၁၉၇၀
ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း
အပိုင်း
၇
တစ်ညသာကြာသေးသော်လည်း
ဝက်ပေါက်လေးတွေသည် အနည်းငယ်ကြီးလာပြီး ပိုမိုတက်ကြွလာသလိုရှိသည်။ ပထမဆုံး ချင်လိုင်တိသည်
နင်းခံထားရသော ဝက်ပေါက်များကို ဝက်ခြံအပြင်သို့ ထုတ်သည်။ပြီးနောက် ဝက်ခြံကို ရောဂါပိုးကူးစက်ခြင်းမှ
ကာကွယ်ရန် သန့်ရှင်းရေးလုပ်သည်။
သန့်ရှင်းမှုသည်
ဝက်များကို မွေးမြူရေးနည်းလမ်းများတွင် အခြေခံဖြစ်သည်။ ဝက်ခြံကို ပိုးသတ်နိုင်သည်ထိ
မလုပ်နိုင်သေးသော်လည်း ဝက်မစင်တွေသေးတွေနှင့် သွေးများကို သန့်ရှင်းလိုက်နိုင်သည်။
နောက်တစ်ဆင့်အနေနှင့် ကြမ်းပြင်နှင့် နံရံတွေကို ဆားကြမ်းရေနှင့် နှစ်ခါတိတိ ဆေးကြောပစ်ပြီး
ကောက်ရိုးများကို ပြန်လည်ထားရှိလိုက်သည်။
မနေ့က
သူမကိုယ်တိုင်မွေးပေးထားတာကြောင့် ဝက်မ၂ကောင်သည် အန္တရာယ်မပြုပေ။ လိုင်တိသည် ဆရာဝန်ဟဲထံမှ
တိုင်းရင်းဆေးပညာကို သင်ယူခဲ့ပေမဲ့ တိရစ္ဆာန်ကုသရေး ဆေးပညာ မသင်ယူခဲ့ပေ။ သူမ လမ့်ဟယ်မြို့တွင်
ဆရာဝန်အဖြစ် အလုပ်လုပ်စဉ် ရွာသားများ လာရောက်ပြသော တိရစ္ဆာန်များကို ကုသပေးခဲ့ရာမှ
အတွေ့အကြုံ များစွာရရှိခဲ့သည်။
ဝမ့်လီဖုန်းနှင့်
လီပမ်းဖန်သည် သူမအလုပ်လုပ်ပုံကို ခဏတာ လာရောက် အကဲခတ်ကာ အပြစ်ပြောစရာမရှိတာကြောင့်
သဘောကျနေသည်။ ချင်လိုင်တိ အိမ်ကို နေ့လည်စာပြန်စားသောအခါ ၁၅ကီလိုရှိဆန်အိတ်နှင့် ကန်စွန်းဥနှင့်
ဆန်အရောစွပ်ပြုတ်ကို တွေ့ရသည်။
“ကလေးမရေ နင်က ဆန်ပဲလိုချင်တယ်ပြောနေလို့။ပြောင်းစေ့ကြီးပဲတောင်းလိုက်ရင်
၃၀ကီလိုတောင် ရမှာကို”
ချင်လိုင်တိသည်
စွပ်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး
“အဘွား ဆန်က အများကြီးပိုပြီးအသုံးကျတယ်လေ။
ပြောင်းစေ့ထက် ဆန်က ပိုစျေးကြီးတာ အဘွားသိပါတယ်”
“ဘာအတွက်သုံးမှာလဲ” ချင်ကွေ့ဟွားနှင့်
ဖန်တိသည် သူမကို တပြိုင်နက်လှည့်ကြည့်ကြသည်။
လိုင်တိသည်
အိမ်တံခါးကို ပိတ်ကာ အသံတိုးတိုးနှင့် ပြောလိုက်သည်။ “ကျွန်မ မနက်ဖြန် မြို့ထဲသွားမလို့”
“မှောင်ခိုစျေးထဲမှာ ဆန်နဲ့တခြားဟာနဲ့
လှဲမလို့လား”
“စိတ်မပူပါနဲ့ အဖမ်းမခံစေရဘူးလို့
ကတိပေးတယ်”
ချင်ကွေ့ဟွားသည်
မကြာသေးခင်က လူတစ်ယောက်သည် စပါးစေ့တွေ ခိုးရောင်းတာကို ဖမ်းခံရပြီး ကြပ်မတ်ရေးသင်တန်းသို့
ပို့ခံရတာကို ပြောပြသည်။ ပိုဆိုးသည့် ပြစ်ဒဏ်အနေနှင့် တပ်ရင်းရှိ ထိန်းသိမ်းရေးစခန်းသို့
ပို့ဆောင်ခံရသည်။
ဖန်တိသည်
လေသံတိုးတိုးလေးနှင့် “သမီး တတိယအစ်မနဲ့ လိုက်သွားလိုက်မယ််။ မနက်ဖြန်က တနင်္ဂနွေဆိုတော့
ကျောင်းသွားစရာမလိုဘူး”
ချင်ကွေ့ဟွားသည်
တင်းကြပ်သော်လည်း သူမသည် အကျိုးသင့်အကြောင်းသင့်ရှိကာ စဉ်းစားတွေးခေါ်တတ်သည်။ တကယ်တမ်းဆို
လိုင်တိသည် အသက်လည်းမငယ်တော့ပဲ လက်ထပ်ပြီးနေပြီဖြစ်သည်။ သူမလေးတို့လင်မယားသည် သူတို့ဘဝနှင့်
သူတို့ နေထိုင်ရတော့မည်။ ကြက်အိုမကြီးတစ်ကောင်လို သူမအနေနဲ့ လိုက်၍ မကာကွယ်ပေးနိုင်တော့ပေ။
“ဒါဆို မင်းတို့၂ယောက် အတူတူသွားကြ။
ဂရုစိုက်ပြီးသွားအုံးနော်။ အရင်ဆုံး ၅ကီလိုကို ယူသွားလိုက်။ အဲ့လောက်ဆို သိမ်းခံရလည်း
နှမြောစရာမရှိဘူး”
လိုင်တိသည်
ထက်မြက်ပြီး ဖန်တိသည် ဂရုတစိုက်ရှိသောကြောင့် ၂ယောက်သားအတွဲညီသည်။ ညရောက်သောအခါ လိုင်တိသည်
ဝက်ခြံကို ညသွားစောင့်သည်။ဝက်ခြံဘေးတွင် တဲအိမ်လေးတစ်လုံးရှိကာ ကောက်ရိုးခင်းအိပ်ရာတစ်ခု
ထားပေးထားသည်။ သို့သော် နွေရာသီတွင် ပူလွန်းသောကြောင့် အိပ်မရပေ။ အခုချိန် လောင်ဟယ်သည် ဘယ်ရောက်နေမည်နှင့် စားစရာသောက်စရာရှိပါ့မလားဟု
သူမ တွေးမိနေသည်။ သေချာသည်မှာ သူသည် သူမကို သတိရမည်မဟုတ်ပေ။ သူ့အနေနှင့် သူမသည် တစ်ခါမျှသာတွေ့ဖူးပြီး
လက်ထပ်လိုက်ရသည့် မိန်းခလေးတစ်ယောက်သာဖြစ်သည်။
တစ်ညလုံး
ထိုအကြောင်းများကိုသာ စဉ်းစားနေမိသောကြောင့် မနက်မိုးလင်းသည်ထိ အိပ်မရခဲ့ချေ။ မနက်ရောက်သောအခါ
ဝက်တွေကို အစာကျွေးပြီးနောက် သူမအိမ်အမြန်ပြန်ကာ မျက်နှာသစ်ဆေးကြောသည်။ပြီးနောက် ညီအစ်မနှစ်ယောက်
ဆန်တွေကို ခြင်းထဲတွင် တိတ်တဆိတ်ဝှက်ယူကာ ရွာပြင်သို့ ထွက်လာကြသည်။
သူမသည်
အချိန်ပြည့်ဝန်ထမ်းဖြစ်တာကြောင့် အခြားအလုပ်သမားတစ်ယောက်ကို အကူအညီတောင်းကာ ဝက်ခြံတွင်
စောင့်ကြည့်ထားခိုင်းခဲ့ရသည်။
“ဒီကိုလာ ဖန်တိ မြန်မြန်လာ”
မိန်းမငယ်လေးတစ်ယောက်သည်
သူမတို့ထံ လက်ဝှေ့ရမ်းပြနေသည်။ ချင်လိုင်တိသည် အစတွင် ထိုကောင်မလေးကို မမှတ်မိဖြစ်နေသော်လည်း
နောက်မှ သူမ၏ ငယ်သူငယ်ချင်းလျို့ပေါင်းကျူးဖြစ်နေသည်။
လျို့ပေါင်းကျူးသည်
သူမတို့အိမ်ဘေးချင်းကပ်ရက်တွင် နေထိုင်သည်။ သူမကိုလည်း မုဆိုးမအမေမှ ကျွေးမွေးထားသည်။
ချင်မိသားစုနှင့် မတူသည်မှာ ပေါင်းကျူး၏ အမေသည် သား၇နှစ်ယောက်ကို မွေးပေးထားသည်။ အဘွားလျို့သည်
သူမတို့ချင်မိသားစုကို သမီးတွေချည်း ရှိ၍ အမြဲလှောင်ပြောင်နေတာကြောင့် ချင်ကွေ့ဟွားနှင့်
အမြဲတစေ ရန်ဖြစ်နေကျဖြစ်သည်။
အဘွားနှစ်ယောက် မတည့်သော်လည်း ချင်လိုင်တိသည် လျို့ပေါင်းကျူးနှင့်
ငယ်စဉ်ကတည်းက ဆော့ကစားနေကျဖြစ်သည်။ အလယ်တန်းကျောင်းအထိ အတန်းတူတူတက်ခဲ့သော်လည်း ချင်လိုင်တိသည်
ကျောင်းဆက်မတက်နိုင်တော့တာကြောင့် ဝမ်းနည်းခဲ့ရသေးသည်။ သို့ပေမဲ့ လျို့ပေါင်းကျူးသည်
အထက်ကျောင်းအောင်မြင်သည်အထိ အေးချမ်းစွာ ကျောင်းတက်နိုင်ခဲ့သည်။
“နင်တို့လည်း စျေးသွားမလို့လား။ အဲ့တာဆိုလည်း ငါ့ကိုကြိုပြောလေဟာ
တူတူသွားလို့ရတာပေါ့”
လျို့ပေါင်းကျူးသည် သူမတို့ခြင်းထဲသို့ စပ်စုစွာ ကြည့်နေသည်။
လိုင်တိသည် သူမမျက်နှာကို ဘယ်လိုလုပ် မေ့ပစ်လို့ရပါ့မလဲ။
သူမ လက်ထပ်ပြီးချိန်တွင် လျို့ပေါင်ကျိုးသည် သူမကို
စာများစွာရေးပို့ရုံသာမက ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သည်။ လမ့်ဟယ်မြို့ရှိ သူမနေအိမ်
သို့လာပြီး အဘွားလျို့သည် အသက် ၄၀ ကျော် မုဆိုးဖိုကြီးနှင့် သူမကို လက်ထပ်ရန်ဖိအားပေးနေသည်ဟု
ငိုယိုပြောဆိုခဲ့သည်။ လိုင်တိသည် သူငယ်ချင်းကို စာနာသနားမိတာကြောင့် အိမ်တွင် နေခွင့်ပြုပေးခဲ့သည်။
ထိုအချိန်အတွင်း
လျို့ပေါင်းကျူးသည် ကျောက်ချင်းစုန့်လက်အောက်မှ အရာရှိတစ်ဦးနှင့် ငြိစွန်းခဲ့သည်။ လိုင်တိကို
ဒေါသဖြစ်စေသည့်အရာသည် ထိုအရာရှိတွင် ဇနီးရှိကြောင်း မပတ်သက်သင့်ကြောင်း အကြိမ်ကြိမ်သတိပေးသော်လည်း
ဂရုမစိုက်ပဲ ရှေ့ဆက်တိုးခြင်းဖြစ်သည်။
နောက်ဆုံးတွင်
ထိုအရာရှိမိန်းမသည် သတင်းကြားပြီး သူမသား၂ယောက်နှင့် လိုက်လာခဲ့သည်။ လျို့ပေါင်းကျူးကို
ရိုက်နှက်ရုံသာမက လိုင်တိကိုလည်း မုန်းတီးသွားသည်။ အခြားတစ်ဖက်တွင် လျို့ပေါင်းကျူးသည်
အိမ်မှထွက်သွားပြီး ကောင်းမွန်စွာလက်ထပ်နိုင်ခဲ့သည်။ ချင်လိုင်တိအနေနှင့် သူမသည် ဝံပုလွေတစ်ကောင်ကို
အိမ်ထဲ ခေါ်သွင်းမိသလိုပင်။
ကျောက်ချင်းစုန့်သည်
သေဆုံးသွားသည်ထိ သူရာထူးမတိုးရခြင်းသည် သူမကြောင့်ဟု ပြစ်တင်ပြောဆိုသွားခဲ့သည်။ ပေါင်းကျူး
လုပ်ရပ်၏ နာမည်ဆိုးသည် သူမအပေါ်ပါကျရောက်ကာ ကျောက်ချင်းစုန့် ဂုဏ်သတင်းကို ထိခိုက်စေခဲ့သည်။
ထို့ကြောင့် ရာထူးတိုးစာမေးပွဲဖြေတိုင်း တစ်ခါလေးမျှ အောင်မြင်ခြင်း မရှိတော့ချေ။
ချင်လိုင်တိသည်
ယခုဘဝတွင် ကျောက်ချင်းစုန့်နှင့် ထပ်မံမပတ်သက်တော့လည်း လျို့ပေါင်းကျိုးနှင့် သူငယ်ချင်းမဖြစ်ချင်တော့ပေ။
လျို့ပေါင်းကျိုးသည်
သူမ၏အေးစက်စက်မျက်နှာကို မြင်သောအခါ “လိုင်တိ ဘာဖြစ်နေတာလဲ”
ချင်လိုင်တိသည်
စကားပြန်မတုံ့ပြန်ပဲ အေးတိအေးစက်နှင့် နေနေသဖြင့် လျို့ပေါင်းကျူးသည် သူမကို တွေဝေစွာ
ကြည့်ပြီး ‘သူမလည်း အဲ့ဒီထူးထူးဆန်းဆန်းအိမ်မက်မက်ခဲ့တာလားမသိ။ မဟုတ်လောက်ပါဘူး’
လျို့ပေါင်းကျူးနှင့်
လမ်းခွဲခဲ့ပြီးနောက် ချင်ညီအမသည် ငါးဆင့်ပေးရသည့် ယာဉ်စီးကာ နာရီဝက်အတွင်း မြို့သို့ရောက်လာသည်။
ဟုန်ရှင်းမြို့သည် တောင်ကုန်းတောင်တန်းတွေ ထူထပ်သော်လည်း မြို့တွင်းတွင် ကုန်းမြေပြန့်ဖြစ်သည်။
မြို့ထဲ ဝင်လိုက်သည်နှင့် သူမတို့ရွာနှင့် အတော်လေးကွာခြားတာ တွေ့နိုင်သည်။
လမ်းမပေါ်တွင်
စက်ဘီးများကို တွေ့နိုင်ပြီး စားသောက်ဆိုင်တန်းတွေ ဆံပင်ညှပ်ဆိုင်တွေ ကုန်စုံဆိုင်တွေကို
အများအပြားတွေ့နိုင်သည်။
ဖန်တိသည် စိတ်လှုပ်ရှားစွာဖြင့် “အစ်မ ညီမလေးတို့
တပ်ရင်းစျေးထဲ သွားမယ်လို့ ပြောထားတာမဟုတ်ဘူးလား။ ဘာလို့ မြို့ကိုလာတာလဲဟင်”
ပြီးတော့
ငါးဆင့်တောင် ယာဉ်စီးခပေးရတာ နှမြောစရာကောင်းလှသည်။ အိမ်က မထွက်ခင် အဘွားသည် တတိယအစ်မ
ပိုက်ဆံတွေကို အကုန်သုံးပစ်မှာဆိုး၍ သူမကို ပိုက်ဆံ ဆင့်၂၀ တိတ်တဆိတ် ပေးထားလာသည်။
“လူတွေပိုများတဲ့နေရာက အလုပ်လုပ်ဖို့
အကောင်းဆုံးပဲ”
သူမအရင်ဘဝ အတွေ့အကြုံအရဆို အလုပ်သမားတွေအများကြီးရှိလျှင် ပစ္စည်းရောင်းဝယ်ရန်
အလွန်လွယ်ကူသည်။ သူမတို့သည် မြို့ကို အကြိမ်အနည်းငယ်သာရောက်ဖူးသော်လည်း ဖန်တိသည် မှတ်ဉာဏ်ကောင်းသောကြောင့်
မှောင်ခိုစျေးသွားရာလမ်းကို မှတ်မိနေသည်။
“အစ်မ ညီမလေးတို့ ဘယ်ဘက်လမ်းကို သွားရမှာမဟုတ်ဘူးလား။
ဘာလို့ညာဘက်ကို သွားနေတာလဲ”
“ရှူး… အစ်မတို့ မှောင်ခိုစျေးကို
မသွားတော့ဘူး”
ထိုစျေးသည်
အပြိုင်အဆိုင် တအားများတာကြောင့် သူမတို့လို မျက်နှာစိမ်းတွေဆို နှပ်ချခံရမည်ဖြစ်သည်။ရဲတွေစစ်သားတွေ
ဘယ်အချိန်ဝင်ဖမ်းမလဲ မသိနိုင်တာကြောင့် သူမတို့ ဖမ်းခံရနိုင်ချေများသည်။
ဖန်တိသည် ဘာအကြောင်းကြောင့်ဆိုတာ နားမလည်ပေမဲ့ ပါးစပ်ပိတ်ကာ
အနောက်ကနေ တိတ်တဆိတ်လိုက်လာသည်။ ၁၀မိနစ်မျှကြာပြီးနောက် သူမတို့နှစ်ယောက် မြို့ဆေးရုံ၏
ဝန်ထမ်းအိမ်ယာဝင်ပေါက်သို့ ရောက်လာသည်။
သူမတို့
ရောင်းချရန်နေရာစီစဉ်ပြီးနောက် အဒေါ်ကြီး၂ယောက်ရောက်လာပြီး “ကလေးမလေးတွေ ညည်းတို့ ဘာတွေရောင်းတာလဲ”
“ဆန်ကောင်းတွေပါ နည်းနည်းလောက်
ဝယ်သွားချင်လား”
လူတိုင်း
ဆန်ကောင်းကို စားချင်ကြသည်။ အဒေါ်ကြီးတွေ ဆန်ကိုမြင်ပြီးနောက် မျက်လုံးတွေ အရောင်လက်လာကာ
“တစ်ပေါင်ကို ဘယ်လောက်လဲ”
ချင်လိုင်တိသည်
ဒီကာလ၏ ငွေတန်ဖိုးကို မမှတ်မိတော့တာကြောင့် မှန်းဆကာ စျေးခေါ်လိုက်သည်။
“၂ဆင့်”
“အိုး.. စျေးကြီးလွန်းတယ်”
သူမ
ထပ်ပြောလိုက်သည်။ “ စျေးထဲကထက် ပိုစျေးချိုတယ်လေ”
အဒေါ်ကြီးတွေသည်
သေချာစဉ်းစားကြည့်လိုက်ရင် အခုတလော အစားအသောက်တွေရှားပါးနေပြီး စျေးဆိုင်တွေဆို ဖွင့်လိုက်တာနဲ့
ချက်ချင်းကုန်သည်။သူမတို့ စပါးစေ့လေးတောင် ဝယ်မရခဲ့ပေ။
“မင်း ဘယ်လောက်ရောင်းနိုင်လဲ”
လိုင်တိသည်
အဖြူရောင်အိတ်ကို ထုတ်ပြီး ဆန်တွေကို ပြလိုက်သည်။
“ ဆယ်ကီလိုရှိတယ်။
ချိန်တွယ်ဖို့ ပစ္စည်းတော့ ပါမလာဘူး။ အဒေါ်တို့နှစ်ယောက် တစ်ဝက်စီခွဲယူပြီး ပိုက်ဆံသတ်သတ်စီ
ပေးလို့ရတယ်”
အဒေါ်ကြီးနှစ်ယောက်သည်
သူမတို့အိမ်ရှိ ချိန်ခွင်နှင့်ချိန်ကာ ၁၀ကီလိုမှန်ကြောင်းသိရလျှင် စိတ်ကျေနပ်သွားကာ
ပိုက်ဆံပေးလာသည်။ လိုင်တိသည် ဆန်ကိုမပေးခင် ပိုက်ဆံအရင်ရေတွက်သည်။ နောက်ထပ်နာရီဝက်ကြာသည့်ထိ
ကျန်သည့်ဆန်များရောင်းမထွက်သေးချေ။ လူတိုင်းက စျေးမေးပြီး ထွက်သွားကြသည်။
ဖန်တိသည် သက်ပြင်းချပြီး “အစ်မ အဲ့လိုရောင်းရမှန်းသိရင်
ဆန်တွေပိုယူလာပါတယ်နော့“
လူတစ်ယောက် သူမတို့နားလျှောက်လာကာ “ကလေးမလေးတို့”
ဆံပင်တိုတိုနှင့်
မိန်းကလေးတစ်ယောက်ဖြစ်ပြီး လိုင်တိတစ်ချက်ကြည့်ရုံနှင့် သူမသည် ဆရာဝန်တစ်ယောက်ဖြစ်မှန်း
အတတ်ပြောနိုင်သည်။
“ဆန်ရောင်းတာလား”
“ဟုတ်တယ် ကျွန်မတို့ဆန်က မွှေးပြီး ဘာပိုးမှမပါတဲ့
ဆန်ကောင်းတွေနော်။ တစ်ချက်လောက် ကြည့်မလား”
“ရတယ် မကြည့်တော့ဘူး။ ငါအလုပ်သွားရအုံးမှာ။
မင်းတို့မှာ ဆန်ဘယ်လောက်ကျန်သေးလဲ”
“၁၀ပေါင်”
“ဟုတ်ပြီ တစ်ပေါင်ကို ၂ဆင့်မလား”
သူမအကျီအိတ်ကို
နိူက်ကာ ပိုက်ဆံအိတ်ကိုဖွင့်ပြီး ပိုက်ဆံရေတွက်နေသည်။
ချင်လိုင်တိ
- “ကျွန်မတို့ ပိုက်ဆံမလိုဘူး။ မင်းဆီက တစ်ခုခုနဲ့ အလဲအလှယ်လုပ်လို့ရလား”