အပိုင်း ၄
"ကောင်းပြီ သမီးအကိုအကြီးဆုံးနဲ့ ယောင်းမ တကယ်ပဲ မှားတာ။ သမီး ဘာလျော်ကြေးလိုချင်လဲ? အိမ်မှာ အဝတ်စတစ်စရှိတယ်၊ အဲဒါ ဖြတ်ယူမလား?" ကျီအဖေ လူတွေပိုပိုများလာတာ တွေ့ရသည်။ မျက်နှာပေါ်က အပြုံးကို ထိန်းထားရသည်မှာ ကြာလေ ခက်လာသည်။
"ဒုတိယကလေး မိသားစုအကြောင်း ပြောတာဖြစ်တယ်၊ အလျော့ပေးနိုင်ရင် လျော့ပေးပါ"
"ဒါဆို ကျွန်မကို ငွေနည်းနည်းလောက်ပေးပါ။ ဆေးရုံသွားဖို့ ငွေလိုပါတယ်။ ကျွန်မခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအများကြီးပဲ၊ ကျွန်မ သေချာမကုဘူးဆိုရင် ပြင်းထန်စွာ နာမကျန်းဖြစ်လိမ့်မယ်လို့ ဆရာဝန်ကပြောတယ်" ပြဿနာကို အချိန််အကြာကြီးဆွဲလျှင် သူမအတွက် မကောင်းဘူးဆိုတာ ချူယောင်းသိသည်။
ကျီအဖေလည်း ငွေကြေးတောင်းမည့်အကြောင်း အစောကြီးတည်းက ထင်ပြီးဖြစ်သည်။ ဒါပေမယ့် သူက ငွေကို သူ၏အသက်လောက် ချစ်သည်။ သူ၏ငွေအားလုံးကို သူ၏ ကလေး၂ယောက်အတွက် ထားခဲ့မည်ဖြစ်ပြီး မည်သူကိုမှမပေးချင်ပါ။
"အဖေ့မှာ ငွေမရှိဘူး၊ မနက်ဖြန် အဖေတောင်ပေါ် တက်ပြီး သမီးအတွက် ဆေးရွက်တွေ ခူးပေးမယ်" လူကြီးတစ်ယောက်က အငယ်တစ်ယောက်အတွက် တောင်ပေါ်တက်၍ ဆေးရွက်ခူးပေးရမည်ကို ကြည့်နိုင်မလားဟု ထေ့ငေါ့၍ ကျီအဖေ ပြောလိုက်သည်။
"အဖေ ဆေးရွက်ခူးပေးမယ့်အစား သမီးကို ငွေအချို့ ပေးလိုက်တာ ပိုအဆင်ပြေပါတယ်။ ပြီးတော့ သမီးခင်ပွန်း ကျီနန်ဖုန်း ဒီနှစ်တွေမှာ မိသားစုအတွက် ငွေတွေ မနည်း ပို့ပေးထားတာပဲ။ အဖေ သမီးကို ငွေမပေးနိုင်ဘူးဆိုတာ မယုံနိုင်ဘူး"ဟု ချူယောင်း ပြောလိုက်သည်။
"အဖေ သူ့ကို ပြုစုပျိုးထောင်ဖို့ ငွေတွေအများကြီးသုံးခဲ့တာ သမီးလည်းသိတာပဲ။ သူ စစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ဖို့ သွားတော့ သူ အိမ်ကို ငွေအချို့ပြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် မိသားစုက လူတွေအများကြီးအတွက် ငွေသုံးရတာ၊ ငွေဘယ်မှာ စုမိမလဲ? သူ့ကို ပြုစုပျိုးထောင်ခဲ့တဲ့ သူ့အကိုအတွက် သူအခုပြန်ပြီး ကျေးဇူးမဆပ်သင့်ဘူးလား? " ကျီအဖေ သူ့သားနှင့် သမီး ငွေတွေအားလုံးဖြုန်းလိုက်သည်ကိုတော့ အစပင်မဖော်ခဲ့။
"အဖေ ငွေပို့ထားတဲ့ မှတ်တမ်းတွေကို ပြန်စစ်မယ်လို့ ပြောတာလား? ဒါဆို ပြန်စစ်တာ ကောင်းတယ်လို့ သမီးထင်တယ်၊ သမီး အဖေကို အထင်မှားမိမှာ စိုးရိမ်တယ်" ချူယောင်း ထိုင်ခုံတစ်ခုံရှာထိုင်လိုက်ပြီး သည်းမခံနိုင်တော့သည့်အတွက် စားရန်တစ်ခုခု ရှာလိုက်သည်။
"အားလုံးက အဖေ့မိသားစုရဲ့အမှားမဟုတ်ပါဘူး။ သမီးမသိလို့ဆိုတာ အဖေနားလည်တယ်။ ဒါကြောင့် သမီး ဒီလိုထင်တာ။ အဖေလည်း စိတ်ထဲမထားပါဘူး။ ပြီးခဲ့တာတွေလည်းပြီးပါစေတော့။ သမီးလည်း စိတ်ထဲ ထားမနေပါနဲ့" ကျီအဖေ ချူယောင်းလုပ်သမျှ မအံ့သြဘဲမနေနိုင်တော့။
"ဒီလိုမျိုးလုပ်လို့မရဘူး၊ အကိုအကြီးဆုံးနဲ့ ယောင်းမ လျော်ကြေးမပေးချင်ဘူးဆိုရင် သမီး အကိုအကြီးဆုံးနဲ့ ယောင်းမကို နယ်ရုံးမှာ သွားတိုင်ရပါလိမ့်မယ်" ချူယောင်း သူမမှာ သူတို့ထပ် ဒဏ်ရာများစွာပိုရှိသည်ကို အတည်ပြုပြီး ဖြစ်သည်။ ဘယ်သူမှလည်း သူမ သူတို့ကို ရိုက်တာ မမြင်ခဲ့။
ကျီမိသားစုမှလွဲ၍ ဘယ်သူမှမမြင်ခဲ့။ လူတွေ ကျီအမေ သူမကိုရိုက်တာသာမြင်ပြီး အရိုက်ခံလိုက်ရသော ကျီအမေနှင့် ချွေးမကိုတော့ မမြင်ပါ။
ကျီအမေအတွက်ကတော့ ရွာကလူများအမြင်တွင် ယောက္ခမက ချွေးမကို သင်ခန်းစာပေးသည်မှာ မှန်သည်လို့ ထင်မည်ဖြစ်သည်။ ထို့ကြောင့် ကျီမိသားစုအကြီးဆုံးသားနှင့် ကျီချွေးမကိုသာ အပြစ်တင်ကြမည်။
ကျီအဖေက ငွေမပေးချင်၊ ကျီမိသားစု အကြီးဆုံးသားမှာလည်း ကျီအမေဖက်က ပါလာတာဖြစ်သည်။ သူ၏ သားအရင်းမဟုတ်။ ထို့ကြောင့် ကျီမိသားစုအကြီးဆုံးသားကို အားကိုးစရာမရှိပါ။
"ငါ့မိသားစုကို ဒီလိုလုပ်ဖို့မလိုအပ်ဘူး"ကျီအဖေလက်မလျော့ပါ။
"အဲ့ဒါဆိုလည်း အဆင်ပြေပါတယ်၊ အဖေနဲ့အမေ၊ ကျွန်မ အခုပဲ နယ်ရုံးကို သွားလိုက်ပါ့မယ်" ချူယောင်း ခြံထဲမှ ထွက်တော့မည်ဟန် ပြင်လိုက်သည်။
ကျီအမေ သူမလက်ကို အမြန်ပြေးဆွဲလိုက်ပြီး "မရဘူး၊ ညည်းအခု ရုံးကို သွားလို့မရဘူး၊ နင့်အကိုအကြီးဆုံးနဲ့ ယောင်းမက နင့်ကိုမှမရိုက်တာ၊ နင့်ကို ရိုက်တာ ငါ၊ ငါက နင့်ယောက္ခမ၊ ငါ့မှာ နင့်ကို ရိုက်ခွင့်ရှိတယ်"ဟု အော်ပြောလိုက်သည်။
"အခု ခေတ်ပြောင်းလဲသွားပြီ၊ ဒါကြောင့် အမေ ကျွန်မကို နယ်ရုံးကိုသွားပြီး အမေ့ကိုပါ တရားစွဲစေချင်တာလား?" ချူယောင်း ယခုလောလောဆယ် ငွေအချို့သာလိုချင်သည်ဖြစ်သည်။ နောက်မှ ဒီလူတွေကို ဖြည်းဖြည်းချင်း လက်စားချေမည်။
"ငါမဟုတ်ဘူး၊ နင်လည်း ငါတို့ကို ဒီနေ့ ရိုက်ခဲ့တာပဲ" သူမကို တော်လှန်ရေးကော်မတီဆီ တိုင်မည်ကြား၍ ကျီအမေထိတ်လန့်သွားသည်။
"ကျွန်မကိုယ့်ကိုကိုယ် ကာကွယ်တာပါ။ ကျွန်မကို မစွပ်စွဲပါနဲ့" ချူယောင်း ကျီအမေလက်ကို တွန်းထုတ်ပြီး အပြင်သို့ သွားမည့်ဟန် ပြင်လိုက်သည်။
ကျီအမေ ချူယောင်းကို မတားနိုင်တော့သည့်အဆုံး ကျီအဖေဘက်လှည့်လိုက်ပြီး "အဖိုးကြီး၊ သူမကို ငွေသာပေးလိုက်ပါ"ဟုပြောလိုက်သည်။