လူပျိုလှည့်တေး
အပိုင်း ၁၀
ကျင်းရှီ သည် ပေါ်ရန်ပေးခဲ့သော “သတ္တိ” ဟူသော ပန်းချီကားကို တန်ဖိုးထားခဲ့ပြီး ရလဒ်အနေဖြင့် သူမသည် စစ်ရေးလေ့ကျင့်မှုအတွင်း ယခင်ကထက် ပိုမိုလေးနက်လာခဲ့သည်။ ရှုချောင်းယန်ပင် သူမ၏ တိုးတက်မှုကို ချီးကျူးခဲ့သည်။
ညစာစားပြီးနောက် တစ်ညနေတွင် ကျင်းရှီ၏ အခန်းဖော်များသည် လမ်းလျှောက်ထွက်ခဲ့စဉ် ကျင်းရှီသည် အဆောင်သို့ တစ်ယောက်တည်းပြန်လာခဲ့သည်။
အဆောင်နားသို့ ရောက်သောအခါ အစိမ်းရောင် စစ်ယူနီဖောင်းဝတ်ထားသော မိန်းကလေးတစ်ဦးသည် ပေါ်ရန်နှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် သူမ၏ ဆံပင်ကို တစ်စုတစ်စည်းတည်းစုချည်ထားပြီး စစ်အင်္ကျီအပေါ်ထပ်ကို ခါးတွင်ချည်ထားကာ သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို အပြည့်အဝ ပေါ်လွင်စေသည်။
ကျင်းရှီသည် ထိုမိန်းကလေးအား လျှောက်လမ်းအဆုံးရှိ “ရွှေပန်းပွင့်လေးပွင့်” ထဲမှ တစ်ယောက်အဖြစ် မှတ်မိသွားသည်။ ပေါ်ရန်ကိုကြည့်နေသော မိန်းကလေး၏ မျက်လုံးများသည် စိတ်အားထက်သန်မှုအပြည့်နှင့် စိတ်လှုပ်ရှားစွာပြောနေသည်။
နေဝင်ချိန်၌ ပေါ်ရန်၏ ပုံပန်းသွင်ပြင်သည် တောက်ပနေပြီး သိသိသာသာ ချောမောနေသည်။ သူ၏ မျက်လုံးများကို ကြည့်လိုက်သောအခါ ထိုမျက်လုံးများထဲတွင် ထိုမိန်းကလေးကို ကြူနေသော အရိပ်အယောင်များ တွေ့လိုက်ရသည်။
ထိုမိန်းကလေးက သူမနောက်ကနေ လက်ဆောင်ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်ပြီး ပေါ်ရန် မော့ကြည့်လိုက်သောအခါ ကျင်းရှီနှင့် မတော်တဆ အကြည့်ချင်းဆုံမိသွားသည်။ ကျင်းရှီ အသက်ရှု ခဏရပ်သွားပြီး သူမ အမြန်လှည့်ထွက်ပြေးသွားခဲ့သည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ကျင်းရှီသည် သူမ မည်မျှ မိုက်မဲစွာ ပြေးနေခဲ့သည်ကို သဘောပေါက်လိုက်သည်။ သူမ ဘာအမှားမှ မလုပ်ခဲ့ပဲ ဘာကြောင့် သူခိုးလို ပြေးနေရတာလဲ။ အဆောင်ကို ပြန်ရောက်သည့်အခါ ပေါ်ရန်တို့ နှစ်ယောက်ကို မတွေ့တော့ပေ။ သူတို့သည် လက်ချင်းချိတ်ပြီး တောထဲသို့ ဝင်သွားကောင်း ဝင်သွားပေလိမ့်မည်။
ထိုအချိန်တွင် ရှုချောင်းယန်သည် လှပစွာထုပ်ပိုးထားသော ကိတ်မုန့်များ၊ အနုပညာဆန်ဆန် မှတ်စုစာအုပ်များနှင့် နိုင်ငံခြားမှလာသော ချောကလက်များအပါအဝင် ကျောင်းသူများထံမှ စာများနှင့် လက်ဆောင်များစွာကို ရရှိခဲ့သည်။ သူသည် အဆောင်ထဲတွင် နေ့တိုင်း ပီတိဖြစ်ကာ ပေါ်ရန်ကို ကြွားနေခဲ့သည်။ ပုံမှန်အားဖြင့် အေးအေးဆေးဆေးနေတတ်သော ကျင့်ချီပင်လျှင် သူ့အပြုအမူကြောင့် အမြင်ကပ်လာခဲ့သည်။
သို့သော် ပေါ်ရန်သည် ထိုအရာကို မနာလိုမဖြစ်ပဲ ရှုချောင်းယန် ကြွားလုံးထုတ်သည်ကို လျစ်လျူရှုခဲ့သည်။ ထိုသို့ လျစ်လျူရှုထားသည်မှာ ကျင်းရှီထံမှ ကတ္တီပါစလေးကို လှပစွာထုပ်ပိုးပြီး သကြားလုံးအရသာမျိုးစုံပါရှိသော သကြားလုံးဘူးလေးကို ရှုချောင်းယန် လက်ခံရရှိသည့် အချိန်မတိုင်ခင်အထိဖြစ်သည်။
ကျင်းရှီသည် သကြားလုံးများကို ဂရုတစိုက်ရွေးချယ်ပြီး ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့သည်မှာ ထင်ရှားနေသည်။ သကြားလုံးဘူးလေးနှင့်အတူ လှပသော စာတိုပါ ပန်းရောင်ကတ်တစ်ခုပါ ပါရှိပြီး စစ်ရေးလေ့ကျင့်မှုအတွင်း သူ၏ကြိုးစားအားထုတ်မှုနှင့် သင်ပြမှုအတွက် ရှုချောင်းယန်အား ကျေးဇူးတင်ကြောင်း ရေးထားသည်။
ကတ်တွင် ရှုချောင်းယန်၏ တင်းကျပ်သော စည်းကမ်းနှင့် ခေါင်းဆောင်မှုကို ချီးကျူးသည့် "Seven Rhymes - The Long March" ဟူသော ကဗျာတစ်ပုဒ်လည်း ပါရှိသည်။
ရှုချောင်းယန်က ပေါ်ရန်ကို သကြားလုံးတစ်ခြမ်း ပေးလိုက်ပြီး ကျင်းရှီထံမှ ရလာသည်ဟုပြောလိုက်သည်။ ထို့နောက် ကျင်းရှီသည် သူ့အတွက် ကဗျာတစ်ပုဒ်ရေးခဲ့ကြောင်းလည်း ပြောပြခဲ့သေးသည်။ ပေါ်ရန်က ရိုးရိုးရှင်းရှင်း “အိုး” ဟုပြန်ဖြေလိုက်သည်။
ထိုညတွင် အခန်း ၄၀၉ တံခါးကို ခါတိုင်းထက် နှစ်ဆလောက် ကျယ်လောင်စွာ ခေါက်နေပြီး ခေါက်သံကြားလိုက်ရသူတိုင်းအတွက် အသည်းကို တုန်လှုပ်သွားစေခဲ့သည်။ ကျင့်ချီသည် ဂိမ်းတစ်ပွဲ ဆော့ရင်း အံ့အားသင့်စွာဖြင့် လက်ကိုဆွဲချလိုက်သောအခါတွင် ဂိမ်းထဲတွင် သေတော့မလိုဖြစ်ခဲ့သည်။
သူ့နားကြပ်ကို ချွတ်လိုက်ပြီး ပေါ်ရန်ရပ်နေသော တံခါးနားဆီသို့ ပြေးသွားလိုက်သည်။ “မင်းကို ဘယ်သူ ဇယားလာရှုပ်လို့လဲ” သူကမေးလိုက်သည်။
ပေါ်ရန်သည် ခါတိုင်းကဲ့သို့ ငြိမ်သက်စွာ နေနေဆဲဖြစ်သည်။ “ဘယ်သူမှ မဟုတ်ပါဘူး” ဟုပြန်ဖြေလိုက်သည်။
ထို့နောက်တွင်မူ စားပွဲပေါ်ရှိ ရေခွက်ကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်စဉ် နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျင့်ချီလည်း ကြောက်လာပြီး သူ့နားကြပ်ကို အမြန်တပ်လိုက်ကာ ဘေးလွတ်ရာကို ပြောင်းသွားလေသည်။
နောက်ရက်ပိုင်း အနည်းငယ်အတွင်း ပေါ်ရန်မှာ သူနှင့်သူငယ်ချင်းဆက်ဆံရေးကို တစ်ဖက်သတ် ဖြတ်တောက်လိုက်ကြောင်း ရှုချောင်းယန်က သံသယရှိခဲ့သည်။ စစ်ရေး လေ့ကျင့်မှုအတွင်း ရှုချောင်းယန်သည် အချိန်မီ အတန်းမတက်နိုင်သဖြင့် ကျောင်းသားသမဂ္ဂမှဖြတ်သွားသောအခါ နေ့တိုင်းလိုလို ပေါ်ရန်ကို သူ့အစားလက်မှတ်ထိုးဖို့ တောင်းဆိုခဲ့သည်။
ရက်အနည်းငယ်ကြာသောအခါတွင် ရှုချောင်းယန်သည် အကျင့်စာရိတ္တ ကောင်းမွန်မှုအမှတ်နှင့် အတန်းတက်ရောက်မှု မှတ်တမ်းကို စိတ်လှုပ်ရှားစွာ လဲလှယ်ရန် သွားသောအခါ သူ့နာမည်များသာ ဖြစ်သင့်သော နာမည်အတန်းများတွင် ပေါ်ရန် နာမည်သို့ ပြောင်းသွားကြောင်း တွေ့ရှိခဲ့သည်။ အကျင့်စာရိတ္တ ကောင်းမွန်မှု အမှတ်များကိုလည်း ပေါ်ရန်ဆီမှာ ထည့်သွင်းထားကြောင်း တွေ့လိုက်သည်။
ရှုချောင်းယန်က ဒေါသတကြီးနှင့် မေးနေသော်လည်း ခေါင်းကုတ်ပြီး ပြောနေသော ပေါ်ရန်က “အော် ငါမှားရေးမိတာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ရေးလိုက်တာ မဟုတ်ဘူး” ဟုပြောလိုက်သည်။
ပေါ်ရန်သည် ကလဲ့စားချေရသည်ကို ပျော်နေပြီး “ငါမင်းကို ပစ်မှတ်ထားနေတယ်၊ အဲ့ဒါကြောင့် အဲ့လောက်တော့ ခံလိုက်စမ်း” ဟုပြောလိုက်သည်။
ထို့နောက် ပေါ်ရန်က သူ့ကို ညဖက် ပြေးဖို့အတွက် ထပ်ပြီးမခေါ်တော့ပဲ အိမ်သာအတူတူသွားမိလျှင်တောင် ပေါ်ရန်က ရှုချောင်းယန် ပြီးသည်အထိ အပြင်မှာ စောင့်နေပြီး သူပြန်သွားမှသာ ပေါ်ရန် ဝင်သွားလေသည်။
မတူကွဲပြားသော ထိုလက္ခဏာများအားလုံးသည် တူညီသောအရာကို ညွှန်ပြနေသည် - ဗိုလ်ရန်နှင့် သူငယ်ချင်းဆက်ဆံရေးလှေသည် မှောက်တော့မည်။
ရှုချောင်းယန်က ထိုအရာကို စဉ်းစားလိုက်ပြီး ပြဿနာမှာ ကျင်းရှီက သူ့ကို ပေးခဲ့သော လက်ဆောင်ကြောင့် ဖြစ်နိုင်သည်ဟု ခံစားရသည်။
ထိုလက်ဆောင်သကြားလုံးဘူးသည် စားပွဲပေါ်တွင် ရှိနေဆဲဖြစ်သည်။ ထိုလက်ဆောင်ဘူးမှ သကြားလုံးတစ်ထုပ်ကို ထုတ်ယူလိုက်တိုင်း ပလတ်စတစ်အသံ ကျယ်လောင်စွာ ထွက်လာသည့်အခါ သူ့နောက်ကွယ်မှ အေးစက်ပြီး ရက်စက်သော အကြည့်ကို ခံစားလိုက်ရသည်။
ရှုချောင်းယန်သည် ထိုကိစ္စကို ကျင်းရှီနှင့် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ထိုညတွင် လူစုကွဲသွားချိန်တွင် ရှုချောင်းယန်က ကျင်းရှီကို လူမမြင်သည့် နောက်ကွယ်တစ်နေရာသို့ ခေါ်သွားပြီး “ကျင်းရှီ၊ မနက်ဖြန်ကျရင် စစ်ရေးလေ့ကျင့်မှုပြီးတော့မယ်။ မင်းရဲ့နည်းပြဆရာပေါ်ကိုရော လက်ဆောင်ပေးဖို့ တစ်ခုခုပြင်ပြီးပြီလား”
ကျင်းရှီက မေးလိုက်သည်။ “ဘယ်နည်းပြပေါ်လဲ”
“မင်းရဲ့ ဟိုဖက်အခန်းမှာနေတဲ့ နည်းပြဆရာပေါ်ရန်လေ” ဟုရှုချောင်းယန်က ပြန်ဖြေလိုက်သည်။
ကျင်းရှီက ပြောလိုက်သည်။ “ အိုး သူက နည်းပြဆရာလား”
ရှုချောင်းယန်က “မင်းဆရာပေါ်ရန်က မင်းကို ခေါင်မိုးထပ်မှာ နေ့တိုင်း လေ့ကျင့်ပေးနေ သင်ပေးနေတာ မဟုတ်ဘူးလား၊ မင်းရဲ့ စစ်ရေးလေ့ကျင့်မှု ကိုယ်နေဟန်ထားက အရမ်းရုပ်ဆိုးပြီး မတိုးတက်သေးပေမယ့် မင်းကို နေ့တိုင်း သူဘာတွေ သင်ပေးနေလဲ ငါမသိဘူး...ဒါပေမယ့် အဲ့ဒါက အဓိကမဟုတ်ဘူး၊ အဓိကအချက်က တစ်ရက်လောက် ဆရာဖြစ်သွားခဲ့ရင် ဘဝတစ်ခုရဲ့ အဖေဖြစ်သွားသလိုပဲ မင်းသူ့ကို ရိုသေကြောင်း ပြသင့်တယ်” ဟုပြောလိုက်သည်။
ကျင်းရှီက ရှုချောင်းယန် စကားကြောင့် အံ့အားသင့်သွားသည်။ “သူ့မှာ ကောင်မလေးရှိတယ်မလား အဲ့ကောင်မလေး စိတ်ဆိုးသွားမှာမဟုတ်ဘူးလား”
ရှုချောင်းယန်က အပြုံးသဲ့သဲ့လေးပြုံးပြီး “မိန်းကလေးတော်တော်များများက ပေါ်ရန်ကို လက်ဆောင်တွေ ပေးခဲ့ကြပေမယ့် လူတိုင်းက သူ့ကောင်မလေးဖြစ်ဖို့ အရည်အချင်းမပြည့်မီပါဘူး။ ပေါ်ရန်က ဒီကိစ္စတွေမှာ အရမ်းဇီဇာကြောင်တာ”
ကျင်းရှီက ခေါင်းကို မော့ပြီး “အိုး၊ သူ့မှာ ကောင်မလေးမရှိဘူးလား” ဟုမေးလိုက်သည်။
ရှုချောင်းယန်က “လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတည်းက ငါ့နှာခေါင်းနဲ့ မျက်လုံးတွေကို သတိထားပြီး နေနေရတာ၊ အရာအားလုံးက ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသလို ခံစားနေရတယ်။ ငါဒီလိုပုံစံမျိုးနဲ့ ကောင်မလေး ဘယ်လို သွားထားလို့ရမှာလဲ” ဟုညီးညူလိုက်သည်။
ကျင်းရှီသည် သူမစင်ဂယ်ဖြစ်နေသောကြောင့် သူ့ကို လက်ဆောင်ပေးဖို့ ဘာမှမဖြစ်လောက်ဘူးဟု သူမထင်ခဲ့သည်။ ထိုညတွင် ပေါ်ရန်သည်လည်း ကျင်းရှီ ကိုယ်တိုင်လုပ်ထားသော သကြားလုံးဘူးကို လက်ခံရရှိခဲ့သည်။
၎င်းသည် ရှုချောင်းယန်ဘူးထက်တစ်လက်မပိုကြီးသည်။ သကြားလုံးများ ပို၍ပါရှိပြီး နာမည်ကျော် ကဗျာဆရာ မောင်စီတုံး၏ “နွေဦးနှင်း” ဟူသော ကဗျာတစ်ပုဒ်ပါ၀င်သည်။
လျှောက်လမ်းအဆုံးရှိ လှေကားထစ်တွင် ပေါ်ရန်သည် လက်ဆောင်ဘူးငယ်ကို လက်ခံရရှိပြီး မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ သူ့မျက်လုံးများတွင် နီညိုရောင်ရှိသော မျက်လုံးအိမ်များသည် စိတ်လှုပ်ရှားမှုများ တဟုန်ထိုး တက်လာသော်လည်း သူ့မျက်နှာမှာ ဣန္ဒြေစောင့်ထိန်းရန် ကြိုးစားရင်း မျက်နှာပေါ်တွင် ထုတ်ဖော်မပြပေ။
ကျင်းရှီ - “ပေါ်ရန်၊ ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါရှင်၊ ဒါက ရှင့်အကူအညီကို အသိအမှတ်ပြုတဲ့ ကျွန်မရဲ့ လက်ဆောင်လေးတစ်ခုပါပဲ”
ပေါ်ရန်က သူ့နှုတ်ခမ်းပေါ်က အပြုံးကို မျိုသိပ်ပြီး “ကလေးဆန်လိုက်တာ” ဟု ရေရွတ်လိုက်သည်။
ကျင်းရှီသည် သူမ၏ အပြစ်ကင်းသော သမင်မျက်လုံးများဖြင့် ပေါ်ရန်ကို မော့ကြည့်လိုက်သည်။ ပေါ်ရန်က အမှန်တကယ် နှစ်သက်သည်ကို မြင်လိုက်သော်လည်း သူသည် ဝန်ခံရန် အလွန်ပင် မာနကြီးခဲ့သည်။
ပေါ်ရန်က အပေါ်ကနေ သူ့ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သူမ၏ မေးစေ့လေးကို ဆွဲဆိတ်လိုက်သည်။ ကျင်းရှီသည် သူ့လက်ချောင်းများ၏ ကြမ်းတမ်းမှုကို ခံစားလိုက်ရသည်။ “ရှင် ဘာလုပ်နေတာလဲ” သူမ မေးလိုက်သည်။
ပေါ်ရန်က သူမ မျက်နှာကို စစ်ဆေးကြည့်ပြီး “မင်း အသားမဲလာတာပဲ” ဟုပြောလိုက်သည်။
“ကျွန်မလည်း ထူးဆန်းတာကို တွေ့ထားတယ်” ဟုကျင်းရှီက လက်ကို ဆန့်ထုတ်ပြီး ပေါ်ရန်၏မေးစေ့ကို ကိုင်မြှောက်လိုက်ရင်း ပြန်ဖြေလိုက်သည်။ “ရှင် နေ့တိုင်း နေပူထဲ နေနေပေမယ့် အသားမဲသွားတဲ့ ပုံမပေါ်ဘူးနော်”
ပေါ်ရန်သည် အမျိုးသမီးတစ်ဦး၏ မေးစေ့ကို ကိုင်မြှောက်လိုက်သည့် လုပ်ရပ်ကို ပိုင်စိုးပိုင်နင်းလေသံဖြင့် လုပ်နေပြီး သူ့ကို ထိုကဲ့သို့ စိန်ခေါ်ဝံ့သူ မရှိပေ။ ကျင်းရှီက သူ့ကို စိန်ခေါ်ရုံတင်မကပဲ သူ့ပါးကို အသာအယာ ပုတ်လိုက်သည်။
“ရှင့်ရဲ့အသားအရေက အရမ်းကောင်းတယ်၊ ပါးလွှာပြီး ချောမွေ့နေတာပဲ” ဟုသူမက ပြောလိုက်သည်။
ပေါ်ရန် ပြောစကားမဲ့သွားသည်။
ကျင်းရှီက စပ်စုပြီး မေးလိုက်သည်။ “အဲ့တော့၊ ရှင် အသားအရေကို ဘယ်လို ထိန်းသိမ်းလဲ”
ပေါ်ရန်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး “မနက် နေရောင်နဲ့ နေပူဆာလှုံ၊ အဆိပ်ကို တိုက်ထုတ်ဖို့ အဆိပ်ကို သုံးရသလိုမျိုးပေါ့” ဟုပြောလိုက်သည်။
ကျင်းရှီက သံသယဖြင့် မျက်မှောင်ကြုတ်ကာ “တကယ်လား”
ပေါ်ရန်က ပြန်ဖြေလိုက်သည်။ “ငါက စောစောထတယ်လေ”
ဘာပဲဖြစ်ဖြစ်၊ ထိုစကားသည်လည်း ကျိုးကြောင်းဆီလျော်ပုံပေါက်သည်။
“မနက်ဖြန် မနက်ကစပြီး ငါနဲ့အတူ လိုက်ပြေးပြီး နေပူဆာလှုံ” ဟုပေါ်ရန်က ပြောလိုက်သည်။
ကျင်းရှီသည် ဒူးထောက်လုနီးပါးဖြစ်သွားသည်။ “ပေါ်ရန်၊ ကျွန်မကို သနားပါဦး!” သူမက တောင်းဆိုလိုက်သည်။
စစ်ရေးလေ့ကျင့်မှုကို ဖြတ်ကျော်ခဲ့ပြီးနောက် ကျင်းရှီသည် နေ့စဉ် မနက် ၆ နာရီတွင် အိပ်ရာထခြင်း၏ ပြင်းထန်သော တော်လှန်ရေးကို မဖြတ်သန်းလိုတော့ပေ။
နောက်နေ့မနက် ၅ နာရီတွင် ကျင်းရှီနိုးလာပြီး ပေါ်ရန်က တံခါးလာခေါက်မှာကို ကြောက်နေသည်။ သူမသည် မနက် ၇ နာရီအထိ စိုးရိမ်စိတ်ဖြင့် အိပ်ရာထဲတွင် လှဲနေခဲ့သည်။
နံနက် ၆ နာရီ ၁၅ မိနစ်တွင် သူမနှင့် ဘေးချင်းကပ် အဆောင်အခန်းတံခါး ပွင့်လာသည်။ သူမအခန်းရှေ့မှ ထွက်မသွားခင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသော ခြေသံများကို တစ်ခဏလောက် ကြားလိုက်ရသည်။
ကံကောင်းစွာနှင့်ပင် ပေါ်ရန်က သူမအခန်းတံခါးကို မခေါက်ခဲ့ပေ။
ကျင်းရှီက ပြန်အိပ်ဖို့ ကြိုးစားသော်လည်း အိပ်မရချေ။
မွန်းတည့်အချိန်၌ ကျောင်းသားကျောင်းသူသစ် ဟောပြောပွဲပြီးသည်နှင့် သူမသည် ကော်ဖီဆိုင်ဝင်ပေါက်တွင် ပေါ်ရန်နှင့် သွားတွေ့မိလေသည်။ သူသည် တွန့်ကြေနေသော အစိမ်းရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး ထက်မြက်သည့်ပုံပေါက်နေပြီး အားအင်အပြည့်ဖြစ်နေပါသည်။
ပေါ်ရန်သည် သူ၏ စစ်ဝတ်စုံနှင့် ဘွတ်ဖိနပ်ဝတ်ထားသည့်အခါထုံးစံအတိုင်း သူ၏ပျင်းရိနေတတ်ပုံနှင့် လုံးဝမတူချေ။ သူသည် ပြင်းထန်သော အားအင်တက်ကြွမှုကို ဖော်ပြနေပြီး ယခင်ကထက် ပိုမိုကိုယ်ရောင်ကိုယ်ဝါ တောက်ပကာ သူ၏ လှုပ်ရှားမှုတိုင်းတွင် သူရဲကောင်းဆန်သော စိတ်ဝိညာဉ်များနှင့် ပြည့်နှက်နေသည်။
လူတစ်ယောက်သည် မတူညီသော စရိုက်နှစ်ခုကို မည်သို့ လုံးဝပေါင်းစပ်နိုင်မည်နည်း။ ကျင်းရှီက သူ၏ အရည်အချင်းကို မချီးကျူးပဲ မနေနိုင်တော့ပေ။
ပေါ်ရန်က သူမကို မြင်သွားပြီး မေးကို အနည်းငယ် မော့လိုက်သည်။ “ငါ မင်းကို ဒီမနက်တင်ပဲ ဂိတ်ပေါက်မှာ ဆယ်မိနစ်လောက် စောင့်နေသေးတယ်”
ကျင်းရှီသည် အလျင်အမြန်ပင် နံရံကို မှီကာ အားနည်းပြီး ခေါင်းမူးဟန်ဆောင်လိုက်သည်။ “ကျွန်မ ဂျူနီယာလေးက နေမကောင်းဖြစ်နေရှာတာ၊ ချောင်းဆိုးပြီး အားနည်းသလိုဖြစ်နေတယ်”
ပေါ်ရန်သည် လက်ပိုက်လိုက်ပြီး “မင်းလုပ်ရပ်တွေကို စောင့်ကြည့်နေတယ်” ဟူသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ “အိုး၊ သူနေမကောင်းဘူးလား။ ဆေးရောသောက်ပြီးပြီလား”
“သူသောက်ပြီးပါပြီ”
“သူ ဘာဆေးသောက်တာလဲ”
ကျင်းရှီသည် တည်ငြိမ်စွာနှင့် သေချာပြောနေခဲ့သည်။ “လျိုဝေ့ တီဟွမ်ဝမ်”
(လျိုဝေ့ တီဟွမ်ဝမ်သည် တရုတ်တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်ရှိ အမဓါတ်ဖြစ်သော ‘ယင်’ဓါတ်ချို့ယွင်းမှု-ဥပမာ ကျောက်ကပ်ကို အားဖြည့်ပေးခြင်းတို့တွင် သုံးသော ဆေးတစ်မျိုးဖြစ်သည်)
ပေါ်ရန်က မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ “ဒါဆို မင်းရဲ့ ဂျူနီယာက ကျောက်ကပ်အားနည်းနေတာပေါ့”
သူက လမ်းလျှောက်လာပြီး သူမပုခုံးကို ပုတ်လိုက်သည်။ “မင်းရဲ့ ဂျူနီယာကို ကောင်းကောင်း အနားယူပြီး အလုပ်တွေ အရမ်းမလုပ်နဲ့လို့ ပြောလိုက်ပါဦး။ နောက်ပြီး တစ်ခုခု လိုရင် သူ့စီနီယာကို အချိန်မရွေး အကူအညီတောင်းလို့ရပါတယ်လို့”
ကျင်းရှီ - ...
သူမဂျူနီယာ၏ ကျောက်ကပ်များက လုံးဝအကောင်းပကတိအတိုင်း ရှိနေသည်။
**
အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရသော ကျောင်းဝင်းဝင်ခွင့်ကတ်ကို နောက်ဆုံးမှာ ထုတ်ပေးခဲ့ပြီး ကျင်းရှီသည် သူမကိုယ်တိုင် ကြက်ခြေထောက်ကြော်ဝယ်စားဖို့ ကျောင်းဝန်းအတွင်းရှိ ကန်တင်းဆိုင်ကို စိတ်အားထက်သန်စွာဖြင့် သွားခဲ့သည်။
သူမနောက်ရှိ စားပွဲတစ်နေရာတွင် ခေါင်းပြားပြားနှင့် လက်ပြတ်အင်္ကျီ ဝတ်ထားသော ကောင်လေးက သူမကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်သလိုပုံစံဖြင့် စိုက်ကြည့်နေပုံရသည်။ ကျင်းရှီက သူ့ကို သတိထားမိပြီးနောက် သူကယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
သူသည် သူ၏ဆံပင်ရိတ်ထားသော နေရာတွင် မိုးကြိုးပုံဖော်ထားပြီး သူ့လက်မောင်းများရှိ ကြွက်သားများသည် ကွဲထွက်တော့မည့်ပုံပေါ်နေသည်။ သူ့ကိုကြည့်ရသည်မှာ ရှယ်စားနိုင်မည့် လူကောင်ကြီးကြီးပုံပေါက်နေသည်။
ကျင်းရှီက ထိုကောင်လေးမှာ သူမလက်ထဲက ကြက်ခြေထောက်ကြီးကို စိုက်ကြည့်နေသည်ထင်ပြီး ကန်တင်းဆိုင်၏ အရှေ့တောင်ဘက်ထောင့်ကို ညွှန်ပြလိုက်သည်။ “ဟိုမှာ ဝယ်လို့ရတယ်”
ခေါင်းပြားပြားနှင့် မိုးကြိုးကောင်လေးသည် ကြက်ခြေထောက်ကို စိတ်ဝင်စားပုံ မပေါ်ပေ။ သူထလာပြီး ထွက်သွားရာ ကျင်းရှီဘေးနားမှ ဖြတ်သွားခဲ့သည်။ သူ့ကျောင်းဝင်း ဝင်ခွင့်ကတ်ကိုလည်း ရည်ရွယ်ချက်ရှိရှိ ပစ်ချလိုက်သည်။
ကျင်းရှီသည် အောက်သို့ပြုတ်ကျသွားသော ကတ်ပြားကို ကြည့်လိုက်ပြီးနောက် သူ့ကို မော့ကြည့်လိုက်သည်။
သူ ကန်တင်းဆိုင်ထဲက ထွက်လာပြီးသောအခါ နောက်ပြန်လှည့်ပြီး သူမက သူ့ကို လှမ်းခေါ်ကာ ကတ်ကို ပြန်ပေးမည်ဟု မျှော်လင့်နေပုံပေါ်သည်။
သို့သော်လည်း... ကျင်းရှီသည် ကြက်ခြေထောက်ကို အေးအေးဆေးဆေး ပြန်စားနေပြီး သူမပါးစပ်ကို သုတ်လိုက်ကာ ကတ်ကို ဖြည်းညင်းစွာ ကောက်ယူ၍ ထိုဆိုင်အတွင်းရှိ ပစ္စည်းပျောက်ကောင်တာဆီသို့ ယူသွားလိုက်သည်။
သူမ ကတ်ကို စားပွဲပေါ်ချလိုက်သည်နှင့် ခေါင်းပြားပြား မိုးကြိုးကောင်လေးက သူမဆီ ပြန်ပြေးလာပြီး ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ “ငါ့ကတ်ကို ရှာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်၊ အတန်းဖော်ရေ! ဒီလိုမျိုးဆိုရင်ရော ဘယ်လိုလဲ၊ မင်းကို မစ်လ်တီးတစ်ခွက် တိုက်မယ်လေ!”
ကျင်းရှီ - ...
သူမသည် ပစ္စည်းပျောက်ကောင်တာပေါ်တွင် ကတ်ကို ချလိုက်ပြီး “ဆောရီးနော်၊ ကျွန်မ အခုဗိုက်ပြည့်နေပြီ” ဟုပြောလိုက်သည်။
ခေါင်းပြားပြား မိုးကြိုးကောင်လေးက “မင်းကို ငါတကယ်ကျေးဇူးတင်တယ်။ မင်းသာ ရှာမတွေ့ရင် ငါ့ကတ်ထဲက ဒေါ်လာထောင်ပေါင်းများစွာကို ဆုံးရှုံးလိုက်ရပြီ”
ကျင်းရှီ - ...
သူ့မှာ ဒေါ်လာထောင်ချီရှိတဲ့ ရွှေရောင်ကတ်ရှိနေတာလား။
“ကျွန်မကို
ကျေးဇူးတင်စရာ မလိုပါဘူး” ကျင်းရှီက
လှည့်ထွက်သွားသည်။
ခေါင်းပြားပြား မိုးကြိုးကောင်လေးက သူမကို ချက်ချင်း လှမ်းဖမ်းလိုက်သည်။ “ဟေး WeChat အကောင့်လေး ပြောပြပါလား၊ နောက်တစ်ခါကျရင် မင်းကို မစ်လ်တီးဝယ်တိုက်မယ်လေ”
“မလိုပါဘူး၊ ဒါက ကိစ္စသေးသေးလေးပါပဲ”
“ငါ့ကိုအပ်လိုက်၊ သူငယ်ချင်းလုပ်ရအောင် ဂျူနီယာလေး”
ကျင်းရှီသည် သူ၏ ဇွဲကောင်းသော စိတ်သဘောထားကို မြင်လိုက်ရပြီး သူမ သဘောမတူပါက သူမ၏ အဆောင်အထိ လိုက်လာမည်ဟု တွေးလိုက်မိသည်။
“ကောင်းပြီလေ၊ ကျွန်မ ဟာကို စကင်န်ဖတ်လိုက်”
သူမစကားပြောပြီးသည်နှင့် သူမ၏ဖုန်းထဲရှိ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ကာ ရှန်ဖျင်ချွမ်၏ ကျူအာကုတ်ကိုနှိပ်လိုက်ပြီး ပေးလိုက်လေသည်။