အပိုင်း ၆
Router သည် စာကြည့်စားပွဲပေါ်ရှိ ကွန်ပျူတာနှင့် နံရံပေါ်ရှိ ကြားခံဆက်သွယ်ပေးသော စက်ပစ္စည်းလေးတို့နှင့် ချိတ်ဆက်ထားကာ ရှုပ်ထွေးသော ကေဘယ်ကြိုးများစွာဖြင့် ကုတင်လှေကားပေါ်တွင် တွဲလောင်းချထားသည်။
ကျင်းရှီသည် ထိုအရာကိုကြည့်ရုံနှင့် ခေါင်းမူးလာသည်။
ထိုအချိန်တွင် ပေါ်ရန်သည် စာကြည့်စားပွဲရှေ့တွင် ခန္ဓာကိုယ်မှာ ကုန်းတွနေသလို ဖြစ်နေပြီး တစ်ခါတစ်ရံ ကီးဘုတ်ကို နှိပ်ကာ တစ်ခါတစ်ရံ Router ပေါ်ရှိ ခလုတ်များကို နှိပ်နေသည်။
ကျင်းရှီသည် သူမ၏ ခွေးခြေထိုင်ခုံငယ်လေးကို ယူလာပြီး ပေါ်ရန်ရှေ့တွင် ထားလိုက်သည်။ “စီနီယာ၊ ထိုင်ပါဦး”
ပေါ်ရန်သည် လေးထောင့်ကွက်ပုံစံများနှင့် ပျော့ပျောင်းသော ကာတွန်းကူရှင်ပါရှိသော ခွေးခြေထိုင်ခုံလေးကို ငုတ်ကြည့်လိုက်သည်။
မိန်းကလေးများနေသော အခန်းတွင် ထိုသို့သောပစ္စည်းအားလုံးသည် အမွှေးပွပွလေးလို ဖြစ်နေတတ်ပါသလား။
ညစ်ပေသွားမှာ သို့မဟုတ် ကျိုးပျက်သွားမှာကို ကြောက်ပြီး ထိုင်ဖို့ ဝန်လေးနေသည်။
“ရပါတယ်” ပေါ်ရန်က စကားဝှက်အစဂဏန်းများကို အမြန်ရိုက်ထည့်လိုက်သည်။ “ဒါပါပဲ”
ကျင်းရှီသည် စာကြည့်စားပွဲပေါ်တွင် လက်ကိုတင်ကာ သူ့ကိုမှီလိုက်ပြီး ကွန်ပြူတာစခရင်ကို စူးစိုက်ကြည့်နေသည်။ “ဟယ် ကျွန်မလည်း အဲ့လိုပဲ ရိုက်ထည့်လိုက်တာပဲ၊ ကျွန်မလုပ်တာကျတော့ ဘာလို့ မရရတာလဲ”
သူက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ “ဘာလို့လဲဆိုရင် မင်းက ငတုံးလေးမလို့လေ”
ကျင်းရှီသည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းလေးစူသွားသော်လည်း ဘာမှမပြောရဲပေ။ နောက်ဆုံးတော့ ဒီညအတွက် အွန်လိုင်းသုံးရ၊ မရမှာ ဒီဆရာကြီးအပေါ်မှာပဲ မူတည်နေသည်။
စခရင်ကို ငုတ်ကြည့်ရင်း သူမ၏ အနက်ရောင်ဆံနွယ်များသည် မော့စ်ကို ကိုင်ထားသော ပေါ်ရန်၏ လက်ပေါ်သို့ ကျဆင်းသွားသည်။ ပိုးသားလို ချောမွတ်လှပြီး သူ့ကို အသဲယားအောင် လုပ်နေသည်။
ပေါ်ရန်သည် သူဆံနွယ်များအကြား ခေါင်းလျှော်ရည်၏ ရနံ့လေးကို ရှူရှိုက်လိုက်ပြီး သူမ၏ လည်တိုင်ဖြူဖြူနှင့် ကော်လန်ရိုးလှလှများကို မော့ကြည့်လိုက်သည်။
သူမသည် အပေါ်ထပ်အင်္ကျီကို ချွတ်ထားပြီး မိန်းကလေးတွေ ပေါ့ပေါ့ပါးပါးနှင့် နှစ်သက်စွာ ဝတ်တတ်သော နွေရာသီစတိုင် တီရှပ်ကို ၀တ်ဆင်ထားသည်။ သူမ၏သိမ်မွေ့သော ပုခုံးများနှင့် သွယ်လျသော လက်မောင်းများက အလွန်လှပနေသည်။
ဤထောင့်အနေအထားမှ မြင်ရခြင်းသည် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်။
ပေါ်ရန်သည် ခေါင်းမော့လိုက်သည်နှင့် တီရှပ်အောက်ရှိ မို့မောက်တက်နေသော တောင်ကုန်းလေးများကို မြင်လိုက်ရသည်။
သူ့လည်ချောင်းက အနည်းငယ်ယားယံသလို ခံစားလာရသည်။
ကျင်းရှီသည် ပေါ်ရန်၏အကြည့်ကို သတိပြုမိပြီး “စီနီယာ၊ ဘာလို့ ကျွန်မကိုကြည့်နေတာလဲ” ဟုမေးလိုက်သည်။
ပေါ်ရန်က ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး မျက်နှာတည်ကြီးနှင့် သူမကို သေချာသင်ပြနေသည်။ “ဒီလိုပါးပါးလေးဝတ်ထားတော့ အအေးပတ်မှာ မကြောက်ဘူးလား”
“ခုနက စီနီယာကိုယ်တိုင်ပဲ ပြောခဲ့တယ်လေ အပေါ်ထပ်အင်္ကျီကို မဝတ်နဲ့ဆို” ကျင်းရှီက
သူပြောခဲ့သည့်စကားကို ပြန်မှတ်မိအောင် လုပ်ပေးလိုက်သည်။
“အဲ့လိုပြောတာက အကုန်လုံးချွတ်ပစ်ဖို့ ပြောခဲ့တာမှ မဟုတ်တာ”
“ကျွန်မလည်း အကုန်လုံး မချွတ်ပစ်ပါဘူး” ကျင်းရှီသည် သူမ၏ တီရှပ်နှင့် ဖရဲသီးပုံများပါသော ဘောင်းဘီတိုကို ငုတ်ကြည့်လိုက်သည်။ “ရှင်ဝတ်ထားတာထက်တောင် ကျွန်မက ပိုဝတ်ထားသေးတယ်”
“ဒါက ယောက်ျားလေးအဆောင်” ဟုပေါ်ရန်က ထပ်ပြီး သတိပေးလိုက်သည်။ “ဒီလိုဝတ်စားပြီး အပြင် လျှောက်သွားမနေနဲ့”
“ကျွန်မ အဲ့လောက်မတုံးပါဘူး” ကျင်းရှီက
ပြန်ခံပြောလိုက်သည်။ “ကျွန်မအဲ့လိုမလုပ်ပါဘူး။ ဒါပေမယ့် အခုက ကျွန်မအခန်းထဲမှာ ကျွန်မပဲရှိနေတယ်လေ ပြီးတော့ တခြားသူတွေလည်းမရှိဘူး”
ပေါ်ရန် - ...
သူ့ကို အပြင်လူဟူ၍ မသတ်မှတ်ဘူးလား သို့မဟုတ် သူ့ကို ယောက်ျားတစ်ယောက်ဟု မသတ်မှတ်ဘူးလား။
ပေါ်ရန်သည် သူမသည် သူမကိုယ်တိုင် သတ်မှတ်ချက်များကို သိနေသရွေ့ အဝတ်အစားကိစ္စနှင့် ပတ်သက်၍ ငြင်းခုံမနေတော့ပေ။
သူသည် ကွန်ပျူတာကို ကျင်းရှီဆီ တွန်းပို့လိုက်သည်။ “စကားဝှက်အသစ်တစ်ခု ရိုက်ထည့်လိုက်”
“jinxi520” ကျင်းရှီက ပြောလိုက်သည်။
ပေါ်ရန် သက်ပြင်းချလိုက်သည်။ “ငါက မင်းကို အကျယ်ကြီး မပြောပဲနဲ့ ဒီအတိုင်း ရိုက်ထည့်ခိုင်းနေတာလေ”
“အဲ့နှစ်ခုက ဘာများကွာခြားသွားလို့လဲ” ကျင်းရှီက
မေးတယ်။
ပေါ်ရန်က “ငါက မင်းရှေ့မှာရှိနေတယ်၊ အဲ့တော့ အခု မင်းရဲ့ စကားဝှက်ကို ငါသိပြီးတော့ မင်းအင်တာနက်ကို ခိုးသုံးနိုင်တယ်လို့ အထင်ခံလာရရင် ဘယ်လိုလုပ်မလဲ”
“စီနီယာက ကျွန်မ အင်တာနက်ကို ခိုးသုံးမှာလား” ကျင်းရှီက မေးလိုက်သည်။
ပေါ်ရန် - ...
မင်းရဲ့ဥစ္စာကို ခိုးရလောက်အောင် ငါက မွဲနေတဲ့ပုံပေါက်နေလို့လား။
နောက်ဆုံးတွင် ပေါ်ရန်သည် "jinxi520" ဟူသော စကားဝှက်ကို သုံး၍ ကျင်းရှီ၏ Routerကို ကူညီတပ်ဆင်ပေးလိုက်သည်။
ကျင်းရှီက သူ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပြီး လတ်လတ်ဆတ်ဆတ် ဝယ်ထားသော ဖူဂျီပန်းသီးအနီတစ်လုံးကို သူထွက်သွားချိန်မှာ ပေးလိုက်သည်။
“ဒီညတော့ ကျွန်မအွန်လိုင်းပေါ် တက်လို့ရပြီ၊ စီနီယာပေါ်ရန်ရဲ့ကျေးဇူးတွေကြောင့်ပဲ၊ စကားနဲ့တင် ကျေးဇူးတင်လို့ မဝလို့ ကျေးဇူးပြုပြီး ဒီပန်းသီးတစ်လုံးကို လက်ဆောင်အဖြစ် လက်ခံပေးပါနော်”
ပေါ်ရန်သည် ထိုပန်းသီးအနီကို ဝမ်းသာအားရ လက်ခံခဲ့သည် - “မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို ဖုန်းခေါ်လိုက်။ ပိုပြီးအဆင်ပြေမယ်ဆိုရင် WeChat မှာလည်း မက်ဆေ့ချ်ပို့လို့ရတယ်”
“ကျေးဇူးပါရှင့် စီနီယာ!”
ပေါ်ရန်သည် သူ့အခန်းထဲပြန်ဝင်လာကာ လက်ထဲက အနီရောင်ပန်းသီးကို ကြည့်နေသည်။ ကြည့်ရတာ ချစ်စရာကောင်းလွန်း၍ သူ မခံမရပ်နိုင်ဖြစ်သွားသည်။ သူမဝယ်လာသော ပန်းသီးအားလုံးသည် ဘာလို့ ချစ်ဖို့ကောင်းနေလဲဆိုသည်ကို တွေးနေမိသည်။
သူ့နှာခေါင်းဖြင့် ထိုလတ်ဆတ်သောရနံ့ကို ရှူရှိုက်လိုက်သည်။
တစ်ကိုက်ကိုက်စားလိုက်ဖို့ သူ့ကိုယ်သူ မထိန်းနိုင်ဖြစ်ကာ သူ့စာကြည့်စားပွဲပေါ်တွင် ဂရုတစိုက်ချထားပြီး အဝတ်လျှော်ပြီးသည်နှင့် ပျော်ပျော်ကြီး စားပစ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုညနေခင်းတွင် ရှုချောင်းယန်သည် ဘတ်စကက်ဘောကစားရာမှ ပြန်လာပြီး ချွေးများစိုရွှဲနေသည်။ ပေါ်ရန်၏ စာကြည့်စားပွဲပေါ်တွင် ပန်းသီးနီနီလေးကို တွေ့သွားပြီး မမေးမမြန်းပဲ တစ်ကိုက်ကိုက်လိုက်သည်။
ပေါ်ရန်မှာ အဝတ်လျှော်ပြီး ပြန်လာသောအခါ ရှုချောင်းယန်မှာ ထိုချစ်စဖွယ် ပန်းသီးလေးကို အားရပါးရ ကိုက်စားနေသည်ကို မြင်လိုက်ရသဖြင့် ဒေါသထွက်သွားသည်။
ပေါ်ရန်သည် တစ်စက္ကန့်မျှ မတွေးပဲ ပြေးလာပြီး ရှုချောင်းယန်ကို ပစ်ကန်လိုက်သည်။ ရှုချောင်းယန်မှာ ကုတင်ပေါ်ရောက်သွားပြီး မလှုပ်မယှက်ဖြစ်သွားသည်။
“ပေါ်ရန် ဘာဖြစ်တာလဲဟ!”
“မင်းကို ငါ့ပစ္စည်းထိလို့ရတယ်ဆိုပြီး ဘယ်သူကပြောထားလဲ”
ပေါ်ရန်သည် ဒေါသအရမ်းထွက်ကာ မျက်လုံးများနီရဲလာသည်။
ရှုချောင်းယန်က နာကျင်နေပြီး အံကြိတ်ထားကာ “ဒါက ပန်းသီးတစ်လုံးပဲလေ၊ ဒါက အဲ့လောက်ထိ အရေးကြီးလို့လား ငါ အောက်ထပ်ဆင်းပြီး မင်းကို ပန်းသီးဆယ်ပေါင်ဝယ်မယ်!”
“ဘယ်လိုလုပ် တူနိုင်တော့မှာလဲ!”
“ဘာလို့မတူရမှာလဲ”
အရာအားလုံးကိုသိသော အတွေ့အကြုံရှိသည့် ကျင့်ချီသာလျှင် ပြုံးလိုက်ပြီး “ကောင်မလေးက ပေးလိုက်တဲ့ ပန်းသီးက မင်းကိုယ်တိုင်ဝယ်ပေးတဲ့ ပန်းသီးနဲ့ တူမလား”
ရှုချောင်းယန်က မျက်တောင်ခတ်ပြီး အံ့အားသင့်သွားကာ “ကောင်မလေးက ဒီဟာကို မင်းကိုပေးခဲ့တာလား”
ပေါ်ရန်သည် ငြိမ်သက်သွားပြီး ကုလားထိုင်တွင် ပြန်ထိုင်ကာ သူတို့နှစ်ယောက်ကို လျစ်လျူရှုလိုက်သည်။
သူ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားသည်။
ကျင့်ချီက “ပေါ်ရန်က ဘေးခန်းက ကောင်မလေးနဲ့ ညှိနေပြီဆိုတာကို ငါ ပိုက်ဆံငါးဆင့် လောင်းရဲတယ်”
ရှုချောင်းယန်က အံ့အားသင့်သွားပြီး “မဖြစ်နိုင်ပါဘူး၊ မင်း အဲ့ဒါကို ဘယ်လိုသိလိုက်တာလဲ”
ကျင့်ချီက သူ့ဖုန်းကို ယုံကြည်မှုအပြည့်ဖြင့် ကိုင်ထားသည် - “ဝိုင်ဖိုင်ကို ရှာကြည့်ရုံနဲ့ မင်းသိလိမ့်မယ်”
ရှုချောင်းယန်က သူ့ဖုန်းဖြင့် ရှာကြည့်လိုက်ရာ အံ့သြသွားသည်။
ပေါ်ရန်လည်း စူးစမ်းလိုစိတ်ဖြင့် ဝိုင်ဖိုင်ကို ချိတ်ဆက်ရန် ဖုန်းကို ထုတ်လိုက်သည်။ “အိမ်နီးနားချင်း စီနီယာရေ၊ ကျွန်မ ဝိုင်ဖိုင်ကို ခိုးမသုံးပါနဲ့!” ဟုအမည်ပေးထားသည့် အပိုပါဝင်သော အချက်ပြစာတစ်ကြောင်းကို သူတွေ့လိုက်သည်။
ပေါ်ရန် - ...
အများသုံးအဝတ်လျှော်ခန်းတွင်၊ ချူးကျောက်နှင့် လင်းလောတို့သည် ပေါ်ရန်မှာ ၎င်းတို့အတွက် Router တပ်ဆင်ခြင်းနှင့် ပတ်သက်၍ မယုံသင်္ကာဖြစ်မိသော အရာတစ်ခုရှိကြောင်း နှစ်ယောက်သား အခိုင်အမာသဘောတူခဲ့သည်။
လင်းလောက “သူက တခြားလူတွေအတွက် Router ကို မတပ်ပေးပဲ အဲ့အစား ဘာလို့ ငါတို့အဆောင်အခန်းမှာ လာတပ်ပေးခဲ့တာလဲ”
ကျင်းရှီက သူမ၏အဝတ်အစားများကို လက်ဖြင့် ရေညှစ်ရင်း “အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုလည်းဖြစ်နိုင်တာပဲ”
လင်းလောနှင့် ချူးကျောက်က အချင်းချင်း ပြုံးပြနေပြီး “တိုက်ဆိုင်လိုက်တာနော်”
ကျင်းရှီသည် ရေပိုက်ခေါင်းကိုဖွင့်လိုက်ပြီး သူမအဝတ်များကို လျှော်ဖွတ်ကာ ပေါ်ရန်အကြောင်း ဆက်မပြောချင်တော့ပေ။
လင်းလောက သူမကို မှီပြီး မေးလိုက်သည်။ “ပေါ်ရန်ကို နင်ဘယ်လိုထင်လဲ”
ကျင်းရှီက ပြန်ဖြေလိုက်သည်။ “သူက တော်တော်သဘောကောင်းပါတယ်”
လင်းလောက ထပ်မေးလိုက်သည်။ “နင် သူ့ကိုသဘောကျလား”
ကျင်းရှီက ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်၊ ငါသူ့ကိုသဘောကျတယ်”
“အင်း ဒါဆိုရင်!” လင်းလောက ကျင်းရှီကို တံတောင်ဖြင့် တွတ်လိုက်ပြီး “နင် သူ့ကို သဘောကျနေရင် ပေါ်ရန်ကို သွားပြောပြလိုက်လေ!”
ကျင်းရှီသည် ရေပိုက်ခေါင်းမှ ရေကျသံကို ကျင့်သားရနေပြီး လင်းလောကိုကြည့်ကာ “မဖြစ်နိုင်ဘူး”
“နင် သူ့ကို သဘောကျတယ် မဟုတ်လား၊ အဲ့တော့ သူ့ကို နင့်အပိုင်ဖြစ်အောင် မလုပ်ချင်ဘူးလား”
ကျင်းရှီသည် သူမ၏ တီရှပ်အင်္ကျီကို ရေညှစ်ရန် ရုန်းကန်နေရသည်။ “နင်တို့ အောက်ထပ်က အများသုံးအဝတ်လျှော်စက်ကို အရမ်းကြိုက်တယ်ဆိုရင် အဲ့ဒါကို ငါတို့အပိုင်လုပ်ဖို့ ငါတို့အဆောင်ကို ရွှေ့သင့်လား”
လင်းလော - ....
ဘာလို့ အောက်ထပ်က အဝတ်လျှော်စက်ကို လိုချင်ရမှာလဲ။ ကမ္ဘာကြီးက အကြီးကြီးပါ။
ညကိုးနာရီတွင် အဝတ်လျှော်ခန်းထဲသို့ လူများ ထပ်မံဝင်ရောက်လာသည်နှင့်အမျှ ကျင်းရှီနှင့် သူမ၏ သူငယ်ချင်းများသည် အဝတ်လျှော်ပြီးသည်နှင့် အပြင်ထွက်ရန် ပြင်ဆင်ကြသည်။ ချူးကျောက်က "ငါ့မှာ ရေဆေးဖို့ နောက်ထပ် နှစ်ထည်ကျန်သေးတယ်၊ ခဏစောင့်ပါဦး၊ ငါပြီးတော့မယ်”
“အိုကေလေ” ကျင်းရှီနှင့် လင်းလောတို့သည် သူတို့အဝတ်များကို ချထားလိုက်ပြီး သူမကို စောင့်နေကြသည်။
ထိုအချိန်မှာပင် မိန်းကလေးနှစ်ယောက်သည် အဝတ်လျှော်ခန်းထဲကို ဟော့ဟော့ရမ်းရမ်း အဝတ်အစားများနှင့် ဝင်လာခဲ့သည်။ ကျင်းရှီ မော့ကြည့်လိုက်သည့်အခါ သူတို့၏ အတိုင်းသားပေါ်နေသော လက်မောင်းများနှင့် ညဝတ်အင်္ကျီ၏ နောက်ဖက်မှ တွေ့လိုက်ရသော ကျောပြင်တို့ကို တွေ့လိုက်ရပြီး သူတို့၏ ချောမွေ့နေသော ခါးနှင့် လှပသော ခန္ဓာကိုယ်ကောက်ကြောင်းများကို ပေါ်သွားစေရန် ဝတ်စားထားလေသည်။
ကျင်းရှီသည် သူတို့ကို မှတ်မိနေသည်။ လျှောက်လမ်း၏ အစွန်းတစ်ဖက်တွင်ရှိသော စတုတ္ထထပ်တွင် အမျိုးသမီးအဆောင်နှစ်ဆောင်မှာ ဆန့်ကျင်ဖက်မျက်နှာချင်းဆိုင်တွင် ရှိနေကြသည်။ ထိုမိန်းကလေးများသည် တခြားအဆောင်မှ ဖြစ်ကြသည်။
သူတို့ပြောင်းလာကြတုန်းက အနည်းငယ် ဝရုန်းသုန်းခ ဖြစ်သွားစေခဲ့သည်။ ယောက်ျားလေးတော်တော်များများက သူတို့ရဲ့ ခရီးဆောင်အိတ်များကို ကူသယ်ပေးပြီး အခန်းများကိုလည်း သန့်ရှင်းရေးလုပ်ပေးကြကာ ပြတင်းပေါက်များကိုတောင် ပွတ်တိုက်ဆေးကြောပေးကြသေးသည်။
ထိုမိန်းကလေးများသည် ဘာမှမလုပ်ပဲ ပွင့်လန်းနေသော ပန်းလေး လေးပွင့်ကဲ့သို့ အဆောင်တံခါးနားမှာ ရပ်နေခဲ့ကြသည်။
သူတို့သည် တကယ်ကိုလှပပြီး အရပ်ရှည်ကာ ခန္ဓာကိုယ်အချိုးအစားလှကြောင်း ဝန်ခံရပေမည်။ ကျင်းရှီပင် မနေနိုင်ပဲ သူတို့ကိုခိုးကြည့်နေမိသည်။
ထိုမိန်းကလေးများကို သူမ၏ ပြားချပ်နေသောရင်ဘတ်နှင့် ဖြောင့်တန်းနေသောခါးတို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ကျင်းရှီမှာ စိတ်အားငယ်သလို ခံစားသွားရသည်။ လူတွေ အားလုံး တူညီသော အစားအသောက်များကို စားသောက်ပြီး ကြီးပြင်းလာကြပေမဲ့ ဘာ့ကြောင့် ယခုလိုမျိုး ကွဲပြားသောပုံစံများ ရှိကြသနည်း။
မိန်းကလေးများသည် အခြားမိန်းကလေးများ၏ အကြည့်ကို အာရုံခံစားတတ်ကြသည်။ သူမရှေ့က ပန်းကလေးပမာ မိန်းကလေးက ကျင်းရှီကို အေးစက်စွာပြောလိုက်သည်။ “နင်ဘာကြည့်နေတာလဲ”
ကျင်းရှီသည် အကြည့်လွှဲလိုက်ပြီး “တောင်းပန်ပါတယ်”
ထိုမိန်းကလေးက လှောင်ပြောင်ကာ “မုန်းဖို့ကောင်းလိုက်တာ” ဟုရေရွတ်လိုက်သည်။
ကျင်းရှီလည်း စိတ်ရှုပ်သွားသည်။ သူမကို မုန်းစရာဟု ဘာကြောင့် ထင်နေသနည်း။
လင်းလောက သူမ၏အဝတ်များကို ချထားလိုက်ပြီး ထိုမိန်းကလေးကို မျက်နှာမူပြီး “ဘာတွေ ပြောနေတာလဲ”
ထိုမိန်းကလေးက အလျှော့မပေးပဲ ကျင်းရှီကို လက်ညှိုးထိုးပြပြီး “သူက ငါ့ကို ဆက်တိုက်စိုက်ကြည့်နေတယ်လေ၊ အဲ့အကြည့်က သူ့မျက်လုံးထဲမှာ ငါဝတ်ထားတာက အရမ်းပေါ်လွင်နေတယ်ဆိုပြီး ငါ့ကို စိတ်ထဲကနေ ကဲ့ရဲ့နေတာလေ၊ ငါမသိဘူးများ ထင်နေလား၊ ဒီနေ့က အရမ်းပူနေတာကို ဘာလို့ နင်တို့တွေက အပေါ်ထပ်အကျီတွေ ဝတ်ထားသေးတာလဲ၊ ငါတို့တွေ ဒီနေ့ပြောင်းလာတာကို နင်တို့တွေ လျှောက်လမ်းကနေ ချောင်းကြည့်နေတာမလား၊ နင်တို့မှာ ပြောစရာရှိရင် ငါတို့မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောလို့ရတယ်၊ နောက်ကွယ်မှာ အတင်းတွေပြောပြီး သနားစရာ ပန်းနုသွေးပုံစံတွေ လုပ်ပြမနေနဲ့”
ကျင်းရှီနှင့် လင်းလောတို့သည် သူတို့ပြောင်းလာသည်ကို ကြည့်ခဲ့သော်လည်း ထိုသို့ကြည့်ရခြင်းမှာ စပ်စုချင်ရုံသက်သက်သာ ဖြစ်သည်။ ထိုမိန်းကလေးများသည် ဤမျှလောက်ထိ ဆတ်ဆတ်ထိမခံ ဖြစ်မည်ဟု ကျင်းရှီတို့ မမျှော်လင့်ထားပေ။
အနည်းငယ်ကြည့်ရုံလေးကို နာကြည်းပြနေကြသည်။ ကျင်းရှီက ထိုအရာကို ယုတ္တိမရှိဟု ခံစားမိသည်။ “နင်ရဲ့နောက်ကွယ်မှာ နင်တို့အကြောင်းကို ငါတို့တကယ် ဘာမှမပြောခဲ့ပါဘူး”
“ဒါဆို နင်က ခုနက ငါ့ကို ဘာလို့ကြည့်နေတာလဲ”
ကျင်းရှီက “ဘာလို့ဆို နင့်ကိုလှတယ်လို့ထင်လို့” ဟုရိုးရိုးသားသားပြန်ဖြေလိုက်သည်။
ထိုမိန်းကလေးမှာ အံ့ဩသွားသည်။ ခင်မင်ရင်းနှီးစရာကောင်းပြီး စိတ်ရင်းမှန်ဖြင့် သူ့အလှကို ချီးမွမ်းသည့်သူတစ်ယောက်ကို ဒေါသဖြစ်ရန် ခဲယဉ်းလှသည်။ သူမသည် ရှက်ကိုးရှက်ကန်းဖြင့် သူမအ၀တ်များကို ယူပြီး ထွက်သွားခဲ့သည်။
ထို့ကြောင့် ကျင်းရှီ၏ အေးဆေးရိုးသားသော ချဉ်းကပ်မှုဖြင့် ထိုပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့သည်။
အဆောင်သို့ပြန်ရောက်ပြီးနောက် လင်းလောက စိတ်ပျက်အားငယ်စွာဖြင့် “အဝတ်အစား အတိုအပြတ်တွေ ဝတ်တဲ့မိန်းကလေးတွေက ဘာလို့ ကဲ့ရဲ့ဝေဖန်ခံရပြီး အဲ့လိုဝတ်တာကို ဒီအတိုင်း စိုက်ကြည့်နေတဲ့ ယောက်ျားလေးတွေကိုကျတော့ ဘာလို့ ဘာမှမပြောကြတာလဲ”
ချူးကျောက်က စာအုပ်ထဲ မျက်နှာအပ်နေပြီး လှန်ကြည့်ကာ ပြန်ပြောလိုက်သည်။ “အဲ့လိုကိစ္စတော်တော်များများမှာတော့ ကံမကောင်းစွာနဲ့ပဲ အဲ့လိုမျိုးတွေ ဖြစ်နေတတ်တယ်၊ တခြားသူတွေကို ဂရုမစိုက်တတ်တဲ့ ငါတို့ ကျင်းရှီလေးလို မိန်းကလေးတွေက ရှားပြီး ကာကွယ်ပေးရမယ်” ဟု ပြန်ပြောလိုက်သည်။
ကျင်းရှီက “တစ်စုံတစ်ယောက်နဲ့ ပေါင်းသင်းရခက်ရင် သူတို့နဲ့ ဆက်ပေါင်းမနေနဲ့” ဟုပြန်ပြောလိုက်သည်။
**
ည၁၁နာရီတွင် ယောကျ်ားလေးအဆောင်အခန်း ၄၀၉တွင် တတိယအကြိမ် အွန်လိုင်းဒေတာဘေ့စ်သို့ ဝင်ရောက်၍မရသောကြောင့် ပေါ်ရန်မှ ရှုချောင်းယန်နှင့် ကျင့်ချီအား အော်ပြောလိုက်သည်။ “ရုပ်ရှင်တွေ ဒေါင်းလုဒ်ဆွဲတာကို ရပ်လိုက်၊ ဒေါင်းထားပြီး တစ်ညလုံးထိုင်မကြည့်ရင်တော့ နောင်တရစရာတွေ ဖြစ်ကုန်မယ်!”
“ရယ်စရာတွေ
မလုပ်စမ်းပါနဲ့၊ ငါတို့မှာ ဒေါင်းဖို့သုံးပုံတစ်ပုံ ကျန်နေသေးတယ်၊ ည၁၁နာရီခွဲကျရင် အင်တာနက် ဖြတ်လိမ့်မယ်” ရှုချောင်းယန်က စိတ်လှုပ်ရှားစွာ ပြောပြီး “ငါ့ရဲ့ ခါဝဂုချိလေးက ဒီည ငါနဲ့ အတူအိပ်မှာ”
ကျင့်ချီက ထပ်ပြောလိုက်သည်။ “ငါ့မှာ နှစ်ကားတောင်ကျန်နေသေးတယ်၊ မြန်မြန်ပြီးအောင်လုပ်ရမယ်”
ထိုအချိန်တွင် ပေါ်ရန်သည် ဝဘ်စာမျက်နှာကိုပင် ဝင်မရဖြစ်နေသည်။ သူသည် ဝိုင်ဖိုင်အိုင်ကွန်ကို နှိပ်လိုက်ပြီး ဝိုင်ဖိုင်စာရင်းများထိပ်တွင် ဘေးခန်းမှ ဝိုင်ဖိုင်အချက်ပြမှုလေးကို တွေ့လိုက်ရသည် -“ချစ်လှစွာသော အိမ်နီးနားချင်းရေ၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဝိုင်ဖိုင်ကို ခိုးမသုံးပါနဲ့!”
ပေါ်ရန်သည် နှုတ်ဆိတ်သွားလေသည်။