၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၀၇)
ချန်ကျင်းရိဟာ မကြာသေးမီက ရှီးရှီးနှင့် ပြန်တွေ့ခဲ့ရတာကို အလွန်ပျော်ရွှင်နေခဲ့သည်။ သူတို့နှစ်ယောက် ပထမဆုံးစတွေ့ကြတုန်းက ရှီးရှီးက သူ့ကို စကားတွေအများကြီးပြောနေတတ်သည်။ တဖြည်းဖြည်းနဲ့ သူလည်း လေပေါလွန်းတဲ့ ဝတုတ်လေးကို အသားကျလာကာ သူ့ကိုလည်း စကားတွေပြန်ပြောလာခဲ့ပြီ။
သို့သော် သူက တခြားကလေးတွေနဲ့တော့ စကားသိပ်မပြောခဲ့။
ရှီးရှီးပြန်လာတဲ့အခါ ချန်ကျင်းရိလေးဟာ မူကြိုတက်ရတာ သိပ်မကြိုက်တော့ပေ။ သူတို့ မူကြိုရောက်သွားတာနဲ့ ရှီးရှီးက ကလေးတိုင်းကို စကားပြောနေလိမ့်မှာဖြစ်သော်လည်း သူနဲ့ စကားပြောရတာကိုတော့ အကြိုက်ဆုံးပါပဲ။
ကျောင်းမှာရော လမ်းပေါ်မှာပါ ရှီးရှီးက တခြားကလေးတွေနဲ့ လေပေါနေတတ်သည်မှာ တကယ်စိတ်တိုစရာကောင်းလှ၏။
အကယ်၍ အနှီကလေးအသစ်လေးက မူကြိုမတက်ချင်ရင် မသွားနဲ့ပေါ့။
ချန်ကျင်းရိဟာ ရှီးရှီးကို လင်းယောက်ရန်နဲ့ စကားမပြောစေချင်လို့ သူ့ကို အရှေ့သို့ဆွဲလိုက်၏။
ချန်ကျင်းရိက ရှောင်ဖန့်ထက် များစွာပိန်ပါးသလို ခြေလက်သေးသေးလေးတွေဟာ အနှီဝတုတ်ကလေးကို မဆွဲနိုင်ခဲ့တာကြောင့် လက်ကိုသာဆွဲပြီး ပြောလိုက်တော့သည်။ "သွားကြမယ်၊ သွားမယ်လို့!!"
လေပေါတတ်တဲ့ရှီးရှီးနဲ့ မတူစွာပင် ချန်ကျင်းရိဟာ စကားပြောခဲလှသည်။ သူစကားပြောလာတဲ့အခါ အသံလေးက ကာတွန်းထဲက ချစ်စဖွယ်ဇာတ်ကောင်လေးတွေရဲ့ အသံတွေလိုမျိုး နူးညံ့ပြီး ချစ်စရာကောင်းနေလေ၏။
ချင်းရို့: "!!!" ဝေါင်း! !
ချင်းရို့လည်း သူမရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားရကာ သူမရဲ့တူလေး ချန်ကျင်းရိဟာ ဒီလောက်တက်ကြွနေမယ်လို့ သူမ မျှော်လင့်ထားမိခဲ့ပေ။
အရင်တုန်းကတော့ ရှမင်ရှီးရဲ့အချစ်တွေကို သူ အမြဲတမ်းလျစ်လျူရှုနေခဲ့ပြီး ရှမင်ရှီးက သူ့ကို စကားတွေအများကြီးပြောရင်တောင်မှ ကျင်းရိက စိတ်မဝင်စားတဲ့လေသံနဲ့သာ ပြန်ဖြေခဲ့တာလေ။ ဒါပေမယ့် အခုတော့ ရှောင်ကျင်းရိက ရှီးရှီးကို ဆွဲခေါ်ဖို့ အစပြုပြီးတော့ တခြားကလေးနဲ့ ဆက်သွယ်ခွင့်မပြုဘူးပဲ။
သူ မနာလိုဖြစ်နေတာလား? ဘာလို့များ ပရမ်းပတာတိုက်ပွဲကြီးပုံစံမျိုးနဲ့ တူနေရတာလဲနော်?
"ကျင်းရိ!!!!" ဆွဲခေါ်ခံလိုက်ရတဲ့ ဝတုတ်ကလေးဟာ ဝမ်းသာအားရဖြစ်သွားကာ စိတ်လှုပ်ရှားသွားရ၏။ သူတို့ပြန်ဆုံကြကတည်းက ချန်ကျင်းရိဟာ သူ့အပေါ် ပိုပြီးစိတ်အားထက်သန်လာတာကို သူတွေ့ရှိခဲ့ရပေသည်။
အရင်တုန်းကဆို ချန်ကျင်းရိက စကားတစ်ခွန်းမှ မပြောဘဲ အခုမှ စကားနည်းနည်းပြောနိုင်လာချေပြီ။ သူက သူ့ကို "ရှီးရှီး"လို့ ဝမ်းသာအားရနဲ့ ခေါ်မယ်။ သူတို့စားသောက်ကြတဲ့အခါမှာလည်း "ရှီးရှီး စားပါ"လို့ အော်လိမ့်မယ်။
ရှောင်ဖန့်လေးဟာ ချန်ကျင်းရိကို လက်နောက်ပြန်ပွေ့ဖက်လိုက်ပြီး လမ်းဘေးက တောရိုင်းပန်း(လင်းယောက်ရန်)ကို ဂရုမစိုက်ချင်တော့ပေ။ တောရိုင်းပန်းတွေက အိမ်ကပန်းလောက် မမွှေးဘူးလေနော်။ ဝတုတ်ကလေးဟာ ကျင်းရိလေးကို ပျော်ပျော်ကြီး ပွေ့ဖက်ကာ ဝမ်းသာအားရဖြင့် "မူကြိုသွားကြစို့"
"သွားမယ်!"
ချစ်စဖွယ်အစိမ်းရောင်ဦးထုပ်လေးတွေဆောင်းထားတဲ့ ကလေးနှစ်ယောက်ဟာ ညီအစ်ကိုတွေအလား အတူတူဖက်တွယ်ထားကြ၏။ ချင်းရို့က သူတို့ကို အဝတ်အစားဆင်တူ၊ ကျောပိုးအိတ်ဆင်တူ ဆင်ယင်ပေးထားခဲ့သည်ပင်။
လမ်းဘေးရှိ တောရိုင်းပန်းတွေဟာလည်း သူတို့လေးတွေရဲ့ ခံစားချက်ကို မြှင့်တင်ပေးနိုင်တာပဲနော်။
လင်းယောက်ရန်: "???!"
ကျိုးမုန့်လန်: "???!!!"
သားအမိနှစ်ယောက်သား နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားရလေရဲ့။
လင်းယောက်ရန်က သူ့အမေရဲ့ ဘောင်းဘီကို ဆွဲကာ "မေမေ သားလည်း မူကြိုသွားတော့မယ်!"
လေထုဟာ ကူးစက်တတ်လေရဲ့။ သူနဲ့ သက်တူရွယ်တူသူငယ်ချင်းလေးနှစ်ယောက်က မူကြိုသွားဖို့ တက်ကြွနေတာမို့ သူလည်း သွားကိုသွားကြည့်ရမှာပေါ့။
ကျိုးမုန့်လန်: "…"
"ကဲ သွားတော့လေ"
ကျိုးမုန့်လန် သက်ပြင်းတစ်ချက်ချလိုက်လေ၏။ မည်သို့ပင်ဖြစ်စေကာမူ အနည်းဆုံးတော့ သူမရဲ့သားက မူကြိုသွားဖို့ သဘောတူလိုက်ပြီဖြစ်တဲ့အတွက် အစကောင်းသွားပြီပဲပေါ့။
ကျိုးမုန့်လန်က ချင်းရို့အား အလွန်ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်လေ၏။
သူမသာ ဒီစွမ်းအားကြီးတဲ့ မိသားစုဝင်လေးနှင့် မဆုံခဲ့ဘူးဆိုရင် သူမရဲ့ ဒီပြဿနာကောင်လေးကို ကိုင်တွယ်နိုင်မှာမဟုတ်ပေဘူး။
ချင်းရို့: "…"
ချင်းရို့ သူမရဲ့ ဗိုက်ပူပူလေးကို မနေနိုင်ဘဲ ထိလိုက်မိသည်။
မူလက လူနှစ်ယောက်သာဖြစ်ခဲ့ပေမယ့် ယခုတော့ တစ်ယောက်ထပ်တိုးလာခဲ့ပြီ။ ကလေးသုံးယောက်က မူကြိုကို အတူတူသွားခဲ့ကြ၏။
လင်းယောက်ရန်က ရှောင်ဖန့်လေးနဲ့ စကားပြောချင်နေတုန်းဆိုပေမယ့် ချန်ကျင်းရိက သူ့ကို ဆွဲခေါ်သွားကာ ပန်းချီအကြောင်း ရှီးရှီးနဲ့ ပြောချင်တယ်လို့ ပြောလိုက်လေ၏။ ရှောင်ဖန့်လေး စိတ်ရှုပ်ထွေးသွားခဲ့သော်လည်း ဝမ်းသာအားရဖြစ်သွားခဲ့သည်။
ချင်းရို့: "…"
ဒီမြင်ကွင်းကို မြင်တဲ့အခါ ချင်းရို့က သူမ မူကြိုဆရာမ မလုပ်ခဲ့မိတာကို ရုတ်တရက်ကြီး နောင်တရသွားပါတော့သည်။ မဟုတ်ရင် သူမ ဒီကလေးတွေရဲ့ တိုက်ပွဲကြီးကို မြင်ရတော့မှာဟာ။
ကျစ် ကျစ်...
ကလေးတွေကို လွှတ်လိုက်ပြီးတဲ့နောက် ကျိုးမုန့်လန်က သူမရဲ့ ကယ်တင်ရှင်ကြီး ချင်းရို့ကို စကားပြောလိုက်ပြီး ချီးကျူးလိုက်လေ၏။ "နင်က ကလေးတွေကို ကောင်းကောင်းကြီးပျိုးထောင်ခဲ့တာပဲနော်"
"ရှင် အထင်လွဲနေတာပါ။ ငါ့ကလေးတွေက မမွေးလာသေးပါဘူး။ သူတို့က ငါ့တူလေးနှစ်ယောက်လေ"
ကျိုးမုန့်လန် အံ့အားသင့်သွားရလျက် "ဒီလိုလား?"
ဆိုတော့ ဒီမိသားစုဝင်လေးက အခုထိ ကလေးမမွေးရသေးဘူးပေါ့။ "ဒါကြောင့်ကိုး၊ နင်က အရမ်းငယ်သေးတယ်လို့ ငါတွေးနေမိတာ"
ချင်းရို့က သူမနဲ့ ခဏလောက်စကားစမြည်ပြောလိုက်ရာ တစ်ဖက်လူဟာ စစ်ဦးစီးချုပ်လင်းရဲ့ ဇနီးမှန်း၊ ချင်းရို့အမျိုးသားက လုယန်မှန်း သိသွားကြလေ၏။ ထို့ကြောင့် သူတို့ခင်ပွန်းသည်တွေဟာ အသိမိတ်ဆွေဖြစ်ကြကြောင်း သိလိုက်ရ၍ နှစ်ယောက်သား အနည်းငယ်အံ့အားသင့်သွားကြသည်။
"ဒီတော့ နင်က လောင်လုရဲ့ မိန်းမဖြစ်နေတာပဲ! ငါတကယ်မသိခဲ့ဘူး"
"ငါ့ရဲ့လောင်လင်းက နင့်ရဲ့လောင်လုအကြောင်း ခဏခဏပြောဖူးတယ်လေ"
လောင်လုတဲ့လား?
ချင်းရို့က စစ်ဦးစီးချုပ်လင်းရဲ့ အရင်ကအကြောင်းတွေကို သူ့ဇနီးထံမှ အများကြီးကြားသိလိုက်ရသဖြင့် သူမစိတ်ထဲက စစ်ဦးစီးချုပ်လင်းရဲ့ အဆင့်အတန်းဟာလည်း အဆင့်မြှင့်သွားချေပြီ။
ထို့ကြောင့် ချင်းရို့လည်း ကျိုးမုန့်လန်နှင့် စကားဆက်မပြောဘဲ မနေနိုင်ဖြစ်သွားလျက်။
"ငါ့လောင်လုက လောင်လင်းရဲ့ သင်္ဘောဆီ အလည်သွားမယ်လို့ မနေ့ကပြောသေးတယ်..."
"ငါ့လောင်လင်းက လောင်လုဆီက သူသင်ယူသင့်တာလို့ မကြာမကြာပြောနေသေးတာ..."
"ရှောင်ချင်း နင့်အသက်ဘယ်လောက်လဲ?"
"နှစ်ဆယ်ပြည့်ခါနီးပြီ"
"နင်ကအရမ်းငယ်တာပဲ!"
ကျိုးမုန့်လန်က စစ်ဦးစီးချုပ်လုရဲ့ ဇနီးဟာ ဒီလောက်ငယ်ရွယ်ချောမောလှပသူဖြစ်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ပါချေ။
Thanks for reading!