Chapter 44
Viewers 2k

♎️Chapter 44



ယခင်ဘဝကလည်း ယွိဖေးကအဆိုပါမေးခွန်းမျိုးမေးခဲ့ဖူးသည်။ တပြိုင်တည်းမှာပင် သူအများအပြားမတွေးခဲ့မိပေ။ 


သူမတွေးမိရုံလေးသာ။ ခဏအကြာ၌ သူနားလည်သွားခဲ့သည်၊ 


ယွိဖေးကပါသူ့အား ချစ်ရေးဆိုနေခြင်းပင်။


ယခင်ဘဝက သူသည် ယွိဖေးကိုသူ၏ကစားဖော်ငယ်သူငယ်ချင်းအဖြစ်နှင့် သူငယ်ချင်းရှဲ့လင်၏ဆွေမျိုး ညီမတစ်ဝမ်းကွဲအဖြစ်သာ သဘာထားခဲ့သည်။ သူမက အင်မတန်လှပခဲ့၏။ ထိုသူမျှလှပသည့်မျက်နှာမျိုး သူတစ်ခါမှမမြင်ခဲ့ဖူးပေ၊၊ သို့သော်ငြား သာမန်သဘောမျိုးမှအပ အနှီသူအပေါ်အခြားအတွေးမရှိခဲ့သည်မှာ သူ့အတွက်ထူးဆန်းလွန်းလှပေသည်။ 


သူအိပ်ရာပေါ်တွင်လှဲကာ ဖုန်းထဲတွင်ရှန်းရှီကောနှင့်စကားပြောနေစဥ် သူမကအခန်းထဲကိုကျုးကျော်ဝင်လာပြီး သူ့အားငေးကြည့်နေခဲ့သည့်နေ့အထိပင်။ သူမှင်သက်နေစဥ် ယွိဖေးကသူ့အား ဖိအားပေးချင်နေသလို ကုတင်ထောင့်စွန်းတွင်ဖိထားခဲ့သည်။ 


"ငါနင့်ကိုကြိုက်တယ်...ကျိုးအာ..." 


သူသည်ကား ယွိဖေး၏နိုင်လိုမင်းထက်အော်ရာကြောင့် ထိတ်လန့်သွားခဲ့ရ၏။ နောက်တနေ့တွင် သူမကစကားလာပြောခဲ့ပြီး သူသည်လည်း အဖြေပေးရန်ခက်ခဲနေသည်။ သူ့မှာ ရက်အတန်ကြာစိတ်ရှုပ်ထွေးနေခဲ့ရပြီး ယွိဖေးကိုပင်ရှောင်နေခဲ့မိ၏။ နှစ်ယောက်သားကြားရှိလေထုက ထူးဆန်းနေခဲ့၍ ရှဲ့လင်ပင်အလွယ်တကူသိသွားခဲ့သည်။ 


ရှဲ့လင် ပီယာနိုထားသည့်အခန်းထဲတွင် ပီယာနိုတီးနေသည့်တစ်နေ့၌ သူသည်ကားယွိဖေးမတွေ့စေရန် အနှီသူအနောက်မှလိုက်လာခဲ့သည်၊၊ ရှဲ့လင်က ပီယာနိုတီးနေရင်း သူ့အားမေးမြန်းနေခဲ့သေး၏။ 


ရှဲ့လင်သည် ပီယာနိုအရှေ့တွင်ထိုင်နေရင်း လက်ချောင်းလေးများက အဖြူနှင့်အနက်ခလုတ်လေးများအပေါ်တွင် ရွရွလေးလှုပ်ရှားနေခဲ့သည်။ ခဏအကြာတွင် ထိုသူကမေးလာလေ၏။ 


"ရှောင်ဖေးကမင်းကိုဖွင့်ပြောလိုက်လို့လား..." 


"မင်းဘယ်လိုသိတာလဲ..." 

ဖုယွမ်ကျိုး အံ့ဩနေသည့်အမူအရာဖြင့် ရုတ်ချည်းမတ်တပ်ထရပ်လိုက်သည်။ 

"သူမင်းကိုပြောပြတာလား.." 


ရှဲ့လင်က စကားမပြောဘဲ ပီယာနိုကိုဆက်တီးနေခဲ့သည်။ စက္ကန့်အနည်းငယ်ကြာပြီးမှ ဖုယွမ်ကျိုး စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့်ဖြည်းဖြည်းချင်းထိုင်ချလိုက်၏။ 


"သူငါ့ကိုကြိုက်နေတာကို မင်းအစောကြီးတည်းကသိနေခဲ့တာလား..." 


ရှဲ့လင်: "အင်း..." 


"ဘယ်အချိန်တည်းကလဲ..." 

ဖုယွမ်ကျိုး ခေါင်းထောင်လာသည်။ သူကရောဘာလို့မသိခဲ့ရတာလဲ။ 


ရှဲ့လင်: "ကြာလှပြီ..." 


"ဟုတ်လား...မင်းကအရမ်းရက်စက်တာပဲ..." 

ဖုယွမ်ကျိုးမှာ အနည်းငယ်မျှအတွေးလွင့်သွားခဲ့၏။ 


ရှဲ့လင်က ပီယာနိုတီးနေသည်ကို ရုတ်ချည်းရပ်လိုက်သည်။ 


"တစ်နေ့ဖြစ်မှာပဲလေ..." 


ထိုသူသည်သူ့အားကြည့်လာပြီး တည်ငြိမ်သည့်အသံဖြင့်ပြောလာခဲ့သည်။ 


"မင်းတစ်ယောက်ပဲမသိတာ..." 


ထိုအချိန်က ဖုယွမ်ကျိုးမှာ ပြောစရာစကားကင်းမဲ့နေခဲ့ပြီး လက်လည်းမခံခဲ့ပေ။ ***


ယခုဘဝတွင် သူသည် ထိုအခြေအနေအထိရောက်ရန်ကြာဦးမည်ဟုတွေးခဲ့သော်လည်း ယခုမူ သူပိုပြီးအထိမခံနိုင်ဖြစ်လာခဲ့သည်ကိုဝန်ခံရပေမည်။ 


ရန်ရှူးထန်ရော ရှဲ့လင်ပါ သူကိုယ်တိုင်ပင်အတည်မပြုရသေးခင် သူ့အားဖွင့်ပြောခဲ့ကြသည်။ 


ရှောင်ဖေးကလည်း သူ့အားသဘောကျနေခဲ့သည်။ 


ရှောင်ဖေးက ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ သူ့ကိုသာ ထပ်ပြီးချစ်မိခဲ့သည်။ 


ထိုအခိုက်အတန့်လေးတွင် ဖုယွမ်ကျိုးမှာရင်ခုန်သံမြန်နေခဲ့ပြီး ယခင်ကရှိခဲ့ဖူးသည့် ပြတ်သားစိတ်ကတဖန်ပေါ်လာခဲ့သည်။ ယင်းကသူအမြဲတွေးနေကျမေးခွန်းတစ်ခုဖြစ်သော်လည်း သူမစဥ်းစားရဲခဲ့ပေ။ 


ရှောင်ဖေးသာ သည်တကြိမ်၌သူ့အားဖွင့်ပြောလာခဲ့လျှင် သူဘယ်လိုလုပ်ရမည်နည်း။ လက်ခံလိုက်သင့်လား။ 


တစ်ခါကမူ ဖုယွမ်ကျိုးသည် လက်ခံရန်လုံးဝမဖြစ်နိုင်ဟုတွေးခဲ့ဖူးသည်။ ယောကျ်ားတစ်ယောက်နှင့်ဖြစ်စေ၊ အိုမီဂါနှင့်အယ်လ်ဖာကြားမှ ခြားနားချက်ပင်ဖြစ်စေ၊ ယွိဖေးနှင့်သူ နောက်တကြိမ်အတူရှိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ 


ယခုမူ သူတုန်လှုပ်သွားရချေပြီ။ 

၎င်းကအန္တရာယ်ကြီးပြီးခြောက်ခြားစရာကောင်းလင့်ကစား အဆိုပါအတွေးက သူ့စိတ်ထဲတွင်ပေါ်လာခဲ့သည်။ 


သူ့အတွက် ယောကျ်ားတွေက လက်ခံစရာမကောင်းတာလား။ 


ယွိဖေးနှင့်မျက်နှာချင်းဆိုင်လိုက်ရလျှင် ဖုယွမ်ကျိုး၏နှလုံးသားက အမြဲပျော့ပျောင်းခဲ့ရသည်။ သူတို့နှစ်ယောက်က ဘဝဟောင်းမှချစ်သူများဖြစ်ခဲ့ကြ၍လည်းဖြစ်နိုင်သည်။ ယွိဖေးကသူ့ထက်ငယ်၍လည်းဖြစ်နိုင်ပြီး ယွိဖေးအပေါ်တွင် အပြစ်ရှိစိတ်အနည်းအကျဥ်းကိုခံစားနေရ၍လည်းဖြစ်နိုင်သည်။ 


ယခင်ဘဝက အတူရှိခဲ့ကြချိန်များတွင် ယွိဖေးဘက်က သူ့နောက်ကိုအရင်လိုက်ခဲ့သော်လည်း သူကယွိဖေးဘဝကို အောက်ဆွဲချမိလိမ့်မည်ဟုထင်ခဲ့၍ သူ့ဘက်ကအရင်လမ်းခွဲခဲ့သည်။ 


ယွိဖေးက အနုပညာလောကထဲသို့ဝင်သွားပြီး နာမည်ပိုကြီးလာခဲ့သည်။ အနာဂတ်အနုပညာလောကတွင် အအောင်မြင်ဆုံးကြယ်ပွင့်ဖြစ်လာမည်မှာမလွဲပင်။ သို့သော်လည်း ထိုအချိန်မှ ဖုယွမ်ကျိုးအမေကရုတ်တရက်ဆုံးပါးသွားခဲ့သည်။ သူမဆုံးပါးချိန်တွင် သူကအမေဖြစ်သူကိုဒေါသထွက်စေခဲ့သည်ဟု လူတိုင်းကပြောခဲ့ကြ၏။ သူသည်ကား ဒုက္ခပင်လယ်အကြားတွင်မျောပါနေခဲ့ရသောကြောင့် ယွိဖေး၏အနာဂတ်ကိုစဥ်းစားကာ သူမနှင့်လမ်းခွဲရန်ဆုံးဖြတ်ခဲ့သည်။ 


သူသည်ကား ယွိဖေးနှင့်မျက်နှာချင်းမဆိုင်ရဲခဲ့၍ မက်ဆေ့ချ်တစ်စောင်ဖြင့်ပင် လမ်းခွဲခဲ့သည်။ ယွိဖေးကသူ့ထံရောက်လာခဲ့ပြီး သူမဘက်က ဘယ်အရာမှဂရုမစိုက်ကြောင်းပြောခဲ့သည်။ သူမနှင့်လမ်းမခွဲရန်တောင်းပန်ခဲ့သည်၊ သူ သည်းညည်းမခံနိုင်တော့လေရာ ရက်စက်သည့်နည်းလမ်းကိုသာသုံးခဲ့ရသည်၊၊ သူသည် သူမကိုအရှက်တကွဲမဖြစ်စေလိုပါချေ။


အစပိုင်းတွင် ယွိဖေးကသတင်းဆိုးများသာထွက်ခဲ့ပြီး ကောလဟလအရိပ်မည်းများက သူမ၏အောင်မြင်မှုတက်လမ်းကိုဟန့်တားထားခဲ့သည်။ ထို့ကြောင့်ပင် ယွိဖေးမှာ မကြာခဏဆိုသလို ကျိတ်ငိုခဲ့ရ၏။ ထိုစဥ်က ဖုယွမ်ကျိုးမှာဒေါသထွက်လွန်း၍ လက်များပင်တုန်ယင်နေခဲ့သည်။ 


သူအမြဲ သူမကိုစောင့်ကြည့်ခဲ့သည်။ သူမအတွက်စိတ်မကောင်းဖြစ်ခဲ့ရပြီး တထပ်တည်းတူညီသည့်နာကျင်မှုမျိုးကိုလည်း မခံစားစေချင်တော့ပေ။ 


ထို့ကြောင့် သူလမ်းခွဲရန်ဆုံးဖြတ်ခဲ့သည်၊၊ သူမကိုရှောင်ရန်ကြိုးစားခဲ့သည်၊၊ ရှန်းရှီကောနှင့်နိုင်ငံခြားထွက်သွားပြီးပင် ပုန်းနေခဲ့သေး၏။ 


ယွိဖေးဖုန်းနံပါတ်များကိုလည်းဖျက်ပစ်ခဲ့သည်၊ သူအတိအကျမှတ်မိသော်လည်း ယွိဖေးကလက်မလျှော့ဘဲ သူ့ကိုရှာရန်ရှန်းရှီကောဖုန်းကိုပင်ခေါ်ခဲ့သည်။ 


"မင်းကောင်မလေးဖုန်းကိုဖြေဦးမလား..." 


ရှန်းရှီကောက သူ့ဘေးတွင်ရပ်နေရင်း ဖုန်းပေးခဲ့သည်။ ဖုယွမ်ကျိုးက ဖုန်းကိုဝမ်းနည်းပက်လက်ကြည့်နေပြီး အသံမထွက်ဘဲခေါင်းယမ်းလိုက်၏။ ရှန်းရှီကောက ဖုန်းကိုလွှင့်ပစ်ခဲ့သည်။ သူသေချာမသိသော်လည်း ရှန်းရှီကောက ယွိဖေးကိုတစ်ခုခုပြောလိုက်ပုံရပြီး ယွိဖေးကသူ့အားဖုန်းထပ်မခေါ်တော့ပေ။ 


"မငိုပါနဲ့..." 


သူသည်ကား နီရဲနေသည့်မျက်လုံးများနှင့်ဆိုဖာပေါ်တွင်ထိုင်နေခဲ့ပြီး ရှန်းရှီကောကလည်းသူနှင့်အတူထိုင်ချလိုက်သည်။ ထိုသူသည် လက်ချောင်းထိပ်လေးများနှင့်မျက်လုံးထောင့်ကိုပွတ်သပ်ပေးလာခဲ့၏။ 


"ငါမင်းကိုအဖော်လုပ်ပေးပါ့မယ်...နော်?" 


နောက်ပိုင်းမှ ရှဲ့လင်ကသူ့ကိုဖုန်းနှင့် ပြန်လာရန်ခေါ်ခဲ့သည်။ 


"သူမင်းကိုလက်လွှတ်လိုက်ပြီ..မင်းနဲ့အချိန်ကောင်းလေးတွေရှိခဲ့ပါတယ်တဲ့...မင်းနဲ့ရုပ်ပျက်ဆင်းပျက်တွေမဖြစ်ချင်ဘူးတဲ့..." 


ဖုယွမ်ကျိုးသည် နိုင်ငံခြားတွင် အတန်ကြာနေပြီးမှပြန်လာချင်ခဲ့သည်။ နောက်ဆုံးတကြိမ်ခန့် မမြင်ကွယ်ရာမှ ယွိဖေးကို ချောင်းကြည့်ချင်ခဲ့၍ တရုတ်သို့ပြန်လာရန်စီစဥ်ခဲ့၏။ ရှန်းရှီကောက သူ့အားနေစေချင်သည်ကိုပင် နောင်၌သူ့အားလာရှာနိုင်ကြောင်းပြောကာငြင်းခဲ့၏။ 


"မင်းဒီမှာရှိနေခဲ့တဲ့အချိန်တွေကို ငါလွမ်းနေမှာပါ...ရှောင်ချီး..." 


သူရှန်းရှီကောကိုပွေ့ဖက်နှုတ်ဆက်ပြီး ထိုသူကပြောခဲ့သည်။ 


"မင်းနဲ့အတူရှိခဲ့ရတဲ့အချိန်တွေက အပူအပင်ကင်းပြီးအပျော်ရွှင်ခဲ့ရဆုံးအချိန်တွေပါပဲ...အဲဒီမှာမင်းကိုဝမ်းနည်းစေတဲ့လူတွေအများကြီးရှိနေတာကို...ဘာလို့ပြန်သွားမှာလဲ...ငါမင်းထပ်ဝမ်းနည်းရမှာကိုမတွေ့ချင်ဘူး..." 


"မင်းလည်းပြန်လာရမှာပဲလေ..." 

ဖုယွမ်ကျိုးက အက်ရှရှအသံဖြင့်ပြောလိုက်သည်။ 

"ငါမင်းကိုမျှော်နေမယ်...အတူရှိနေပေးခဲ့တဲ့အတွက်ကျေးဇူးပါပဲ..." 


"မင်းငါ့ကိုအချိန်မရွေးလာရှာလို့ရတယ်...ငါအမြဲဒီမှာရှိနေမှာပါ.." 

ရှန်းရှီကောမျက်လုံးများမှာ အနည်းငယ်မျှညို့မှိုင်းသွားခဲ့သည်။ 

"ဒါပေမဲ့ ငါကတော့ မင်းကို ဒီမှာ ပိုပြီးရှိစေချင်တယ်..." 


ဖုယွမ်ကျိုးက ခေါင်းယမ်းကာ လေယာဥ်ဖြင့်အိမ်ပြန်လာခဲ့သည်။ 


ရှဲ့လင်က သူ့အားလေဆိပ်တွင်လာကြိုခဲ့သည်။ သူရှဲ့လင်ကိုတွေ့ချိန်တွင် ခံစားချက်များကရောထွေးနေခဲ့၏။ သူကရှဲ့လင်သူငယ်ချင်းဖြစ်သော်လည်း ယွိဖေးကထိုသူနှင့်ဝမ်းကွဲတော်စပ်သည်။ သူဘယ်လိုမျက်နှာပြရပါမည်နည်း။ 


"တောင်းပန်ပါတယ်ကွာ.." 


သူနဲ့ရှဲ့လင် တပြိုင်တည်းတောင်းပန်ခဲ့မိကြသည်။ 


ရှဲ့လင်ကသူ့အား ဗလာအတိဖြစ်နေသောမျက်လုံးများဖြင့်ကြည့်လာ၏။ 


"မင်းလမ်းခွဲသွားဖို့က ငါအဖြစ်ချင်ခဲ့ဆုံးဆန္ဒပဲ..."


ဖုယွမ်ကျိုးမှာ ရှဲ့လင်စကားကိုကြားလိုက်ရပြီးနောက် ရှဲ့လင်ကိုလွယ်အိတ်နှင့်ပစ်ပေါက်ချင်သွားခဲ့ရသည်။ 


ရှဲ့လင်က သူနှင့်ယွိဖေးတို့တွဲနေသည်ကိုမကြိုက်မှန်း သူသိထားပြီးသားပင်။ သို့ဖြစ်၍ တွဲနေစဥ်မှာပင် သူနှင့်ယွိဖေးတို့က မသိသာအောင်သိုသိုသိပ်သိပ်နေခဲ့ကြပြီး ရှဲ့လင်ရှေ့တွင်လည်း သည်အတိုင်းပင်။ ယခင်ကအတိုင်း သူငယ်ချင်းများပမာခင်မင်ပြခဲ့သည့်တိုင် ရှဲ့လင်တွေ့လျှင်မပျော်မည်စိုးရိမ်၍ ပိုသတိထားခဲ့ကြသည်။ 


တကယ်တမ်း၌ ဖုယွမ်ကျိုးသည် သူတို့နှစ်ယောက်တွဲနေသည်ကို ရှဲ့လင်ဘာကြောင့်သဘောမကျရမှန်း တစ်ခါမှနားမလည်ခဲ့ပေ။ ရှဲ့လင်ကသူ့ကို ယွိဖေးနှင့်မထိုက်တန်ကြောင်းပြောလာလျှင်ပင် ဤမျှကိစ္စကြီးရမည်မဟုတ်။ ယင်းမှာ သူ၏တစ်ဝမ်းကွဲညီမလေးကို ကာကွယ်ပေးချင်၍မဟုတ်နိုင်ဘဲ ရှဲ့လင်က ဘာကြောင့်သဘောမကျဖြစ်နေခဲ့မှန်းသူမသိခဲ့ရပေ။ 


သူရှဲ့လင်နှင့်စကားပြောကြည့်ပြီး အကြောင်းအရင်းသိချင်ခဲ့ချင်သော်လည်း သူတို့လမ်းခွဲလိုက်သည်အထိ ရှဲ့လင်ကသူ့ကိုအဖြေမပေးခဲ့ပေ။ 


ယခုတော့ သူယွိဖေးနှင့်လမ်းခွဲလိုက်ရပြီ၊၊ ယင်းကရှဲ့လင်အကြိုက်ဖြစ်နိုင်သော်လည်း ရှဲ့လင်ကသူထင်ထားခဲ့သည်ထက် တည့်တိုးပင်ပြောလာခဲ့သည်။ 


ဖုယွမ်ကျိုးမှာပေါက်ကွဲမတတ်ဖြစ်နေပြီး ရှဲ့လင်၏ဆိုလိုရင်းကိုမေးခွန်းထုတ်ချင်နေသော်လည်း ရှဲ့လင်ကသူ့အားရုတ်တရက်ပွေ့ဖက်လာပြီး စကားတစ်လုံးပင်မပြောဘဲ နှစ်သိမ့်ပေးနေသလို သူ့ဆံပင်အားထိုးဖွနေခဲ့သည်။ 


လေဆိပ်တွင် လူးလာခေါက်ပြန်သွားလာနေသောခရီးသည်အများအပြားရှိနေပြီး အချို့ကသူတို့အား ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ ဖုယွမ်ကျိုးကရှက်လည်းရှက်သလိုဒေါသလည်းထွက်လာရကာ ရှဲ့လင်ကိုအားဖြင့်တွန်းထုတ်ပစ်လိုက်မိ၏၊၊ ရှဲ့လင်ကလွှတ်မပေးဘဲ သူ့အားပို၍ပင် တင်းနေအောင်ဖက်လာခဲ့သေးသည်။ 


ရုတ်တရက် ဖုယွမ်ကျိုးကငြိမ်သက်သွားပြီး လက်ဆန့်ထုတ်ကာရှဲ့လင်ကိုပြန်ဖက်လိုက်၏။ သူ၏ခလောက်ဆန်နေခဲ့သောဒေါသစိတ်တို့မှာ ဝမ်းနည်းမှုနှင့်အထီးကျန်မှုတို့အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ 


သူသည်ကား ရှဲ့လင်၏ပုခုံးပေါ်တွင် မျက်နှာကိုမြုပ်ထားရင်း မျက်ရည်စတို့ကို သန့်ရှင်းနေသည့်ရှပ်အပေါ် တိတ်တဆိတ်သုတ်လိုက်မိသည်။ 


ရှဲ့လင်ရေ.... 


သူသည် စိတ်ထဲမှသာထိုနာမည်ကို အဖန်ဖန်ခေါ်နေမိပြီး ဖုယွမ်ကျိုး၏နှလုံးသားမှာအနည်းငယ်မျှတုန်လှုပ်သွားခဲ့ရသည်။ 


သူ့ဘဝသက်တမ်း၏အနှစ်နှစ်ဆယ်ကျော်မျှ အဆိုပါအမည်နာမသည် သူ၏ကလေးဘဝ၊ အခင်မင်ရဆုံးသူငယ်ချင်း၊ မိဘထက်ပင်ပိုအရေးကြီးသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူ့အတွက်အစားထိုးမရနိုင်သည့်ဖြစ်တည်မှုပင်။ 


ရှဲ့လင်ကသူ့ဘေးတွင်ရှိနေပြီး သူတို့နှစ်ယောက် သူငယ်ချင်းကောင်းများအဖြစ် အတူရှိသွားနိုင်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်။ 


သို့သော်လည်း သူပြန်လည်မွေးဖွားလာသည်နှင့် ရှဲ့လင်ကရုတ်တရက် သူ့အားသဘောကျကြောင်းပြောလာခဲ့ပြီး သူ့ကိုသူငယ်ချင်းတစ်ယောက်အနေဖြင့်မဟုတ်ဘဲ သူ့အားသဘောကျနေသူတစ်ယောက်အဖြစ်သဘောထားပေးရန် တောင်းဆိုလာခဲ့သည်။ 


၎င်းက ဖုယွမ်ကျိုးအတွက်ခက်ခဲသည်။ အစပိုင်းတွင်မူ ရှဲ့လင်ပြောခဲ့သည့် သူ့ကိုသဘောကျနေသည်ဆိုသောစကားကို မေ့သွားလိမ့်မည်ဟုထင်ခဲ့သည်။ သူကအိုမီဂါတစ်ယောက်ဆိုသောအချက်ကို မေ့နေခဲ့သလိုမျိုး။ 


နောက်ပိုင်းတွင်မူ သူတို့နှစ်ယောက်ကြားရှိပတ်သတ်မှုက ယခင်ဘဝကကဲ့သို့ ရိုးရှင်းတော့မည်မဟုတ်ကြောင်းသဘောပေါက်ခဲ့သည်။


 ရှဲ့လင်က သူ့အားသတိရစေပြီး ရှဲ့လင်ကသူ့အားချစ်နေခဲ့သည်။ ရှဲ့လင်၏အကြည့်၊ လက်ချောင်း၏အနွေးဓာတ်လေးများ၊ ဝိုင်နီဖယ်ရိုမုန်းအနံ့နှင့် အနမ်းမှတဆင့်လာသည့်အထိအတွေ့။ 


ရှဲ့လင်ကသူ့ကိုသဘောကျနေခဲ့သည်။ သူကရော ဘာများတတ်နိုင်ပါမည်နည်း။ သူအကြိမ်ကြိမ် ငြင်းခဲ့သော်လည်း ရှဲ့လင်ကနောက်မဆုတ်ခဲ့ပေ။ သူသည်လည်း ရှဲ့လင်ကသူ့ကိုလျစ်လျူရှုလိုက်မည်စိုး၍ တဆင့်ပြီးတဆင့်လျှော့ပေးခဲ့ရပြီး မနေ့ညကဆိုလျှင် အနမ်းခံရသည့်အဆင့်အထိရောက်သွားခဲ့သည်။ 


ယင်းကဒေါသထွက်စရာကောင်းသော်လည်း ခုခံရန်လည်းမလွယ်လှ။ သူတစ်ညလုံးမအိပ်ဘဲစဥ်းစားနေခဲ့သည့်တိုင် သူ့ကိုနမ်းခဲ့သူကရှဲ့လင်ဖြစ်နေ၍ သည်းခံလိုက်ရန်သာအဖြေထွက်လာခဲ့သည်။ 


၎င်းကြောင့်ပင် သူ့ဘက်မှရှဲ့လင်ကို သူ့အားသဘောကျနေသည့်သာမန်လူတစ်ယောက်အဖြစ် မဆက်ဆံနိုင်ရခြင်းပင်။ 


ဖုယွမ်ကျိုးတွေးနေမိသည်။ 


ဖြစ်နိုင်လျှင် သူလည်းရှဲ့လင်ကိုအခြားသူများနှင့်တန်းတူဆက်ဆံချင်သည်၊၊ သို့ပါသော်လည်း သူတို့နှစ်ယောက်က ခင်မင်ကြပြီး သူကလည်းရှဲ့လင်အပေါ် အလွန်အမင်းမှီတွယ်နေမိသောကြောင့် ထိုသူအားဥပေက္ခာမပြုရက်ပေ။ 


ဖုယွမ်ကျိုးသည် ဤတစ်ကြိမ်တွင်ရှဲ့လင်နှင့်ညှိနှိုင်းလိုက်နိုင်သော်လည်း နောင်တွင် ယခုလိုပုံစံအတိုင်းဆက်ဖြစ်နေပါက မည်သည့်အတိုင်းအတာအထိ ရှဲ့လင်နှင့်လိုက်ညှိနိုင်ပါမည်နည်း။ 


ထိုအခိုက်အတန့်မှာပင် ရှဲ့လင်နှင့်ခပ်ဝေးဝေးနေရန် သိူ့မဟုတ် ရှဲ့လင်အပေါ်ရှိ စိတ်ပိုင်းဆိုင်ရာမှီခိုမှုကိုလျှော့ချရန် န် အချက်နှစ်ချက်ကိုတွေးတောရင်း သူ့ကိုယ်သူရွေးချယ်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် လုံးဝမဖြစ်နိုင်မှန်းလည်းသိလိုက်ရသည်။ 


ဒီတော့......



(ဘာသာပြန်သူမှာ ပြောစရာရှိ 🥹


ဒီအပိုင်းကလေ ရှေ့ဘဝနဲ့ ခုဘဝ နဲ့ကို ရောပြောထားတဲ့အပြင် တစ်ချိန်လုံး.သူ့အတွေးကြီးပဲမို့ သေချာလေး ဖတ်ပေးကြပါနော် မရှင်းရင်လည်းမေးပါ သွေ့ပုချိ )