၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း
အပိုင်း ၁၀
“ဒါ အဒေါ်လျိုတို့ အိမ်လား”
“ဒီအိမ်မဟုတ်ဘူး ဘေးအိမ်”
ကျောက်ချင်းစုန့်သည် အနည်းငယ် အံ့သြသွားရသည်။ကောင်မလေးသည် ဘာလို့ သူ့ကို မခန့်လေးစားပုံစံနှင့် စကားပြန်ပြောနေလည်းဆိုတာ နားမလည်နိုင်ပေ။
တကယ်တမ်း သူမကို မှတ်မိသည်။ ဒီရွာတွင် မိန်းကလေး အနည်းငယ်ပဲရှိကာ အဆင်းပဲရှိပြီး အချင်းမရှိသူတွေလည်း များလှသည်။ အဘွားချင် ရှောင်ဟယ်ကို လက်ထပ်ရန်တွန်းအားပေးသည့်အချိန် သူ မရှိနေခဲ့ပေ။ သူသည် ရှောင်ဟယ်ထက် ဘယ်နေရာမဆို သာလွန်နေသူဖြစ်သည်။ ထိုမတော်တဆဖြစ်ရပ်တွင် သူလည်း ပါဝင်ပက်သက်မိခဲ့သည်။
သူမိသားစုထံသို့ သင့်တော်သည့် အိမ်ထောင်ဖက်ရှာရန် ပြန်လာသည်ဖြစ်ရာ သူမသည် အလှအပတင်မက အသက်အရွယ်အရပါ သူ့လိုချင်တဲ့ ပုံစံနှင့်ကိုက်ညီနေသည်။အကယ်၍သာ အဘွားချင် လူမမှားခဲ့လျှင် အခုချိန်သာဆို….
သူချက်ချင်းပဲ သူ့ခေါင်းကို ရိုက်လိုက်ပြီး မသင့်တော်သည့် အတွေးတွေကို ဖျောက်လိုက်ရသည်။ သူနဲ့ ရှောင်ဟယ်သည် ညီအစ်ကိုရဲဘော်ရဲဘက်တွေ ဖြစ်သည်။
ကောင်မလေးသည် သူ့ကို တချက်လေးတောင် မကြည့်တာကို မြင်ရတော့ ကျောက်ချင်းစုန့်သည် ချောင်းအသာအယာဆိုးလိုက်ပြီး “နှောင့်ယှက်မိလို့ အားနာရပါတယ်” ဟု ဆိုကာ ဘေးအိမ်ကို ဝင်သွားလိုက်သည်။
မကြာခင် အဒေါ်ကျောက်ရောက်လာပြီး လျိုအိမ်တွင် သူမသား၏ ဂုဏ်ပုဒ်တွေကို ကြွားလုံးထုတ်ကာ ပြောဆိုနေသံကို ကြားနေရသည်။
ချင်ကွေ့ဟွားသည် ခြံဝန်းထောင့်မှာ ရပ်နေပြီး ဘေးအိမ်က စကားသံတွေကို ကြားရအောင် နားစွင့်နေသည်။တင်တောင်းကြေးကို ကျောက်မိသားစုမှ ၁၆၆ယွမ်ပေးသည်ဟု ကြားလိုက်ရလျှင် သူမ မယုံနိုင်အောင် အံ့သြသွားရသည်။
၁၆၆ ယွမ်ဆိုတာ သူမတို့ မြေးအဘွားတစ်သိုက် တစ်နှစ်အတွင်း မရှာနိုင်ချေ။ ၁နှစ်မပြောနှင့် ၃နှစ်အလုပ်လုပ်ပြီး ရှာရင်တောင် မဖြစ်နိုင်သော အရာဖြစ်သည်။ ပြီးတော့ အဒေါ်ကျောက်သည် လက်ထပ်ပြီးလျှင် ဗီရိုတစ်လုံးဝယ်ပေးမည်ဟု ကတိပေးနေတာရုံသာမက နောက်နှစ် သူမအလုပ်ရလျှင် စက်ဘီးတစ်စီးပါ ဝယ်ပေးနိုင်သေးသည်ဟုလည်း ဆိုသေးသည်။
လိုင်တိနှင့် ဖန်တိ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။ သူမတို့အဘွားနှင့် အဘွားလျိုသည် အချင်းချင်း ပြိုင်ဆိုင်နေကြတာဖြစ်သည်။ ရုပ်ရည်အရဆိုလျှင် အဘွားချင်သည် ငယ်စဥ်က အတော်လေးလှပပြီး ရွာတွင် အလှဆုံးဟု ပြော၍ ရသည်။
အဘွားချင်နှင့် အတူတူနေချင်ကြသော ယောကျာ်းများ များစွာရှိသော်လည်း သူမသည် ညမှောင်လျှင် တံခါးကို သော့ပိတ်ထားပြီး အလုပ်လုပ်ရာတွင်လည်း ဘယ်သူ့ကိုမှ မျက်နှာသာမပေးပဲ သိက္ခာရှိရှိနေသည်။
သို့သော် အဘွားလျိုသည် သူမကို ပိုးပန်းသည့် ယောကျာ်းတွေကို မငြင်းဆန်တာကြောင့် အမြဲလိုလို စားစရာနှင့် အဝတ်အစားများ မပြတ်တမ်း ရရှိနေခဲ့သည်။
လျိုမိသားစုမှ ကလေးတွေ အသားစားပြီး ဆော့ကစားနိုင်သည့် အချိန်တွင် အဘွားချင်သားသည် အာဟာရမပြည့်ဝတာကြောင့် ဖျားနာနေခဲ့သည်။အမေတစ်ယောက်အနေနှင့် သူမ စိတ်မကောင်းဖြစ်ကာ စိတ်ဆင်းရဲခဲ့ရသည်။
လိုင်တိသည် ရန်ဖြစ်မှာဆိုးတာကြောင့် ချက်ချင်းပင် စကားဝင်ဖြတ်ပြောလိုက်သည်။
“အဘွားရေ ယုန်ကိုတွေ့မိသေးလား။ ယုန်ပျောက်နေလို့”
ယုန်က လိုင်တိသည် သူ့ကို စားချင်နေတာကို သိနေသကဲ့သို့ သူမအိမ်မှာရှိနေလျှင် သူမနောက်သို့ နာခံမှုရှိစွာနှင့် အမြဲသူမသွားရာလိုက်နေခဲ့ပြီး ချစ်စရာကောင်းအောင်လုပ်ပြနေခဲ့သည်။ အခုထိ ယုန်လေးကို မတွေ့သေးတာကြောင့် သူမအနည်းငယ် မယုံကြည်နိုင်ဖြစ်နေရသည်။
အခုအချိန်ကာလတွင် အိမ်တွေမှာ မွေးမြူထားနိုင်သည့် တိရစ္ဆာန်တွေ များများစားစားမရှိပေ။ ကြက်နှင့်ဘဲကိုတောင် အနည်းငယ်သာ ၂ကောင်၃ကောင်ပဲ မွေးနိုင်ကြသည်။ တစ်အိမ်အိမ်မှ ကြက်တွေဘဲတွေ ပျောက်ဆုံးသွားလျှင် ပြန်ရှာတွေ့နိုင်ရန် မဖြစ်နိုင်တော့ပေ။
သို့ပေမဲ့ သူမတို့မွေးထားသည်မှာ ကြက်နှင့်ဘဲတို့မဟုတ်ပဲ ကိုယ်ဝန်ရှိနေသည့် ယုန်တစ်ကောင်ဖြစ်နေသည်။ "ကျွန်မ အပြင်မှာ သွားရှာလိုက်အုံးမယ်။အဘွားနဲ့ ဖန်တိက အိမ်ထဲမှာ သေချာပြန်ရှာလိုက်နော်”
သူမထွက်သွားပြီးနောက် မြေးအဘွား၂ယောက် အိမ်ထဲတွင် မြေကြီးကို လှန်တူးသလို နေရာအနှံ့ရှာဖွေပေမဲ့ ယုန်ကို အစအနလေးတောင် မတွေ့နေချေ။
“ အဲ့တာ လျိုစန်းဟူ လက်ချက်ပဲ ဖြစ်ရမယ်။” ဖန်တိသည် ခါးထောက်ကာ ဘေးအိမ်ကိုကြည့်ပြီး “အဲ့ကောင်က ခြံထဲမှာ အမြဲနေနေတာ။ ဒီနေ့ သူ့ကို မတွေ့ဘူး။ အရင်နှစ် မြေးတို့ ကြက်မကြီး ပျောက်သွားတာလည်း သူ့လက်ချက်ပဲနေမှာ”
အဲ့အကြောင်းတွေးလိုက်တိုင်း ချင်ကွေ့ဟွား သက်ပြင်းချမိသည်။ အရင်နှစ်တွင် သူမ နှစ်ရက်လျှင် ဥတစ်ဥ အမြဲတမ်းဥပေးသော ကြက်မကြီးတစ်ကောင်ကို မွေးခဲ့သည်။ တစ်ည သူမ ကြက်ခြံတံခါးကို ပိတ်ရန်မေ့သွားခဲ့ပြီး မနက်မိုးလင်းတော့ ကြက်မကြီး မရှိတော့ပေ။
“အဲ့တည်းက သိခဲ့ရင် အဘွားကိုဘာလို့ မပြောရတာလဲ”
ဖန်တိသည် နှာခေါင်းကို ကုတ်လိုက်ပြီး “သက်သေမှ မရှိတာကို”
ဒါပေမဲ့ ချင်ကွေ့ဟွား၏ ရာဇဝင်မှာ သက်သေဆိုတဲ့ စကား မလိုအပ်ချေ။ သူမလေပွေတစ်ခုလို ပြေးထွက်သွားပြီး လျိုမိသားစု၏ အိမ်တံခါးကို ကန်ဖွင့်လိုက်သည်။ အဘွားလျိုနှင့် အဒေါ်ကျောက်တို့ မင်္ဂလာကိစ္စဆွေးနွေးနေကြပြီး လျိုပေါင်းကျူးသည် ဘေးနားတွင် ရှက်ရွံ့စွာ ထိုင်နားထောင်နေသည်။
ရုတ်တရက် လျိုပေါင်းကျူးသည် သူမမျက်နှာ လေတိုးသွားသလို ခံစားလိုက်ရပြီး အဘွားလျိုမျက်နှာသည် သံပန်းကန်တစ်ခုနှင့် ပစ်ပေါက်ခံလိုက်ရသည်။
ဒါပေါ့ သူမတို့ ဘဝတစ်လျှောက်လုံး ရန်ဖြစ်စကားများလာသော အဘွားအို၂ယောက်သည် စတင်ရန်ဖြစ်ကြတော့သည်။
အဒေါ်ကျောက်သည် နှစ်ဖက်စလုံး၏ မကျေနပ်ချက်တွေကို သိတာကြောင့် ဘေးထွက်ထိုင်နေရန် ဆုံးဖြတ်လိုက်ပြီး လျိုမိသားစုသည် အဘွားလျိုဘက်တွင်သာ ပါမည်ဆိုတာ သေချာပေသည်။ချင်ကွေ့ဟွားကို ဖန်တိကူညီရင်တောင် ဘက်မမျှနေပေ။
မည်သူမျှ အရှုံးအနိုင်မရှိပေ။ ချင်ကွေ့ဟွားသည် ခန္တာကိုယ်ကျန်းမာသန်စွမ်းပြီး သူမသည် စကားများရန်ဖြစ်ရာတွင် ဗိုလ်ဖြစ်သည်။ သူမသည် အဘွားလျို၏ ဘိုးဘေးဘီဘင်များကို ကြိမ်ဆိုကာ ယုန်ကို ဒီနေ့သတ်စားလျှင် မနက်ဖြန် လျိုမိသားစုကို သတ်ပစ်မည်ဟု ဆိုသည်။
အဘွားလျိုကလည်း အောက်ကျမခံ “နင့်ဘယ်မျက်လုံးက ငါ နင့်ယုန်ကို ခိုးသွားတာ မြင်လိုက်လို့လားဟဲ့”
ချင်ကွေဟွားသည် သူမကိုယ်တိုင်မမြင်တာကြောင့် အနည်းငယ်စိတ်မလုံပေမဲ့ နည်းနည်းလေးမှ အလျော့မပေးနိုင်ပေ။
“နင်ခိုးတာပဲဖြစ်ဖြစ် နင့်မြေးပေါက်စတွေ ခိုးသွားတာပဲဖြစ်ဖြစ် ငါ့ယုန်ကို ပြန်လာပေးကြနော် အရှက်လည်း ရှိကြအုံး မဟုတ်လို့ကတော့ နင်တို့....”
“မဟုတ်လို့ကတော့ ဘာဖြစ်လဲ ဘာဖြစ်ချင်တာလဲ “ လျိုမိသားစု၏ မြေးတစ်အုပ်စုသည် ချင်ကွေ့ဟွားကို အမဲဖျက်မလို မျက်လုံးတွေနဲ့ ဝိုင်းကြည့်နေကြသည်။ အရမ်းဒေါသထွက်နေသည့် လျိုစန်းဟူသည် ချင်ကွေ့ဟွားကို တံထွေးနှင့်ပင် လှမ်းထွေးသည်။ ချင်ကွေ့ဟွားအရှောင်မြန်၍ မစင်သွားခြင်းဖြစ်သည်။
ယုန်သည် သူတို့လက်ထဲမှာ သေချာပေါက်ရှိနေတာ ဖြစ်သည်။ သူမမှာ သက်သေမရှိဘူးဆိုသော်လည်း သက်သေယူပြီး ကပ္ပတိန်ကို သွားတိုင်ရင်တောင် ဘာမှထူးလာမည် မဟုတ်ပေ။ ချင်မိသားစုတွင် ယောကျာ်းသားမရှိတာကြောင့် ဝိုင်းအနိုင်ကျင့်နေတာဖြစ်သည်။
အရမ်းကို စိတ်တိုစရာကောင်းတာကြောင့် ချင်ကွေ့ဟွားသည် အံတင်းတင်းကြိတ်ထားမိသည်။ သူမ ထိုကလေးစုတ်တွေကို တစစီအပိုင်းပိုင်းဖြဲပစ်ချင်နေသည်။
သို့သော် မိန်းမတစ်ယောက် ဘယ်လောက်ပဲ သတ္တိရှိပြီး ရဲရင့်နေပါစေ ယောကျာ်းတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ရန် မလွယ်ကူပေ။ သူမသာ လက်ရဲဇက်ရဲလုပ်မိလျှင် ပိုထိခိုက်နစ်နာမည့်သူမှာ သူမသာဖြစ်သည်။
လူအားလုံး မတိုးသာမဆုတ်သာအခြေအနေရောက်နေစဥ်တွင် အသံသြသြတစ်ခုကို ကြားလိုက်ရသည်။
“သက်သေမရှိဘူးလို့ ဘယ်သူပြောတာလဲ”
လျိုမိသားစု လှည့်ကြည့်လိုက်တော့ အဖြူရောင်ရှပ်အကျီကို ဝတ်ထားသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူငယ်လေးသည် အတော်လေးကြည့်ကောင်းပေမဲ့ ကိုယ်နှင့်မဆိုင်သော ကိစ္စကို ဝင်ပါသည်ဟု တွေးနေကြသည်။
လျိုမိသားစုမှလူတွေသည် ခက်ထန်သည့် မျက်လုံးတွေနှင့် “ဟေး လူငယ်လေး ကိုယ်အလုပ်ကိုယ်လုပ်ပြီး အေးဆေးနေဖို့ အကြံပေးလိုက်မယ်နော်”
အဒေါ်ကျောက်သည် “ရှောင်ဟယ်ရေ လိုင်တိက မင်းမိန်းမဆိုပေမဲ့ သူများအရေးကိစ္စကိုတော့ ဝင်မရှုပ်သင့်ဘူးလေ”
အဒေါ်ကျောက်သည် ဒီအဘွားအို၂ယောက် ၁နှစ်မှာဘယ်နှစ်ခါ ရန်ဖြစ်သလဲဆိုတာတောင် မမှတ်နိုင်တော့ပေ။ လျိုမိသားစုတွင် မြေးယောကျာ်းလေးတွေ များလာတာကြောင့် အဘွားချင်သည် အဘွားလျိုကို ရန်ဖြစ်ရာတွင် မနိုင်တာ ကြာပြီဖြစ်သည်။ အခုတလော လျိုမိသားစုသည် ချင်မိသားစုကို အနိုင်ကျင့်နေတာများပြီဆိုတာ လူတိုင်းမျက်စိပါသည့်မည်သူမဆို ပြောနိုင်သည်။
တောကျသည့် ရွာတွေဘက်မှာဆိုရင် ယောကျာ်းတွေသာ စိုးမိုးခြယ်လှယ်နေတာဖြစ်သည်။
သို့သော် လူငယ်လေးသည် လျိုမိသားစုမှ ယောကျာ်းတွေကို နည်းနည်းလေးမှ ဂရုမစိုက်ချေ။ သူသည် လျိုလောင်စန်းကို လက်ညိုးထိုးကာ “ဒီလူရဲ့ လက်သည်းကြားမှာ ညှပ်နေတဲ့ အမွှေးအဖြူရောင်တွေက ယုန်မွှေးတွေ”
လျိုလောင်စန်းသည် ချက်ချင်းပင် လက်ကို ကျောနောက်ဖွတ်ကာ တင်ပါးနှင့် ပွတ်သုတ်ပစ်သည်။ သန့်ရှင်းသွားပြီဟု ထင်မှ လက်ကို ပြန်လည်ဆန့်ထုတ်ကာ “ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့။ ငါမင်းကို အခုချက်ချင်း ရိုက်ပစ်လိုက်လို့ရတယ်ဆိုတာ မင်းသိလား”ဟု ကြိမ်းဝါးသည်။
လူငယ်လေးသည် အေးအေးလူလူပင် “လက်ကို ပွတ်တိုက်ပြီးသုပ်နေတာ ရပ်လိုက်သင့်ပြီ”
အမှန်တကယ်ကို ယုန်မွှေးတွေက မပြောင်စင်ပဲ ကျန်ရှိနေသေးသည်။ သို့သော် ပို၍ထူးဆန်းနေတာက ယုန်မွှေးသည် အလွန်သေးငယ်နေတာကို တံခါးနားမှာ ရပ်နေသည့် ထိုလူငယ်မြင်နိုင်နေခြင်းဖြစ်သည်။ ထိုမျက်လုံးတွေသည် စွန်ရဲတွေ၏ မျက်လုံးတွေထက် ပိုအားကောင်းနေတာဖြစ်ရမည်။
“အခုမှ ဖုံးကွယ်ချင်မနေနဲ့။ ယုန်က မီးဖိုချောင်ထဲက ရေစည်ထဲမှာ ရှိနေတယ်”
“မင်း..မင်း ဘယ်လို သိတာလဲ” လျိုလောင်အာ ထုတ်ပြောလိုက်မိသည့်အခါ အဘွားလျို၏ မျက်စောင်းထိုးတာ ခံလိုက်ရသည်။
ဟယ်လျန်ရှန့်သည် တည်ငြိမ်စွာနှင့် “မင်းလက်မောင်းနဲ့ အကျီလက်တေမှာ ရေတွေ စိုနေသေးတယ်လေ”
သူမသည် ယုန်အော်သံကို မကြားရတာ အံ့သြစရာမရှိချေ။ ရေအများကြီးရှိသည့် ရေစည်ထဲက ယုန်အော်သံကို ဘယ်သူက ကြားနိုင်မှာမို့လဲ။ ချင်ကွေ့ဟွားသည် ပို၍ ဒေါသအမျက်ချောင်းချောင်းထွက်လာသည်။
ယုန်ခိုးသည့် ကိစ္စထုတ်ဖော်ခံလိုက်သောအခါ အဘွားလျိုသည် အံကြိတ်လိုက်ပြီး သူမမြေးများကို မျက်လုံးနှင့် အချက်ပြလိုက်သည်။ ဒီနေ့တွင် ထိုလူငယ်လေးကို ပညာမပေးရရင် ဒီရွာရှိ ဘယ်လူကမှ သူတို့ကို ကြောက်လိမ့်မည်မဟုတ်ပေ။ လျိုမိသားစုမှ သား ၇ယောက်၏ ဂုဏ်သတင်းသည် လက်သီးတစ်ချက် ကန်ချက်တစ်ချက်ကနေ အစပြု လွှမ်းမိုးထားနိုင်တာ ဖြစ်သည်။
ဒီလို လူဖလံလေးကို ပညာပေးရန် သူ့ခြေထောက်ကို ရွေ့လိုက်ပြီး ထိုကောင်လေးဆီ မရောက်ခင် ခံစားလိုက်ရတာက လက်မောင်းဆီမှ နာကျင်မှုဖြစ်နေသည်။
“အားး နာတယ် နာလိုက်တာ အားးးး”
လူငယ်လေးသည် လျိုတဟူနှင့် ၃မီတာတိတိ ဝေးသည့်နေရာတွင် ရပ်နေဆဲဖြစ်သည်။ သို့သော် လျိုတဟူ၏ ကြွက်သားတွေနှင့်လက်မောင်းသည် ပျော့ခွေပြီး ညွှတ်ကျနေသည်။
“အစ်ကို အစ်ကို မင်းလက်မောင်းက ကျိုးသွားပြီ” လျိုဒုတိယသားသည် အသံနက်ကြီးနှင့် အော်ဟစ်ပြာလိုက်သည်။
အဘွားလျိုသည် မြေးအကြီးဆုံးကို ဖက်လိုက်ပြီး အော်ငိုလိုက်သည်။ သူမမြေး လက်ကျိုးမည့်အစား သူမကိုယ်တိုင်ပဲ အစားထိုးကျိုးပေးလိုက်ချင်သည်။
ချင်ကွေ့ဟွားသည် ရုတ်ရုတ်သဲသဲဖြစ်နေတုန်း မီးဖိုချောင်ထဲ ဝင်သွားလိုက်လျှင် ယုန်ကို ရေမရှိသည့် ပုံးထဲတွင် တွေ့လိုက်ရသည်။ သူမ ယုန်ကိုကိုင်ကာ ပြန်ထွက်လာပြီး “ရှောင်ဟယ်ရေ မင်းသာနည်းနည်းလေးနောက်ကျပြီးမှ ရောက်လာရင် ငါတော့ ဒီကောင်တွေသတ်လို့ သေနေလောက်ပြီကွဲ့”
သူမ ဒီရွာတွင် နေထိုင်လာသည်မှာ ကြာပြီဖြစ်သော်လည်း ချင်မိသားစုဘက်မှ ပထမဆုံးကာကွယ်ရပ်တည်ပေးသည့်သူမှာ ရှောင်ဟယ်ဖြစ်သည်။ အတိတ်တွင် တပ်ရင်းမှ ရဲဘော်အချို့ ပါဝင်ဖြန်ဖြေပေးသော်လည်း ဘာမှ မထူးခဲ့ပေ။ ရွာရှိလူများသည်လည်း လျိုမိသားစုကို ကြောက်ရွံ့နေကြသည်။
ဟယ်လျန်ရှန့်သည် ခေါင်းငြိမ့်ပြကာ မနီးမဝေးနေရာတွင်သာ ရပ်နေသည်။ ဒါပေမဲ့ သူသည် အဘွားချင်ကို လျိုမိသားစုမှ အန္တရာယ်မပြုနိုင်ရန် လျိုယောကျာ်းသားများကို သေချာစောင့်ကြည့်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် သူနားလည်လိုက်သည်မှာ ချင်မိသားစုတွင် ယောကျာ်းတစ်ဦးမှ မရှိတာကြောင့် ရွာထဲကလူမပြောနှင့် ခွေးတစ်ကောင်ကတောင် အနိုင်ကျင့်နိုင်သေးသည်။ သူသာ လိုင်တိနှင့် လက်မထပ်ခဲ့လျှင် ချင်မိသားစုသည် အမြဲတမ်း တစ်ရွာလုံး၏ အလှောင်ခံအနိုင်ကျင့်ခံနေရတော့မည်ဖြစ်သည်။
ချင်လိုင်တိသည် ယုန်ကို ရှာမတွေ့တာကြောင့် အိမ်ပြန်လာရာ ရင်းနှီးနေသည့် လူကို တွေ့လိုက်ရသည်။
“ဟယ်လျန်ရှန့်လား”