်မြန်လာစေသောကြောင့်ပင်။ အကယ်၍ ရှဲ့လင်သာအခြားတစ်ယောက်ကို ယခုလိုဖွင့်ပြောခဲ့ပါက ထိုသူသည် သူ့(ရှဲ့လင်)ကိုငြင်းပယ်နိုင်မည်မဟုတ်ပေ။
ဖုယွမ်ကျိုးသည် ရှဲ့လင်ယခုလေးတင်နမ်းသွားသည့် နှုတ်ခမ်းထောင့်ကိုကိုင်ကြည့်လိုက်ပြီး အနည်းငယ်မျှစိတ်ကျဉ်းကျပ်သွားခဲ့သည်။
ကြည့်ရသည်မှာ ဤဘဝတွင်ရှဲ့လင်ကသူ့အား အမှန်တကယ်သဘောကျနေပုံရသည်။ ရှဲ့လင်က အခြားသူများနှင့်ပြောဆိုဆက်ဆံနေပုံကို သူ တစ်ကြိမ်ပင်မမြင်ဖူးခဲ့သော်လည်း ထိုသူသည်ကား ဆုံးဖြတ်ချက်ချပြီးလျှင်တဆုံးအထိလုပ်တတ်သူပင်။ အချိန်များမည်မျှကြာသွားပါစေ ရှဲ့လင်၏သူ့အပေါ်ထားသည့်စိတ်က ပြောင်းလဲသွားမည်မဟုတ်ချေ...။
ထိုအကြောင်းတွေးမိသွားသည့်အခါ ဖုယွမ်ကျိုးတစ်ယောက်စိတ်ရှုပ်ထွေးသွားရသည်။
သူ ရှဲ့လင်ကိုလက်မခံနိုင်သလို နောက်နှစ်အနည်းငယ်အတွင်း အနှီသူနှင့်တွဲဖို့ရာမှာလည်းမဖြစ်နိုင်ပေ။ ရှဲ့လင်က သူ့အားတစ်ရက်သဘောကျလျှင်ပင် ထိုတစ်ရက်အတွင်း သူချစ်သူထားရလိမ့်မည်မဟုတ်ပေ။
အကယ်၍ ထားခဲ့လျှင် ရှဲ့လင်ကမည်သို့တုံ့ပြန်လာလိမ့်မည်မှန်းသူမသိနိုင်ပေ။
ရှဲ့လင်ကြောင့်သာမဟုတ်လျှင် သူအချစ်ရေးကိစ္စကို ဘယ်တော့မှစဉ်းစားမိမည်မဟုတ်ပေ။ သူထံတွင် အချစ်နှင့်ပတ်သတ်သည့်စိတ်ဆန္ဒဟူ၍မရှိ။ အရင်ဘဝက ရှောင်ဖေးဘက်မှသူ့နောက်ကိုအရင်စလိုက်သောကြောင့် စိတ်ဝင်စားစရာပိုကောင်းသွားမည်ဟုထင်ခဲ့ပြီး ရှောင်ဖေးနှင့်ဒိတ်ကြည့်ခဲ့ခြင်းသာ။
ယနေ့ညတွင်ဖြစ်သွားခဲ့သည့်အကြောင်းများကို တွေးရင်းစဉ်းစားရင်းနှင့်ပင် ဖုယွမ်ကျိုးတစ်ယောက်အိပ်ပျော်သွားခဲ့၏။ အိပ်မပျော်ခင် ရှဲ့လင်ထွက်သွားခါနီးပြောသွားသည့် မရေမရာစကားကိုပြန်တွေးမိသည်၊၊ ၎င်းက လိင်အမျိုးအစားနှင့်သက်ဆိုင်နေခြင်းဖြစ်ရမည်။ မဟုတ်လျှင် ရှဲ့လင်ကယခင်ဘဝတည်းက သူ့ကိုသဘောကျနေနိုင်လောက်သည်။ အိုမီဂါဖြစ်လာပြီးနောက်ပိုင်းနှင့်မသက်ဆိုင်လောက်ပေ။
ရုတ်တရက် အတွေးတစ်ခုက ဖောက်ကနဲလင်းလာခဲ့သည်။ ရှဲ့လင်သာ သူ့အား အရင်ဘဝတည်းကသဘောကျနေခဲ့လောက်လျှင် သူတို့နှစ်ယောက်ကြားဘာတွေများဖြစ်ပျက်ဖြစ်ပျက်ခဲ့မည်နည်း။
သူ့ဘက်မှထိုသူကိုခပ်တန်းတန်းပင်ဆက်ဆံခဲ့လောက်မည်။ လိင်တူနှစ်သက်ခြင်းကိုလက်မခံနိုင်ခြင်းအကြောင်းအရင်းကိုပါထပ်ပေါင်းပြီး ထိုအချိန်တွင် သူရှောင်ဖေးနှင့်သာဆက်တွဲနေလိမ့်မည်။ အနာဂတ်တွင် လမ်းခွဲပြတ်စဲသွားဖြစ်လျှင်ပင် သူရှဲ့လင်ကိုချစ်မည်မဟုတ်။ မဟုတ်ပါက ရှောင်ဖေးတစ်ယောက် ပြိုလဲသွားလိမ့်မည်။
လေးလံထိုင်းမှိုင်းနေသည့်စိတ်နှင့်ပင် သူအိပ်ပျော်သွားခဲ့ရ၏။
နောက်ပိုင်းရက်များမှာအေးချမ်းနေခဲ့ပြီး အရာအားလုံးကပုံမှန်အတိုင်းပင်။ ရှန်းရှီကောကလည်း သည်ရက်ပိုင်းအတွင်းနောက်တကြိမ်ပေါ်မလာတော့ပေ။ ဖုယွမ်ကျိုးသည် အနှီသူက လက်မလျှော့နိုင်သေးမှန်းသိထားသော်လည်း ရှန်းရှီကောပေါ်မလာရတော့သည့်အကြောင်းအရင်းကိုမူမသိတော့ပေ။ သူသည်ကားစိတ်လည်းချမ်းသာနေပြီး တချိန်တည်းမှာပင် ရင်လေးနေရပြန်၏။
မျက်စိတမှိတ်အတွင်း အမျိုးသားနေ့ပိတ်ရက်ပွဲတော်နေ့သို့ရောက်လာခဲ့လေပြီ။
အမျိုးသားပိတ်ရက်မတိုင်ခင် ကျောင်းတွင် ဆောင်းဦးရာသီအကြိုအားကစားပြိုင်ပွဲအတွက် တွေ့ဆုံပွဲကို နှစ်ရက်ကြာကျင်းပခဲ့၏။ အမှတ် ၁ အလယ်တန်းကျောင်းအပြင် ထျန်းချန်မိန်းကလေးကျောင်း၊ အမှတ် ၇ အလယ်တန်းကျောင်းနှင့် အမှတ် ၂ ကျောင်းတို့လည်းပါဝင်ကြသည်။ အဆိုပါ တွေ့ဆုံပွဲကို နှစ်စဉ်နှစ်တိုင်းအားကစားရုံကြီးတွင်ကျင်းပတတ်၏။
ဖုယွမ်ကျိုးနှင့်ယွိဖေးကို ဒရိုင်ဘာက အားကစားရုံအပြင်ဘက်အထိကားမောင်းပို့ပေးပြီး ရောက်သည်နှင့် နှစ်ယောက်လုံးကသက်ဆိုင်ရာအတန်းသို့ သွားကြသည်။ ရှဲ့လင်က တတိယနှစ်အထက်တန်းကျောင်းသားဖြစ်၍ ထိုနေရာတွင်မရှိဘဲ ဆောင်းဦးအားကစားပြိုင်ပွဲများတွင်လည်း ဝင်မပြိုင်ပေ။ ထိုသူကနောက်နှစ်ရက်နေမှ ကျောင်းပြန်တက်ရမည်ဖြစ်သည်။
စုဝေးပွဲကို ခပ်စောစောစတင်သော်လည်း ဘေးပတ်လည်ကိုကြည့်လိုက်ပါက အမျိုးမျိုးသောကျောင်းယူနီဖောင်းများနှင့် ကျောင်းသားအုပ်ကြီးက ပြည့်ကျပ်နေသည်။ အချို့သော Cheerleader အသင်းသားများကမူ အပျော်အဝတ်အစားများကိုဝတ်ထားကြသည်။
ဖုယွမ်ကျိုးက ဆောင်းဦးရာသီယူနီဖောင်းဝတ်ထားပြီးအားကစားဘောင်းဘီနှင့်ဖိနပ်ဝတ်ထားခဲ့သည်။ စက်တင်ဘာလနှောင်းပိုင်းကာလ၏မနက်ခင်းပိုင်းများက အနည်းငယ်အေးတတ်၏။ သူအတန်း ၇ မှလူများဆုံရာကို တလမ်းလုံးကြည့်လာခဲ့ပြီးနောက် အလွယ်တကူရှာတွေ့ခဲ့သည်။ ထိုနေရာတွင် ရောက်သည့်နေရာတိုင်း ထင်ပေါ်ပြီး အာရုံစိုက်ခံရတတ်သည့် လူတစ်ယောက်ရှိနေသည်လေ။
"မင်းရဲ့အခုလိုတက်ကြွနေတဲ့ပုံကိုမြင်ရဖို့မလွယ်ဘူး..."
ဖုယွမ်ကျိုးမှာ ယွမ်ယဲ့၏အစောကြီးရောက်နေပုံကို အံ့ဩနေသည့်မျက်နှာဖြင့်နှုတ်ဆက်လိုက်သည်။
"ငါက ကျောင်းသွားစရာမလိုရင် အမြဲတက်ကြွနေတာ..."
ယွမ်ယဲ့က အင်မတန်ကိုအလေးအနက်ထားနေပြီး တာ့ယန်ကသူ့အားလှမ်းကြည့်လာသည်။ သူသည်ကား ပုခုံးတွန့်ပြလိုက်ကာ ကျောင်းယူနီဖောင်းအိတ်ကပ်ထဲမှနို့ပုလင်းတစ်လုံးကိုထုတ်ပြီး ဖုယွမ်ကျိုးကိုလှမ်းပေးလိုက်သည်။
"သောက်ပါဦး..."
၎င်းကနွေးနေသေးသည်။ သူ့အကြိုက်နို့အရသာလည်းဖြစ်နေလေ၏။
"ကျေးဇူးပဲ...ငါမင်းကိုပိုက်ဆံပြန်ပို့ပေးမယ်..."
"မပေးနဲ့.."
ယွမ်ယဲ့ကပြုံးပြလာသည်။
"မနက်ပိုင်းဆိုအေးတယ်လေ..ငါမနက်စာဝယ်လာရင်းနဲ့ မင်းအတွက်ပါတစ်ပုလင်းဝယ်လာခဲ့တာ..."
ထိုသူသည်ကား အခြားသူများအပေါ်တွင်အင်မတန်ဂရုစိုက်တတ်ပေ၏။ ဖုယွမ်ကျိုးမှာ မသိတတ်သူမဟုတ်ပေ။ သူလည်းယွမ်ယဲ့ကို တခုခုပြန်ဝယ်ပေးသင့်သည်ဟုတွေးမိလိုက်၏။ ကျောင်းသားများစုံသည့်အခါ တာ့ယန်ကသူတို့ကို တန်းစီရန်ခေါ်သွားပေးသည်။
အားလုံးစီစဉ်ပြီးသည့်အခါ ကျောင်းပေါင်းစုံမှခေါင်းဆောင်များရောက်လာပြီး အားကစားပြိုင်ပွဲအတွက်စုံညီပွဲက နောက်ဆုံးတွင်တရားဝင်စတင်လေ၏။
ပွဲကျင်းပသည့်နေရာက ကျယ်ဝန်းသော်လည်း ကျောင်းလေးကျောင်းမှ ကျောင်းသားများကြောင့် အပြင်လူများမှာ အရန်ထိုင်ခုံတွင်ထိုင်ကြရသည်။ အများစုမှာ ကလေးများကစားသည်ကို လာအားပေးကြသည့် ကျောင်းသားမိဘများသာ။
အရန်ခုံသုံးတန်းရှိပြီး တဖက်တွင် ဆရာတစ်ယောက်ရိုက်ကူးနေသည့် အားကစားပွဲဗီဒီယိုကို ပြသနေသော LED ဘုတ်ပြားကိုထောင်ထားခဲ့သည်။
ပုံမှန်ဆိုလျှင် ဖွင့်ပွဲအခမ်းအနား၌ ကျောင်းသားခေါင်းဆောင် သို့မဟုတ် အတန်းတစ်တန်းစီမှ ကျောင်းကိုယ်စားပြုတစ်ယောက်က မိန့်ခွန်းပြောပေးရသည်။ ဖုယွမ်ကျိုး၏အတန်းခွဲ ၇ က ကာတွန်းဇာတ်ကောင်များ၏အဝတ်အစားများကိုဝတ်ထားကြ၏။ ၎င်းတို့က ခုန်လိုက်ကြကာ ပရိသတ်များထံလက်ပြ၍ သံပြိုင်အော်လိုက်ကြသည်။ ၎င်းတို့၏ကလေးဆန်သည့်အသံက မစ်ကီဝေးဂလက်စီကိုပင် လွှမ်းသွားနိုင်လောက်၍ ခေါင်းဆောင်ခုံတွင်ထိုင်နေကြသည့် ကျောင်းသားခေါင်းဆောင်များပင် ရယ်မောခဲ့ကြသည်။
သို့သော်လည်း ပြိုင်ပွဲရလဒ်ကို WeChat ပလက်ဖောင်းမှ မဲအရေအတွက်ဖြင့်ဆုံးဖြတ်မည်ဖြစ်ပြီး လူတိုင်းက ၎င်းတို့အလေးစားဆုံးအတန်းများကိုမဲပေးခဲ့ကြသည်။ အထက်တန်း တန်းခွဲ ၁ နှင့် တန်းခွဲ ၃ သည်ကား မဲအရေအတွက်အများဆုံးနှင့်ဦးဆောင်နေလေ၏။
အများကြီးတွေးနေရန်မလိုပေ။ တန်းခွဲ ၃ ၏စံနမူနာပြိုင်ပွဲဝင်က ယွိဖေးပင်။ တန်းခွဲ ၃ က ကွင်းအတွင်းဖြတ်ကျော်သွားချိန်တွင် တိုက်ရိုက်ထုတ်လွှင့်နေသောကင်မရာပင် အတန်ကြာသည်အထိ သူ့ကိုယ်ပေါ်မှမရွေ့ခဲ့ပေ။ ကင်မရာက သူ့အားအနီးကပ်ရိုက်နေပြီး အပြစ်ကင်းစင်သည့်မျက်နှာက LED screen ပေါ်တွင် ထင်ဟပ်နေခဲ့သည်။
ဖုယွမ်ကျိုးပင် အနှီသူ၏ပင့်သက်ရှိုက်လိုက်သံကိုကြားလိုက်ရသယောင်။
အတန်းခွဲအများအပြားပါနေသောကြောင့် စုဝေးသည့်အချိန်ကကြာမြင့်သည်။ တာ့ယန်အလုပ်များနေသည်ကိုအခွင့်ကောင်းယူပြီး ဖုယွမ်ကျိုးက ကစားရန် တန်းခွဲ ၁ ဆီသွားလိုက်သည်။ သူ၏အတန်းဖော်ဟောင်းများကလည်း သူ့အားသောင်းသောင်းဖျဖျကြိုဆိုကြလေ၏။ အတန်းခွဲ ၁ မှဆရာကလည်း ဖုယွမ်ကျိုးကိုသဘောကျသူဖြစ်၍ မမြင်သလိုဟန်ဆောင်နေလေသည်။
အတန်းထဲတွင်ဆိုလျှင် ဖုယွမ်ကျိုးသည် ကြယ်လေးတစ်ပွင့်၊ လမင်းတစ်စင်းနှယ်ဆက်ဆံခံရသူပင်။ သူသည် ဘယ်ဘက်လက်နှင့် သူငယ်ချင်းဖြစ်သူ၏လည်ပင်းကိုချိတ်ထားရင်း မိန်းကလေးတစ်ယောက်ကမ်းပေးလာသည့် ပီကေကို ညာဘက်လက်နှင့် လှမ်းယူလိုက်သည်။ထို့နောက် ဝါးနေရင်းဖြင့် ပုံမှန်လိုပင် ရန်ရှူးထန်ကိုလှမ်းပြောလိုက်သည်။
"မင်းဒီတစ်ခါကို သုံးကီလိုမီတာပြေးမှာလား..."
"အင်း..." ရန်ရှူးထန်ကခေါင်းသာညိတ်ပြပြီး ခပ်လှမ်းလှမ်းတွင်ထိုင်နေသည်။ အားလုံးကဖုယွမ်ကျိုးအနားတွင်ဝိုင်းထိုင်နေကြ၍ သူ့ပုံစံက အနည်းငယ်မျှအထီးကျန်နေသလိုပင်။
"ငါအဲဒီအချိန်ကျရင် အားပေးမယ်..."
ဖုယွမ်ကျိုးက သူ့ဘေးတွင်ဝင်ထိုင်ပြီး ပီကေကိုဖောက်ပါ ရန်ရှူးထန်ကိုပြုံးပြီးကမ်းပေးလိုက်၏။
"လာစမ်းပါ..ပြိုင်ပွဲမဝင်ခင်...သကြားလုံးလေးစား..."
"....."
တန်းခွဲ ၁ တစ်တန်းလုံးက သကြားလုံးပေးလိုက်သည့်ကောင်မလေးကို လှမ်းကြည့်ကြသည်။
"နင်သကြားလုံးမှာ အဆိပ်သုတ်ထားသေးလား..."
ကောင်မလေးက လန့်ဖျပ်သွားရှာသည်။
"မသုတ်ထားပါဘူးဟ!"
လူတိုင်း: "??"
ဒါဆိုဘာလို့ အစ်ကိုယွမ်က ရန်ရှူးထန်ကိုသကြားလုံးပေးလိုက်ရတာလဲ။ သကြားလုံးနင်ပြီးသေအောင်သတ်မလို့လား။ သူကရန်ရှူးထန်ကို အားပေးချင်တဲ့အကြောင်းတောင်ပြောလိုက်သေးတယ်။ အတန်း ၇ နဲ့ပေါင်းကြံတာများလား။
"မင်းတို့ရဲ့အကြည့်တွေကဘာတွေလဲ...ငါနဲ့ ရှူးထန်က. ရန်သူကနေမိတ်ဆွေအဖြစ်ပြောင်းသွားပြီလေ...ပြီးတော့ ငါတို့ကအခုကစပြီး သူငယ်ချင်းကောင်းတွေဖြစ်သွားတော့မှာ..."
ဖုယွမ်ကျိုးက ခြေထောက်ကိုကြွလိုက်ပြီး သူတို့အားလုံးကိုပေစောင်းစောင်းဖြင့်လှမ်းကြည့်လိုက်သည်။
"လာ...ရှူးထန်...စား..."
ရန်ရှူးထန်က နားရွက်လေးများရဲသွားကာ ဖုယွမ်ကျိုးလက်ထဲက ပီကေရဲရဲလေးကိုငုံ့ကြည့်သည်။ အနှီသူ၏လက်ချောင်းလှလှလေးများက သကြားမှုန်များကပ်နေပြီး သကြားထက်ပင်ချိုမြိန်မည့်ပုံစံရှိသည်။
"ငါ...."
အစကမူ တစ်ယောက်တည်းပဲစားဟုပြောချင်ခဲ့သည်။ သို့သော်လည်း ဖုယွမ်ကျိုးက သူ့ပါးစပ်ထဲကိုတန်းပြီးထိုးထည့်ပစ်လိုက်သည်။ လက်ချောင်းထိပ်ဖျားလေးများက သူ့နှုတ်ခမ်းကိုပွတ်တိုက်သွားချိန်တွင် ပီကေ၏မူလအရသာနှင့်ပေါင်းစပ်လိုက်သည့်အခါ လက်ချောင်းထိပ်မှချိုမြိန်မှုလေးများကိုပါ ခံစားမိသွားစေခဲ့သည်။
အခြားသူများ အသက်ရှူရန်ပင်မေ့နေချိန် ဖုယွမ်ကျိုးက လက်မှသကြားမှုန်များကို တစ်ရှူးဖြင့်ခါထုတ်လိုက်ပြီး ကောင်းမွန်နေသည့်လေထုလေးကို မောင်းထုတ်ပစ်လိုက်သည်။
"အယ်..ရှူးထန်..."
သကြားလုံးပေးလိုက်သည့်ကောင်မလေးက ရုတ်တရက် သတိရသွားသလိုပြောလာသည်။
"နင်ကသကြားလုံးမကြိုက်ဘူးမလား...အရင်က အဲဒါမျိုးတွေဆို အရမ်းချိုလွန်းတယ်လို့နင်ပြောဖူးတယ်လေ..."
အိုး...အစ်ကိုယွမ် ထိုသူကိုသကြားလုံးကျွေးချင်နေသည်မှာမဆန်းတော့။ နောက်ဆုံးတော့ ဖုယွမ်ကျိုးက ရှူးထန်ကို သကြားလုံးကျွေးသည့်အမှုမှာ ဖြေရှင်းပြီးဖြစ်သွားခဲ့သည်။
အခြားသူများက အမှန်တရားကိုသိသွားကြပြီး ရန်ရှူးထန်ကိုသနားဂရုဏာဖြင့် စုတ်သပ်ကြသည်။ တယောက်က ရန်ရှူးထန်ကိုရေပေးပြီး ပါးစပ်ထဲမှအချိုလျော့သွားစေရန်အကြံပေးလိုက်သည့်တိုင် ရန်ရှူးထန်ကရေကိုလှမ်းယူပြီး ချက်ချင်းမသောက်ခဲ့ပေ။ ထိုအစား သူ့နှုတ်ခမ်းကိုသာ အသာပွတ်သပ်နေခဲ့သည်။
......တကယ်ကိုချိုတယ်...
ဖုယွမ်ကျိုးက ယွမ်ယဲ့သူ့ကိုပြန်ခေါ်လာသည်အထိ လျှောက်သွားနေပြီးမှ ထိုင်ခုံတွင် ငြိမ်သက်စွာပြန်ထိုင်နေလေသည်။ သို့သော်လည်း ကြာကြာမငြိမ်နိုင်ပြန်ဘဲ ယွမ်ယဲ့ကျောကိုပုတ်ကာ ဂိမ်းကစားရန်ခေါ်ပြန်၏။ ယွမ်ယဲ့ကလည်းလက်ခံလိုက်သည်။ ဖုယွမ်ကျိုး သူနှင့်အတူရှိနေသရွေ့ နှစ်ယောက်တည်းအတူကစားနိုင်လျှင် ပိုပြီးပင်ကောင်းသေး၏။
ဖွင့်ပွဲပြီးသည့်နောက် ပြိုင်ပွဲစတင်လေသည်။ အချို့ပွဲများက ဖိုင်နယ်ကိုတန်းတက်သွားပြီး အချို့ကလည်း ဆီမီးဖိုင်နယ်တွင်ယှဥ်ပြိုင်ရသေးသည်။ ပြိုင်ပွဲဝင်များက အရန်ခုံကိုဆင်းထိုင်ရကာ တွေ့ဆုံပွဲ၏အဓိကလူများအဖြစ်မျက်နှာပြရ၏။
"ဟယ်လို...ယွမ်ကျိုး...နင်ငါ့ကိုမှတ်မိသေးလား...နောက်ဆုံးတခေါက်က..."
ဖုယွမ်ကျိုး လမ်းလျှောက်နေစဥ်မှာပင် ရုတ်တရက် မိန်းကလေးတစ်ယောက်က သူ့အားလှမ်းခေါ်လိုက်သည်ကိုကြားလိုက်ရ၏။ မတိုင်ခင်က သူ့အားရေဘူးကမ်းပေးသောအလှလေးသည် သူ့အားပြုံးပြ၍နှုတ်ဆက်လာလေသည်။
"ရက်နည်းနည်းပဲရှိသေးတယ်...အတန်းကလူတွေဆီလာအားပေးတာကို ငါဘာလို့မမှတ်မိနိုင်ရမှာလဲ..."
"ငါနင်လာတာတွေ့ပါတယ်..."
ထိုမိန်းကလေးက အတော်လေးပျော်တတ်သောကြောင့် သူမကိုမှတ်မိနေဆဲပင်၊၊ ထို့ကြောင့်လည်း သူ့ထံရောက်လာပြီး အားပေးစကားလာပြောခြင်းဖြစ်မည်။
"ပြိုင်ပွဲမှာကြိုးစားနော်!"
"အာ...ကျေးဇူးပဲ..."
ဖုယွမ်ကျိုးက ထုံးစံအတိုင်း အနှီသူကိုကျေးဇူးတင်ကြောင်းပြလိုက်သော်လည်း ကျေးဇူးတင်ရုံမှလွဲပြီး အခြားခံစားချက်ပေါ်မလာသည်ကို သတိထားမိလိုက်သည်။ ရင်လည်းမခုန်သလို ထိုမိန်းကလေးနှင့်ပတ်သက်သည့် အပိုအတွေးများကိုလည်း စိတ်ကူးမယဥ်မိပေ။
မည်သည့်ကိစ္စများပင်ဖြစ်လာပါစေ...သူချစ်မိ၍မဖြစ်ပေ....
ထိုအတွေးလေးက စိတ်ထဲတွင်ဖျတ်ကနဲပေါ်လာသည်နှင့် မိန်းကလေး၏မျက်နှာက ရုတ်တရက်ပြောင်းသွားသလိုပင်။ သူမက ခြေလှမ်းတဝက်လောက်အနောက်ဆုတ်သွားပြီး သူ့အားကြည့်နေခြင်းမဟုတ်ဘဲ သူ့အနောက်မှလူတစ်ယောက်ကိုအာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။
ဖုယွမ်ကျိုးလှည့်ကြည့်လိုက်သည့်အခါ အခြားကျောင်းမှ ယူနီဖောင်းနှင့်ကောင်လေးတစ်ယောက်က သည်ဘက်ကိုလှမ်းလာနေသည်ကိုတွေ့လိုက်ရသည်။ ထိုသူသည်ကား ခပ်ချောချောပင်ဖြစ်ပြီး အလျင်လိုနေသလိုပင်။
"ယောင်ယောင်...."
"ငါနင့်ကိုပြောပြီးသားလေ...ငါ့ကိုမနှောင့်ယှက်နဲ့တော့လို့..ငါတို့က..."
ထိုသို့ပြောနေစဥ်မှာပင် ကောင်မလေးကဖုယွမ်ကျိုးကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လာပြီး သာမန်ကာလျှံကာပြောလိုက်လေသည်။
"ငါတို့ကလမ်းခွဲလိုက်ပြီ...နင်နဲ့ငါလမ်းခွဲထားတာလည်းကြာခဲ့ပြီ.."
"ယောင်ယောင်...."
ကောင်လေး၏မျက်လုံးများက အနည်းငယ်စိတ်ထိခိုက်နေပုံရသည့်တိုင် ဖုယွမ်ကျိုးကိုလည်း သတိထားနေပုံရသည်။
"မင်းနဲ့ယောင်ယောင်ကဘာတွေလဲ..."
"သူကငါ့ရဲ့အတန်းဖော်လောက်ပါပဲ...ငါ့ကိုပြောချင်တာရှိရင် တည့်သာပြောလိုက်..."
ကောင်မလေးက သူ့အားဘေးတွန်းထုတ်လိုက်ပြီး ဖုယွမ်ကျိုးကို အားတောင့်အားနာဖြင့်ပြုံးပြလိုက်သည်။
"နောက်ပြိုင်ပွဲမှာ ရလဒ်ကောင်းရဖို့ ငါဆုတောင်းပေးနေမယ်နော်..."
ဖုယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ စကားနည်းနည်းမျှထပ်ပြောချင်နေသေးသော်လည်း ကောင်မလေးကသူ၏ ရည်းစားဟောင်းကို ဆွဲခေါ်သွားခဲ့ပြီ။အစီအစဥ်တင်ဆက်သူက မီတာတစ်ရာအပြေးပြိုင်ပွဲအတွက် လူစုရန်ခေါ်နေပြီဖြစ်ရာ သူသည်ကား ထိုနေရာကိုအရင်သွားနှင့်ပြီးသွေးပူလေ့ကျင့်ခန်းလုပ်ရတော့မည်ဖြစ်သည်။
"ဒိုင်း!"
သေနတ်ဖောက်သံထွက်လာ၏။ဖုယွမ်ကျိုးက မြားတစ်စင်းလိုပြေးထွက်သွားခဲ့သည်။ ကြံ့ခိုင်သည့်အနေအထားဖြင့် စည်းရှိရာကိုတည့်တည့်ပြေးသွားခဲ့၏။ ဆီမီးဖိုင်နယ်တွင် သူပထမနေရာကိုရတော့မည်မှာ မလွဲဧကန်ပင်။ သူပန်းဝင်စည်းအားဖြတ်ကျော်သွားချိန်ကို ကင်မရာကလည်း တနေရာပင်မချွတ်ချော်စေရဘဲ မှတ်တမ်းတင်ထားခဲ့၏။
အရန်ထိုင်ခုံမှ လက်ခုပ်သံများထွက်လာခဲ့သည်။ အထူးသဖြင့် အမှတ် ၁ အလယ်တန်းကျောင်းမှတစ်ယောက်က အတော်လေးတက်ကြွနေခဲ့လေ၏။ ဖုယွမ်ကျိုးက ကင်မရာကိုပြုံးပြသော်လည်း စိတ်ကမူ အခြားတနေရာကိုလွင့်မြောနေလေသည်။ သူသည်ကား ယခုလေးတင်တွေ့ခဲ့ရသည့်မိန်းကလေးအကြောင်းကို စဥ်းစားနေမိပြီး သူမနှင့်သူမ၏ရည်းစားဟောင်းကောင်လေးတို့ နောက်ဆက်တွဲဖြစ်လာမည့်အရာကိုစိုးရိမ်နေမိသည်။
သူမ၏ရည်းစားဟောင်းကောင်လေးဝတ်ထားသော ကျောင်းယူနီဖောင်းမှာ သူ့အတွက် အလွန်တရာရင်းနှီးလွန်းနေလေသည်။ နောက်ဆုံးတခေါက်က ယွမ်ယဲ့ကိုလိုက်ရှာနေကြသည့် ကျောင်းမှလူများ၏ယူနီဖောင်းနှင့်အတူတူပင်။ အမှတ် ၇ အထက်တန်းကျောင်းမှဖြစ်နိုင်သော်လည်း တိုက်ဆိုင်မှုသက်သက်မဟုတ်တော့ပေ။