အပိုင်း
၄
ကျင်းရှီ၏
အိမ်သည် ဘီမြို့တော်၏ မြို့ပြဧရိယာတွင် တည်ရှိပြီး သူမသည် ကျောင်းတက်ဖို့ စာရင်းသွင်းရန်အတွက်
ကျောင်းသို့ စောစောရောက်ရှိလာသော ကျောင်းသားသစ်များအုပ်စုမှ ဖြစ်သည်။
ကျောင်းသားသစ်များစာရင်းသွင်းရန်
ဖောင်ပိတ်ရက်မတိုင်ခင်ထိ ရက်အတော်ကြာ ကျန်ရှိနေသေးသဖြင့် ကျင်းရှီသည် ထွေထွေထူးထူး
လုပ်စရာလည်းမရှိသဖြင့် ကျောင်းဝန်းနှင့် ရင်းနှီးသွားရန် လှည့်ပတ် လျှောက်သွားနေခဲ့သည်။
ကျောင်းသားများ၏
ဝါသနာလှုပ်ရှားမှု လုပ်ဆောင်သည့်လမ်းပေါ်၌ အသင်းအဖွဲ့အသီးသီးမှ အဖွဲ့ဝင်အသစ်များခေါ်ယူရန်အတွက်
ထီးများစိုက်ထူထားကြသည်။
“ကျောင်းသားသမဂ္ဂဝန်ဆောင်မှုစင်တာ” ဟူသော စကားလုံးသည်
အထူးသဖြင့် ထင်ထင်ရှားရှားဖြစ်နေသည်။
ကျင်းရှီသည်
လက်များကို အိတ်ကပ်များထဲတွင်ထည့်ရင်း ခြေညှပ်ဖိနပ်ကို ဝတ်ပြီး ဖြတ်လျှောက်လာခဲ့ရာ
ရှန်ဖျင်ချွမ်၏ ရုပ်ဖြောင့်သော အသွင်အပြင်ကို တွေ့လိုက်ရသည်။
မကြာသေးမီနှစ်များအတွင်း
ရှန်ဖျင်ချွမ်သည် အကြောင်းတစ်စုံတစ်ရာကြောင့် အရပ်ရှည်လာပြီး နှစ်မီတာနီးပါး ဖြစ်လာသည်။
ဤအရပ်သည် သာမာန်အားဖြင့် ကလန်ကလားဖြစ်သော ခန္ဓာကိုယ်ပုံစံသို့ ဦးတည်သွားသော်လည်း ရှန်ဖျင်ချွမ်၏
ကိုယ်လုံးကိုယ်ပေါက်သည် သန်မာပြီး အချိုးအစားကျနေသည်။ သူ့ကြွက်သားများသည် ကောင်းမွန်စွာ
ဖွံ့ဖြိုးလာပြီး သူ့ကို စွဲမက်ဖွယ်အသွင်အပြင် ဖြစ်စေသည်။
ရှန်ဖျင်ချွမ်သည်
ကျင်းရှီပထွေး၏ သားဖြစ်ပြီး သူမအတွက် အစ်ကိုတစ်ယောက်ဖြစ်ပေသည်။ သွေးသားတော်စပ်ခြင်းမရှိပေမယ့်
လေးငါးနှစ်သားအရွယ်ကတည်းက တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းပြီး ကြီးပြင်းလာခဲ့ကြသည်။
ရှန်ဖျင်ချွမ်သည်
မူလတန်းကျောင်းရှိ ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်၏ ထူးချွန်လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး
အလယ်တန်းနှင့် အထက်တန်းကျောင်းကတည်းက ဖြောင့်မတ်ခြင်းစိတ်သဘောထားကို မွေးမြူလာသော ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။
ထိုအချိန်တွင်
သူသည် သပ်ရပ်သော ဆံပင်တိုတိုနှင့် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ကျောင်းသားသမဂ္ဂဝန်ဆောင်မှုယာယီတဲနားတွင်
ရပ်နေသည်။ သူ့လက်ဖြင့် ခါးထောက်ထားရင်း သူ၏ လှပသော မက်မွန်ပွင့်ပမာ မျက်ခွံနှစ်လွှာသည်
အရိပ်ထဲတွင် ကျရောက်နေပြီး သူ့ဘေးပတ်ဝန်းကျင်ရှိ “လူအများအမြင်” ကို လေးနက်စွာ စစ်ဆေးနေခဲ့သည်။
သူ၏ချောမောသည့်အသွင်အပြင်က
ကောင်မလေးတော်တော်များများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီး တစ်ချို့ဆိုလျှင် သူ့ကို
အအေးခံထားသော ကိုကာကိုလာဘူးတစ်ဘူး ပေးဖို့တောင် အစပြုခဲ့ကြသည်။ သို့သော် ရှန်ဖျင်ချွမ်သည်
အကြောင်းပြချက်မရှိပဲ ထိုလက်ဆောင်များကို လက်ခံမည်မဟုတ်ပေ။
ကျောင်းသားခေါင်းဆောင်တစ်ဦးအနေဖြင့်
ပုံရိပ်ကောင်းကောင်းကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သူပထမဆုံးလုပ်ရမည့်အရာသည် ယောက်ျားလေးကပဲဖြစ်စေ
မိန်းကလေးကပဲဖြစ်စေ လာဘ်ထိုးလာခဲ့လျှင် ငြင်းဆိုဖို့ပင်ဖြစ်သည်။
ကျင်းရှီသည်
သူ့ကိုမြင်သွားသောအခါ သူမ အလွန်ကြောက်လန့်သွားပြီး လှည့်ပြေးသွားခဲ့သည်။
ကျောင်းစတက်သည့်နေ့တွင်
“ခရီးဆောင်အိတ်အနှောင်အဖွဲ့ကိစ္စ”
ဖြစ်ရပ်သည် “ရန်သူ”
ဟူသောလူများနှင့် ပြတ်ပြတ်သားသား စည်းချထားရမည်ဖြစ်ကြောင်း သူမကို
သဘောပေါက်စေခဲ့သည်။ သူတို့သည် သွေးသားရင်းများ မဟုတ်ရင်တောင် မိသားစုဝင်ထက်စာရင် တခြားလူတွေများနှင့်
အတူရပ်တည်သွားရမည်ဖြစ်သည်။
ကျင်းရှီသည်
ရိုးသားဖြောင့်မတ်မှု ကင်းမဲ့ရုံသာမက အနည်းငယ် သူရဲဘောကြာင်ပြီး အလွန်ကြောက်တတ်သူဖြစ်သည်။
“ခရီးဆောင်အိတ် အနှောင်အဖွဲ့ကိစ္စ”
ဖြစ်ရပ်က သူမကို ထိတ်လန့်စေခဲ့သည်။
လွန်ခဲ့သော
ရက်အနည်းငယ်က သူမသည် ရှန်ဖျင်ချွမ်ကို ရှောင်နေခဲ့သည်။ ရှန်ဖျင်ချွမ်သည် သူမအား မိန်းကလေးများ
အဆောင် အောက်ထပ်တွင် အကြိမ်ကြိမ် စောင့်ဆိုင်းနေခဲ့သော်လည်း
သူမ ဆင်းမလာပေ။
ရှန်ဖျင်ချွမ်က
ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျင်းရှီကိုတွေ့သွားသည်။ စကားတစ်ခွန်းမှ မပြောပဲ ခြေလှမ်းကျယ်ကြီးများဖြင့်
သူမနောက်ကို လိုက်ကာ “နေပါဦး ညီမလေး”
ကျင်းရှီသည်
သူမနောက်ကို အမှီလိုက်နေသည်ကို မြင်လိုက်ရသောအခါ အော်ဟစ်ပြီး ရှေ့ကို တဟုန်ထိုးပြေးဖို့
အရှိန်မြှင့်လိုက်သည်။
“ဘာလို့ပြေးနေတာလဲ”
“အစ်ကိုက ဘာလို့ ကျွန်မနောက်ကို
ပြေးလိုက်နေတာလဲ”
“ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက
မင်းကိုဘာလို့မတွေ့ရတာလဲ”
ကျင်းရှီသည်
ပြေးရင်း အခိုင်အမာပြောလိုက်သည်။ “ကျွန်မတို့က သွေးသားရင်းချာတွေမှ မဟုတ်တာ၊ အစ်ကိုက
သူစိမ်းတစ်ယောက်ပဲလေ၊ ကျွန်မအဖေက အစ်ကို့အဖေပဲ၊ ဒါပေမယ့် ကျွန်မ အမေကတော့ ကျွန်မအမေပဲ၊
အစ်ကို့အမေ မဟုတ်ဘူး”
ရှန်ဖျင်ချွမ်က
မျက်နှာသေဖြင့် “ငါကတော့ မင်းဘာတွေ လိုက်မွှေနေသလဲဆိုတာ စောင့်ကြည့်နေရုံပါပဲ” ဟု ပြောလိုက်သည်။
“အဲ့လောက်တောင်ပဲ ငါတို့အမေတွေ
အကြောင်း ထပ်ပြောဖို့ မင်းပါးစပ် အရမ်းယားနေလား”
“ကျွန်မနောက်ကို ထပ်လိုက်မလာတော့နဲ့
ဒါမှမဟုတ်ရင် ဦးလေးရှန်နဲ့ တိုင်ပြောပစ်မယ်!”
“မနက်စာစားပြီးပြီလား”
“မစားရသေးဘူး၊ ကျွန်မနောက်
မလိုက်လာနဲ့”
ကျင်းရှီသည်
သူမသွားနေသည့်နေရာကို မကြည့်ပဲ သွားနေရင်း မြစိမ်းရောင် ပင်လယ်ကြီးထဲသို့ ထိုးဆင်းသွားခဲ့သည်။
သူမ
မျက်တောင်ခတ်ကြည့်လိုက်သောအခါ ထိုနေရာမှာ အမျိုးသား ကာကွယ်ရေး အကယ်ဒမီကျောင်းဖြစ်ပြီး
စစ်ယူနီဖောင်းဝတ်ထားသော အရပ်မြင့်မြင့် ခန္ဓာကိုယ်သွယ်လျသော လူငယ်တစ်စုက ဝိုင်းရံ ချီတက်နေကြသည်ကို
မြင်လိုက်ရသည်။
သူမသည်
စစ်သားတစ်ဦးနဲ့ ဝင်တိုက်မိသွားသည်။
ကျင်းရှီသည်
မော့ကြည့်လိုက်ရာ ကျဉ်းမြောင်းပြီး အနည်းငယ် ပင့်တက်နေသလို ဖြစ်နေသော ဇာမဏီမျက်လုံးများနှင့်
အကြည့်ချင်းဆုံသွားပြီး ထိုမျက်လုံးများသည် စိတ်ရှုပ်ထွေးသယောင် ဖြစ်နေသည်။
ထိုသူမှာ
ပေါ်ရန်ဖြစ်နေသည်။
သူသည်
စစ်ဝတ်စုံကို ဝတ်စုံပြည့် ၀တ်ဆင်ထားပြီး စည်းကမ်းရှိသော ဝတ်စားဆင်ယင်ပုံနှင့် သူ၏ ကျယ်ပြောသော
နဖူးကို ဦးထုပ်ဖြင့်ဖုံးထားကာ မျက်လုံးများအပေါ်အရိပ်ကျနေသည်။
သူ့ခန္ဓာကိုယ်က
မာကျောလွန်းသောကြောင့် ကျင်းရှီ၏ နှာခေါင်းက ထိုခန္ဓာကိုယ်နှင့် တိုက်မိသွားပြီး နာသွားလေသည်။
ပေါ်ရန်၏လက်သည်
ကျင်းရှီ၏ လည်ပင်းနောက်ဖက်သို့ ရောက်သွားပြီး သူမကို သူ့ရှေ့ကနေ သူ့နောက်သို့ရောက်သွားအောင်
ဆွဲလိုက်ကာ သူမနောက်ပြေးလိုက်လာသည့် ရှန်ဖျင်ချွမ်ကို ကြည့်လိုက်သည်။
“သူ မင်းကို အနိုင်ကျင့်ပြန်ပြီလား” ပေါ်ရန်က မေးလိုက်သည်နှင့်
ကျင်းရှီသည် စစ်သားကိုကို၏ အကာအကွယ်နှင့် လုံခြုံမှုကို ခံစားလိုက်ရသဖြင့် မျက်ရည်များ
ထွက်ကျလုဆဲဆဲဖြစ်နေသည်။
သူမသည်
ပေါ်ရန်၏နောက်တွင် ဝင်ပုန်းလိုက်ပြီး ရှန်ဖျင်ချွမ်ကို ကြည့်လိုက်ရင်း တိုးတိုးလေး
ပြောလိုက်သည်မှာ “စီနီယာ၊ သူကလေ ကျွန်မကို ရိုက်ချင်နေတာ!”
ရှန်ဖျင်ချွမ်က
သူတို့ဆီ လျှောက်လာရာ အမျိုးသား ကာကွယ်ရေး အကယ်ဒမီမှ စီနီယာကျောင်းသား အများအပြားသည်
သူတို့နား မကပ်နိုင်အောင် သူ့လမ်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။
ရှန်ဖျင်ချွမ်က
တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါက ငါ့ညီမ၊ သူ မနက်စာစားဖို့ ခေါ်သွားမလို့”
ပေါ်ရန်က
လေးလေးပင်ပင်နှင့် ပြန်ပြောလိုက်သည်။ “သူ မနက်စာစားသည်ဖြစ်စေ မစားသည်ဖြစ်စေ အဲ့ဒါမင်းကိစ္စမဟုတ်ဘူး”
“သူက ငါ့ညီမကွ”
“ဒါဆို သူ့ကို ခေါ်ကြည့်လေ
မင်းကို ဘယ်လိုတုံပြန်မလဲဆိုတာ ကြည့်ကြတာပေါ့”
ရှန်ဖျင်ချွမ်သည်
သူ့ကော်လန်ကို ဖြန့်လိုက်ကာ ပေါ်ရန်ဆီ လျှောက်သွားသည်။
အရပ်မြင့်မြင့်နှင့်
ခန္ဓာကိုယ် တည်ဆောက်ပုံချင်း တူနေသော ဤယောကျ်ားနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်
ရန်ဖြစ်ချင်နေပုံရသည်။
“ပေါ်ရန်၊ ငါ့ညီမလေးကို ပြီးခဲ့တဲ့တစ်ခေါက်က
ကူညီပေးခဲ့တဲ့အတွက် ငါကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အခုက မိသားစုကိစ္စလေ၊ မင်းနဲ့မဆိုင်ဘူး
မင်းကိစ္စကိုသာ မင်းအာရုံစိုက်စမ်းပါ”
ရှန်ဖျင်ချွမ်က ပြောလိုက်သည်။
ပေါ်ရန်၏
ပါးစပ်သည် တွန့်သွားပြီး သူ့မျက်လုံးထောင့်တွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ပေါ်လာသည်။
“မင်းညီမ? သူအနိုင်ကျင့်ခံရတုန်းက မင်းဘယ်မှာ သူ့အတွက် ရပ်တည်ပေးလို့လဲ၊ အခုတော့ ငါ့ကိစ္စကိုပဲ
အာရုံစိုက်နေခိုင်းပြီး ဝင်မပါဖို့ လာပြောနေတယ် ဟုတ်လား”
ရှန်ဖျင်ချွမ်က
ပြန်ခံပြောလိုက်သည်။ “အဲ့တော့ မင်းကဘာမို့လို့ ငါတို့ကိစ္စကို ဝင်ပါနေရတာလဲ”
“ငါ့မှာ မင်းကို အဲ့ဒါနဲ့ပက်သက်ပြီး
ဖြေဖို့တာဝန်မရှိဘူး”
ဟုပေါ်ရန်က ပြန်ပြောသည်။
ရှန်ဖျင်ချွမ်က
လှောင်ပြောင်ပြီး “ငါ့ညီမနဲ့ ပတ်သက်ပြီး မသင့်တော်တဲ့ အကြံအစည်တွေ ရှိရင် မင်းကို သေအောင်ထိုးပစ်မယ်!”
“လာလိုက်စမ်းပါ” ပေါ်ရန်က သူ့အင်္ကျီလက်များကို
ဆွဲတင်လိုက်ပြီး ရှေ့ကို တိုးလာသည်။
အခြေအနေမှာ
ပိုတင်းမာလာပြီး နှစ်ယောက်စလုံး ဒေါသများ ပိုထွက်လာသည်ကို မြင်နေရသောကြောင့် ကျင်းရှီက
နောက်ဆုံးမှာတော့ သတ္တိမွေးကာ ပေါ်ရန်ကိုပြောလိုက်သည်။ “ရှန်ဖျင်ချွမ်က ရှင့်ကို သေချာပေါက်
အနိုင်ယူနိုင်မှာမဟုတ်ဘူး၊ ကျေးဇူးပါ စီနီယာ”
သူမသည်
သူ့ကို ဦးညွှတ်တောင်းပန်ပြီး ရှန်ဖျင်ချွမ်ကို ပြန်ကြည့်ကာ တုန်တုန်ရီရီနှင့် “မနက်စာ
သွားစားရအောင်”
ဟုပြောလိုက်သည်။
ထိုအချိန်တွင်
ပေါ်ရန်က သူမနောက်ကျောကို လှမ်းဆွဲပြီး “မင်းမသွားချင်ရင် ကိုယ့်ကိုယ်ကို အတင်းအကြပ်မသွားခိုင်းပါနဲ့” ဟူသော စကားလုံးများကို
အဆုံးစွန်ထိ မပြောမှီ ထိုစကားလုံးများသည် သူ့လည်ချောင်းထဲတွင် တစ်ခဏမျှ တစ်နေခဲ့သည်။
ဟုတ်ပါသည်၊
သူ့မှာ ထိုသို့ပြောစရာအကြောင်း လုံးဝမရှိချေ။
ရှန်ဖျင်ချွမ်သည်
ကြက်ကလေးတစ်ကောင်ကို ဆွဲကိုင်လိုက်သလိုမျိုး ကျင်းရှီ၏ ကော်လန်ကို ဆုပ်ကိုင်လိုက်ပြီး
သူမကို ခေါ်သွားလေသည်။ ကျင်းရှီသည် အပြစ်ရှိသလိုခံစားရပြီး ပေါ်ရန်ကို အကြိမ်ကြိမ်ပြန်ကြည့်နေသည်။
ပေါ်ရန်သည်
သူတို့နှစ်ယောက် ထွက်သွားသည်ကို လှမ်းကြည့်ရင်း မနက်ခင်း မြူများထဲတွင် သူတို့ပျောက်ကွယ်သွားသည်။
သူ့အကြည့်များ
ပို၍အေးစက်လာပြီး ပို၍လေးနက်လာသည်။
သူ့ဘေးနားက
လူများသည် သူ မပျော်တော့ဘူးဆိုသည်မှာ ထင်ရှားနေကြောင်း တွေ့လိုက်ရသည်။
သူသည်
များသောအားဖြင့် ဘာကိုမှဂရုမစိုက်ပဲ ပေါ့ပေါ့ဆဆနေတတ်ပြီး သူက တစ်စုံတစ်ယောက်ကို ထိုကဲ့သို့
နှစ်သိမ့်နေပေးသည်ကို သူတို့မတွေ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
**
ရှန်ဖျင်ချွမ်သည်
ကျင်းရှီကို ကော်ဖီဆိုင်သို့ ခေါ်လာပြီး သူ့ဘဏ်ကတ်ကို ပွတ်ဆွဲကာ ဟင်းရွက်၊ ကြက်ဥနှင့် ပုစွန်ဖက်ထုပ် ၃ခုပါသည့် ဆန်ပြုတ်တစ်ပန်းကန်ကို
မှာလိုက်သည်။ သူသည် ထိုပန်းကန်ကို ကျင်းရှီရှေ့တွင် ချထားလိုက်ပြီး ဇွန်းကို လှမ်းပေးကာ
သူမကို “စား” ဟူသော အသံနက်ကြီးဖြင့်
အမိန့်ပေးလိုက်သည်။
"စား"
ဟူသော စကားလုံးသည် အစ်ကိုကြီးတစ်ယောက်၏ အမြင့်ဆုံးအာဏာသံများ ပါဝင်နေသည်။
“ဒါက အရသာပေါ့ရွှတ်ရွတ်ကြီး” ကျင်းရှီက ဆူပုတ်ပြီး
ပြောလိုက်သည်။ “စပိုင်စီခေါက်ဆွဲကလွဲလို့ မနက်ပိုင်းမှာ ဘယ်အစားအစာကိုမှ စိတ်မဝင်စားဘူး”
“မင်း အရပ်ရှည်ချင်လား မရှည်ချင်ဘူးလား” ရှန်ဖျင်ချွမ်က သူမခေါင်းကို
ပွတ်သပ်လိုက်သည်။ “ကြက်ဥများများစား”
ကျင်းရှီသည်
ခေါင်းကိုအခြားတစ်ဖက်သို့ လှည့်လိုက်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ “အခုချိန်ကစပြီး
ကျွန်မတို့တွေ ခပ်ဝေးဝေးနေကြရအောင်”
“မသိရင် ငါကပဲမင်းနဲ့ ရင်းနှီးဖို့
စိတ်အားထက်သန်နေသလိုပဲ”
ရှန်ဖျင်ချွမ်က ငြီးတွားပြောဆိုလိုက်သည်။ “မင်းဦးလေးရှန်က မင်းကို
ဂရုစိုက်ပေးဖို့ ငါ့ကိုတောင်းဆိုခဲ့တယ်”
ကျင်းရှီက
သူ့ကို လျစ်လျူရှုပြီး ဆက်စားသည်။ ရှန်ဖျင်ချွမ်လည်း ဆက်ပြောနေသည်။ "ဒါပေမယ့်
မယားပါသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါဦး မင်းကို ဘယ်လောက်အလိုလိုက်ထားပြီး
ပျက်စီးနေသလဲဆိုတာ... ကောလိပ်တောင် တက်နေပြီးတော့ ကလေးတစ်ယောက်လို ပြုမူနေတုန်းပဲ”
ကျင်းရှီသည်
သူပြောသည်ကို နားထောင်ရင်း မနာလိုဖြစ်နေသလား သို့မဟုတ် အပယ်ခံဖြစ်သွားသလား ဆိုသည်ကို
ဝေကွဲမရဖြစ်နေသည်။
“အစ်ကိုက တစ်ယောက်ယောက်နဲ့
ပြသာနာခဲ့ဖြစ်ပြီးတော့ သူတို့က အစ်ကိုနဲ့ တိုက်ရိုက်မရှင်းရဲဘူး၊ အဲ့ဒါကြောင့် ကျွန်မဆီ
လှည့်လာကြတယ်လေ”
ကျင်းရှီက ရေရွတ်လိုက်သည်။ “ကျွန်မ အစ်ကို့အပေါ် အကြွေးတင်နေလို့လား၊
ရှန်ဖျင်ချွမ်”
ရှန်ဖျင်ချွမ်သည်
သူမ၏ ကျစ်ဆံမြီးကို ကိုင်လိုက်သည်။ “မင်း ငါ့အိမ်ကို လာနေတဲ့အခါတုန်းက မင်း တခြားသူတစ်ယောက်ရဲ့
အိမ်မှာ နေနေတယ်ဆိုတာကို မင်းမနားလည်ဘူးလား? တခြားအိမ်ထောင်က ပါလာတဲ့ မယားပါသမီးတွေလိုမျိုး
ရှက်ရွံ့ရိုကျိုးလွန်းတဲ့ ပုံစံကို မင်းမှာတစ်ခါမှ မမြင်ဖူးဘူး၊ မင်း ငါ့ဆီကနေ အရာအားလုံးကို
ယူဖို့တောင် ကြိုးစားခဲ့သေးတယ်”
“ကျွန်မ အစ်ကို့ဆီကနေ ဘာမှမယူပါဘူး၊
အစ်ကိုသာ ကျွန်မကို အနိုင်ကျင့်ခဲ့တာ”
ရှန်ဖျင်ချွမ်သည်
သူမမှာ ထိုအစားအစာကို မနှစ်သက်သည်ကို မြင်ပြီး မတ်တပ်ထရပ်လိုက်ကာ သူ့အတွက် စပိုင်စီခေါက်ဆွဲတစ်ပန်းကန်
ဝယ်လာလိုက်သည်။ သို့သော် ခေါက်ဆွဲအနည်းငယ်သာပါသော ပန်းကန်လုံးပွဲသေးကိုသာ ရွေးယူခဲ့ပြီး
သူမကိုမြည်းစမ်းကြည့်ဖို့ ပြောနေသည်။
နောက်ဆုံးတွင်
ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ ခေါက်ဆွဲပန်းကန်ကို သိမ်းယူလိုက်ပြီး သူ့အား အရည်ကျဲနေသော
ဟင်းသီးဟင်းရွက် ဆန်ပြုတ်ပန်းကန်ကို ပေးလိုက်သည်။
ဆန်ပြုတ်မျက်နှာပြင်တွင်
ပေါ်နေသော ဆီများကို ကြည့်ရင်း ရှန်ဖျင်ချွမ်က “ဒါက ရွံရှာစရာပဲ” ဟု စက်ဆုပ်စွာပြောလိုက်သည်။
“မင်းအတွက် ရွံ့စရာပဲ”
သူသည်
ရွံရှာနေပေမယ့် ထိုဆန်ပြုတ်ကို သောက်နေတုန်းပဲဖြစ်သည်။
ရှန်ဖျင်ချွမ်
အသက်ခြောက်နှစ်အရွယ်တွင် သူ့ထက်တစ်နှစ်ငယ်သော
ကျင်းရှီနှင့်တွေ့ခဲ့သည်။ သူ့အဖေက ဒီကလေးမလေးကို အိမ်ထဲ ခေါ်လာပြီး အဖေက သူမကို စောင့်ရှောက်ရမည်ဟု
ပြောခဲ့သည်။
ထိုအချိန်တွင်
ရှန်ဖျင်ချွမ်၏ မျက်လုံးများ တောက်ပလာသည်။ သူသည် နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာများဖြင့်
ပြည့်နှက်နေပြီး ညီမလေးတစ်ယောက်ကို အမှန်တကယ် လိုချင်ခဲ့သည်။ အခုတော့ သူ့အိမ်မက်မှာ
အကောင်အထည်ပေါ်လာခဲ့ပြီး ကျင်းရှီကို သူ့တရွန်စဖော်မာ ကစားစရာအရုပ်များထက် ပိုသဘောကျခဲ့သည်။
ကျင်းရှီအမေနှင့်
သူ့အဖေတို့ ပြန်လည်ပေါင်းစည်းမှုကို သူစိတ်မ၀င်စားချေ။ အကြောင်းမှာ သူ့အမေသည် သူ့ကို
မွေးမွေးပြီးချင်း မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားခဲ့သည်။ ခြောက်နှစ်ကြာပြီးနောက်
ကျင်းရှီအမေ ရောက်လာပြီး ရှန်ဖျင်ချွမ်သည် နောက်ဆုံးတွင် သူလိုချင်ခဲ့သော မိခင်မေတ္တာကို
ရရှိခဲ့သည်။
ရှက်ရွံ့ပြီး
နူးညံ့သိမ်မွေ့သော ညီမငယ် ကျင်းရှီကို ရှန်ဖျင်ချွမ်တစ်ယောက် ချစ်တတ်သော်လည်း သူသည်အစ်ကိုကြီး
တစ်ယောက်ကဲ့သို့ ပြုမူခဲ့ပြီး လိုအပ်ပါက သူမ၏ အကျင့်ဆိုးများကို ပြုပြင်ပေးခဲ့သည်။
ဥပမာအားဖြင့်
သူမသည် ညဖက်စောစောအိပ်ရန် လိုအပ်သည်။ သို့သော်ညနက်မှ သူမအခန်းတံခါးအောက်မှ မီးအလင်းရောင်
ထွက်လာသည်ကို မြင်လျှင် ကျယ်လောင်စွာ တံခါးခေါက်ပြီး မအိပ်ပါက ရိုက်နှက်မည်ဟု သတိပေးတတ်သည်။
ကျင်းရှီလည်း
ရှန်ဖျင်ချွမ်မှာ ပထွေး၏ သားတစ်ယောက်အဖြစ် အလွန်ပီသသည်ဟု ခံစားမိသည်။ သူသည် သူမကို
သဘောမကျ၊ ပြစ်တင်ရှုံ့ချပြီး တစ်ခါတစ်ရံတွင် သူမအား ညှဉ်းဆဲရန် ကြမ်းတမ်းစွာ ပြုမူတတ်သည်ကို
ဆယ်နှစ်ကြာအောင် ခံစားခဲ့ရသည်။
သူတို့
နှစ်ယောက်သည် အိမ်မှာ မကြာခဏ ရန်ဖြစ်ကြပြီး အချိန်တိုင်း ရှန်ဖျင်ချွမ်က သူမကို ငိုစေခဲ့သည်။
“သမီးအစ်ကိုက သမီးကို ချစ်တယ်၊
အဲဒါကြောင့် သမီးအပေါ် စည်းကမ်းတင်းကြပ်နေတာ”
ဟု သူမအမေက ညည်းညူပြောဆိုတတ်သည်။
ကျင်းရှီမှာ
ပြောစရာစကားမရှိပေ။
သူ့အစ်ကို၏
အချစ်ဆိုသည်မှာ သူမကို အနိုင်ကျင့်ခြင်းသာ ဖြစ်သည်။ ထိုအချစ်မှာ မည်သို့သောအချစ်မျိုးဖြစ်မည်နည်း။
ကျင်းရှီ
ကြီးပြင်းလာခဲ့သည်။ အလယ်တန်းနှင့် အထက်တန်းကျောင်း ရောက်သောအခါ ရှန်ဖျင်ချွမ်တက်သောကျောင်းကို
တက်ခဲ့သည်။ ယောက်ျားလေးတစ်ယောက်က သူမကို စိတ်ဝင်စားသည့် အခါတိုင်း ရှန်ဖျင်ချွမ်သည်
ထောင့်တစ်နေရာမှ ရုတ်တရက် ပေါ်လာပြီး သူ့နောက်သို့ ဆွဲခေါ်ကာ “ငါ့ညီမလေးက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက်
စာကြိုးစားနေတယ်။ ချိန်းတွေ့ဖို့ စိတ်မဝင်စားဘူး။ မင်းဆက်ပြီး နှောင့်ယှက်ရင် ဆရာ့ကို
အကြောင်းကြားရလိမ့်မယ်”
ဟူ၍ ခြိမ်းခြောက်လေ့ရှိသည်။
မှန်သည်။
သူက အကြမ်းဖက်မှုကို အားကိုးမည်မဟုတ်သော ကျောင်းသားအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့်
ဆရာနှင့်သာ တိုင်ပြောမည်ဖြစ်သည်။
သူမ၏
လူငယ်ဘဝတစ်လျှောက်လုံး ကျင်းရှီသည် ရှန်ဖျင်ချွမ်၏ အရိပ်အောက်တွင် နေခဲ့ရပြီး သနားစရာကောင်းလှသည်။
နောက်ဆုံးတော့ သူမသည် သူ့ကို ကောလိပ်သို့ ပို့ပေးလိုက်နိုင်ခဲ့သော်လည်း တစ်နှစ်အတွင်းတွင်
သူမကိုယ်တိုင် ဘီမြို့တော်တက္ကသိုလ်ကို လျှောက်ခဲ့ပြီး တက်ခွင့်ရခဲ့သည်။
ဘဝက
ခက်ခဲလှသည်။
မနက်စာစားပြီးနောက်
ရှန်ဖျင်ချွမ်က ကျောင်းသားရေးရာလုပ်စရာ အလုပ်များ ရှိနေပြီး ကျင်းရှီကို “မင်းဘယ်သွားမလို့လဲ” ဟုမေးလိုက်သည်။
ကျင်းရှီက
“ဟိုဟိုဒီဒီ လျှောက်သွားမလို့”
ဟုပြန်ဖြေလိုက်သည်။
ရှန်ဖျင်ချွမ်က
မေးလိုက်သည်။ “မင်းရဲ့ ကန်းပတ်ဝင်ခွင့်ကတ်ရပြီးပြီလား”
ကျင်းရှီက
“မရသေးဘူး” ဟုပြန်ဖြေလိုက်သည်။
ထို့နောက်
ရှန်ဖျင်ချွမ်က သူ့ကိုယ်ပိုင် ကန်းပတ်ဝင်ခွင့်ကတ်ကို ကျင်းရှီကို ပေးခဲ့ပြီး “စာကြည့်တိုက်မှာ
စာသွားလုပ်” ဟုပြောလိုက်သည်။
ကျင်းရှီ
- ...
သူမ
ငြင်း၍မရနိုင်ဘူးလား။
ရှန်ဖျင်ချွမ်သည်
ကျင်းရှီ၏ကော်လန်ကို ဖြန့်ပေးလိုက်ပြီး “သပ်သပ်ရပ်ရပ် ၀တ်စမ်း၊ ဖရိုဖရဲလုပ်မနေနဲ့” ဟု သတိပေးခဲ့သည်။
“ကောင်းပြီလေ”
“ပြီးတော့ ပေါ်ရန်ဆိုတဲ့
အကောင်နဲ့ သွားမပတ်သက်နဲ့”
ကျင်းရှီက
မေးလိုက်သည်။ “ဘာလို့လဲ”
“အဲ့ကောင်က မကောင်းဘူး”
“သူက ဘာနေရာ မကောင်းလို့လဲ”
“အရာအားလုံးပဲ”
ကျင်းရှီသည်
ရှန်ဖျင်ချွမ်ဆီက ထိုစကားများကြားရသည်မှာ မထူးဆန်းတော့ပေ။ သူသည် သူပြောချင်သည့်လူသာပြောင်းသွားမည်၊
ပြောချင်သည့် အကြောင်းအရာမှာ မပြောင်းသွားပဲ အကြိမ်ငါးဆယ်ကျော်လောက် ပြောနေတတ်သည်။
သူ့အတွက်ကတော့ ကျင်းရှီ အနားကပ်လာသည့် ယောကျ်ားတိုင်းကို လူကောင်းမဟုတ်ဟု တွေးထင်နေသည်။
ရှန်ဖျင်ချွမ်လည်း
ထွက်သွားခဲ့သည်။
ကျင်းရှီသည်
သူ၏ အရပ်မြင့်မြင့်နှင့် ဖြောင့်မတ်သော ပုံပန်းသွင်ပြင်မှာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို
ကြည့်နေခဲ့သည်။ ရုတ်တရက် သူမက အော်ပြောခဲ့သည်။ “ ရှန်ဖျင်ချွမ် အစ်ကို ကျွန်မကို မုန်းလား”
သူသည်
ခဏလောက် ရပ်လိုက်ပေမယ့် လှည့်မကြည့်ပဲ “ဟုတ်တယ်” ဟု ရေရွတ်လိုက်သည်။
“ဘာလို့လဲ”
ကျင်းရှီသည်
အမြဲနာခံခဲ့သည်။ သူဘာကြောင့် အမြဲတမ်း သူမအပေါ် ဒီလိုမျိုး ဖြစ်နေရသနည်း။
ရှန်ဖျင်ချွမ်က
ကောင်းကင်ကို မော့ကြည့်ပြီး “ပထွေးမိထွေးတွေရဲ့ သားသမီးတွေက အမြဲတမ်း ရန်သူတွေပဲလေ၊
မင်းနားမလည်ဘူးလား”
ကျင်းရှီလည်း
ပင်ပန်းသွားသလို ခံစားလိုက်ရသည်။ “နောက်ထပ် အစ်ကိုနဲ့ ရန်မဖြစ်ချင်တော့ဘူး၊ အခု ကျွန်မတို့
အရွယ်ရောက်ပြီး ကောလိပ်တက်နေကြပြီလေ။ ကျွန်မကို မုန်းရင် ကျွန်မနဲ့ ဝေးဝေးမှာနေ”
သူမသည်
ထိုစကားကို ပြောပြီးနောက် စာကြည့်တိုက်ဆီသို့ လျှောက်လာခဲ့သည်။
လေက
တက်နေပြီး ထီးပန်းပင်၏ အရွက်များ ကြွေကျလာသည်။ ကောင်မလေး၏ သွယ်လျသောပုံပန်းသွင်ပြင်သည်
နံနက်ခင်းအလင်းရောင်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ရှန်ဖျင်ချွမ်သည်
အချိန်အကြာကြီး မတ်တပ်ရပ်နေပြီး နောက်ဆုံးမှာတော့ အဝေးသို့ ထွက်သွားခဲ့သည်။