လူပျိုလှည့်တေး
အပိုင်း ၇
နောက်တစ်နေ့မနက်တွင် ကျင်းရှီနှင့် သူမအခန်းဖော်များသည် မနက်စာစားဖို့ အပြင်ထွက်လာခဲ့ကြသည်။
လင်းလောသည် တံခါးဘေးတွင် ရပ်ပြီး ပြုံး၍ကြည့်နေသည့်နေရာကို ကျင်းရှီက ခေါင်းပြူကြည့်လိုက်သည်။ “ဘာကြည့်နေတာလဲ”
“နင်ကိုယ်တိုင် လာကြည့်ကြည့်”
လျှောက်လမ်းအဆုံး၏ အခြားတစ်ဖက်တွင် “ရွှေပန်းပွင့်လေးများ” ဟူ၍ တင်စားခေါ်ဝေါ်ရမည့် မိန်းကလေး လေးယောက်၏ အဆောင်အခန်းတံခါးဘေးတွင် ယောက်ျားလေးများသည် မနက်စာလာပို့ပေးရန် တန်းစီကာ ပြုံးနေကြပြီး ဂရုတစိုက် လုပ်ပေးနေကြသည်။
“ကျေးဇူးပါရှင့်” မိန်းကလေး၏ အသံသည် နူးညံ့ချိုသာပြီး ထိုလူများကို ကြက်သီးထသွားစေပြီး ကျောရိုးထဲထိ တုန်တက်သွားကြသည်။
ကျင်းရှီတို့လည်း ကြက်သီးထသွားပြီး အခန်းတံခါးကိုပိတ်ကာ အောက်ထပ်ကို ဆင်းသွားကြသည်။
လင်းလောက သက်ပြင်းချရင်း “အလှတရားဆိုတာ လက်နက်တစ်ခုပဲနော်၊ ယောက်ျားတွေနဲ့ ပြောဆိုဆက်ဆံရာမှာ သုံးရတယ်၊ အဲ့ဒါကို သုံးလိုက်တိုင်းလည်း ချက်ကောင်းကို ထိတာပဲ”
ကျင်းရှီသည် သူမ၏ ကျောရိုးရာကြီးကို ပြလိုက်သည်။ “မနက်စာလေး စားတာပဲကို၊ ငါတို့မှာ လက်တွေ ခြေထောက်တွေ ရှိပါတယ်ဟယ်၊ ငါတို့ကိုယ်တိုင် ဝယ်စား လုပ်စားလို့ရတယ်လေ”
လင်းလောသည် အခုမှ ကလေးဘဝကနေ အရွယ်ရောက် ကြီးပြင်းလာသော မိန်းကလေးငယ်လေး ကျင်းရှီအား တစ်ချက်ကြည့်လိုက်သည်။ “ဒါဆို နင်ကရော ဘာလို့ အခုထိ ဆင်ဂယ်ဖြစ်နေတုန်းလဲ”
“ငါစာကို အာရုံစိုက်ပြီး လုပ်ချင်သေးတယ်!” ကျင်းရှီက ပြတ်ပြတ်သားသား ပြန်ပြောခဲ့သည်။
...
အဆောင်တံခါးမှ ထွက်လာသောအခါ ကျင်းရှီ၏ မျက်နှာအမူအရာသည် သရဲမြင်လိုက်ရသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားသည်။
လင်းလောလည်း သူမကြည့်နေသည့်နေရာကို လိုက်ကြည့်ရာ ရှန်ဖျင်ချွမ်ကို တွေ့သွားသည်။ ရှန်ဖျင်ချွမ်သည် လမ်းမကြီးဘေးရှိ ထီးပန်းပင်အောက်တွင် အရပ်ရှည်ရှည်နှင့်ရပ်နေပြီး သစ်သားနှင့်လုပ်ထားသော နေ့လည်စာ ထမင်းဘူးလေးကို လက်ထဲတွင် ကိုင်ထားသည်။
ကျင်းရှီသည် အမြန်ထွက်ပြေးဖို့ လုပ်နေသည်။ “ရက်စက်တတ်တဲ့ ငါ့အစ်ကိုကြီး ရောက်နေပြီပဲ၊ ငါအရင်သွားနှင့်ပြီ!”
သို့သော် ရှန်ဖျင်ချွမ်သည် ခြေလှမ်းနှစ်လှမ်း သို့မဟုတ် သုံးလှမ်း လှမ်းလိုက်ရုံဖြင့် သူမအား ဖမ်းလိုက်နိုင်ပြီး ကျင်းရှီကို ကော်လန်နောက်ကနေ ဆွဲကိုင်လိုက်သည်။
သူ့မျက်နှာသည် ဆူပုတ်နေပြီး အသံကို နိမ့်ပြီးပြောကာ “မင်းက ကြီးလာပြီပဲ၊ ချာတိတ်လေး၊ ငါ့ကို မပြောပဲ ယောက်ျားလေး အဆောင်ကို ပြောင်းလာတယ်ပေါ့”
ကျင်းရှီသည် ခြေတိုတိုလေးနှင့် ပြန်ခံမချနိုင်သော ကော်ဂီခွေးလေးကဲ့သို့ သူ့ကြောင့် လေထဲမြောက်သွားသည်။
“ဒီကောင်တွေက ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး။ မင်း သူတို့နားမှာ မနေသင့်ဘူး၊ အဲ့ဒါကြောင့် အဲ့ကောင်တွေနဲ့ ဝေးဝေးနေ!” ရှန်ဖျင်ချွမ်က ကြိမ်းမောင်းလိုက်သည်။
ကျင်းရှီသည် နောက်ဆုံးတွင် ရုန်းကန်နေသည်ကို ရပ်ပြီး သူမမျက်နှာကို သနားစရာကောင်းစွာ ကာထားကာ “ကျွန်မကို အရင်အောက်ချပေး။ လူတွေအများကြီးကြည့်နေတယ် ရှက်စရာကြီး”
ရှန်ဖျင်ချွမ်သည် တခဏမျှ တုံ့ဆိုင်းသွားကာ သူမ၏ နီမြန်းနေသော မျက်နှာကို မြင်လိုက်ရသည်နှင့် ဤကလေးမလေးသည် ကြီးပြင်းလာပြီးဖြစ်ခါ အရွယ်ရောက်ပြီးသော မိန်းကလေး၏ အရှက်သိက္ခာမှာ သူမ တွင်ရှိနေကြောင်း သူသဘောပေါက်သွားလေသည်။
ထို့ကြောင့် သူသည်စိတ်ရှည်ရှည်နှင့် ကျင်းရှီကို အောက်ချပေးလိုက်ပြီး စိတ်တိုတိုနှင့် ပြောလိုက်သည်။ “မင်းနေသင့်တဲ့နေရာက မိန်းကလေးအဆောင်ပဲ၊ ဘာလို့ ယောက်ျားလေးအဆောင်ကို ပြောင်းလာတာလဲ”
“မိန်းကလေးအဆောင်က ရှစ်ယောက်ခန်းမှာ နေရတာကို မသိဘူးလား” ကျင်းရှီက
သူမ၏ အသက်ရှုသံအောက်တွင် ထိုသို့ရေရွတ်ရင်း “ကျွန်မ အချစ်ဆုံးသူငယ်ချင်းတွေက လေးယောက်ခန်းမှာ ဆောင့်ကြောင့်ထိုင်ရရင်ပဲဖြစ်ဖြစ် ပြောင်းလာချင်တယ်ဆိုလို့ ကျွန်မတို့ ဒီကိုပြောင်းလာခဲ့တာ”
“သူများတွေ
ဘာပဲလုပ်လုပ် ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်း ငါ့အတွက် ပြန်ပြောင်းပေးရမယ်” ရှန်ဖျင်ချွမ်က ပြန်ပြောလိုက်သည်။
“ဘာလို့ ကျွန်မက အစ်ကိုပြောတဲ့အတိုင်း လုပ်ရမှာလဲ” ကျင်းရှီက
သူ့စကားကိုနာခံရန် ငြင်းဆန်ခဲ့သည်။
“ဒီမှာနေတာက မလုံခြုံဘူး” ရှန်ဖျင်ချွမ်က သတိပေးလိုက်သည်။
“တကယ်ကြီး ဘာတွေလာပြောနေတာလဲ ရှန်ဖျင်ချွမ်၊ ကျွန်မနဲ့ ဝေးဝေးနေ၊ အဲ့ဒါမှ ကျွန်မလုံခြုံမှာ” ဟုကျင်းရှီက လက်လွတ်စပယ် ပြန်ဖြေလိုက်သည်။
ရှန်ဖျင်ချွမ်လည်း ပြောစရာစကားမရှိဖြစ်သွားသည်။
ကျင်းရှီ၏ စကားလုံးများသည် မရည်ရွယ်ပဲ ပြောလိုက်ခြင်းဖြစ်ပြီး ရှန်ဖျင်ချွမ်မှာ အနည်းငယ် စိတ်ထိခိုက်သွားသည်။ သူသည် ခဏလောက်ရပ်နေပြီး လက်ထဲက ထမင်းဘူးကို သူမလက်ထဲသို့ ပစ်ပေးလိုက်ပြီး အသက်ပြင်းပြင်း ရှူရှိုက်လျက် ထွက်သွားခဲ့သည်။
ဆိုင်သို့ရောက်သွားသောအခါ လင်းလောသည် ကျင်းရှီအတွက် ဆန်ပြုတ်နှင့် ကြက်ဥအချို့ကို ယူလာပေးကာ ရှန်ဖျင်ချွမ်၏ နေ့လည်စာထမင်းဘူး ကိုဖွင့်လိုက်သည်။
ထိုနေ့လည်စာ ထမင်းဘူးထဲတွင် လတ်လတ်ဆတ်ဆတ်လုပ်ထားသော ပေါင်မုန့်အချိုများသည် ပူပူနွေးနွေးဖြစ်နေဆဲဖြစ်သည်။
လင်းလောက ပြောလိုက်သည်။ “နောက်ဖေးလမ်းက ပေါင်မုန့်ဆိုင်က အရမ်းနာမည်ကြီးတာ မနက်ရှစ်နာရီလောက်ဆို ပေါင်မုန့်တွေရောင်းလို့ ကုန်ပြီ၊ နင့်အစ်ကိုက နင့်အတွက် ဝယ်လာပေးဖို့ အကြာကြီး တန်းစီလိုက်ရတဲ့ပုံပဲ”
ကျင်းရှီက ထိုပေါင်မုန့်များကို သူမရှေ့သို့ တွန်းလိုက်ပြီး “အဲဒါတွေ နင်ပဲစား”
“နင်ရောမစားဘူးလား” လင်းလောက မေးလိုက်သည်။
“အခုလေးတင်
ငါစားချင်စိတ် ပျောက်သွားလို့”
ချူးကျောက်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပေါင်မုန့်ကို ကိုင်လိုက်ပြီး “မစားရင် ငါရိုင်းရာကျမှပေါ့၊ ကျေးဇူးပဲ!”
လင်းလောက “တကယ်တော့ ရှန်ဖျင်ချွမ်က နင့်အပေါ် တော်တော် ကောင်းရှာပါတယ်။ ငါ့မှာ သူ့လို အစ်ကိုတစ်ယောက်တောင် မရှိဘူး။ ငါ့မှာသာ အဲ့လိုအစ်ကိုတစ်ယောက်ရှိရင်တော့ ငါအရမ်းပျော်မိမှာ!” ဟုပြောလိုက်သည်။
ချူးကျေောက်က အနံ့မွှေးပျံ့နေသော ပေါင်မုန့်ကို ဝါးရင်း “ဒီတိုင်းပြည်က ငါ့အတွက် အစ်ကို တစ်ယောက်ပေးဖို့ လိုတယ်၊ ငါ နင့်ကို အရမ်းမနာလိုဖြစ်မိတယ်”
“နင်တို့တွေ အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောနေကြတာပဲ” ကျင်းရှီက
စိတ်ညစ်ညစ်နှင့် ပြောလိုက်သည်။ “ငါလွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ဘယ်လိုရှင်သန်ခဲ့ရလဲဆိုတာ နင်တို့မသိပါဘူး၊ သူက အရမ်းရက်စက်တယ်၊ ဖက်ဆစ်တစ်ယောက်လိုပဲ!”
လင်းလောက “အိုဘုရားရေ၊ သူက အရမ်းချောပြီး နင့်ကို ဂရုစိုက်တယ်။ နင့်အစ်ကိုကို သူများပေးပစ်မယ်ဆိုရင် မပေးလိုက်နဲ့၊ ငါ့ကိုပေး၊ ငါသူ့ကိုလိုချင်တယ်!” ဟုပြောလိုက်သေးသည်။
ပေါင်မုန့်များ အများကြီးစားနေသော ချူးကျေောက်က ပြုံးပြပြီး “ငါလည်း သူ့ကို လိုချင်တယ်” ဟုပြောလိုက်သည်။
“ကောင်းပြီလေ၊ အဲ့ဒါဆို သူက နင်တို့အတွက်ဖြစ်သွားပြီ” ကျင်းရှီက
ရက်ရောစွာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး သူ့ကို အမြန်ခေါ်သွားပေး အဲ့ဒါမှ သူ့ရဲ့အဖိနှိပ်ခံ အလုပ်သမားတွေ သူ့ဒဏ်ကနေ လွတ်နိုင်မှာ”
မနက်စာစားပြီးနောက် သူတို့အဖွဲ့သည် အဆောင်ဆီသို့ ဦးတည်ပြီး ပြန်သွားကြသည်။ လင်းလောနှင့် ချူးကျောက်တို့၏ ရှည်ကြာသော သင်ကြားပို့ချပေးမှုအပြီးတွင် ကျင်းရှီသည် အစောပိုင်းလောက်က ရှန်ဖျင်ချွမ်အား သူမပြောခဲ့သောစကားများမှာ အနည်းငယ်လွန်သွားသလို ခံစားလိုက်ရသည်။
ယောက်ျားလေး အဆောင်တံခါးဝသို့ရောက်သောအခါ ကျင်းရှီသည် ရှန်ဖျင်ချွမ်အား တောင်းပန်ဖို့ မက်ဆေ့ဂျ်ပို့ရန် စာစီနေသော်လည်း ရှန်ဖျင်ချွမ်မှာ အဆောင်နားကနေ မထွက်သွားသေးသည်ကို တွေ့လိုက်ရသည်။
သူက တံခါးကို ပိတ်ဆို့ပြီး ထွက်လာသော ကျောင်းသားတစ်ယောက်ကို ခြိမ်းခြောက်နေသည်။ “အခန်း ၄၁၀က ငါ့ညီမနေတဲ့ အခန်းပဲ။ မင်း သူ့ကို မနှောင့်ယှက်တာ ပိုကောင်းလိမ့်မယ်!”
“ဟျောင့် မင်းတစ်ခုခုလုပ်ဖို့ မကြံလိုက်နဲ့ နောင်တရသွားမယ်!”
“မင်းမျက်နှာက ရာဇ၀တ်ကောင်နဲ့တူတယ်။ ငါ့ညီမအကြောင်း စဉ်းစားနေတာလား”
ကျင်းရှီ - ...
သူမသည် သူ့ကိုပို့မည့် တောင်းပန်စာကို ချက်ချင်းဖျက်လိုက်သည်။
**
ထိုညနေခင်းတွင် ကျောင်းက အားကစားကွင်း၌ ကျောင်းသားကျောင်းသူသစ်ကြိုဆိုပွဲကို ကျင်းပခဲ့သည်။ ယခင်ပွဲအတွေ့အကြုံများအရ ကြည့်ရှုသူအရေအတွက်မှာ ကန့်သတ်ချက် မရှိသော်လည်း ထိုင်ခုံကန့်သတ်ထားသောကြောင့် ဦးစွာလာရောက်မှသာ ထိုင်ခုံနေရာရမည်ဖြစ်သည်။
ကျင်းရှီတို့ အခန်းဖော်သုံးယောက်သည် တစ်ယောက်မှာ ထိုင်ခုံနေရာဦးဖို့ အားကစားကွင်းကိုသွားပြီး ကျန်နှစ်ယောက်က ညစာသွားဝယ်စားပြီး ထိုင်ခုံဦးပေးသူအတွက် အစားအသောက် ယူလာပေးဖို့ ဆုံးဖြတ်လိုက်သည်။
ကျင်းရှီသည် အားကစားကွင်းတွင် ထိုင်ခုံနေရာဦးပေးခဲ့သည်။
ကွင်းထဲရှိ ထိုင်ခုံများတွင် လူများက ထိုင်ခုံနေရာဦးရန် သုံးထားကြသည့် စာအုပ်များ၊ မှတ်စုစာအုပ်များ၊ ရေ သန့်ဘူးများ ကဲ့သို့သော ပစ္စည်းမျိုးစုံဖြင့် ပြည့်နေပြီဖြစ်သည်။ သူမသည် ထိုင်ခုံနေရာကို တစ်ခဏမျှ လိုက်ရှာပြီး နောက်ဆုံးတွင် အစွန်းဆုံးရှိ လွတ်နေသော ထိုင်ခုံနေရာတစ်ချို့ကို တွေ့လိုက်ကာ ထိုင်ခုံများကို အမြန်ဆွဲယူကာ စာအုပ်တစ်အုပ်ကို ထုတ်၍ နေရာဦးလိုက်သည်။
ကျောင်းသားကျောင်းသူကြိုဆိုပွဲသည် နှစ်စဉ်နှစ်တိုင်း ကျောင်းသားသစ် ကျောင်းသူသစ် အများအပြားကို ဆွဲဆောင်နိုင်သော ကျောင်းအဆင့်ပွဲတစ်ပွဲဖြစ်သည်။ ကျင်းရှီသည် သူမ၏ စီနီယာအစ်မများထံမှ ဖျော်ဖြေပွဲများသည် အရည်အသွေးမြင့်ပြီး ထိုပွဲကိုမသွားသည့်အတွက် နောင်တရလိမ့်မည်ဟု ကြားသိခဲ့ရသည်။
နေဝင်လာသည်နှင့်အမျှ သူမသည် ထိုင်ခုံသေးသေးလေးပေါ်တွင် တစ်ယောက်တည်းထိုင်ကာ ပွဲစရန် စောင့်နေသည်။
အားကစားကွင်းအနီးရှိ အမျိုးသား ကာကွယ်ရေး အကယ်ဒမီကျောင်း၌ ထရိန်နင် ပြီးဆုံးသွားကြောင်း တွေ့လိုက်ရသည်။
ပေါ်ရန်သည် ရေဘူးကိုယူပြီး သောက်လိုက်ရာ လည်ပင်းအနှံ့ ရေစက်များ ဖြန်းနေသလို ဖြစ်နေပြီး သူ့ကို ပို၍ကြည့်ကောင်းစေသည်။ စိုနေသော ဆံပင်တိုတိုကို ခါယမ်းကာ ရေချိုးဖို့ထွက်သွားခါနီး မလှမ်းမကမ်းရှိ ထိုင်ခုံသေးသေးလေးပေါ်တွင် ဖုန်းကို ခေါင်းငုတ်ကြည့်ကာ ထိုင်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူက ပြုံးပြီး သူ့ခြေထောက်ရှည်ကြီးများက ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေသလိုမျိုးဖြစ်ကာ သူမဆီ သူ့ကို အလိုလျောက် ခေါ်သွားလေသည်။
ဒီနေ့တော့ ထိုကလေးမလေးသည် ဆံပင်ကို ကျစ်ဆံမြီးမကျစ်ထားပဲ နားရွက်နောက်တွင် အမြီးလေးနှစ်ခု လိမ်ကျစ်ထားလေသည်။ နေရောင်သည် သူမ၏ နားရွက်သေးသေးလေးများကို နီမြန်းသွားစေပြီး အထူးချစ်စရာကောင်းသော သူမ၏ လှပသော ဆံနွယ်လေးများကို ပေါ်လွင်စေသည်။
သူမသည် ထိုင်ခုံသေးသေးလေးပေါ်တွင် ထိုင်ကာ ရံဖန်ရံခါ မျက်မှန်ကို တွန်းတင်နေပြီး ဖုန်းကို အာရုံစိုက်ကာ မက်ဆေ့ချ်ပို့ဖို့ စာရိုက်နေပုံရသည်။
ပေါ်ရန်က သူမဆီ တိတ်တဆိတ် လျှောက်သွားကာ လှည့်ပတ်ကြည့်နေပေမယ့် ကောင်မလေးက သူ့ကို မော့တောင်မကြည့်ခဲ့ပေ။
ပေါ်ရန်သည် သူမဘေးတွင် ဒီအတိုင်းဝင်ထိုင်လိုက်ပြီး သူမ ဖုန်းစခရင်ကို ငုံ့ကြည့်လိုက်သည်။
သူမ၏ ဝဝကစ်ကစ် လက်ချောင်းလေးများက မည်းနက်နေသော ပရိုဖိုင်ပုံပေါ်သို့ ထိလိုက်ပြီး မက်ဆေ့ချ်ပို့ဖို့ စာရိုက်နေသည် —
“စီနီယာပိုင်ရန်၊ ကျောင်းသားကျောင်းသူသစ်ကြိုဆိုပွဲကို လာမှာလား၊ ကျွန်မ ထိုင်ခုံတစ်ခုံစာ နေရာဦးပေးထားမယ်”
နှိပ်သည်၊ ပို့သည်။
ပေါ်ရန် - “ငါ ဖုန်းမယူလာဘူး”
“အမလေး!”
ကျင်းရှီက လန့်သွားပြီး ထိုင်ခုံပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သော်လည်း ပေါ်ရန်က သူမ၏ လက်ကောက်ဝတ်ကို အမြန်ဆွဲကာ ဆွဲတင်ပေးလိုက်သည်။
“စီနီယာ၊ ရှင်က သရဲလား” ကျင်းရှီက
ဆူဟောက်လိုက်သည်။ “ရှင်လမ်းလျှောက်လာတာ ဘာသံမှလည်း မကြားရဘူး”
ပေါ်ရန်က ပြုံးပြီး ပြောလိုက်သည်။ “အဲ့တော့ ငါ့မှားသွားလား”
သူသည် သူမကို ကြိမ်ဖန်များစွာ အချက်ပြနေသော်လည်း သူမက နည်းနည်းလေးတောင် မသိခဲ့ပေ။
ကျင်းရှီက ရင်ဘတ်ကိုဖိပြီး “ရှင့်ကြောင့် ကျွန်မလန့်သွားတယ်”
ပေါ်ရန်၏ အကြည့်သည် နိမ့်ချည်မြင့်ချည်ဖြစ်နေသော တုန်လှုပ်နေသော သူမရင်အုံပေါ်သို့ တစ်ခဏမျှ ရောက်သွားပြီး “ငါ့နာမည်က အဲ့လိုမျိုး စာလုံးပေါင်းတာမဟုတ်ဘူး” ဟုပြောလိုက်သည်။
“ဟင်? အဲ့ဒါက ပိုင်ရန်မဟုတ်ဘူးလား”
“ဒီစာလုံးက
မျိုးရိုးနာမည်အဖြစ် သုံးထားတာ 'ပိုင်’ ဆိုပြီး အသံထွက်တယ် ‘ပေါ်’ မဟုတ်ဘူး”
ကျင်းရှီသည် တုံးအစွာနှင့် တစ်စုံတစ်ယောက်၏ နာမည်ကို အသံထွက်မှားပြီး ထိုနေရာတွင် လူမိသွားခြင်းကြောင့် ယဉ်ကျေးသိမ်မွေ့စွာ ခေါင်းညိမ့်ပြကာ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။
သူမက အေးအေးဆေးဆေးဖြစ်နေသလို ဟန်ဆောင်ပြီး “ရှင့်နာမည်ရဲ့ စာလုံးနှစ်လုံးက ဘာလဲ၊ စီနီယာ” ဟု မေးလိုက်သည်။
အကြံအစည်ကြီးသော မြေခွေးတစ်ကောင်လိုပုံစံဖြစ်သွားသော ပေါ်ရန်က သူ့မျက်လုံးထောင့်ကနေ သူမကို ကြည့်လိုက်ပြီး “မင်းလက်တွေပြ” ဟုပြောလိုက်သည်။
ကျင်းရှီသည် ရှုပ်ထွေးပြီး ပျော့ပျောင်းသော မျဉ်းကြောင်းများရှိသည့် သူမ၏လက်များကို နာခံစွာနှင့် ထုတ်ပြလိုက်သည်။
ပေါ်ရန်သည် သူမ၏လက်ကိုဆွဲကာ သူမ၏လက်ဖဝါးပေါ်တွင် သူ၏အမည်ကို တစ်ချက်ချင်းစီ ရေးပြနေသည်။
ကျင်းရှီက သူ့ကို မော့ကြည့်လိုက်ရာ သူ့မျက်လုံးများက အလွန်ပင် လှနေသည်။
အထူးသဖြင့် ပြုံးလိုက်သည့်အခါ ဆွဲဆောင်မှုရှိသော ဇာမဏီငှက်မျက်လုံးတစ်စုံနှင့် အောက်ကိုငုတ်ကြည့်လိုက်သည့်အခါ မျက်တောင်များက ပါးလွှာပြီး တစ်ချောင်းနှင့်တစ်ချောင်း အလွန်ပူးကပ်စွာ ပေါက်နေသည့်အတွက် ထူထဲသလို မြင်နေရသည်။
ထိုမျက်လုံးများသာ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ ရှိနေလျှင် လှပလွန်းသဖြင့် ယောက်ျားတိုင်းကို ရူးသွပ်သွားစေလိမ့်မယ်။
ရေးပြီးသည်နှင့် ပေါ်ရန်က သူမလက်ဖဝါးကိုပိတ်လိုက်ပြီး “မှတ်မိပြီလား” ဟုမေးလိုက်သည်။
ကျင်းရှီက အံ့သြသော အမူအရာဖြင့် ခေါင်းခါလိုက်သည်။
သူဘာရေးခဲ့လဲဆိုသည်ကို သူမ လုံးဝ အာရုံမစိုက်ပြီး ကြည့်မနေခဲ့ပေ။
ပေါ်ရန် - ...
သေစမ်း၊ သူသည် သူမကို ပရောပရည်တောင် မလုပ်နိုင်ခဲ့ပေ။
ကျင့်ချီနှင့် ကျောင်းသားများအုပ်စုက သူတို့ကို ခဏလောက် ကြည့်ပြီး သည်းမခံနိုင်တော့ပဲ “ဂျူနီယာညီမလေးရေ၊ စီနီယာပေါ်ရန်ရဲ့ နာမည်က ပေါ့ပေါ့တန်တန်ဆိုတဲ့ 'ပေါ်’ နှင့် နှောင့်နှေးတယ်ဆိုတဲ့ ‘ရန်’ ဆိုပြီးစာလုံးပေါင်းတယ်၊ အဲ့ဒါကို မှတ်ထားနော်!"
ကျင်းရှီက လှည့်ကြည့်ပြီး ‘ပေါ်’ ဆိုတာကိုတော့ သိပါတယ်၊ နှောင့်နှေးတယ်ဆိုတာက ဘာလဲ”
ကျင့်ချီက ရယ်မောပြီး ပြောလိုက်သည်။ “သုတ်လွှတ်တာ နှေးတယ်ဆိုတဲ့ဟာ...”
ပေါ်ရန်က သူ့ဦးထုပ်ကို ချွတ်လိုက်ပြီး ထိုကောင်လေးများဆီ လွှင့်ပစ်လိုက်ရာ သူတို့တတွေ လူစုကွဲသွားကြသည်။
ပေါ်ရန်သည် အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရပြီး ဘာပြောလိုက်မှန်းကို နားမလည်သလိုဖြစ်နေသော မျက်တောင် ခဏခဏခတ်နေသော ကျင်းရှီကို မသိမသာနှင့် တစ်ဖန်ပြန်ကြည့်မိသည်။
ထိုကလေးမလေးမှာ ကြည်လင်သောမျက်လုံးများရှိပြီး သူမသည် ဘာကိုမှနားမလည်ပေ။
“စီနီယာ၊ သူတို့ဘာတွေပြောနေကြတာလဲ”
“ဘာမှမဟုတ်ဘူး၊ နောက်ဆို သူတို့နဲ့ စကားမပြောမိစေနဲ့”
ကျင်းရှီက နာခံတတ်စွာနှင့် ခေါင်းညိမ့်လိုက်ပြီး “စီနီယာ၊ ရှင် ကျောင်းသားကျောင်းသူသစ်ကြိုဆိုပွဲကို ကျွန်မနဲ့ အတူတူကြည့်ချင်လား” ဟုမေးလိုက်သည်။
“မကြည့်ချင်ဘူး” ပေါ်ရန်သည် သူမဘေးတွင် ဒူးထောက်နေပြီး လက်နှစ်ဖက်က ဒူးခေါင်းကို ထောက်ပေးထားရာ မျက်မှောင်ကြုတ်ကာ အဝေးမှ နေဝင်နေသည်ကို လှမ်းကြည့်လိုက်သည်။ “ငါ ပြန်ရောက်ရင် ရေချိုးတော့မယ်။ ဒီနေ့ တစ်နေကုန် ထရိန်နင်ဆင်းထားရတာ”
“အိုး အိုကေ”
“မင်း ညစာမစားတော့ဘူးလား” ပေါ်ရန်က သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်။ “စောသေးတယ်၊ ပွဲက ၈ နာရီမထိုးမချင်း စဦးမှာမဟုတ်ဘူး”
“ကျွန်မ ထိုင်ခုံနေရာ ဦးပေးထားတာ၊ ကျွန်မ သူငယ်ချင်းတွေက ထမင်းသွားစားကြတယ်၊ နောက်ကျရင် ကျွန်မစားဖို့ တစ်ခုခု ယူလာပေးလိမ့်မယ်”
“ဗိုက်ဆာနေလား”
ကျင်းရှီက ခေါင်းယမ်းပြလိုက်ပြီး ပေါ်ရန်၏ လက်ထဲမှ သတ္တုရေဘူးကို ငုတ်ကြည့်လိုက်သည်။ “ကျွန်မ ရေနည်းနည်းဆာတယ်”
ပေါ်ရန်ကိုင်ထားသော သတ္တုရေ ရေသန့်ဘူးထဲတွင် ရေအနည်းငယ် ကျန်နေသေးသည်။
သူသောက်ပြီးသား ရေဘူးကို ပေးလိုက်ခြင်းသည် အနည်းငယ် ပေါ့ပေါ့တန်တန်နိုင်သော်လည်း သူမကို မပေးပဲ ထားလိုက်လျှင် သူ့ကို မျှော်တလင့်လင့်နှင့် ကြည့်နေသော ထိုကောင်မလေးမှာ သိမ်ငယ်စရာဖြစ်သွားလိမ့်မည်။
ပေါ့ပေါ့တန်တန်နှင့် သိမ်ငယ်မှုအကြား ပေါ်ရန်သည် ရှေ့ဆုံးကဟာကို ရွေးလိုက်သည်။
သူ့လက်ထဲက သတ္တုရေဘူးကို လှုပ်ယမ်းလိုက်တယ်။ “နည်းနည်း ကျန်သေးတာပဲ”
ကျင်းရှီသည် အစ်ကိုနှစ်ယောက်နှင့် ကြီးပြင်းခဲ့ပြီး ဘာကိုမှ သိပ်ပြီး ဂရုမစိုက်တတ်သော ကိုယ်ကျင့်စရိုက်ရှိသည်။ သူမသည် ကိုလာအတွက် အစ်ကိုများနှင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး ကျားမ ကန့်သတ်ချက်မရှိခဲ့ပေ။
သူမသည် ပေါ်ရန်လက်ထဲမှ သတ္တုရေဘူးကိုယူကာ အဖုံးဖွင့်ပြီး တစ်ချိုက်တည်း သောက်ပစ်လိုက်သည်။
ပေါ်ရန်က သူမကိုကြည့်ရင်း မျက်ခုံးများပင့်တက်သွားသည်။
သူမသည် ရေဘူးအဝကို ပါးစပ်ဖြင့် ငုံထားရင်း ရေများ ယိုဖိတ်မသွားအောင် တားလိုက်သည်။ သူမသည် တစ်ငုံချင်းစီသောက်နေပြီး သူမ၏ လည်တိုင်တစ်လျှေောက် ရေများစီးကျလာသည်နှင့်အမျှ လည်ချောင်းသည် အနည်းငယ်ရွေ့လျားသွားသည်။
မိန်းကလေးနှင့် ယောက်ျားလေး ရေသောက်သည်မှာ လုံးဝမတူပေ။
ပေါ်ရန်က သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်သည်။
သူမသည် တစ်ကျိုက်တည်းနှင့် ကျန်နေသောရေများကို သောက်နေပုံအရ သူမရေငတ်နေပုံရသည်။
ကျင်းရှီ ရေသောက်ပြီးသည့်နောက်တွင် သူမသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်သည့် အကျင့်စာရိတ္တ ကောင်းမွန်သော ပုံစံဖြင့် ရေဘူးကို လွှတ်ပစ်ရန် ပြင်ဆင်နေသည်။
သူတို့ကို ခဏမျှစောင့်ကြည့်နေသော သန့်ရှင်းရေးအဖိုးက သူတို့ဆီလာပြီး “ဒီပုလင်းကို မင်းတို့လိုသေးလား” ဟုမေးလိုက်သည်။
ပေါ်ရန်က သူမ သောက်ထားသော ရေဘူးကို မပေးချင်သောကြောင့် ထိုဘူးအလွတ်ကို ယူလိုက်ပြီး “ဟုတ် လိုပါတယ်” ဟုပြောလိုက်သည်။
သန့်ရှင်းရေးအဖိုးသည် သတ္တုရေဘူးအလွတ်ကို တွန့်ဆုတ်စွာကြည့်ကာ ပေါ်ရန်မှာ အမှန်တကယ် စွန့်ပစ်ရန် ရည်ရွယ်ချက်မရှိမှန်း သိလိုက်သောအခါမှ ထွက်သွားလေသည်။
ကျင်းရှီ - “ရှင် သတ္တုရေဘူးအလွတ်တွေ စုနေသေးတာလား”
“အင်း”
ကျင်းရှီက ပေါ်ရန်မှာ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်သည်ဟု မမျှော်လင့်ထားသောကြောင့် “စီနီယာ၊ ကျွန်မ ရှင့်ကို ကူညီပေးမယ်၊ နောင်အနာဂတ်မှာ ရှင့်အတွက် ကျွန်မတို့အဆောင်က သတ္တုရေဘူးတွေ အားလုံးကို သိမ်းထားပေးမယ်” ဟုပြောလိုက်သည်။
“ကောင်းပြီ” ဟုပေါ်ရန်က ပြန်ပြောလိုက်သည်။