၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း
အပိုင်း ၈
“ဘာနဲ့ လဲချင်တာလဲ” ဆရာဝန်မလေးသည် ပိုက်ဆံရေတွက်တာကို ရပ်လိုက်ပြီး မေးသည်။
ပိုက်ဆံသည် ရှားပါးပေမဲ့ ယခုကာလတွင် အစားအသောက်သည် ပို၍ရှားပါးလှသည်။ မကြာသေးမီက သူမသမီးလေးနေမကောင်းဖြစ်ကာ ဆန်ပြုတ်သောက်ချင်ကြောင်း ပြောသည်။
သူမတို့လင်မယား၂ယောက်လုံး အလုပ်လုပ်တာကြောင့် ရိက္ခာရောင်းတာကို တန်းစီရန် အချိန်မရှိပေ။ ဆန်ဝယ်ဖို့ဆိုတာ စိတ်ကူးနဲ့တောင် မတွေးကြည့်နိုင်သော အရာဖြစ်သည်။ ယနေ့တွင် သူမ သန့်စင်ခန်းသွားရာလမ်းတွင် ဘေးအိမ်မှအဒေါ်ကြီးက ဆန်ဝယ်လို့ရကြောင်းပြောပြ၍ လမ်းမေးကာ ဆန်လာဝယ်ခြင်းဖြစ်သည်။
လူအများစု လဲလှယ်လိုသည်မှာ ဝယ်ရခက်သည့် အဝတ်အစားနှင့် ဆပ်ပြာဖြစ်သည်။ လင်မယားနှစ်ယောက်လုံး ဆရာဝန်ဖြစ်နေပေမဲ့ ထိုပစ္စည်းတွေသည် သူတို့ဆီမှာလည်း လောက်ငှရုံသာ ရှိသည်။
“ငါးကြီးဆီ၂ဘူးနဲ့ လဲလို့ရလား” ချင်လိုင်တိမေးခွန်းသည် ဆရာဝန်ကို အံ့ဩသွားစေသည်။
“အဲ့တာကို ဘာလို့ ရချင်တာလဲ”
ယခုချိန် တရုတ်နိုင်ငံသည် ဆေးဝါးများကို ကိုယ်တိုင်ထုတ်လုပ်နိုင်နေပြီဖြစ်တာကြောင့် စျေးအရမ်းမကြီးတော့ပေ။ သို့သော် စျေးပေါနေတာလည်း မဟုတ်ပြန်ပေ။
“ကျွန်မညီမလေးက နေမကောင်းလို့ ဆရာဝန်ပြောတာတော့ အဲ့ဒီဆေးသောက်ဖို့ လိုတယ်တဲ့”
ဖန်တိ၏ ညဘက်အလင်းကွယ်ရောဂါသည် တစ်နည်းအားဖြင့် ဗီတာမင်Aနှင့် D နည်းလို့ ဖြစ်သည်။ ငါးကြီးဆီသည် အသင့်တော်ဆုံး အားဖြည့်ဆေးဖြစ်သည်။
“ညီမလေးအတွက် မလိုဘူး မမ။ ဆေးမသောက်လည်း ရတယ်”
ဖန်တိသည် စိတ်လှုပ်ရှားသွားကာ ထိုဆန်တွေသည် သူမတို့အတွက် အလွန်အဖိုးတန်သည့်အတွက် ဘယ်လိုလုပ် သူမအတွက်ပဲ သုံးစွဲလို့ရပါ့မလဲ။
လိုင်တိ ပြုံးပြီး ပြောလိုက်သည်။ “မမ ပြောတာ နားထောင်”
ကလေးမလေးနှစ်ယောက်ကို ကြည့်ရသလောက် လိမ်စားနေသည့် ပုံမပေါ်သော်လည်း ဆေးဝါးများကိုလည်း အလွယ်တကူ ပေးပစ်လို့ မရချေ။
“အစ်မ အခုလဲပေးလို့မရသေးဘူး။ ဆေးရုံမှာလည်း ငါးကြီးဆီက နည်းနည်းပဲ ရှိနေလို့”
“အဲ့တာဆို တစ်ဘူးပဲ လဲပြီး ကျန်တာ ပိုက်ဆံပဲ ပေးလို့ရတယ်ရှင့်”
တစ်ခဏအကြာ ဆရာဝန်မသည် ငါးကြီးဆီတစ်ဘူးယူလာပြီး ဆေးသောက်နည်းကို ပြောပြပေးသည်။ပိုက်ဆံ ဆင့်၅၀ ကိုလည်း သတ်သတ်ပေးသည်။
အပြန်လမ်းတွင် ဖန်တိသည် ဝမ်းနည်းစွာဖြင့် “တတိယအစ်မ ဆန်၅ကီလိုကို ဆေးဘူးလေးတစ်ဘူးနဲ့ လဲပစ်တာ မတန်ဘူးလေ။ ညီမလေးတို့ စားစရာမရှိပဲ နေလိမ့်မယ်လို့” ဟု ငိုသံကြီးဖြင့် ပြောသည်။
“အရူးမလေး ငါတို့မှာ စားစရာတွေ ရှိပါသေးတယ်။ ပြီးတော့ နောက်နှစ်လဆို စိုက်ခင်းတွေကို ရိတ်သိမ်းရင် ဝေစုရအုံးမှာပဲ။ ဒါမဲ့ ညီမလေးမှာက မျက်လုံးတစ်လုံးပဲ အကောင်းကျန်တော့တာလေ”
ဖန်တိ ဘာမှပြန်မပြောမိပေမဲ့ သူမခြေလှမ်းတွေ လေးလံလာသလို ခံစားနေရသည်။
“အခုလို ညဘက်မမြင်ရတာကို မမနဲ့အဘွားကို ဘာလို့ မပြောရတာလဲ။ အစတည်းက ပြောပြရင် စောစောကုလို့ရတယ်လေ။ အဲ့တာဆို နေ့ဘက်ဖြစ်ဖြစ် ညဖြစ်ဖြစ် စာဖတ်လို့ ရသွားမှာပေါ့။ မမ ပြောတာနားလည်လား ဖန်တိ”
“အင်း.. “
သူမတို့နှစ်ယောက် အိမ်ကို တန်းမပြန်ပဲ မှောင်ခိုစျေးသို့ သွားကာ ဟယ်လျန်ရှန့် ပေးထားခဲ့သော စပါးစေ့များကို တခြားစားစရာများနှင့် လဲလှယ်သည်။
လဲ၍ရရှိလာသော ပစ္စည်းများကို တချို့တစ်ဝက်ပြန်ရောင်းချရာ ပိုက်ဆံ လည်းရသည့်အပြင် စားစရာများလည်း ရသေးသည်။ မနေ့က ထုတ်လုပ်ရေးအဖွဲ့ကို ပြောင်းဆန်တွေ တောင်းလိုက်လျှင် ၄၅ကီလိုသာ ရမည်ဖြစ်သည်။ သို့သော် လက်ရှိ သူမတို့လက်ဝယ်တွင် ပြောင်းဆန် ၆၀ ကီလိုနှင့် အိမ်တွင် ကျန်သေးသည့် ဆန်နှင့်ဆိုလျှင် သူမတို့ အကြာကြီးစားသောက်နိုင်ပြီဖြစ်သည်။
‘တတိယအစ်မက
အရမ်းတော်တာပဲ’
သူမတို့ အိမ်ပြန်ရောက်လျှင် ချင်ကွေ့ဟွားသည် ဆန်အကုန်လုံး ယူသွားသောကြောင့် စိတ်တိုနေတာ မြင်လိုက်ရသည်။ သို့ပေမဲ့ သူမတို့ စားစရာတွေ အများကြီး ပြန်သယ်လာတာကို မြင်မှ ရီမောနိုင်တော့သည်။ ဒါ့အပြင် ဖန်တိမျက်လုံးကို ကုရန် ဆေးကိုတောင် ယူလာနိုင်သည်။ သူမတတိယ မြေးမသည် အလွန်ထက်မြက်လှပေသည်။
နောက်တစ်နေ့တွင် လိုင်တိသည် ဝက်ခြံမှ မပြန်ပဲ တနေကုန် အလုပ်ကို ဂရုတစိုက် လုပ်ကိုင်သည်။ ထုတ်လုပ်ရေးအသင်းမှ လူတွေက သူမကို ချီးကျူးနေကြကာ အခုချိန်မှစ၍ လိုင်တိသည် ထုတ်လုပ်ရေးအသင်းသားဖြစ်လိမ့်မည်ဟု ပြောသည်။ သူမ အလုပ်အားခကို ပုံမှန်ရယူနိုင်ပြီး တစ်ပတ်ကို တစ်ရက်ပိတ်ရက်လည်း ရသည်။
လဝက်ကြာမြင့်ပြီးနောက် ဝက်ပေါက်လေးတွေသည် တဖြည်းဖြည်း ကြီးထွားလာပြီး သူတို့ခန္တာကိုယ်သည် ဝကစ်လုံးဝိုင်းနေသည်။ ဝက်ခြံထဲမှ ဝက်ပေါက်လေးတွေကို ကြည့်ရတာ ရွှေချောင်းတွေ ကြည့်နေရသလိုပင်။
“ဝက်ပေါက်အားလုံး ၁၈ကောင်ရှိတယ်ဆိုတာ ဝမ့်လောင်ဝူကို ပြောပြတော့ မယုံဘူးတဲ့ကွာ”
“အေးကွာ ၂ကောင်သာ မသေသွားခဲ့ရင် အကောင်၂၀တောင် ရှိနေမှာ “
လူတိုင်း သက်ပြင်းချလိုက်ကြပြီး နှမြောစရာဟု ခံစားနေကြသည်။
“ပြောအုံးမယ် ငါတို့လိုင်တိက ဆရာဟဲဆီက ပညာသင်ခဲ့တာမလား”
“ဟုတ်တယ်လေ
ဒါဆို လိုင်တိက ဆရာဟဲရဲ့ တပည့်ပေါ့”
“တပည့်ရင်းပေါ့ဟ”
“အား…ဟုတ်သားပဲ”
ချင်လိုင်တိ - "……”
သူမအိမ်ပြန်ရောက်သောအခါ စားချင်စဖွယ် မွှေးကြိုင်နေသော ဆန်နှင့်ကန်စွန်းဥ အရောစွပ်ပြုတ်ကို ညနေစာအဖြစ်စားရသည်။ လိုင်တိနှင့် ဖန်တိသည် ၂ပန်းကန်စီစားပြီးနောက် ချင်ကွေ့ဟွားကို ကြည့်လိုက်မိလျှင် “စားချင်သလောက်စားလို့ရတယ်။ အဘွားက မင်းတို့ကို ဆာလောင်နေတာ မမြင်ချင်ဘူး”
ထိုအခါ ညီအစ်မ၂ယောက် နောက်ထပ်၁ပန်းကန်စီ ထပ်စားလိုက်ကြသည်။
“ဒါနဲ့ ကျောက်မိသားစုက သူတို့တတိယသားကို ဘယ်သူနဲ့ ချိတ်ပေးနေတာလဲ သိလား”
ဖန်တိသည် ဘေးခြံကို လက်ညိုးထိုးပြလိုက်ပြီး “အစ်မပေါင်းကျူး”
လိုင်တိသည် အံ့ဩသွားရသည်။ လျို့ပေါင်းကျူးသည် အရင်ရက်ပိုင်းတချို့က ဝက်ခြံသို့ လာလည်နေကျဖြစ်သည်။ သို့သော် သူမကို ကျောက်ချင်းစုန့်နှင့် လက်ထပ်မည့်ကိစ္စကို တစ်စွန်းတစ်စမျှ စကားမဟခဲ့ပေ။ သူမကိုတောင် ဟယ်လျန်ရှန့်သည် ဘယ်အချိန်မှ ပြန်လာပြီး သူမကို ဟိုင်ချန်သို့ သွားရန် လာခေါ်မည်နည်းဟု မေးမြန်းနေသေးသည်။
လူတိုင်းသည် ဟယ်လျန်ရှန့်သည် ချင်မိသားစုကို မနှစ်သက်တာကြောင့် ဟိုင်ချန်မှ ပြန်မလာတာဟု ဆိုကြသည်။ ကျောက်ချင်းစုန့်လို ရာထူးရာခံရှိသည့် လူတစ်ယောက်ကို လက်ထပ်ရခြင်းသည် ကံကောင်းလှသည်။
လင်ပါသားသမီးတွေကို စောင့်ရှောက်ရပေမဲ့ ကိုယ့်မိသားစုနှင့် ကိုယ်တိုင်အတွက် အထောက်အပံ့ကောင်းကောင်းရနိုင်သည်။ ထို့ပြင် ရွာသူမလေးတွေအနေနှင့် ကျောက်ချင်းစုန့်လိုလူကို လက်ထပ်နိုင်ခြင်းသည် ဘဝတစ်ဆင့်ပြောင်းလဲတာပင်ဖြစ်သည်။ ထိုကဲ့သို့ ရွာမှ လူတိုင်း ထင်မြင်နေကြသည့်အထဲ ချင်လိုင်တိမပါဝင်ချေ။
လျို့ပေါင်းကျူးသာ ထိုသူနှင့် လက်ထပ်ချင်လျှင် လက်ထပ်နိုင်သည်။ သူမသည် အခြားသူ၏ ကိစ္စကို ဝင်ရောက် စွတ်ဖက်မည်မဟုတ်ပေ။ ထိုသူတို့နှစ်ယောက်ထဲတွင် မည်သူက စဖောက်ပြန်မလဲဟု သူမစဉ်းစားနေမိသည်။
ချင်ကွေ့ဟွားသည် သူမမြေးမလေးသည် ထိုသတင်းကို အရေးမလုပ်တာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမလည်း ဂရုမစိုက်တော့ပဲ ဖန်တိကို ဆေးသောက်တာ ဘယ်လိုနေလဲဟု သွားမေးသည်။
ကလေးမလေးသည် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ “အဆင်ပြေတယ် ဘွားဘွား။ အရင်ကဆို နေမဝင်ခင်ကို မမြင်ရတော့တာ။ ခုတော့ လုံးဝမှောင်မှပဲ မမြင်ရတော့တာ”
“မြေးလေး အဘွားတို့ နောက်ခါ ဝက်အသည်းနဲ့သိုးအသည်းဝယ်နိုင်ရင် ကျွေးမယ်နော်။ အဲ့တာကလည်း ရောဂါပျောက်တယ်တဲ့”
“အဘွားကတော့ ခဲရာခဲဆစ်တွေ ပြောနေတာပဲ”
“တစ်ယောက်ယောက်က ဝက်အသည်း စားချင်တယ်လို့ ပြောတာကြားလိုက်သလိုပဲ။ အဲ့တာဖြစ်ရောဖြစ်နိုင်လို့လား “ ရုတ်တရက် အိမ်ထဲကို လိုင်တိနှင့် အနည်းငယ်ဆင်ပြီး ဆံပင်တိုတိုနှင့် ပိန်ပိန်ပါးပါးမိန်းကလေးတစ်ယောက်ဝင်လာသည်။
“အစ်မ..”
ချင်အိုက်လန်သည် ယခုနှစ်တွင် ၂၄နှစ်သာရှိသေးသော်လည်း အသက် ၃၀ကျော် မိန်းမကြီးတစ်ယောက်လို ဖြစ်နေသည်။ သူမသည် အိမ်ထောင်မပြုစဉ်က ပါးဖောင်းဖောင်းနှင့် မျက်နှာလုံးလုံးလေးရှိခဲ့သည်။
လိုင်တိမှတ်မိသည်မှာ သူမအစ်မသည် ရွာရှိ နူတ်ခမ်းရဲရဲလေးပါးရဲရဲလေးနှင့် မိန်းမလှ စာရင်းဝင်တစ်ဦးဖြစ်ခဲ့သည်။ လက်ရှိပုံပန်းသွင်ပြင်သည် စိတ်ဆင်းရဲစရာအတိ ဖြစ်နေသည်။
အစ်မခင်ပွန်းဖြစ်သူ လျိုမိသားစုသည် အခြေအနေကောင်းပြီး လူတိုင်းနီးပါး အလုပ်ရှိကြသည်။ ခင်ပွန်းဖြစ်သူလျိုကျားဝှိုက်သည် စတီးစက်ရုံမှ အလုပ်သမားတစ်ယောက်ဖြစ်ပြီး လစာလည်း ကောင်းသည်။ အိုက်လန်လို ရွာသူမလေးတစ်ယောက်က လက်ထပ်နိုင်ခဲ့သည်မှာ သူမ၏ အလှတရားကြောင့်သာဖြစ်သည်။သူမကို ထမင်းဝအောင် မကျွေးဘူးလို့လည်း သတင်းကြားရသည်။
ထို့အပြင် သူမနှင့် လျိုကျားဝှိုက်တို့ လက်ထပ်ခဲ့သည်မှာ ၆နှစ်ကြာပြီဖြစ်သော်လည်း ကလေးမရသေးတာက လျိုမိသားစုကို ပို၍ မကျေမနပ်ဖြစ်စေသည်။ ခင်ပွန်းကလည်း သူမကို ကြင်ကြင်နာနာမဆက်ဆံပဲ အေးစက်စက်သာ ပြောဆိုဆက်ဆံသည်။
ချင်လိုင်တိ အရင်ဘဝတွင် သူမအစ်မသည် အိမ်ထောင်ပြုပြီး ၁၀နှစ်ကြာသောအခါ မိုးသည်းညတစ်ညတွင် ပျောက်ဆုံးသွားခဲ့သည်။ ပြန်ရှာတွေ့သောအခါ သူမသည် ရူးသွပ်နေပြီဖြစ်သည်။
၂၁ရာစုတွင် ကိုယ်ဝန်မဆောင်နိုင်ခြင်းသည် ပြဿနာအကြီးကြီး တစ်ရပ်မဟုတ်တော့ပေ။ လက်မထပ်ပဲ တစ်ယောက်ထဲနေသူတွေလည်း ရှိသလို ကလေးမယူကြသူတွေတောင် ရှိသည်။ လိုင်တိသည် သူမအစ်မလို လူကောင်းတစ်ယောက်ကို လောကကြီး၏ ရက်စက်မှုကြောင့် စိတ်မကောင်းဖြစ်ရသည်။
ချင်အိုက်လန်သည် သူမပုခုံးကို ပုတ်ပြီး ပြုံးလျက် “ဒီကောင်မလေးကတော့ အစ်မကို မမှတ်မိတော့ဘူးလား”
“မှတ်မိပါတယ် အစ်မကလည်း။ ညီမလေးက လွမ်းနေတာပါ”
“အစ်မကို လွမ်းတာက မုန့်စားချင်လို့လား”
သူမအိတ်ကို ဖွင့်လိုက်ပြီး “အစ်မ ပဲစေ့ကို ကြော်ပြီး သကြားလေးနဲ့ ပြန်ပြုတ်ထားတာ။ မင်းတို့က များများစားပေးရမဲ့ အရွယ်။ အဆာမခံကြနဲ့ လာယူစားကြ”
တစ်ခုစမ်းစားပြီးလျှင် မရပ်နိုင်တော့ပေ။ ကောင်မလေးနှစ်ယောက်စားနေစဉ် ချင်ကွေ့ဟွားသည် သူမဗိုက်ကို ကြည့်ကာ “ ဘာမှမထူးသေးဘူးလား”
အိုက်လန်သည် ခေါင်းကို အသာလေး ငြိမ့်ပြလိုက်သည်။ “အရင်တခါ ငါပြောတဲ့ တိုင်းရင်းဆေးက အသုံးမဝင်ဘူးလား”
အိုက်လန်သည် ခေါင်းငြိမ့်ပြီး မျက်ရည်တွေကို အသာသုတ်လိုက်သည်။
မြေးအကြီးဆုံးကို ဝမ်းမနည်းစေချင်တာကြောင့် ချင်ကွေ့ဟွားသည် စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဘာလို့စားစရာတွေ အများကြီးယူလာတာလဲ။ ငါတို့မှာ စားစရာရှိပါတယ်ဆိုနေ။ အဘွားတို့ကို စိုးရိမ်စရာမလိုဘူး။ နင့်ယောက်ခမတွေ သိသွားရင် ပြောခံနေရမယ်“
“ ရပါတယ် သူတို့မသိဘူးရယ်။ ဒါမြေးဘာသာလုပ်လာတာ”
“ဒါတွေကို ဘယ်လိုလုပ်ရနိုင်မှာလဲ”
ချင်အိုက်လန်သည် သူမညီမလေး၂ယောက် ကြွက်လေးတွေလို ပျော်ရွှင်စွာစားနေသည်ကို ကြည့်ပြီး စိတ်မကောင်းစရာတွေကို မပြောပြချင်တော့ပေ။
“အဘွား မြေး အခုပြန်လာတာက တိုင်ပင်စရာလေးရှိနေလို့”
“ကျွန်မယောက်ခမက နောက်လဆို ပင်စင်ယူတော့မှာတဲ့။ အဲ့တာ မိသားစုဝင်တစ်ယောက်က အလုပ်ကို လက်လွှဲယူလို့ရတယ်ဆိုတော့ မြေး ဝင်လုပ်သင့်လားဟင်”
“ဒါပေါ့ သေချာပေါက်ကို အစ်မလုပ်သင့်တယ်”
ကြွက်ပေါက်ခလေး ချင်လိုင်တိသည် ရုတ်တရက် စကားဝင်ပြောလိုက်သည်။