အပိုင်း ၇
Viewers 2k

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

 

အပိုင်း ၇

 

 

၁၉၅၈ နွေရာသီတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ပင်မကော်မတီသည် ပိုင်ဒေဟယ် ညီလာခံကျင်းပပြီးသောအခါ နိုင်ငံတစ်ဝှမ်းမှလူများကို ဒေသန္တရကန်တင်းများဖွင့်ရန်ပြောလေသည်။

 

 

အရှိန်အဟုန်နှင့် လူထုလှုပ်ရှားမှုသည် နိုင်ငံတစ်ဝှမ်းလုံးတွင်ပင်။

 

 

ယွင်ရွှေကောင်တီမှ လူများမှာ ကောင်တီပါတီမြေသို့ ပြောင်းရွှေ့သွားပြီး ဒေသန္တရအကြီး အသေးများ ၂၀ ခွဲထားသည်။

 

 

စတီးစက်ရုံအောက်ရှိ ခြံဝန်းကျယ်များကို ယွင်ရွှေကောင်တီ၏ ဒုတိယဒေသန္တရဖြစ်လာရန် ပေါင်းစည်းလိုက်သည်။

 

 

ဟိုဖက်ရှိ ကွေ့ဟွားဟူးထုန်တွင် နေထိုင်ကြသူများမှာ တတိယဒေသန္တရတွင်ဖြစ်သည်။

 

 

နောက်အပတ်ကစပြီး လမ်းထဲတွင် ဒေသန္တရကန်တင်းဖွင့်မည်ဖြစ်ပြီး အိမ်တိုင်းကန်တင်းသို့ သွားရောက်စားသောက်ရပေမည်။ ကန်တင်းရှိ အစားအသောက်မှာ အလွန်ပင်ကောင်းသည်ဟု ဒါရိုက်တာကောကပြောသည်။ ငါးပေါင်း၊ ထမင်းဖြူ၊ မုန့်ပေါင်းဖြူဖြူများမှာ နေ့တိုင်း လုံလုံလောက်လောက် ရှိသည်ဟူ၍!

 

 

ကန်တင်းရှိသည်နှင့် အိမ်တိုင်းတွင် ရှိနေသာအိုးများမှာ မလိုအပ်တော့ပေ။

 

 

လူများမှာသူတို့အိမ်များမှ အိုးများ၊တူရွင်းပေါက်ပြားများ စသည်တို့ကို ယူလာကြပြီး ကောင်တီ၏ စတီးလုပ်ငန်းကို ထောက်ပံ့ပေးရန် လှူဒါန်းကြသည်။

 

 

ကျန်းဆွေ့လန်ပြန်လာပြီး လင်းယောင်ကိုပြောလိုက်သည်။ "ယောင် ကျေးဇူးပြုပြီး ငါတို့စတီးတွေကိုလည်း လှူလိုက်ပါဦး။ ငါတို့မိသားစုမှာသံအိုး ၂ ခုရှိတယ်။အသစ်တစ်ခုနဲ့ အဟောင်းတစ်ခု။ မသုံးတာတော်တော်ကိုကြာပြီ။ ငါတို့သုံးဖြစ်မှာလည်း မဟုတ်ဘူး။ လှူလိုက်တော့မယ်"

 

 

ကုချွင်မေမှာ သူမအခန်းထဲတွင် ခေါင်းဖြီးနေပေသည်။သူမအခုလေးပင် ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ကောက်လာလေသည်။ မှန်ရှေ့တွင်သူမမှာ လှပနေပေသည်။ ထိုသည်ကိုကြားသောအခါ သူမလည်းပြောလိုက်သည်။

 

 

 "အမေ အကုန်သာလှူပစ်လိုက်ပါ။ အခုကစပြီး ကန်တင်းမှာစားတော့မှာပဲကို။ အိုးတွေက အသုံးမဝင်တော့ပါဘူး"

 

 

လင်းယောင် ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ အစ်မချွင်မေ အဲ့လိုလုပ်လို့မဖြစ်ဘူး။

 

 

ဒေသန္တရကန်တင်းမှာ ရက်အနည်းငယ်လည်ပတ်ပြီးသောအခါတွင်ပင် အပိတ်ခံလိုက်ရသည်။

 

 

နောက်တွင်လာသည်က ကျေးလက်ဖက်တွင် ဆယ်စုနှစ်များစွာကြာအောင် မဖြစ်ဖူးသော ပြင်းထန်သည့်မိုးခေါင်မှုဖြစ်ပြီး နိုင်ငံအခြေအနေ မကောင်းသည်နှင့်ပေါင်းကာ ကပ်ဘေးကို ၃ နှစ်တိုင် ရင်ဆိုင်ရပေမည်...

 

 

လင်းယောင်ကံကောင်းသည်ဟု မခံစားမိပဲမနေနိုင်တော့ချေ။ ကံကောင်းစွာနှင့်ပင် သူမ၏ နေရာလွတ်စူပါမားကက်တွင် ဆန်နှင့်ဂျုံများ သိုလှောင်ထားရှိသည်မှာ တောင်ကဲ့သို့ပင်။ ထိုမျှများပြားသောဆန်နှင့် ဂျုံများရှိနေသောကြောင့် သူမလို ကောင်မလေးတစ်ယောက်မပြောနှင့်။ ကုမိသားစုဝင် ၅ ယောက်ဆိုလျှင်ပင် ဆယ်စုနှစ်များစွာကြာအောင် စားနိုင်သည်ပင်။

 

 

ဆန်နှင့်ခေါက်ဆွဲများရှိနေကာ အိုးမရှိပဲချက်စားလို့မရပေ!

 

 

သူမလျင်မြန်စွာ အကြံပေးလိုက်သည်။ "အန်တီ ဆိုရိုးရှိတယ်မလား။ ဘယ်လိုဘေးအတွက်မဆို ကြိုပြင်ဆင်ထားရမယ်ဆိုတာလေ။ အိုးအဟောင်းကို လှူလိုက်ပြီးတော့ အသစ်ပြန်ဝယ်ကြမယ်လေ။ အိုးကောင်းကောင်းလေးနဲ့ဆို ဟင်းတွေကြော်စားရင် အရမ်းအရသာရှိမှာ"

 

 

ထိုသို့ပြောလိုက်တော့ ကျန်းဆွေ့လန်သည်လည်း ကျိုးကြောင်းသင့်လျော်သည်ဟု ခံစားလိုက်ရသည်။ သူမအိမ်ကိုပတ်ရှာပြီး ဟောင်းနေသာသံအိုးတစ်ခုနှင့် သံချေးတက်နေသော မသုံးသည့်ပုဆိန် ၂ ခုကိုယူကာ ဒေသန္တရရုံးသို့ သွားတော့သည်။

 

 

အန်ကယ်မန်ဆန်မှာ စတီးစက်ရုံတွင် အလုပ်လုပ်နေပြီးကောင်စုတ်လေးသုန်ဇီမှာ ပျောက်သွားပေပြီ။ လင်းယောင်မှာ သူမအခန်းထဲတွင်ထိုင်ပြီး စာအုပ်ဖတ်နေပေသည်။ ရာသီဥတု အေးလာသောအခါ မိသားစုဝင်တိုင်းအတွက် သိုးမွေးလက်အိတ်များ ထိုးပေးရန်လည်း စဥ်းစားမိသည်။

 

 

ကုချွင်မေမှာ သူမဆံပင်အခွေအလိပ်လေးများကိုသာ ဆက်အာရုံစိုက်နေလိုက်သည်။

 

 

သူမကိုယ်သူမလုပ်သည်နှင့်ပင် မလုံလောက်သေး။ လင်းယောင်ကိုပါ ဆွဲခေါ်ပြီး ထိုသို့ဆံပင်အလိပ်လေးများလုပ်စေရန် စိတ်လှုပ်ရှားနေတော့သည်။

 

 

လင်းယောင် နှုတ်ခမ်းများတွန့်သွားပြီး သူမချက်ချင်းပင် ထွက်ပြေးတော့သည်။

 

 

ထိုညတွင် ဒေသန္တရလက်ထောက်မှာ စစ်သားများကိုဦးဆောင်ကာ အစည်းအဝေး ကျင်းပလေသည်။ စတီးစက်ရုံ၏ ထူးချွန်သော အလုပ်သမားဟောင်းဖြစ်သည့်အပြင် ကုမိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သော ကုမန်ဆန်မှာ စတိတ်ပေါ်တွင် တက်ပြောခွင့်ရရှိခဲ့သည်။

 

 

ကုမန်ဆန်မှာ သတင်းကိုကြားတုန်းက ကြောင်အ,သွားခဲ့သည်။ သူမွေးတုန်းက အဘိုးကုမှာ သေနတ်ကိုင်ပြီး ဂျပန်များကို တိုက်ပွဲဝင်ခဲ့ကာ အဘွားကုမှာ မွေးရပ်မြေရှိ သားဖြစ်သူကို ကြည့်ရှုစောင့်ရှောက်ခဲ့ရသည်။

 

 

ထိုအချိန်တွင် ယခင်ကုမိသားစုမှာ အလွန်ပင်ဆင်းရဲခဲ့သည်။ ထို့ကြောင့် ဇနီးမောင်နှံ ၂ ယောက်မှာ ဆာလောင်မှုပြေပျောက်စေရန် တို့ဖူးများနှင့် အသီးအရွက်ပန်ကိတ်များကိုသာ စားခဲ့ကြရသည်။

 

 

ကုမန်ဆန်မှာ ရက်အနည်းငယ်မျှသာ ကျောင်းနေခဲ့ရသည်။ လွတ်လပ်ရေးရပြီးသောအခါ လမ်းများတွင် စာတတ်မြောက်ရေး အတန်းများ ပို့ချပေးပြီး ဦးလေးမန်ဆန်မှာ စက်ရုံရှိလူငယ်များနှင့် တိုးတက်အောင်ပြုလုပ်ချင်ခဲ့သည်။

 

 

ထိုအချိန်တွင် အဘွားကုမှာလည်း အသက်ရှိနေဆဲပင်။အသက်ကြီးကြီး မိန်းမကြီးမှာ ၎င်းကိုကြားတော့ သူမလက်ထဲရှိ ချိုင်းထောက်နှင့်မြေကြီးကိုထောက်ပြီး သူမ၏သွားမရှိတော့သော ပါးစပ်ဖြင့် "သောက်ကျိုးနည်း မင်းအဲ့စာတတ်မြောက်ရေးအတန်းကို တက်ချင်လား?"

 

 

ကုမန်ဆန်က ရိုးသားစွာပင် ခေါင်းငြိမ့်သည်။

 

 

မိန်းမအိုကြီးမှာ အင်မတန်ပင်ပြုံးနေပြီး "ကောင်းပြီ။ အမေမင်းကိုမေးခွန်းတစ်ခုမေးမယ်။ တိုင်က လဲသွားတာက ဘာကိုဆိုလိုတာလဲ?"

 

 

ကုမန်ဆန် ရှုပ်ထွေးသွားသည်။

 

 

တိုင်က လဲသွားရင်ဘာဖြစ်မှာလဲ?

 

 

တိုင်ကလဲသွားရင် တိုင်ရောဟုတ်သေးရဲ့လား?

 

 

ဘာဖြစ်လာနိုင်တာလဲ?

 

 

ရွှေတိုင်တော့ မဟုတ်နိုင်ဘူးမလား?

 

 

ကျန်းဆွေ့လန် ဝက်မွေးမြူရေးလုပ်ငန်းမှပြန်ရောက်သောအခါ အဘွားကုက သူမ၏ချွေးမကိုထပ်မေးသည်။

 

 

ကျန်းဆွေ့လန်က စိတ်ညစ်စွာနှင့်ပင် "တိုင်လဲသွားတယ်ဆိုရင်လဲနေတဲ့တိုင် ဖြစ်သွားမှာပေါ့။ ၅ နှစ်သားလေးတောင် အဲ့ဒါကိုသိတယ်။ ဘယ်အရူးက အဲ့ဒါကိုမဖြေနိုင်မှာလဲ?"

 

 

အရူးကုမန်ဆန် - "..."

 

 

ဦးလေးကုမန်ဆန်မှာ သူ့အမေမှန်သည်ဟု ခံစားလိုက်ရသည်။ သူ့မှာရိုးရိုးကြီးသာ တွေးသောသူဖြစ်သည်။သူခေါင်းဆောင်ခြင်းနှင့် ဟောပြောခြင်းကဲ့သို့သော အလုပ်မျိုး မလုပ်နိုင်ပေ။

 

 

ကုမန်ဆန် သူ့ခေါင်းကို ခါရမ်းလိုက်ကာ စင်ပေါ်တွင်စကားပြောရန် ငြင်းဆန်လိုက်သည်။

 

 

သူ့ကိုသတင်းပို့ရန်လာသော ရဲဘော်မှာ စိုးရိမ်ပူပန်ကာခေါင်းကုတ်နေတော့သည်။

 

 

"ဦးလေး စင်ပေါ်မှာ စကားပြောရတယ်ဆိုတာ အရမ်းကိုဂုဏ်သရေရှိတာနော်။ ဘာလို့မပြောချင်တာလဲ?"

 

 

"ဒါရိုက်တာကော စင်ပေါ်ကို တစ်ယောက်တက်ပြောလိုက်တာနဲ့ မိသားစုတစ်ခုလုံး ဂုဏ်ရှိသွားတာမလို့လား!"

 

 

"အဒေါ်ရယ် ဘယ်လိုပြောလိုက်တာလဲ?စင်ပေါ်တက်ပြောလိုက်လို့ဘာအကျိုးအမြတ်ရှိလဲ?ရှိတာပေါ့။တစ်ယောက်ကိုသကြားညို ကက်တီဝက်"

 

 

ကျန်းဆွေ့လန် မျက်လုံးများ လက်သွားပြီး ဆုံးဖြတ်ချက် ခိုင်မာစွာပြောလိုက်သည်။ "သွား ဒါကညငါတို့ကို ပါတီက ခန့်အပ်တဲ့ ခက်ခဲတဲ့အလုပ်ပဲ။ ငါတို့ကုမိသားစုက မိခင်မြေအတွက် နှလုံးသားကောင်းရှိတာ! ငါတို့သကြားညိုကက်တီဝက်လည်းရမှာ။ ရှောင်တင်း မင်းပြန်လိုက်။ မင်းဦးလေးကု သေချာပေါက် လာလိမ့်မယ်"

 

 

ရဲဘော်ရှောင်တင်း -"......"

 

 

ကောင်းပြီလေ။ ဘာပဲပြောပြော အဒေါ်ကုက သဘောတူလိုက်တာပဲ။

 

 

သူပြန်သွားရင်လည်း  ဒါရိုက်တာကို ရှင်းပြပေးနိုင်သည်။

 

 

ရဲဘော်ရှောင်တင်း သူ့မျက်နှာကိုသုတ်လိုက်ကာ သူ၏ အသက် ၂၀ အရွယ်ကျောပြင်မှာ နေဝင်ဆည်းဆာအောက်တွင် ညှိုးလျော်နေပေသည်။

 

 

လင်းယောင် ထွက်ခွါသွားသော ရှောင်တုန်းကို သနားစွာပင်ကြည့်လိုက်သည်။ သည်ကလေးမှာ ကံမကောင်းရှာပေ။

 

 

ကုမန်ဆန်မှာ သူ့မိန်းမကို ငြင်းဆန်ချင်သောကြောင့် သူ၏ကြီးမားသောလက်များကို ပွတ်လိုက်ကာပြောသည်။ "ဆွေ့လန် ငါပြောစရာရှိတယ်..."

 

 

ကျန်းဆွေ့လန် စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဘာအဓိပ္ပါယ်မရှိတာ ပြောမလို့လဲ! ကျွန်မပြောပြီးသားနော်။စကားလေး တက်ပြောရုံပဲမလား? ဘာလို့လဲ ဘာလဲ ရှင်အဲ့ဒါလေးတောင် မပြောတတ်ဘူးလား? ဘာကိစ္စကြီးကြီးမားမားမလို့လဲ? ငါတို့မိသားစုက ယောင်ယောင်ကစာတတ်တာပဲကို။ ယောင်ယောင်ကို ရှင့်အတွက် ရေးပေးခိုင်းလိုက်မယ်။ အဲ့ဒါကို အလွတ်သာကျက်လိုက်။ယောင်ယောင်ရေ အဲ့လိုဆိုအဆင်ပြေမယ်ထင်လား?"

 

 

လင်းယောင်က ပြောလိုက်သည် - "...အဲ့လိုက မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဦးလေးက အဲ့လိုလုပ်ချင်ရဲ့လား?"

 

 

ကျန်းဆွေ့လန်က ကုမန်ဆန်သာ သဘောမတူလျှင် ပန်းတွေဘာလို့ အရမ်းနီနေရသည်ကို သူ့ကိုသိစေမည်ဟုဆို၏!

 

 

ကုမန်ဆန်မှာ ပန်းတွေဘာကြောင့် အရမ်းနီနေရသလဲဆိုသည်ကို မသိလိုပေ။

 

 

လင်းယောင်က ပြောရမည့်ဟာကို အသေအချာပင်ရေးပေးသည်ကာ ကုမန်ဆန်က ၎င်းကို တစ်လုံးမလွဲကျက်တော့သည်။ ထို့နောက် သူ့သားအငယ်ဆုံးကို ဆွဲကာ ပရိသတ်လုပ်ခိုင်းတော့သည်။

 

 

လင်းယောင်မှာ ဦးလေးမန်ဆန်ကို နည်းလမ်းတစ်ခုသင်ပေးလိုက်သည်။ သူစင်ပေါ်သို့ ရောက်သောအခါ ပရိသတ်များကို စကားမပြောတတ်သော ဖရဲသီးများကဲ့သို့ သဘောထားဖို့ပင်။ သူသည် ဒေသန္တရအဖွဲ့ဝင်များ၏ ရှေ့တွင် ထွက်ပြောရသောအခါ စိတ်လှုပ်ရှားပေသည်။ ဖရဲသီးရှေ့တွင် စကားပြောရသည်မှာတော့ အရမ်းကြောက်စရာမကောင်းပေ။

 

 

ရလဒ်အနေနှင့် ထိုညက ကျင်းပေသာ အစည်းအဝေးမှာ အင်မတန််ပင် အောင်မြင်ခဲ့လေသည်။

 

 

ဒါရိုက်တာကောမှာ "ဒေသန္တရများမှာကောင်းမွန်ပြီး ပျော်ရွှင်မှုများမှာထာဝရတည်မြဲသည်" နှင့် "ပိုက်ဆံမကုန်ပဲစားသောက်နိုင်မယ်။ အလုပ်ကြိုးစားပြီးကုန်ထုတ်လုပ်မယ်" ကဲ့သို့သော အားတက်စရာ အဖွင့်အမှာစကားကိုပြောကာ တက်ရောက်သာအဖွဲ့ဝင်များ၏ လက်ခုပ်ဩဘာများကို ရရှိခဲ့သည်။

 

 

ကုမန်ဆန်မှာ စင်ပေါ်တက်စကားပြောရသော ပထမဆုံးသူဖြစ်သည်။ သူပြောသည်မှာ ဒါရိုက်တာကောလောက်စိတ်လှုပ်ရှားစရာမကောင်းပဲ သူစကားပြောသည်မှာ အနည်းငယ် နှေးသော်လည်း တိကျပြီးလိုရင်း ရောက်သည်။ ထိုခေတ်များတွင် ဘယ်သူမှကျောင်းမနေဖူးကြသောကြောင့် တစ်ယောက်ယောက်သာစကားကောင်းကောင်းပြောတတ်သည်နှင့် ထိိုသူတွင်ခေါင်း ၂ လုံးရှိနေသကဲ့သို့ပင်။

 

 

ဒါရိုက်တာကောနှင့် အန်ကယ်မန်ဆန်ကို လူတိုင်းကလက်ခုပ်သြဘာများ ချီးမြှင့်ကြပြီး ကျန်သည့်သူများကိုတော့ လက်ခုပ်တီးသည်မှာ ကျိုးတို့ကျဲတဲ အဖြစ်သဘောမျှပင်။

 

 

အတိုပြောရမည်ဆိုလျှင် အစည်းအဝေးမှာ အောင်မြင်စွာပြီးဆုံးခဲ့သည်ပင်။

 

 

ဒါရိုက်တာကောမှာ ထိုသည်ကို အလွန်ပင်ကျေနပ်သွားပြီး အထူးသဖြင့် ကုမန်ဆန်ကိုပင် ဖြစ်သည်။ ကုမိသားစုကို သူအတိအကျ နာမည်တပ်ကာပင်ချီးကျူးလိုက်သည်။

 

 

ကုမိသားစုအတွက် ဆုလာဘ်မှာ အခြားမိသားစုများထက် ကက်တီဝက်ပိုများသော သကြားများဖြစ်သည်။

 

 

သည်နေ့တွင် ကုမိသားစုမှာ တရုတ်နှစ်သစ်ကူးနေ့ကဲ့သို့ပင် ပျော်ရွှင်နေကြတော့သည်။

 

 

နောက်တစ်နေ့ မနက်စောစောတွင် ကျန်းဆွေ့လန်မှာရက်ရောကာ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမသို့သွား၍ ဝက်ဗိုက်သားသွားဝယ်တော့သည်။ အစကတော့ သူမ ဝက်မွေးမြူရေးခြံ ဝက်သားပြန််သယ်လာဖို့ပင်။ ဝက်မွေးမြူရေးမှ ဝက်များမှာ ကျေးလက်မှဝက်များနှင့်မတူကာ သေချာပင်မွေးမြူထားသည်။ ဝက်များကို တစ်နှစ်ပတ်လုံး ပဲအနှစ်များကျွေးသည်။ သူတို့အစာသေချာစားလျှင် သူတို့အသားမှာ အလွန်အရသာရှိပေသည်။

 

 

ကံမကောင်းစွာပင် ဝက်မွေးမြူရေးခြံမှာ ရက်အနည်းငယ်အကြာက ဝက် ၂ ကောင် သတ်လိုက်ကာ ဝက်သားများ နွေးတောင်မနွေးသေးခင် ယူသွားခံလိုက်ရသည်။

 

 

ကျန်းဆွေ့လန်မှာ ရွေးချယ်စရာမရှိတော့ပဲ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမတွင် မနက်စောစော သွားတန်းစီပြီး အသားဝယ်ကာအိမ်သို့ယူလာပြီးနောက် အလုပ်သို့အလျင်အမြန်သွားတော့သည်။

 

 

ကုရှီတုန်းမှာအသားကို လတ်ဆတ်နေစေရန် ရေတွင်းရေထဲတွင်ထားထားသည်။ မနက်ရောက်သောအခါ လင်းယောင်ကသူ့ကို အသားယူခိုင်းလိုက်ကာ အစ်မချွင်မေကိုကူပြီး ဓါးကိုင်လိုက်တော့သည်။ ဝက်ဗိုက်သားကို သေချာဆေးကြောပြီး လှီးလိုက်သည်။ မှိုများကို ကြိတ်ပြီး ရေဆေးထားသော ဟင်းနုနွယ်နှင့် ရောကာအစာသွပ်လိုက်သည်။ အနှစ်နှင့် ကြက်သွန်မြတ်၊ဂျင်းတို့ကို အိုးထဲတွင် မွှေးလာအောင်ကြော်လိုက်သည်။

 

 

သည်ရက်များတွင် လူများအသားစားကြသောအခါ ဓါးနှင့်စားလျှင် အကောင်းဆုံးပင်။ မဟုတ်လျှင်လက်တွင်ဆီများပေတော့သည်။ ထိုသို့‌သော ဝက်ဆီများကို ကျိုလိုက်ကာ ကရားထဲတွင်ထည့်ထားကြသည်။

 

 

တာ့ဇားယန်မိသားစုမှ ချွေးမဟင်းလျက်သောအခါ ဆီထည့်လျှင်တောင် ထမင်းကြော်သည် ဟင်းရွက်ပြုတ်ကဲ့သို့ဖြစ်နေတော့သည်။ အရသာမရှိချေ။ အရသာမှာဆိုးဝါးလှသည်။

 

 

မည်သို့ပင်ဆိုးစေ စားရမည်ပင်။

 

 

လူတိုင်းမှာ ဆင်းရဲကြသည် မဟုတ်လား?

 

 

ထိုဟာကိုမစားလျှင် ငတ်ပြီးသေရပေမည်။ ထို့ကြောင့် လူတိုင်း၏ လက်ထဲတွင် အသားဝယ်လက်မှတ်များရှိနေသရွေ့ သူတို့အဆီများဝယ်ကြပေမည်။ ၎င်းတို့မှာဈေးသက်သာသောကြောင့်ပင်။

 

 

လင်းယောင်မှာ အရသာပေါ့သော အစားအစာများကိုကြိုက်သည်။ သို့သော် ကုမိသားစု၏ အကြိုက်ကိုစဉ်းစားလိုက်ပြီး ဝက်ဆီတစ်ဇွန်းထပ်ထည့်လိုက်သည်။

 

 

အိုးကြီးမှာမီးဖိုပေါ်တွင်ဆူနေသည်မှာ မိနစ်အနည်းငယ်ရှိပေပြီ။ စတီးစက်ရုံ အလုပ်ဆင်းသောအခါ မှိုနှင့်အသားဖက်ထုပ်များ၏ အနံ့မှာ အဝေးထိပျံ့နေတော့သည်။

 

 

စတီးစက်ရုံအလုပ်သမားများ၏ လုပ်ခမှာ များပေသည်။ သို့သော်သူတို့မှာ အရမ်းဖောဖောသီသီတော့မသုံးနိုင်ကာ ပိတ်ရက်များတွင် အသားဖက်ထုပ်များမစားကြပေ။ ထို့ပြင် ဒေသန္တရကန်တင်းမှာ ဖွင့်တော့မည်ဖြစ်သောကြောင့် လူများမှာ ထိုက အစားအသောက်များကိုစားရန် စောင့်နေကြပေသည်။

 

 

ဘယ်မိန်းမက အလွန်မွှေးပျံ့သော အသားဖက်ထုပ်များကို လုပ်ရလောက်သည်အထိရူးနေသနည်း?

 

 

ခြံဝန်းကျယ်ကြီး၏ ရှေ့ဝန်းတွင် မစ်စ်ကျန်းတာ့ချန်မှာ သူမလက်ထဲတွင် ခြင်းတောင်းကိုကိုင်ကာ အိမ်ပြန်လာပြီး မျက်နှာမှာမကောင်းချေ။

 

 

သူမဒီနေ့ဝယ်သော အသီးအရွက်အရွက်များမှာ မလတ်ဆတ်ပဲ သူမသူဌေး၏ ပြစ်တင်ခြင်းကိုခံခဲ့ရသည်။သူမအမှားလုပ်မိပြီး ပေါင်းထားသောမုန့်များကို စက်ရုံကန်တင်းမှမယူမိခဲ့ပေ။ သူမ တကယ်ပျော်မနေချေ။

 

 

သူတို့ခြံထဲသို့ ဝင်ဝင်ချင်းပင် လေထဲမှ အနံ့ရလိုက်သည်။ မစ်စ်ကျန်းတာ့ချန် အနံ့ခံကြည့်လိုက်ပြီး နှုတ်ခမ်းစူကာ "ဘာလဲ ‌ကြွားနေတာ! မင်းတို့ ကုမိသားစုမှာပဲ အသားဝယ်လက်မှတ်တွေရှိတာပါ။ ကျန်တဲ့လူတွေကဆင်းရဲနေတာ။ ငါတို့ရဲ့ကျန်းတာ့ချန်က စက်ရုံကန်တင်းမှာစားဖိုမှူးကြီးဖြစ်တော့မှာ။ မနက်ဖြန်ကျရင် ငါကတံခါးမဖွင့်သေးခင်တောင် ဝက်လက်တွေစားနေရမှာ!"

 

 

မနက်ဖြန်လမ်းထဲတွင် ကန်တင်းရှိမည်ဖြစ်‌သောကြောင့် ကုမန်ဆန် ခါတိုင်းထက် စောပြန်လာပေသည်။

 

 

ကုရှီတုန်းမှာ အိုးထဲတွင်ရှိသော အသားဖက်ထုပ်များကို ဆက်ပြီး သွားရည်ကျနေတော့သည်။

 

 

ကုမိသားစုမှာ လက်ဆေးကာစားတော့မည်မှာပင် စတီးစက်ရုံမှအစောင့်က ရုတ်တရက် ရောက်လာခဲ့သည်။

 

 

"မန်ဆန် မင်းအိမ်ကိုဖုန်းလာတယ်။ ဖုန်းက စစ်တပ်ကတဲ့!"