Chapter 42
Viewers 2k

♎️Chapter 42




ကလေးတုန်းက ယွမ်ယွမ်သည် သူ့ဝမ်းကွဲအစ်ကိုနှင့်သာကစားခဲ့သည်ကိုမမေ့သင့်ပေ။သို့သော် သူမနာလိုဖြစ်ပြီး ခြံဝန်းထဲတွင်ရပ်ငိုနေတိုင်း ယွမ်ယွမ်ကသူ့ကိုချောကလက်ပေးကာ အမြဲချော့ခဲ့ပြီး သူ့လက်ကိုဆွဲကာကစားရန်ခေါ်သွားပေးခဲ့သည်။ 


သူအိမ်ထဲတွင် ပစ္စည်းတစ်ခုကိုဖျက်ဆီးမိပြီး အမှားလုပ်မိတိုင်း သူ့ကိုသည်းခံပေးပြီး သူ့အစား လူကြီးများ၏ဆူပူမှုနှင့်ပြစ်တင်ကြိမ်းမောင်းမှုတို့ကို ကိုယ်စားခံပေးခဲ့သည်။ 


ယခုလုပ်လိုက်သည့် သူ့ဝမ်းကွဲအစ်ကို၏အပြုအမူများက သူနှင့်ကျိုးအာတို့ရင်းနှီးပုံနှင့် မခြားနားတတ်ပေ။ သူ့ဘက်မှမသေချာသော်လည်း သူတို့နှစ်ယောက်လုံး ထိုသူကိုပိုးပန်းပုံကဆင်တူနေခဲ့သည်။ 


အတိုင်းအတာတစ်ခုအထိသူသည် ဝမ်းကွဲအစ်ကိုအပေါ် တွင်ပင်အမြတ်ထုတ်၍ရသေး၏။ 


__ 


"ကျိုးအာ မင်းကိုသဘောကျတယ်ဆိုရင် ဒီနှစ်တွေထဲမှာမင်းတို့ အတူတူဖြစ်သွားသင့်တယ်..ဒါပေမဲ့ မဖြစ်ခဲ့ဘူးလေ.." 


ယွိဖေးက ယောင်ယောင်လေးပြုံးလိုက်မိ၏။ 


"အဲဒါက သူမင်းကိုဘယ်တော့မှသဘောကျလာမှာမဟုတ်ဘူးလို့ပြောချင်တာပဲလေ..." 


ရှဲ့လင်က သူ့အား စိုက်ကြည့်လာလေသည်။ 


..... 


ဖုယွမ်ကျိုး အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်ပြီးနောက် သူယွိဖေးကိုဂရုစိုက်ပေးနေရင်း အိပ်ပျော်သွားခြင်းပင်ဖြစ်ကြောင်းသတိရသွားလေသည်။ 


ရှဲ့လင်ကသူ့ကိုသည်အထိ ခေါ်လာပေးခဲ့တာလား။ 


သူသည်ကား ထလိုက်ပြီးမှ အိပ်ရာပေါ်ကိုပြန်လှဲလိုက်လေ၏။ အိပ်ပျော်သွားပြီးမှ သူ့ကိုယ်ကသက်သောင့်သက်သာပိုရှိလာပြီး ပျင်းရိလာသောကြောင့် လှုပ်ပင်မလှုပ်ချင်တော့ပေ။ 


ဘာလို့ငါက ဒီညကိုဒီမှာ မအိပ်ရမှာလဲ..။ 


မည်သို့ပင်ဖြစ်ပါစေ သူ့မိဘများကအိမ်တွင်မရှိကြပေ။ သူမည်သည့်နေရာတွင်အိပ်ပါစေ အတူတူမျှသာ။ ရှဲ့လင်အိမ်တွင်လည်း အင်္ကျီဘောင်းဘီနှင့် သန့်စင်ခန်းရှိသည်ပင်။ 


ဆုံးဖြတ်လိုက်ပြီးသည့်နောက် သူသည်အိပ်ရာပေါ်ပြန်လှဲလိုက်ပြီး အိပ်ရာဘေးမှဖုန်းကိုလှမ်းယူလိုက်၏။ Moment များကိုဝင်ကြည့်ကာ like နှိပ်သင့်လျှင်နှိပ်ပြီး မက်ဆေ့ချ်ချန်ထားခဲ့လိုက်၏။ ခဏအကြာတွင်ရှဲ့လင်က အခန်းတံခါးကိုလာခေါက်လေသည်။ အနှီသူက သူ့ WeChat တွင်မီးစိမ်းနေသည်ကိုမြင်ပြီး သူနိုးနေသည်ကိုသိသွားခြင်းပင်။ 


"မင်းဟာမင်းတံခါးဖွင့်ပြီးဝင်လာခဲ့တော့..." 


ဖုယွမ်ကျိုး ပျင်းတွဲနေသည့်အသံဖြင့်လှမ်းပြောလိုက်သည်။ ရှဲ့လင်ကအထဲဝင်လာကာ မီးအိမ်ကိုလှမ်းဖွင့်ပြီး အိပ်ရာဘေးတွင်ဝင်ထိုင်ကာပြောလာလေ၏။ 


"မင်းနိုးလာပြီဆိုရင်လည်း ပြန်တော့..." 


"မပြန်ဘူး..."

ဖုယွမ်ကျိုးက စောင်ကိုလျော့ရဲရဲနှင့်ကိုင်ထားလေသည်။ သူလှုပ်လိုက်သောကြောင့် ညအိပ်ဝတ်စုံအဖျားက အပေါ်တက်သွားပြီး ဖြူဖွေးနေသည့်ခါးနှင့်ဝမ်းဗိုက်သားတို့ကပေါ်ထွက်လာခဲ့၏။


"ငါမင်းအိမ်မှာပဲအိပ်တော့မယ်..." 


ရှဲ့လင်က သူ့အားခဏကြာအောင်ကြည့်နေပြီးမှပြောလိုက်သည်။ 

"ကိုယ်နဲ့ယွိဖေးပဲဒီမှာရှိနေတာနော်...မင်းနေချင်သေးတာလား..." 


ဖုယွမ်ကျိုးက အိပ်ရာပေါ်မှ အလျင်စလိုကုန်းထလိုက်သည်။ 

"ငါပြန်တော့မယ်...အ..." 


သူ့မျက်နှာပေါ်တွင် နာကျင်နေသည့်အရိပ်တစ်ခုကပေါ်လာခဲ့၏။ သူအလောတကြီးထလိုက်သောကြောင့် ခန္ဓာကိုယ်ကပိုပြီးပင်နာသွားရပြီး မတ်တပ်ပင်မရပ်နိုင်တော့ပေ။ 


"လာ...ကိုယ်ထူပေးမယ်..." 


သူအသက်ကို ခပ်ဖြည်းဖြည်းရှူသွင်းလိုက်ပြီး ရှဲ့လင်ထံလက်ဆန့်ပေးလိုက်သည်။ ရှဲ့လင်ကသူ့လက်ကိုဆွဲကာ ထူပေးလာ၏။ သူသည်ကား ရှဲ့လင်ကိုမှီထားရပြီး ခက်ခက်ခဲခဲနှင့်ခြေထောက်ကိုကြွလိုက်ရသည်။ 


ရှဲ့လင်က သူ့ခါးကိုကိုင်ထားရင်း သူ့အားငုံ့ကြည့်လာ၏။ ထိုသူ၏လည်ပင်းပေါ်မှ အနက်ရောင်လည်ပတ်ကို သူမြင်နေရသည်။ သူ့ကိုယ်ပေါ်မှ နှင်းဆီရနံ့ဖယ်ရိုမုန်းက လုံးဝမပြယ်သွားသေးဘဲ အနံ့ကိုခပ်ပါးပါးရနေသေးသည်။ 


သူရုတ်တရက်ရပ်လိုက်သည်။ ဖုယွမ်ကျိုးကို အိပ်ရာပေါ်ပြန်သယ်သွားပြီး ထိုသူ၏ဘေးတွင်ဝင်ထိုင်လိုက်၏။ ဖုယွမ်ကျိုးမှာ အကိုင်မရှိတော့၍ ယိုင်ထိုးပြီး အိပ်ရာပေါ်လဲကျသွားခဲ့သည်၊၊ ရှဲ့လင်ကသူ့ဘေးတွင်လှဲကာ ဖုယွမ်ကျိုးကိုကြည့်နေလေ၏။ 


"?" 


ဖုယွမ်ကျိုးမှာ ဖြစ်ပျက်သွားမျှကိုနားမလည်နိုင်တော့သောကြောင့် ကြောင်တောင်တောင်ဖြသ်နေလေ၏။


 ရှဲ့လင်က လက်​မြှောက်ကာ သူ့မျက်နှာကိုပွတ်သပ်လာပြီး နှစ်ယောက်ကြားမှအကွာအဝေးကို ပိုမိုနီးကပ်အောင်ဆွဲယူလိုက်သည်။ နီးကပ်လွန်းလှ၍ သူတို့၏အသက်ရှူသံများပင်ရောထွေးနေပြီး တစ်ယောက်အနွေးဓာတ်ကိုတစ်ယောက်ခံစားနေရလေသည်။ 


ရှဲ့လင်: "မသွားနဲ့တော့...ဒီညတော့ကိုယ့်အိမ်မှာပဲနေလိုက်ပါ..."


ဖုယွမ်ကျိုး တကိုယ်လုံးမှာနာကျင်နေခဲ့သည်။ အစက ရှဲ့လင်အိမ်တွင်နေချင်ခဲ့သော်လည်း ရှဲ့လင်ကအိပ်ရာပေါ်တက်လာပြီး သူ့ဘေးတွင်ဝင်လှဲလိုက်သည့်အခါ သူမနေရဲတော့ပေ။သူသည် ဘေးဘက်ကိုလှိမ့်လိုက်ရင်း ပြောလိုက်လေ၏။ 


"ငါပြန်လိုက်တာပဲကောင်းပါတယ်..." 


ရှဲ့လင်ကသူ့သဘောထားကိုနားလည်သွားသောကြောင့် ဖြည်းဖြည်းချင်းအနားတိုးလာပြီး သူ့ကိုဖိချထားကာ အနိုင်ကျင့်လေတော့၏။ ဖုယွမ်ကျိုးကသူ့အားမတွန်းထုတ်နိုင်ပေ။ ထိုသူသည်ကား ရှဲ့လင်အနားကပ်မလာနိုင်အောင် လက်နှစ်ဖက်ဖြင့်ကာထားရပြီး ကတိပေးလိုက်ရလေတော့၏။ 


"အိုကေ...ငါဒီမှာအိပ်ပါ့မယ်...ငါ့ကိုတော့ပြဿနာမရှာပါနဲ့..ငါပင်ပန်းနေပြီ..." 


သူတကယ်ပင်ပန်းနေပြီ၊၊ စကားပြောလိုက်တိုင်း မျက်နှာပေါ်မှနွမ်းနယ်နေမှုတို့က ပိုမိုတိုးပွားလာလေ၏။ သူမေးရလေပြီ။ 


"မင်းကဘာလို့ဒီလောက်ပင်ပန်းနေရတာလဲ..." 


"အတန်းဖော်ကနေမကောင်းဖြစ်နေလို့...ငါသူ့အစား သုံးကီလိုမီတာပြေးလိုက်ရတယ်..." 


သူထသွားသည်နှင့် ဖုယွမ်ကျိုးမှာ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူကာကွယ်ပြောလိုက်လေသည်။ 


"ငါမပြေးနိုင်တာမဟုတ်ဘူး...ငါကထိပ်ဆုံးသုံးယောက်တည်းဝင်အောင် ပြေးလိုက်ရတော့ ပင်ပန်းသွားရုံပါ...ငါတတိယရခဲ့တယ်..ဘယ်လိုလဲ...ငါတော်တယ်မလား.." 


"အင်း..."

ရှဲ့လင်ကတုံ့ပြန်လာပြီး သူ့အားဆွဲထူပေးလာသည်၊။သို့သော်လည်း နှင်းဆီအနံ့ကြောင့် သူ့မျက်လုံးတို့ကမှောင်မိုက်နေလေ၏။


"စောစောအိပ်...ရေလည်းအရင်ချိုးဦး..." 


ဖုယွမ်ကျိုးက ရေချိုးခန်းထဲသို့လှစ်ကနဲဝင်သွားပြီး ထိုအချိန်တွင် ရှဲ့လင်က အတွင်းအဝတ်အစားများကို ရေချိုးခန်းထဲသို့ယူလာပေးခဲ့သည်။ ဖုယွမ်ကျိုးက ရေနွေးဖြင့်ချိုးလိုက်ပြီး ရေ၏အပူချိန်က ပင်ပန်းနွယ်နယ်မှုတို့ကိုလျော့ပါးသွားစေသည့်တိုင် သူ့တကိုယ်လုံးမှာနာကျင်နေဆဲဖြစ်ပြီး ကြွက်သားများကမူတောင့်တင်းနေလေ၏။ 


ပင်ပန်းလိုက်တာနော်... 


ဖုယွမ်ကျိုးမှာ ပင်ပန်းနေသောကြောင့် ဆံပင်ကိုအခြောက်ခံနေစဥ်မှာပင် ငိုက်မျဥ်းနေခဲ့သည်။ ရေချိုးခန်းထဲမှထွက်လာပြီးသည်နှင့် သူသည်ကား ကုတင်ပေါ်သိူ့ပစ်လှဲလိုက်လေ၏။ ထိုအခိုက် လက်တစ်ဖက်ကသူ့ကိုယ်ပေါ်ကိုကျလာ၍ သူမျက်လုံးဖွင့်ကြည့်လိုက်သည်။ ရေငွေ့ပြန်နေသောမြင်လွှာထဲတွင် ရှဲ့လင်ကအိပ်ရာဘေး၌ထိုင်နေပြီး သူ့ခါးအားကိုင်ထားကြောင်းတွေ့လိုက်ရလေ၏။ 


"ဟင်" 

ဖုယွမ်ကျိုးမှာ စကားပင်မပြောနိုင်တော့ပေ။ လည်ချောင်းထဲမှ တဝူးဝူးအသံကိုသာထုတ်နိုင်တော့သည်။ 


"ကိုယ်မင်းကိုအကြောပြေအောင်နှိပ်ပေးမယ်..." 


ရှဲ့လင်က သူ့ကျောကိုခပ်ဖွဖွပုတ်ပေးရင်း.. 


"ပက်လက်လှန်လိုက်..." 


ဖုယွမ်ကျိုးက မလုပ်စေချင်သော်ငြား ရှဲ့လင်က သူ့ခြေချင်းဝတ်နှစ်ချောင်းကိုသူ့ပေါင်ပေါ်တင်လိုက်ပြီး သူပင်စကားမစရသေးခင် ခြေချင်းဝတ်နှစ်ဖက်ကိုနှိပ်နယ်ပေးလာလေသည်။ 


ရှဲ့လင်၏လက်ချောင်းလေးများက သွယ်လျသန်မာသည်။ နူးညံ့သည့်လက်ချောင်းများက သူ၏ခြေချင်းဝတ်ကိုအရှေ့အနောက်၊ အထက်အောက်နှိပ်နယ်ပေးနေခဲ့သည်။ ၎င်း၏လက်ဖဝါးက ပူနွေးပြီး မူလကအေးစက်နေခဲ့သည့်သူ့အသားအပေါ်ကို အဆိုပါအနွေးဓာတ်ကဖုံးအုပ်သွားခဲ့သည်။ 


ဖုယွမ်ကျိုးမှာ အနှိပ်ခံနေစဥ်အတွင်း နာကျင်ရသောကြောင့် ခဏကြာအထိအော်ဟစ်ညည်းညူနေရပြီး ရှဲ့လင်၏လက်များကို မသိစိတ်အရကန်ထုတ်မိခဲ့သည်။ရှဲ့လင်ကသူ့ခြေထောက်များကို မြဲမြဲဖိထားပြီး မလှုပ်နိုင်အောင်ချုပ်ထားခဲ့၏၊၊ ဖုယွမ်ကျိုးတောင်းပန်နေသည့်တိုင် ဂရုမစိုက်ပေ။ 


သို့သော်လည်း ခဏအကြာတွင်သက်သာလာခဲ့သည်။ အစပိုင်းတွင်နာကျင်ရစေကာမူ ရှဲ့လင်၏လက်တွင် မှော်အစွမ်းအချို့ရှိနေသလိုပင်။ သူနှိပ်နယ်ပေးလိုက်သည့်နေရာတိုင်းက ယားယံစေပြီး ခပ်စူးစူးဖြစ်လာကာ မတိုင်ခင်ကနာကျင်မှုကိုလျော့ပါးသွားစေခဲ့သည်။ 


ဖုယွမ်ကျိုးက အဆိုပါခံစားချက်ထဲတွင် ဖြည်းဖြည်းချင်းနစ်မြုပ်သွားပြီး မရုန်း​ကန်တော့ပေ။ စိတ်ထဲတွင်သာ ရင်ထုမနာတွေးတောနေမိလေ၏။ နေတော့၊ ဘာပဲဖြစ်ဖြစ်ဒါက ရှဲ့လင်ပဲဟာ...ရှဲ့လင်နှင့်ဝေးရာတွင်မူ သူမနေနိုင်ပေ။ 


ရှဲ့လင်က ခြေသလုံးမှအပေါ်ဘက်သို့ ဆက်နှိပ်ပေးနေပြီး နာကျင်နေသည့်နေရာတိုင်းကို အဓိကဖိပေးနေလေသည်။ ဖုယွမ်ကျိုးမှာ နေရသက်သာနေသောကြောင့် ရှဲ့လင်၏အရည်အချင်းကို စိတ်ထဲမှကျိတ်ကာချီးကျုးလိုက်ရလေသည်။ ခေါင်းမှခြေဖျားအထိ သက်သောင့်သက်သာဖြစ်နေ၍ ကြောင်လေးတစ်ကောင်က အမြှီးလေးကိုလှုပ်ယမ်းရင်း ညည်းညူနေသည့်နှယ် သူ့လည်ချောင်းမှအသံတိုးတိုးထွက်လာရလေ၏။ 


သူ့အားနှိပ်ပေးနေသည့်လက်က ရုတ်တရက်ကြီးရပ်သွားခဲ့သည့်တိုင် ဖုယွမ်ကျိုးက ထရန်တွန့်ဆုတ်နေသေးသည်။ သူမျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မျက်ခမ်းစပ်များတွင်မျက်ရည်စလေးများတွဲခိုနေရင်း မျက်လုံးအတွင်းသားများက နီရဲနေလေ၏။ သူလှည့်မကြည့်ရသေးခင် သူ့ခန္ဓာကိုယ်က ရုတ်တရက် မွေ့ရာထဲသို့နစ်ဝင်သွားခဲ့သည်။ ရှဲ့လင်ကသူ့အားအနောက်ဘက်မှ ဖိထားလိုက်ခြင်းသာ။ 


ဒါကဘယ်လိုနှိပ်နည်းကြီးလဲ။ 


ဖုယွမ်ကျိုး အသက်ရှူရန်ပင်ခက်နေသောကြောင့် မတုံ့ပြန်နိုင်ပေ။ ထို့ကြောင့် လက်နောက်ပြန်ဖြင့်သာ ရှဲ့လင်ကိုခဲရာခဲဆစ်ပုတ်လိုက်ရသည်။


ရှဲ့လင်က ဘေးဘက်ကိုအနည်းငယ်မျှယိမ်းလိုက်ပြီး သူ့ပုခုံးကိုကိုင်ကာ ပက်လက်အနေအထားဖြစ်အောင်ဆွဲလှန်လိုက်သည်။ ဖုယွမ်ကျိုးမှာ ရှဲ့လင်မျက်နှာကိုပင်အသေအချာမမြင်ရသေးခင် အရိပ်တစ်ခုကအုပ်မိုးလာပြီး သူ့အရှေ့မှအလင်းရောင်ကိုဖုံးကွယ်လိုက်သည်။


 ရှဲ့လင်၏ချောမောလွန်းသည့်မျက်နှာက သူ့မြင်ကွင်းထဲသို့အပြည့်အဝဝင်လာခဲ့သည်။ သည့်နောက် သူ့နှုတ်ခမ်းများထက် နူးညံ့နွေးထွေးသည့်အထိအတွေ့တစ်ခုက လာကပ်ခဲ့သည်။ 


ရှဲ့လင်ကသူ့အားနမ်းလိုက်ခြင်းသာ။ 


ထိုအချိန်မှာပင် ဖုယွမ်ကျိုး၏ကိုယ်ကအေးခဲသွားရသည်၊၊ စိတ်အစဥ်က ဗလာကျင်းသွားပြီး ရုန်းရန်ပင်သတိမရတော့ပေ။ 


ရှဲ့လင်က သူ၏ခေါင်းအနောက်ကိုထိန်းကိုင်ထားပြီး အနမ်းတို့ကိုနက်ရှိုင်းစေလိုက်၏။ ဖုယွမ်ကျိုးက ယခုလိုသားရဲတစ်ကောင်ပမာ ကြမ်းတမ်းမှုမျိုးကိုမကြုံသေးဖူးပေ။ ပူနွေးနေသည့်လေက သူ့အားအရည်ပင်ပျော်သွားစေနိုင်လောက်ပြီး အဆုတ်ထဲမှအောက်စီဂျင်က ကုန်သလောက်ဖြစ်လာသည်။ သို့ပါသော်လည်း တဖက်လူက မကျေနပ်နိုင်သေးပေ။ သူ့နှုတ်ခမ်းနှစ်လွှာတို့ကို ဆာလောင်မွတ်သိပ်ခြင်းအပြည့်ဖြင့် စားသုံးနေသောကြောင့် အနှီသူကိုလျှော့ပေါ့ပေးရန် တောင်းပန်ရတော့သည်။ 


အောက်စီဂျင်လျော့နည်းသွားသည့်ခံစားချက်ကြောင့် ဖုယွမ်ကျိုးမျက်လုံးများက ရေငွေ့များနှင့်တောက်ပလာရကာ နှလုံးက အကြမ်းအရမ်းခုန်လှုပ်နေတော့၏။ သူသည်ကား အိပ်ရာထက်တွင် ရှဲ့လင်၏ဖိနှိပ်ထားမှုကိုခံနေရသည်။ ကနဦးထိတ်လန့်မှုကသက်သာသွားသည့်အခါ သူခုခံနေသည့်အရှိန်က ပို၍ပိုကာပြင်းထန်လာခဲ့ပြီး ရှဲ့လင်ကိုပင်ထိုးမိတော့မယောင်ဖြစ်သွားသေးသည်။ 


သို့သော်လည်း ရှဲ့လင်က အထိန်းအချုပ်လွတ်နေပြီး မတုံ့ပြန်လာပေ။ သူ့ကိုသာမွတ်သိပ်စွာနမ်းနေခဲ့ပြီး ဖုယွမ်ကျိုးကလည်း  ရသည့်နေရာကိုလှမ်းရိုက်ရန်ဝန်မလေးတော့ပေ။ 


ရှဲ့လင်ကိုယ်တိုင်အသက်မရှူနိုင်တော့သည့်အခါမှ ဖုယွမ်ကျိုးကိုလွှတ်ပေးလာခဲ့သည်။ သူတို့နှစ်ယောက်လူချင်းခွဲလိုက်သည့်အခါ နှစ်ယောက်လုံး၏နှုတ်ခမ်းများ၌ သွေးစို့နေလေ၏။ ဖုယွမ်ကျိုးကထပ်ပြီးသည်းမခံနိုင်တော့၍ ရှဲ့လင်ကိုကိုက်လိုက်ရာမှ ထိုသူ၏နှုတ်ခမ်းကသွေးထွက်သွားခြင်းပင်။ 


"ရှဲ့လင်! မင်းစိတ်ရောမှန်သေးရဲ့လား!" 


ဖုယွမ်ကျိုးက အခန်းထောင့်ကိုပြေးသွားလိုက်ရင်း သူ့ပါးစပ်ကိုအတင်းကာရောသုတ်ပစ်နေလေ၏။ 


သူ၏သည်းခံမှုအတိုင်းအတာက တိုးပြီးရင်းတိုးလာရကာ ရှဲ့လင်၏သဘောအတိုင်း အကြိမ်ကြိမ်လိုက်လျောမိခဲ့သည်။ သို့သော်လည်း ရှဲ့လင်ကပိုပြီးလွန်ကဲလာခဲ့၏။ နောက်တခါဆိုပါက သေချာပေါက်- 


ရှဲ့လင်က သူ့အားကြည့်လာလေသည်။ မျက်ဝန်းများကနက်မှောင်နေကာ နှုတ်ခမ်းပေါ်ရှိသွေးစက်များကြောင့် မျက်ခုံးရှိအေးစက်မှုကလျော့ကျသွားပြီး မြူစွယ်လိုသည့်အရိပ်အယောင်တို့ပေါ်ထွက်လာခဲ့သည်။ သူသည်ကား ဖြည်းညှင်းစွာဖြင့်ပင့်သက်ရှိုက်ပြီး စကားမဆိုဘဲ နှုတ်ခမ်းပေါ်ရှိစိုစွတ်မှုကို လက်ချောင်းလေးများဖြင့်ဖယ်ရှားလိုက်သည်။ 


ဖုယွမ်ကျိုး၏မျက်နှာနှင့် နားရွက်တို့မှာနီရဲသွားခဲ့ပြီး နံရံကိုမှီကာ ကြမ်းပြင်ပေါ်သို့ထိုင်ချမိတော့မတတ်ပင်။ အခုလေးတင် ရှဲ့လင်ထံမှအနမ်းခံလိုက်ရသောကြောင့် သူ့ခေါင်းတစ်ခုလုံးမူးဝေနေခဲ့ပြီး ဝိညာဥ်ပင်လွင့်သွားတော့မတတ်ပင်။ သူ့ခြေထောက်များကလည်း ပျော့ခွေနေခဲ့သည်။ 


သူသည်ကား စိတ်ထဲမှကျိတ်ကာ ရှဲ့လင်ကိုဖန်တရာတေအောင်ဆဲဆိုနေမိလေ၏၊ ပါးစပ်မှပင် ဖရုသဝါစာစကားများထွက်လာတော့မည့်ဆဲဆဲ အပြင်မရောက်ခင်မှာပင်ပြန်မျိုချလိုက်ရသည်။ သူရှဲ့လင်ကို ကြမ်းကြမ်းတမ်းတမ်းမပြောရက်သောကြောင့် မာထန်နေသည့်အသံဖြင့်ပင်အော်ဟစ်လိုက်ရသည်။ 


"အဲလို လုပ်စရာလိုလို့လား!" 


"အဲဒါကအပိုလုပ်သလိုဖြစ်နေလို့လား..." 


ရှဲ့လင်က သူ့အား အောက်ခြေပင်မမြင်ရလောက်အောင်နက်မှောင်နေသည့်မျက်လုံးများဖြင့်ကြည့်လာလေ၏။ 


"ကိုယ်မင်းရဲ့ဂလင်းကိုကိုက်လိုက်ပြီးပြီ...မင်းကိုနေ့တိုင်း ဒီထက်ပိုဆိုးတာတွေတောင်လုပ်ချင်ခဲ့သေးတယ်...မင်းက ဒါကို လွန်တယ်လို့ပြောချင်နေတာလား..." 


ထိုသူသည်ကား အရှေ့ကိုနှစ်လှမ်းတိုးလာပြီး ဖုယွမ်ကျိုးနှင့်ပိုနီးလာခဲ့သည်။ ဖုယွမ်ကျိုးမှာ ရှဲ့လင်ရှေ့ဆက်တိုးလာတော့မည်မှန်းသိလိုက်၍ မျက်ဆံအိမ်များပင် ကျုံ့ဝင်သွားခဲ့သည်။ 


သူတကယ်ကြီး အဲဒီလောက်အထိလုပ်တော့မယ်ဟ။ 


သူသည်ကား ထိတ်လန့်သွားရပြီး အိပ်ရာပေါ်ကိုချက်ချင်းခုန်တက်ကာ သော့နှင့်ဖုန်းကိုကောက်ယူလိုက်ပြီး ချက်ချင်းထွက်ပြေးလာတော့သည်။ 


သူအမြန်မပြေးနိုင်သော်လည်း ရှဲ့လင်က သူ့ကိုပြန်မဖမ်းပေ။ သူအိမ်တံခါးအနားရောက်သည်အထိ အနောက်မှဖြည်းဖြည်းချင်းလိုက်လာခဲ့သည်။ ထိုအခါမှ ရှဲ့လင်ကရပ်သွားပြီး သူ့အားမေးခွန်းမေးလာခဲ့၏။ 


"မင်းကိုယ့်ကိုသဘောကျလာနိုင်လောက်လား..." 


ဖုယွမ်ကျိုးက တောင့်တင်းသွားပြီး ရှဲ့လင်ကိုပြန်လှည့်ကြည့်သည်။သူပြန်မဖြေတတ်တော့ပေ။ 


"အဲဒီအတိုင်းဆို...ကိုယ့်ကိုမုန်းလိုက်လည်းရတယ်..." 


ရှဲ့လင်: "ကိုယ့်ကိုသူငယ်ချင်းလိုမဆက်ဆံနဲ့တော့..ကိုယ်ကမင်းကိုပိုးပန်းနေတာမလို့..." 


ထိုသူတံခါးပိတ်လိုက်မှ ဖုယွမ်ကျိုးက ခဏတဖြုတ်ခန့်ရပ်နေမိပြီး ရေချိုးခန်းထဲမှရေကျသံကြားမှ တံခါးကိုဆောင့်ကန်လုနီးပါးဖြစ်သွားခဲ့သည်။ 


သူ့ကိုယ်သူစိတ်ထိန်းထားလိုက်ပြီး သူ့အိမ်သို့ ပြန်ပြေးလာကာ စိတ်ရှုပ်ထွေးမှုများနှင့်အတူအိပ်ပျော်သွားခဲ့သည်။