အပိုင်း ၆
Viewers 634

အပိုင်း

 

 

 

   

 

ဝန်ထမ်းက သူတို့မေးခွန်းကြောင့် သူတို့ဘာသာ အံ့အားသင့်သွားသည်။ ရှင်းနေတာဘဲ၊ စဥ်စားပြီးမှ စကားပြောတတ်တဲ့ သဘာဝကိုကျော်လွန်ပြီး သူတို့ပါးစပ်က ဦးနှောက်ထက် အရင်ဦးဆောင်သွားတယ်။

 

 

ဒါပေမယ့် ဒါက ဝန်ထမ်းတွေရဲ့ အမှားတော့ လုံးဝ မဟုတ်ဘူး။ ဒါရိုက်တာက လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို ထိန်းသိမ်းထားဖို့ အခိုင်အမာပြောထားတာကြောင့် စုန့်လင်းချွမ်ရဲ့ အန်တီလေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့မတောင်းခဲ့ပါချေ။

 

 

ဒါကြောင့် သူတို့က ထုတ်လုပ်ရေးအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့်  စုန့်အာ့နန်ရဲ့ပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး ပရိသတ်တွေလိုဘဲ  သဲသဲကွဲကွဲ မသိခဲ့ကြပေ။

 

 

စုန့်အာ့နန်လည်း နည်းနည်း အံသြသွားသည်။ ရိုက်ကူးရေးအတွက် သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပေမယ့်  ကင်မရာက ရုတ်တရက် သူမမျက်နှာကို ချိန်လာတဲ့အခါမှာတော့ သူမ မတတ်နိုင်ဘဲ စိတ်လှုပ်ရှားသွားရသည်။

 

 

ဝန်ထမ်းရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အခါ သူမလည်း တခဏလောက် နားမလည်ဖြစ်သွားရသည်။

 

 

စုန့်လင်းချွမ်ရဲ့ အန်တီလေးရဲ့သမီးလို့ ဆိုလိုတာလား?

 

 

သို့ပေမယ့် အဆိုပါမေးခွန်းဟာ တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ကြည့်ရှုသူတွေကို စတင်စဉ်းစားဖို့ လှုံ့ဆော်ပေးလိုက်သည်။

 

 

[ဒီမိန်းကလေးက အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက်ဘဲ ရှိမယ့်ပုံဘဲ။ သူက စုန့်လင်းချွမ်ရဲ့ အန်တီလေးရဲ့သမီးဆိုရင် ဖြစ်နိုင်ချေရှိတယ်]

 

 

[ဟုတ်တယ်၊ ဒါပေမယ့် ရယ်စရာကောင်းနေသေးတယ်။ ဝန်ထမ်းက ဒီလိုကြီးရုတ်တရက် လုပ်လာမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး]

 

 

[သူတို့က ရှိုးအတွက် အလုပ်လုပ်တာ အံ့ဩစရာ မရှိတော့ဘူး။ သူတို့က ကြံရည်ဖန်ရည် ကျွမ်းတယ်။ သူက စုန့်လင်းချွမ်ရဲ့ အန်တီလေးရဲ့ သမီးလို့တောင် ထင်ကြတာဘဲ]

 

 

[ဝန်ထမ်း - အဓိကကတော့ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်လို့ပါ!]

 

 

[ထုတ်လုပ်ရေးအဖွဲ့မှာ ဧည့်သည်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိနိုင်ပါ့မလား?]

 

 

စုန့်အာ့နန်က အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်လှုပ်ရှားမှုကို ဖြေလျှော့ဖို့ ကြိုးစားလိုက်သည်။

 

 

ဝန်ထမ်းက အခြေအနေကို နားလည်မှုလွဲနေမှန်း သူမသိလိုက်သည်။ ဒါပေမယ့် သူ မရှင်းပြလိုက်ရခင်မှာဘဲ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အသံကိုကြားပြီး စုန့်လင်းချွမ်က အခန်းထဲကနေထွက်လာသည်။

 

 

"ဒါက ထုတ်လုပ်ရေးအဖွဲ့လား၊ အန်တီလေး?" စုန့်လင်းချွမ်က မေးလိုက်သည်။

 

 

စုန့်အာ့နန်က ကင်မရာကိုကြည့်ပြီးတော့  နောက်လှည့်ကာပြန်ဖြေလိုက်သည်။ "ဟုတ်တယ်၊ သူတို့ရောက်နေပြီ"

 

 

ဝန်ထမ်းတွေနဲ့ တိုက်ရိုက်လွှင့်တဲ့အခန်းက ပရိတ်သတ်တွေ လုံးဝ ထိတ်လန့်သွားကြသည်။

 

 

ဘာတွေဖြစ်နေတာလဲ?!

 

 

ဒီကောင်မလေးက စုန့်လင်းချွမ် ရဲ့ လျှို့ဝှက်ဆန်းကြယ် တဲ့ အန်တီလေးဘဲဟ!

 

 

ဒါပေမယ့် ခဏနေပါဦး သူက အရမ်းငယ်လွန်းတယ်မဟုတ်ဘူးလား? သူက အသက်သုံးဆယ်ကျော်လောက်လို့ ပြောကြာတာ မဟုတ်ဘူးလား?

 

 

ဒါမှမဟုတ် စုန့်လင်းချွမ်ရဲ့ အဒေါ်က သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်လို့များလား?

 

 

ရုတ်တရက် ဖြစ်သွားတော့ စုန့်အာ့နန်လည်း ဘာမှ ထပ်ရှင်းပြစရာ မလိုတော့ဘူးလို့ ခံစားလိုက်ရသည်။  သူမက တစ်ဖက်လှည့်လာပြီး ထုတ်လုပ်ရေးအဖွဲ့ကို ဝင်လာဖို့ လက်ဟန်ပြလိုက်သည်။

 

 

ဆယ်မိနစ်အကြာ ထုတ်လုပ်ရေးအဖွဲ့က စုန့်လင်းချွမ်အိမ်ရှိဧည့်ခန်းက ဆိုဖာပေါ်တွင်ထိုင်ကာ သံသယတွေနှင့်ပြည့်နှက်နေသေးသည်။

 

 

စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့က သူတို့ရဲ့တစ်ဘက်မှာထိုင်နေကာ ကင်မရာက သူတို့ကို ရိုက်နေသည်။

 

 

ဝန်ထမ်းက သူတို့ နှစ်ယောက်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အင်း၊ အန်တီလေးက သူ့ဘာသာသူ မိတ်ဆက်ပေးချင်လား?"

 

 

စုန့်လင်းချွမ်က စုန့်အာ့နန်ကို လှည့်ကြည့်လိုက်ပြီး သူမအဆင်ပြေလားလို့ အကြည့်နဲ့ မေးလိုက်သည်။

 

 

စုန့်အာ့နန်က ခေါင်းညိတ်ပြလိုက်ပြီး ကင်မရာရှေ့မှာ  နည်းနည်း ကိုးရိုးကားရားနိုင်စွာနဲ့  သူ့ကိုယ်သူ စမိတ်ဆက်လိုက်သည်။

 

 

" အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ နာမည်က စုန့်အာ့နန်ပါ၊ အသက်က ဆယ့်ခုနစ်နှစ်ရှိပါပြီ။ ကျွန်မ စုန့်လင်းချွမ်ရဲ့ အန်တီလေးပါ"

 

 

သူမ မိတ်ဆက်ပြီးသွားတော့ စုန့်အာ့နန်က မသိစိတ်အရ ခေါင်းညိတ်လိုက်သည်။

 

 

ဒါပေမယ့် နောက်တော့ သူမက ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်ခတ်ကာ ဆက်ပြောလိုက်သည်။ "ပြီးတော့ သူ့အချစ်ဆုံး အန်တီလေးပါ"

 

 

[Wow စုန့်အာ့နန်က အရမ်းချစ်စရာကောင်းတာပဲ!]

 

 

[ဟားဟား၊ သူက တကယ်အတည်ကြီးဘဲ။ ဆရာမ ငါတို့ကို မိတ်ဆက်ခိုင်းတုန်းက ငါလည်း ဒီလိုပဲ လုပ်ခဲ့တယ်]

 

 

[Aw တောက်ပနေတဲ့ မျက်လုံးကြီးတွေနဲ့ ချစ်စရာကောင်းလိုက်တာ]

 

 

[ဒါဆို သူ့နာမည်က စုန့်အာ့နန်ပေါ့။ နားထောင်လို့ကောင်းလိုက်တာ]

 

 

[ရိုးရိုးသားသား ပြောရရင်  ငါ့ idol ရဲ့ ဇနီးဖန်တစ်ယောက်အနေနဲ့ ငါ့အန်တီလေးကို ငါ့ ယောက္ခမအဖြစ် ဆက်ဆံဖို့ အမြဲတမ်း ဆန္ဒရှိခဲ့တယ်။ ဒါပေမယ့် အခု ငါဘာလုပ်ရမှာလဲ?]

 

 

[ဘုရားရေ! ငါတို့ အန်တီလေး ဘာတွေ တွေးနေလောက်မလဲ? သူက ဒါကို အထူးတလည် အလေးပေးပြောသွားတာ]

 

 

[စုန့်လင်းချွမ်ရဲ့အသက်ကို ရှာပြီးသွားပြီ။ ဒီနှစ်မှာ သူက ၂၄နှစ်ရှိပြီ၊ သူ့အဒေါ်ထက် ခုနစ်နှစ် တောင်ကြီးတယ်။ သူတို့ရဲ့ဆက်ဆံရေးက တော်တော်နားလည်မှုလွဲရမှာဘဲ]

 

 

[ဆယ့်ခုနစ်နှစ်၊ ဒါ အထက်တန်းကျောင်းသူအရွယ်ပဲ မဟုတ်ဘူးလား?]

 

 

[ငါ့သမီးလည်း အသက် 17 နှစ်ပဲရှိသေးတယ် စီနီယာပထမနှစ်ကို စတက်နေတယ်။ ပညာရေးဖိအားက အရမ်းကြီးလို့ နေ့တိုင်း စိတ်ပူနေရတယ်]

 

 

[ငါလည်း gaokao (ကောလိပ်ဝင်ခွင့်စာမေးပွဲ)ကို ဖြတ်ကျော်ခဲ့ရတဲ့အတွက် အထက်တန်းကျောင်းသူတစ်ယောက်ရဲ့ ရုန်းကန်မှုတွေကို လုံးလုံးနားလည်တယ်။ ငါတို့ရဲ့ အန်တီလေးလည်း စာမေးပွဲမှာ ဘယ်လိုလုပ်ခဲ့မလဲဆိုတာ သိချင်တယ်]

 

 

[ဟားဟား၊ သူ့ အဆင့်တွေက ဆိုးလိမ့်မယ်ထင်တယ်။ ကျောင်းသားတစ်ယောက် ဒီအချိန်မှာ ဘာလို့ variety show မှာ ပါမှာလဲ? နာမည်ကြီးချင်တာမဟုတ်ရင် ပိုက်ဆံကြောင့်ဘဲ]

 

 

[အပေါ်ထပ်က တစ်ယောက် အဆင်ပြေရဲ့လား? နင်က ကျောင်းသားကောင်း တစ်ယောက်လို့ လက်ခံပြီး ရှေ့ဆက်သွားလိုက်တော့]

 

 

[အင်း၊ ငါတို့အန်တီလေးရဲ့ ခံစားချက်ကို ငါ လုံးဝနားလည်တယ်။ ငါလည်း မိဘတွေရဲ့ အငယ်ဆုံးသမီးဖြစ်ပြီး ငါ့တူလေးထက် နှစ်နှစ်ငယ်တယ်။ ငယ်ငယ်ကတည်းက ငါ့ကိုဆို ငါ့အစ်ကိုရဲ့ကလေးလို့ဘဲ အထင်မှားကြတာ!]

 

 

[အိုး... ပြောရမယ်ဆိုရင် စုန့်မိသားစုရဲ့ မျိုးရိုးဗီဇက အရမ်းကောင်းတယ်။ ဒီရုပ်ရည်နဲ့ဆို ငါတို့ရဲ့ အန်တီလေးက ဖျော်ဖြေရေးနယ်ပယ်က နာမည်ကြီး အမျိုးသမီး ကြယ်ပွင့်တွေနဲ့ ယှဉ်နိုင်မှာ အသေအချာဘဲ]

 

 

[ဒါက ဘက်လိုက်တာဘဲ။ သူက အခု သူတို့နဲ့ အတူတူလောက်ဘဲကို]

 

 

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ မှတ်ချက်ကဏ္ဍတွင် ပရိသတ်တွေရဲ့ မက်ဆေ့ချ်တွေနဲ့ ပြည့်နှက်နေသည်။ ရှိုးစပြီး နာရီဝက်အတွင်းမှာ "#ရှော့ရစရာဘဲ! စုန့်လင်းချွမ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အန်တီလေးက ငယ်ရွယ်တဲ့ ကောင်မလေး!" ဆိုတဲ့  ခေါင်းစဉ်က ရေပန်းစားနေတဲ့သတင်းခေါင်းစဉ်ဖြစ်လာသည်။

 

 

တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်မှစ၍ ကြည့်ရှုသူဦးရေ တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ ဒါရိုက်တာဟာလည်း ပါးစပ်နားရွက် တက်ချိတ်မတတ်ပြုံးနေသည်။  ရိုးရိုးသားသားပြောရရင် သူတို့က ကွန်ရက်နှင့် ပရိသတ်ကို ကျေနပ်စေဖို့အတွက်  စုန့်လင်းချွမ်နဲ့ သူ့အန်တီလေးတို့ကို အဓိက ဖိတ်ကြားခဲ့တာဖြစ်သည်။

 

 

ဒါရိုက်တာက စုန့်လင်းချွမ်ရဲ့ အန်တီလေးနဲ့ ပတ်သက်ပြီး လူအများရဲ့ စူးစမ်းလိုစိတ်ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက မျှော်လင့်ထားခဲ့ပြီး အစီအစဉ်အဖွဲ့ဟာလည်း ထင်ကြေးတွေတောင် ပေးနေကြသည်။  သို့ေပမယ့် ထုတ်လွှင့်လိုက်တာနဲ့ ဒီလောက်ထိ အံ့အားသင့်စရာကောင်းလိမ့်မယ်လို့ သူဘယ်တုန်းကမှ  မမျှော်လင့်ထားခဲ့ပေ။

 

 

လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်မှုဟာ ရှိုးရဲ့တတိယ season စတင်ချိန်မှစကာ သူတို့မျှော်မှန်းထားတဲ့ ကြည့်ရှုမှု အမြင့်ဆုံးအရေအတွက်ကို ကျော်လွန်သွားခဲ့သည်။

 

 

စုန့်လင်းချွမ်ရဲ့အန်တီလေးက ငယ်ရွယ်နုပျိုတဲ့ မိန်းကလေး ဖြစ်တယ်ဆိုတာက ဒါရိုက်တာ အပါအဝင် လူတိုင်းကို အံ့သြသွားစေခဲ့သည်။ အွန်လိုင်းပေါ်မှာ ထင်ကြေးပေးတာတွေ ရှိနေပေမယ့်လည်း ပရိသတ်တွေနဲ့ ပရိုဂရမ်အဖွဲ့သားတွေက သတိမထားမိခဲ့ကြပေ။

 

 

ဒါရိုက်တာဟာ ရှိုးရဲ့ကနဦး အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားနေသည်။ စခရင်ပေါ်က ကောင်မလေးကို ကြည့်လိုက်တော့ သူမဆီကနေ ပိုလို့တောင် အံ့သြစရာတွေ ရှိနေတယ်ဆိုတဲ့ ထူးဆန်းတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ သို့ပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် အခြားအဖွဲ့သုံးဖွဲ့နဲ့မတူဘဲ၊ စုန့်လင်းချွမ်နဲ့ စုန့်အာ့နန်တို့က ရိုက်ကူးရေးမတိုင်မီ လူသိရှင်ကြား မလုပ်ခဲ့ကြတာကြောင့် အစီအစဉ်အဖွဲ့က သူတို့နဲ့ ခဏတာ အင်တာဗျူးလုပ်ဖို့ လိုအပ်သည်။

 

 

အင်တာဗျူးမေးခွန်းတွေအတွက်၊ အစီအစဉ်အဖွဲ့က ပွဲမစမီ Weibo မှာ စစ်တမ်းတစ်ခုပြုလုပ်ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေက မေးခွန်းတွေကို မဲပေးနိုင်သည်။ လူကြိုက်အများဆုံး မေးခွန်းငါးခုကို ဝန်ထမ်းတွေက ရွေးချယ်ပြီး မေးမည်ဖြစ်သည်။ စစ်တမ်းတွေကိုပင် အချိန်နှင့်တစ်ပြေးညီ ပြသဖို့ စီစဉ်သတ်မှတ်ထားသည်။

 

 

တစ်နည်းအားဖြင့် အင်တာဗျူးမေးခွန်းတွေကို နောက်ဆုံးအချိန်အထိ အတည်မပြုနိုင်ပေ။ ဆိုလိုသည်မှာ guest တွေက ကြိုတင်ပြင်ဆင်ခွင့်မရှိဘဲ လက်တန်း ဖြေရမည်ဖြစ်သည်။

 

 

စုန့်လင်းချွမ်က အင်တာဗျူးလုပ်ရမည်ဟု ကြားလိုက်ရတဲ့အခါ အလိုလို မျက်မှောင်ကြုတ်သွားသည်။ ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်အတော်ကြာနေခဲ့တဲ့ သူ့အတွက် ပရိုဂရမ်အဖွဲ့တွေရဲ့ လှည့်စားမှုတွေအကြောင်း တစ်ချက်နှစ်ချက်လောက် သူသိသည်။

 

 

ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်မှုကို တိုးမြင့်စေနိုင်တာကြောင့် ဒီလိုမျိုးစိတ်ကူးက အစီအစဉ်အဖွဲ့အတွက် ကောင်းပေမယ့် အင်တာဗျူးဖြေရမယ့် သူတွေအတွက်ကတော့ တစ်ချက်မှားသွားတာနဲ့ ဝေဖန်ခံရနိုင်သည်။

 

 

သူ့ကိုယ်သူ သိပ်စိတ်မပူပေမယ့် တချို့မေးခွန်းတွေက စုန့်အာ့နန်ကို စိတ်မသက်မသာဖြစ်စေမှာ စိုးရိမ်သည်။ စုန့်လင်းချွမ်က သူ့ရဲ့ ခပ်မိုက်မိုက် အမူအရာကြောင့် ကျော်ကြားပြီး၊ hater တွေကတော့ သူ့ကို diva တစ်ယောက်လို့ စွပ်စွဲလေ့ရှိသည်။ ဒါပေမယ့် သူ့ရဲ့ ဒီလို  စရိုက်လက္ခဏာကြောင့် ပရိသတ်တွေကဒါကို ဆွဲဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သူ့ကို ချစ်ကြသည်။

 

 

လေထုက အေးခဲသွားသလိုပင်။ သူ့ဘေးမှာ ထိုင်နေတဲ့ ဝန်ထမ်းတွေက တိတ်တိတ်လေး ကျိန်ဆဲနေကြပေမယ့် ဘာမှ မပြောရဲကြပေ။

 

 

[သေစမ်း! စုန့်လင်းချွမ်က ဒေါသကြီးတယ်လို့ ကြားပေမယ့် ငါ မယုံခဲ့ဘူး၊ အဲ့ဒါက မှန်တဲ့ပုံဘဲ။ သူ ရုတ်တရက် ဘယ်လိုလုပ် ဒေါသတွေ ထွက်နေတာလဲ?]

 

 

[ပရိုဂရမ်အဖွဲ့က သူတို့နဲ့ ကောင်းကောင်းမဆက်သွယ်ခဲ့ရတဲ့ပုံဘဲ။ ရုတ်တရက် အင်တာဗျူးကို ကြေညာပြီး အွန်လိုင်းမှာ တိုက်ရိုက်စစ်တမ်းတစ်ခုတောင် လုပ်လိုက်တယ်။ ဘယ်လိုမေးခွန်းမျိုး မေးလာမယ်ဆိုတာ ဘယ်သူကသိမှာလဲ? သူ့အတွက် မကျေမနပ်ဖြစ်ရတာ သာမာန်ဘဲ]

 

 

[OMG ဒီလေထုက အရမ်းအသက်ရှူကြပ်တာပဲ။ ငါ မခံနိုင်တော့ဘူး။ တခြားတိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းတွေကို သွားကြည့်ဦးမယ်]

 

 

ရုတ်တရက် ဒါရိုက်တာက ကင်မရာနောက်ကနေ မတ်တပ်ထရပ်လိုက်ပြီး သူ့ဘေးနားက ဝန်ထမ်းတွေကို လှည့်ကြည့်လိုက်သည်။ "အင်တာဗျူးနဲ့ ပတ်သက်ပြီး တခြားအဖွဲ့တွေနဲ့ ရောမဆက်သွယ်ထားဘူးလား?"

 

 

ဝန်ထမ်းတွေက ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလာသည်။ "ကျွန်တော်တို့တွေ အရမ်းအလျင်လိုနေတော့ လုပ်ဖို့ အချိန်မရှိလိုက်ဘူး"

 

 

ဒါရိုက်တာက မျက်ခုံးပင့်လိုက်သည်။ ပရိုဂရမ်အဖွဲ့မှ လူအချို့ဟာ ကျော်ကြားသူတွေနဲ့ ဆက်ဆံရာတွင် သူတို့ရဲ့ ပလက်ဖောင်းနဲ့ ကြည့်ရှုမှုအပေါ် အားကိုးကာ လျော့ရဲပြီး ပရော်ဖက်ရှင်နယ် မဟုတ်ကြတာသူသိသည်။

 

 

 သာမာန်အခြေအနေတွေမှာ၊ နာမည်ကြီးတွေက ဒါကို ရပ်ကာ ကိုင်တွယ်ဖြေရှင်းလေ့ရှိပြီး အဆင့်အတန်းမြင့်သူတွေကတော့ အစီအစဉ်အဖွဲ့ဆီကနေ ရှင်းလင်းချက်ကို တောင်းဆိုကြမည်ဖြစ်သည်။

 

 

သို့ပေမယ့် စုန့်လင်းချွမ်ကတော့ နေရာမှာဘဲ ချက်ချင်း ဒေါသထွက်လာလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ပါချေ။

 

 

ဒါရိုက်တာက လျော်ပေးဖို့ တစ်ခုခု လုပ်ချင်ရင်တောင်မှ တိုက်ရိုက် ထုတ်လွှင့်တာဆိုတော့ လုပ်နိုင်စွမ်းမရှိပေ။

 

 

ပြတ်ပြတ်သားသားပြောရရင် ဒါက တိုက်ရိုက်ထုတ်လွှင့်မှုက မတော်တဆမှုဖြစ်ပြီး အရှိန်ကောင်းနေတဲ့ ရှိုးအစမှာ ဖြစ်ပျက်ခဲ့တာကြောင့် အခြေအနေကတော့ ပြင်းထန်သည်။

 

 

သို့ပေမယ့် အဲ့ဒီအချိန် စုန့်အာ့နန်က ရုတ်တရက် စကား ပြောလာသည်။ "ပရိသတ်တွေက ကျွန်မတို့ကို မေးခွန်းတွေ မေးချင်တာလား?"  သူမက ဝန်ထမ်းကို မေးလိုက်သည်။

 

 

ဝန်ထမ်းတွေက ပထမတော့ အံ့အားသင့်သွားပြီး နောက်တော့ စုန့်အာ့နန်ကို ကယ်တင်ရှင်တစ်ယောက်လို ကြည့်လိုက်ကြသည်။

 

 

"ဟုတ်တယ်၊ ပရိသတ်တွေက အန်တီလေးနဲ့ ဆရာစုန့်ကို အရမ်းကြိုက်ကြတော့၊ အားလုံးက အန်တီလေးအကြောင်း သိချင်နေကြတယ်" ဝန်ထမ်းက ပြန်ဖြေလိုက်သည်။

 

 

စုန့်လင်းချွမ်က စိတ်လှုပ်ရှားစွာနဲ့ ခေါင်းငုံ့ထားတဲ့ ဝန်ထမ်းကို ကြည့်လိုက်သည်။

 

 

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။ "အိုး ဒါဆိုလည်း မေးလေ"