အပိုင်း
၂
လူရှစ်ယောက်နေသည့်
အဆောင်အခန်းသည် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
ကျင်းရှီသည်
အဆောင်၏ တံခါးဝတွင်ရပ်ကာ သတ္တုချောင်းလေးချောင်းသာ တင်ထားသော ကွပ်ပြစ်လို ကုတင်လေးလုံးနှင့်
အခန်းကျဉ်းလေးထဲသို့ လှမ်းကြည့်ရင်း လုံးဝဆိတ်သုဉ်းသွားသော နေရာတစ်ခုလို ခံစားလိုက်ရသည်။
လသာဆောင်တွင်
ကောင်မလေးတစ်ယောက်သည် လေပြင်းတိုက်ခတ်ပြီး မိုးရေများအကြား သူမ၏ အဝတ်များကို အခြောက်ခံရန်
လှမ်းနေကာ သီချင်းဆိုနေသည်။ “မုန်ညှင်းပင်လေးရေ၊ မြေကြီးမှာ ဝါထိန်နေ”
ထိုအဆိုတော်ကောင်မလေး၏
အမည်မှာ လင်းလောဖြစ်ပြီး ကျင်းရှီသည် နွေရာသီအားလပ်ရက်တွင် သူတို့အတန်း၏ ဂရုချက်တ်ကို
ဝင်ခဲ့စဉ် သူမကို အခန်းဖော်အဖြစ် တွေ့ဆုံခဲ့သည်။
ကျင်းရှီသည်
သူမ၏ ခရီးဆောင်အိတ်ဖြင့် အဆောင်အခန်းထဲသို့ ဝင်လိုက်သောအခါ လင်းလောသည် ဝမ်းနည်းသော
အမူအရာဖြင့် သူမဖက်သို့ လှည့်ကာ “ရှစ်ယောက်ခန်းတဲ့အေ၊ ပျော်လား မပျော်ဘူးလား အံ့သြလား
မအံ့သြဘူးလား”
ကျင်းရှီသည်
ထိုစိတ်ညစ်စရာကောင်းသော ကုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
“အခုခေတ်မှီနေပြီလေ၊ ဘာကြောင့် ဒီလို အဆောင်တွေ ရှိနေရတာလဲ၊ လူ့သဘာဝကို ဖျက်စီးနေတာလား”
“ဒီနှစ် တက္ကသိုလ်ဝင်ခွင့်ရတဲ့
ကျောင်းသူဦးရေက ကျောင်းသားတွေထက် အဆပေါင်းများစွာ များနေတယ်တဲ့၊ အဲ့တော့မိန်းကလေးအဆောင်တွေမှာ
လူတွေကြိတ်ကြိတ်တိုးနေတာမလို့ သူတို့ကို ရှစ်ယောက်ခန်းအဖြစ် ပြောင်းလဲလိုက်တယ်လို့
ကြားတယ်” လင်းလောက ရှင်းပြခဲ့သည်။
ထိုအကြောင်းပြောနေရင်း
လင်းလောက ကျင်းရှီဘေးမှာထိုင်ပြီး “ကျောင်းက ကျောင်းသူတချို့ကို ယောကျ်ားလေးအဆောင်မှာ
ရက်အနည်းငယ်ကြာ နေလို့ရအောင် ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုပြီး ကောလဟာလတစ်ခုကြားထားတယ်” ဟုလျှို့ဝှက်ဆန်းကြယ်စွာ
ပြောပြလိုက်သည်။
ကျင်းရှီ
မျက်လုံးများ ပြူးကျယ်သွားသည်။ “အဲ့ဒါအမှန်ပဲလား”
လင်းလောက
ပြန်ပြောလိုက်သည်။ “ဘယ်သူသိနိုင်မလဲ၊ သူတို့က စေတနာနဲ့ လုပ်ပေးတယ်လို့ ပြောတာပဲ။ ယောကျာ်းလေးအဆောင်က
လေးယောက်ခန်းမှာနေတာပဲ ဖြစ်ဖြစ်၊ မိန်းကလေးအဆောင်က ရှစ်ယောက်ခန်းမှာနေတာပဲဖြစ်ဖြစ်
ရွေးချယ်မှုက နင့်အပေါ်မှာ မူတည်တယ်”
ကျင်းရှီက
“ယောက်ျားလေးအဆောင်မှာ နေချင်လား”
ဟုမေးလိုက်သည်။
လင်းလောက
ရယ်မောလိုက်သည်။ “နှစ်ဆယ့်တစ်ရာစုရောက်နေပြီ ညီမလေး။ လေးယောက်ခန်းရဖို့ဆို ထောင့်မှာထိုင်ရမယ်ဆိုရင်တောင်
ပျော်နေမိမှာ”
ကျင်းရှီ
သဘောကျသွားသည်။
နှစ်ယောက်သား
ဆွေးနွေးနေကြစဉ် အခန်းဖော် ချူးကျောက်သည် စိတ်လှုပ်ရှားစွာ အခန်းထဲသို့ ဝင်လာခဲ့သည်။
“တစ်ယောက်ယောက်က စီနီယာပေါ်ရန်ကို မြင်လိုက်တယ်တဲ့ ကျောင်းသူအသစ်လေးတစ်ယောက်ကို သူကိုယ်တိုင်
အဆောင်ကိုလိုက်ပို့ပေးခဲ့တာတဲ့”
ကျင်းရှီ
မျက်တောင်ခတ်လိုက်သည်။ “အဲဒါက...”
ချူးကျောက်က
ထပ်ပြောလိုက်သည်။ “ကျောင်းဝင်းထဲက ကောင်မလေးတွေ အားလုံးကို တစ်နှစ်ပတ်လုံး ရှောင်ဖယ်ရှောင်ဖယ်
လုပ်နေတဲ့ ပေါ်ရန်ကို ဘယ်သူကများ ဖမ်းစားလိုက်နိုင်တာလဲ တကယ့်ကို အထင်ကြီးစရာပဲ!”
“ငါ...” ကျင်းရှီက အသံပျော့ပျော့နှင့်
ပြောခဲ့သည်။
“အထိမခံ၊ အနိုင်ယူလို့မရနိုင်တဲ့
သူ့ကို နှိုးဆွနိုင်တဲ့တစ်စုံတစ်ယောက်ကတော့
ကိစ္စကြီးကြီးတွေကို မကြောက်တတ်တဲ့ စစ်သည်တော်စစ်တစ်ယောက်ပဲဖြစ်ရမယ်” ချူးကျောက်သည် ကျင်းရှီ၏
ပခုံးများကို လှုပ်ယမ်းရင်း ဆက်ပြောနေသည်။
ချူးကျောက်သည်
ဘီမြို့တော်တက္ကသိုလ်နှင့်ပတ်သက်သည့် အချက်အလက်မျိုးစုံကို သိရှိထားပြီး သူမသည် ကျင်းရှီ၏
ဘေးတွင်ထိုင်ကာ “ပေါ်ရန်က ငါတို့တက္ကသိုလ်ရဲ့ အမျိုးသားကာကွယ်ရေး အကယ်ဒမီမှာ အချောဆုံး၊
အရိုးသားဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးသူပဲ!”
ကျင်းရှီသည်
စစ်ဖက်ဆိုင်ရာကာကွယ်ရေးကျောင်းသားများကို လေ့ကျင့်ပေးသော အမျိုးသား ကာကွယ်ရေး အကယ်ဒမီ
အကြောင်း သိထားသည်။ ကျောင်းဝင်းထဲသို့ သူမ ပထမဆုံးခြေချလိုက်သောအခါတွင် အမျိုးသား ကာကွယ်ရေးတက္ကသိုလ်မှ
ခြေတံရှည်ရှည် တပ်သား ညီအကိုများ တန်းစီကာ မြစိမ်းရောင်လယ်ကွင်းများပေါ်တွင် ချီတက်နေသည်ကို
တွေ့လိုက်သည်။ ထိုချီတက်နေပုံကို မြင်ရသူအဖို့ ရင်ခုန်သွားစေသည့် ကျက်သရေရှိမှုကို
မြင်တွေ့ခဲ့ရသည်။
“သူ့မိဘတွေက စစ်သည်သူရဲကောင်းတွေလို့
ငါကြားတယ်၊ သူက မြင့်မြတ်တဲ့ စစ်တပ်အနွယ်ဝင် ဒုတိယမျိုးဆက်၊ မြင့်မြတ်တဲ့ စစ်တပ်နယ်မြေမှာ
ကြီးပြင်းခဲ့တယ်တဲ့။ သူ့ကို ဘယ်သူကမှ သွားမဆွရဲဘူး။ သူယူနီဖောင်းဝတ်ထားတာ နင်မတွေ့ဖူးဘူးမလား၊
သူက အရမ်းချောတာ!” ချူးကျောက်က အဆက်မပြတ်ပြောနေသည်။
ယနေ့အစောပိုင်းက
အဆောင်မှာ တွေ့လိုက်ရသော ပေါ်ရန်၏ ပုံပန်းသွင်ပြင်ကို ကျင်းရှီက ပြန်သတိရမိသွားသည်။
သူသည် ပေါ့ပေါ့ပါးပါးရှိသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး အနည်းငယ်ခပ်ကြမ်းကြမ်းပုံစံနှင့်
အထိန်းအကွပ်မဲ့စွာ ဆွဲဆောင်မှုရှိပုံတို့ကို သူ၏မျက်လုံးများနှင့် မျက်ခုံးများတွင်
တွေ့လိုက်ရသည်။
“ပေါ်ရန်က ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့
ကိုယ်လူချောဟ၊ သူ့ကိုကပ်တဲ့ ကောင်မလေးတွေကလည်း အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်လှတဲ့
ခြေတံရှည်ရှည်လေးတွေနဲ့ချည်းပဲ၊ အဲ့ဒါကြောင့် သူ့နောက်လိုက်တဲ့ ကောင်မလေးတွေကို ခေသူမဟုတ်လို့
ခေါ်ကြတာ”
ကျင်းရှီသည်
သူမ၏ ရင်ဘတ်ကို အလိုလိုငုတ်ကြည့်နေသည်။
လင်းလော
- “နင့် အနေအထားကြီးက ရှော့ဖြစ်သွားစရာတောင်မလိုဘူး၊ ဘာမှမြင်ရမှာ မဟုတ်ဘူး”
ကျင်းရှီ
- “နင်ကသာ အဲ့လိုဖြစ်နေတာ!”
...
ထိုညတွင်
အဆောင်အတိုင်ပင်ခံက မိန်းကလေးအဆောင်အခန်းတချို့ကို ယောကျ်ားလေးအဆောင်နံပါတ် ခုနစ်၊ ရှစ်နှင့် တစ်ဆယ့်နှစ်ကို ပြောင်းရွှေ့ရမည်ဟု
ဂရုချက်တ်ထဲတွင် ကြေညာခဲ့သည်။ ယောကျ်ားလေးအဆောင်များသို့ ပြောင်းရွှေ့လိုသော ကျောင်းသူများသည်
အတိုင်ပင်ခံထံ ချက်ချင်းစာရင်းပေးသွင်းရမည်ဖြစ်သည်။
ကျောင်းသူအနည်းငယ်သာ
စာရင်းသွင်းလို့ရနိုင်မည်ဖြစ်သည်။ မိန်းကလေးအဆောင်ရှိ အခန်းကျဉ်းလေးထဲတွင် လူရှစ်ယောက်
နေရမည့်အစား ထိုအနံ့အသက်ဆိုးသော ယောကျ်ားလေးများနှင့်သာ အတူနေလိုကြသည်။
ထိုညတွင်
ချူးကျောက်နှင့် လင်းလောတို့သည် ကျင်းရှီ၏ အိပ်ရာပေါ်သို့ တက်ခဲ့ကြပြီး ထိုကောင်မလေး
သုံးယောက်သည် “အတွင်းရေး”
ဆွေးနွေးရန် သူတို့သုံးယောက်စလုံးအပေါ် စောင်ကြီးကြီးကို ပိတ်ခြုံပစ်လိုက်သည်။
လင်းလောက
လေးနက်စွာပြောလိုက်သည်။ “ငါကတော့ ပြောင်းမှာပဲ၊ လေးယောက်နေတဲ့အခန်းမှာ ဆောင့်ကြောင့်ပဲထိုင်ရမယ်ဆိုရင်တောင်”
ချူးကျောက်
- “နင်တို့ကို ငါပြောချင်တာတစ်ခုရှိတယ်။ တခြားယောကျ်ားလေးအဆောင်တွေကို အသာထား၊ အဲ့ယောကျာ်းလေး
အဆောင်ရှစ်မှာက အားကစားအကယ်ဒမီနဲ့ အမျိုးသားကာကွယ်ရေးအကယ်ဒမီက ကျောင်းသားတွေကို ကျောင်းက
နေရာချထားမယ်လို့ ကြားတယ်”
ကျင်းရှီနှင့်
လင်းလောက မေးလိုက်သည်။ “အဲ့တော့ ဘာဖြစ်လဲ”
ချူးကျေောက်က
ပြန်ဖြေလိုက်သည်။ “ရည်းစားရဖို့ အခွင့်အရေးရှိမယ်ထင်တယ်၊ ငါ့ကို ဘေးမဲ့လွှတ်ထားလိုက်တော့
သူငယ်ချင်းတို့”
လင်းလောက
ပြောလိုက်သည်။ “ဒါပေမယ့် ငါတို့က စာရင်းသွင်းရင်တောင် ယောကျ်ားလေး အဆောင်ရှစ်မှာ ကျချင်မှကျမှာ။
အဆောင်နေရာချတဲ့ပုံစံက ဗြောက်သောက်”
ကျင်းရှီက
ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး “ခဏနေဦး... ဒီနေ့ ငါ့ကို ပြန်ပေးဆွဲခဲ့တဲ့ စီနီယာ
ကျောင်းသားတွေက ယောက်ျားလေးအဆောင်ရှစ်မှာ နေတာ။ ငါသူတို့နဲ့တော့ မတွေ့ချင်ပါဘူး”
ချူးကျောက်က
ပြောလိုက်သည်။ “နင့်ကောင်လေး ပေါ်ရန်ကလည်း ယောကျာ်းလေးအဆောင်ရှစ်မှာ နေတာလေ။ နင်ကြောက်နေတာလား”
ကျင်းရှီက
တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။ “ဟုတ်တယ်”
ခဏကြာအောင်
အချင်းချင်း တိုးတိုးပြောပြီး သုံးယောက်သား သဘောတူညီမှု လုပ်လိုက်ပြီးနောက် ယောကျ်ားလေးအဆောင်သို့
ပြောင်းရွှေ့ရန် သဘောတူခဲ့ကြသည်။ မည်သည့်အဆောင်မှာ ကျမလဲဆိုတာက ကံတရားအရပင်ဖြစ်သည်။
နောက်တစ်နေ့မနက်တွင်
လင်းလောသည် အတိုင်ပင်ခံထံ သွားပြီး စာရင်းပေးခဲ့သည်။ ကောလိပ်အသီးသီးမှ ကျောင်းသားသစ်များ
မကြာမီရောက်လာတော့မည်ဖြစ်၍ မိန်းကလေးအဆောင်အခန်းများ နေရာမလွတ်ခြင်းကြောင့် သူတို့အား
ပြောင်းရွှေ့ရန် အဆင်သင့်ပြင်ဆင်ထားဖို့ အတိုင်ပင်ခံက ပြောခဲ့သည်။
...
ညနေစောင်းအချိန်တွင်
ကျင်းရှီနှင့် သူမ၏အခန်းဖော်များသည် ကျောင်းဂိတ်အပြင်ဖက်ရှိ မစ်လ်တီးဆိုင်သို့ ဘာဘယ်လ်တီး
သောက်ရန် သွားခဲ့ကြသည်။
စာသင်နှစ်အသစ်စကတည်းက
ကျောင်းအပြင်ဖက် လမ်းဘေးစားသောက်ဆိုင်ငယ်များသည် လှုပ်ရှားမှုအပြည့်ဖြင့် စည်ကားနေကြသည်။
ဘာဘယ်လ်တီးဆိုင်များ၊ စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များနှင့် လမ်းဘေးဈေးသည်များလည်း
ရှိသည်။
ထိုကောင်မလေးသုံးယောက်သည်
မတ်ချာမစ်လ်တီး တစ်ခွက်စီကိုင်ကာ ဟော့ပေါ့ကို ဘယ်ဆိုင်တွင် သွားစားရမလဲဆိုသည်ကို ဆွေးနွေးနေကြသည်။
ကျင်းရှီက
ရုတ်တရက် သတိရသွားပြီး “ဒီနေ့ စီနီယာပေါ်ရန်က ငါ့ကို ကူညီခဲ့တယ်။ ကျေးဇူးပြန်ဆပ်ချင်လို့
သူ့ကို ညစာစားဖို့ ဖိတ်လိုက်ရမလား”
ချူးကျောက်
- “စီနီယာပေါ်ရန်ကို ညစာစားဖို့ဖိတ်ချင်ကြတဲ့ ကောင်မလေးတွေက ဘီတက္ကသိုလ်ဝန်းကို သုံးပတ်ပတ်ပြီး
တန်းစီရလိမ့်မယ်။ ညဖက်ကြီးမှ ဘာစိတ်ကူးထပေါက်နေတာလဲ”
ကျင်းရှီသည်
သူမပိုက်ကိုကိုက်ကာ “သူ့ကိုဆက်သွယ်ဖို့ ဘာလေးညာလေးတောင် မတောင်းလိုက်ရဘူး”
လင်းလော
- “နင် သူ့ကို တောင်းရင်တောင် ပေးမှာမဟုတ်ဘူး”
ချူးကျောက်က
ပြောလိုက်သည်။ “သူက နင့်ကို ပေးလိုက်ရင်တောင် နင့်ကို အပ်မှာမဟုတ်ဘူး”
ကျင်းရှီ
တုံ့ဆိုင်းသွားသည်။
ကျင်းရှီက
သူမကို မယုံကြည်သောအကြည့်ကိုမြင်လိုက်ရသောအခါ ချူးကျောက်က ဖုန်းကိုထုတ်ပြီး ကျူအာကုဒ်ပုံတစ်ပုံကို
ပြလိုက်သည်။ “ဒါက စီနီယာပေါ်ရန် ရဲ့ WeChat အကောင့်ပဲ။ သူ့ကိုအပ်လိုက်၊ ပြီးတော့ ငါနင့်ကို
သတိမပေးဘူးလို့ မပြောနဲ့နော်”
ကျင်းရှီက
မေးလိုက်သည်။ “နင် ဘယ်လိုလုပ်ပြီး သူ့WeChatအကောင့်ကို ရလာတာလဲ”
“လူတိုင်း သူ့အကောင့်သိတယ်ဟဲ့၊
ရပြီလား။ ဘီတက္ကသိုလ်က ကောင်မလေးတိုင်းမှာ အဲ့ကုဒ်ပုံတစ်ပုံစီ ရှိကြတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်ရဲ့
WeChat ကျူအာကုဒ်ကို ရထားတာနဲ့ အပ်ခံရတာက မတူဘူး၊ အဲ့နှစ်ခုက ကွာခြားတယ်”
ကျင်းရှီသည်
အယူသီးမှုများကို မယုံကြည်သောကြောင့် ဖုန်းကိုထုတ်ကာ စခရင်ပေါ်ရှိ ကျူအာကုဒ်ကို စကန်ဖတ်လိုက်သည်။
ပေါ်လာသည့်အကောင့်နာမည်မှာ “ရေဆေး ဆီဆေးပန်းချီပုံကြမ်း စျေးကောင်း သီးသန့်ချက်တ်”
ကျင်းရှီ
-“ဒီနာမည်က ဘာလို့ အူကြောင်ကြား ဖြစ်နေရတာလဲ”
“ပေါ်ရန်က ပန်းချီဆွဲရတာ
ဝါသနာပါပြီး ကိုယ်ပိုင်စတူဒီယိုကို စထောင်ထားတယ်လို့ ကြားတယ်” ဟုချူးကျောက်က ပြောပြခဲ့ပြီး
“ဒါက သူ့အကောင့်အမှန်ပဲ ဖြစ်ရမယ်၊ မြန်မြန်အပ်လိုက်!”
ထို့ကြောင့်
ကျင်းရှီသည် အစိမ်းရောင် “Add Friend” ခလုတ်ကို နှိပ်ပြီး စောင့်ဆိုင်းနေသည်...။
ချူးကျောက်
- “ဒီ WeChat ကျူအာကုဒ်ကို အရင်က အဖွဲ့အစည်းတစ်ခုမှာ ရောင်းခဲ့တာ ရောင်းအားက ထောင်ဂဏန်းအထိ
ရောက်သွားတယ်လို့ ပြောတယ်။ နေ့တိုင်း သူ့ကို ကောင်မလေး ဘယ်နှယောက်အပ်မလဲဆိုတာ စိတ်ကူးကြည့်လို့ရတယ်။
နင်အောင်မြင်သွားရင် ဒီတစ်နှစ် နင့်ကို ဟော့ပေါ့လိုက်ကျွေးမယ်”
ထိုအချိန်တွင်ပင်
ကျင်းရှီ၏ ဖုန်းသည် “ဒင်း”
ဟူသော အသံထွက်လာသည်။ ကောင်မလေးနှစ်ယောက်စလုံးက ကျင်းရှီ၏ ဖုန်းစခရင်ကို
ပြိုင်တူကြည့်လိုက်သည်။
ကျင်းရှီက
စခရင်ကို ပွတ်ဆွဲပြီး ပြုံးကာ “ဒီတစ်နှစ်တော့ ငါ့ကိုဟော့ပေါ့ လိုက်ကျွေးရမဲ့ပုံပဲ”
သူမ၏ဖုန်းပေါ်ရှိ
အကြောင်းကြားစာမှာ “သင်နှင့် ရေဆေး ဆီဆေးပန်းချီပုံကြမ်း စျေးကောင်း သီးသန့်ချက်တ်တို့သည်
သူငယ်ချင်းဖြစ်သွားပြီဖြစ်သည်။ ယခုပဲ စတင်ချက်တ်လိုက်ပါ”
လေသည်
ဆယ်စက္ကန့်မျှ ငြိမ်သက်သွားသည်။
ချူးကျောက်က
ပြောလိုက်သည်။ “နင်ဘယ်လိုလုပ်လိုက်တာလဲ”
လင်းလောလည်း
မယုံနိုင်ဖြစ်ကာ “နင် အပ်တာလက်ခံဖို့ သူ့ကို ဘာတွေပို့လိုက်သေးလဲ”
ကျင်းရှီက
တည်ငြိမ်စွာ ပြောလိုက်သည်။ “သူက ပန်းချီကားတွေ ရောင်းတယ်ဆိုတော့ ငါဝယ်ချင်တယ်လို့ပြောလိုက်တယ်။
အဲ့ဒါနဲ့ပဲ ရသွားတာ”
ကောင်မလေးနှစ်ယောက်က
လက်မများမထောင်ခင် အချိန်အကြာကြီး ရပ်သွားကြသည်။ “တော်တယ်”
ကျင်းရှီက
မေးလိုက်သည်။ “ငါအခု ဘာလုပ်ရမလဲ”
“အမြန်လုပ်၊ သူနဲ့ စကားစမြည်သွားပြောပြီး
ထမင်းစားဖိတ်လိုက်”
“မဟုတ်ဘူး၊ နင့်ကိုယ်နင်
အရင်မိတ်ဆက်ရမယ်”
“ဒါမှမဟုတ် နင် သူ့ပန်းချီကားတစ်ခုခုကို
ဝယ်သင့်တယ်။ စိတ်ရင်းမှန်နဲ့ ရောင်းသူဝယ်သူဆက်ဆံရေးကို အရင်လုပ်လိုက်”
ကျင်းရှီက
သူတို့၏ စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုကို စိတ်ရှည်ရှည်နှင့် အဆုံးထိ နားထောင်ပေးပြီး
“ငါ သူ့ကို ကျေးဇူးဆပ်ချင်တာပါ၊ နင်တို့နှစ်ယောက်က ဘာလို့ ဒီလောက်ရှုပ်ထွေးအောင်လုပ်နေတာလဲ”
“ပေါ်ရန်နဲ့ သူငယ်ချင်းမဖြစ်ချင်ဘူးလား”
“ပေါ်ရန်ရဲ့ ချစ်သူ မဖြစ်ချင်ဘူးလား”
ကျင်းရှီ
- ...
“ဘာပဲဖြစ်ဖြစ် သူ့
Momentsတွေကို အရင်ကြည့်ရအောင်!”
“ဟုတ်ပြီ၊ သူ့နေ့စဉ်ဘဝက ဘယ်လိုလဲဆိုတာ
ကြည့်ကြစို့!”
ကျင်းရှီသည်
လွန်ခဲ့သည့်သုံးရက်လောက်ကသာမြင်ရသည့် ပေါ်ရန်၏ Moments များကိုနှိပ်လိုက်သည်။
“ဘာမှလည်းမရှိပါလား”
“အိုက်ယား”
ပေါ်ရန်လို
ယောက်ျားတစ်ယောက်သည် တစ်စုံတစ်ယောက်ကို စိတ်ဝင်စားလျှင် ရှက်နေမှာမဟုတ်ပဲ သူ့Moments
တွင် တင်မည်ဖြစ်သည်ကို ကျင်းရှီက သိထားပြီးသားဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင်
ဆိုင်အရောင်းစာရေးသည် သူတို့၏ အော်ဒါနံပါတ်ကို လှမ်းခေါ်ပြီး ချူးကျောက်က သောက်စရာများကို
သွားယူခဲ့သည်။ သို့သော် သူမယူပြီးပြန်လာသောအခါ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
လင်းလော
- “ဘာဖြစ်နေတာလဲ၊ နင် သရဲတွေ့လာလို့လား”
ချူးကျောက်သည်
အသံကို လျှော့ပြောပြီး တုန်တုန်ယင်ယင်နှင့် “ငါ့မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။
ဘယ်ဟာ အရင်ကြားချင်လဲ”
လင်းလောနှင့်
ကျင်းရှီတို့သည် သတင်းဆိုးကို ရွေးချယ်ခဲ့ကြသည်။
“ဒါဆိုရင် သတင်းကောင်းနဲ့
စလိုက်မယ်။ တစ်စုံတစ်ယောက်က ငါတို့ သောက်မဲ့ဟာတွေကို ပိုက်ဆံရှင်းပေးခဲ့တယ်”
“ဘယ်လိုအကြင်နာတရားရှိတဲ့လူမို့လို့
ငါတို့ကို ဝယ်တိုက်ရတာလဲ”
“အင်း၊ အဲ့ဒါက သတင်းဆိုးပဲ” ချူးကျောက်က အသက်ပြင်းပြင်းရှူလိုက်သည်။
“အဲ့ဒါက ငါတို့အတွက် ပိုက်ဆံရှင်းပေးသွားတဲ့သူက ပေါ်ရန်ရဲ့ သူငယ်ချင်းပဲ။ ပြီးတော့
ပေါ်ရန် ကိုယ်တိုင်လည်း အပါအဝင်ပဲ၊ ငါတို့အနောက်မှာ ရှိနေတယ်။ ငါတို့ပြောသမျှကို သူတို့ကြားတယ်၊
ကျင်းရှီက ပေါ်ရန်ရဲ့ ချစ်သူဖြစ်ချင်တဲ့ဟာကိုရောပဲ”
“အိုကေ၊ တော်လောက်ပြီ” ကျင်းရှီက ပြောလိုက်သည်။
သူမသည် လှည့်မကြည့်ရဲလောက်အောင်ပင် သေချင်ဇော်နံနေသည်။