ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို အကြိမ်ပေါင်းများစွာ နမ်းပြီးနောက် လူအများ စန္ဒရားတေးသံစဉ်များကို တင်နိုင်သည့် ကောင်းမွန်သော နိုင်ငံခြားဝက်ဘ်ဆိုက် ရှိ၊မရှိအား ကျန်းယွင်ရှိူ့ကို မေးမြန်းခဲ့သည်။
ထိုသို့သော ဝက်ဘ်ဆိုက်များ သေချာပေါက် ရှိသည်ပင်။ ကျန်းယွင်ရှိူ့သည် သူ့ဆရာ သူ့ကို မိတ်ဆက်ပေးထားသော ဂီတပညာရှင် အဖွဲ့အစည်းတစ်ခုတွင် သူ၏ လက်ရာတချို့ကို လူသိရှင်ကြား ဖြန့်ဝေနိုင်သည့် သီးသန့်ဝက်ဘ်ဆိုက်တစ်ခု ရှိသည်ဟု ပြန်ဖြေသည်။
“ မင်း အဲ့သီချင်းတွေကို အခွေထဲထည့်ဖို့ အစီအစဉ်မရှိရင် အဲ့ဝက်ဘ်ဆိုက်မှာ တင်သင့်တယ်။ ” ယန်ကျင်းဇီက အကြံပြုသည်။
“ ဘာကြောင့်တင်ရမှာလဲ? ” ကျန်းယွင်ရှိူ့က မေးသည်။
“ မင်းရဲ့သီချင်းတွေကို လူတွေအများကြီး နားထောင်နိုင်တယ်လေ၊ မကောင်းဘူးလား? ” ယန်ကျင်းဇီက ဆိုသည်။
ထို Twitter ပိုင်ရှင်သည် ကျန်းယွင်ရှိူ့မှ လူသိရှင်ကြား မဖြန့်ဝေရသေးသော သီချင်းအများအပြားကို ထုတ်ဝေခဲ့ပြီး မူရင်းတေးရေးဆရာ ကျန်းယွင်ရှိူ့ကို ခိုးကူးသူတစ်ဦး ဖြစ်အောင် ပြုလုပ်သွားသည်။ ထိုသို့သော အပြုအမူမှာ တကယ့်ကို ရွံစရာကောင်းသည်။
သို့သော် သူသည် ထိုလူကို ရှာမတွေ့နိုင်ချေ...
“ ကောင်းပြီ။ ” ကျန်းယွင်ရှိူ့က ခေါင်းညိတ်သည်။
ယန်ကျင်းဇီသည် ဂီတ၊ မူပိုင်ခွင့်နှင့် အခြားအရာများအကြောင်း သိပ်မသိပေ။ လောလောဆယ်တွင် သူသည် မရေရာသော အကြံပြုချက်များကို ပေးနေသော်လည်း ကျန်းယွင်ရှိူ့သည် ဂီတတီးခတ်ရသည်ကို သဘောကျပြီး ဂီတကို နှစ်သက်သည်။ တခြားကိစ္စများကို ဂရုမစိုက်ချေ။ ဂီတမူပိုင်ခွင့်များနှင့် ပတ်သက်၍လည်း သိပ်စိတ်မပူ။ ယန်ကျင်းဇီ၏စကားကို ကြားပြီးနောက် သူက တန်းသဘောတူလိုက်သည်။
သူတို့နှစ်ယောက်သည် ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ ထိုညတွင် သူတို့သည် ကျန်းယွင်ရှိူ့ တီးခတ်ထားသော သီချင်းတစ်ပုဒ်ကို ဝက်ဘ်ဆိုက်တွင် တင်သည်။ ယန်ကျင်းဇီ၏ အကြံပြုချက်အရ ကျန်းယွင်ရှိူ့သည် နိုင်ငံရပ်ခြားရှိ သူ့ဆရာကိုလည်း ဆက်သွယ်ခဲ့သည်။
ကျန်းယွင်ရှိူ့နှင့် စကားစမြည်ပြောပြီးနောက်မှသာလျှင် ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ နိုင်ငံခြား ဂီတပညာတော်သင်နှင့် ပတ်သက်သော အသေးစိတ် အခြေအနေများကို သိလိုက်ရသည်။
ကျန်းယွင်ရှိူ့က ယောက်ျားများကို သဘောကျသောကြောင့် သူ့မိသားစုနှင့် ကွဲသွားကြောင်း ယန်ကျင်းဇီသည် လောင်ချိုက်ကို ယခင်က ပြောပြဖူးသည်။
သို့သော် ၎င်းမှာ အမှန်ပင် သူ၏ မှန်းဆချက် သက်သက်သာ ဖြစ်သည်။ သူက ပေါ့ပေါ့ဆဆ ပြောလိုက်သော်ငြား ရလဒ်ကမူ... သူ့စကားများမှာ အမှန်များ ဖြစ်နေသည်။
ကျန်းယွင်ရှိူ့၏မိခင်သည် dystocia ( မီးဖွားရန် ခက်ခဲမှု ) ကြောင့် ဆုံးပါးသွားသည်။ သူသည် ငယ်စဉ်ကတည်းက မိခင်မေတ္တာကို တစ်ခါမှ မခံစားဖူးချေ။ သူ၏ဖခင် ကျန်းချီရှန်သည် အလုပ်ရှုပ်နေပြီး သူ့သားကို သိပ်စိတ်မပူ။ သားအဖနှစ်ဦးသည် တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာပင် မတွေ့ဖြစ်ကြ။ တစ်ခါတစ်ရံ တွေ့ဖြစ်ကြသောအခါ ကျန်းချီရှန်သည် သူ့ကို ပညာရေးဆိုင်ရာ မေးခွန်းတချို့ကိုသာ မေးမြန်းပြီး စာကြိုးစားရန်သာ ပြောသည်။
ကျန်းယွင်ရှိူ့သည် ငယ်စဉ်ကတည်းက ဂီတကို နှစ်သက်ခဲ့သော်လည်း သူ့ဖခင်၏ ကြီးကြပ်မှုကြောင့် ကြိုးကြိုးစားစား စာသင်နေဆဲဖြစ်ပြီး အဆင့်များ ကောင်းမွန်သည်... ထို့နောက် သူသည် “ဝမ်ရှန်းချောင်” နှင့် တွေ့ပြီး ယောက်ျားများကို နှစ်သက်ကြောင်း တွေ့ရှိခဲ့သည်။
သူသည် အတော်လေး ဖြောင့်မတ်မှန်ကန်သူ ဖြစ်သည်။ မူလပိုင်ရှင် အခြားကျောင်းသို့ ပြောင်းရွှေ့ပြီး ထွက်ခွာသွားသောအခါတွင် သူသည် လိုက်လံ၍ လူရှာသည်။ တစ်ခုခုမှားနေကြောင်း မိသားစုက သိသွားပြီး သူ့ကို မေးသောအခါ သူက ယောက်ျားတစ်ယောက်ကို သဘောကျနေသည်ဟု ပြောခဲ့သည်။
ဆယ်နှစ်ကျော် ပြုစုပျိုးထောင်ခဲ့သော သားသည် ယောက်ျားများကို အမှန်တကယ် နှစ်သက်သည်... ကျန်းချီရှန်သည် စိတ်ဆိုးသွားပြီး “ကုသမှု” ခံယူရန် ဆေးရုံသို့ ကျန်းယွင်ရှိူ့ကို ချက်ချင်း ပို့လိုက်သည်။
တကယ်ဆိုလျှင် ယခင်က ကျန်းယွင်ရှိူ့သည် သန့်ရှင်းနေခြင်းကို ကြိုက်ရုံသာ ဖြစ်သည်။ “ကုသ” ရန် စေလွှတ်ခံရပြီးနောက်တွင် သူသည် ပြင်းထန်သော တစ်ကိုယ်ရေသန့်ရှင်းမှု အစွဲအလမ်းနှင့် တချို့သော စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ရရှိလာသည်။ နောက်ပိုင်း၌ သူသည် နိုင်ငံရပ်ခြားတွင် စိတ်ပညာရှင်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး သက်သာလာခဲ့သည်။ အနည်းဆုံးတော့ ယခုအခါတွင် သူ၏ တစ်ကိုယ်ရေသန့်ရှင်းမှု အစွဲအလမ်းက သူ့ဘဝကို မထိခိုက်တော့ချေ။
ထိုအချိန်တွင် ကျန်းယွင်ရှိူ့ကို “ကုသမှု”အတွက် လအနည်းငယ်ကြာ စေလွှတ်ခဲ့သည်။ သူသည် အရိုးပေါ်အောင် အလွန်ပိန်ကျသွားသည်။ နောက်ဆုံးတွင်မူ ကျန်းယွင်ရှိူ့၏ အဘိုးဖြစ်သူသည် မကြည့်ရက်တော့ချေ။ သူသည် ပိုက်ဆံအကုန်အကျခံ၍ ကျန်းယွင်ရှိူ့ကို နိုင်ငံရပ်ခြားသို့ စေလွှတ်လိုက်ပြီး စန္ဒရားတီးပညာရှင် ဆရာတစ်ဦးကို ရှာဖွေခဲ့သည်။
သို့ရာတွင် မစ္စတာကျန်းက ဤသို့ပြုမူသော်ငြား သူက ကျန်းယွင်ရှိူ့ကို သဘောမကျသည့်အပြင် နားလည်း မလည်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ ကျန်းယွင်ရှိူ့ နိုင်ငံခြားသို့ ရောက်သွားသည့်အချိန်မှစ၍ ပိုက်ဆံပေးခြင်းမှအပ ကျန်းမိသားစုသည် ကျန်းယွင်ရှိူ့ကို ဂရုမစိုက်ကြတော့။
ကံကောင်းထောက်မစွာဖြင့် ကျန်းယွင်ရှိူ့သည် ကံကောင်းပြီး အရည်အချင်းကို နှစ်သက်သော ဆရာတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
သူသည် တိုင်းပြည်မှထွက်လာပြီး ထိုစန္ဒရားဆရာရှေ့တွင် သူ၏ ပြိုင်ဘက်ကင်းသော စွမ်းရည်ကို ပြသခဲ့သည်။ ထိုစန္ဒရားဆရာက နာမည်ကျော် စန္ဒရားတီးပညာရှင်တစ်ဦးထံတွင် သူ့ကို ချက်ချင်း ထောက်ခံပေးသည်။ နောက်ဆုံး အလှည့်အပြောင်းတချို့ ပြီးသွားပြီးနောက် သူသည်လည်း ကမ္ဘာတစ်လွှား နာမည်အကျော်ကြားဆုံး စန္ဒရားတီးပညာရှင်များထဲမှ တစ်ဦး၏လက်အောက်တွင် သင်ကြားခဲ့ပြီး ထိုစန္ဒရားတီးပညာရှင်၏ အကြံပြုချက်အရ ကမ္ဘာကျော် ဂီတကျောင်းတစ်ကျောင်းတွင် တက်ရောက်ခဲ့သည်။
ကျန်းမိသားစုက အစပိုင်းတွင် သူ့ကို နေထိုင်စရိတ် ထောက်ပံ့ပေးသော်လည်း သူ၏ အသက်နှစ်ဆယ်တွင် သူ့အဘိုး ဆုံးပါးပြီးနောက်တွင်တော့ သူသည် ကျန်းမိသားစု၏ ထောက်ပံ့စရိတ်ကို ထပ်မရတော့ချေ။ ကံကောင်းစွာဖြင့် သူသည် ထိုအချိန်တွင် ပိုက်ဆံရှာနေနိုင်ပြီဖြစ်ပြီး ပစ္စည်းဥစ္စာ လိုအင်ဆန္ဒများ မရှိသောကြောင့် ဘဝကို ရှေ့ဆက်သွားနိုင်ခဲ့သည်။
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏လက်ကို ကိုင်လျက် အနှစ်နှစ်ဆယ်စော၍ ကူးပြောင်းလာရန် တောင်းဆုပြုမိနေပြီး အပြစ်ရှိသော ခံစားချက်က ပြင်းထန်လေးနက်စွာဖြင့် သူ့နှလုံးသားထဲတွင် မလွှဲရှောင်သာ ထိုးတက်လာသည်။
ကျန်းယွင်ရှိူ့နှင့် စကားပြောဖြစ်သည့်အကြိမ်တိုင်းတွင် သူသည် ငိုချင်လာမိသည်။
ကျန်းယွင်ရှိူ့ကိုယ်တိုင်ကမူ ဂရုမစိုက်ပုံပေါ်ပြီး ထခုန်ကာ စကားဆိုသည်။ “ ငါ စိတ်ကူးအသစ် ရပြီ! ”
သူသည် စန္ဒရားထံသို့ သွားပြီး ဆက်လက်တီးခတ်သည်။
ယန်ကျင်းဇီသည် သူ့အနားတွင် ဆက်နေပြီး ကမ္ဘာကြီးတစ်ခုလုံးကို ကြည့်နေရသော ခံစားချက်ဖြင့် စန္ဒရားတီးခတ်နေသော သူ့ကို ကြည့်ရှုနေမိသည်။
ဤလူသည် သူ့အချစ်ဆုံး ဖြစ်သည်။
ယခင်က ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို အပျော်ရွှင်ဆုံး ဘဝဖြင့် ဖြတ်သန်းနိုင်စေရန်အတွက် ငွေများများရှာရန် တွေးနေခဲ့သော်လည်း ယခုမူ... သူ့ဦးနှောက်ကို ကောင်းကောင်းအသုံးချပြီး မနက်ပိုင်းတွင် အလုပ်အားလုံးကို အပြီးလုပ်၍ ကျန်းယွင်ရှိူ့နှင့်သာ အချိန်များကို ကုန်ဆုံးသင့်သည်ဟု ထင်မိသည်။
အချိန်များ တကုန်ထိုးကုန်သွားပြီး နေ့သစ်တစ်ရက် ရောက်လာသောအခါ အွန်လိုင်းပေါ်တွင် ကျန်းယွင်ရှိူ့ကို မတရားသဖြင့် ရှုတ်ချဝေဖန်သူများ မရှိသလောက် ဖြစ်သွားသည်။
အွန်လိုင်းပေါ်တွင် ကြီးကြီးမားမား ကိစ္စသုံးခု ဖြစ်သွား၏။
ပထမဆုံးဖြစ်ရပ်မှာ နိုင်ငံ့ဖခင် ယန်ကောချီသည် မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများ၏ နာမည်တွဲခေါ်ခြင်းကို ခံရပြီးနောက် နောက်ဆုံးတွင် Weibo ပို့စ်တင်လာပြီဖြစ်သည်။
သူက ကျန်းယွင်ရှိူ့အကြောင်း လုံးဝ မပြောဘဲ ဤပို့စ်ကိုသာ တင်သည် - “ သူက ငါ့သား @ချီရှန်းအုပ်စု ဒါရိုက်တာ ယန်ကျင်းဇီ ”
ယန်ကျင်းဇီ၏ အကောင့်အတည်ပြုချက် ထုတ်ပြန်ပြီးနောက် Weibo ပေါ်မှ လူများအားလုံးနီးပါးသည် သူက ယန်ကောချီ၏ သား ဖြစ်ကြောင်း ဆုံးဖြတ်ပြီးဖြစ်သည်။
သူသာ ယန်ကောချီရဲ့သား မဟုတ်ဘူးဆိုရင် သူ့မှာ အသက်ငယ်ငယ်နဲ့ ဥက္ကဌ ဖြစ်နေပြီး ချီရှန်းရဲ့ ရှယ်ယာတွေ ပိုင်ထားဖို့ အရည်အချင်း ဘယ်လိုလုပ် ရှိနိုင်မှာလဲ?
သို့ရာတွင် ယန်ကောချီက မတုံ့ပြန်သောအခါ လူတချို့က ယန်ကျင်းဇီ၏ Weibo တွင် ဝင်ရောက်လှောင်ပြောင်ကြသည်။
“ မင်း ဗီရိုထဲက လူသိရှင်ကြား ထွက်ထားတာ၊ ချီရှန်းရဲ့ ဒါရိုက်တာ ဖြစ်နိုင်သေးလား? ”
“ မင်းအဖေက မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးမှာ မကြောက်ဘူးလား? ”
“ မင်းအဖေက မင်းကို ရိုက်ဖို့ လာနေပြီ! ”
… ...
ထိုသို့နှင့် ယန်ကောချီက ယန်ကျင်းဇီကို လုံးဝ လွှတ်ပေးလိမ့်မည်မဟုတ်ဟု လူတိုင်း ခံစားမိကြသည့်အချိန်တွင်ပင် ယန်ကောချီက ရုတ်တရက်ကြီး ဤပို့စ်ကို ထတင်ခဲ့သည်။
“ အရင်က ယန်ကျင်းဇီ ဒီလိုမျိုး ပြဿနာထားရှာတာ မိသားစုထဲကနေ အထုတ်ခံရမယ်လို့ ပြောကြတယ်။ အခု ယန်ပါးပါးက ဒီလိုပြောပြီဆိုတော့ ဒါက ယန်ကျင်းဇီကို ကာကွယ်ပေးနေတာမလား? ”
“ ဒယ်ဒီယန်က ယန်ကျင်းဇီကိုပဲ အသိအမှတ်ပြုတယ်၊ ကျန်းယွင်ရှိူ့ မပါဘူးမလား? ”
“ အပေါ်ထပ်၊ သူက ကျန်းယွင်ရှိူ့ကို လက်မခံပေမယ့် ဒါက... အနည်းဆုံးတော့ သူ ပြောတာက ယန်ကျင်းဇီက ဗီရိုထဲက ထွက်လာရင်တောင် သူ့သား ဖြစ်နေတုန်းပဲ။ ”
“ စကားလုံး ငါးလုံးပဲ ရှိပေမယ့် ဖေဖေယန်ရဲ့ စကားတွေက ရှင်းမပြနိုင်လောက်အောင် လွှမ်းမိုးနိုင်နေတယ်။ ”
“ ဒယ်ဒီက အရမ်းမိုက်တယ်! ဒယ်ဒီ၊ သားတစ်ယောက် လိုသေးလား? ”
… ...
နံနက် ၉ နာရီတွင် ယန်ကောချီသည် Weibo ပို့စ် တင်ခဲ့ပြီး ဤ Weibo ပို့စ်တက်ပြီးမကြာမီ ရှေ့နေအချို့သည် တရားစွဲဆိုစာများကို ပို့စ်တင်ခဲ့သည် — ယန်ကျင်းဇီက လူရာချီကို တပြိုင်နက်တည်း တရားစွဲထားတယ်!
အစတွင် အချို့သော ကိုယ်ပိုင်မီဒီယာများနှင့် နာမည်ကျော်ကြားသည့် အတည်ပြုပြီးသား အကောင့်ပိုင်ရှင်များသည် ကျန်းယွင်ရှိူ့ကို ထိုသို့ဤသို့ ပြောဆိုလျက် တရစပ် ထိုးနှက်နေခဲ့ကြသည်။ ယခုမူ သူတို့အားလုံးကို ယန်ကျင်းဇီက တရားစွဲလိုက်ပြီဖြစ်သည်။
ဤသည်က အွန်လိုင်းတွင် ဖြစ်ပွားသော ဒုတိယမြောက် အဓိကဖြစ်ရပ် ဖြစ်၏။
အင်တာနက်ပေါ်မှ တတိယမြောက် အဓိကဖြစ်ရပ်ကမူ မဖွယ်မရာ ဓာတ်ပုံများထဲမှ ကျန်းယွင်ရှိူ့နှင့် တူသော လူကို ရှာနိုင်လျှင် တစ်သန်းပေးမည်ဟု ကမ်းလှမ်းသော ယန်ကျင်းဇီ၏ Weibo ပို့စ် ဖြစ်သည်။
ဓာတ်ပုံထဲက ကျန်းယွင်ရှိူ့နဲ့တူတဲ့လူကို သူ့ကို ကူရှာပေးနိုင်ရင် သူက တစ်သန်းပေးမယ်! သဲလွန်စ သတင်းပေးရုံပဲဆိုရင်တောင် သူက တစ်သောင်းပေးမယ်!
ယန်ကျင်းဇီ၏ Weibo ပို့စ်တက်ပြီးနောက် မရေမတွက်နိုင်သော လူများက ချက်ချင်း အော်ဟစ်ပြီး ပြန်တင်ကြသည် : “ အား အား အား အား ဒီလူ ဘယ်မှာလဲ အား! ”
“ ငါ ဒီလူကို သွားရှာလို့ တွေ့လာရင် ပို့စ်တင်မယ်! ”
“ တစ်မီလီယံ အား အား အား အား အား! ”
“ ငါ အပြင်ထွက်ရတာ မကြိုက်ခဲ့ပေမယ့် အခုတော့ ငါ ဈေးသွားဦးမယ်! ”
… ...
စကားပြောနေကြစဉ် တခြားတစ်ဦးက ပြောလာသည် : “ အရင်က ကျန်းယွင်ရှိူ့နဲ့တူတဲ့တစ်ယောက်ကို ငါ မြင်ဖူးတယ်။ ”
“ ငါတို့ကျောင်းမှာ ကျန်းယွင်ရှိူ့နဲ့တူတဲ့ လူတစ်ယောက် ရှိတယ်။ ”
“ မစ္စတာယန်က ရှေ့ထွက်လာပြီ၊ အရမ်းချောတယ်! ”
“ ငါက ဖန်ပါ! ငါက ဖန်! ”
“ ကျန်းယွင်ရှိူ့က ချောက်ချခံရတာ တကယ်ပဲ အတော်သနားစရာကောင်းတယ်။ ”
… ...
ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ မည်မျှတော်ကြောင်း ပြသရန်အတွက် သူ့လက်အောက်မှ ပြည်သူ့ဆက်ဆံရေးအဖွဲ့အား ကျန်းယွင်ရှိူ့၏ ကိုယ်ရေးအကျဉ်းကို နေရာတကာ တင်ခိုင်းထားသည်။ ယခုဆိုလျှင် လူတိုင်းသည် ကျန်းယွင်ရှိူ့က ထိုသို့ပြုမူခြင်းမှာ မဖြစ်နိုင်ကြောင်း လက်ခံကြပြီးဖြစ်သည်။
ကျန်းယွင်ရှိူ့၏ ဂုဏ်သတင်းပင် အနည်းငယ် ကြီးမားလာသေးသည်။
ယခင်က ကျန်းယွင်ရှိူ့ကို သိရှိသူ အများအပြား မရှိခဲ့သော်ငြား ယခု ဤသို့ကြီးကြီးမားမားဖြစ်သောအခါ... Weibo သုံးရတာ ကြိုက်တဲ့သူ အကုန်လုံးနီးပါးက ကျန်းယွင်ရှိူ့ကို သိနေကြပြီ!
ကျန်းယွင်ရှိူ့၏ Weibo ပရိသတ်များသည် တပြိုင်နက်တည်း များပြားလာခဲ့သည်။
ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအတွင်း။
သုံ့ချင်းလင်သည် ဤဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ထားပြီး ယနေ့အတန်း တက်ရောက်ရန် ရောက်ရှိနေသည်။ ရလဒ်ကမူ အတန်းထဲတွင် လူတချို့က သူ့ကို ဆက်တိုက်စိုက်ကြည့်နေကြလေသည်။
သူတို့က အလွန်အကျွံ စိုက်ကြည့်နေလေရာ သူသည် အရမ်းဒေါသထွက်မိ၏။
ဤလူများ သူ့ကို စိုက်ကြည့်နေကြသော အကြောင်းအရင်းကို သူ သိသည်... သူက ကျန်းယွင်ရှိူ့နှင့် အလွန်တူသည်။
ဖျော်ဖြေရေးကုမ္ပဏီမှ လူများသည် ယန်ကျင်းဇီ၏ Weibo ပို့စ်ကို မြင်ပြီးကြလောက်ပြီဖြစ်သည်။ ကျန်းယွင်ရှိူ့နှင့် တူသော သူ့ကို တွေ့သောအခါ သူတို့က သူ့ကို ပိုကြည့်မိကြမည်မှာ သဘာဝကျသည်။
ကျန်းယွင်ရှိူ့... ဘာလို့ သူက စွဲလမ်းနေတဲ့ သရဲလို ဖြစ်နေတာလဲ?
သူက ကျန်းယွင်ရှိူ့နှင့် တော်တော်လေး ရုပ်တူတာနဲ့ပဲ သူ့ကံကြမ္မာက အမြှောက်စာ အစားထိုးလေး ဖြစ်လာတာလား?
မဟုတ်ဘူး၊ သူ့ကံကြမ္မာကို သူ လက်မခံဘူး!
ယန်ကျင်းဇီက ဒီကိစ္စတွေကို ရှင်းပစ်တယ်ဆိုရင်ရော ဘာဖြစ်လဲ? သူ့လက်ထဲမှာ နိုင်ဖဲကဒ် ရှိသေးတယ်!
သူ၏ ယခင်ဘဝ ဤအချိန်တွင် သူသည် ယန်ကျင်းဇီနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိခဲ့ပြီးဖြစ်သော်လည်း ယန်ကျင်းဇီက သူ့ကို ကျန်းယွင်ရှိူ့အဖြစ် ဟန်ဆောင်ခိုင်းနေဆဲဖြစ်သည်။
ကျန်းယွင်ရှိူ့ ရေးသားသော စန္ဒရားသံစဉ်က အလွန်ရိုးရှင်းနေလျှင်တောင် ယန်ကျင်းဇီက သူ့ကို သင်ယူခိုင်းပြီး ထပ်ခါတလဲလဲ တီးခတ်ခိုင်းနေဆဲပင်။
ထို့ကြောင့် သူသည် နောက်နှစ်နှစ်အတွင်း ကျန်းယွင်ရှိူ့ ထုတ်ဝေမည့် လက်ရာများအားလုံးကို တီးခတ်နိုင်နေပြီဖြစ်သည်။
လွန်ခဲ့သော တစ်လခွဲခန့်က ကျန်းယွင်ရှိူ့သည် သူ၏ တစ်ကိုယ်တော်အခွေ ‘Lights’ ကို ထုတ်ဝေထားသည်။ ကျန်းယွင်ရှိူ့၏ ဆက်လက်ထုတ်ဝေမည့် တစ်ကိုယ်တော်အခွေ ‘Waning’ မှ သီချင်းများကို သူသည် အကြိမ်ပေါင်း မရေတွက်နိုင်အောင် တီးခတ်ခဲ့ဖူးသည်။
သူသည် ပြန်လည်မွေးဖွားပြီးပြီးချင်း ချက်ချင်းပင် Twitter တွင် အကောင့်ဖွင့်ပြီး ဤအခွေနှစ်ချပ်ထဲမှ သီချင်းများကို တီးခတ်ကာ ပို့စ်တင်လိုက်သည်။
ထိုအချိန်က ‘Lights’ အခွေကို မထုတ်ဝေမီ သုံးလအလို ဖြစ်ပြီး ‘Lights’ ကို ပြင်ဆင်ထားသည်မှာ ကြာလှပြီဖြစ်သည်။ ‘Lights’ ကို ခိုးကူးခွေဟု ပြောရန်မှာ အသေအချာပင် နောက်ကျလွန်းနေပြီဖြစ်သည်။ သို့သော် ကျန်းယွင်ရှိူ့၏ ‘Waning’ အခွေကို တစ်နှစ်ကြာပြီးမှ ထုတ်ဝေမည်ဖြစ်သည်...
ကျန်းယွင်ရှိူ့ကို မမေ့နိုင်တဲ့ သင်ခန်းစာ သူ သေချာပေါက် သင်ပေးနိုင်မှာ!
သုံ့ချင်းလင်သည် ဝမ်းဗိုက်ပိုင်းအထိ အသက်ရှူထုတ်ကာ ဒေါသတကြီးဖြင့် ကုမ္ပဏီမှ ထွက်ခွာလာခဲ့သည်။ ကောင်းပေါ်ဟောင်၏ ကားကို မြင်သောအခါမှ သူ၏ စိတ်ခံစားချက်မှာ ပို၍ကောင်းမွန်လာသည်။
“ ပေါ်ဟောင်၊ ငါ့ကို လာခေါ်ပေးတာ ကျေးဇူးတင်ပါတယ်။ ” သုံ့ချင်းလင် ပြုံးလိုက်သည်။
“ ကျေးဇူးတင်စရာမလိုပါဘူး... ဒါပေမယ့် ချင်းလင်၊ ကိုယ်တို့ကုမ္ပဏီက အလုပ်အရမ်းများနေလို့ နောင်မှာ မင်းကို လာမကြိုနိုင်လောက်တော့ဘူး... ” ကောင်းပေါ်ဟောင်က သုံ့ချင်းလင်ကို တောင်းပန်စွာ ကြည့်သည်။
“ ကိစ္စမရှိပါဘူး။ မင်းကုမ္ပဏီရဲ့ ကိစ္စတွေက အရေးကြီးပါတယ်။ ” သုံ့ချင်းလင်သည် စဉ်းစဉ်းစားစား ပြောလိုက်သော်လည်း အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။
သူနှင့် လက်မှတ်ထိုးထားသော ကုမ္ပဏီ၏ တည်နေရာက အနည်းငယ် ဝေးသည်။ လမ်းပန်းဆက်သွယ်ရေးက သိပ်အဆင်ပြေဘဲ သူ့ကားလည်း မရှိတော့သဖြင့် သူသည် ကောင်းပေါ်ဟောင်ကို လာကြိုခိုင်းခြင်းဖြစ်သည်။ သို့သော် ကောင်းပေါ်ဟောင်က တစ်ခေါက်သာ လာခေါ်ပြီး ထပ်မလာချင်တော့ချေ။
သုံ့ချင်းလင်သည် သူ့စိတ်ထဲမှ မကျေမနပ်ဖြစ်မှုကို မျိုသိပ်ပြီး ကောင်းပေါ်ဟောင်နှင့် စကားပြောကာ သဘာဝကျစွာပင် ကျန်းယွင်ရှိူ့၏ ကိစ္စများကိုလည်း ပြောဖြစ်သည်။
သုံ့ချင်းလင်၏ ကောင်းပေါ်ဟောင်ကို ယခင်က ပြောပြထားမှုမှာ ယန်ကျင်းဇီနှင့် သူသည် တွဲဖြစ်ကြပြီး နောက်မှသာ သူ့ကို အစားထိုးအဖြစ် ယန်ကျင်းဇီက အသုံးပြုနေကြောင်း သိခဲ့ရခြင်း ဟူ၍ ဖြစ်သည်။
သူ၏ ကောင်းပေါ်ဟောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ ပြန်လည်မွေးဖွားပြီးနောက် သူ အရက်သွားသောက်စဉ်က ဖြစ်သည်။ သူသည် အရက်အမူးလွန်သွားပြီး ကောင်းပေါ်ဟောင်ကို ယန်ကျင်းဇီအဖြစ် မှားထင်မိကာ ကောင်းပေါ်ဟောင်၏ အဝတ်အစားများကို ဆွဲကိုင်လျက် သူ့ကို အလွန်ဆိုးရွားစွာ ဆက်ဆံနေရသော အကြောင်းအရင်းနှင့် သူက မည်သည့်နေရာတွင် ကျန်းယွင်ရှိူ့ထက် မသာလွန်သနည်းဟု မေးမြန်းမိခဲ့သည်... ကောင်းပေါ်ဟောင်က သူ့ကို အချိန်အတော်ကြာ နှစ်သိမ့်ပေးပြီးနောက် နှစ်ယောက်သား ပိုပိုရင်းနှီးသွားကြသည်။
သူသည် ကောင်းပေါ်ဟောင်ရှေ့တွင် ကျန်းယွင်ရှိူ့အကြောင်း မကြာခဏ ပြောလေ့ရှိပြီး ယန်ကျင်းဇီက သူ့ကို ကျန်းယွင်ရှိူ့၏ အစားထိုးအဖြစ် အသုံးပြုခဲ့ခြင်းကို မကျေနပ်ကြောင်း ဖော်ပြတတ်သည်။ ဤအချိန်တွင် ကောင်းပေါ်ဟောင်က သူ့ကို နှစ်သိမ့်လိမ့်မည်ဖြစ်သည်။
သို့သော် ယနေ့မူ... ကောင်းပေါ်ဟောင်က ဆိုသည် : “ ချင်းလင်၊ ယန်ကျင်းဇီက မင်းနဲ့ လမ်းခွဲပြီး ကျန်းယွင်ရှိူ့နဲ့ တွဲနေပြီ။ အနာဂတ်မှာ သူတို့အကြောင်း မပြောရအောင်၊ ဟုတ်ပြီလား? ”
သူတို့ရဲ့ ရည်းစားက ရည်းစားဟောင်းအကြောင်း အမြဲပြောနေတာ ဘယ်သူက ကြားချင်မှာလဲ?
“ ငါ စိတ်ဆိုးမိတာက... ဒီနေ့ အလုပ်က လူတွေ ငါ့ကို ကြည့်တဲ့ပုံစံကလေ၊ အဲ့ပုံတွေထဲက လူက ငါ ဖြစ်နေသလိုမျိုးပဲ... အဲ့ဒါ ကျန်းယွင်ရှိူ့ ဆိုတာ သိသာနေတဲ့ဟာကို! ”
“ အဲ့ဒါ ကျန်းယွင်ရှိူ့ မဟုတ်လောက်ဘူး။ ” ကောင်းပေါ်ဟောင်က ပြောသည်။ ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ မဟုတ်ကြောင်း သေချာသောကြောင့်သာ ဤသို့လုပ်ရဲခြင်းဖြစ်သည်။ မဟုတ်လျှင်... ယန်မိသားစု မျက်နှာပျက်သွားလိမ့်မည်။
“ မင်းလည်း ကျန်းယွင်ရှိူ့ကို ကူညီနေတာလား? ” သုံ့ချင်းလင်က ရုတ်တရက် ဒေါသထွက်သွားသည်။
သုံ့ချင်းလင်နှင့် ကောင်းပေါ်ဟောင်တို့ အငြင်းပွားနေကြစဉ် ကျန်းယွင်ရှိူ့က ဟင်းချက်နေသည်။
သူသည် အစားအသောက်နှင့်ပတ်သက်လျှင် ရွေးချယ်လေ့သိပ်မရှိပေ။ သူတစ်ယောက်တည်းဆိုလျှင် သူသည် အသားတစ်ပိုင်းကို ကြော်ကာ ပေါင်မုန့်တချို့နှင့် အရွက်သုပ်တို့ကို ယူပြီးနောက် စတင်စားနိုင်ပြီဖြစ်သည်။
တစ်ခါတစ်လေတွင် အဆင်ပြေသက်သာစေရန်အတွက် ပေါင်မုန့်ချပ်ပေါ်၌ ကြက်ဥတစ်လုံးကို ခွဲတင်၍ မိုက်ခရိုဝေ့ဖ်ဖြင့် အပူအနည်းငယ်ပေးလိုက်ခြင်းက အစာတစ်နပ် ဖြစ်သွားချေသည်။
သို့ရာတွင် ယခုအချိန်တွင် ယန်ကျင်းဇီ အသစ်တိုးလာရာ သူသည် ပိုမိုဂရုတစိုက် ချက်ပြုတ်ပြီး ယနေ့တွင် ဟင်းလေးခွက် ချက်မည်ဖြစ်သည်။
ဒါပေါ့၊ သူက လက်အိတ်တွေကိုတော့ အကုန်ဝတ်ထားတုန်းပါပဲ။
ယွီယဲ့သည် မီးဖိုချောင်ထဲသို့ ဝင်ခြင်းအတွက် တားမြစ်ခံထားရသဖြင့် မီးဖိုချောင်အပြင်ဘက်မှ ကျန်းယွင်ရှိူ့နှင့် စကားပြောသည် : “ ယွင်ရှိူ့၊ ယန်ကျင်းဇီက မင်းအပေါ် တကယ်ကောင်းတယ်! အခု မင်းမှာ ဖန်တွေအများကြီး ပိုရှိလာပြီ! အရင်က ပြဿနာတွေလည်း ရှင်းပြီးပြီ။ ”
“ အင်း။ ” ကျန်းယွင်ရှိူ့သည် ပျော်ရွှင်စွာ ပြန်ဖြေပြီး မနေနိုင်ဘဲ မီးဖိုချောင်စားပွဲပေါ်တွင် အကြိမ်အနည်းငယ် သူ့လက်များကို ကခုန်တီးစေမိလိုက်သည်။
သူသည် သူ့လက်များကို ထပ်ဆေးလိုက်ရသည်...
“ ကြီးစိုးခြယ်လှယ်တဲ့ ဥက္ကဌရဲ့ ပျိုးထောင်မှုကို ခံရတာ အရမ်းခံစားလို့ကောင်းတာပဲ! ဟားဟား! ” ယွီယဲ့က ရယ်သည်။
ကျန်းယွင်ရှိူ့က သူ့ကို လေးလေးနက်နက် ကြည့်သည် : “ ပျိုးထောင်တာ မဟုတ်ဘူး။ ဒါက အချစ်။ ”
“ နောက်တာပါ ဟီးဟီးဟီး။ ” ယွီယဲ့က ဆိုသည် : “ ဒါနဲ့ ယန်ကျင်းဇီက မင်းနဲ့တူတဲ့လူကို ရှာဖို့ ဆုငွေတစ်သန်း ထုတ်ထားတယ်။ အဲ့လူကို ရှာတွေ့နိုင်မလား မသိဘူး။ ”
“ တစ်သန်း? ” ကျန်းယွင်ရှိူ့ စိတ်ရှုပ်သွားသည်။
“ မင်း Weibo မဖတ်ဘူး…” ယွီယဲ့ အနည်းငယ် အကူအညီမဲ့သွားသည်။
“ ငါ မဖတ်ချင်ဘူး။ ” ကျန်းယွင်ရှိူ့က ဖြေသည်။ သူသည် Weibo ကို သုံးလေ့သုံးထမရှိသော်လည်း ယခုထိ ဖတ်နေဆဲဖြစ်သည်။ သို့သော် သူ့ကို စိတ်မသက်မသာဖြစ်စေသော ကောမန့်တစ်ခုကို Weibo တွင် တွေ့လိုက်သည်နှင့်တပြိုင်နက် သူ လုံးဝ ဖတ်တော့မည်မဟုတ်ချေ။
၎င်းမှာ စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်ခြင်း တစ်မျိုးဖြစ်သည်။
“ ဒီမှာ ရှိတယ်။ မင်း ကြည့်လို့ရတယ်။ ” ယွီယဲ့က ယန်ကျင်းဇီ၏ Weibo ကို နှိပ်ပြီး ကျန်းယွင်ရှိူ့ကို ပြသည် : “ သူက မင်းအပေါ် အရမ်းကောင်းတယ်။ မင်းက ဒီလိုမျိုး အဆင်ပြေနေပြီ။ ငါ စိတ်ချနိုင်တယ်... ယွင်ရှိူ့၊ ငါ ထွက်သွားဖို့ အစီအစဉ်ရှိတယ်။ ”
သူသည် ယခင်က ကျန်းယွင်ရှိူ့နောက်သို့ လိုက်ခဲ့သည်မှာ ကျန်းယွင်ရှိူ့က လူမှုရေး ကြောက်ရွံ့တတ်ပြီး သူ့ကို လိုအပ်သောကြောင့်ဖြစ်သည်။ ယခုမူ ကျန်းယွင်ရှိူ့က သူ့ကို မလိုအပ်တော့သောကြောင့် ဤနေရာတွင် သူ ဆက်နေရမည်ကို ရှက်ရွံ့မိသည်။
ကျန်းယွင်ရှိူ့သည် Weibo ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးမှ ယွီယဲ့ကို ပြန်ကြည့်လိုက်သည် : “ မင်း ငါ့အရင်အိမ်မှာ နေလို့ရတယ်။ အလုပ်ရှိတဲ့အခါကျရင် မင်း ဒီကို ပြန်လာပြီး ငါ့ကို လာကြိုလို့ရတယ်လေ။ ”
“ ယွင်ရှိူ့၊ မင်း အလုပ်လုပ်ချင်သေးလို့လား? ” ယွီယဲ့က မေးသည်။
ကျန်းယွင်ရှိူ့က လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ ယန်ကျင်းဇီက ဆုငွေတစ်သန်း ထုတ်ထားတယ်!
ယန်ကျင်းဇီက ပိုက်ဆံအများကြီး သုံးလေရာ သူက အလုပ်ပိုကြိုးစားပြီး ပိုက်ဆံပိုရှာရမည်ဖြစ်သည်။