Chapter 37
Viewers 2k

♎️Chapter 37




ရှန်းရှီကောသည် ချက်ချင်း LED ဘုတ်ပြားထံသို့လှမ်းကြည့်လိုက်၏။ မျက်နှာပြင်ကျယ်ပေါ်တွင် ကွင်းတစ်ခုလုံးအားခြုံငုံပြသထားပြီး ယွိဖေးပုံရိပ်ကပေါ်လာခဲ့၏။ ကင်မရာက သူ့မျက်နှာကိုအကြိုက်တွေ့စွာဖြင့်အနီးကပ်ရိုက်နေလေသည်။ 


မျက်နှာပြင်ကိုလှမ်းကြည့်ပြီး ရှန်းရှီကော ယွိဖေးရှိရာနေရာကိုရှာတွေ့သွားခဲ့သည်။ ယွိဖေးက လက်ရှိတွင် မည်သည့်ပြိုင်ပွဲကိုမှဝင်မပြိုင်ထားပေ။ ပြိုင်ပွဲဝင်အတန်းဖော်များကိုသာ အားပေးနေလေ၏။ သူထိုနေရာ၌ တစ်မိနစ်နေလေ မိန်းကလေးများကတက်ကြွလေဖြစ်ပြီး ပြိုင်ပွဲတွင်ရလဒ်ကောင်းများထွက်လာစေလေသည်။ 


ယွိဖေးမှာ အာရုံပျံ့လွင့်နေကာ ဖုယွမ်ကျိုးကိုသာလိုက်ရှာချင်နေ၏။ မဟုတ်လျှင်လည်း ဖုယွမ်ကျိုးက သူ့အားရှာတွေ့စေရန် စောင့်နေရာ သူ့အနားတွင်လူများဖြင့်ဝိုင်းနေပြီး မကြာခင် သူရှန်းရှီကောကိုတွေ့သွားခဲ့၏။ ထို့နောက် သူ၏စိတ်ရှုပ်ထွေးနေသည့် အမူအရာကပို၍ပင်သိသာလာလေသည်။ 


"လော့ရန်စုန့်..." 

ယွိဖေးကား အံ့ဩသွားရချေသည်။ 

"ဘယ်နှယ့်လုပ်ပြီး ဒီမှာရှိနေတာလဲ..." 


ထို့နောက် သူသည် ခဏမျှစကားကိုရပ်လိုက်ကာ အမြန်မေးလိုက်လေသည်။ 

"မင်းယွမ်ယွမ့်ကိုလာရှာတာလား...တွေ့လိုက်သေးလား..." 


ရှန်းရှီကော: "တွေ့ခဲ့တယ်..." 


စက္ကန့်အနည်းငယ်ကြာသွားပြီးမှ ယွိဖေးကဆက်ပြောလာခဲ့သည်။ 


"ငါပြောပြီးပြီလေ...သူကမင်းလိုက်ရှာနေတဲ့ ရှောင်ချီးမဟုတ်ဘူးလို့...သူ့ကိုထပ်ပြီးမနှောင့်ယှက်နဲ့တော့..." 


"သူကရှောင်ချီး..." 

ရှန်းရှီကောကလည်း လုံးဝမလျှော့ပေ။ 


ယွိဖေး: "မင်းမှာသက်သေအတိအကျရှိလား..." 


ရှန်းရှီကော: "သူမဟုတ်ပါဘူးလို့ မင်းကရောအတိအကျပြောနိုင်လို့လား..." 


မှန်သည်။ ယွိဖေးကလည်း အတိအကျမပြောနိုင်၍ လှီးလွှဲဖြေလိုက်ရတော့သည်။ 


"မင်းအဲဒီလိုဆက်တိုက်လုပ်နေရင် သူမင်းကိုမုန်းသွားလိမ့်မယ်..." 


ရှန်းရှီကော: "သူကငါ့ကိုနဂိုတည်းကမုန်းနေတာ...ဘာလို့လဲတော့မသိဘူး...မုန်းလွန်းလို့ ငါ့ကိုတောင် သူကရှောင်ချီးပါဆိုတာကို ဝန်မခံတဲ့အထိပဲ..." 


ယွိဖေး ဆွံ့အသွားခဲ့ရသည်။ 


"ဗြုန်းစားကြီး သူ့ဆီကနေအမုန်းခံရတာ ငါတကယ်ဝမ်းနည်းတယ်..." 


ရှန်းရှီကောသည်ကား အသံကိုနှိမ့်ပြောနေသော်လည်း နှုတ်ခမ်းကပြုံးနေဆဲပင်။ 


"ဒါပေမဲ့ အကြောင်းမရှိဘဲ သူငါ့ကိုအဆက်အသွယ်ဖြတ်မှာမဟုတ်ဘူး...ငါသူ့ကိုမတွေ့ရတာအတော်လေးကြာနေပြီ..ငါလည်းသေချာမသိတော့ဘူး...သူကငါမျှော်လင့်ထားတာထက်တောင် ပိုပြီးပြည့်စုံနေတယ်.." 


ယွိဖေးသည်ကား မသိမသာမျက်မှောင်ကြုတ်လိုက်မိချေ၏။ သူ့စိတ်ထဲတွင်တော့ သူ၏ကျိုးအာလေးက အဘက်ဘက်တွင်ပြည့်စုံနေပြီးသားပင်။ သို့ထိတိုင် အခြားယောကျ်ားတစ်ယောက်ထံမှ ထိုစကားကိုနားထောင်ရန်အထိ မတွေးထားခဲ့ပေ။ 


ရှန်းရှီကော: "ငါဒီကိုလာတာ မင်းဆီကအကူအညီတောင်းဖို့..ငါဒီနေ့လာတာ ရှောင်ချီးကိုတွေ့ချင်လို့ဆိုပေမဲ့ မင်းနာမည်ကိုသုံးထားလိုက်တယ်...ငါအဲဒီအကြောင်း မင်းကိုပြောချင်လို့..." 


၎င်းက ယွိဖေးထံမှတဖက်သက်ခွင့်တောင်းလိုက်ခြင်းပင်ဖြစ်ပြီး ယွိဖေးက ပြုံးကာ တည်တည်ငြိမ်ငြိမ်ပင်ပြန်မေးလိုက်လေသည်။ 

"ငါကဘာကိစ္စကြောင့် မင်းကိုကူညီရမှာလဲ..." 


"ဘာလို့လဲဆိုတော့ မင်းလည်းငါ့အကူအညီကိုလိုတယ်လေ..." 

ရှန်းရှီကောက ဆက်ပြောလိုက်၏။

"မင်းရဲ့လျို့ဝှက်ချက်ကို ကောင်းကောင်းထိန်းထားနိုင်ဖို့ပေါ့..." 


လုံလောက်ပြီ။ 


ယင်းက ယွိဖေးမျှော်လင့်ထားပုံနှင့်မတူခဲ့ပေ။ ရှန်းရှီကောက သူတားမြစ်ဆေးများကို ဝယ်ထားမှန်းသိနေခဲ့သည်။ တနေ့တွင် ရှန်းရှီကောက သူ့အား ထိုကိစ္စနှင့်ခြိမ်းခြောက်လာလိမ့်မည်မှန်း သူကြိုတွေးထားခဲ့ပြီးသားပင်။ 


"မင်းယွမ်ကျိုးကိုပြောလိုက်လို့ရပေမဲ့..." 

ယွိဖေးက အာမမခံနိုင်သလိုသာ တုံ့ပြန်လိုက်သည်။ 


"သူက မင်းကိုယုံမှာလား..ငါ့ကိုယုံမှာလား.." 


ဖုယွမ်ကျိုးက သူ့အားအတော်လေးရွံရှာနေပြီး သူ့အရှေ့တွင်ထပ်ပေါ်လာပါက ပြောစရာစကားပင်ရှိတော့မည်မဟုတ်။ အင်မတန်မှရှင်းလင်းနေပြီပင်။ 


"ငါသူ့ကိုမပြောပြပါဘူး.." 

ရှန်းရှီကော၏ နှုတ်ခမ်းများကပင့်တက်သွားခဲ့၏။ 


"ငါကမင်းရဲ့ဝမ်းကွဲညီအစ်ကို ရှဲ့လင်ကိုပဲသွားပြောမှာ..." 


ယွိဖေးမျက်လုံးများက မည်းမှောင်သွားရသည်။ ရှန်းရှီကောက သူ၏ပျော့ကွက်ကိုအမိအရဆုပ်ကိုင်ထားခဲ့၏။ ရှဲ့လင်သာသိသွားခဲ့ပါက အခြေအနေက ယခုနှင့်ကွဲပြားသွားလိမ့်မည်သာ။ 


ရှဲ့လင်က သူ့ထံတွင် ဖယ်ရိုမုန်းအာရုံခံချို့ယွင်းသည့်ရောဂါ ရှိနေသည်ဆိုသည့်ပြောဆိုချက်ကိုမယုံကြည်ခဲ့ပေ။ ရှန်းရှီကောသာ သူ အဆိုပါ တားမြစ်ဆေးများကိုဝယ်ထားသည့်သက်သေကို ရှဲ့လင်ထံသွားပြလိုက်လျှင် ရှဲ့လင်က သူ့အားစစ်ဆေးခံရန် ဆေးရုံကိုချက်ချင်းခေါ်သွားလိမ့်မည်။ ယခင်က သူဝယ်ထားခဲ့သည့်ဆေးများကိုလွှင့်ပစ်လိုက်ပြီ။ ထို့ကြောင့် ယခုအချိန်တွင် စစ်ဆေးခံလိုက်ရပါက အားလုံးပေါ်သွားလိမ့်မည်။ 


သူအသံတိတ်နေသည့်အခါ ရှန်းရှီကောက ပြုံး၍ညင်သာစွာပြောလိုက်၏။ 


"မင်းငါ့ကိုဘာမှလုပ်ပေးစရာမလိုပါဘူး..မင်းငါ့ကိုသူငယ်ချင်းလိုသဘောထားပြီး ခေါ်နေသမျှ ငါရှောင်ချီးကိုတွေ့လို့ရပြီ..." 


"တစ်လ..." 

ယွိဖေးကပြောလိုက်သည်။ 


"တစ်လပဲရမယ်..." 


တစ်လပြီးသွားလျှင် ကုသ၍လည်းပြီးသွားပြီ။ သူ၏ 'ချို့ယွင်းမှု' လည်းပျောက်သွားလောက်ပြီး ရှန်းရှီကောလည်း သူ့အားထပ်ပြီးခြိမ်းခြောက်နိုင်မည်မဟုတ်တော့ပေ။


"အိုကေ..." 

ရှန်းရှီကောက ပြုံးလိုက်သည်။ 


"တစ်လပြီးရင် ငါ ရောင်းတဲ့လူဆီက ဒေတာတွေကိုဖျက်ခိုင်းလိုက်မယ်..." 


သူတို့နှစ်ယောက် ကျိတ်တိုးစကားပြောနေကြစဥ် ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့က အတန်းရှိရာအရန်ခုံကိုပြန်လာကြပြီး ယွမ်ယဲ့က သူ့အားစိုးရိမ်သလိုမေးလာ၏။


"သူမင်းကိုတစ်ခုခုလုပ်လိုက်သေးလား..." 


"မလုပ်ပါဘူး..." 


ရှန်းရှီကောအနားမှထွက်လာနိုင်ပြီဖြစ်၍ ဖုယွမ်ကျိုးတစ်ယောက် စိတ်အေးသွားရပြီး သက်ပြင်းမောချလိုက်မိချေသည်။ ယွမ်ယဲ့က ရှန်းရှီကောကိုပညာပေးချင်သေး၍ ပြန်သွားချင်သေးသော်လည်း သူခေါင်းခါပြီးငြင်းလိုက်ရသည်။ 


"သူကငါ့ကိုကူညီပေးခဲ့တာ..." 


"သူကမင်းကိုကူညီပေးတတ်သေးတယ်ပေါ့" 


ယွမ်ယဲ့ကမယုံကြည်ပေ။ သူ့ဘက်မှကြည့်လျှင် ရှန်းရှီကောက ဖုယွမ်ကျိုးကို အန္တရာယ်မပေးလိုက်၍တော်သေးသည်ဟုယူဆနိုင်သေးသော်လည်း ကူညီတယ်ဆိုခြင်းက မည်သို့ဖြစ်နိုင်မည်လဲ။ 


"ဟို...." 


ဖုယွမ်ကျိုးက အသံတိုးတိုးနှင့်တုံ့ပြန်ပြီး ခေါင်းငုံ့ကာ ရုတ်တရက်စိတ်ဓာတ်ကျလာရချေသည်။ 


သူယခင်ဘဝက ဖြစ်ပျက်ခဲ့သမျှတို့ကို ပြန်လည်အောက်မေ့လိုက်သည်။ ရှန်းရှီကောက သူ့အားကာကွယ်ပေးရန် အသေအလဲဖြစ်နေလင့်ကစား အခြားသူများကိုလည်းအနားအကပ်မခံခဲ့သလို သူကိုယ်တိုင်လည်း အနားမကပ်ခဲ့။ သူရှန်းရှီကောကိုမုန်းတီးမိပြီး သေအောင်ရိုက်သတ်ပစ်ချင်သည့်အချိန်များတွင် ရှန်းရှီကောအရင်ဆုံးလုပ်တတ်သည်က လွတ်အောင်ထွက်ပြေးခြင်းမဟုတ်ဘဲ သူ့လက်ထိခိုက်မိသွားမည်ကို စိုးရိမ်ခဲ့ခြင်းသာ။ 


သူ့ကိုရှန်းရှီကောက ပိတ်လှောင်ထားလိုက်ပြီးသည့်နောက် သူ၏စိတ်က ဒေါသ၊ ကြောက်ရွံ့မှုမှတဆင့် ထုံထိုင်းမှုအဖြစ်သို့ပြောင်းလဲသွားခဲ့၏။ အဖြစ်အပျက် အများအပြားဖြစ်ပျက်ခဲ့​ပြီး သူအကြိမ်ကြိမ်သေကြောင်းကြံစည်ရန်ကြိုးစားခြင်းများအပါအဝင် ကိစ္စအများအပြားကိုကြုံတွေ့ခဲ့ရသေးသည်။ 


ထိုအချိန်တိုင်း ရှန်းရှီကောကသာ သူ့ကိုအမြဲကယ်တင်ပေးခဲ့၏၊၊ သူမျက်လုံးဖွင့်လိုက်တိုင်း ရှန်းရှီကော၏မျက်နှာကိုသာမြင်တွေ့ရတတ်သည်။ ရှန်းရှီကော၏ဂရုစိုက်ပေးမှုကြောင့် သူပြန်သက်သာလာတိုင်း ရှန်းရှီကော၏လက်တဝိုက်တွင် ဒဏ်ရာရထားသလို ပတ်တီးများအပြည့်ဖြစ်နေတတ်၏။ 


အစပိုင်းတွင်မူ ဖုယွမ်ကျိုးက သူ့အားဂရုမစိုက်ခဲ့ပေ၊ ရှန်းရှီကောကလည်း ဒဏ်ရာရသည့်အကြောင်းကိုထုတ်မပြောတတ်သော်လည်း အရေအတွက်ကပိုများလာခဲ့သည်။ ဖုယွမ်ကျိုး ဒဏ်ရာရတိုင်း သို့မဟုတ် သူ့ကိုယ်သူထိခိုက်အောင်လုပ်မိတိုင်း ရှန်းရှီကော၏ကိုယ်ပေါ်တွင်လည်း ဒဏ်ရာနှင့်အမာရွတ်များ ပေါ်လာတတ်သည်။ 


နောက်ပိုင်းတွင် ရှန်းရှီကောက သူ့ကိုယ်သူထိခိုက်အောင်လုပ်နေခဲ့ကြောင်း ဖုယွမ်ကျိုးသဘောပေါက်လာခဲ့၏။ 


ထိုသူသည် ဖုယွမ်ကျိုးကို မည်သူကမှမထိပါးနိုင်အောင်လုပ်ထားသော်လည်း သူကမှ ဖုယွမ်ကျိုးကိုအထိခိုက်စေနိုင်ဆုံးဖြစ်ခဲ့သောကြောင့် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူအပြစ်ပေးနေခြင်းသာ။ 


ထိုအခြင်းအရာကမှ ဖုယွမ်ကျိုးအတွက် အကြောက်ရွံ့ဆုံးနှင့် အနာကျင်ဆုံးအရာဖြစ်စေခဲ့သည်။ ရှန်းရှီကော ယခုလိုဖြစ်နေရသည့်အကြောင်းအရင်းကိုသူနားမလည်ခဲ့ပေ။ သူ့အားလွှတ်ပေးလိုက်သည်နှင့် နှစ်ယောက်ကြားမှ ရက်စက်သည့်ညှင်းပန်းမှုတို့အဆုံးသတ်သွားလိမ့်မည်ဖြစ်ကြောင်း သေချာနေသည့်တိုင် ရှန်းရှီကောက စွဲလန်းနေပြီး နေ့နှင့်ညတိုင်း သူ့အားအနားတွင်ထားချင်နေခဲ့သည်။ သူ့ကိုစောင့်ကြည့်ပြီး အကျဥ်းချထားချင်ခဲ့သည်။ 


သူနောက်တကြိမ်ပြိုလဲသွားခဲ့ပြီး ရှန်းရှီကောက သူ့အားယခုလိုဆက်ဆံနေရသည့်အကြောင်းအရင်းကို မေးချင်ခဲ့သည်။ သူသည်ကား စိတ်လှုပ်ရှားရလွန်း၍ ရှန်းရှီကော၏လက်ကိုဆုပ်ကိုင်ထားမိပြီး ဒဏ်ရာကပြန်ပွင့်လာခဲ့သည်။ သွေးများက ပတ်တီးစကြားမှစိမ့်ထွက်လာခဲ့ကာ သူ၏အဝတ်အစားများအပေါ်ကိုပင် သွေးများဖြင့်စွန်းပေစေခဲ့၏။ 


"ဘာလို့လဲဆိုတော့ မင်းကိုယ့်ကိုထားခဲ့ရင် ကိုယ်သေသွားလိမ့်မယ်..." 


ရှန်းရှီကောသည် အင်မတန်သိမ်မွေ့လှသည့်အပြုံးဖြင့် သူ့လက်ကိုဆုပ်ကိုင်ရင်း ပေသွားသည့်သွေးစတို့ကို နည်းနည်းချင်းစီသုတ်ပေးနေခဲ့၏။ 


"ရှောင်ချီး...ကိုယ်တကယ်ပြောတာပါ...မင်းနားလည်ရဲ့လား...မင်းကိုယ့်ကိုထားခဲ့တာနဲ့ ကိုယ်သေသွားလိမ့်မယ်..." 


"သေသေရှင်ရှင် ကိုယ့်အတွက် အရေးမကြီးပါဘူး...ဒါပေမဲ့ မင်းကိုတွေ့လိုက်ရပြီပဲလေ..ကိုယ်အသက်ရှင်ချင်တယ်...ဒါမှမင်းကိုငေးကြည့်နေလို့ရမှာပေါ့..." 


"ဒါကြောင့် ကိုယ်မင်းကိုမလွှတ်ပေးနိုင်ဘူး...တောင်းပန်ပါတယ်..." 


ရှန်းရှီကောဆိုလိုချင်သည့်အဓိပ္ပါယ်ကို သူနားမလည်ပေ။ သို့သော်လည်း ရှန်းရှီကောက အမှန်အတိုင်းပြောနေခဲ့ခြင်းဖြစ်ကြောင်း သူခံစားမိခဲ့သည်။ 


သူသည်ကား ရှန်းရှီကောဘဝ၏အဓိပ္ပါယ်ဖြစ်ခဲ့လေ၏။


*****


ဖုယွမ်ကျိုးအတွက်မူ သူ့အပေါ်ထားရှိသောရှန်းရှီကော၏ခံစားချက်များက သည်းခံနိုင်ဖို့ရာ ခက်ခဲလွန်းလှသည်။ 


သူနာကျင်ခံစားနေပါက ရှန်းရှီကောသည်လည်း သူ့ထက်ပိုဆိုးရွားသည့် နာကျင်မှုမျိုးကိုခံစားရတတ်သည်။ ရှန်းရှီကောကသူ့အား ပိတ်လှောင်ထားပြီး နှစ်ဦးသားမှာအပြန်အလှန် ညှင်းပန်းခဲ့ကြသည်။ ဖုယွမ်ကျိုးမှာ သူရှန်းရှီကောကိုကြောက်ရွံမုန်းတီးရသည့်အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ၊၊ သို့တစေ ညသန်းခေါင်ယံရောက်တိုင်း အတိတ်မှအဖြစ်အပျက်တို့က အိပ်မက်ထဲတွင်ပြန်ပေါ်လာနေဆဲ။ သူတို့၏အပျော်ရွှင်ရဆုံးနှစ်များနှင့် အတူရှိခဲ့ကြသည့်အချိန်များ...။ 


ရှန်းရှီကောက သူ့အား အမှန်တကယ်ပျော်ရွှင်စေခဲ့ပြီး ပိုပြင်းထန်သည့်နာကျင်မှုတို့ကိုလည်းပေးခဲ့သည်။ ရှန်းရှီကောက သူ၏အတိတ်နှင့် နက်ရှိုင်းစွာဆက်နွယ်နေပြီး နာကျင်မှုတို့ကလည်း ကြောက်ရွံ့ဖွယ်ကောင်းလောက်သည်အထိ သိသိသာသာခံစားခဲ့ရသည်။ 


ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း အနာဂတ်တွင် ရှန်းရှီကောနှင့်သူ ဆက်ဖြစ်လာမည့်အရာတို့ကိုမခန့်မှန်းခဲ့မိသည်မဟုတ်သော်ငြား မစဥ်းစားရဲခဲ့ပေ၊၊ ယခုတော့ ရှန်းရှီကောကိုလက်စားချေနိုင်မည့် သတ္တိပင်ပျောက်ဆုံးသွားခဲ့ပြီ။ နောက်ဆုံးတွင် ထိုအစိုင်အခဲကကြီးထွားလာပြီး ဤဘဝတွင် ရှန်းရှီကောနှင့်ဝေးဝေးနေနိုင်သမျှ တူညီသောအမှားမျိုး ထပ်မဖြစ်လာနိုင်တော့ပါဟုလည်း အာမခံနိုင်ခြင်းမရှိတော့ပေ။ 


ဖုယွမ်ကျိုး၏စိတ်အခြေအနေက သိပ်မကောင်းလှပေ။ သူ၏မျက်နှာကြောင့် ဘေးတွင်ထိုင်သည့်ယွမ်ယဲ့က သူပျော်လာသည်အထိကြိုးစားပေးနေခဲ့သည်။ ဖုယွမ်ကျိုးမျက်နှာက အုံ့မှိုင်းနေဆဲပင်ဖြစ်ကြောင်းတွေ့လိုက်ရသည့်အခါ ထိုသူမှာ ရိုးရိုးရှင်းရှင်းပင်မတ်တပ်ရပ်လိုက်လေ၏။ 


"ငါလူတစ်ယောက်ကို တည့်တည့်ကြီးသွားထိုးလိုက်တာမှပိုကောင်းမယ်ထင်တယ်..မင်းဒီမှာပဲစောင့်နေ..." 


"မလုပ်နဲ့...မလုပ်စမ်းပါနဲ့...ထိုင်နေစမ်းပါဟ!" 


ဖုယွမ်ကျိုးက အနှီသူ၏စကားကိုကြားလိုက်ရသည်နှင့် ထိုသူကိုဆွဲကာပြန်ထိုင်ခိုင်းလိုက်ရသည်။ သူအကြောင်းပြချက်ကိုဂရုမစိုက်ပေ။ ယွမ်ယဲ့သာ လူတစ်ယောက်ကိုသွားရိုက်တယ်ဆိုရင် သူ ကျောင်းတက်နိုင်ပါဦးမလား။ ချက်ချင်းကျောင်းထုတ်ခံရမှာကိုမကြောက်ဘူးလား။ 


"မင်းနောက်ဆုံးတော့ ငါ့ကိုဂရုစိုက်လာပြီပေါ့နော်" 

ယွမ်ယဲ့က အရယ်တဝက်ဖြင့်ပြန်ထိုင်လိုက်သည်။ 


"မင်းအခုထိစိတ်ခုနေတုန်းပဲလား..." 


ဖုယွမ်ကျိုးက သူ့အားခဏလောက်ကြည့်ပြီးမှ ခေါင်းယမ်းပြီးပြုံးပြလိုက်သည်။ လူတစ်ယောက်ကို တဖက်သတ်သဘောကျနေသူတိုင်း ထိုလူကို သေးသေးလေးမှအစဂရုစိုက်ပေးတတ်ကြသည်ပင်။ ထိုသူသာ သူ့အနားတွင်ရှိနေသရွေ့ သူ့အားအတိုင်းအဆမရှိနွေးထွေးစေလေသည်။ 


"ကောင်းတယ်..." 

ယွမ်ယဲ့ကသူ့ဆံပင်ကိုထိလာသော်ငြား ဖုယွမ်ကျိုးကမကြိုက်သလို ပုတ်ထုတ်လိုက်၏။ 


"ဒါပေမဲ့ ငါဒေါသထွက်နေတုန်းပဲ...မင်းတစ်ခုခုပြောလိုက်တာနဲ့ ငါကမင်းဖြစ်စေချင်တဲ့အတိုင်းလုပ်ပေးမှာ..." 


ဖုယွမ်ကျိုးက လက်ချောင်းလေးများကိုကွေးလိုက်သည်။ ထိုသူ၏ဆံပင်ကိုထိချင်သောကြောင့် ယွမ်ယဲ့ကိုခေါင်းငုံ့ခိုင်းလိုက်၏။ ကြည်နူးမှုတစ်မျိုးက သူ့နှလုံးသားထဲတွင်ပေါက်ဖွားလာခဲ့သည်။ ယွမ်ယဲ့က သူ့အားအချိန်တစ်ခုခန့် ပေးကိုင်ထားပြီးနောက် ရုတ်တရက်ပြောလာ၏။ 


"ငါသူများတွေပြောတာကြားခဲ့တယ်...လျိုဖေးကလည်းပြောတယ်...မင်းကငါ့ရဲ့အိုမီဂါဆို..." 


"လျိုဖေးဆိုတာကဘယ်သူလဲ...." 


"ငါ့ရဲ့ရည်းစားဟောင်း..." 


"အဓိပ္ပါယ်မရှိတာ..." 

ဖုယွမ်ကျိုးက ငြင်းဆန်လိုက်လေ၏။ 


"သူအထင်လွဲနေတာပါ..နေပါစေ..." 

ယွမ်ယဲ့ကသူ့အနားကိုကပ်လာပြီး နားရွက်အားကိုက်လိုက်ကာ ရယ်သံနှော၍ဆိုလာခဲ့သည်။ 


"ငါ့ရဲ့အိုမီဂါပဲလုပ်လိုက်ပါတော့..." 


ဖုယွမ်ကျိုးက သူ့အားစိတ်မရှည်တော့သလိုတွန်းထုတ်ပစ်လိုက်သည်။ 


မနက်ပိုင်းပွဲစဥ်များအပြီးတွင် ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးအပြင် လူအများအပြားက အော်ဒါမှာစားကြသည်။ တာ့ယန်ကမူ လူတိုင်းအားမသွားခင် အမှိုက်များသိမ်းရန်သတိပေးနေပြီး တန်းခွဲ ၇ နှင့် အမှတ် ၁ အလယ်တန်းကျောင်းကို အမှတ်နှုတ်မခံရအောင် တိုက်တွန်းသွားလေ၏။ နေ့လယ်ပိုင်းကစားပွဲများပြီးသည့်အခါ ဖုယွမ်ကျိုးက ဝင်ပြိုင်ရန်နှစ်ပွဲကျန်နေသေးသည်၊ လက်ဆင့်ကမ်းပြေးပွဲနှင့် အမြင့်ခုန်ခြင်းနှစ်ခုလုံးက အောင်မြင်သွားသောကြောင့် တာ့ရန်ကအရယ်မရပ်တော့ပေ။ 


မိန်းကလေးကလည်း နေ့လယ်ပိုင်းတွင်ရောက်လာပြီး သူမအားကူညီပေးသည့်အတွက် ဖုယွမ်ကျိုးကိုကျေးဇူးတင်သည့်အကြောင်းပြောသွားခဲ့သည်။ ဖုယွမ်ကျိုးကမူ ဘာမှအားမစိုက်လိုက်ရလင့်ကစား အလွန်ပျော်နေခဲ့၏။ မိန်းကလေးနှင့်စကားအချို့ပြောပြီးသည့်အခါ စိတ်မချမ်းသာနိုင်တော့သည့် ယွမ်ယဲ့က သူ့အားဆွဲခေါ်သွားလေတော့၏။ 


လျိုဖေးပြောတဲ့အတိုင်း ယွမ်ကျိုးက ယွမ်ယဲ့ရဲ့အိုမီဂါများလား။ 


မိန်းကလေးက တဖြည်းဖြည်းဝေးသွားသည့်လူနှစ်ယောက်ကို ဝမ်းနည်းပက်လက်ကြည့်နေမိသော်လည်း ဖုယွမ်ကျိုးက သူ၏ပျော်ရွှင်ရာကိုရှာတွေ့သွားပြီဖြစ်ရာ သူမဘက်မှ ထိုသူအားဆုတောင်းပေးလိုက်လေ၏။ 


ကျောင်းအားကစားပြိုင်ပွဲ၏ပထမနေ့သည်ကား စီစဥ်ထားသည့်အတိုင်း ပြီးမြောက်သွားခဲ့လေသည်။ 


ဖုယွမ်ကျိုးနှင့်ယွိဖေးက ကားနှင့်ကျောင်းကိုအတူပြန်လာခဲ့ကြကာ ရှဲ့လင်အတန်းပြီးသည်အထိစောင့်နေခဲ့ကြ၏။