♎️Chapter 36
သူ အားကစားရုံပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ ကွင်းထဲရှိ လူအမြောက်အများကြားထဲမှ သူမနှင့်သူမ၏ရည်းစားဟောင်းကောင်လေးတို့ကိုတွေ့လိုက်ရသည်။
ကောင်မလေးက သူမ၏ရည်းစားဟောင်းဆွဲရာအနောက်သို့ စိတ်မပါဘဲ ပါသွားနေ၏။ သူတို့နှစ်ယောက်တည်းတင်မဟုတ်။ သူတို့ကိုပြုံးပြီးစကားလှမ်းပြောနေသည့် အုပ်စုလည်းရှိသည်။ ၎င်းတို့သည် နောက်ဆုံးတကြိမ်က စားသောက်ဆိုင်တွင်တွေ့ခဲ့ကြသည့်လူများဖြစ်ပြီး အချင်းချင်းလည်းရင်းနှီးကြပုံပင်။
ကြွက်နှင့်မြွေများ တွင်းထဲက အပြုံလိုက်ထွက်လာခြင်းက ကံဆိုးခြင်းပင်။
ဖုယွမ်ကျိုးသည်ကား စိတ်ထဲတွင်သာကျိတ်ပြီး ဆဲလိုက်မိ၏။ အစပိုင်းက ထိုကောင်လေးနှင့်အနှီအုပ်စုတို့ ယခုလိုပူးတွဲနေခြင်းကိုစိုးရိမ်မိပြီး သွားကြည့်ချင်စိတ်ဖြစ်လာခဲ့သည်။ ယင်းက သူ့နှာခေါင်းအောက်တွင်ဖြစ်ပျက်နေခြင်းဖြစ်လေရာ သူ့မသိစိတ်က သူ့ကိုထိုင်ခိုင်းနေကြသည့်တိုင် သူ့မှာပြောသည့်အတိုင်းမလုပ်နိုင်ပေ။
"ငါက အတန်းဖော်တွေကို အားပေးချင်တာ...ငါ့နားကိုမလာခဲ့နဲ့..."
ကောင်မလေးက မျက်စိမျက်နှာပျက်နေလင့်ကစား ကောင်လေးကသူမ၏လက်ကောက်ဝတ်ကိုကိုင်ထားရင်း ဆက်ပြောနေဆဲ။
"ဒါဆိုလည်း ကိုယ်မင်းကိုအဖော်လုပ်ပေးမယ်...မင်းသွားတဲ့နေရာအနောက်ကိုလိုက်မယ်..."
"မရပါဘူး...လွှတ်စမ်းပါ!"
ကောင်မလေးက စိတ်တိုနေပြီး သူ့အား ပါးရိုက်မိတော့မတတ်ပင်။ အဆိုပါလူစုကလည်း သူမအနောက်ကိုလိုက်နေကြသေးသည်။ ၎င်းတို့က သဘောကောင်းပုံရသော်လည်း သူမအနားတွင်ပတ်လည်ဝိုင်းနေပြီး သူမထွက်မပြေးနိုင်အောင်ပိတ်ဆို့ထားသလိုပင်။
"ယောင်ယောင်...မင်းကဒီမှာကိုး...ငါမင်းကိုလိုက်ရှာနေတာကြာလှပြီ..ငါတို့ပြိုင်တော့မှာ ခဏလောက်လာကြည့်ပါဦးလား..."
ဖုယွမ်ကျိုးက လျှောက်လာပြီး အခြားသူများကိုတွန်းတိုက်ကာ လူအုပ်ကြားမှမိန်းကလေးကိုဆွဲထုတ်သွားလိုက်သည်။
မိန်းကလေးကသူ့အားကျေးဇူးတင်သလိုကြည့်လာပြီး သူမ၏ရည်းစားဟောင်းက မျက်မှောင်ကြုတ်သွားကာ သူ့လေသံက အတော်လေးဆိုးရွားနေ၏။
"မင်းကဘာလို့သူ့ကို 'ယောင်ယောင်' လို့ခေါ်ရတာလဲ...."
ဖုယွမ်ကျိုးသည်ကား မိန်းကလေးနာမည်ကိုမသိ၍ သူမနှင့်ရင်းနှီးဟန်ဆောင်ရန် ခေါ်လိုက်ခြင်းဖြစ်သည်။ သို့ထိတိုင် အမှန်အတိုင်းမသိသေး၍ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်ချေ၏။
"မင်းနဲ့ဆိုင်လား..."
"ဖာ့ခ်...အဲဒီကောင်ဟ..!"
ဖုယွမ်ကျိုး ရောက်လာသည့်အခါ လူအများအပြားကသူ့အားမှတ်မိသွားကြလေသည်။
"ဒီတစ်ယောက်က ယွမ်ယဲ့နဲ့အတူရှိနေတဲ့ အိုမီဂါမလား...!"
"ယွမ်ယဲ့..."
ယွမ်ယဲ့အမည်ကိုကြားလိုက်ရသည့်အခါ မိန်းကလေး၏ရည်းစားဟောင်းမျက်လုံးများက ခက်ထန်သွားခဲ့သည်။ အနှီသူနှင့်ယွမ်ယဲ့တို့ကြားတွင် နက်နဲသည့်ပတ်သတ်မှုတစ်ခုရှိခဲ့ပုံပင်။
"မင်းကယွမ်ယဲ့ရဲ့အိုမီဂါလား..."
ဖုယွမ်ကျိုးမတုံ့ပြန်နိုင်ခင်မှာပင် တဖက်ကဆက်ပြောလာလေ၏။
"ယွမ်ယဲ့ကမင်းကိုဖာ့ခ်ပေးတာမလုံလောက်သေးဘူးလား....သူများရည်းစားကိုလာနှိုက်နေသေးတယ်..."
"ဆက်ပြောစမ်း__"
မင်းပါးစပ်ထပ်ဟလာရင် ဆွဲဖြဲပစ်မယ်! မလောက်လေးမလောက်စားကောင်!
ဖုယွမ်ကျိုးက ဒေါသထွက်သွားပြီး အနှီသူပြီးအောင်မပြောရသေးခင် ထိုးလွှတ်လိုက်သည်။
အိုမီဂါတစ်ယောက်က ယခုလိုလူတစ်ယောက်ကိုထိုးရဲမည်ဟု မထင်ထားသောကြောင့် လူတိုင်းက ခဏမျှမှင်သက်သွားခဲ့ကြ၏။
မိန်းကလေး၏တုံ့ပြန်ပုံက လျင်မြန်လှသည်။ သူမ၏အဝတ်အစားနှင့် ဆံပင်ကိုဖွပစ်ပြီး အနိုင်ကျင့်ခံရသည့်ပုံစံဟန်ဆောင်ကာ ချက်ချင်းအော်ဟစ်လိုက်သည်။
"ဆရာ!"
ယခုလေးတင်ဖြစ်သွားခဲ့သော မတော်တဆမှုလေးကို မည်သူကမှ သတိမထားမိသေးပေ။ သို့သော်လည်း မိန်းကလေးကလှမ်းခေါ်လိုက်သည့်အခါ လူတိုင်းကလှည့်ကြည့်လာကြသည်။ အချို့ကပို၍ပင်တုန်လှုပ်ခြောက်ခြားသွားသော်လည်း ရည်းစားဟောင်းကောင်လေးက လုံးဝကိုစိတ်လွတ်နေပြီး မြေကြီးပေါ်မှထလာကာ ဖုယွမ်ကျိုးကိုပြန်လည်တိုက်ခိုက်ချင်နေ၏။
"မင်းတော့__"
ဖုယွမ်ကျိုးကလည်း အနှီသူကိုမကြောက်သည့်တိုင် ထိုသူအနားကပ်မလာခင်မှာပင် ထိုသူ၏လက်ကောက်ဝတ်က ဖြူဖျော့သွယ်လျပြီး သန်မာသည့်လက်ဖြင့်ဆုပ်ကိုင်ခံလိုက်ရသည်။
ဖုယွမ်ကျိုးက လက်အားကိုင်လာသူကိုလှည့်ကြည့်ပြီး တောင့်ဆတ်သွားလေသည်။
၎င်းကရှန်းရှီကောပင်။
၎င်းက ဖုယွမ်ကျိုးထံမှအထိုးခံလိုက်ရသူကို ဗလာကျင်းသည့်မျက်လုံးဖြင့်ကြည့်နေပြီး တဖက်လူအသံမထွက်မချင်း လက်ထဲမှအားကိုတဆင့်ချင်းစီမြှင့်နေခဲ့သည်။
ရှန်းရှီကောလွှတ်ပေးလိုက်ချိန်တွင် ကောင်လေးမှာနာကျင်လွန်း၍ မတ်တပ်ပင်မရပ်နိုင်တော့ပေ။ ထို့ကြောင့် မြေကြီးပေါ်ကိုဒူးထောက်ကျသွားပြီး လက်ကောက်ဝတ်ပေါ်တွင်မူ ကြောက်စရာကောင်းသည့်လက်ဝါးရာကြီးကျန်ရစ်ခဲ့သည်။ သူ၏လက်မှာ မူမမှန်စွာဖြင့်တုန်ခါနေပြီး ခန္ဓာကိုယ်ထဲမှအရိုးများပင် ကျိုးကြေသွားပြီလားဟူ၍ စိုးရိမ်လာစေ၏။
"ရော့....သုတ်လိုက်..."
ရှန်းရှီကောက အိတ်ကပ်ထဲမှလက်ကိုင်ပဝါကိုထုတ်ကာ ဖုယွမ်ကျိုးထံကမ်းပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏အုံ့မှိုင်းနေသောမျက်လုံးများက တမဟုတ်ချင်းနူးညံ့သွားခဲ့သည်။ မျက်လုံးပြာများက သာသာလေးကွေးညွတ်သွားပြီး သိမ်မွေ့သည့်အပြုံးက သူ့မျက်နှာတွင်ပေါ်ထွက်လာ၏။
"သူ့ကြောင့်နဲ့ မင်းလက်ကိုမညစ်ပတ်စေနဲ့...."
ဖုယွမ်ကျိုးက ထိုအတိုင်းရပ်နေပြီး ရှန်းရှီကောပေးလာသည့်လက်ကိုင်ပဝါကို လှမ်းမယူပါချေ။
သူသည်ကား ရှန်းရှီကောတစ်ယောက် သူ့အရှေ့တွင်နောက်တခါထပ်ပေါ်လာရသည့်အကြောင်းကိုတွေးတောနေရင်း မျက်နှာထားမှာ အတော်အတန်ဆိုးရွားနေလေသည်။ အနှီသူက လွယ်လွယ်နှင့်လက်လျှော့မည်မဟုတ်ကြောင်းသူသိနေလေ၏။
ရှန်းရှီကောသည်လည်း သူလက်ကိုင်ပဝါကိုယူမည်မဟုတ်ကြောင်း သိထားပြီးဖြစ်လောက်သည်။ ထိုသူသည် စိတ်ဆိုးဟန်တစ်ချက်ပင်မပြဘဲ လက်ကိုင်ပဝါကိုပြန်သိမ်းသွားခဲ့သည်။
လက်ရှိအချိန်၌ မရယ်နိုင်သူမှာသူတစ်ယောက်တည်းမဟုတ် ။ အမှတ် ၇ အလယ်တန်းကျောင်းမှ ကျောင်းသားအများအပြားမှာလည်း ကြောင်အနေကြပြီး ၎င်းတို့၏မျက်နှာများက ဖုယွမ်ကျိုးထက်ပင်ပိုပြီး အကျည်းတန်နေကြသေးသည်။
လူငယ်လေး၏လက်ကောက်ဝတ်မှ စိမ်းပုပ်ရောင်ဒဏ်ရာကြီးမှာ မထိတ်သာမလန့်သာ။ ဤမျှ မျက်နှာထားသိမ်မွေ့သည့် လူစိမ်းတစ်ယောက်က ယခုလို ကြမ်းတမ်းလိမ့်မည်ဟုမထင်ထားခဲ့ကြပေ။ အနှီယောကျ်ားပျိုသည်ကား သွားရှုပ်၍မရသည့်လူစားမျိုးပင်ဖြစ်လိမ့်မည်။
၎င်းတို့က ကျောင်းတွင် အမြဲတစေ ဗိုလ်ကျနေတတ်သည့်တိုင် ယခုတော့၎င်းတို့၏အစ်ကိုကြီးက အိုမီဂါတစ်ယောက်ကြောင့် ကြမ်းပြင်ပေါ်တွင်မှောက်သွားရပြီ။
လူစိမ်းက၎င်းတို့၏အစ်ကိုကြီးကို တိုက်ခိုက်သည့်အခါ မျက်နှာအောက်ချပြီး လိမ္မာပြလိုက်သင့်သည်။ ၎င်းတို့ကထိုသူကိုသင်ခန်းစာခပ်ကြီးကြီးပေးချင်သော်လည်း ယခုမူနေရာမှမရွေ့ရဲကြပေ။ ယခုလေးတင် ရှန်းရှီကော စိတ်မထိန်းနိုင်လောက်အောင် ဒေါသဖြစ်သွားသော်လည်း ထိုသူ၏အကြည့်လေးတစ်ချက်ကပင် ၎င်းတို့နှလုံးသားအောက်ခြေမှ ကြောက်ရွံ့စိတ်တို့ကို တဖွားဖွားထွက်လာစေသည်။
၎င်း၏မျက်လုံးပြာများက မြွေတစ်ကောင်နှယ်အေးစက်နေပြီး ပို၍ကြောက်ရွံ့ဖွယ်ကောင်းသော မုဆိုးတစ်ယောက်လိုပင်။ အနှီသူကသူတို့အားကြည့်လာသည့်အခါ အေးစက်မှုက ၎င်းတို့၏ခြေဖျားမှအပေါ်သို့ဆန်တက်လာပြီး ၎င်းတို့၏လည်ချောင်းထဲမှ အသံပင်မထွက်နိုင်တော့ပေ။
သူတို့ ထိုလူကို လုံးဝနိုင်မည်မဟုတ်။
ထိုသူထံမှ အန္တရာယ်ရှိသည့်အငွေ့အသက်တို့သည် တဟုန်းဟုန်းထွက်ပေါ်နေသယောင်။
မိန်းကလေး၏အသံကုန်အော်လိုက်သံကြောင့် အနီးအနားမှဆရာများကပြေးလာကြလေ၏။
အခြေအနေအရပ်ရပ်ကိုသိလိုက်ရသည့်အခါ အမှတ် ၇ အလယ်တန်းကျောင်းမှကျောင်းသားအစုကိုဆွဲထုတ်သွားကြပြီး မိန်းကလေးက ဖြစ်ပုံကိုအသေးစိတ်ရှင်းပြနေသည်။
ဖုယွမ်ကျိုးက ၎င်းတို့နှင့်အတူလိုက်သွားသင့်သော်လည်း ထိုမိန်းကလေးကသူ၏ရဲရင့်ပုံတို့ကိုဖော်ထုတ်ပြီး ဤကိစ္စနှင့်သူက သက်ဆိုင်မှုမရှိပါကြောင်း ရှင်းပြပေးလာသည်။
သူမသည်ကား စကားပြောနေစဥ်အတွင်းမှာပင် မျက်လုံးများကနီရဲနေပြီး ယခုလိုအားနည်းသည့် အိုမီဂါအလှလေးက မကြာခင်အချိန်အတွင်းငိုတော့မလိုဖြစ်နေသည့်အခါ ဆရာများကစိတ်ပျော့သွားကြပြီး သူမကိုသံသယမဝင်ကြတော့ပေ။
ဖုယွမ်ကျိုးသည်လည်း လည်ပတ်ဝတ်ထား၍ သူသည်လည်းအိုမီဂါပင်ဖြစ်ကြောင်းသိသာစေခဲ့သည်။ ထို့ကြောင့်ပင် ၎င်းကျောင်းသားများကသူ့အားရန်ရှာကြခြင်းပင်၊၊
အိုမီဂါတစ်ယောက်အနေနှင့် အနှီအယ်လ်ဖာနှင့်ဘီတာများကို အနိုင်ကျင့်ဖို့ မည်သို့မျှ မဖြစ်နိုင်ပေ။
အမှတ် ၇ အလယ်တန်းကျောင်းမှ ကျောင်းသားများမှာ လူလယ်ခေါင်တွင် ဆရာများနှင့်ရင်မဆိုင်နိုင််ဘဲ စိတ်ပျက်လက်ပျက်ဖြစ်သွားကြပုံဖြင့် ခေါင်းငိုက်စိုက်ကျရင်း ကွင်းအပြင်သို့ထွက်သွားကြလေ၏။
မထွက်သွားကြသေးခင် ၎င်းတို့က ဖုယွမ်ကျိုးကိုစောင်းကြည့်သွားကြသေး၏။ ဖုယွမ်ကျိုးက ၎င်းတို့ကိုဒေါသထွက်စေနိုင်လောက်သည့် လှောင်ပြုံးလေးပြုံးပြလိုက်သော်ငြား ဘေးတွင်ရပ်နေသောရှန်းရှီကောကပါ ပြုံးပြနေသည်ကိုတွေ့လိုက်ရသည့်အခါ ၎င်းတို့၏မျက်နှာများမှာ ရေခဲရေနှင့်ပက်ခံလိုက်ရသလို ခဏတွင်းချင်းတောင့်ခဲသွားကြ၏။
ပြဿနာဖြစ်ပြီးသည့်နောက် ၎င်းတို့အားလုံး စကားတစ်လုံးပင်မထွက်ရဲတော့ဘဲ အမြီးလေးများကိုကုပ်ကာ ထွက်ပြေးသွားကြတော့သည်။
"ချလက်.."
ရှန်းရှီကောက ဖုန်းကိုထုတ်လိုက်ပြီး ၎င်းတို့လှည့်လာသည်နှင့် ၎င်းတို့၏မျက်နှာများကိုဓာတ်ပုံရိုက်ထားလိုက်ကာ လူတစ်ယောက်ထံမက်ဆေ့ချ်ပို့ပေးလိုက်၏။
"သူတို့ကို နောက်တခါ မမြင်ရစေနဲ့..."
မက်ဆေ့ချ်ပို့ပြီးသည်နှင့် သူသည်ဓာတ်ပုံအားလုံးကိုဖျက်လိုက်ပြီး ဖုန်းကိုအေးအေးဆေးဆေးပြန်ထည့်လိုက်သည်။
မိန်းကလေးက ဖုယွမ်ကျိုးကို စကားအနည်းငယ်ခန့်ပြောပြီး ဆရာများအနောက်မှလိုက်သွားလေ၏။ ဖုယွမ်ကျိုး လှည့်ထွက်ရန်ပြင်သော်လည်း အချိန်မမီတော့ပေ။ ရှန်းရှီကောက သူ့ကို နှုတ်ဆက်လိုက်လေသည်။
"ဟယ်လို...ယွမ်ကျိုး..."
"အခု အကူအညီတွေအတွက် ကျေးဇူးပါပဲ..."
ဖုယွမ်ကျိုး၏လေသံက အနည်းငယ်မျှမာဆတ်ဆတ်ဖြစ်နေလင့်ကစား ရှန်းရှီကောကို ဥပေက္ခာမပြုထားနိုင်ပေ။ သူ့ဘက်မှ အကူအညီမလိုအပ်ခဲ့သည့်တိုင် အနှီသူက ယခုလေးတင်ပင်သူ့အားကူညီပေးခဲ့သည်။ သူအကြောက်ဆုံးက ရှန်းရှီကောပင်ဖြစ်ပြီး အနှီသူကသူနှင့် ဝေးရာတွင်ရှိနေလေ၊ သူ့အတွက် အကောင်းဆုံးကူညီမှုဖြစ်လေပင်။
ရှန်းရှီကော: "မင်းဒဏ်ရာမရလို့တော်ပါသေးရဲ့...ငါကယွိဖေးဖိတ်လို့လာတာ...ငါလာမယ်ဆိုတာမင်းကိုပြောထားသေးလား..."
ဖုယွမ်ကျိုးခေါင်းခါပြလိုက်သည်။ သူက ရှန်းရှီကောစကားကိုမယုံကြည်သောကြောင့် ယွိဖေးကထိုသို့ပြောလိမ့်မည်ဟုလည်း မယုံကြည်ပေ။ ယွိဖေးက ရှန်းရှီကောနှင့်မပတ်သတ်တော့ပါဘူးဟု သူ့အားကတိပေးခဲ့သည်။ ရှန်းရှီကောကို အားကစားစုံညီပွဲကိုလာရန် ယွိဖေးကဖိတ်ခေါ်ခဲ့မည်ဟုမထင်ပေ။
"ငါမင်းပြိုင်တာကိုကြည့်လိုက်ရတယ်..အရမ်းကောင်းတယ်..ဆီမီးဖိုင်နယ် တက်သွားပြီနော်...ဂုဏ်ယူပါတယ်ကွာ..."
ရှန်းရှီကောကပြုံးကာ လက်ဆွဲနှုတ်ဆက်ရန်ပြင်သည်။ ဖုယွမ်ကျိုးက ထိုသူနှင့်မထိတွေ့ချင်သောကြောင့် လက်ဆွဲနှုတ်ဆက်ရန်ငြင်းပယ်လိုက်ပြီး ခေါင်းကိုသာအသာညိတ်ပြလိုက်သည်။
သူ့အပြုအမူကြောင့် ရှန်းရှီကော၏အပြုံးကဖျော့တော့သွားပြီး လက်ပြန်ရုတ်သွားကာ သူ့အားညင်သာသည့်အသံဖြင့်မေးလာလေ၏။
"မင်းကိုကြည့်ရတာ ငါ့ကိုသဘောမကျသလိုပဲနော်...ဘာလို့လဲ..ငါမင်းအပေါ်မကောင်းတာလုပ်မိလို့လား..."
"ငါတို့ကမတူကြဘူးလေ..."
ဖုယွမ်ကျိုးမှာ ရှန်းရှီကောကို မနှစ်သက်ခြင်းမဟုတ်ပါဟု မငြင်းနိုင်ခဲ့ပေ။
"တကယ်ကြီးလား"
ရှန်းရှီကောက သူ့အား နင့်နင့်နဲနဲကြည့်လာ၏။
"မင်းဘယ်အချိန်တည်းက အဲဒီလိုတွေးတာလဲ...လွန်ခဲ့တဲ့တစ်နှစ်တည်းကလား...တစ်လကျော်က..အရင်အပတ်က"
လွန်ခဲ့သည့်တစ်နှစ်က သူတို့နှစ်ယောက်ပထမဆုံးအကြိမ်တွေ့ခဲ့ကြပြီး ထိုအချိန်တည်းက သိကျွမ်းခဲ့ကြသည်။ တစ်နှစ်ကြာပြီးနောက် ဖုယွမ်ကျိုးသည် အရင်လက ရှန်းရှီကောကို အကြောင်းမရှိဘလော့ပစ်ခဲ့ပြီး ထပ်မဆက်သွယ်တော့ပေ။ တစ်ပတ်ကြာပြီးနောက် သူတို့ပထမဆုံးအကြိမ်အဖြစ်ပြန်တွေ့ကြပြန်သည်။
ထိုသူဘက်မှ ပွင့်ပွင့်လင်းလင်းမေးလာရခြင်းမှာ ဖုယွမ်ကျိုးက 'ရှောင်ချီး' ပင်ဖြစ်ကြောင်း အတပ်သိနေသောကြောင့်ပင်။ ဖုယွမ်ကျိုးဝန်မခံချင်သော်လည်း သူပြောတော့မည့်အချိန်တွင် သူ့အားအနောက်မှလှမ်းခေါ်လိုက်သံကိုကြားလိုက်၏၊ သူရင်းနှီးနေခဲ့သောအသံပင်။
"မင်းအဆင်ပြေရဲ့လား..."
ယွမ်ယဲ့က ပွဲပြီးသည်နှင့် ဖုယွမ်ကျိုးသတင်းကိုကြားလိုက်ရသောကြောင့် အမြန်ပြေးလာခဲ့ရသည်။ ထိုသူသည်ကား ဖုယွမ်ကျိုး၏ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ အပေါ်အောက်ကြည့်လာလေ၏။
"သူတို့မင်းကိုဘယ်နေရာတွေထိခိုက်အောင်လုပ်သွားလဲ..."
အနှီသူ၏မျက်လုံးများက အေးစက်ပြီး စာနာစိတ်ကင်းမဲ့နေ၏။ သူသာ ဆံပင်တစ်ချောင်းကျွတ်သွားပါက ထိုအုပ်စု၏လက်များကို ဆွဲဖြုတ်ပစ်တော့မည့်ပုံ။
"သူတို့ကငါ့ကိုဘာလုပ်နိုင်မှာလဲကွာ..."
ဖုယွမ်ကျိုးက ပြုံးကာ စိတ်ပေါ့သွားစေရန် ထိုသူ့ပုခုံးကိုပုတ်ပေးလိုက်လေသည်။ ယွမ်ယဲ့က သူ့ပုခုံးအားကိုင်ထားသည့်လက်တို့ကို အားထည့်လိုက်ပြီး သူ့အားတခဏမျှဖက်ထားခဲ့၏၊ သို့ရာတွင် ထိုနေရာတွင် ပွဲကြည့်နေသူအများအပြားရှိသည်။ ဖုယွမ်ကျိုးမှာ မပျော်မရွှင်ဖြစ်နေရသော်လည်း အနှီသူကိုအဆုံးအထိလုပ်ခွင့်ပေးထားလိုက်ရလေသည်။
အစက ဖုယွမ်ကျိုး၏အသားအရေမှာ အတော်လေးဖြူရော်နေခဲ့သော်လည်း ယွမ်ယဲ့ရောက်လာသည်နှင့် သူပျော်ရွှင်သွားခဲ့ပြီး အနှီကွဲပြားမှုလေးကို ရှန်းရှီကောကဖမ်းဆုပ်လိုက်နိုင်ခဲ့သည်။ အနှီသူသည်ကား အဓိပ္ပါယ်တစ်မျိုးဖြင့်မေးလာခဲ့၏။
"ဒီတော့ မင်းတို့အချင်းချင်းသိကြတယ်ပေါ့..."
သူလည်း ယွမ်ယဲ့ကိုသိနေခဲ့သည်။ နောက်ဆုံးတကြိမ်က ဖုယွမ်ကျိုး ဂျပန်စားသောက်ဆိုင်မှထွက်သွားသည်ကိုရိပ်ကနဲမြင်လိုက်ရသည့်အခါ သူနောက်မှလိုက်ရန်ကြိုးစားသော်လည်း လူတစ်ယောက်ကသူ့အားတားခဲ့သည်။
ထိုသူကယွမ်ယဲ့ပင်။ ထိုအချိန်က တိုက်ဆိုင်ခဲ့သည်ဆိုပါလျှင် ယခုအကြိမ်ကမဟုတ်တော့ပေ။
"မင်းကိုး...?"
ယွမ်ယဲ့က ဖုယွမ်ကျိုးကိုသာအာရုံစိုက်နေမိ၍ ယခုမှ ရှန်းရှီကောကိုသတိထားမိသွားခဲ့သည်။ သူလည်း ထိုပုဂ္ဂိုလ်ကိုမှတ်မိနေပါ၏။ ဖုယွမ်ကျိုးက ရှန်းရှီကောကိုမြင်တိုင်း ကြောက်လန့်နေတတ်သည်ကို သူဘယ်တော့မှမမေ့ပေ။
သူသည်အေးစက်လှသည့်မျက်လုံးများနှင့် ဖုယွမ်ကျိုးကိုပြောလိုက်ချေသည်။
"မင်းအရင်ပြန်နှင့်...တာ့ယန်မင်းကိုရှာနေတယ်..."
အမှန်တော့ ဆရာတာ့ယန်က ဖုယွမ်ကျိုးကိုလိုက်ရှာနေခြင်းမရှိပေ။ သူအမြန်ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"ဒါဆိုလည်း ငါသွားနှင့်မယ်.."
သူသည် ရှန်းရှီကောကိုပင်မကြည့်တော့ဘဲ ထွက်သွားလိုက်လေ၏။ ရှန်းရှီကောက အသံမထွက်ဘဲ ထိုသူ၏နောက်ကျောပြင်ကိုသာငေးကြည့်နေခဲ့သည်။
"သူမင်းကိုမတရားမုန်းနေတာကို မင်းလည်းမြင်မှာပေါ့.."
"ဒီတော့ မင်းသူနဲ့ဝေးဝေးနေလိုက်...သူရောမင်းရောကောင်းဖို့အတွက်ပေါ့..."
ယွမ်ယဲ့ကပြုံးကာ ရှန်းရှီကောပုခုံးကိုပုတ်လိုက်သည်။ အပြင်ပန်းပုံစံအရ ခင်မင်သလိုလုပ်ပြနေသော်လည်း တချိန်တည်းမှာပင် ရန်လိုသည့်အငွေ့အသက်တို့က ထွက်ပေါ်နေခဲ့၏။ မြင့်မားသည့်အန္တရာယ်သတိပေးချက်များဖြင့် ရှန်းရှီကောကို တိုက်ရိုက်ချိန်ရွယ်ထားခဲ့ပြီး တဖက်လူက မတုံ့ပြန်လာခင် အရင်နောက်ဆုတ်သွားခဲ့သည်။
အယ်လ်ဖာများက ယခုလိုပြင်းထန်သည့်ဖယ်ရိုမုန်းများ လွှမ်းမိုးလာခြင်းကို အချိန်အကြာကြီးတောင့်မခံထားနိုင်ကြပေ။ သို့သော်လည်း ရှန်းရှီကောက တုံ့ပြန်ခြင်းပင်မရှိ။ အနှီသူကိုတိုက်ခိုက်ရန် ဖယ်ရိုမုန်းများကိုလွှင့်ထုတ်လိုက်ခြင်းလည်းမရှိဘဲ ယွမ်ယဲ့ကိုတည်ငြိမ်စွာပင်ပြောလာခဲ့သည်။
"အချိန်ကောင်းလေးတွေပိုင်ဆိုင်ရပါစေ..."
ယွမ်ယဲ့က ရှန်းရှီကောကို ခပ်သဲ့သဲ့ပြုံးပြပြီး လက်ဝှေ့ယမ်းကာ ဖုယွမ်ကျိုးသွားရာအနောက်သို့လိုက်သွားလေ၏။