အပိုင်း ၆
Viewers 597

အပိုင်း

 

 

 

 

လက်စွပ်သည် သူမလက်သူကြွယ်တစ်လျောက်တဖြည်းဖြည်း တိုးဝင်သွားသည်။

 

 

သူမ၏နှလုံးသား အဆက်မပြတ်လှုပ်ခတ်နေသည်။

ယဲ့အန်းသည် အသက်ရှုမှား လောက်အောင် ပျာယာခတ်သွားသည်။

 

 

သူမ၏ အတွေးများကို စုစည်းချိန်မရလိုက်ဘဲ ရှဲ့ရှော သည် သူမ၏ လက်ကို လွှတ်လိုက်ပြီး ထိုင်နေသောအနေအထားကို ချိန်ညှိလိုက်သည်။ ခံစားချက်မရှိသော သူ၏ယခင်က လျစ်လျူရှုသောအခြေအနေသို့ ပြန်ပြောင်းသွားခဲ့သည်။

 

 

ယဲ့အန်းက သူ့လောက်မတည်ငြိမ်ချေ။ သူမ လက်ပေါ်ရှိ လက်စွပ်ကို ကိုင်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသောခံစားချက်များ ပျောက်ကွယ်မသွားသေးပါ။

 

 

စိတ်အေးအေးထားစမ်း ယဲ့အန်း။ ဒါက ခံစားချက်မပါတဲ့ ဟန်ပြအိမ်ထောင်ရေးသက်သက်ပဲ။

 

 

ဒီလူက နှလုံးသားမဲ့သောသူ၊ နင်စိတ်ခိုင်ခိုင်ထားရမယ်။

 

 

သူမသည် စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ ရှဲ့ရှောကို တမင်နှိုးဆော်ခြင်းမပြုတော့ပေ။

 

 

တောက်ပသော နွေဦးရှုခင်းတွင်၊ လမ်းဘေးနားတွင် တောင်ဝှေးသီးများ ပြွတ်သိပ်စွာသီးနေသည်။ အထပ်ထပ် ဖူးပွင့်နေသော ပန်းများသည် မျက်စိရှေ့တွင် အုံ့ဆိုင်းနေဟန်ရှိသည်။

 

 

ယဲ့အန်းသည် တဖြည်းဖြည်း ငိုက်မျဉ်းလာပြီး မျက်လုံးများကို ခဏလောက် အနားပေးရန် ထိုင်ခုံကို မှီလိုက်သည်။

 

 

သူမနိုးလာသောအခါတွင်၊ သူတို့သည် ရှဲ့ စံအိမ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရှဲ့ရှောနဲ့အတူ ကားထဲမှ မထွက်ခင် သူမရဲ့ မိတ်ကပ်လိမ်းဖို့ မှန်သေးသေးလေးကို ထုတ်ယူလိုက်သည်။

 

 

ကားပေါ်မှဆင်းပြီး ခြေလှမ်းနှစ်လှမ်းမျှပင် မလှမ်းရသေးဘဲ ယဲ့အန်းသည် ရင်းနှီးသော မျက်နှာတစ်ခုကို ချက်ချင်းမြင်လိုက်ရသည်။

 

 

ရှဲ့ယွိရန်။

 

 

ရောင်စုံ ပန်းခြံဘေးတွင် ပြုံးပြုံးရွှင်ရွှင် ရပ်နေပြီး အင်္ကျီအဖြူနှင့် အနက်ရောင် ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်။

 

 

ယဲ့အန်း၏ ကြိုတင်ပြင်ဆင်ထားသော အပြုံးက ရုတ်တရက် ကြတ်သေသေသွားခဲ့သည်။

 

 

ထိုည၏အဖြစ်အပျက်များပြီးနောက် ယဲ့အန်းသည် သူ့အကြောင်းကို လုံးဝမေ့သွားခဲ့သည်။ ရှဲ့ စံအိမ်သို့ ရောက်ရောက်ချင်း သူနှင့်တွေ့ရန် သူမ မမျှော်လင့်ခဲ့ပေ။

 

……

 

ကျေးဇူးပြုပြီး ငါ့ကို မေ့သွားပါစေ... ယဲ့အန်း တိတ်တဆိတ် ဆုတောင်းမိသည်။

 

 

"အစ်ကို" ရှဲ့ယွိရန်က သူတို့ကို ကြိုဆိုပြီး ရှဲ့ရှောကို ဦးစွာ နှုတ်ဆက်သည်။

 

 

ခဏအကြာတွင် သူ ယဲ့အန်းဘက် လှည့်သွားသည်။ သူ့အကြည့်သည် သူမ မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။

 

 

ယဲ့အန်းသည် အနည်းငယ် ဟန်ပျက်သွားပြီး ဘေးသို့ တိုးဝင်လိုက်သည်။ သူမသည် ရှဲ့ရှော၏ လက်မောင်းကို

တွဲလိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့လိုက်သည်။

 

 

ရှဲ့ရှောသည် သူမ၏ ရုတ်တရက် အားကိုးတကြီး ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။ မျက်ခုံးများမြင့်တက်သွားပြီး သူမကို တွန်းထုတ်ရန်ကြိုးစားသည်။

 

 

ယဲ့အန်းသည် ချိုမြိန်ရှက်ရွံ့သော သတို့သမီးအသွင်ကို ဆောင်လိုက်ကာ သူမ၏ တစ်ကိုယ်လုံး ကွယ်သွားသည်အထိ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

 

 

ဒီလိုအခြေအနေမျိုးတွင် ရှဲ့ရှော စိတ်အလိုမကျလျှင်ပင် ဒေါသထွက်ပြီး သူမကို တွန်းထုတ်လို့မရချေ။ သူ့တွင် အလိုက်သင့်နေလိုက်ရုံမှအပ အခြားရွေးချယ်စရာမရှိပေ။

 

 

"မရီး"

 

 

အချိန်အတော်ကြာပြီးနောက်၊ ရှဲ့ယွိရန်သည် နောက်ဆုံးတွင် တိုးညှင်းသောလေသံဖြင့် ပြောလာသည်။ သူမကို မှတ်မိလား မမှတ်မိဘူးလား မသေချာပေ။

 

 

ယဲ့အန်းသည် သူမ၏ လေ့ကျင့်ထားသော ချိုသာသော အပြုံးကို ကျွမ်းကျင်စွာ ဆင်မြန်းကာ ခေါင်းညိတ်ပြသည်။ သူမသည် မျက်စိသူငယ်အိမ်ကိုငြိမ်ငြိမ်ထား ရှေ့သို့ဆက်သွားရင်း ရှဲ့ရှောအား ဆုပ်ကိုင်ထားသည်။

 

 

နွေဦးရောင်ခြည်များသည် အဖြူရောင်ဝတ်စုံပေါ်တွင် ကျ‌‌ဆင်းလျက် အရောင်အဝါများ တောက်ပနေသည်။

 

 

ခပ်ဝေးဝေးသို့ ရောက်သည်အထိလျှောက်ပြီးနောက် ယဲ့အန်းသည် စိတ်လျှော့လိုက်ပြီးသက်ပြင်းတစ်ချက်ချကာ ရှဲ့ရှောလက်ကို လွှတ်လိုက်သည်။

 

 

သို့သော် ရှဲ့ရှောသည် သူမလမ်းပြခြင်းကို ကျင့်သားရလာခဲ့သည်။ အကာအကွယ်မဲ့စွာပဲ သူသည် သူတို့ရှေ့ရှိသူများခြေလှမ်းများကို တိုက်မိကာ လဲကျလုနီးပါးဖြစ်သွားသည်။

 

 

ယဲ့အန်း က သူ့ကို ပြန်တွဲလိုက်ပြီး လက်ချာရိုက်ဖို့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။ရှင် ကျွန်မကို မကူညီဖို့ ပြောနေတာလေ။ ကြည့်စမ်းအခု ရှင် လဲတော့မလို့။"

 

 

သူမ၏ လေသံတွင် ကျေနပ်မှု အနည်းငယ်ရှိနေသည်။

ရှဲ့ရှော၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားပြီး သူမကို တွန်းထုတ်လိုက်သည်။

 

 

သူတတွန်းထုတ်ပြီးသည်နှင့် ယဲ့အန်းက နောက်တစ်ကြိမ် ပြန်ဆွဲတာခံလိုက်ရသည်။

 

 

ကလေးတစ်ယောက်လို ချော့မော့ပြီးဒါဆို လုံလောက်ပြီ။ ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိတယ်လေ စိတ်မဆိုးမနေပါနဲ့တော့။"

 

 

ရှဲ့ရှော၏ အမူအရာသည် ချက်ချင်းပင်ပို၍ မှောင်မိုက်သွားသည်။

 

 —–

 

ယဲ့အန်းသည် ရှဲ့ရှောကို တံခါးဆီသို့ လမ်းပြလာပြီး ပင်မစံအိမ်မှ ခပ်သွက်သွက် လှမ်းလာသော အဘိုး ရှဲ့ကို တွေ့လိုက်ရသည်။

 

 

အဘိုး ရှဲ့သည် ဆံပင်ဖြူပြီး ချစ်စရာကောင်းသော ရုပ်ရည်ရှိသည်။ သူက ချိနဲ့အားနည်းနေသောကြောင့် ရှဲ့ပိုင်ယန်က သူ့ကို တွဲပေးထားသည်။

 

 

သူတို့သည် သူ့ထံသို့ လျှောက်သွားကြသည်။

 

 

"အားရှော"

 

 

အဘိုး ရှဲ့က ရှဲ့ရှော၏ လက်ကို မျက်ရည်စများဖြင့် ဆုပ်ကိုင်လိုက်သည်။ ဒါက သူ့အချစ်ဆုံးမြေးပါလို့ ဘယ်သူကများထင်မှာပါလိမ့်...

 

 

အဘိုး ရှဲ့ ကို မျက်နှာမူပြီး နောက်ဆုံးတွင် ရှဲ့ရှော သည် သူ၏ နှုတ်ထွက်အပြုအမူကို ထိန်းချုပ်လိုက်သည်။ သူ့အမူအရာ အနည်းငယ် ပြေလျော့သွားသည်။ဖိုးဖိုး

 

 

အဖိုး ရှဲ့ သည် ယဲ့အန်း ဘက်လှည့်ပြီး ခေါင်းမှ ခြေဖျားအထိ ကြည့်လိုက်သည်။

 

 

ယဲ့အန်းသည် သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုကို လျှော့ချလိုက်ပြီး သူ့လက်ကို လှမ်းဆွဲလိုက်သည်။ သူမက ပြုံးပြီး "ဖိုးဖိုး"

 

 

အဖိုး ရှဲ့က ခေါင်းညိတ်ပြပြီး သူမလက်ဖမိုးကို လက်ဖြင့်ပုတ်သည်။ သူက သူမနှင့် ရှဲ့ရှောလက်ကို တွဲခေါ်လာခဲ့သည်။

 

 

အရေပြားတစ်ခုနှင့်တစ်ခု ထိထားသဖြင့် အပူချိန်တိုးလာသည်။

 

 

ယဲ့အန်းသည် ရှဲ့ရှောကို မော့ကြည့်လိုက်သည်။ ဒီတစ်ခါတွင်တော့ အေးစက်သောမျက်နှာထားနှင့် မဟုတ်ပေ။

 

 

မကြာခင်မှာပဲ အဖိုး ရှဲ့က တစ်စုံတစ်ယောက်ကို တစ်မူထူးခြားသောပုံစံကွက်များနှင့် အလှဆင်ထားသော သေတ္တာတစ်ခုကို ယူလာပေးဖို့ ‌‌ပြောလိုက်သည်။ အတွင်းတွင် ကြည်လင် သန့်စင်ပြီး ရေကဲ့သို့ အေးမြသော ကျောက်စိမ်းလက်ကောက်တစ်ကွင်းရှိနေသည်။

 

 

လာလာ၊ ဒါက မင်းတို့အတွက် ဖိုးဖိုးရဲ့တွေ့ဆုံခြင်းလက်ဆောင်ပဲ။ အခုချိန်ကစပြီး မင်းနှစ်ယောက်လုံး ကောင်းကောင်းနေရမယ်နော်..."

 

 

ယဲ့အန်းက ပြုံးပြီး လက်ခံလိုက်သည်။ကျေးဇူးတင်ပါတယ်၊ ဖိုးဖိုး။

 

     —-

 

တစ်ဖက်မိသားစုအားလုံးနှင့် တွေ့ဆုံပြီးနောက် ယဲ့အန်းသည် နောက်ဆုံးတွင် သတို့သမီးအခန်းထဲ၌ ခဏတာ အားလပ်ချိန်ရခဲ့သည်။

 

 

ရှဲ့ရှောကို ဘယ်သူက ခေါ်သွားမှန်း မသိလိုက်ပေ။ သူမသည် အခန်းကို တစ်ယောက်တည်း စူးစမ်းရင်း မကြာမီ နေရတော့မည့် အိမ်အသစ်နှင့် ရင်းနှီးအောင်လုပ်နေသည်။

 

 

အသစ်စက်စက် မာစတာအိပ်ခန်းသည် ပုံစံတူ အဝတ်လဲခန်းတစ်ခုနှင့် ဆက်ထားသည်။ အဝတ်လဲခန်းအတွင်း၌ ပစ္စည်းပစ္စယများ တင်ထားသည့် မှန်ဘီရိုတွင် ခပ်နွေးနွေးမီးရောင်ကိုတပ်ဆင်ထားသဖြင့် အရောင်အသွေးစိုပြေစွာ အလင်းပြန်နေသည်။ စိတ်ကူးယဉ်ဆန်ပြီး ဆန်းကြယ်သော အလှကို ဖော်ပြနေသည်။

 

 

အိပ်ခန်း၏ တစ်ဖက်တွင် မြင်ကွင်းကျယ် ပြင်သစ်ပြတင်းပေါက်များနှင့် ရာသီအလိုက် သစ်ပင်ပန်းမန်များ စိုက်ပျိုးထားသည့် ကျယ်ပြန့်သော လသာဆောင်တစ်ခုရှိသည်။ နောက်ဆုံးအကြိမ် ရောက်ခဲ့တုန်းက ယဲ့အန်းက ဒါကို သတိမထားမိခဲ့ပေ။ ၎င်းကို မကြာသေးမီက ထပ်ထည့်ထားခြင်းဖြစ်ရမည်။

 

 

ယဲ့အန်းသည် အခန်းအလယ်ခေါင်တွင် နေရာယူထားသော king-size ကုတင်ပေါ်သို့ သူမအကြည့်မရောက်မီ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ခေါင်းအုံးနှစ်လုံးနှင့် ဂွမ်းကပ်အခင်းများသည် သပ်ရပ်သန့်ပြန့်နေပြီး တွန့်ခေါက်ရာတစ်ခုပင် မတွေ့ရပေ။

 

 

ယဲ့အန်း၏ မျက်နှာသည် ရှင်းမပြနိုင်သော နွေးထွေးမှုကို ခံစားရသည်။ သူမ အကြည့်ကို လွှဲလိုက်ပြီး လသာဆောင်တွင် ခဏထိုင်ရန် စီစဥ်လိုက်သည်။

 

 

ရုတ်တရက် သူမ နောက်မှ အသံတစ်သံ ထွက်လာခဲ့သည်။ ကလေးမလေးတစ်ယောက် တိတ်တိတ်လေး ခိုးကြည့်နေသည်။ သူမသည် နက်မှောင်သော မျက်လုံးဝိုင်းများပိုင်ဆိုင်ထားပြီး အသက် ခုနစ်နှစ်၊ရှစ်ခန့်ရှိသည်။

 

 

မိသားစုပွဲဖြစ်၍ ဧည့်သည် သိပ်မရှိတော့ပဲ ကလေးတွေချည်းသာကျန်တော့သည်။ ဒီကလေးကို ဘယ်သူခေါ်လာတယ်ဆိုတာ မသိရသေးပေ။

 

 

ယဲ့အန်းသည် အနည်းငယ် ထိတ်လန့်သွားသည်။

 

 

ကလေးမလေးသည် မျက်လုံးကြီးများကို မှိတ်ပြီးပြန်ဖွင့်လိုက်သည်။ သူမကို စက္ကန့်အနည်းငယ်ကြာ စပ်စုပြီးနောက် ခေါင်းကိုစောင်းလိုက်သည်။ "မမ အရမ်းလှတာပဲ"

 

 

ခေါင်းလေးကို စောင်းထားသည်ကို မြင်လိုက်ရသောအခါ ယဲ့အန်း၏ နှလုံးသားသည် ချက်ချင်း အရည်ပျော်သွားသည်။ သူမ ဘယ်လိုတောင် ချစ်ဖို့ကောင်းတာလဲ။

 

 

ယဲ့အန်းသည် ပြုံးကာ ကိုယ်ကိုကိုင်းလျက် မျက်လုံးချင်းဆုံလိုက်သည်။ "မင်းလည်း အရမ်းလှပါတယ်။"

 

 

ကလေးမလေးက ခေါင်းကို စိတ်ပါလက်ပါ ခါယမ်းသည်။ "သတို့သမီးက အလှဆုံးပဲလို့ မေမေက ပြောတယ်"

 

 

ယဲ့အန်း က တခစ်ခစ်ရယ်ပြီး ခေါင်းကိုပွတ်ပေးသည်။ သူမကမင်းက ဘယ်မိသားစုရဲ့ မင်းသမီးလေးလဲ၊ အရမ်းချစ်စရာကောင်းပြီး ဉာဏ်လည်းကောင်းတယ်

 

 

သူမမျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရ၍ ကလေးမလေး၏ သတိသည် လုံးဝပျောက်ကွယ်သွားပြီး သူမလက်ကို ပျော်ရွှင်စွာ ဆုပ်ကိုင်ထားသည်။

 

 

သမီးနာမည်က ဆွေဆွေ့ …”

 

 

ယဲ့အန်းက ဘာမှလုပ်စရာမရှိသဖြင့် သူမနဲ့ကစားဖို့ ဆုံးဖြတ်လိုက်သည်။

 

 

ခဏအကြာတွင် အခန်းတွင်းမှ ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။

 

 

"မမ အသံတွေ အများကြီးကို ဘယ်လိုလိုက်လုပ်ရလဲသိတယ်၊ နားထောင်ချင်လား"

 

 

"တကယ်လား? ဒါဆို ကြောင်လေးတွေ အသံလုပ်တတ်လား"

 

 

မြှောင်....”

 

 

"ဝေါင်း.... အရမ်းတူတာပဲ! ငှက်ရော။"

 

 

"ဂူဂူး..."

 

 

"ဒါဆို....ဖားရောလုပ်တတ်လား"

 

 

 “……”

 

 

သူမရှေ့မှာ အံ့သြပြီး အပြစ်ကင်းစင်တဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည့်လိုက်တော့ ယဲ့အန်းသည် ကလေးလေးတွေကို ချော့မြူရာတွင် အရည်အချင်းရှိတယ်လို့ ခံစားရသည်။

 

 

ခဏလောက်ကစားပြီးနောက်၊ ကလေးမလေးက ရုတ်တရက်မေးလာသည်။ "မမ၊ မမ နဲ့ ကိုကို ရှော ဘယ်လိုတွေ့တာလဲ"

 

 

ယဲ့အန်းသည် အမှတ်တမဲ့ ဆွံ့အသွားသည်။ ဟန်ပြလက်ထပ်ပွဲတစ်ခုအဖြစ် သူတို့နှစ်ဦးတွေ့ဆုံကြပြီးနောက် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြတယ်လို့ သူမကို အမှန်အတိုင်း ပြောပြရန်မဖြစ်နိုင်ချေ။

 

 

သူမက ကလေးမလေး၏ အားနည်းပြီး အပြစ်ကင်းသော နှလုံးသားကို မခွဲရက်နိုင်...

 

 

ယဲ့အန်းသည် တခဏမျှ မှင်တက်စွာ တွေးတောကာ ဖြည်းညှင်းစွာ အောက်မေ့တမ်းတသော လေသံဖြင့် ပြောခဲ့သည် -

 

 

အပြင်မှာ မိုးတွေရွာနေပြီး မှောင်မဲနေတဲ့ ညတစ်ညမှာပေါ့…”

 

 

သူမ စကားအစပျိုးနေစဥ် ကလေးမလေးက မျက်လုံးပြူလေးများနှင့် မေးလာသည်။ "မမ က သရဲတစ္ဆေပုံပြင် ပြောပြမလို့လား"

 

 

ယဲ့အန်း - “…”

 

 

မမက သရဲပုံပြင် မပြောပြပါဘူး။ မင်းရဲ့ ကိုကိုနဲ့ မမတွေ့ခဲ့တဲ့ ဇာတ်လမ်းကို မမက ပြောပြမလို့ပါ။"

 

 

ယဲ့အန်းက သူ့လည်ချောင်းကို ရှင်းထုတ်ပြီး ဆက်မပြောခင် သူမ လေသံကို ချိန်ညှိလိုက်သည်။

 

 

မိုးသည်းပြီး အေးစိမ့်နေတဲ့ ညတစ်ညမှာပေါ့။ မမက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့မို့ ထီးလည်းမပါခဲ့ဘူး... မမ တစ်ယောက်တည်း လမ်းဘေးမှာထိုင်ပြီး အိမ်ပြန်ချင်ပေမယ့် ပြန်လို့မရဘူးပေါ့။ အဲ့အချိန်မှာ မင်းရဲ့ ကိုကို ရောက်လာပါလေရော။

 

 

သူမက စိတ်ပါလက်ပါပြောပြနေသည်။ သူမ၏ အကြည့်များသည် မှတ်ဉာဏ်ထဲတွင် အမှန်တကယ်နစ်မြုပ်နေသကဲ့သို့ စူးစိုက်ကြည့်နေသည်။

 

 

ကလေးမလေး _ “ဘာဆက်ဖြစ်လဲ။ ကိုကိုက မမကို သူ့ထီးကို ငှားခဲ့တာလား"

 

 

ယဲ့အန်းသည် ခေါင်းယမ်းကာ အောက်ကိုငုံ့ကြည့်၍ ပြုံးလိုက်သည်။မဟုတ်ဘူး၊ သူက မမကို ထီးမငှားပါဘူး။ သူက မမ အိမ်အထိပြန်ပို့ပေးတယ်၊ ပြီးတော့...”

 

 

သူမ ခဏရပ်ပြီး ခေါင်းကိုမော့ကြည့်လျက် သူမမျက်လုံးသည် အချစ်ကို ပထမဆုံးအကြိမ်တွေ့တဲ့ မိန်းကလေးတစ်ယောက်လို တောက်ပနေသည်။ "ပြီးတော့ မမ သူ့ကို မြင်မြင်ချင်း ချစ်မိသွားတယ်!"

 

 

နောက် စက္ကန့်အနည်းငယ်တွင် ယဲ့အန်း၏ အပြုံးက ချက်ချင်း အေးစက်သွားခဲ့သည်

 

 

အိပ်ခန်းတံခါးကို မပိတ်ထားဘဲ၊ ရှဲ့ရှောသည် အချိန်မမည်မျှကြာပြီမသိ အဝင်ဝတွင် တိတ်တဆိတ်ရပ်နေသည်။ ရေခဲစိုင်ကဲ့သို့ အေးစက်သော မျက်နှာထားဖြင့် သူတို့ကို ကြည့်လိုက်သည်။ ၎င်းအခြေအနေသည် "မြင်မြင်ချင်း ချစ်ခြင်းမေတ္တာ" ဇာတ်ကြောင်းနှင့် လုံးဝကွဲလွဲနေသည်။

 

 

ယဲ့အန်း - …

 

 

ရှက်စရာအတိဖြစ်သည်။

 

 

ကလေးမလေးသည် ရှဲ့ရှောကို အနည်းငယ်ကြောက်နေပုံရသည်။ သူရောက်လာတာကိုမြင်ပြီးနောက် သူမက "မမ တာ့တာ" လို့ တိတ်တဆိတ်ပြောပြီး ဆိုဖာပေါ်က အမြန်ခုန်ဆင်းသွားသည်။

 

 

လွန်ခဲ့သောတစ်ခဏက ပျော်ရွှင်ရယ်မောမှုများ ပြည့်နှက်နေသော အခန်းသည် စက္ကန့်ပိုင်းအတွင်း တိတ်ဆိတ်သွားသည်။ အခန်းထဲတွင် နေရခက်ပြီး ကြောင်အမ်းအမ်း နိုင်သွားသည်။

 

 

ရှဲ့ရှောသည် အခန်းထဲဝင်လာကာ ဆိုဖာလက်တင်ကို စမ်းတဝါးဝါးဖြင့်လိုက်ရှာပြီး ဘေးတွင်ကပ်ထိုင်လိုက်သည်။

 

 

ခဏအကြာတွင် ယဲ့အန်သည် သူမ၏ ရှက်ကိုးရှက်ကန်းစိတ်ကို ကျော်လွှားကာ သူ့ကို လှမ်းကြည့်သည်။ သူမက ချောင်းဖွဖွဆိုးရင်းအမ် ကျွန်မ လျှောက်ပြောနေတာပါ အဲဒါကို အလေးအနက် ထားမနေပါနဲ့…”

 

 

ရှဲ့ရှော၏ အမူအရာမှာ စိတ်ဝင်စားပုံမရပေ။ သူကြားလိုက်သမျှကို အတည်မယူဘူးဆိုတာ ထင်ရှားသည်။

 

 

     ……သူမသည် မလိုအပ်ဘဲ ရှင်းပြနေမိသည်ဟုထင်ရသည်။

 

 

  သူမ၏ စိတ်နှလုံးမှာလေးလံနေသည်။

 

 

နှစ်ယောက်သား တိတ်ဆိတ်စွာ ထိုင်နေကြသည်။

 

 

သူတို့လို တခြားမည်သူမျှ မရှိနိုင်တော့- ကြင်စဦးမောင်နှံသည် တိတ်တဆိတ် ထိုင်နေကြသည်။

 

 

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ယဲ့အန်းသည် ပျင်းပျင်းရှိသဖြင့် မျက်စိကစားရင်း လှည့်ပတ်ကြည့်လိုက်သည်။

 

 

အသစ်စက်စက် နံရံဖြူဖြူပေါ်တွင် မင်္ဂလာဓာတ်ပုံပင် ချိတ်မထားသေးပေ။

 

 

လျှောက်ကြည့်လိုက်ပြီးနောက် ရှဲ့ရှောဖက်သို့ လှည့်လိုက်သည်။ ထိုလူ၏ အသွင်အပြင်သည် ကြမ်းတမ်းပြီး တင်းမာသည်။ ရှပ်အင်္ကျီအဖြူနှင့် ဖဲပြားလည်စီးကို ဝတ်ဆင်ထားသည့် သူ၏ယ့အသွင်အပြင်သည် အထူးဆွဲဆောင်မှုရှိ၍ ကျက်သရေရှိပြီး မြင့်မြတ်ပုံပေါက်သည်။

 

 

ယဲ့အန်း က သူ့ကို စူးစူးဝါးဝါး စူးစိုက်စိုက်ကြည့်နေပြီး ရုတ်တရက် အတွေးတစ်ခုဝင်လာသည် - မင်္ဂလာဆောင်ဓာတ်ပုံမရှိသော်လည်း ဓာတ်ပုံတစ်ပုံလည်း အလုပ်ဖြစ်လိမ့်မည်!

 

 

သူမသည် ဖုန်းကို လျှို့ဝှက်စွာ ထုတ်ကာ ကင်မရာကို selfie မုဒ်သို့ ဖွင့်လိုက်သည်။ အသံမထွက်အောင် သူ့အနားသို့ တိုးလာသည်။

 

 

သူ၏နံဘေးသို့ ရောက်သောအခါ ခေါင်းကို သူ့ဖက်သို့စောင်းလိုက်၏။ ဖုန်းကို မြှောက်လိုက်သည်နှင့် အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

 

 

"မင်း ဘာလုပ်နေတာလဲ?"

 

 

ယဲ့အန်းက ခေါင်းကိုပြန်တည့်လိုက်သည်။ ရှဲ့ရှောလည်း သူ့ခေါင်းကို လှည့်လိုက်သည်။ သူ၏ နက်ရှိုင်းသော အကြည့်များက သူမအကြည့်နှင့် ဆုံတွေ့ပြီး မျက်ခုံးများ တွန့်သွားသည်။

 

 

ထိုအခိုက်အတန့်တွင် ယဲ့အန်းသည် သူမျက်စိမကွယ်ဟုပင် သံသယဖြစ်မိသည်။

 

 

နှစ်ယောက်သား အနည်းငယ်မျှသောအကွာအဝေးသာခြားနေသည်။ သူတို့ရဲ့ အသက်ရှူသံကို သူတို့ အပြန်အလှန်ကြားနေရပြီး လေထုထဲတွင်တစ်စုံတစ်ရာကိုခံစားရသည်။

 

 

ယဲ့အန်း၏ နှလုံးသား တုန်လှုပ်သွားသည်။သူမ စက္ကန့်အနည်းငယ်ကြာ တုန့်ဆိုင်းသွားပြီး ချက်ချင်းပြန်မဆုတ်မီ "ရှင့်မျက်နှာမှာ တစ်ခုခုပေနေတယ်၊ ကျွန်မ ရှင့်ကိုသုတ်ပေးမယ်။"

 

 

သူမ လက်ကို အသာအယာ ဆန့်တန်းလိုက်ပြီး မျက်နှာကို ‌‌သေချာစွာ သုတ်ပေးသည်။

 

 

သူမ၏လက်ချောင်းများကို ရှဲ့ရှောက ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။ အေးစက်သော မျက်နှာထားဖြင့် ထကာ ရေချိုးခန်းသို့ ဦးတည်လိုက်သည်။

 

 

  “……”

 

 

သူ့မျက်နှာကို ရေအေးဖြင့် သစ်လိုက်သည်။ ယဲ့အန်း၏ နှလုံးခုန်သံသည် ချက်ချင်း ငြိမ်ကျသွားပြီး မရေရာသော အခြေအနေသည် မှိတ်သုပ်ပျောက်ကွယ်သွားသည်။

 

 

ခံစားချက်မဲ့တဲ့လူ။

 

 

ယဲ့အန်းသည် သူ့ကိုယ်သူ လှောင်ပြောင်ကာ ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။

 

     —-

 

ခဏအကြာတွင် ရှဲ့ရှောသည် သူ့မျက်နှာကို ရေဆေးပြီး ထွက်လာသည်။ ယဲ့အန်းက အရူးတစ်ယောက်ကဲ့သို့ သူနဲ့ဆက်မနေချင်တော့ဘဲ ဆိုဖာပေါ်မှ ထကာ ဆံပင်တွေကို ပွတ်သပ်လျက် အပြင်ထွက်ပြီး လမ်းလျှောက်ရန် ကြံစည်လိုက်သည်။

 

 

သို့သော် ခြေလှမ်းနှစ်လှမ်းမျှပင် မလှမ်းမီတွင် အဖြူရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည့် အသွင်အပြင်သည် တံခါးဝတွင် ရုတ်တရက် ပေါ်လာသည်။ အံ့သြစရာကောင်းသည်က ထိုသူမှာ ရှဲ့ယွိရန် ဖြစ်သည်။

 

 

ယဲ့အန်း၏ ဦးနှောက်များ အေးခဲသွားသည်။ တွေဝေမနေဘဲ ဘေးသို့လှည့်ကာ ရှဲ့ရှောကို ပွေ့ဖက်လိုက်သည်။

 

 

ရှဲ့ရှော အံ့အားသင့်သွားသည်။

 

 

နူးညံ့သော ခန္ဓာကိုယ်က သူ့ကို တင်းတင်းကြပ်ကြပ် ပူးကပ်လိုက်ပြီး သူမ၏ နွေးနွေးစိုစို အသက်ရှုသံက သူ့လည်ပင်းပေါ်သို့ ပေါ့ပါးစွာ ကျဆင်းသွားသည်။

 

 

ယဲ့အန်းသည် သူ၏ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ မျက်နှာကို လည်ပင်းတွင် မြှုပ်ထားခဲ့သည်။

 

“……”

 

 

ကျွန်မရဲ့ သွေးတွင်းသကြားဓာတ်က နည်းနေပြီး အခု ခေါင်းနည်းနည်း မူးနေတယ်။ ခဏလောက် ရှင့်ကို ဖက်ထားပါရစေ…”

 

 

~