အပိုင်း ၈
Viewers 2k

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

 

အပိုင်း ၈

 

 

 

ကုရှီအန်းမှာ ထိုနှစ်များတွင် စစ်မြေပြင်၌ တာဝန်ထမ်းဆောင်နေရပြီး တစ်နှစ်ပတ်လုံး အိမ်မပြန်နိုင်ပေ။ အိမ်ကို လစာများကြိုပြီး ပို့ပေးသည့်အပြင် သူ့မိဘများစိတ်သက်သာရာရစေရန် အိမ်ကိုတစ်လတစ်ခါ ဖုန်းခေါ်လေသည်။

 

 

ဒီတစ်ကြိမ်တွင်တော့ အိမ်ကိုဖုန်းခေါ်ရုံသာမကပဲ ကြီးမားပြီး ဖောင်းကားနေသော အိတ်တစ်ခုကိုပါ ပြန်ပို့ပေးသည်။ နေ့ဖက်တွင် စာပို့သမားက ၎င်းကိုစတီးစက်ရုံသို့ ပို့ပေးကာ တံခါးစောင့်က ခြံဝန်းဆီသို့ ယူလာပေးလေသည်။

 

 

ယနေ့တွင် အိမ်မှာသက်ဝင်လှုပ်ရှားနေသည်။ အစောင့်ရောက်လာသောအခါ ကုမန်ဆန်မှာ ပျော်ရွှင်စွာပင် မြေပဲကြော်များကိုစားကာ ဝိုင်သောက်နေလေသည်။

 

 

လင်းယောင်နှင့် ကျန်သည့် ၂ ယောက်မှာ ဘေးအိမ်ရှိချမ်းသာသည့် အဒေါ်၏ အိမ်သို့သွားကာ ယုန်လေးများကိုကြည့်နေကြသည်။

 

 

အကြီးဆုံးသားက အိမ်ကို ဖုန်းခေါ်သည်ဟုကြားသည်။

 

 

ကုမန်ဆန်၏ မျက်လုံးထောင့်စွန်းရှိ အရေးအကြောင်းများမှာ ပျော်ရွှင်မှုဖြင့် တွန့်လာကြသည်။ သူသည်ကားရိုးအသူဖြစ်သော်လည်း ဧည့်သည့်လာလျှင် မည်သို့ဧည့်ခံသင့်သည်ဆိုသည်ကိုတော့ သိလေသည်။ "အန်ဇီကဖုန်းခေါ်တယ်။ ဘာမှမဖြစ်ပါဘူး။ အိမ်မှာဝိုင်နဲ့ မြေပဲတွေရှိတယ်။မသွားခင်သောက်သွားပါလား?"

 

 

အစောင့်က သူ့လက်များကို ထပ်ကာထပ်ကာခါယမ်းလိုက်ပြီး "ဘာလို့ အရမ်း ကျွန်တော့်ကို ယဥ်ကျေးနေမှာလဲ?ကလေးကစောင့်နေတာကို"

 

 

ကုမန်ဆန် အသံပြုလိုက်ပြီး ကျန်းဆွေ့လန်မှာ မီးဖိုချောင်မှထွက်လာကာ ဝါးခြင်းတောင်းလေးကို ကမ်းပေးလာကာ အပြုံးနှင့်ပြောလာသည်။ "အိမ်မှာစိုက်ထားတဲ့ ခရမ်းချဥ်သီးလေးတွေနဲ့ သခွားသီးလေးတွေပါ။ ဘာမှမဟုတ်ပါဘူး။ စားကြည့်လိုက်နော် "

 

 

ဤရက်များတွင် အသီးအရွက်များကိုစားဖို့ အရမ်းမလွယ်ကူလှပေ။ ယွင်ရွှေကောင်တီတွင်ပင် လူအများစုမှာ သူတို့ခြံဝန်းထဲတွင် ဟင်းသီးဟင်းရွက်ဆိုင်များ ဖွင့်ထားကြသည်။ သူတို့အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊မုန်လာဥနှင့် အာလူးများကို ကြိုက်သလောက်စိုက်ပျိုးနိုင်ပေသည်။ ဘယ်လောက်ပဲ စိုက်စိုက် အနည်းဆုံးတော့ ဝယ်စရာမလိုတော့ပေ။ ဘယ်အချိန်ဖြစ်ဖြစ် စားစရာရှိနေပေမည်။

 

 

ကျန်းဆွေ့လန်မှာ ချင့်ချင့်ချိန်ချိန် နေထိုင်စားသောက်ခဲ့ရပြီး အသီးအရွက်များ စိုက်ပျိုးရာတွင်လည်း တော်လေသည်။

 

 

သူမမှာရွာတစ်ရွာတွင် ကြီးပြင်းလာခဲ့သူပင်!

 

 

ကျေးလက်ဒေသမှ အမျိုးသမီးတစ်ယောက်မှာ ဘယ်လိုလုပ်အသီးအရွက် မစိုက်ပျိုးတတ်ပဲ ရှိမည်နည်း?

 

 

၎င်းသည်အဘွားကု ကျန်းဆွေ့လန်ကို ချွေးမအဖြစ် ရွေးချယ်ခဲ့ခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပေသည်။

 

 

ကျန်းဆွေ့လန်မှာ အသီးအရွက်များ မည်သို့စိုက်ရမည်ကိုသိပြီး သူမ၏အသီးအရွက် ခြံလေးကိုလည်း ကြိုးကြိုးစားစားပင် မြေသြဇာကျွေးလေသည်။ စိုက်ထားသော ခရမ်းချဥ်သီးများမှာ အရောင်နီရဲနေကာ သခွားသီးများမှာ ထိပ်တွင်အဝါရောင်ပန်းပွင့်လေးနှင့် လတ်ဆတ်ပြီး နူးညံ့လေသည်။

 

 

အစောင့်မှာ ရယ်ပြီးမျက်လုံးများပင် မပွင့်တော့"မနေ့တုန်းက အိမ်ကအဘွားကြီးက စားဖို့ကောင်းကောင်းလေးတစ်ခုခုမရခဲ့လို့ ပွစိပွစိလုပ်နေတာ။ ခုတော့ မင်းတို့မိသားစုကျေးဇူးကြောင့် အဆင်ပြေသွားပြီ"

 

 

"ဘာမှအထူးတလည် မဟုတ်ပါဘူး။ သခွားသီးလေးတွေပါပဲ"

 

 

"အဲ့ဒါကဒီအဖိုးကြီး ဈေးသွားဝယ်ရမှာကို သက်သာသွားစေတာပဲ"

 

 

အစောင့်ဖြစ်သူမှာ မျက်နှာတွင််အပြုံးတစ်ခုနှင့် ခြင်းတောင်းကိုကိုင်ကာ ကုမန်ဆန် နောက်ကနေ ခြံဝန်းအပြင်ဖက်ကို လိုက်သွားတော့သည်။

 

 

ကျန်းဆွေ့လန်မှာ သူမသားပို့လိုက်သော အထုပ်ကို ကိုင်လိုက်ပြီး သူမမျက်နှာထက်ရှိ အပြုံးမှာ ပိုကြီးလာတော့သည်။

 

 

ထို့နောက်သူမ မီးဖိုချောင်ထဲတွင်လုပ်နေသည်အား ဆက်လုပ်တော့သည်။

 

 

ခဏကြာသောအခါ ကုရှီတုန်းဘေးအိမ်မှပြန်လာတော့သည်။

 

 

ဒီကောင်စုတ်လေးမှာ အိမ်မှရသောအနံ့ကြောင့် ပြန်လာခြင်းဖြစ်လေသည်။

 

 

ကုမိသားစု၏ မီးဖိုချောင်ထဲတွင် အငွေ့တထောင်းထောင်းထလျက်ရှိသည်။ ကျန်းဆွေ့လန် အိုးဖုံးကိုဖွင့်လိုက်လျှင် ဖွင့်လိုက်ချင်းပင် အသားဖက်ထုပ်များ၏အနံံ့မှာ မွှေးပျံ့လွန်းသောကြောင့် လူများမှာခြေထောက်မလှုပ်ပဲ မနေနိုင်ကြတော့ပေ။

 

 

အခုလေးတွင်ပြုတ်ထားသော အငွေ့တထောင်းထောင်းထနေသည့်မုန့်များမှာ အပေါ်အောက်လူးလိမ့်နေတော့သည်။ ခြံထဲတွင် အခုလေးတွင် ရှေ့ပြေးလိုက် နောက်ပြေးလိုက်လုပ်နေသော ကုရှီတုန်းမှာ ခုံတန်းအသေးလေးကို လျင်မြန်စွာရွှေ့လိုက်ကာ မီးဖိုချောင်အပေါက်ဝတွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတော့သည်။

 

 

အသားဖက်ထုပ်များကို ပထမဆုံးတစ်လုပ်စားရအောင် စောင့်နေခြင်းဖြစ်သည်။

 

 

၅ မ်ိနစ် ၆ မိနစ်လောက်ကြာသောအခါ လင်းယောင်နှင့်ကုချွင်မေတို့ ချမ်းသာသည့်အဒေါ်၏ အိမ်မှ စကားတပြောပြောနှင့် အတူပြန်လာကြသည်။

 

 

ချမ်းသာသည့်အဒေါ်၏အိမ်ရှိ ယုန်ကလေးများမှာ ချစ်စရာကောင်းပြီး လိမ္မာသည်။ သူတို့မှာပုပုလုံးလုံးလေးဖြစ်ကာ ဘောလုံးလေးကဲ့သို့ပင်။ သူတို့ကို မုန်လာဥကျွေးလျှင် သူတို့မှာ အမွှေးပွအလုံးလေးများ ဖြစ်လာပေမည်။ သူတို့ပါးစပ်လေးများကို ပွစိပွစ်ိလုပ်ကာ လှဲလိုက် လျှောက်သွားလိုက်လုပ်နေတော့သည်။

 

 

လင်းယောင် မျက်လုံးများလက်ကာ အစွန်းတွင်ထိုင်လိုက်သည်။

 

 

ကုချွင်မေ၏ ချစ်စရာမျက်လုံးများသည်လည်း တလက်လက်တောက်ပနေတော့သည်။

 

 

ညီအစ်မနှစ်ယောက် အိမ်ပြန်ရောက်လျှင် ရောက်ချင်းပင် သူတို့အတူတကွပင် ယုန်ကလေးတစ်ကောင်လောက်မွေးရန် ဆွေးနွေးကြတော့သည်။

 

 

ကုရှီတုန်းမှာ သူ၏အသားဖက်ထုပ်များ အိုးထဲမှထွက်လာရန် စိတ်ရှည်စွာပင် စောင့်ဆိုင်းနေခဲ့သည်။

 

 

ကျန်းဆွေ့လန် ထွက်လာပြီး ကြည့်လိုက်တော့ ဒေါသထွက်ကာ တစ်ချိန်တည်းမှာပင် ရယ်လည်းရယ်ချင်မိသည်။

 

 

ဒီကလေး ၃ ကောင်မှာ တစ်ယောက်မှ မရင့်ကျက်ကြပေ။

 

 

အမေဖြစ်သူမှာ ရေဆေးထားသောသခွားသီးများနှင့်ထွက်လာပြီး သူ့သားအားကြည့်လိုက်ကာ "သတိလည်းထားဦး။ ပါးစပ်ကြီးတောင် ပြုတ်ကျတော့မယ်"

 

 

ကုရှီတုန်းရယ်လိုက်ကာ တံထွေးမျိုချပြီး အိုးကိုဆက်စိုက်ကြည့်နေတော့သည်။

 

 

၁၀ မိနစ်ကြာပြီးသောအခါ နောက်ဆုံးတော့ အရသာရှိသော မှိုနှင့်အသားဖက်ထုပ်များ ရလာတော့သည်။

 

 

ကုမန်ဆန်မှာ ဖုန်းသွားပြောနေကာ အိမ်ပြန်မလာသေးပေ။

 

 

ကျန်းဆွေ့လန် တစ်ခုခုကို ရေရွတ်လိုက်ပြီး တံခါးတွင်ခဏစောင့်နေကာ ခေါင်းကုတ်လိုက်၊ နားရွက်ကုတ်လိုက်လုပ်နေသာ သားဖြစ်သူကို ကြည့်နေတော့သည်။

 

 

သူမအေပရွန်ကိုဆွဲပြီး ပြောလိုက်သည်။ ထားလိုက်တော့။ ဆက်မစောင့်တော့ဘူး။

 

 

ဘာဖြစ်ဖြစ် ဒီနေ့တော့အိမ်တွင် အသားဖက်ထုပ်များ လုံလုံလောက်လောက်ရှိသည်ပင်!

 

 

လင်းယောင် ရောထားသော ကြက်သွန်ဖြူနှင့် ဗီနီဂါကို စားပွဲပေါ်သို့တင်လိုက်သည်။ ကုရှီတုန်း ချက်ချင်းပင် ဖက်ထုပ်တစ်ခုကို ကောက်ယူလိုက်ကာ ကြက်သွန်နှင့်ဗီနီဂါထဲတွင်နှစ်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

 

 

အသားဖက်ထုပ်များမှာ ပါးကာမွှေးပျံ့လှသည်။ကြက်သွန်ဗီနီဂါထဲတွင် နှစ်လိုက်တာနှင့် ပါးစပ်ထဲတွင် အရသာရှိနေတော့သည်။

 

 

ကုမိသားစုမှာ ဖက်ထုပ်များကို တရုတ်နှစ်သစ်ကူး သို့မဟုတ် ကုရှီအန်း ပြန်ရောက်သောအခါမှသာ စားကြလေသည်။

 

 

အရင်ကစားခဲ့သော ဖက်ထုပ်များမှာ ဒီနေ့လောက်မမွှေးပေ။

 

 

တစ်မိသားစုလုံး အားရပါးရစားကြတော့သည်။

 

 

လင်းယောင် ပျော်ရွှင်နေပေသည်။ သူမဖက်ထုပ်များကို ပျော်ရွှင်စွာမစားရသည်မှာ အတော်ကြာပေပြီ။ သူမလက်ထဲတွင် တူကိုင်လိုက်ကာ အလုတ်တိုင်းကိုအရသာရှိရှိစားတော့သည်။

 

 

လူတိုင်းမှာ အရသာရှိရှိ စားသောက်နေခဲ့ကြကာ ဧည့်ကြိုခန်းသို့ ဖုန်းသွားပြောသော ကုမန်ဆန်ကိုပင် မေ့နေခဲ့ကြသည်။

 

 

ကုမန်ဆန် အိမ်ပြန်ရောက်သောအခါ ကျန်းဆွေ့လန်မှာရုတ်တရက် ထိုလူကြီး မစားရသေးတာကို သတိရသွားတော့သည်။

 

 

သူမအင်္ကျီလက်များကို ခေါက်တင်လိုက်ကာ မီးဖိုချောင်သွားပြီး ဖက်ထုပ်များကိုဇလုံနှင့် ခပ်လာခဲ့လိုက်သည်။ဖက်ထုပ်များကို ကုမန်ဆန်ရှေ့သို့ ချပေးလိုက်ပြီးသူ့ကိုမြန်မြန်စားရန် ပြောလိုက်သည်။

 

 

ကုမန်ဆန်မှာ အနည်းငယ် ဝမ်းသာသွားသည်။

 

 

"ကိုယ်စားဖို့ပေးတာလား?"

 

 

"ဘာလဲ မစားဘူးလား ရှင်က?"

 

 

ကျန်းဆွေ့လန် ဘေးသို့ကြည့်လိုက်သည်။

 

 

ကုမန်ဆန် ပျော်ရွှင်စွာပြုံးလိုက်သည်။ "စားမယ်။ ဆွေ့လန် ကျွေးတာဆို ၂ ဇလုံတောင်စားဦးမယ်"

 

 

ထိုအတွဲမှာ သူတို့ချစ်ခြင်းကိုပြသနေကြပြီး ကျန်းဆွေ့လန်မှာရှက်ကာ အိမ်ထဲတွင်ပြန်ပုန်းနေတော့သည်။

 

 

လင်းယောင်နှင့် ကုချွင်မေတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

 

 

ကုရှီတုန်းမှာ နှလုံးသားကင်းမဲ့ကာ ဖက်ထုပ်များကိုသာ ဆက်စားနေလေသည်။

 

 

ကုရှီအန်းအိမ်ကို သည်တစ်ကြိမ်ဖုန်းခေါ်တော့ သူဘေးကင်းလုံခြုံကြောင်း သူ့မိဘများကို ပြောသည့်အပြင် နောက်ထပ် သတင်းတစ်ခုကိုပါ ပြောလေသည်။ စစ်သည်များကိုခေါ်ဆောင်ကာ မကြာမီတွင် စစ်ဆင်ရေးတစ်ခု လုပ်ရမည်ဖြစ်ပြီး နောက်လတွင် အိမ်ကိုဖုန်းခေါ်နိုင်မည်မဟုတ်ဟူ၍။

 

 

နှစ်များကြာလာတော့ ကုမန်ဆန်မှာ သူ့သားရံဖန်ရံခါထွက်ရလေ့ရှိသော စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး ကျင့်သားရနေပြီဖြစ်သည်။ အဖေဖြစ်သူမှာ သားကိုဘေးကင်းဖို့ ဂရုပြုရန်ပြောလိုက်သည်။ ပြည်သူ့စစ်သားများ၏ တာဝန်မှာ မိသားစုများနှင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်ပင်။

 

 

အဖေဖြစ်သူနှင့် သားဖြစ်သူတို့မှာ တစ်မိနစ်ကျော်မျှဖုန်းပြောကာ ကုရှီအန်းမှာ မြန်မြန်ဆန်ဆန်ပင် ဖုန်းချသွားတော့သည်။

 

 

ကုမန်ဆန်မှာ အိမ်ပြန်ချင်ခဲ့သော်လည်း အစောင့်က သူ့ကို လက်ဖက်ရည်သောက်ပြီး စကားပြောရန်ဆွဲထားလေသည်။

 

 

၂ ယောက်သား အများကြီးစကားပြောခဲ့ကြပြီး ကုမန်ဆန်မှာ စက်ရုံခေါင်းဆောင်စစ်ဆေးဖို့လာမှ အိိမ်ပြန်လာတော့သည်။

 

 

ညစာစားပြီးသောအခါ ကုချွင်မေနှင့် လင်းယောင်တို့ စားပွဲကိုသန့်ရှင်းပြီး ကြမ်းတိုက်ကြသည်။

 

 

ကုရှီတုန်းမှာ မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးလေသည်။

 

 

ကျန်းဆွေ့လန်နှင့် ခင်ပွန်းဖြစ်သူတို့မှာ သူတို့သားကြီးပို့လိိုက်သောအထုပ်ကို အိမ်ထဲတွင်ကြည့်နေကြလေသည်။

 

 

ဖွင့်မကြည့်ခင်ကတော့အထဲတွင် ဘာပါမှန်းမသိသော်လည်း ဖွင့်ကြည့်လိုက်တော့ အထဲတွင်ပစ္စည်းများ  အများအပြားပင်ရှိလေသည်။

 

 

အသား ၂ ဘူး၊ ဘီစကစ် ၁ ထုပ်၊ မုယောမှုန့်နှင့် ရောထားသောနို့ ၁ ဘူး၊ စန္ဒပန်းပွင့်လေးများပါသော အနီရောင်ပိုးချည်စအကြီးတစ်ခု၊ မိန်းမဝတ် လယ်သာဖိနပ်သေးသေးလေးတစ်ခုနှင့် အစေ့အဆံ၊ ဆီ၊ အသားဝယ်လက်မှတ်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊တဘက်များစသည့် တိုလီမုတ်စများဖြစ်ပြီး အကုန်လုံးကိုသပ်သပ်ရပ်ရပ် ထပ်ထားသည်မှာ တစ်ချက်ကြည့်လိုက်သည်နှင့် ကုရှီအန်း၏ ပုံစံအတိုင်းပင်။

 

 

ကျန်းဆွေ့လန်အတွက် နိုင်လွန်ခြေအိတ် ၃ စုံ၊ သူမအကြိုက်ဆီ ၁ ဘူး၊ လယ်သာမှတ်စုစာအုပ် ၁ အုပ်နှင့် ကုမန်ဆန်မှာ သူ့အတွက် သားဖြစ်သူက အထူးပြင်ဆင်ထားသော ရှီဖုန်းဝိုင် ၂  ပုလင်းရရှိလေသည်။

 

 

ကုမန်ဆန်မှာ ဆေးလိပ်မသောက်သော်လည်း ဝိုင်အနည်းငယ် သောက်ရသည်ကိုတော့ ကြိုက်လေသည်။

 

 

ကုမိသားစု၏ အခြေအနေမှာ ကောင်းသော်လည်း ဝိုင်ကောင်းကောင်း သောက်ရဖို့တော့ မလွယ်ပေ။ အခုခေတ်တွင် ဝိုင်သောက်ချင်လျှင် ယမကာလက်မှတ်လိုလေသည်။ သူလို စက်ပြင်ဆရာတစ်ယောက်မှာ ယမကာလက်မှတ်ကို မည်ကဲ့သို့ရနိုင်ပေမည်နည်း?

 

 

စက်ရုံခေါင်းဆောင်များနှင့် ကောင်တီရဲဘော်များကိုသာ နိုင်ငံတော်က ယမကာလက်မှတ်များ ပေးလေသည်။

 

 

ကုမန်ဆန်မှာ ဒေသခံရွာသားများလုပ်သော အရည်အသွေးနိမ့်သည့် ဝိုင်ကိုသာ သောက်ခဲ့ရသည်။အရသာမှာ မကောင်းကာ အရက်အရသာလည်း မရပေ။သို့သော် ဘာမျှမသောက်ရတာထက်တော့ သာသေးသည်ပင်။

 

 

အနီရောင်ပိုးသားပိတ်စမှာ ကုချွင်မေ၏ မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးလိုက်ခြင်းဖြစ်သည်။

 

 

ကုချွင်မေက သည်နှစ် အောက်တိုဘာလထဲတွင် လက်ထပ်မည်ဖြစ်သည်။ ယွင်ရွှေကောင်တီ၏ ထုံးတမ်းစဥ်လာအရ ကြင်စဦးမောင်နှံများ လက်ထပ်သောအခါ သတို့သမီးဖက်မှ မိသားစုက သတို့သမီး၏ လက်ဖွဲ့ခေါင်းအုံး၊တဘက်၊အိပ်ယာခင်း၊ချည်ထည် အစရှိသည်တို့ကိုထုပ်ပိုးရန် အနီရောင်တောက်တောက် ပိုးသားစကို ပြင်ဆင်ပေးရလေသည်။

 

 

ဒီခေတ်တွင်အနီရောင်ပိုးသားစကို ရရန်မှာ ခက်ခဲလှလေသည်။ ကျန်းဆွေ့လန်မှာ သူမ၏ သမီးဖြစ်သူအတွက် အနီရောင်ပိုးသားစကိုရှာရန် ကောင်တီ၏ ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယများအားလုံးသို့သွားခဲ့လေသည်။

 

 

သူမ မရခဲ့သော်လည်း သူမတွင်ကျေးလက်ဒေသမှမိန်းမကြီးတစ်ယောက် ဗိုင်းငင်ရက်လုပ်ထားသော ချည်ကြမ်းတစ်ခုတော့ရှိလေသည်။ သူမတစ်ယောက်ယောက်ကို ပြား ၂၀ ပေးကာ ဆေးဆိုးပြီးသုံးပေမည်။

 

 

ကျန်းဆွေ့လန် ထိုသို့တွေးလိုက်သော်လည်း သူမသမီးကိုတော့ မျက်နှာမငယ်စေလိုပေ။

 

 

သမီးဖြစ်သူ၏ တစ်သက်တွင်တစ်ခါသာ ပြုလုပ်ရသောလက်ထပ်ပွဲဖြစ်ပေသည်။ အမေတစ်ယောက်အနေနှင့် ဘယ်လိုပဲဖြစ်ဖြစ် သူမသမီးအတွက် ခမ်းခမ်းနားနားသာ ဖြစ်စေချင်သည်။

 

 

ကျန်းဆွေ့လန် ကုရှီအန်းနှင့် ယခင်ဖုန်းပြောတုန်းက ထိုကဲ့သို့ပြောဖူးသည်။ သို့သော်လည်း ထိုကလေးမှာ တိတ်နေကာ စိတ်ထဲတွင်ထည့်ထားလေသည်။

 

 

အကြီးဆုံးသားဖြစ်သူမှာ သူတို့နှင့်အတူရှိမနေသော်လည်း စေ့စပ်ကာ တွေးပေးတတ်လေသည်။ ကျန်းဆွေ့လန်၏ နှလုံးသားမှာ ပျားရည်ကဲ့သို့ ချိုမြိန်မှုများနှင့် ပြည့်နေပေတော့သည်။

 

 

သူမအမျိုးသမီးဝတ် လယ်သာဖိနပ်ကိုကိုင်လိုက်ကာ လက်နှင့်တိုင်းတာလိုက်ပြီး ရှူးမှာခန့်မှန်းခြေ ၃၅ သို့မဟုတ် ၃၆ ဆိုဒ်ရှိလေသည်။ ကျစ်ကျစ်လျစ်လျစ်ပုံစံမျိုးပင် ...

 

 

သူ ချွင်မေအတွက် ဝယ်ခဲ့ခြင်းမဟုတ်ပေ။ ချွင်မေမှာမွေးတည်းက ခြေထောက်ကြီးပြီး ၃၉ ဆိုဒ်ဝတ်ရသည်။

 

 

အိုး သူအဲ့ဒါကို ယောင်ယောင်အတွက် ဝယ်ခဲ့တာပဲ။

 

 

ကျန်းဆွေ့လန် အလွန်ပျော်ရွှင်သွားလေသည်။ သူမ၏ အကြီးဆုံးသားမှာ ငယ်စဥ်ကတည်းက ခြံဝန်းထဲရှိအခြားကောင်လေးများနှင့် ကွာခြားလေသည်။ သူ့တွင်သူ့အဘိုးကဲ့သို့ ပျင်းစရာကောင်းသော ဗီဇရှိသည်။ သူဆယ်နှစ်အရွယ်တုန်းကတော့ စကားတွေအလွန်ပြောခဲ့သည်။ သူစစ်တပ်ထဲဝင်ပြီး စစ်သားဖြစ်ကတည်းက စကားများများ မပြောတော့ပေ။

 

 

ထိုအချိန်တွင် သူမမှာ သူ့သား လင်းဟုန်နနှင့် လက်ထပ်ရမည့်ကိစ္စကြောင့် စိတ်ပူလွန်းပြီး အိပ်လို့ပင်မရခဲ့ချေ။

 

 

လင်းယောင်နှင့် လက်ထပ်ရမည်ဆိုတော့ ကျန်းဆွေ့လန်မှာအလွန်ပျော်ရွှင်သွားကာ တိတ်တိတ်လေး ရေရွတ်လိုက်သည်။ ဆိုရိုးရှိသည့်အတိုင်း အိမ်မွေးဝက်များ ဂေါ်ဖီထုပ်ကို ခိုးယူလို့မရနိုင်ပေ။

 

 

မည်သို့ပင်ဆိုစေ ထိုကလေး ၂ ယောက်မှာ လက်ထပ်ပွဲသာကျင်းပခဲ့ပြီး လက်ထပ်မှတ်ပုံတင် မရှိသေးပေ။ထို့ပြင် လက်ထပ်ပွဲမှာလည်း လင်းတာ့ကော်နှင့်သူ့မိသားစုတို့ကြောင့် အတင်းအဖျင်းများ ဖြစ်ခဲ့ရသေးသည်။

 

 

တစ်ခြားဟာကို ထည့်မပြောလျှင်ပင် သူမမှာယောင်ယောင်ကို အလွန်ပင်သဘောကျလေသည်။ သူ့အမေနှင့် သူမ၏ သူငယ်ချင်း ဆက်ဆံရေးကြောင့်သာမဟုတ်ပဲ ယောင်ယောင်၏ စိတ်ဓါတ်မှာလည်း  သူမနှင့်အလွန်ကိုက်ညီသောကြောင့်ပင်။

 

 

ကျန်းဆွေ့လန်မှာ သူမ၏သားဖြစ်သူက ဉာဏ်အလင်းမပွင့်သော သစ်သားတုံးကြီးဟု တွေးခဲ့သည်။ အခုတော့ ထိုသစ်သားတုံးကြီးမှာ အလင်းပွင့်သွားပြီး ယောင်ယောင်အတွက် လယ်သာရှူးများ ဝယ်ဖို့ပင်သိကာ အမေဖြစ်သူ၏ မျက်နှာမှာ မိုးပေါ်သို့ပင်ပျံတက်နေတော့သည်။

 

 

ကျန်းဆွေ့လန်မှာ လယ်သာရှူးကို ယူလိုက်ကာ ဘူးကိုကိုင်ပြီး တောင်ဖက်အဆောင်သို့ သွားတော့သည်။

 

 

ကုမန်ဆန်မှာ သူမ သူ့ကိုခေါ်တုန်းက အာရုံမစိုက်မိပေ။

 

 

လင်းယောင်မှာ ယခုအချိန်တွင် အိပ်ယာပေါ်လှဲကာစာအုပ်ဖတ်နေလေသည်။ အရှေ့ဖက်အဆောင်မှာ သန့်ရှင်းပြီး နွေးထွေးနေသည်။ သစ်သားကြမ်းခင်းကို ဝါးဖျာဖြင့်ခင်းထားသည်။ ခေါင်းအုံးနှင့် စောင်များအားလုံးကို အဖြူနှင့်ပန်းရောင်အကွက်ဖြင့် ချုပ်ထားလေသည်။ ရိုးနေသောခန်းဆီးစများကို လဲထားပြီး ဝါးခြင်းတောင်းများကိုလည်း အံဆွဲများပေါ်တွင် တင်ထားသည်။

 

 

ပန်းအိုးထဲတွင်လည်း လတ်ဆတ်စွာ ခူးထားသောစံပယ်များကိုထိုးထားကာ‌ မွှေးပျံ့နေတော့သည်။

 

 

ကျန်းဆွေ့လန် တံခါးခေါက်လိုက်ပြီး လင်းယောင်ခပ်မြန်မြန်ပြန်ဖြေလိုက်သည်။ သူတို့ ၂ ယောက်ဘာတွေပြောခဲ့ကြသည် မသိသော်လည်း ပြန်ထွက်လာသည်အထိ ကျန်းဆွေ့လန်၏ အပြုံးမှာ ပျောက်ကွယ်မသွားသေးပေ။

 

 

ဟိုဖက်ခန်း တောင်ဖက်အဆောင်ရှိ ကုချွင်မေမှာ သူမလက်များနှင့် ခြေထောက်များကို ဆန့်ကာအိပ်နေတော့သည်။

 

 

လင်းယောင် လယ်သာရှူးဖိနပ်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

 

 

အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူမ ကုရှီအန်းအားသနားမိသည်။ သူသည် ရုပ်ရည်ချောမောပြီးကောင်းမွန်သော အနာဂတ်ရှိသော်လည်း အေးဆေးလွန်းသည်။ မူရင်းစာအုပ်ထဲတွင် ကုရှီအန်း လင်းဟုန်နနှင့် ကွာရှင်းပြီးသောအခါ သူအသက်ကြီးသည်အထိတစ်ယောက်တည်း နေသွားလေသည်။

 

 

သူသည် အသက် ၈၀ ရှိသွားသော်လည်း အထီးကျန်သော သူတစ်ယောက် ဖြစ်နေဆဲပင်။