၁၉၇၀ ခုနှစ်၌ ခင်ပွန်းဟောင်း၏ ရန်သူတော်ကြီးကို လက်ထပ်ခြင်း
အပိုင်း ၁၁
ဟယ်လျန်ရှန့်သည် ဒီနှစ်တွင် ၂၃နှစ်ရှိပြီဖြစ်သည်။
ဟယ်လျန်ရှန့်၏ နောက်ကျောသည် မြင်သာစွာ တုန်လှုပ်သွားသည်။ သူ ထိုအသံကို ကြားတာနှင့် သူ့ဇနီးငယ်ငယ်လေးမှန်း တန်းသိနေသည်။ ဘာလို့ သူ့ဇနီးလေးသည် သူ့ကို အချိန်တန်ကြာ သိကျွမ်းရင်းနှီးနေခဲ့သလို ပြောဆိုဆက်ဆံနေတာလဲဆိုတာ နားမလည်နိုင်ချေ။
ချင်လိုင်တိသည် ဝမ်းပန်းတသာဖြင့် “ရှင်ပြန်လာပြီလား။ ကျွန်မကြားလိုက်တာ ယုန်ပြန်တွေ့ပြီဆို “
ဟယ်လျန်ရှန့် ခေါင်းညိမ့်ပြလိုက်သည်။
လိုင်တိသည် လျိုမိသားစုကို သတိပေးသည့် မျက်လုံးများနှင့် စိုက်ကြည့်ပြီး “ကျွန်မ ချင်လိုင်တိ ဒီနေ့ စကားတစ်ခွန်း ပြောထားခဲ့မယ်။ တချိန်ချိန်မှာ ချင်မိသားစုသာ အန္တရာယ်တစ်ခုခုဖြစ်ခဲ့ရင် ရှင်တို့ လျိုမိသားစုကို ချက်ချင်း စာရင်းလာရှင်းမယ်ဆိုတာပဲ”
အဘွားလျိုသည် နူတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး “နင့်စကားတွေ တော်တော်လွန်နေတယ်နော်။ အားကိုးလို့ရတဲ့ယောကျာ်းတစ်ယောက် ရှိသွားတာနဲ့ အချိုးတွေ ပြောင်းနေလည်း ဘာမှ မထူးဘူးဟေ့။ နင့်ယောကျာ်းက တစ်နှစ်ကို ဘယ်နှစ်ခါပြန်လာနိုင်မှာလဲ။ ဒါမဲ့ ငါတို့ လျိုမိသားစုက သားခုနှစ်ယောက်ကတော့ အချိန်ပြည့်ရှိနေတာနော်”
လိုင်တိသည် လျိုမိသားစုကို သေသေချာချာတစ်ယောက်ချင်း စေ့စေ့စိုက်ကြည့်နေသည်။ အဘွားလျို၏ ဝါကျင့်ကျင့်မျက်နှာကို ကြည့်ရတာ အသည်းမကောင်းပုံပေါ်သည်။ အရင်ဘဝတွင် အဘွားလျိုသည် နောက်ဆုံးအဆင့် အသည်းကင်ဆာနှင့် ဆုံးပါးသွားခဲ့သည်။
လျိုတဟူ၏ လက်မောင်းသည် ကျိုးနှင့်နေပြီဖြစ်ကာ လျိုအားဟူတွင် ဖူးရောင်နေသော မျက်လုံး၊ ဖြူဖတ်ဖြူရော် နူတ်ခမ်းများနှင့် ပိန်ညှောင်နေသည့် ခြေသလုံးများ ရှိသည်။ သို့သော် သူ့တွင် ဝတုတ်တုတ် သား ၃ယောက်လည်း ရှိသေးသည်။
လျိုစန်းဟူသည် ဆိုးယုတ်သည့် လျိုမိသားစုထဲတွင် ကျန်းမာကြံ့ခိုင်သည့် တစ်ဦးတည်းသော သူဖြစ်သည်။
ဟယ်လျန်ရှန့်သည် လိုင်တိကို စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်သည့်အခါ သူမလေးသည် တုန်လှုပ်ခြောက်ခြားခြင်းမရှိပဲ လျိုမိသားစုကို တည်တည်ငြိမ်ငြိမ်နှင့် စိုက်ကြည့်နေတာကိုသာ တွေ့လိုက်ရသည်။ သူမပုံစံသည် အဘွားလျို၏ ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုသံများကို မကြားရသလို ဖြစ်သည်။
ဖန်တိသည် သူမခဲအိုရှိနေသ၍ သေးသေးနုပ်နုပ်လျိုမိသားစုကို ဂရုစိုက်နေစရာမလိုဟု တွေးနေသည်။ ထိုကဲ့သို့သော အရေးမပါသည့် လျိုမိသားစုကို သူမခဲအိုက လက်တစ်ချောင်းမြှောက်လိုက်ရုံနဲ့တင် ဖြေရှင်းနိုင်သည်။
ချင်ကွေ့ဟွားသည် သူမ မြေးသမက်လေး ပြန်လာတာကြောင့် အလွန်စိတ်ချမ်းသာနေပြီး ဖန်တိကို ရွာထိပ်ရှိ စျေးဆိုင်မှ တို့ဟူးသွားဝယ်ခိုင်းသည်။ အဘွားချင်သည် တို့ဟူးကို တရုတ်နံနံနှင့် မွှေးကြိုင်လာသည်ထိ ရောကြော်သည်။ ထို့နောက် နှစ်ဝက်လောက်ကြာနေအောင် မစားရက် မသောက်ရက် မီးခိုးကျပ်တိုက်ထားသည့် ဝက်ပေါင်ခြောက်ကို ထုတ်လာသည်။ ပြီးတော့ ငရုတ်ပွသီးများနှင့် ရောကြော်ပြီး ကြက်သွန်ဖြူအုပ်သည်။နောက်ဆုံးတွင် ခရမ်းသီးများကို နူးအိလာအောင် နှပ်ကာ မီးဖိုပေါ်မှ ချလိုက်သည်။
ချင်ကွေ့ဟွား၏ ဟင်းချက်လက်ရာသည် အတော်လေးကောင်းမွန်ပြီး ဟယ်လျန်ရှန့်သည် ထမင်းပန်းကန်၄လုံးမျှ ကုန်အောင် စားသောက်ပစ်သည်။ ချင်မိသားစုဝင် ၃ယောက်သည် သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်သည့် စေတနာကို သူနားလည်သည်။
ပေကျင်းရှိ ထို အိမ်တွင် သူ့အမေသည် အစားအသောက်စားရာတွင် ဟင်းသီးဟင်းရွက်များကိုသာ အမြဲတမ်း ချက်ပြုတ်ကျွေးသည်။ သူတို့ ထမင်းကို ၅မိနစ်ထက်ပိုကြာအောင် မစားနိုင်ခဲ့ပေ။ သူသည် အမြဲတမ်း ဆာလောင်နေခဲ့သည်။
“ရှောင်ဟယ်
ဒီတစ်ခါလာတာ ထပ်မပြန်သွားရတော့ဘူးမလား။ အဲ့တာဆို ဟိုင်ချန်ကို မပြန်သေးခင် မင်းတို့လင်မယား၂ယောက် ဒီမှာ နည်းနည်းကြာကြာနေလို့ရသေးတယ်လေ။”
ဟယ်လျန်ရှန့် ခဏတုံ့ဆိုင်းသွားပြီး “အလုပ်က အခုထိ မပြီးသေးဘူး။ ကျွန်တော် ဒီမှာ ၂ရက်လောက်ပဲ နေနိုင်မှာ”
ချင်ကွေ့ဟွား စိတ်ညစ်သွားပေမဲ့လည်း ရှောင်ဟယ်၏ အလုပ်ကိုင်ကိုလည်း မမေးရဲဖြစ်နေကာ “အလုပ်က ဘယ်တော့ပြီးမှာလဲ။ အဘွားကို အရမ်းအမေးအမြန်းထူလို့ စိတ်မဆိုးနဲ့အုံးနော်။ မင်းတို့၂ယောက်က ငယ်တော့တာမဟုတ်ဘူး။ အလုပ်ကိစ္စကို မြန်မြန်ပြီးအောင်ဖြတ်ပြီး လိုင်တိကို မင်းမိဘတွေနဲ့ တွေ့ရအောင် ခေါ်သွားလိုက်တော့။"
အဖေဟယ်သည် အနုပညာသမားတစ်ယောက်ဖြစ်ပြီး သူမသည်
cello ဆိုတာ ဘာမှန်းတော့ မသိနေပေ။သို့သော် ထိုကဲ့သို့ စိတ်ကူးယဥ်ဆန်ဆန်စကားလုံးနှင့် အလုပ်အကိုင်သည် ဟယ်မိသားစုကို ပေကျင်းသို့ ပြန်လာနိုင်စေရန် လုပ်ဆောင်ပေးနိုင်သည်ဟု သူမ ထင်နေမိသည်။
အမေဟယ်သည် ပေကျင်းဆေးရုံမှ ဆရာဝန်ဖြစ်ပြီး အရည်အချင်းရှိသည်။ နိုင်ငံက အမြဲတမ်း အရည်အချင်းရှိ ဆရာဝန်များကို လိုအပ်နေသည်ဖြစ်သည်။ တနေ့မှာ သူမလည်း ဒေါက်တာဟယ်ကဲ့သို့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါ့မလား။
“ဒါနဲ့ အရင်တစ်ခေါက်က မင်းမှာ အစ်ကိုရှိတယ်လို့ပြောသေးတယ်နော်။ သူကရော အလုပ်ရှိတာလား”
“အလုပ်ရှိတယ်”
ချင်ကွေ့ဟွားသည် သက်ပြင်းကြီးချလိုက်ပြီး စိတ်သက်သာရာရသွားသည်။
စားသောက်နေစဥ်တွင် အဘွားချင်သည် ဘေးအိမ်က လျိုပေါင်းကျူးအကြောင်းကို ဖောက်သည်ချနေသည်။တစ်ရွာလုံးသည် အဘွားလျိုမြေး လျိုပေါင်းကျူးသည် ကျောက်မိသားစု တတိယသား ကျောက်ချင်းစုန့်၏ တရားဝင်ဇနီး ဖြစ်လာတော့မည်ဆိုတာ အကုန်သိနေကြသည်။ မနက်ဖြန် တပ်ရင်းတွင် လက်ထပ်စာချုပ်လက်မှတ်ထိုးပြီး နောက်တစ်နေ့တွင် ချက်ချင်း မင်္ဂလာပွဲကျင်းပမည်ဖြစ်ကြောင်း ပြောဆိုနေသည်။
ချင်လိုင်တိသည် ဂရုမစိုက်သည့် မျက်နှာပေးနှင့် နားထောင်နေခဲ့ပြီး တခါတရံတွင် ရီချင်စိတ်တောင် ဖြစ်လာသေးသည်။ သူမအရင်ဘဝတုန်းကလို မြန်မြန်ဆန်ဆန်ကြီး လက်ထပ်သွားခဲ့တာနှင့် တစ်ပုံစံထဲပင်။
ညနေစာစားပြီးတော့ ညမှောင်နေပြီဖြစ်ရာ ရှောင်ဟယ်ကို အိမ်တွင် ညအိပ်ရန် အဘွားချင်က ပြောသည်။ အိမ်တွင် အခန်းတစ်ခန်းနှင့် ကုတင်တစ်ခုပဲ ရှိတာကြောင့် ယောကျာ်းလေးတစ်ယောက်နှင့် အတူအိပ်ရန်လည်း အခက်အခဲရှိနေသည်။
ဟယ်လျန်ရှန့်သည် ချက်ချင်း မတ်တပ်ရပ်ကာ “ကျွန်တော် ကျောက်ချင်းစုန့်နှင့် လုပ်စရာရှိသေးလို့ သူတို့အိမ်မှာပဲ ညအိပ်လိုက်တော့မယ်”
“အဲ့တာဆိုလည်း လိုင်တိကို လမ်းလိုက်ပြခိုင်းလိုက်မယ်။ သူက လမ်းကျွမ်းပြီးသားဆိုတော့”
လူငယ်လေး၂ယောက် ရွာလမ်းလေးပေါ် ဖြေးဖြေးလေး လမ်းလျှောက်နေကြသည်။ လရောင်သည် သူတို့ ၂ ယောက်အပေါ်ကို ဖြာကျနေပြီး လိုင်တိအတွက် အိမ်မက်တစ်ခုလို ခံစားနေရသည်။ သူမတို့ လက်ထပ်စာချုပ်ရခဲ့တာ ၂လကျော်ပြီဖြစ်ပြီး အခုဆို ၂ယောက်စလုံးသည် လင်မယားရာမြောက်နေပြီလည်း ဖြစ်သည်။
”ရှင်.....”
“မင်း.....”
နှစ်ယောက်စလုံး တပြိုင်နက် စကားစမိပြီး ဟယ်လျန်ရှန့်သည် သူ့နှာခေါင်းထိပ်ဖျားကို ကုတ်လိုက်ပြီး “မင်းအရင်ပြောလေ”
”ရှင် နောက်ထပ် ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ”
“အရင်ဆုံး တပ်ထဲက အလုပ်ကိစ္စတွေ ပြီးဖို့ဆို လဝက်လောက်ကြာမှာ။ အဲ့တာတွေပြီးရင်တော့ မင်း ကိုယ်နဲ့အတူ ဟိုင်ချန်ကို လိုက်ခဲ့လို့ရပြီ”
“တကယ်လို့ အလုပ်တွေ မပြီးခဲ့ရင်ရော”
ဟယ်လျန်ရှန့် တိတ်ဆိတ်နေသည်။
“ဟိုင်ချန်မှာ နေစရာအိမ်ရှိလား”
“မရှိဘူး” သူပြောလိုက်သည့် စကားကြောင့် သူမ ဝမ်းနည်းသွားမည်ကို ကြောက်ရွံ့နေမိသည်။
“ကိုယ်အဲ့အချိန်နေဖို့ အိမ်တစ်လုံး ရှာထားလိုက်မယ်”
ချင်လိုင်တိ ရီမောလိုက်မိသည်။ အရင်ဘဝတုန်းကလည်း သူမကို အိမ်တစ်လုံးရှာပေးစဥ်ကလည်း ထိုထပ်တူညီသည့် စကားလုံးတွေကို သူပြောခဲ့လေသည်။သူမ အစတွင် သူ ပေါ့ပေါ့တန်တန် ပြောခဲ့သည်ဟုသာ ထင်ခဲ့သည်။
သို့သော် တကယ်ကြီး သစ်တော်ပင်ကြီးရှိနေသည့် အိမ်တစ်လုံးကို ငှားနိုင်လာခဲ့မည်ဟု ဘယ်သူက ထင်မလဲ။ သူ ခရီးကပြန်လာတိုင်း သူမအတွက် လက်ဆောင်တွေဝယ်လာသည်ကို မထင်မှတ်ပဲ သိလိုက်ရသည့် အချိန်သည် ကြည်နူးရဆုံး အချိန်ကောင်းလေးတွေ ဖြစ်ခဲ့သည်။ တခါတရံ လုံးလုံးဝိုင်းဝိုင်းသစ်တော်သီးလေးတွေဖြစ်ပြီး တစ်ခါတလေတွင် သစ်တော်သီးချိုချဥ်ဘူးလေးတွေလည်း ဖြစ်နေတတ်သည်။
တန်ဖိုးအရမ်းမကြီးပေမဲ့ သူမအတွက် ချိုမြိန်ဖွယ် အမှတ်ရကောင်းလေးတွေ ဖြစ်ခဲ့သည်။ သို့သော် ယခုလက်ရှိ လူအလေးကတော့ အလုပ်ခရီးအကြာကြီးသွားရပြီး ပြန်လာသော်လည်း သူမအတွက် မည်သည့်လက်ဆောင်မျှ မယူလာခဲ့ပေ။
“ကျွန်မ ကြားတာတော့ ကျောက်ချင်းစုန့်က လက်ဆောင်ပစ္စည်းတွေ အများကြီး လျိုပေါင်းကျူးအတွက် ဝယ်လာပေးတယ်ဆို ဟုတ်လား” သူမ သာမန်ကာလျှံကာပုံစံနှင့် မေးကြည့်လိုက်သည်။
“ကိုယ် မသိဘူး”
လိုင်တိသည် ရှောင်ဟယ်၏ တုံးအမှုကြောင့် စိတ်ကောက်သွားကာ “ကျွန်မကတော့ သေချာကြားလိုက်တာနော် အဲ့အကြောင်းကို။ ရှင်သာ မသိတာ”
“ကိုယ် တကယ်မသိတာပါ”
ချင်လိုင်တိ - “.........”
အရင်ဘဝ ဟယ်လျန်ရှန့်သည် အကင်းပါးထက်မြက်ပြီး ဟာသဉာဏ်ရှိတယ်ဆိုတာ ယခုအချိန် ဟယ်လျန်ရှန့်နှင့်တော့ လုံးလုံးမျှ သက်ဆိုင်မနေချေ။ ကြည့်ရတာ ငယ်ရွယ်သည့် ဟယ်လျန်ရှန့်လေးသည် အနည်းငယ် ရိုးသားပြီး ထူအခဲ့ပုံပင်။
အိမ်၂အိမ် အရမ်းမဝေးတာကြောင့် လမ်းလျှောက်ရင်း ခဏနှင့် ရောက်သွားသည်။ ကျောက်ချင်းစုန့်သည် မသာမယာမျက်နှာပေးနှင့် “မင်းပြန်သွားလို့ရပြီ။ ရှောင်ဟယ်ကို ငါ့အိမ်မှာ နေခိုင်းလိုက်မယ်”
နောက်တစ်နေ့ နေ့လည်ခင်းတွင် ဟယ်လျန်ရှန့်သည် တပ်ရင်းစခန်းကို သွားပြီး လျိုစန်းဟူကိစ္စကို ကိုင်တွယ်ရန် လုပ်သည်။
လျိုမိသားစုရှိ လျိုစန်းဟူမှ လွဲပြီး ကျန်သည့် ညီအစ်ကိုများသည် ပြဿနာရှာရုံကလွဲပြီး ကျန်တာ ဘာမှ ထပ်မလုပ်ရဲကြချေ။ စန်းဟူတစ်ယောက်သာ ဗလအားကိုးပြီး မကောင်းသည့်ကိစ္စများကို ကျူးလွန်ရဲခြင်းဖြစ်သည်။သူသည် ချင်မိသားစုမှ မိန်းကလေးများကို အသားယူရန် အမြဲတမ်း အခွင့်ကောင်းစောင့်နေလေ့ရှိသည်။
လျိုတဟူသည် အဘွားလျို၏ ရင်နှစ်သည်းချာလေးဖြစ်လျှင် လျိုစန်းဟူသည် အားကိုးရသည့် စစ်သူကြီးလိုမျိုးဖြစ်လေသည်။ မနက်ပိုင်းတွင် သူတို့ အလုပ်သွားရန် အိမ်တံခါးဖွင့်လိုက်သည့်အခါ စစ်သားများစွာ အိမ်ရှေ့ရောက်လာပြီး လျိုစန်းဟူ ဘယ်သူလဲဟု မေးသည်။ချက်ချင်းပင် လျိုစန်းဟူလက်ကို ချုပ်ပြီး လက်ထိပ်ခပ်ကာ ဖမ်းခေါ်သွားသည်။ အဘွားလျိုသည် လုံးဝကို တုန်လှုပ်ခြောက်ခြားသွားရသည်။
စစ်သားတွေသည် အဘွားလျိုကို တချက်လေးမျှ အရေးမစိုက်ပဲ ဖမ်းခေါ်သွားခြင်းဖြစ်သည်။ သူမ တစ်လမ်းလုံးငိုယိုပြီး အိမ်ပြန်ရောက်တော့ တစ်အိမ်လုံး ရှုပ်ပွနေအောင် ပျက်စီးနေတာ မြင်လိုက်ရသောအခါ ပို၍တုန်လှုပ်ခြောက်ခြားသွားရသည်။
လျိုစန်းဟူသည် တပ်ရင်းမှ ရဲဘော်များနှင့် ရင်းနှီးမှုယူထားကာ အထောက်အပံ့ ပစ္စည်းများဖြစ်သည့် ဒီဇယ်တွေ ဘိလပ်မြေတွေ သံချောင်းတွေကို အိမ်ကို သယ်သယ်လာသည်။ ဘိလပ်မြေကို အခုလတ်တလောတွင် အိမ်ဆောက်ရာ၌ အသုံးပြုနေကြပြီး ဝယ်ယူရန် အလွန်ခက်ခဲသည်။ အဘွားလျိုသည် သူ့မြေး ခိုးသယ်လာတာတွေ မြင်တော့ အရမ်းပျော်သွားကာ နောက်ထပ် ထက်ယူလာရန်ပါ တိုက်တွန်းပြောဆိုခဲ့သည်။ မမျှော်လင့်ထားတာက နောက်တစ်နေ့မနက်စောစောတွင် တပ်ရင်းက ရဲဘော်တွေ လျိုစန်းဟူအိမ်ကို ရောက်လာပြီး ရှာဖွေရာ သံချောင်းတွေ ဘိလပ်မြေတွေကို တွေ့ရှိခဲ့သည်။
ထိုပစ္စည်းတွေသည် စစ်မဟာဗျူဟာအရ သီးသန့်ကန့်သတ်ထားရမည့် အရာတွေဖြစ်ရာ သာမာန်ပစ္စည်းခိုးယူမှုနှင့် မတူညီပေ။ ထိုအချိန်တွင် လျိုပေါင်းကျူးတို့ တစ်သိုက်သည် ကျောက်ချင်းစုန့်နှင့်အတူ မြို့တက်ပြီး အဝတ်အစားဝယ် ထွက်နေကြသည်။ စစ်သားများသည် လျိုမိသားစုအိမ်ကို မြေလှန်ကာ ရှာဖွေကြသည်။ဘယ်လိုပဲနေနေ လျိုစန်းဟူသည် ကိစ္စတုံးနေပြီဖြစ်သည်။
အဘွားလျိုသည် ကျောက်မိသားစုအိမ်ကို သွားပြီး လျိုစန်းဟူကို ကယ်တင်ပေးရန် တောင်းတောင်းပန်ပန်နှင့် ပြောဆိုသည်။ သူမ အမျိုးမျိုး တောင်းဆိုသော်လည်း ကျောက်မိသားစုက မတုန်မလှုပ်နှင့် အရေးမစိုက်ပေ။
ချင်လိုင်တိသည် ထိုသတင်းကို ကြားတော့ ပါးချိုင့်များပေါ်လာအောင် ပြုံးလိုက်သည်။ ကိုယ့်ကောင်းကျိုးကိုပဲ ကြည့်ပြီး တစ်ကိုယ်ကောင်းဆန်ဆန်ပြုမှုပုံသည် ကျောက်မိသားစု၏ ပုံစံဖြစ်သည်။