လူပျိုလှည့်တေး
အပိုင်း ၁၁
စွန်းခိုင်သည် ကျင်းရှီအား သူငယ်ချင်းအဖြစ် စိတ်လှုပ်ရှားစွာ ထည့်သွင်းခဲ့ပြီး မချီးကျူးပဲ မနေနိုင်ပေ။ “အတန်းဖော်ဂျူနီယာ ညီမလှလှလေး၊ မင်းရဲ့ WeChat နာမည်ပြောင်က အနုပညာဆန်လွန်းတယ်နော်”
ရှန်ဖျင်ချွမ်၏ WeChat အမည်ပြောင်မှာ - တောင်ကျစမ်းချောင်းဒီရေ ဖြစ်သည်။
ရှန်ဖျင်ချွမ်သည် ဤ WeChat နာမည်ပြောင်ကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ သူ့နာမည်နှင့် သူ့ညီမနာမည်ပါရှိသော ဤနာမည်ပြောင်ကို ရဖို့အတွက် သူ့ဦးနှောက်ကို အသကုန်အားစိုက်ထုတ်ပြီး စဉ်းစားခဲ့ရာ ထိုနာမည်မှာ အထူးခမ်းနားပြီး ခံ့ညားသည့်ပုံပေါက်နေသည်။
သူ၏ WeChat ပရိုဖိုင်ပုံသည် ကလေးမလေးတစ်ယောက်ကို ပွေ့ဖက်ထားသည့် အဖြူရောင် စက်ရုပ်ကြီးတစ်ရုပ်ဖြစ်သည်။ ကလေးမလေးသည် ထိုစက်ရုပ်၏ ပျော့ပျောင်းသော ဝမ်းဗိုက်ကြီးတွင် သူမ၏ မျက်နှာကို အပ်ထားသည်။ မလှမ်းမကမ်းတွင် နွေးထွေးသော နေဝင်ဆည်းဆာကို တွေ့နေရသည်။
သူကတော့ ထိုဖြူဖြူကြီး ဖြစ်ပြီး ကျင်းရှီက ကလေးမလေးဖြစ်သည်။
ယောက်ျားလေးအနည်းစုသာ ထိုသို့နွေးထွေးလှသော ကာတွန်းပုံကို သူတို့၏ ပရိုဖိုင်ပုံအဖြစ် အသုံးပြုကြသောကြောင့် စွန်းခိုင်က သူမကို သံသယမရှိပဲ ပျော်ရွှင်စွာ အပ်ခဲ့သည်။
ရှန်ဖျင်ချွမ်တစ်ယောက် အတန်းထဲမှထွက်လာသောအခါ သူငယ်ချင်းအဖြစ် အပ်ထားသည့် တောင်းဆိုမှုအသစ်ကို တွေ့လိုက်သော်လည်း ဖွင့်မကြည့်မီတွင် ကျင်းရှီထံမှ စာတစ်စောင်လက်ခံရရှိခဲ့သည်။
တင်ပါးပိစိလေး- “ရှန်ဖျင်ချွမ်၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလိုနဲ့ အဲ့မတိုင်ခင်တုန်းကလိုမျိုး၊ ကျေးဇူးပြုပြီး ကျွန်မအတွက် ယဉ်ယဉ်ကျေးကျေးလေး ငြင်းပေးလိုက်ပါ”
ရှန်ဖျင်ချွမ်-“ကောင်လေးတွေနဲ့ နောက်တစ်ခါ ပရောပရည်လုပ်ပြန်ပြီလား။ *ဒေါသတကြီးနှင့် စာရိုက်*”
တင်ပါးပိစိလေး- “ကျွန်မ အဲ့လို မလုပ်ပါဘူး၊ *ဝမ်းနည်းနေသောမျက်နှာ*”
ရှန်ဖျင်ချွမ်- “ဘာပဲဖြစ်ဖြစ်”
ယခုလိုဖြစ်သည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ကျင်းရှီသည် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိကာ နေရာတိုင်းတွင် သူမကို သဘောကျသည့်သူများ ရှိကြသည်။ အများစုမှာ သူတို့ကို တိုက်ရိုက်ငြင်းလိုက်လျှင် ရသော်လည်း အချို့မှာ ခေါင်းမာလွန်းသဖြင့် သူမအစ်ကိုကို သူတို့နှင့် ပေးတွေ့ရသည်။
များသောအားဖြင့် ရှန်ဖျင်ချွမ်နှင့် တွေ့ကြသည့် ယောက်ျားလေးများသည် ကျင်းရှီရှေ့မှာ ဘယ်တော့မှ မပေါ်လာတော့ချေ။
ရှန်ဖျင်ချွမ်သည် သူငယ်ချင်းအဖြစ်တောင်းဆိုမှုကို လက်ခံပြီး ချက်တ်တွင် ဝင်ရောက်ပြောဆိုကာ ထိုကောင်လေးအား သူ့ညီမအပေါ် မနှောင့်ယှက်ရန်အတွက် တိုက်ရိုက်ပြောဖို့ ရည်ရွယ်ထားသည်။
သူ စာမပို့ခင် စွန်းခိုင်က ရှန်ဖျင်ချွမ်ကို ဝတ်လစ်စလစ်ဓာတ်ပုံ ပို့ခဲ့သည်။
ရှန်ဖျင်ချွမ်က သူ့ဖုန်းလေးကို လွှင့်ပစ်မတတ်ဖြစ်သွားသည်။
ထိုဓာတ်ပုံထဲတွင် စွန်းခိုင်သည် ခန္ဓာကိုယ်အပေါ်ပိုင်း အင်္ကျီမဝတ်ထားပဲ ဗိုက်ကြွက်သားများကို ပြသထားသည်။
ကြွက်သားအတုံးအခဲကြီးများမှာ ရွံရှာဖွယ်ကောင်းသည်။
ရှန်ဖျင်ချွမ်က “ခွေးမသား” ဟုကျိန်ဆဲပြီး သူ့ကို ဘလော့တော့မည်ဖြစ်သော်လည်း ဓာတ်ပုံကို ချဲ့ကြည့်သောအခါတွင်တော့ ထိုကောင်လေးကို တွေ့ဖူးသလိုခံစားနေရသည်။
နောက်ဆုံးတစ်ခေါက် အဆောင်စစ်ဆေးရေးကာလအတွင်း ထိုကောင်လေးသည် သူနှင့် ရန်ဖြစ်ခဲ့ဖူးပုံရသည်။
ထိုကောင်လေးသည် ရုတ်တရက် ကျင်းရှီကို မည်သို့ရှာတွေ့သွားသနည်း။
ရှန်ဖျင်ချွမ်က အံ့အားသင့်သွားပြီး သူ့ကို တန်းမဘလော့လိုက်ပဲ စမ်းသပ်ချင်သည့်သဘောဖြင့် အမေး သင်္ကေတအမှတ်အသားကို ပေးပို့လိုက်သည်။
“ဂျူနီယာညီမလေးရေ၊ ငါ့နာမည်က စွန်းခိုင်ပါ။ စစ်သင်တန်းတက်တုန်းက မင်းကို သတိထားမိနေတာ”
ရှန်ဖျင်ချွမ် -“ရှင် ဘာလိုချင်တာလဲ”
စွန်းခိုင်- “ဂျူနီယာညီမလေးနဲ့ သူငယ်ချင်းဖြစ်ချင်လို့ပါ* ဟီး ဟီး *”
ရှန်ဖျင်ချွမ်- “ဓာတ်ပုံကရော ဘာလို့ပို့တာလဲ”
စွန်းခိုင်- “စိတ်ထဲမထားပါနဲ့ကွယ် ညီမလေးရယ်။ ဒီကစီနီယာအစ်ကိုက ဓာတ်ပုံထဲမှာ ချောတယ်လို့ ထင်လား။ *ပလေးနေသလိုမေးလိုက်သည်*”
ရှန်ဖျင်ချွမ် - ...
စွန်းခိုင် - “ဂျူနီယာညီမလေး မင်းရဲ့ moment ကာဗာဓာတ်ပုံက အရမ်းမိုက်တာပဲ”
ရှန်ဖျင်ချွမ်၏ moment ကာဗာဓာတ်ပုံသည် မနှစ်က သူတို့မိသားစုခရီးထွက်စဉ် ရိုက်ခဲ့သော ကျင်းရှီ၏ ဓာတ်ပုံဖြစ်သည်။ ကျင်းရှီသည် လမ်းဘေးဆိုင်တွင် စပိုင်စီဟော့ပေါ့စားနေပြီး စပ်လွန်းသောကြောင့် ပါးစပ်ကြီး ဟနေသည်။ ရှန်ဖျင်ချွမ်သည် ဤရယ်စရာကောင်းသောအခိုက်အတန့်ကို ဓါတ်ပုံရိုက်ခဲ့ပြီး သူ၏ကာဗာဓာတ်ပုံအဖြစ် ဖန်တီးခဲ့သည်။
ကျင်းရှီသည် ရှန်ဖျင်ချွမ်အား ဤဓာတ်ပုံကို အကြိမ်ကြိမ် ဖျက်ပစ်ရန် ပြောနေခဲ့သည်။ iPhone ရှေ့ကင်မရာကို "မင်းရဲ့ရုပ်ဆိုးနေမှုကို ၃၆၀ ဒီဂရီ ဇွန်းကျဲ့ကြည့်ဖို့” ဟူ၍ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ မပြုမပြင်ထားသော ဓါတ်ပုံကြီးကို မည်သို့မကျေနပ်ချက်များ ရှိသောကြောင့် ကာဗာဓါတ်ပုံအဖြစ် ထားထားသနည်း။
သို့သော် ရှန်ဖျင်ချွမ်က ထိုပုံက တကယ်ကို ချစ်ဖို့ကောင်းနေသည်မှာ အစစ်အမှန်ဟုထင်သောကြောင့် ဖြုတ်ပစ်ဖို့ ငြင်းဆန်ခဲ့သည်။
စွန်းခိုင် - “ဂျူနီယာညီမလေး မင်းက အရမ်းလှတာပဲ၊ အဲ့ဒါတောင် ဘယ်လိုဖြစ်လို့ မင်းမှာ ရည်းစားမရှိရတာလဲ မယုံနိုင်စရာပဲ!”
ရှန်ဖျင်ချွမ် -...
စွန်းခိုင် - “သောက်တတ်လား ညီမလေး”
ရှန်ဖျင်ချွမ် - “မသောက်တတ်ဘူး”
စွန်းခိုင် - “မင်း သင်လို့ ရပါတယ်၊ ဒီစီနီယာအစ်ကိုကြီးက မင်းကို သင်ပေးမယ်လေ။ ဒီတစ်ပတ်သောကြာညကျရင် ဘားတစ်ခုကို အတူတူ သွားရအောင်။ မင်းရဲ့ အခန်းဖော်နဲ့ သူငယ်ချင်းတွေလည်း ခေါ်လာခဲ့”
ကျောင်းသားသမဂ္ဂရုံးခန်းတွင် ရှန်ဖျင်ချွမ်၏ ရှေ့ရှိထိုင်ခုံသည် အကန်ခံရသဖြင့် ပျံထွက်သွားသည်။
အခြားကောင်လေးများလည်း သူ့ကို WeChat မှာ မှားပြီး သူငယ်ချင်းအဖြစ် အပ်ခဲ့သော်လည်း အနည်းဆုံးတော့ ကျင်းရှီနှင့် အမှန်တကယ် သိကျွမ်းချင်ကြသည်။ ထို့ကြောင့် သူတို့ကို ရှင်းပြပြီးလျှင် ရန်ဖြစ်စကားများ ဖြစ်ခြင်းမရှိပဲ ဖျက်ပစ်လိုက်သည်။
သို့သော် စွန်းခိုင်သည် သူ့ညီမကို သူငယ်ချင်းအဖြစ် အပ်ပြီးသည်နှင့် ဘားတစ်ခုသို့ ခေါ်သွားရန် ကြိုးစားခဲ့သည်။ သူ၏ မကောင်းသော အကြံအစည်များမှာ ထင်ရှားလှသည်။
ရှန်ဖျင်ချွမ်က သူ့ကို သင်ခန်းစာတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပြီး “ကောင်းပြီးလေ၊ ဒါဆို အဲ့အကြောင်း စကားပြောကြတာပေါ့”
**
ယောက်ျားအဆောင်တွင် စွန်းခိုင်တစ်ယောက် အင်္ကျီချွတ်ကြီးနှင့် အိပ်ယာပေါ်တွင်ထိုင်ကာ ဖုန်းကိုကြည့်နေရင်း “မိုက်တယ်ကွာ! သူတကယ်ကို သဘောတူလိုက်ပြီ!”
အခန်းဖော် - “ဘာကိုသဘောတူတာလဲ!”
စွန်းခိုင်က ကျယ်လောင်စွာပြောလိုက်သည်။ “အဲ့ဒီ ရှန်ဖျင်ချွမ်ရဲ့ ညီမလှလှလေးလေ ငါနဲ့ အပြင်သွားဖို့ သဘောတူလိုက်ပြီ”
အခန်းဖော် - “တကယ်ကြီးလား? မင်း သူ့ကို WeChat မှာ အပ်လိုက်ပြီးတာနဲ့ မြန်မြန်ဆန်ဆန်ပဲ သဘောတူခဲ့တာလား”
စွန်းခိုင်က အသေအချာပြုံးပြပြီး “ငါGym မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ဆီ ပို့လိုက်တယ်။ အဲ့ဒါကို မြင်ပြီး သူ ငါ့ကို ကြွေသွားတာ ဖြစ်မှာပေါ့”
အခန်းဖော် - “ဝေါင်း အစ်ကိုခိုင်ရေ မင်းက ရေလည်မိုက်တာပဲ”
စွန်းခိုင် - “ဒီသောကြာမှာ ငါသူ့ကို သေချာပေါက် အနိုင်ပိုင်းပစ်မယ်”
အခန်းဖော် - “အဲ့ဒါက နည်းနည်းတော့ မတရားဘူးလားလို့”
စွန်းခိုင် - “ဘာက မတရားရမှာလဲ ရှန်ဖျင်ချွမ်က ငါတို့ဆီက အများကြီးယူသွားတယ်လေ၊ အဲ့တော့ ဘယ်သူက သူ့ဘော့စ်လဲဆိုတာ ပြဖို့အချိန်တန်ပြီ”
အခန်းဖော် - “မင်း သူနဲ့အိပ်လိုက်ရင် ရှန်ဖျင်ချွမ်ရဲ့ ယောက်ဖဖြစ်လာမှာ မဟုတ်ဘူးလား”
“ရူးနေလို့
ငါက သူ့ယောက်ဖ ဖြစ်စရာလား” စွန်းခိုင်က အေးစက်စွာ ပြောလိုက်သည်။ “အဲ့ဒီကောင်မလေးသာ ကောင်းကောင်းဆက်ဆံရင် ငါသူနဲ့ အလိုက်သင့် ခဏလိုက်ပလေးလို့ရတယ်။ သူက ပျော်စရာမကောင်းတော့ဘူးဆိုရင်တော့ နှစ်ရက်လောက်ကြာရင် အဆက်ဖြတ်ပစ်မယ်”
အခန်းဖော်က လက်မထောင် ပြလိုက်သည် - “ကောင်းလိုက်တဲ့အကွက်ပဲ ဘရိုရေ”
...
ရက်အနည်းငယ်အတွင်း စွန်းခိုင်သည် ရှန်ဖျင်ချွမ်၏ညီမဖြစ်သူနှင့် ချိန်းတွေ့မည်ဟူသောသတင်းသည် ယောက်ျားလေးများကြားတွင် တိတ်တဆိတ်ပျံ့နှံ့သွားသည်။
ဘီမြို့တော်တက္ကသိုလ်တွင် စွန်းခိုင်သည် လူမိုက်တစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့သည်။ သူ၏ ကြွက်သားများနှင့် တင့်တယ်သောရုပ်ရည်ကို အားကိုးပြီး မိန်းကလေးများနှင့် ပေါင်းသင်းဖို့ ဆိုရှယ်မီဒီယာကို သုံးရသည်ကို နှစ်သက်ပြီး ရည်းစားလိုချင်သည်ဟု သွားပြောတတ်လေ့ရှိသည်။ သို့သော် တကယ်တမ်းတော့ ထိုအရာများမှာ အပျော်တွဲခြင်းအတွက်သာ ဖြစ်သည်။ ရည်းစားသက်တမ်းများတွင် တစ်လမှာ အကြာဆုံးဖြစ်ပြီး အနည်းဆုံး ၃-၅ ရက်သာ ကြာမြင့်သည်။ သူသည် ကျောင်းဝင်းအနီးရှိ ဟိုတယ်များသို့ မိန်းကလေးများကို ခေါ်သွားသည်ကို ပုံမှန်မြင်နေရသည်မှာ အလွန်အရှက်မရှိလှပေ။
စွန်းခိုင်လို ဝက်တစ်ကောင်က ကျင်းရှီနှင့် ချိန်းတွေ့နိုင်တယ်ဆိုသော သတင်းကြောင့် လူတိုင်းက ယူကြုံးမရဖြစ်နေကြသည်။ လောကကြီးက မတရားပေ၊ မိုက်မဲမှုများနှင့်သာ ပြည့်နေသည်။
ဤသတင်းသည် မကြာမီ ပေါ်ရန်၏ နားထဲသို့ ရောက်သွားသည်။
အတန်းထဲတွင် ကျင့်ချီက “စွန်းခိုင်က ဒီညဟိုလူကောင်သေးသေးလေး ကျင်းရှီနဲ့ ချိန်းတွေ့မယ်ဆိုပြီး အဆောင်က ဟိုအကောင်တွေ ပြောနေတာ ငါကြားလာတယ်”
ဂိမ်းကစားနေသော ရှုချောင်းယန်က ခေါင်းကိုမော့ပြီး “ငါတို့ရဲ့အိမ်နီးချင်းလေး ကျင်းရှီလား”
ကျင့်ချီက ဘောပင်ကို လှည့်ရင်း “သူတို့ ပြောတာတော့ သူက ရှန်ဖျင်ချွမ်ရဲ့ ညီမလေးတဲ့၊ ရှန်ဖျင်ချွမ်မှာ ညီမလေးတစ်ယောက်ပဲ ရှိတယ်၊ ရှန်ဖျင်ချွမ်ကို လက်စားချေချင်လို့ လုပ်တယ်လို့ ကြားတယ်။ အခုတော့ သူတို့ လှုပ်ရှားနေကြပြီလေ”
ရှုချောင်းယန်က သူ့ဖုန်းကို ချလိုက်ပြီး “ဒါမျိုး ဖြစ်ခွင့်မပေးနိုင်ဘူး၊ ကျင်းရှီက ငါ့တပည့်။ ဒီလူယုတ်မာ စွန်းခိုင်ရဲ့ အခွင့်ကောင်းယူတာကို ခွင့်မပြုနိုင်ဘူး”
ကျင့်ချီက သဲ့သဲ့လေး ပြုံးလိုက်ပြီး “သူတို့နှစ်ယောက်စလုံးက တစ်ကိုယ်ရေကစားဖို့အတွက် အပြင်ထွက်လို့ရနေတဲ့ အရွယ်ရောက်နေပြီလေ၊ ဆရာရှုရေ၊ မင်းက တံခါးမှာ သွားစောင့်ပြီး သူတို့ကို သွားမှာကို တားမလို့လား”
ရှုချောင်းယန်သည် ထိုအကြောင်းကို တွေးပြီး ကျင့်ချီပြောသည်မှာ အဓိပ္ပါယ်ရှိကြောင်း ခံစားလိုက်ရသည်။
“ဒါဆို ငါစွန်းခိုင်ကို သွားရှာလိုက်မယ်!” ရှုချောင်းယန်က ထဖို့လုပ်ပေမယ့် ကျင့်ချီက သူ့ကို နောက်ပြန်ဆွဲချပြီး “ငါတို့တွေ အတန်းထဲရောက်နေတယ်လေ၊ မင်းကဘာလုပ်မလို့လဲ၊ သူ့ကိုသွားထိုးပြီး ကိုယ့်ကိုကိုယ် အပြစ်ပေးခံရအောင် လုပ်နေတာလား”
ရှုချောင်းယန် - “မင်းကရော ဘယ်လို အကြံရလဲ”
“ဆရာကြီးပေါ်က ဘာမှ မပြောသေးဘူးလေ” ကျင့်ချီ လှည့်ကြည့်လိုက်သည့်အခါ ပေါ်ရန်၏ ထိုင်ခုံမှာ လွတ်နေကြောင်း တွေ့လိုက်ရသည် - “အိုး၊ ဘယ်ရောက်သွားပြီလဲ”
ကျန်ခဲ့သည့်အရာများမှာ ခဲတံတစ်ချောင်းနှင့် တစ်ဝက်သာဆွဲပြီးသည့် ရှုချောင်းယန်၏ ဝတ်လစ်စားလစ်ပုံကြမ်းတစ်ပုံဖြစ်သည်။
ရှုချောင်းယန် - ???
ဒီကောင်က နတ်ဆိုးများလား?
ပေါ်ရန်သည် အေးစက်စက်မျက်နှာဖြင့် စာသင်ခန်းတံခါးဆီသို့ လျှောက်သွားနေသည်။ နိုင်ငံရေးနှင့် လူမှုရေး အကြောင်း သင်ပြပေးနေသည့် ဆရာမက သူ့ကို ရပ်ဖို့ ပြောလိုက်သည်။ “ဟဲ့ကောင်လေး၊ မင်း ဘယ်သွားမလို့လဲ!”
“သန့်စင်ခန်း”
“အတန်းပြီးရင်သွား”
ပေါ်ရန်က မျက်ခုံးကို ပင့်တင်လိုက်ပြီး မျက်လုံးထောင့်မှာ အပြုံးသဲ့သဲ့တစ်ချက် ပေါ်လာသည် - “မထိန်းနိုင်တော့ဘူး ဆရာမ”
ဆရာမငယ်ငယ်လေးသည် ပေါ်ရန်၏ ပေါ့ပေါ့ပါးပါး ချစ်စရာကောင်းသော အပြုံးမှာ ကြွေသွားပြီး “ဒါဆို...မြန်မြန်သွားလိုက်” ဟုရှက်သွေးဖြာပြီး ပြောလိုက်သည်။
“ကျေးဇူးပါဆရာမ”
ပေါ်ရန်က နောက်ပြန်လှည့်မကြည့်ပဲ ထွက်သွားသည်။
“ဝေါင်း” ကျင့်ချီသည် ကြောင်တက်တက်ဖြင့် ကြည့်နေခဲ့သည်။ ဆရာပေါ်သည် ဆရာမကြီးကြီးငယ်ငယ်တို့ကို အမှန်ပင် သွေးဆောင်နိုင်ခဲ့သည်။
ရှုချောင်းယန်သည် သူ၏ ဝတ်လစ်စားလစ်ပုံတူကို အမြန်ဝှက်ထားလိုက်သည်။
အဆောင်ထဲတွင် ကျင်းရှီသည် လှပစွာ ၀တ်ဆင်ထားသည်။ အခန်းထဲမှ ထွက်ဖို့ ခြေလှမ်းလိုက်သည်နှင့် ပေါ်ရန်က နံရံကို ပျင်းရိစွာ မှီရင်း မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
အိတ်ကပ်ထဲ လက်ထည့်ထားကာ မျက်နှာကျက်ကို ငေးကြည့်ရင်း ရှည်လျားလှပသော ဇာမဏီမျက်လုံးများသည် ပုတီးစေ့များကဲ့သို့ ကြည်လင်နေသည်။
“စီနီယာ၊ အခု အတန်းထဲမှာ ရှိမနေသင့်ဘူးလား” ကျင်းရှီက
အံ့သြစွာ မေးလိုက်သည်။ “အတန်းပြေးတာလား”
“အွန်”
ပေါ်ရန်၏ ဆွဲဆွဲငင်ငင် အသံထွက်လာကာ သူမကို ဘေးကနေ တစောင်းကြည့်ကာ “စာသင်တာ ပျင်းစရာကောင်းလို့”
ကျင်းရှီက မျက်မှောင်ကြုတ်ပြီး ဖြောင့်မတ်စွာပြောလိုက်သည်။ “စီနီယာ၊ အတန်းပြေးတာ မကောင်းဘူးလေ။ ဆရာက ခဏနေ attendance လာကောက်လို့ စီနီယာဒုက္ခရောက်ရင် ဘယ်လိုလုပ်မလဲ”
“ငါဘယ်လိုလုပ်ဒုက္ခရောက်မှာလဲ” ပေါ်ရန်က သူမကို တမင်တကာ စနောက်ပြောဆိုလိုက်သည်။
“စာရိတ္တကျင့်ဝတ်ဆရာမက အတန်းပြီးရင် အမြဲ attendance ကောက်လေ့ရှိတယ်လို့ ကြားတယ်။ ရှင်ပျောက်နေတာတွေ့သွားရင် အမှတ်လျှော့လိမ့်မယ်။ စာသင်နှစ်ကုန်ခါနီးကျရင် အဆင့်ကောင်းကောင်းရမှာ မဟုတ်ဘူး၊ အဲ့ခါကျရင် ပညာသင်ဆု မရပဲနေဦးမယ်!”
ကျင်းရှီသည် ပညာသင်ဆုမှာ အလွန်အရေးကြီးသကဲ့သို့ အလွန်အလေးအနက် ထားပုံရသည်။
“ရှင် ပညာသင်ဆုသာ မရရင် ဘာဖြစ်သွားမလဲ စီနီယာ”
“ငါ ပညာသင်ဆု မရရင်..”
ကျင်းရှီက ထိုအကြောင်းကို စဉ်းစားပြီး “ဘာမှမဖြစ်လောက်ဘူးလို့ ကျွန်မထင်တယ်”
“ဒါဆို ရှင် မကြိုက်တဲ့အရာတွေကို ကိုယ့်ကိုယ်ကို ဘာလို့ အတင်းလုပ်ခိုင်းနေတာလဲ”
ပေါ်ရန်၏ ထုံပေပေနှင့် ဘာမှမထူးခြားသည့်အမူအရာကိုကြည့်ရင်း ကျင်းရှီက “ဒါက လုပ်သင့်လုပ်ထိုက်လို့ လုပ်တာမလား” ဟုပြောလိုက်သည်။
ဆန္ဒမရှိရင်တောင်မှ မှန်ကန်တဲ့ အလုပ်ကိုလုပ်ရမည်။ ပညာသင်ဆုများရနိုင်သည့် ကျောင်းသားကောင်းတစ်ယောက်ဖြစ်ဖို့နှင့် မိဘများကို စိတ်မပူစေပဲ ထူးချွန်သည့် ကလေးတစ်ယောက်ဖြစ်ရမည်။
ပေါ်ရန်သည် ဤမိန်းကလေးတွင် အလွန်ရိုးရှင်းပြီး မှန်မှန်ကန်ကန် စဉ်းစားတတ်သောစိတ်ရှိပြီး ရှုပ်ထွေးသော တွေးခေါ်မှုမျိုး မတွေးတတ်ကြောင်း သဘောပေါက်ခဲ့သည်။ နွေးထွေးသော မိသားစုပတ်ဝန်းကျင်မှသာလျှင် ထိုသို့ဖြူစင်သောနှလုံးသားကို ပြုစုပျိုးထောင်ပေးနိုင်သည်။
သို့သော် ရှန်ဖျင်ချွမ်မှာ သူတစ်ပါးအား အနှောင့်အယှက်ပေးသော အရူးကဲ့သို့ ပြုမူနေပြီး သူသည် သူ၏ ဖအေတူ မအေကွဲ ညီမလေးကို သေချာပေါက် မြတ်နိုးရှာသည်။
ပေါ်ရန်က ကျင်းရှီကို ကြည့်လိုက်သည်။ သူမသည် ချစ်စရာကောင်းသော ဂါဝန်ကို ၀တ်ဆင်ထားပြီး ကျစ်ဆံမြီးကို ခေါင်းစည်းကြိုး အနီဖြင့်ချည်ထားသည်။ ချစ်စရာကောင်းပြီး ပလေးတတ်သည့် ပုံစံပေါက်နေသည်။ သူမ၏လည်တိုင် အသားအရေလေးသည် အလွန်ဖြူစင်ပြီး သူမ၏မျက်နှာပေါ်တွင် မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားသည်။
“ဘယ်သွားမလို့လဲ” ဟုသူမေးလိုက်သည်။
“ကျွန်မ သူငယ်ချင်းတွေနဲ့ အတူတူလျှောက်လည်ဖို့ အစီအစဉ်ရှိလို့”
ကျင်းရှီက ပန်းရောင်ပိုက်ဆံအိတ်ကို ကိုင်ထားပြီး သူမက လက်ဆောင်ဝယ်ပေးမည့် ပုံပေါက်နေသည်။
ပေါ်ရန်၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားပြီး “မင်း သွားစရာလိုလို့လား”
ကျင်းရှီက အမှန်အတိုင်း ပြောပြလိုက်သည်။ “ကျွန်မ ဒီဟာကြီးကို စီစဉ်ထားတာကြာပြီ၊ ဘယ်လိုလုပ်ပြီး သူတို့ကို ဒီအတိုင်းထားလိုက်ရမှာလဲ!”
“ကောင်းပြီ
ငါမင်းနဲ့လိုက်ခဲ့မယ်”
ကျင်းရှီ - ...
ပေါ်ရန်သည် သူမ၏ အထက်တန်းတုန်းက မိန်းကလေးသူငယ်ချင်းများနှင့် တွေ့ဆုံရန် လိုက်ခဲ့မည်ဖြစ်ကြောင်း သေချာသွားသောအခါတွင် သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
လမ်းတစ်လျှောက်တွင် သူမသည် တစ်ကြိမ်ထက်ပို၍ မေးသည်။ “စီနီယာ၊ ရှင်တကယ်ပဲ ကျွန်မနဲ့လိုက်ခဲ့မှာလား”
ပေါ်ရန်က သူ့နောက်သို့ ခပ်သွက်သွက် လျှောက်လာပြီး “ငါလိုက်လာတာကို မကြိုက်ဘူးလား”
“အဲ့လိုမဟုတ်ပါဘူး” ကျင်းရှီက
တုန်လှုပ်ချောက်ချားစွာနှင့် “ဒီအတိုင်း... ကျွန်မ သူငယ်ချင်းတွေကို ရှင်သိတာလည်း မဟုတ်တော့၊ သူတို့နဲ့ လျှောက်သွားချင်တာ သေချာရဲ့လား”
“ငါသူစိမ်းတွေနဲ့ တွေ့ရတာ ကြိုက်တယ်” ပေါ်ရန်က ပြောလိုက်သည်။
ကျင်းရှီက သူ့ကို မယုံပေ။ သူသည် သူစိမ်းများနှင့် တွေ့ရသည်ကို ကြိုက်သော ပုံစံမျိုး မဟုတ်။
“ရှင် အခုချိန် နောက်ပြန်ဆုတ်ချင်ရင် ရသေးတယ်နော်၊ နောက်မှ ပျင်းစရာကောင်းတယ်ဆိုပြီး ကျွန်မက သတိမပေးခဲ့ဘူးလို့ အပြစ်မတင်လိုက်နဲ့!” ကျင်းရှီက မပီကလာ ပီကလာအသံဖြင့် ပြောလိုက်သည်။
ပေါ်ရန်၏မျက်နှာအမူအရာမှာ မည်းမှောင်သွားပြန်သည်။ “ဘာလဲ၊ ငါလိုက်လာတာကို မကြိုက်ဘူးမလား”
“အဲ့ဒီလို မဟုတ်ပါဘူး”
“ဒါဆို ရပြီလေ”
ကျင်းရှီ လက်လျှော့လိုက်သည်။ သူသည် ကျင်းရှီတို့နှင့် အပြင်ထွက် လျှောက်လည်ဖို့ အဆင်သင့်ဖြစ်နေပြီမို့ သူ့ကို တားမရတော့ပေ။
သူတို့နှစ်ယောက်သည် ရထားမှဆင်းကာ ဘတ်စ်ကားများ အဆင့်ဆင့်စီးပြီး စီးပွားရေးနယ်မြေရှိ အေမော်သို့ ရောက်ရှိခဲ့ကြသည်။ ကျင်းရှီသည် WeChat တွင် မျှဝေထားသောတည်နေရာလုပ်ဆောင်ချက်ကို အသုံးပြု၍ သူမ၏ သူငယ်ချင်းများကို ရှာတွေ့ရှိခဲ့သည်။
သူတို့သည် အရမ်းချစ်စရာကောင်းသော Hello Kitty ပစ္စည်းဆိုင်ထဲ လိုက်ကြည့်နေကြတယ်။ ထိုဆိုင်တွင် ကြောင်ပုံစံရောင်းကုန်မျိုးစုံဖြင့် ပြည့်နေသည်။
မိန်းကလေးအချို့သည် တံခါးဝတွင်ရပ်နေပြီး သူတို့၏ ဖုန်းနှင့် ဆယ်လ်ဖီရိုက်ခြင်းကို ရူးသွပ်စွာရိုက်နေကြသည် —
“ကျင်းရှီက
ဒီမှာ!”
“နင် အချိန်မှန်ရောက်လာသားပဲ လာခဲ့ လာ အတူတူ ဓါတ်ပုံရိုက်ရအောင်!”
ကျင်းရှီက ပြေးသွားပြီး “ဒီဆိုင်က အရမ်းချစ်စရာကောင်းလိုက်တာ။ နင် ဘယ်လိုရှာလိုက်တာလဲ”
“ဟီးဟီး၊ ငါ Weibo မှာ Follow လုပ်ထားတာ ကြာပြီ။ ဒီနေ့ ဆိုင်ဖွင့်တဲ့နေ့မို့လို့ နင်တို့တွေ ဓာတ်ပုံရိုက်ဖို့ ညွှန်းပေးချင်နေတာလေ”
ကောင်မလေးများက ပေါ်ရန်ကို စူးစူးစိုက်စိုက်ကြည့်ရင်း “အိုး ကျင်းရှီ၊ နင် သူငယ်ချင်းတစ်ယောက် ခေါ်လာတာလား”
ကျင်းရှီ - “သူက ငါတို့နဲ့ လျှောက်လည်ချင်တယ် ပြောလို့”
“ကောင်းပြီ
သူက ကျင်းရှီရဲ့ သူငယ်ချင်းဆိုရင် ငါတို့နဲ့အတူ ဓါတ်ပုံလာရိုက်လိုက်”
“အော် ရှက်မနေပါနဲ့ ဘာမှမဖြစ်ပါဘူး။ ငါတို့အားလုံးက သူငယ်ချင်းတွေပဲ၊ နောက်မှ ငါတို့တွေ အတူတူ စျေးဝယ်ထွက်ကြမယ်လေ”
ပေါ်ရန် - ...
သူသည် မိန်းကလေးဆန်သော ကာတွန်းရောင်းကုန်ပစ္စည်းများကို လှည့်ပတ်ကြည့်ရင်း အမိုက်စား ပိုစ့်များဖြင့် အဆုံးမရှိ ဓာတ်ပုံရိုက်နေသည့် မိန်းကလေးများ ဝန်းရံခြင်းကို ခံထားရသည်။
သူသည် စတိုးဆိုင်ထဲတွင် တစ်ဦးတည်းရှိနေသော ယောက်ျားဖြစ်နေပြီး ချစ်စဖွယ် မိန်းကလေး အနည်းငယ်၏ ဘေးတွင် လက်နှစ်ဖက်ဖြင့် အိတ်ကပ်ထဲတွင် ဆူပုတ်ပုတ်ဖြင့် ထည့်ပြီး ရပ်နေကာ ဤအဓိပ္ပါယ်ကို ဖော်ညွှန်းထားသည် —
နေရခက်နေမှု။