♎️Chapter 43
ကံဆိုးသည်မှာ သူထိုညက ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ တစ်ညလုံးရှဲ့လင်အကြောင်းကိုတွေးနေမိပြီး မိုးလင်းသွားရသည်။ နောက်တစ်နေ့တွင် သူ့မျက်လုံးအောက်မှအမည်းကွင်းကြီးနှစ်ကွင်းနှင့် အိပ်ရာထလာပြီး ဖုန်းကိုကြည့်လိုက်သည့်အခါ ရှဲ့လင်ကသူ့အားမက်ဆေ့ချ်ပို့ထားခဲ့သည်။
သူ့ကို မောနင်းဟုစာပို့ထားခြင်းလည်းဖြစ်လိမ့်မည်။ ဤမျှနှစ်များကြာအောင် သူတို့နှစ်ယောက်သည် အခြားအတွေးများမပါဘဲ ဂွတ်မောနင်း၊ ဂွတ်နိုက်ဟုပြောခဲ့ကြသည်။ နှစ်ယောက်သားအကြား အကြီးအကျယ်စကားများခဲ့ကြလျှင်ပင် မနေ့ညက မပြန်ခင််အချိန်တွင် ဂွတ်နိုက်ဟုနှုတ်ဆက်ခဲ့သေးသည်။
သို့သော် အရင်ဘဝက သူနှင့်လမ်းခွဲခဲ့ပြီးသည့်နောက် ရှဲ့လင်ကသူ့အားနှုတ်မဆက်တော့ပေ၊၊
ထိုအတွေးကြောင့် သူပျာယာခတ်သွားခဲ့ပြီး မနေ့ကဖြစ်ခဲ့သမျှ ကိစ္စများကိုမေ့ကာ ရှဲ့လင်ကို "ဂွတ်မောနင်း" ဟုစာပို့ရန်ပြင်လိုက်သည်။
ဖုယွမ်ကျိုးက ဒိုင်ယာလော့ နေရာကိုဖွင့်ပြီးမက်ဆေ့ချ်ပို့တော့မည့်အချိန် ရှဲ့လင်ကသူ့အား ဂွတ်မောနင်းအစား စာတစ်ကြောင်းသာပို့ထားခဲ့သည်။
"ကိုယ်မင်းကိုသဘောကျတယ်"
"......"
ဖုယွမ်ကျိုးက အံကြိတ်ပြီး "ဂွတ်မောနင်း" ဟုစာပြန်လိုက်ကာ ဖုန်းကိုခပ်ဝေးဝေးလွှင့်ပစ်လိုက်တော့၏။
ယနေ့သည်ကား အမျိုးသားနေ့အားလပ်ရက်ပင်။ အိမ်အကူအဒေါ်က သူ့အတွက်မနက်စာလုပ်ပေးပြီး အိမ်နီးချင်းညီအစ်ကိုနှစ်ယောက်ထံသွားပို့ရပြန်သည်။ ဖုယွမ်ကျိုးစားသောက်ပြီးသည့်နောက် တီဗီရှေ့တွင်ထိုင်ကာ စစ်ရေးပြအခမ်းအနားကိုကြည့်နေလိုက်သည်။ သူဖုန်းသွားယူပြီး ယွိဖေးထံမက်ဆေ့ချ်ပို့ကာ အခြေအနေမေးမြန်းလိုက်သည်။
"ကျေးဇူးပဲ...ကျိုးအာ...ငါသက်သာနေပါပြီ..."
ယွိဖေးကသူ့အားစာပြန်လိုက်သည်။
"ငါ့အစ်ကို..မင်းအိမ်ကိုလာသေးလား..."
ဖုယွမ်ကျိုး: "မင်းအစ်ကို မလာပါဘူး..သူအိမ်မှာမရှိဘူးလား..."
ယွိဖေး: "သူအစောကြီးထွက်သွားတယ်...ငါကမင်းအိမ်ကိုသွားတယ်ထင်တာ...သူဘယ်သွားမယ်လို့ပြောသေးလား"
"မပြောပါဘူး"
ဖုယွမ်ကျိုးကစာပြန်ပြီးနောက် ရှဲ့လင်ထံစာမပို့မိအောင်စိတ်ထိန်းနေရသည်။ သူရှဲ့လင်အကြောင်းရော ဘယ်ထွက်သွားလဲပါ မသိချင်ပေ။
သို့တစေ ရှဲ့လင်အိမ်တွင်မရှိ၍ ဖုယွမ်ကျိုးက ယွိဖေးကိုသွားတွေ့နိုင်သည်။
သူ ရှဲ့လင်အိမ်ကိုသွားသည့်အခါ ယွိဖေးက ထမင်းစားခန်းတွင်ထိုင်ကာ နံနက်စာစားနေခဲ့သည်။ သူ့မျက်နှာက ဖြူရော်နေသေးသော်ငြား အပြုံးရေးရေးနှင့် အသားအရေကပိုကောင်းလာခဲ့၏။ ကြည့်ရသည်မှာ စိတ်အခြေအနေကောင်းနေပုံပင်။
အန်တီက မနက်စာချက်ပေးပြီးသည့်နောက် အပေါ်ထပ်တက်ကာ အိမ်သန့်ရှင်းရေးလုပ်နေခဲ့သည်။ ယွိဖေးက ဖုယွမ်ကျိုးကိုနူးညံ့စွာကြည့်ပြီး သူ့အားလေသံပျော့လေးဖြင့်တောင်းပန်လာလေ၏။
"မနေ့က ကိစ္စအတွက် ငါတောင်းပန်ပါတယ်...မင်းကိုနေရခက်အောင်လုပ်မိသွားတယ်..."
ဖုယွမ်ကျိုးကပြုံးပြလိုက်၏။
"ရပါတယ်...အဲဒါကမင်းနေမကောင်းလို့လေ...ငါကဘာမှမဖြစ်ပါဘူး..."
ယွိဖေးက မျက်မှောင်ကြုတ်ပြီး ခဏကြာမှသူ့အားမေးလာသည်။
"မင်းငါ့အစ်ကိုနဲ့ရန်ဖြစ်ထားတာလား..."
"မင်းလည်းသိတာလား..."
ဖုယွမ်ကျိုးက သူ့အားဖုံးကွယ်မထားပေ။
ယွိဖေးကခေါင်းခါပြသည်။
"ငါအိပ်ရာကထလာတော့ သူ့ကိုမတွေ့တော့ဘူး..ပုံမှန်ဆိုရင် သူဘယ်သွားလဲဆိုတာမင်းကိုပြောမှာပဲလေ...ကိစ္စတော့မရှိပါဘူး..မင်းတို့နှစ်ယောက်ကခင်ကြတာပဲဟာ...မကြာခင်ပြန်ပြေလည်သွားမှာပါ..."
"ဖြစ်နိုင်တာကတော့...."
ဖုယွမ်ကျိုးသည်ကား အနည်းငယ်မျှစိတ်ပူမိလာလေပြီ။
"ဒီလောက်ကောင်းတဲ့ အားလပ်ရက်မှာ မင်းနဲ့ငါနှစ်ယောက်ပဲ အိမ်မှာကျန်နေရမယ်လို့မထင်ထားဘူး..."
ယွိဖေးက အကူအညီမဲ့သည့်အပြုံးဖြင့် ညည်းတွားလာလေသည်။
"ပြီးတော့...အန်တီရောပဲ..."
ဖုယွမ်ကျိုးမှာ စိတ်ထဲတွင်အေးစက်စက်ဖြစ်နေသော်လည်း ယွိဖေးပြန်ရောက်လာ၍တော်သေးသည်။ မဟုတ်လျှင် အဆိုးရွားဆုံးဖြစ်သွားနိုင်၏။
"ဒါဆိုလည်း အတူရှိနေကြရအောင်..."
ယွိဖေးကပြုံးလျက် ပြန်ပြောလိုက်လေသည်။
ဖုယွမ်ကျိုးက သဘောတူသလိုခေါင်းညိတ်ပြလိုက်ပြီး စစ်ရေးပြအခမ်းအနားကို ယွိဖေးနှင့်အတူကြည့်နေလိုက်သည်။ ကြည့်နေစဥ်မှာပင် ရှောင်ဖေးကကျန်းမာရေးမကောင်းသေး၍ အိမ်တွင်ကစားရန် အတန်းဖော်များကိုခေါ်သင့်သည်ဟုတွေးလိုက်မိ၏၊ ပျော်စရာလည်းကောင်းမည်ဖြစ်သလို တဖက်လူလည်းမပျင်းရတော့ပေ။
သူ တီဗွီကိုငိုင်ကြည့်နေစဥ် ယွိဖေးကသူ့အားဘေးမှလှမ်းကြည့်လာသည်။ ထိုသူ၏မျက်လုံးများက နူးညံ့ကာ အရည်ကြည်စလေးများနှင့်ရွှန်းလဲ့နေလေ၏။
"တကယ်တော့လေ...ငါမင်းနဲ့ဒီလိုမျိုး နှစ်ယောက်တည်းအတူရှိနေရတာကိုသဘောကျတယ်...မင်းအဆင်ပြေရင် ငါနဲ့နည်နည်းကပ်ပြီးထိုင်ပါလား..."
ဖုယွမ်ကျိုးက မငြင်းဘဲ ယွိဖေး၏တောင်းဆိုချက်အတိုင်း တိုးပြီးထိုင်လိုက်သည်။ ယွိဖေးက စောင်ကိုကိုယ်တပိုင်းခြုံထားပြီး သူ့ကိုပါခြုံပေးလာ၏။ စစ်ရေးပြအခမ်းအနားပြီးသွားသည့်အခါ သူကပြုံးလိုက်ပြီးဖုယွမ်ကျိုးကိုမေးလိုက်သည်။
"မင်းရုပ်ရှင်ကြည့်ချင်လား...ငါအမြဲ ကြည့်ချင်ခဲ့တဲ့ရုပ်ရှင်ရှိတယ်..."
အဆိုပါတောင်းဆိုချက်ကြောင့် ဖုယွမ်ကျိုး၏မျက်နှာထားက တမဟုတ်ချင်းထူးဆန်းသွားခဲ့သည်။
"မင်းက ဘယ်ရုပ်ရှင်ကိုကြည့်ချင်တာလဲ..."
"ဒါလေ..."
ယွိဖေးကဖုန်းကိုယူကာ search bar တွင်ရှာလိုက်သည်။
"The Wraith"
ဖုန်းပေါ်မှ "The Warith" ဇာတ်ကားပိုစတာမှာ ထူးဆန်းပြီးသွေးပျက်စရာကောင်းသည့်စတိုင်မျိုးဖြစ်ကာ ဖုယွမ်ကျိုးအတွက် နိမိတ်မကောင်းသည့်ခံစားချက်ကိုရလာစေသည်။ မကြာထင်မှာပင်ယွိဖေးက အဆိုပါခံစားချက်ကိုလက်တွေ့ဖြစ်လာအောင် ဖန်တီးပေးလိုက်၏။ထိုသူသည်ကား ပြုံးကာ ပြောလာလေသည်။
"ဒါက သရဲကားလေ..."
ဒါပေါ့..ရှောင်ဖေးကသရဲကားကြည့်တော့မယ်ဆိုတာ သိနေတယ်။
ဖုယွမ်ကျိုးက ယွိဖေးအကြောင်း ကောင်းကောင်းသိသည်။ အရင်ဘဝကအတိုင်း ယွိဖေးကားယွိဖေးပင်။ သူမကသရဲကားမှန်သမျှ အကုန်ကြိုက်တတ်၏။
ပုံမှန်တွင် သူ သရဲကြောက်တတ်သော်ငြား ချစ်သူတစ်ယောက်အနေဖြင့် သူကြောက်နေသည်ကိုဝန်ခံရန်မှာ ရှက်စရာကောင်းလွန်းသည်။ ထို့ကြောင့် အံကြိတ်ပြီးသူမနှင့်အတူထိုင်ကြည့်ခဲ့ရသည်။ ကြည့်နေစဥ်တွင်လည်း မျက်လုံးမဖွင့်ရဲပေ။ ယွိဖေးအရှေ့တွင်တော့ ဟန်ဆောင်နေလင့်ကစား တစ်ပတ်မျှ သန့်စင်ခန်းထဲကိုပင်တစ်ယောက်တည်းမသွားရဲဘဲ ရှဲ့လင်ကိုအဖော်လိုက်ခိုင်းခဲ့ရ၏။
ယင်းကား သူ၏ ကြောင်သူတော်အကျင့်စရိုက်ပင်ဖြစ်သော်လည်း သူ့ချစ်သူအရှေ့တွင် သရဲကြောက်တတ်သည့်အကြောင်းကိုဘယ်လိုဝန်ခံရပါမည်နည်း။ အဆိုပါအခိုက်အတန့်လေးက သူ့ကိုယ်သူထုတ်ပြရမည့်အချိန်ကောင်းပင်။ သူသည်ကား ရှောင်ဖေးကိုရင်ခွင်ထဲထားကာ ချော့မြူပေးနေသော်လည်း တကယ်တမ်းရုပ်ရှင်ကြည့်သည့်အချိန်တွင်မူ သူကသာစိတ်မထိန်းနိုင်ဘဲ ရှောင်ဖေးရင်ခွင်ထဲသို့သာရောက်သွားခဲ့ရသည်ပင်။
ယခုတော့ သူသည် ယွိဖေး၏ချစ်သူမဟုတ်တော့။ ယွိဖေးကလည်း သူ့ချစ်သူအလှလေးမဟုတ်တော့။ သူ့ထက်အရပ်ပိုရှည်ပြီးပိုချောသည့်အယ်လ်ဖာယောကျ်ားလေးတစ်ယောက်သာ။ ဖုယွမ်ကျိုးမှာ သေလောက်အောင်ကြောက်နေပြီး သတ္တိရှိကြောင်းလည်းမပြနိုင်တော့၍ ရိုးရိုးသားသားပင်ဟာသလုပ်ပြောလိုက်ရသည်။
"ငါမလုပ်နိုင်ဘူး...မကြည့်ဘူး...ငါသရဲကြောက်တယ်..."
အရှက်ကွဲခြင်းက တကယ်ခံစားရသည်ထက် ပိုကောင်းလိမ့်မည်။ ထို့နောက် သူယွိဖေးကို အသနားခံနေသည့်မျက်လုံးဖြင့်ကြည့်လိုက်၏။
ယွိဖေးက မှင်သက်သွားပြီး မျက်လုံးများကပြုံးယောင်သန်းနေပုံရသော်လည်း တကယ်မရယ်ခဲ့ဘဲ သူ့အားရှင်းပြလာခဲ့သည်။
"ငါကြားဖူးတာတော့ ဒါကတကယ့်သရဲကားမဟုတ်ပါဘူး..သရဲတော့ပါပေမဲ့ ရုပ်ရှင်ရဲ့အဓိကနောက်ခံ The Writh လောကထဲမှာပါတဲ့ သံသယရှိသူတွေ ထူးဆန်းထွေလာလောက်ပါ...တကယ်ကြီးထွက်လာတဲ့အခန်းတွေကနည်းပါတယ်.."
ဖုယွမ်ကျိုးမှာ ယခင်ဘဝက ယခုလိုရုပ်ရှင်မျိုး တစ်ခါပင်မကြည့်ဖူးသေး၍ ကြားလိုက်ရပြီးနောက်တုံ့ဆိုင်းနေလေသည်။ ယွိဖေးကသူ့လက်ကိုကိုင်ကာ ပျော့ပျောင်းလှသည့်အသံလေးဖြင့်ပြောလိုက်လေသည်။
"ငါမင်းနဲ့တကယ်ကိုအတူကြည့်ချင်လို့ပါ...မင်းကတကယ်ကြီးငါ့ကိုနေရခက်စေချင်လို့လား...မင်းတကယ်ဆက်မကြည့်နိုင်တော့ရင် ချက်ချင်းရပ်လိုက်မယ်လေ...အိုကေလား"
သူသည်ကား ဖုယွမ်ကျိုးကိုဖြောင်းဖျနေပြီး ဖုယွမ်ကျိုးကလည်း အနည်းငယ်စိတ်ပါလာလေသည်။ သူသရဲတော့တကယ်ကြောက်သည့်တိုင် သံသယဖြစ်စရာဇာတ်လမ်းမျိုးများကိုလည်းစိတ်ဝင်စားသည်။ ယွိဖေးက သူ့အား ဇာတ်ကြောင်းကိုအကြမ်းဖျင်းရှင်းပြလာ၏။ သူသည် အတော်လေးစိတ်ဝင်စားသွားရကာ တွန့်ဆုတ်နေပြီးမှ နောက်ဆုံး၌သဘောတူလိုက်လေသည်။
"ဒါဆိုလည်း တစ်ခါလောက်တော့ကြည့်လိုက်မယ်..."
"ငါ့ကိုအဖော်လုပ်ပေးတာကျေးဇူးပါပဲ..."
ယွိဖေးကရယ်လိုက်သည်။ နေမကောင်းဖြစ်ထား၍ အသားအရေကသိပ်မကောင်းသော်လည်း ထိုသူ၏လှပမှုကယုတ်လျော့မသွားသေးပေ။ ထိုသူ၏ပုံစံကြောင့် သူလည်းသိပ်မကြောက်တော့သလိုပင်။
ယွိဖေးက တီဗီနှင့်အောက်စက်ကိုဖွင့်လိုက်ကာ ရုပ်ရှင်က မိုးရွာနေသည့်ညတစ်ည၌အစပြုထားလေသည်။
မိုးရွာနေခိုက်တွင် ခရစ်ယာန်သီလရှင်အဝတ်အစားနှင့်အမျိုးသမီးတစ်ယောက်က အထုပ်အပိုးများသယ်ထားသည့်မြင်းတစ်ကောင်ကိုဆွဲကာ မီးအိမ်တစ်လုံးကိုကိုင်ရင်း မိုးရေထဲတွင်လမ်လျှောက်လာလေ၏။ ရွာအနီးမှ ဘုရားကျောင်းအရှေ့ကိုရောက်လာသည်ဖြစ်ရာ အနှီသူက ဘုရားကျောင်းကိုရောက်လာသည့် သီလရှင်အသစ်ဖြစ်လိမ့်မည်။
အနှီ ဘုရားကျောင်းတွင် သင်းအုပ်ဆရာအမြဲပြောင်းနေတတ်သောကြောင့် သူမထိတ်လန့်နေမိ၏၊၊ သူမသည်လွန်ခဲ့သည့်နှစ်ဝက်ခန့်ကမှ ပြောင်းလာခဲ့သည့်လေးယောက်မြောက် သီလရှင်ပင်။
သူမရှေ့မှပြောင်းလာခဲ့ဖူးသော သင်းအုပ်ဆရာနှင့်သီလရှင်များက သေဆုံးသွားကြပြီဟုပြောတတ်ကြသော်လည်း သတင်းများကမတိကျပေ။ ဘုန်းတော်ကြီးအရှေ့တွင်မူ သူမမှာငြင်းရန်မဖြစ်နိုင်။ ထွက်ပြေးခြင်းက ဘုရားသခင်ကိုသစ္စာဖောက်ခြင်းပင်ဖြစ်ပြီး သူမတွင်ထွက်ပြေးရန်လည်းသတ္တိမရှိပေ။
ဖုယွမ်ကျိုးမှာ စောင်အောက်တွင်မျက်ဝန်းလေးကိုသာဖော်ထားပြီး မသိစိတ်အရ စောင်အစွန်းကိုကိုင်ထားမိလေ၏။ ထိုအချိန်လေးအတွင်း သူ့စိတ်ထဲ၌ သီလရှင်ကပုံမှန်မဟုတ်သလိုပင်။
သီလရှင် ရွာကိုဖြတ်သွားသည့်အခါ လျှပ်စီးတဖြာလက်သွားခဲ့ပြီး အမှောင်ထုထဲမှ ရွာသားများက အဆက်မပြတ်ကျဆင်းနေသည့်မိုးရေစက်များအကြားတွင် သူမဖြတ်သွားသည်ကို အသက်ကင်းမဲ့စွာဖြင့်ကြည့်နေခဲ့ကြလေသည်။ သီလရှင်ကသူတို့အပေါ် မေတ္တာဂရုဏာထားနေဆဲ။သူမ၏သွေးမရှိတော့သည့်မျက်နှာက ပြုံးယောင်သန်းနေသော်လည်း သူမကိုမည်သူကမှမတုံ့ပြန်လာကြပေ။ သူမကိုပြန်ကြည့်လာသည့်မျက်လုံးများကလည်း ခံစားချက်အလျဥ်းမပါဘဲ ဗလာသက်သက်ဖြစ်နေလေသည်။
ဒါကသရဲကားမဟုတ်တာသေချာလို့လား။
ဖုယွမ်ကျိုး၏နှလုံးက မြင်းရိုင်းတစ်ကောင်ပမာ ကစုန်ပေါက်နေပြီး ယွိဖေးကလည်းသူကြောက်နေသည်ကိုသတိထားမိသွားကာ သူ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ပေးလာသည်။ သို့တစေ ရုပ်ရှင်အငွေ့အသက်က အတော်လေးကောင်းမွန်ကာ ယင်းကဲ့သို့သက်သောင့်သက်သာဖြစ်မှုက သွေးပျက်ခြောက်ခြားမှုတို့ကို မဖုံးထားပေးနိုင်ချေ။
သူပိုပိုပြီးကြောက်လာမိသည်။
နောက်ဆုံး၌ သီလရှင်က ဘုရားကျောင်းတံခါးကိုတွန်းဖွင့်လိုက်သည့်အခါ အမိုးခုံးပေါ်တွင်တွဲလောင်းချိတ်နေသည့် သင်းအုပ်ဆရာက သီလရှင်နှင့်တိုက်မိပြီး သူမခေါင်းပေါ်သို့ကျလာကာ သူမတကိုယ်လုံးသွေးများနှင့်ဖုံးသွားခဲ့၏။ ဖုယွမ်ကျိုးက ယင်းကိုမြင်ပြီးသည်နှင့် စတင်တုန်လှုပ်လာတော့သည်။
"ကျိုးအာ...ရရဲ့လား..."
ယွိဖေးက ရုပ်ရှင်ကိုချက်ချင်းရပ်လိုက်ပြီး စောင်မှတဆင့်သူ့အားဖက်လာလေသည်။
ဖုယွမ်ကျိုးက အလန့်တကြားနှင့်တတွတ်တွတ်ပြောနေလေ၏။
"မကြည့်ပါနဲ့တော့...ငါမကြည့်ချင်တော့ဘူး...!"
"ဆောရီး...တကယ်ကိုဆောရီးပါ..."
ယွိဖေးကသူ့ကျောလေးကိုပုတ်ပေးနေပြီး ချော့မော့ပေးနေရှာသည်။
"ဒါဆိုလည်းမကြည့်တော့ဘူးနော်...တောင်းပန်ပါတယ်ကွာ...မင်းဒီလောက်ကြောက်တတ်လိမ့်မယ်လို့ငါမထင်ထားလို့ပါ.."
အဆိုပါ ချော့မြူမှုလေးကြောင့် ဖုယွမ်ကျိုးကတဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပြီး ရှက်သွားမိသည်။ တကယ်တမ်းပြောရလျှင် ရုပ်ရှင်ထဲ၌ သရဲတစ်ကောင်မှမပါသေးပေ။ အလောင်းသာရှိသေးပြီး သရဲထွက်လာမည်ကိုကြောက်နေသူက သူတစ်ယောက်တည်းသာ။ သို့ဖြစ်၍ သူ၏တုံ့ပြန်မှုကလွန်ကဲသွားခဲ့သည်။ သေချာပြန်တွေးကြည့်ပါက သရဲကဤမျှမြန်မြန်ထွက်မလာနိုင်လောက်သေးပေ။
ရှက်ရှက်နှင့် သူသည်ကား စောင်ကိုပင့်တင်ကာ ယွိဖေးကိုကြည့်လိုက်သည်။
"ဆက်ကြည့်မယ်လေ..."
"မကြည့်နဲ့တော့...ညကျအိပ်မက်ဆိုးတွေမက်နေဦးမယ်..."
ယွိဖေးကသူ့အား စိုးရိမ်စိတ်နှင့်ဖက်လာလေသည်။
ဖုယွမ်ကျိုးမျက်နှာနှင့်နားရွက်တို့က နီရဲနေ၏။ ယခုမှ သူသေချာကြည့်မိသည်၊ ယွိဖေးကနည်းနည်းပင်ကြောက်မနေပေ။ ရှောင်ဖေးနှင့်ယှဥ်ကြည့်လျှင် သူကမှတကယ်ရှက်စရာကောင်းနေ၏။
"ဒါမှမဟုတ် ငါမင်းကိုဖက်ထားပေးရမလား..."
"အိုကေ..."
ဖုယွမ်ကျိုးက စောင်ကိုဆွဲယူလိုက်သော်လည်း ရပ်ထားသည့်ရုပ်ရှင်ကို မျက်လုံးထောင့်မှလှမ်းမြင်လိုက်ရသည့်အခါ သူတုန်ယင်လာပြန်သည်၊ ယွိဖေးကသူ့အားဖက်ပေးထားပြီး နှစ်ယောက်လုံးအပေါ်မှစောင်ကိုအုပ်လိုက်၏။
"မကြောက်ပါနဲ့...ငါမင်းနဲ့အတူရှိနေတယ်..."
သူတီဗီကိုပိတ်လိုက်ပြီး ဖုယွမ်ကျိုးကိုနှစ်သိမ့်ပေးလိုက်သည်။ နောက်ဆုံး၌ ဖုယွမ်ကျိုးကလုံးဝနီးပါး စိတ်သက်သာသွားကာ မျက်နှာကမူလအတိုင်းပြန်ဖြစ်သွားလေသည်။ယွိဖေးကသူ့မျက်နှာကိုထိကြည့်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။
"ကျိုးအာ...မင်းက တကယ်ကိုချစ်စရာကောင်းတယ်..."
ဖုယွမ်ကျိုးက ရှက်နေပြီး အနှီသူမျက်နှာကိုပင်မကြည့်ရဲပေ။ ယွိဖေးကသူနှင့်ကပ်လာသည့်အခါ အနှီသူထံမှရှူထုတ်လိုက်သည့်လေများမှာပူနွေးနေ၏၊ ထို့နောက် အနှီသူကရုတ်တရက် စောင်ကိုသူတို့အပေါ်သို့ဆွဲခြုံလိုက်ကာ နှစ်ယောက်အတူဆိုဖာပေါ်ကိုလဲကျသွားခဲ့သည်။ ယခုတော့ သူတို့နှစ်ယောက်သည် ဆိုဖာပေါ်တွင် မျက်နှာချင်းဆိုင်လဲနေရလေပြီ။
အလင်းရောင်က စောင်ထဲအထိဖောက်ထွင်းဝင်လာပြီး ယွိဖေးမျက်နှာပေါ်ကိုရောင်ပြန်ဟပ်လာခဲ့သည်၊ ၎င်းကြောင့် အနှီသူ၏မျက်ခုံးများက အလွန်တရာလှပနေလေ၏။ နှင်းဆီရနံ့ဖျော့ဖျော့နှင့် ၎င်း၏အနွေးဓာတ်က ဤသေးငယ်လှသည့်ကမ္ဘာငယ်လေးထဲတွင် ဝေ့ဝဲနေပြီး ရှုပ်ထွေးနေသည့်ခံစားချက်တစ်မျိုးကိုပေါက်ဖွားလာစေခဲ့သည်။
ဖုယွမ်ကျိုးမှာ ရင်ခုန်မြန်လာပြီး ယွိဖေးအနားမှခွာလိုက်ချင်သော်လည်း သူ့အနောက်တွင်ဆိုဖာသာရှိတော့လေရာ နောက်ပြန်ဆုတ်စရာနေရာမကျန်တော့ပေ။
ယွိဖေးကသူ့မျက်နှာကို တယုတယကိုငိတွယ်လာရင်း ပြုံးလာလေ၏။
"ကျိုးအာ...ငါမင်းကိုမေးခွန်းတစ်ခုလောက်မေးလို့ရမလား..."
"မေးလေ..."
ဖုယွမ်ကျိုးမှာ ခေါင်းညိတ်ပြရာတွင်ပင် ခဲယဥ်းနေရှာသည်။
"မင်းဘယ်လိုလူမျိုးကိုကြိုက်လဲ.."
ယွိဖေးမျက်လုံးများသည်ကား အရောင်တဖိတ်ဖိတ်လက်နေလျက်။
"ငါ့လိုလူမျိုးကိုရော...မင်းကြိုက်လား..."
ဖုယွမ်ကျိုးမှာ တခဏမျှအေးခဲသွားရပြီး နှလုံးကဒိတ်ကနဲစောင့်ခုန်သွားခဲ့သည်။
ယခင်ဘဝကလည်း ယွိဖေးကအဆိုပါမေးခွန်းမျိုးမေးခဲ့ဖူးသည်။ တပြိုင်တည်းမှာပင် သူအများအပြားမတွေးခဲ့မိပေ။
သူမတွေးမိရုံလေးသာ။ ခဏအကြာ၌ သူနားလည်သွားခဲ့သည်၊
ယွိဖေးကပါသူ့အား ချစ်ရေးဆိုနေခြင်းပင်။
[ယွမ်ကျိုးကလေ အရင်ဘဝက အဖြောင့်ကောင် ခုမှ သူ omega ဖြစ်လာခဲ့တာဆိုတော့ အဖြောင့်ကောင်အတိုင်းပဲဖြစ်နေတာ ယောကျားလေးချင်းပဲဆိုပြီး ရင်း²နှီး²တွေ သူလုပ်နေတာ
အဲ့လောက် အကောင်လိုက်ပြတာတောင် ဘာကောင်မှန်းမသိအောင် တုံးနေတော့ ခေါက်ချင်ပေမဲ့လည်း မာမားတစ်ယောက်အနေနဲ့ သူ ဘာကြောင့်မသိတာပါလို့ လာရှင်းပြတာ
အမှန်တော့ နင်ဖယ်စမ်းဆိုပြီး ရှိတဲ့သူအကုန်သိမ်းလိုက်ချင်တော့တယ် 🌚]