Chapter 38
Viewers 2k

♎️Chapter 38




ကားထဲတွင်ထိုင်နေရင်း ဖုယွမ်ကျိုးမှာ ယွိဖေးကိုအကဲခတ်နေရာမှ အနှီသူ၏စိတ်အခြေအနေကမကောင်းမှန်းရိပ်မိသွားခဲ့သည်။ သိသာနေခြင်းမျိုးမဟုတ်သော်လည်း သူတို့သည် နှစ်အနည်းငယ်ခန့်တွဲခဲ့ကြသောကြောင့် ယွိဖေး၏ အမူအရာသေးသေးလေးပြောင်းလဲသွားပုံမှအစ သူမြင်နိုင်သေး၏။ 


"ရှောင်ဖေး...ဘာဖြစ်လို့လဲ...မပျော်ဘူးလား..." 


ယွိဖေးက ကြောင်တောင်တောင်ဖြစ်သွားပြီးမှ အလိုလိုပြန်ငြင်းလာ၏။ 


"ငါဘာမှမဖြစ်ပါဘူး..." 


"မင်းမပျော်ဘူးဖြစ်နေတယ်လေ..." 

ဖုယွမ်ကျိုးက တထစ်ချပြောနေဆဲ။ 


"ဘာဖြစ်နေတာလဲ? ဘာပြဿနာဖြစ်ထားလို့လဲ...မင်းကိုဘယ်သူလာငြိနေလို့လဲ..." 


သူသည်ကား ယွိဖေးနှင့်အနှီသူတို့ လုံးဝပတ်သက်မှုမရှိတော့လျှင်ပင် အတည်ပြုချင်သေးသည်။ နှစ်အတန်ကြာစွဲမြဲလာခဲ့၍ သူ၏အကျင့်မှာ အလွယ်တကူပြောင်းလဲမရနိုင်ပေ။ သူကိုယ်တိုင်မသိလိုက်ခင်မှာပင် ယွိဖေးကိုကာကွယ်ချင်နေမိသည်။ 


"ငါ..." 

ယွိဖေးကမျက်လွှာချလိုက်၏။ 

"ကျိုးအာ...ငါတောင်းပန်ပါတယ်..." 


ယွိဖေးက ခဏတဖြုတ်ခန့်ပြောစရာစကားမဲ့နေပြီးမှ ယွိဖေးသူ့ကိုတောင်းပန်နေရသည့်အကြောင်းအရင်းအားနားလည်သွားခဲ့သည်။


"မင်းတောင်းပန်တာက ရှန်းရှီကောကို ဒီနေ့ပွဲလာဖို့ဖိတ်လိုက်လို့လား..." 


ယွိဖေးကမရှင်းပြဘဲ ခဏကြာအောင်အသံတိတ်နေပြီးမှ နောက်တခါထပ်ပြောလာပြန်သည်။ 


"ငါတောင်းပန်ပါတယ်..." 


"ရပါတယ်..." 

ဖုယွမ်ကျိုးက သူ့ကိုယ်သူသာအပြစ်တင့်သည်ဟုယူဆလိုက်ပြီး အနှီသူကိုဖျောင်းဖျလိုက်လေ၏။ 


"မင်း ငါ စိတ်ဆိုးမှာကိုပူနေစရာမလိုပါဘူး...မင်းရှန်းရှီကောနဲ့တကယ်သူငယ်ချင်းဖြစ်ချင်ရင်....သူနဲ့အရမ်းမခင်နဲ့ပေါ့.." 


ယခင်ဘဝကအတိုင်း ရှန်းရှီကောက လူကောင်းဖြစ်နေဆဲပင်၊၊ မည်သို့ပင်ဖြစ်စေ သူသည်လည်း ရှန်းရှီကောအရှေ့တွင် ပေါ်သွားခဲ့ပြီးဖြစ်၍ ယွိဖေးကိုချုပ်ခြယ်နေစရာမလိုတော့ပေ။ 


"ငါလည်းသူနဲ့မဆက်ဆံချင်ပါဘူး..." 


ယွိဖေးက ဖုယွမ်ကျိုးကိုမော့ကြည့်လာသည်။ သူ့မျက်လုံးများက ကြောက်ရွံ့နေပုံရသော်လည်း အမြန်ခေါင်းငုံ့ကာ ဖုယွမ်ကျိုးကိုလေသံပျော့လေးဖြင့်တောင်းပန်နေရှာ၏။ 


"ယွမ်ယွမ်...နောက်ကျရင် ငါမင်းစကားကိုနားထောင်ပါ့မယ်...ငါ့ကိုမမုန်းပါနဲ့ကွာ...နော်" 


"ငါပြောပြီးပြီလေ...ငါမင်းကိုမုန်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့..." 


ဖုယွမ်ကျိုးအမုန်းဆုံးက ယွိဖေး၏မျက်ရည်စက်လက်နှင့်မျက်နှာဖြစ်ပြီး ယင်းက ယခင်ဘဝကသူတို့နှစ်ယောက်၏ ပြတ်စဲခဲ့ကြစဥ်ကအချိန်ကို သတိရမိစေသည်။ သူသည်ကား ယွိဖေးဆံပင်ကိုထိကိုင်ရင်း အမြန်နှစ်သိမ့်ပေးလိုက်ရ၏။ 


"မင်းဘာလို့အမြဲတမ်း ငါမင်းကိုမုန်းလိမ့်မယ်လို့ထင်နေရတာလဲ...မဖြစ်နိုင်တာပဲကို..." 


ယွိဖေး: "ဘာလို့လဲဆိုတော့ ငါမင်းကိုအရမ်းသဘောကျနေတာကို....အားကျိုး...ငါမင်းကိုကလေးတည်းကသဘောကျခဲ့ရတာ...ဒါကြောင့် ငါမင်းမုန်းသွားမှာကို အရမ်းကြောက်နေမိတာ..." 


သူ၏ရည်းစားဟောင်းက လိင်ပြောင်းသွားခဲ့သော်လည်း တဖက်လူကသူ့အားသဘောကျနေကြောင်းဖွင့်ပြောလာသည့်အခါ ဖုယွမ်ကျိုးမှာရင်ခုန်သွားရ၏၊ သူ့ကိုယ်သူလျှောက်မတွေးရန်သတိပေးနေပြီး နူးညံ့စွာပင်တုံ့ပြန်ခဲ့သည်။ 


"ငါလည်းမင်းကိုအများကြီးသဘောကျပါတယ်..." 


သို့သော်လည်း ယခင်ဘဝက 'သဘောကျ' သည့်ခံစားချက်နှင့်မတူတော့ပေ။ 


ယွိဖေးက သူ၏ခံစားချက်များကိုဝန်ခံလုနီးပါးဖြစ်သွားခဲ့သည့်တိုင် မကြာခင်မှာပင် အချိန်မကျသေးကြောင်း သူ့ကိုယ်သူသတိပေးလိုက်ရပြီး အမြန်ပြင်ဆင်ပြောလိုက်ရင်း ဆုံးရှုံးရမည့်အရေးကို အဆုံးသတ်လိုက်ရသည်။ အထူးသဖြင့် သူရှန်းရှီကောကိုကူညီပေးမည်ဟု ကတိပေးထားလေ၏။ 


ဤတစ်လပြီးသည်နှင့် သူထိုကိစ္စမျိုးကို ထပ်မလုပ်တော့ပေ။ ယွိဖေးသည် ယွမ်ယွမ်သူ့အားမုန်းသွားစေမည့် မည်သည့်အလုပ်ကိုမှ မလုပ်တော့ရန်တွေးထားခဲ့သည်။ သူသည် ထိုသူကိုအလွန်သဘောကျနေပြီး ထိုသူကသူ့အား အနည်းငယ်မျှမုန်းတီးသွားလျှင်ပင် သူအသည်းကွဲသွားနိုင်လေသည်။ 


အဝေးမှာနေရင်း သူ့အတွေးတွေကိုလျစ်လျူရှုထားနိုင်ပေမဲ့ အဲဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ 


နှစ်များစွာ အမေဖြစ်သူနှင့်အတူ နိုင်ငံခြားတွင်နေထိုင်ခဲ့သည်။ ကနဦးအချိန်များတွင် ပင်ပန်းပြီးအထီးကျန်ခဲ့ရ၏။ သူ့ထံတွင်သူငယ်ချင်းများလည်းမရှိဘဲ သူ၏စရိုက်နှင့်လည်းအံမဝင်ခဲ့ပေ။ ၎င်းတို့က သူ့အား လက်တွေ့မဆန်ဘဲ တက်ကြွမှုမရှိသည့် အရုပ်ကဲ့သို့သောအလှလေးဟုသာချီးကျုးခဲ့ကြသည်။ 


ရံဖန်ရံခါ၌ အမေဖြစ်သူနှင့်အတူ ဒီဇိုင်းကုမ္ပဏီကိုလိုက်ခဲ့ရပြီး ထိုနေရာတွင်တစ်ရက်ခန့်နေရတတ်သည်။ စတူဒီယိုကြီးက ကြီးမားကာဖက်ရှင်ကျနသည်၊ လူတိုင်းကလည်း တန်ဖိုးကြီးအဝတ်အစားများနှင့် တောက်ပြောင်နေတတ်၏။ လူတိုင်းကအရှေ့အနောက်ကိုပြေးလွှားနေကြပြီး သူကမူ ခုံအမြင့်တစ်လုံးပေါ်တွင်ထိုင်ကာ အရသာချိုသည့်ကိတ်မုန့်တစ်လုံးကိုစားနေခဲ့ရသည်။ သို့ရာတွင် ထိုနေရာ၌ထိုင်နေရင်း သူတစ်ယောက်တည်းအထီးကျန်ပြီး ကယ်ရာမဲ့နေရဆဲပင်။ 


သူ၏မှတ်ဉာဏ်ထဲတွင် သူ့အားနွေးထွေးစေသည့် တစ်ခုတည်းသောအရာမှာ ဖုယွမ်ကျိုးတစ်ယောက်တည်းသာ။ 


သူဖုယွမ်ကျိုး၏အပြုံးလေးများကိုလွမ်းသည်၊၊ သူပေးခဲ့သည့် ချောကလက်များကိုလည်းလွမ်းသည်။ ရယ်လိုက်ငိုလိုက်နှင့် အတူကစားခဲ့ရသည့်အချိန်များကိုလည်းလွမ်းသည်။ ဖုယွမ်ကျိုး၏လှုပ်ရှားမှုတိုင်းက သူ့အားလွမ်းဆွေးစေပြီး သူ့အားရင်ခုန်စေသည်။


ထိုသူသည်ကား သူ၏နှလုံးသားထဲတွင် ပုန်းခိုနေခဲ့ရင်း နောက်ပိုင်း၌ မီးစပမာကြီးထွားတောက်လောင်လာခဲ့၏။ 


ထိုသူကိုလွမ်းဆွေးတမ်းတရခြင်းက သူ့အတွက်အလေ့အထတစ်ခုလိုဖြစ်လာခဲ့သည်။ အနှေးနှင့်အမြန် တရုတ်ပြည်ကိုပြန်ပြီး ဖုယွမ်ကျိုးကိုလိုက်ရှာရန်အမြဲတွေးခဲ့မိသည်။ ၎င်းမတိုင်ခင်အထိ သူကဖုယွမ်ကျိုးအနှစ်သက်ဆုံးလူတစ်ယောက်ဖြစ်လာရမည်။ ဖုယွမ်ကျိုး နှစ်သက်သူက သူပင်ဖြစ်လာရမည်။ 


သူ့ကိုယ်သူအိမ်ထဲတွင်တစ်ရက်ခန့်ပိတ်လှောင်ထားခဲ့ပြီး သေချာတွေးတောကြည့်သော်လည်း အဆုံးသတ်တွင်မူ သူ့စိတ်ထဲမှတစ်ဦးတည်းသောသူက ထိုသူသာဖြစ်လာခဲ့သည်။ ထိုသူတစ်ဦးတည်းကသာ သူ့အတွေးများကိုစိုးမိုးထားခဲ့၏။ 


ဖုယွမ်ကျိုးနှစ်သက်မည့် လိင်အမျိုးအစားကိုသူတွေးမိနေခဲ့သည်။ အိုမီဂါ? ဘီတာ? ဒါမှမဟုတ် အယ်လ်ဖာ?။ 


ထိုအချိန်မှာပင် ဖုယွမ်ကျိုးက အိုမီဂါပင်ဖြစ်ကြောင်း သူသိလိုက်ရသည်။ ထို့ကြောင့် အနှီသူကအယ်လ်ဖာကိုသာပိုသဘောကျနိုင်၏။ နာကျင်စရာ လိင်ကွဲပြားချက်အကြားတွင် သူသည်အယ်လ်ဖာတစ်ယောက်ဖြစ်လာစေရန် ကျိတ်ဆုတောင်းနေခဲ့ရပြီး နောက်ဆုံး၌ သူဆန္ဒရှိသည့်အတိုင်းဖြစ်လာခဲ့သည်။ နောက်ဆုံး၌ ဖုယွမ်ကျိုးက သူ့အားပိုနှစ်သက်နိုင်သည့်ဖြစ်နိုင်ချေရလာပြီဖြစ်၍ သူပျော်ရွှင်ခဲ့ရ၏။ 


ယွိဖေးကမျက်လွှာချထားပြီး ဖုယွမ်ကျိုးက သူ့ဆံပင်လေးများကိုပွတ်သပ်ပေးနေခဲ့သည်။ သူ၏အတွေးတိုင်းက ထိုသူနှင့်ဆက်နွယ်နေခဲ့၏။ ဖုယွမ်ကျိုးက ၎င်းဆံပင်ကိုထိကိုင်နေရင်း ရုတ်တရက်စိတ်အခြေအနေကောင်းလာသလိုပင်။ ထိုအခိုက် ရှဲ့လင်ကကျောင်းဂိတ်ဝမှရုတ်တရက်ထွက်လာပြီး ကားရှိရာသို့လျှောက်လာသည်ကို ပြတင်းပေါက်မှမြင်လိုက်ရသည်နှင့် သူ မသိစိတ်အရ လက်ရုတ်လိုက်မိလေ၏။


"ကျိုးအာ..." 


ယွိဖေးက သူလက်ရုတ်လိုက်သည်ကိုသတိထားမိသွားပြီး စိတ်ထိခိုက်သွားသည့်အမူအရာပေါ်လာခဲ့သည်။ ထို့နောက် သူ့လက်ကိုပြန်ဆွဲယူကာ ဖွဖွလေးကိုင်ထားလေ၏။ 


"နည်းနည်းကြာကြာလေးဖက်ထားလို့မရဘူးလား..." 


သူတောင်းဆိုလိုက်သည်နှင့် ဖုယွမ်ကျိုးသည် ချက်ချင်းစိတ်ပျော့သွားပြီး သူ့ဆံပင်ကိုနောက်တကြိမ်ထိကိုင်လာပြန်သည်။ သူကရှောင်ဖေးကိုနှစ်သိမ့်ပေးရုံပဲဆိုပေမဲ့ ရှဲ့လင်က ဒီလောက်လေးနဲ့တော့ ရှာလကာရည်မနင်လောက်ပါဘူး...ဟုတ်တယ်မလား။ 


ရှဲ့လင်က ကားအရှေ့ကိုရောက်လာပြီး သူတို့နှစ်ယောက် အနောက်ခုံတွင်ထိုင်နေကြသည်ကိုမြင်လိုက်သည်။ ခန္ဓာကိုယ်နှစ်ခုက အင်မတန်နီးကပ်နေလေရာ သူ့မျက်လုံးများက အနည်းငယ်မျှမှောင်မိုက်သွားလေ၏။ သူသည်ကားတံခါးကိုဖွင့်လိုက်ပြီး ဖုယွမ်ကျိုးကိုပြောလိုက်သည်။ 


"မင်းအရှေ့ခုံမှာထိုင်လိုက်..." 


ဖုယွမ်ကျိုး: "....." 

သူတကယ်မပျော်တော့ပါချေ။ 


သူသည် ယွိဖေးခေါင်းလေးကိုပုတ်လိုက်ပြီး ရှဲ့လင်စကားအတိုင်း ကားထဲမှထွက်လိုက်သည်။ သူရှဲ့လင်ဘေးမှဖြတ်သွားသည့်အခါ ရှဲ့လင်ကသူ့လက်ကိုဆုပ်ကိုင်ပြီးယမ်းလိုက်သည်။ သူရုန်းချင်သော်လည်း ရှဲ့လင်ကသူ့လက်ချောင်းများကို ရည်ရွယ်ချက်ရှိစွာဖြင့် တွယ်ဆက်ထားခဲ့၏။ 


၎င်းကို ယွိဖေးကအသေအချာမြင်လိုက်ကာ သူ့နှုတ်ခမ်းထောင့်များက တောင့်တင်းသွားခဲ့သည်။ 


ရှဲ့လင်က ဘာမှမဖြစ်ခဲ့သလို သူ့ဘေးတွင်ဝင်ထိုင်ပြီး ဖုန်းနှင့်မက်ဆေ့ချ်ရိုက်နေရင်းပြောလာလေ၏။ 


"နောက်ဆို ကျောင်းဆင်းတာနဲ့ ငါ့ကိုမစောင့်နဲ့တော့.." 


"မင်းကိုယ်ဟာကိုယ်အိမ်ပြန်ချင်လို့လား..." 


ထိုစကားကြားလိုက်ရသည့်အခါ ဖုယွမ်ကျိုးက ခေါင်းလှည့်ပြီးမေးလိုက်မိသည်။ 


ရှဲ့လင်က ခေါင်းခါပြလိုက်၏။ 


"ငါအတန်းပိုင်နဲ့ပြောပြီး နောက်ဆုံးအတန်းချိန်နှစ်ချိန်ကိုဖျက်လိုက်ပြီ...သူကလည်းလက်ခံတယ်လေ..." 


"မင်းကအဆင့်တစ်မလို့ အတန်းချိန်ကိုဖျက်လိုက်တာလား..." 


ဖုယွမ်ကျိုးက ထိုသူကိုစနေခြင်းသာ။ ရှဲ့လင်ကသူ့ကိုတချက်သာကြည့်လာပြီး ခေါင်းငုံ့၍မက်ဆေ့ချ်ပို့လိုက်လေ၏။ 


"ကိုယ်မင်းမရှိဘဲ နှစ်နာရီလုံး အထီးမကျန်ချင်ဘူး..." 


ယီးကိုအထီးကျန်တာလား...ဒရိုင်ဘာရှိနေတဲ့ဟာကို...ဖုယွမ်ကျိုးမှာ မျက်နှာပူလွန်းလှသောကြောင့် ဖုန်းချလိုက်ပြီး အေးအေးဆေးဆေးထိုင်နေလိုက်သည်။ ပုံမှန်အတိုင်း ယွိဖေးပျော်မပျော်သိရရန် နောက်ကြည့်မှန်မှတဆင့်လှမ်းကြည့်လိုက်သော်လည်း ထိုသူကမျက်နှာလွှဲထားခဲ့သည်။ 


ယွိဖေးက ဖုန်းကစားနေပြီး မျက်နှာအမူအရာကလည်းပုံမှန်ဖြစ်နေ၍ ထိုသူ၏ခံစားချက်ကိုအသေအချာမသိရပေ။ 


****


နောက်ရက်များတွင်လည်း ပြိုင်ပွဲကိုဆက်လက်ကျင်းပခဲ့ကြသည်။ ဖုယွမ်ကျိုးကလည်း အချိန်မီအိပ်ရာထပြီး မနေ့ကအတိုင်းဆက်လက်လှုပ်ရှားခဲ့၏။ ဒရိုင်ဘာက ရှဲ့လင်ကိုအရင်ကျောင်းပို့ပေးပြီး သူနှင့်ယွိဖေးကို အားကစားရုံသို့လိုက်ပို့ပေးမည်ဖြစ်သည်၊ သို့ထိတိုင် ယနေ့တွင်မူ ယွိဖေးအစားရှဲ့လင်ရောက်လာလေ၏။ 


"ရှောင်ဖေးကရော" 


ဖုယွမ်ကျိုးက ထိုသူကိုမတွေ့၍ ရှဲ့လင်ကိုမေးလိုက်လေသည်။ 


ရှဲ့လင်: "သူနေမကောင်းဘူး...မနေ့ကပြန်လာပြီးတည်းက နေမကောင်းဖြစ်နေတာ...အဖျားနည်းနည်းရှိနေတယ်..သူ့ပုံစံနဲ့ ဒီနေ့ပြိုင်ပွဲကိုဝင်ကစားလို့မရတော့ဘူး...အဲဒါကြောင့် ကိုယ်သူ့အတွက်ခွင့်လာတင်ပေးတာ..." 


"ရှောင်ဖေးကဖျားနေတယ်..." 


ဖုယွမ်ကျိုးစိုးရိမ်သွားခဲ့သည်။ ယွိဖေးအခြေအနေကို မက်ဆေ့ချ်ပို့ပြီးသတင်းမေးချင်သော်ငြား ယွိဖေးကအိပ်ပျော်နေနိုင်လောက်သောကြောင့် ကျောင်းအပြန်မှမေးရန်ဆုံးဖြတ်လိုက်သည်။ တချိန်တည်းမှာပင် သူ့အဒေါ့်ကိုမက်ဆေ့ချ်ပို့လိုက်ပြီး ယွိဖေးကိုဂရုစိုက်ပေးရန်မှာလိုက်၏။ 


ရှဲ့လင်ကိုလိုက်ပို့ပေးပြီးသည့်နောက် သူကအားကစားရုံကိုပြန်လာပြီး ယနေ့အခြေအနေမကောင်းသည်က ယွိဖေးတစ်ယောက်တည်းမဟုတ်ကြောင်းသိလိုက်ရ၏။ တန်းခွဲ ၇ လူအတော်များများက နေမကောင်းဖြစ်နေခဲ့ကြသည်။ ကံဆိုးသည်မှာ ၎င်းတို့အားလုံး ယနေ့ပြိုင်ပွဲတွင်မပါနိုင်ပေ။ တာ့ယန်ကား စိတ်ပူနေချေပြီ။ 


"ပြောင်းလို့တော့ရပါတယ်..." 

သူသည်ကား လက်ထဲမှစာရင်းစာရွက်ကိုကြည့်ကာ ခေါင်းခါပြလိုက်၏။ 


"သုံးကီလိုမီတာပြေးဖို့အတွက်ပဲ လူရှာရခက်နေတာ...ယွမ်ယဲ့ဆိုရင်ရော" 


ယွမ်ယဲ့က ယခုလေးတင်ရောက်လာပြီး ဘယ်ထွက်သွားမှန်းမသိပေ။ ဖုန်းခေါ်သော်လည်းမကိုင်ပေ၊၊ မျက်လှည့်ပြလိုက်သလို ဗြုန်းစားကြီးပျောက်သွားခြင်းပါပေ။ 


"အဆင်မပြေလောက်ဘူးဆိုတော့ လက်လျှော့လိုက်တော့..." 


တာ့ယန်က သက်ပြင်းချပြီး စိတ်ပျက်လက်ပျက်နှင့်ညည်းတွားလာသည်။ 


မီတာသုံးထောင်.... 


ဖုယွမ်ကျိုးက ပြိုင်ပွဲစာရင်းကိုတစ်ချက်ကြည့်ပြီး မီတာသုံးထောင်ပြေးပြီးပါက သူ၏မီတာတစ်ရာအပြေးပြိုင်ပွဲပင်။ စဥ်းစားကြည့်ပြီးမှ သူပြောလိုက်သည်။ 


"မင်းပြိုင်ချင်လို့လား..." 

တာ့ယန်က စိတ်ပူနေသလို တွေဝေနေသေးသည်။ 


သူကအိုမီဂါဖြစ်နေလို့ မပြိုင်စေချင်တာများလား။ 


ဖုယွမ်ကျိုးက သူ့အားချုပ်ကိုင်ထားသည့် စာအုပ်ထဲမှအချက်အလက်များကို သတိရသွားပြီး ချက်ချင်းပြင်ပြောလိုက်၏။ 


"အဆင်ပြေပါတယ်...ဆရာတာ့ယန်..ကျွန်တော်ဝင်ပြိုင်လိုက်ပါ့မယ်...ကျွန်တော်က...ဒီတိုင်းရန်ရှူးထန်နဲ့ပြိုင်ချင်ရုံလောက်ပါ..."


သူနှင့်ရန်ရှူးထန်က အဆင်မပြေခဲ့ပေ။ အထက်တန်းဒုတိယနှစ်ကလူများအားလုံး ထိုအကြောင်းကိုသိထားကြပြီး တာ့ယန်ပင် ထိုအကြောင်းကိုကြားဖူးထားသည်။ ဖုယွမ်ကျိုးကိုယ်တိုင်ထုတ်ပြောလာသည့်အခါ သူသည်ကား ချက်ချင်း တံတွေးနင်သွားရပြီး ဖျောင်းဖျလာလေသည်။ 


"မင်းဒီလိုတက်ကြွနေတာတော့ကောင်းပါတယ်...ဒါပေမဲ့ ပြိုင်ပွဲကအရေးကြီးတယ်..ပြိုင်ပွဲမှာ လုပ်ဆောင်ချက်ကအရေးအကြီးဆုံးပဲ..ရလဒ်ကနောက်ကလိုက်တာ...မင်းကိုယ်မင်းအတင်းဖိအားပေးနေဖို့မလိုဘူး..." 


ဖုယွမ်ကျိုး: "......"

အစက ဆင်ခြေပေးရုံဆိုသော်ငြား ယခုတော့ ရုတ်တရက် အလေးအနက်ထားလာမိသည်။ 


တာဝေးအပြေးပြိုင်ပွဲတွင် ရန်ရှူးထန်ကိုနိုင်ရန်မှာ သူ့အတွက်အခွင့်အရေးမရှိပေ၊၊ ရန်ရှူးထန်ကကြည့်ကောင်းပြီး ပိန်ပါးသော်လည်း ထိုသူ၏ကြံ့ခိုင်မှုက အံ့မခန်းလောက်အောင်ကောင်းသည်။ နှိုင်းယှဥ်ကြည့်လိုက်လျှင် သူကပိုပြီး အားနည်းနေလေ၏။ သူကမောပန်းလွယ်ပြီး သုံးကီလိုမီတာမပြေးနိုင်ပေ။ သည့်အပြင် အကန့်အသတ်မရှိ၍ တာဝေးအပြေးပြိုင်ပွဲက သူတစ်ခါမှမပင်ပန်းခဲ့ရဖူးသည့် ပြိုင်ပွဲမျိုးဖြစ်လာလိမ့်မည်။ 


သို့တစေ တာ့ယန်စကားကြောင့် သူပိုပြီးပြိုင်ချင်လာရသည်။ နောက်ဆုံးတွင်မူ တာ့ယန်ကသူ့အား ပြိုင်ခွင့်ပေးလိုက်၍ ဖုယွမ်ကျိုးမှာ အပျော်ကြီးပျော်သွားရလေ၏။ မီတာတစ်ရာနောက်ဆုံးအပြေးပြိုင်ပွဲတွင် သူအနိုင်ရခဲ့ပြီး လူတိုင်းကလက်ခုပ်တီးကာ ချီးကျုးဩဘာပေးခဲ့ကြသည်။ သူကွင်းထဲတွင်မတ်တပ်ရပ်ရင်း အမောဖြေနေစဥ် ရန်ရှူးထန်ကလူအုပ်ကြားထဲတွင်ရှိနေသည်ကို မမျှော်လင့်ဘဲတွေ့လိုက်ရလေ၏။ 


သူကဖြတ်သွားရုံပဲလား။ 


ဖုယွမ်ကျိုးက ထိုသို့တွေးလိုက်သော်လည်း ရန်ရှူးထန်က အခြားဘယ်နေရာကိုမှမသွားဘဲ သူ့အားစောင့်နေသလို သူ့ထံသာလျှောက်လာခဲ့သည်။ 


"ဂုဏ်ယူပါတယ်ကွာ..." 

ရန်ရှူးထန်ကသူ့အား ချီးကျုးလာခဲ့သည်။ 


သူကဒီကိုအားပေးဖို့ပဲလာတာလား? မဖြစ်နိုင်ပါဘူး? 


ဖုယွမ်ကျိုး၏စိတ်ထဲတွင် ထူးဆန်းသည့်အတွေးပေါ်လာသည့်တိုင် ထိုမျှဂရုမစိုက်မိခဲ့ပေ။ သူကပြုံး၍သာရန်ရှူးထန်ကိုပြောလိုက်လေသည်။ 


"ငါတို့ကခဏနေရင် ပြိုင်ဘက်တွေဖြစ်လာမှာနော်...သုံးထောင်မီတာပြေးဖို့လုပ်ထားတဲ့အတန်းဖော်က နေမကောင်းဖြစ်သွားတယ်လေ...ငါကသူနဲ့ပြိုင်ချင်တာကိုကံဆိုးသွားတယ်..ငါကတိဖျက်လိုက်ရလို့စိတ်မကောင်းပါဘူး..အစက ငါမင်းကိုအားပေးဖို့လုပ်ထားခဲ့တာကို..." 


ထိုစကားကြောင့် ရန်ရှူးထန်ကတုံ့ပြန်လာသည်။ 


"ငါကတော့ စိတ်မကောင်းစရာမရှိသလိုပဲ..." 


"ဘာလဲ...ငါအားပေးတာကိုရှက်လို့လား..." 


ဖုယွမ်ကျိုးကသူ့အားဖျတ်ကနဲကြည့်လိုက်၏။ 


"မဟုတ်ဘူး..."

ထိုသူ၏ပုံစံကမပျော်သလိုပင်။ ရန်ရှူးထန်က ချက်ချင်းခေါင်းခါပြီးငြင်းဆန်လာသည်။ 


"စင်ပေါ်မှာထိုင်ပြီးမင်းကိုကြည့်တာဖြစ်ဖြစ် မင်းကငါ့ကို စင်ပေါ်ကကြည့်နေတာဖြစ်ဖြစ် ငါတို့ကပြိုင်ဘက်တွေဖြစ်လာတာဖြစ်ဖြစ်..." 


သူသည်ကား ထိုနေရာအရောက်တွင်ခဏရပ်လိုက်ပြီးနောက် သူ၏ခံစားချက်များကို ပွင့်လင်းမြင်သာစွာထုတ်ပြလာလေသည်။ 


"ငါတို့အတူရပ်နေရင် အကွာအဝေးလည်းတိုသွားလိမ့်မယ်...ဒီလိုအခွင့်အရေးမျိုးရလို့ ငါအရမ်းပျော်ပါတယ်..." 


ထိုစကားကြားလိုက်ရမှ ဖုယွမ်ကျိုးတစ်ယောက်ရှက်သွားခဲ့သည်။ ရန်ရှူးထန်က သူ့ခံစားချက်ကို တော်ရုံထုတ်မပြတတ်သူဖြစ်၍ နားရွက်ဖျားလေးများပင်နီရဲနေခဲ့သည်။ အချိန်ကျသည်နှင့် သေနတ်သံထွက်ပေါ်လာပြီး နောက်ဆုံးကျန်ရှိနေသည့်မီတာသုံးထောင်အပြေးပြိုင်ပွဲက တရားဝင်စတင်လေသည်။ 


"ဒိုင်း..." 


တချိန်တည်းမှာပင် ညင်သာသည့်အပြုံးနှင့် ရှန်းရှီကောက ဖုန်းကိုထုတ်ကာ ဖုယွမ်ကျိုးပြေးနေသည့်ပုံကိုဓာတ်ပုံရိုက်လိုက်လေ၏။