Chapter 41
Viewers 2k

♎️Chapter 41



"ငါမင်းကိုစားချင်တာ..."


ယွိဖေးက သူ့အသားပေါ်ကို နှုတ်ခမ်းဖြင့်ပွတ်သပ်လိုက်သည့်အခိုက် ဖုယွမ်ကျိုး၏ကိုယ်မှာဖြည်းဖြည်းချင်း အေးခဲလာရသည်။ သူသည် ယွိဖေးစကားကိုနားကြားလွဲသည်ဟုထင်ပြီး သတိထား၍အနှီသူကိုထပ်မံခေါ်ကြည့်လိုက်သည်။ 


"ရှောင်ဖေး..." 


ဖုယွမ်ကျိုးအားဖက်ထားသည့်လက်များက တင်းကျပ်ပြီးရင်းကျပ်လာပြီး အနှီသူကသူ့အား အိပ်ရာပေါ်သို့လှဲချကာ လည်ပင်းနှင့်မျက်နှာကိုဖိကပ်ထားရင်းတိုးတိုးလေးပြောလာ၏။ 


"ကျိုးအာ...ကိုယ်မင်းကိုအရမ်းလွမ်းနေခဲ့တာ.." 


နှင်းဆီရနံ့သည် ပူနွေးပြင်းပြစွာဖြင့် တစ်ခန်းလုံးကိုအပြည့်ဖြည့်ထားပြီး နဂိုကနူးညံ့ကြိုင်လှိုင်သောရနံ့မှာ ယခုမူ အလောတကြီးဆာလောင်မှုများနှင့် ကသောင်းကနင်းဖြစ်နေလေ၏၊ ၎င်းက ဖုယွမ်ကျိုးကိုယ်ပေါ်ကို သိပ်သည်းစွာဖြင့်ဖုံးအုပ်ထားရင်း သူ၏အာရုံခံစနစ်အားလုံးကိုပိတ်ဆို့ထားခဲ့သည်။ 


"ကျိုးအာ..." 


ယွိဖေးက ဖုယွမ်ကျိုး၏အမည်ကိုခပ်တိုးတိုးခေါ်ပြီး သူ့ကိုယ်ပေါ်ကိုမှီချလာရင်း မျက်နှာတပြင်လုံးကိုခပ်ဖွဖွနမ်းရှိုက်လာလေ၏။ ဖုယွမ်ကျိုးမှာ တုန်လှုပ်သွားရကာ နီရဲနေသည့်မျက်နှာဖြင့် စိတ်ရှုပ်ထွေးစွာအော်ဟစ်လိုက်လေသည်။ 


"ရှောင်ဖေး!" 


သူ့အပေါ်မှယွိဖေးကို တွန်းဖယ်ချင်သော်လည်း လှုပ်ပင်မလှုပ်နိုင်ပေ၊ ယွိဖေး၏အားကပြင်းထန်လွန်းလှ၍ သူ၏လက်ကောက်ဝတ်ပင်နာကျင်သွားရပြီး ထိုသူကိုဖယ်မရဘဲဖြစ်နေစေခဲ့သည်။ 


ထိုအခိုက် ပြန်လှည့်လာသည့်ရှဲ့လင်က ယွိဖေးကိုဖယ်ပြီး သူ့အားအိပ်ရာပေါ်မှဆွဲထုတ်ပေးလာသည်၊ သို့သော်လည်း ယွိဖေးကလွှတ်မပေးဘဲ သူ့အားအတင်းဆွဲထားခဲ့သည်၊ ကြမ်းပြင်ပေါ်မှထလာပြီးနောက် ရှဲ့လင်ကိုပင် လှည့်ထိုးကာ ဒေါသတကြီးအော်ဟစ်လိုက်သေးသည်။


 "ငါ့ကိုလွှတ်စမ်းပါ..." 


ယွိဖေးက သန်လွန်းသည်၊ သူ့ထံတွင် ဂုဏ်သိက္ခာဆိုသည့်အရာမရှိတော့သလိုပင်။ ရှဲ့လင်က မျှော်လင့်မထားခဲ့သောကြောင့် နှုတ်ခမ်းထောင့်မှာအထိုးခံလိုက်ရပြီး သွေးစအနည်းငယ်စို့လာခဲ့သည်။ 


ထိုသူ၏အခြေအနေမှာ အတော်လေးဆိုးရွားနေလေ၏။ အိပ်ရာပေါ်မှမထနိုင်ဖြစ်နေသေးသည့် ဖုယွမ်ကျိုးပင် ကြောင်အသွားခဲ့ပြီး အနှီသူချက်ချင်းသတိဝင်စေရန် သတိပေးလိုက်သည်။ သူ့အသံကိုကြားလိုက်ရသည့်အခါမှ ယွိဖေး၏အမူအရာက အနည်းငယ်ပျော့ပျောင်းသွားခဲ့သည်။ သို့ရာတွင် သူ့ထံလာမည်အလုပ်မှာပင် တံတောင်မှလှမ်းဆွဲခံလိုက်ရလေ၏။ 


"ဝုန်း!" 


သူလှည့်လာသည်နှင့် ရှဲ့လင်က ယွိဖေးကိုအိပ်ရာပေါ်သို့တွန်းချပြီး တကိုယ်လုံး အိစက်နေသည့်အိပ်ရာထဲသို့နစ်ဝင်သွားမတတ် မျက်နှာတည့်တည့်ကိုထိုးနေခဲ့သည်။ 


"မင်းစိတ်လျှော့စမ်းပါ..." 


ရှဲ့လင်ကသူ့အား ခပ်စူးစူးကြည့်ပြီးသည့်နောက် နှုတ်ခမ်းထောင့်မှသွေးစများကိုလက်ဖြင့်သုတ်လိုက်သည်။ ထိုသူ၏မျက်နှာထားမှာ အတန်ငယ်အေးစက်နေပါ၏။ 


"မင်းတို့နှစ်ယောက်ဘာတွေလုပ်နေကြတာလဲ!" 


ဖုယွမ်ကျိုးမှာ ယွိဖေး၏ဖယ်ရိုမုန်းများကြောင့် ပြေးရန်ပင်အတော်လေးအားယူလိုက်ရပြီး သူ့ခြေထောက်များမှာခွေယိုင်နေလေသည်။


 "မင်းတို့ညီအစ်ကိုတွေ ဘာအတွက်နဲ့ရန်ဖြစ်နေကြတာလဲ..." 


ယွိဖေးက အိပ်ရာပေါ်တွင်ခဏမျှလှဲနေပြီးမှ အသိဝင်လာသလိုဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာ၏။ ထို့နောက် အိပ်ရာပေါ်မှဆတ်ကနဲထထိုင်ကာ နာကျင်နေသည့်ပါးကိုပွတ်သပ်ရင်း သူ့ကိုယ်သူပြောနေသလိုရေရွတ်လိုက်သည်။ 


"......ငါအိပ်မက်မက်နေတာမဟုတ်ဘူးမလား..." 


"မင်းကစိတ်လွတ်နေတာလေ..." 


နောက်ဆုံးတွင်တော့ ဖုယွမ်ကျိုးမှာ ထိုသူ၏ပုံမှန်မဟုတ်သည့်အပြုအမူများအတွက် အကြောင်းအရင်းကိုသဘောပေါက်သွားခဲ့ပြီး ရယ်ကျဲကျဲဖြင့် နှေးကွေးစွာပင်ပြောလိုက်ရလေသည်။ 


"အခုလေးတင်ဖြစ်သွားတာတွေက တကယ့်အမှန်တွေပဲ..မင်းကမင်းအစ်ကိုနဲ့တောင်ရန်ဖြစ်လိုက်သေးတယ်...တွေ့တယ်မလား...မင်းအစ်ကိုရဲ့ပါးစပ်ထောင့်မှာတောင် သွေးထွက်နေပြီ..." 


သူရှဲ့လင်ကို ဖျတ်ကနဲကြည့်လိုက်သော်လည်း ရှောင်ဖေး၏စုတ်ပြတ်သွားသည့်မျက်နှာကိုကြည့်လိုက်ပါက ရှဲ့လင်ကပိုပြီးရက်စက်ခဲ့မှန်းသိသာသည်။ ရှဲ့လင်က ယခုလို မျက်နှာချောချောလေးနှင့် ယခုလိုသန်မာသည့်လက်ကိုသုံးကာ တကယ်ကြီးရက်စက်နိုင်ခဲ့သည်။ 


"မင်းနောက်တခါကျ ပိုပြီးညင်သာပေးလို့ရမလား..."


 သူသည်ကား ရှဲ့လင်ကိုဘာပြောရမှန်းမသိတော့၍ စိတ်ကျဥ်းကျပ်နေရသော်လည်း လေသံကိုမူ ချက်ချင်းပြောင်းလိုက်လေသည်။ 


"မဟုတ်ဘူး...နောက်တစ်ခါဆိုတာမရှိတော့ဘူး..မင်းတို့ကညီအစ်ကိုတွေလေ...အရွယ်လည်းရောက်နေကြပြီ...ရန်ထပ်မဖြစ်ကြနဲ့တော့..." 


ရှဲ့လင်ကစကားမပြန်ပေ၊ နောက်ဆုံး၌ ယွိဖေးက ချက်ချင်းသတိဝင်လာပြီး ယိုင်တိယိုင်တိုင်ဖြင့်မတ်တပ်ရပ်လာကာ သူတို့အားတောင်းပန်လာလေသည်၊ အပူလွန်ကဲနေသည့်လည်ချောင်းကြောင့် ထိုသူ၏အသံမှာအက်ရှနေခဲ့လေ၏။


 "အစ်ကို...ကျိုးအာ...တောင်းပန်ပါတယ်...မရည်ရွယ်ပါဘူး...ငါအိပ်မက်မက်နေတယ်ပဲထင်ခဲ့မိတာ..." 


"အရင်ထိုင်ပါဦး..." 


ဖုယွမ်ကျိုးက သူ့အားသွားကူညီချင်သော်လည်း ရှဲ့လင်ကသူ့အားတားလာပြီး ယွိဖေးထိုင်ရန် သူကိုယ်တိုင်ကူညီပေးလိုက်၏။ ယွိဖေးကအလိုက်တသိဖြင့် မျက်နှာလွှာချကာ တိတ်ဆိတ်နေလေသည်။ သူသည်ကား စောင်ကိုဆွဲယူကာ စောင်ကိုသာငုံ့ကြည့်နေခဲ့၏၊ ထိုသူ၏ဆံပင်နှင့်အဝတ်အစားများက ရှုပ်ထွေးပွယောင်းနေပြီး ထိုအခိုက်အတန့်တွင် အနှီသူမှာ အမှားလုပ်ထားသည့်ချစ်စရာကြောင်တစ်ကောင်နှင့်တူနေပြီး သခင်ထံမှအဆူခံထားရသလို သနားစရာလေးလည်းဖြစ်နေလေသည်။


ရှဲ့လင်က ရေချိုးခန်းထဲတွင် မျက်နှာသစ်နေပြီး ဖုယွမ်ကျိုးကသူ၏လေးလံနေသည့်ကိုယ်ထည်ကို တရွတ်တိုက်ဆွဲကာ ၎င်းတို့နှစ်ယောက်လုံးအတွက် လိမ်းဆေးဘူးယူရန် အောက်ထပ်သို့ဆင်းလာရလေသည်။ 


အံဆွဲကိုဖွင့်လိုက်ချိန်တွင် သူတွေးမိသွားခဲ့၏၊ ရှောင်ဖေးကသူ့အား ယခုလိုနမ်းပြီး အပြင်းအထန်တုံ့ပြန်လာရစေရန် မည်သည့်အိပ်မက်များမက်ခဲ့ပါသနည်း။ 


သူသည်ကား ယွိဖေး ယခုလေးတင် သူ့အားနမ်းလိုက်သည့်နေရာကိုထိကြည့်လိုက်ပြီး စိတ်အစဥ်မှာလေးလံသွားရချေ၏။ ရှောင်ဖေးက သူ့အားနောက်တကြိမ်ထပ်နမ်းခဲ့ပြီး သူ့အားလွမ်းသည်ဟုလည်းပြောခဲ့သေးသည်။ ယင်းက ခင်မင်ကြောင်းကိုပြသသည့် မတိုင်ခင်ကအနမ်းနှင့်အတူတူပေလား သို့မဟုတ် ရှောင်ဖေးက တကယ်ပဲ...သူ့ကိုကြိုက်နေခဲ့ခြင်းလား.... 


ယွိဖေး ယခင်ကလုပ်ခဲ့သည့်ကိစ္စများကိုပြန်စဥ်းစားလိုက်လျှင် ဖုယွမ်ကျိုးထံ၌ သက်သေပြစရာမရှိသေးပေ။ သူသည်ကား သူ့သဘောထားကိုချုပ်တည်းထားခဲ့ပြီး ယွိဖေးကယောကျ်ားတစ်ယောက်ဖြစ်လာပြီဖြစ်သောကြောင့် သူ့ဘက်မှ အဆိုပါအတွေးမျိုးမထားသင့်တော့ဟုသာခံစားခဲ့ရသည်။ 


သို့သော်လည်း ယခုတော့ ပိုတွေးမိလေ၊ ယွိဖေးကသူ့အားကြိုက်နေသည်ဟုခံစားရလေပင်၊ ရှောင်ဖေးက ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ သူ့ကိုသဘောကျနေဆဲ.... 


ထိုအကြောင်းကိုနားလည်သွားသည်နှင့် ဖုယွမ်ကျိုးနှလုံးက တဒိတ်ဒိတ်ခုန်နေသည်မှာမရပ်တော့ပေ၊ အနည်းငယ်ကတုန်ကယင်ဖြစ်လာသလိုပင်ခံစားရသည်။ ရုတ်တရက်ပင် ယောကျ်ားတစ်ယောက်ထံမှသဘောကျခံရခြင်းကို လက်ခံနိုင်လာသလိုပင်။ 


မဟုတ်ဘူး....မဟုတ်ဘူး...ဘာတွေတွေးနေတာလား...ရှောင်ဖေးသူ့ကိုကြိုက်နေတဲ့ကိစ္စကိုမတွေးတော့ဘူး၊ တကယ်ရူးသွားလိမ့်မယ်၊ သူကယောကျ်ားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ရတာလည်း အဆင်ပြေပါတယ်လို့တွေးနေမိတာလေ၊ ပြီးတော့ ယောကျ်ားလေးအယ်လ်ဖာတစ်ယောက်၊ သူ့ကလေးတောင်မွေးပေးရလိမ့်မယ်..... 


ဖုယွမ်ကျိုး အသက်ကိုတဝကြီးရှူရှိုက်လိုက်ပြီးခေါင်းယမ်းကာ အဆိုပါ ကပေါက်တိကပေါက်ချာအတွေးများကို ရှင်းထုတ်ပစ်လိုက်သည်၊ ထို့နောက် လိမ်းဆေးဘူးနှင့်အိပ်ခန်းထဲကိုပြန်ဝင်လာခဲ့၏။ 


ရှဲ့လင်က သွေးများကိုသုတ်သင်ပြီးသွားလေပြီ၊ ၎င်း၏ဆံပင်အတိုလေးများက ရေစိုနေပြီး ရေများကတစက်စက်ဖြင့်စီးကျနေသေးသည်။ အခန်းထဲပြန်ရောက်မှ သူ့လက်များကိုသုတ်လာပြီး ဖုယွမ်ကျိုးကသူ့အားလိမ်းဆေးကမ်းပေးလိုက်သည်၊ ရှဲ့လင်ကထိုနေရာတွင်ရှိနေသောကြောင့် သူစိတ်ပူနေစရာမလိုတော့ပေ။ ရှဲ့လင်က သူ အခြားသူများနှင့်ချစ်မိသွားမည်ကို ခွင့်မပြုပေးလောက်သည်မှာသေချာသည်။ 


အထူးသဖြင့် ရှောင်ဖေးဆိုရင်၊ ရှဲ့လင်ကဘယ်လိုတုံ့ပြန်လာမလဲမသိသေးဘူး.... 


အတိတ်တွင်ရခဲ့သည့်သင်ခန်းစာများက သူ့စိတ်ထဲတွင်စွဲမြဲနေသေးသည်။ ဖုယွမ်ကျိုးမှာ ပြဿနာမရှာရဲဘဲ လိမ်းဆေးနှင့်အိပ်ခန်းထဲသို့သာပြန်လာခဲ့လိုက်၏။ 


ယွိဖေးကသူ့အားသဘောကျနေသည်ဟု တွေးလိုက်မိပြီး နောက် ယွိဖေးဘက်မှလည်း တထပ်တည်းမတွေးစေရန် သူ့ကိုကိုယ်တိုင် ဆေးလိမ်းစေချင်သော်လည်း ယွိဖေးကဖျားနေခဲ့သည်၊ ထိုသူ၏အသားအရေက ဖြူရော်နေပြီး ပါးလေးများကနီရဲနေခဲ့သည်၊ ထိုသူ၏ပုံစံကြောင့် ယွိဖေးကိုကိုယ်တိုင်မလုပ်စေချင်တော့ပေ။ ထို့ကြောင့် သူစိတ်ဆုံးဖြတ်လိုက်ပြီး လိမ်းဆေးကိုညှစ်ယူကာ အနှီသူ၏ဒဏ်ရာများအပေါ်သို့ ဆေးလိမ်းပေးရန်ပြင်လိုက်၏။ 


"ကိုယ်လုပ်လိုက်မယ်..." 


ရှဲ့လင်က သူ့အားနောက်တကြိမ်ထပ်တားလာပြန်ပြီး ယွိဖေးကိုဆေးလိမ်းပေးရန်လုပ်သော်လည်း ယွိဖေးက သူကိုယ်တိုင်သာလိမ်းလိုက်လေသည်။ 


"တောင်းပန်ပါတယ်..." ရှဲ့လင်ကသူ့အားတောင်းပန်လာသည်။ 


"တောင်းပန်ရမှာက ကျွန်တော်ပါ.." 


ယွိဖေးက ခါးသီးစွာနှင့်ပြုံးလိုက်သည်၊ ဖုယွမ်ကျိုးက စိတ်ရှုပ်လာပြီး သူ့အားဖြောင်းဖျလာ၏။ 


"မင်းအမှားလည်းမဟုတ်ပါဘူး...မင်းက အပြစ်ကင်းပါတယ်...ရှဲ့လင်ကမင်းအိပ်မက်ထဲမှာ မသေမျိုးဖြစ်နေပြီး မင်းကသူ့ကိုစိတ်ဆိုးအောင်သွားလုပ်မိတယ်နဲ့တူပါတယ်..." 


"......." ရှဲ့လင်က သူ့အားလှမ်းကြည့်လာသည်၊ ဖုယွမ်ကျိုးက ဇက်ကလေးပုဝင်သွားပြီး သူ့အားရယ်ကျဲကျဲလုပ်ပြလိုက်၏။ 


ထိုအချိန်မှာပင် ယွိဖေးကိုဆေးတိုက်ရန် ဆန်ပြုတ်ပန်းကန်နှင့် အပေါ်ထပ်တက်လာသည့်အဒေါ်က ယွိဖေးနှင့်ရှဲ့လင်မျက်နှာပေါ်မှ ဒဏ်ရာများကိုမြင်ကာထိတ်လန့်သွားလေ၏။ ဖုယွမ်ကျိုးက သူမအားစကားအနည်းငယ်ပြောကာရှင်းပြလိုက်ပြီး မေးလိုက်လေသည်။


 "တစ်နေတောင်ကုန်ပြီ...ရှောင်ဖေးကဖျားနေတုန်းပဲ...ဒေါက်တာစွင်းကဘာပြောသေးလဲ...ဆေးရုံသွားဖို့လိုလား..." 


"ဒေါက်တာစွင်းကတော့ မလိုဘူးလို့ပြောတယ်...ရှောင်ဖေးကသက်သာနေပါပြီ...အဖျားနည်းနည်းရှိတာက rut ကာလကြောင့်တဲ့...အရင်ကရှောင်ဖေးသောက်တဲ့ဆေးတွေကလည်းမကောင်းဘူးလို့ပြောတယ်...ဘေးထွက်ဆိုးကျိုးရှိတယ်တဲ့..." 


ဖယ်ရိုမုန်းအာရုံခံနိုးကြားစေတဲ့ဆေးတွေကိုပြောတာလား? 


ဖုယွမ်ကျိုးက ယွိဖေးကိုကြည့်လိုက်သော်လည်း ယွိဖေးကမျက်လွှာချလိုက်ပြီး သူ့အားထပ်မကြည့်တော့ဘဲ ရေချိုးခန်းထဲသို့သာအမြန်ပြေးဝင်သွားပြန်သည်။ ယခုလေးတင်စားလိုက်သည့်ဆန်ပြုတ်ကိုပင် သူ့အစာအိမ်ကလက်မခံနိုင်ဘဲ ပြန်အန်ထွက်လာခြင်းပင်။

 မျက်နှာသစ်လိုက်ပြီးနောက် အဝတ်အစားများပင်စိုကုန်လေသည်။


 ဖုယွမ်ကျိုးမှာ ဆေးအကြောင်းကိုပင်မေ့သွားပြီး ယွိဖေးကိုကူတွဲပေးလိုက်ကာ အိပ်ရာပေါ်၌ပြန်လှဲခိုင်းထားလိုက်ရ၏။


အခန်းထဲရှိ နှင်းဆီပန်းရနံ့က အားကောင်းနေဆဲ။ ဖုယွမ်ကျိုးက ဖယ်ရိုမုန်းသက်ရောက်မှုလျော့သွားစေရန် ထိန်းချုပ်ပလက်စတာနှစ်ခုကပ်ထားလိုက်ရသည်။ တချိန်တည်းမှာပင် ရှဲ့လင်က တခန်းလုံးကိုစပရေးဖြင့်လိုက်ဖြန်းနေလေ၏။ ယွိဖေးကမူ စောင်ထဲတွင်ကွေးကွေးလေးအိပ်နေရင်း ဖုယွမ်ကျိုးလက်ကိုလှမ်းဆွဲလာလေသည်။ 


ထိုသူသည် အက်ကွဲနေသည့်အသံဖြင့် ဖုယွမ်ကျိုးအားတောင်းဆိုလာလေ၏။ 


"ကျိုးအာ..မသွားပါနဲ့ဦး...ငါနဲ့ခဏလောက်နေပေးပါဦးလား..." 


ရှဲ့လင်: "ငါမင်းကိုအဖော်လုပ်ပေးပါ့မယ်..." 


"...." ယွိဖေးမျက်လုံးများက နီရဲသွားပြီး သူ့အားလှမ်းကြည့်လာကာ စောင်ကိုခေါင်းပေါ်အထိဆွဲခြုံပြီး ငြင်းဆန်နေလေ၏။ 


"ငါ အစ်ကိုအဖော်လုပ်ပေးတာကိုမလိုချင်ပါဘူး.." 


ရှဲ့လင်က စကားမဆိုတော့ဘဲ တခန်းလုံးကိုစပရေးလိုက်ဖြန်းနေပြီး အပြင်လည်းထွက်မသွားခဲ့ပေ။



"ကျိုးအာ..." 


ယွိဖေးက ဖုယွမ်ကျိုးကို တောင်းဆိုသလိုခေါ်လိုက်သည်။ ဖုယွမ်ကျိုးကစိတ်ပျော့​လေရာ သဘောမတူဘဲမနေနိုင်ပေ။ ယွိဖေးက ယခုလိုမျက်နှာဖြင့်တောင်းဆိုနေသောကြောင့် သူခေါင်းညိတ်ရုံသာတတ်နိုင်တော့သည်။ 


"ငါမင်းကိုအဖော်လုပ်ပေးပါ့မယ်...မင်းအေးအေးဆေးဆေးအိပ်ပါ..." 


ဖုယွမ်ကျိုးက သူ့အားနှစ်သိမ့်ပေးလိုက်ပြီး ယွိဖေးအားဂရုစိုက်ပေးနေခဲ့သည်။ အချိန်နှင့်အမျှ မျက်နှာကိုရေပတ်ဝတ်နှင့်သုတ်ပေးနေပြီး သူ့အားဂရုတစိုက်နှင့်စောင်ခြုံပေးလိုက်၏။ အစစအရာရာလုပ်ပေးနေသောကြောင့် သူ့ထက်ကောင်းသည့်လူမရှိတော့ပေ။ 


ယွိဖေးကား ခပ်မြန်မြန်အိပ်ပျော်သွားခဲ့သည်။ ထိုသူသည် ဖုယွမ်ကျိုးလက်ကိုအခိုင်အမာဆုပ်ကိုင်ထားခဲ့၏။ မူလကတွန့်ချိုးနေခဲ့သည့်မျက်ခုံးများမှာ ပြေလျော့သွားခဲ့ပြီး အပြုံးဖျော့ဖျော့လေးပင်ရှိနေသယောင်။ 


ဖုယွမ်ကျိုးက လွတ်နေသည့်လက်ဖြင့်ယွိဖေးနဖူးကိုစမ်းကြည့်လိုက်ပြီး ချက်ချင်းလက်ပြန်ရုတ်လိုက်သည်။ 


ရှဲ့လင်က အနံ့ပျောက်သွားအောင် သူ့လက်ကို ချက်ချင်းစပရေးဖြန်းလိုက်၏။ 


အနံ့ပျောက်စပရေးက ဖြန်းလိုက်သည်နှင့်အင်မတန်အေးမြသည့်ခံစားမှုကိုပေးတတ်သောကြောင့် သူ့လက်ချောင်းများကိုကွေးလိုက်မိပြီး သူ့အားကြည့်နေသည့်ရှဲ့လင်ကို မသိစိတ်အရကြည့်လိုက်မိလေ၏။ 


ဖုယွမ်ကျိုးက သဘောပေါက်သွားလေပြီ။ သူသည်ကား ခပ်ဖွဖွချောင်းဟန့်ပြီး လေသံပျော့လေးဖြင့်မေးလိုက်သည်။ 


"ငါလူမမာကိုတောင်ဂရုစိုက်ပေးလို့မရဘူးလား..." 


ထိုသူက သူ့ကိုယ်ပေါ်သို့ စပရေးထပ်ဖြန်းလိုက်ပြန်၏။ 


ဖုယွမ်ကျိုး: "....." 

ဒီတော့ ဂရုမစိုက်နဲ့ပေါ့။ 


ရှဲ့လင်က သူ့အားတစ်ချက်ကြည့်ပြီး စပရေးဘူးကိုဘေးဖယ်ကာ ထွက်မသွားမည့်သဘောဖြင့် ထိုင်ချလိုက်သည်။ ဖုယွမ်ကျိုးကမူ ယွိဖေးအနားတွင်ထပ်နေရန်စီစဥ်ထားသောကြောင့် ကုတင်ခေါင်းရင်းကိုမှီကာ ခဏမျှမှိန်းနေလိုက်သည်။ ပင်ပန်းနေသောကြောင့် မကြာခင်မှာပင်အိပ်ပျော်သွားပြီး ယွိဖေးကိုယ်ပေါ်သို့ နည်းနည်းချင်းစီလျှောကျလာလေ၏။ 


ယွိဖေးကား ချက်ချင်းလန့်နိုးသွားခဲ့သည်။ သူမျက်လုံးဖွင့်လိုက်သည့်အခါ ဖုယွမ်ကျိုးကအိပ်ပျော်နေပြီး အတော်လေးနှစ်ခြိုက်စွာအိပ်မောကျနေသောကြောင့် နှိုး၍ပင်မရပေ။ 


သူ စိတ်ဓာတ်ကျနေသလို ပျော်လည်းပျော်ရွှင်နေခဲ့သည်။ သူ့အားစိတ်ဓာတ်ကျစေခဲ့သည့်အချက်က ဖုယွမ်ကျိုးသည် အားကစားပွဲတော်တွင် သန်မာကြောင်းပြခဲ့၍ဖြစ်ပြီး ပျော်ရွှင်ရသည်မှာ ထိုသူသည်ပင်ပန်းနေသည့်တိုင် သူ့အားဂရုစိုက်ပေးဖော်ရသည့်အတွက်ကြောင့်ပင်။ 


သူသည် ဖုယွမ်ကျိုးကို အနေအထားပြုပြင်ပေးလိုက်ပြီး အိပ်ရအဆင်ပြေစေရန် အိပ်ရာပေါ်တွင်လှဲခိုင်းလိုက်သည်။


ရှဲ့လင်ကဖုန်းကိုချကာ အိပ်ခန်းတံခါးကိုအရင်ဖွင့်သည်။ ထို့နောက် အိပ်ပျော်နေသည့်ဖုယွမ်ကျိုးကိုပွေ့ချီပြီး ပြောလိုက်လေ၏။ 


"ငါသူ့ကိုဧည့်ခန်းထဲသွားပို့လိုက်မယ်..." 


"အစ်ကို..." 

ယွိဖေးက သူ့အားရုတ်တရက်လှမ်းခေါ်လာသည်။ 


ရှဲ့လင်ကရပ်သွားပြီးနောက် လှည့်ကြည့်လိုက်၏။ 


ယွိဖေး: "ငါအခုလေးတင်ဘာကိုအိပ်မက်မက်လိုက်လဲသိလား...ငါပထမဆုံးအကြိမ်heatကာလကိုဖြတ်ကျော်နေရတာ...အဲဒီတုန်းက ငါဖျားနေခဲ့တယ်...မင်းနဲ့ကျိုးအာတို့ အတူရှိနေတာကိုငါမြင်ခဲ့ရတယ်...ဒါပေမဲ့ မင်းကတော့အခု သူ့ကိုငါနဲ့ဝေးရာခေါ်သွားတော့မယ်လေ..." 


ထိုအချိန်က သူကြောက်ရွံ့နေခဲ့သည်။ နတ်သမီးအချစ်ပုံပြင်များအကြားတွင် ချောင်ပိတ်မိသွားပြီး ပြောစရာစကားပင်မကျန်ခဲ့ပေ။ 


အမှန်အတိုင်းဝန်ခံရလျှင် သူ၏အိပ်မက်များက စကားဖြင့်ဖော်ပြသည်ထက် ပိုပြီးဝရုန်းသုန်းကားနိုင်ကာရူးချင်စရာကောင်း၏။ သူကျိုးအာအပေါ် အတင်းအကြပ်လုပ်မိသည်ဟုအိပ်မက်မက်ခဲ့ပြီး ထိုသူက မျက်ရည်လည်ရွှဲဖြင့် လွှတ်ပေးရန်တောင်းဆိုနေခဲ့ရှာသည်။ သို့သော်လည်း ယင်းကမဖြစ်နိုင်ခဲ့ပေ။ အိပ်မက်ဖြစ်ခဲ့လျှင်ပင် ၎င်းကချိုမြိန်လွန်းလှပြီး လွှတ်ပေးရန်မှာလုံးဝမဖြစ်နိုင်သည့်အရာပင်။ 


အယ်လ်ဖာတိုင်းက သူတို့ချစ်မြတ်နိုးရသည့်အိုမီဂါတိုင်းကို သူတို့၏ဝင်သက်ထွက်သက်တို့နှင့်အတူ ပြန်လည်မွေးဖွားစေချင်ကြသည်။ 


သူ၏တစ်ဝမ်းကွဲအစ်ကို အိပ်မက်ထဲတွင်ပေါ်လာတိုင်း သူယွမ်ယွမ်နှင့်ခွဲခွာရသည်။ သူ့အချစ်များက ကျဆုံးခြင်းနှင့်သာအဆုံးသတ်သွားခဲ့၏၊၊ ငယ်စဥ်ကလေးဘဝက အတူကစားခဲ့ကြသလိုပင်။ ယွမ်ယွမ်က သူ့ကိုမရွေးဘဲ မွေးစားအစ်ကိုကိုသာအမြဲရွေးချယ်ခဲ့သည်။ 


သို့သော်လည်း ထိုအတိုင်းဖြစ်လျှင်ပင်..... 


ယွိဖေး စောင်ကိုဖယ်ကာ ခြေဗလာနှင့်အိပ်ရာပေါ်မှဆင်းလာပြီး ရှဲ့လင်နှင့်အတူ ဖုယွမ်ကျိုးကိုဧည့်ခန်းထဲသို့လိုက်ပို့ပေးလိုက်၏။ ဖုယွမ်ကျိုး အေးအေးချမ်းချမ်းအိပ်နေသည့်မျက်နှာကိုကြည့်ကာ သူတီးတိုးပြောလိုက်လေသည်။ 


"ငါ့မှာအခွင့်အရေးမရှိတာမဟုတ်ပါဘူး...ယွမ်ယွမ်သာငါနဲ့အတူရှိနေရင် အနည်းဆုံးတော့စိတ်​ပင်ပန်းနိုင်တယ်လေ..." 


သူအလွန်အမင်း တကိုယ်ကောင်းဆန်ခဲ့မိသည်။ ယွမ်ယွမ်သူ့ကိုဂရုစိုက်ပေးနေရင်း အလုပ်များနေသည်ကိုကြည့်ပြီး သူပါ စိတ်ပင်ပန်းလာရသော်လည်း သူ့စိတ်ထဲမှပျော်နေမိပြီး ယွမ်ယွမ်ကိုပိုပြီးအလုပ်များနေစေချင်ခဲ့သည်။ သူ့တစ်ယောက်တည်းအပေါ်တွင်သာ အာရုံစိုက်စေချင်ပြီး ဘယ်သူ့ကိုမှဝင်မစွက်ဖက်စေချင်ခဲ့ပေ။