အစားထိုးခံ
အမျိုးသမီး အတွင်းရေးမှူး
အပိုင်း
၈
လူတိုင်းက
ညလယ်စာ စားပြီးသည်နှင့် အစည်းအဝေးပွဲခန်းမကို ဆက်လက်ပြီး နေရာချနေကြသည်။ စူးထောင်သည်
အပြင်ဘက်ခြမ်းကနေ အနည်းငယ်နောက်ကျပြီးမှ ရောက်လာကာ လူတိုင်းနှင့်အတူ နောက်ဆုံးကျန်နေသောအလုပ်နည်းနည်းကို
လတ်စသတ်လိုက်တော့သည်။ အချိန်ကိုကြည့်လိုက်သောအခါ မနက်နှစ်နာရီပင်ထိုးနေပြီ။
အခမ်းအနားပွဲကို
မနက် ၈နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ပွဲကျင်းပမယ့်နေရာကလည်း မြို့ပြင်၌ တည်ရှိနေသောကြောင့်
၆နာရီကြာ အချိန်ယူရမည်ဖြစ်ကာ အချိန်တဝက်လောက်က အသွားအပြန်လမ်းမပေါ်တွင်ကုန်ဆုံးသွားမည်ဖြစ်သည်။
ထိုသို့သော
အရေးကြီးသည့် အခိုက်အတန့်အတွက် ကျင်းချွေ့ဝမ်က ဟော်တယ်တစ်ခုကြိုတင်စီစဉ်ပေးထားပြီး
ပွဲခန်းမမှ ငါးမိနစ်ခန့် လမ်းလျှောက်ရုံဖြင့် ရောက်နိုင်၏။
ဟိုတယ်သည်
အဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုဖြစ်ပြီး လူနှစ်ဦးစီက အဆင့်မြင့် အခန်းတစ်ခုတွင်နေရမည်ဖြစ်ကာ
အခန်းကတ်များအား လူတိုင်းဆီကို ဝေပေးထားသည်။ စူးထောင်က သူမ တခြားသူများနှင့် အထပ်ခြင်းမတူမှန်း
သတိထားမိသွား၏။
သူမ
ကန့်ကွက်စကားမပြောနိုင်ခင်တွင် ရှဲ့ကျင်က သူမ၏လက်ကို ဆွဲကိုင်ပြီး ဓာတ်လှေကားထဲကို
ဝင်သွားလိုက်သည်။
သူမရဲ့လုပ်ဖော်ကိုင်ဖက်များမှာ
ဓာတ်လှေကားထဲသို့ လှမ်းမ၀င်ရဲကြဘဲ တခဏကြာ အံ့အားသင့်သွားပြီးနောက် အားလုံးက မမြင်ချင်ယောင်ဆောင်ကာ
ရုတ်တရက်ကြီး ဟိုတယ်ဧည့်ခန်းရှိ ပန်းချီကားများကို စိတ်ဝင်တစား လေ့လာနေကြ၏။
ဓာတ်လှေကား
တံခါးပိတ်သွားပြီးမှသာ လူတိုင်းက နားလည်မှုရှိစွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး
သူတို့၏ထိတ်လန့်တုန်လှုပ်မှုတွေကို တိတ်တဆိတ်ပြောနေကြသည်။
သူတို့အားလုံးမှာ
အကြီးတန်းအဆင့် ခေါင်းဆောင်များ နှင့် အလယ်အလတ်တန်းအဆင့် ခေါင်းဆောင်များဖြစ်ကြသောကြောင့်
လူတိုင်းက ထိုအကြောင်းကိုမဖြန့်ဝေရန် တိတ်တဆိတ် သဘောတူလိုက်ကြ၏။ ထို့အပြင် ယခုကဲ့သို့
လစာမြင့်သောအလုပ်က အမှားတစ်ခုလုပ်လိုက်ရုံဖြင့်
အလုပ်ထုတ်ခံရနိုင်ချေများသည်။
စူးထောင်သည်
ဇိမ်ခံအခန်း၏ အပြင်ဘက် အခန်းရှိ အလုပ်စားပွဲတွင် ထိုင်နေပြီး သူမ၏ကွန်ပြူတာကို ဖွင့်ကာ
အခမ်းအနားပွဲကို ဆက်လက်သုံးသပ်နေ၏။
တခြားသူများနဲ့
ပဋိပက္ခဖြစ်ရတာကို သူမ မကြိုက်ချေ။ ဘာရန်ငြိုးပဲရှိနေပါစေ အိန္ဒြေမဲ့စွာဖြင့် သူမရန်ဖြစ်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်
ရှဲ့ကျင်ထံမှ အခန်းထဲသို့ အတင်းအကြပ်ဆွဲခေါ်ခံရပြီးတဲ့နောက် သူမသည် မကျေနပ်မှုကို ဖော်ပြခဲ့သည်။
သူမကို အခန်းထဲက ထွက်သွားခွင့်ပြုမည်မဟုတ်ကြောင်း သိနေသည့်အတွက် အားကုန်ခံပြီး ရုန်းကန်မနေတော့ဘဲ
ထိုအစား ကွန်ပျူတာကို ချက်ချင်းဖွင့်ကာ မိုးလင်းသည်အထိ အလုပ်လုပ်ရန် ပြင်ဆင်တော့သည်။
"ရှောင်ထောင်လေး
အိပ်တော့!"
ရှဲ့ကျင်သည်
ရေချိုးခန်းထဲမှထွက်လာပြီး နက်ပြာရောင်ရေချိုးဝတ်စုံက သူ့ကိုယ်ပေါ်တွင် လျော့တိလျော့ရဲနှင့်
တွဲလောင်းကျနေ၏။
ရေစိုနေသော ဆံပင်တိုတိုကို ခါယမ်းကာ မော့ကြည့်လိုက်သော်လည်း
ကုတင်ပေါ်တွင် ကွေးကွေး အိပ်ပျော်နေရမည့် ရှောင်ထောင်လေးကို မတွေ့လိုက်ရပေ။
ထိုအစား
အပြင်ခန်းတွင် ဝီရိယရှိရှိ အလုပ်လုပ်နေသော သူမကိုမြင်လိုက်ရပြီး သူကခြေလှမ်းကျယ်များဖြင့်သွားကာ
လက်တစ်ဖက်ဖြင့် သူမကွန်ပြူတာကိုပိတ်လိုက်သည်။
စူးထောင်
မော့ကြည့်လိုက်တော့ ရှဲ့ကျင်က ရေချိုးဝတ်စုံကြယ်သီးကိုဖြုတ်ထားပြီး သူ့ရင်ဘတ်တစ်ဝက်လောက်က
ပေါ်နေ၏။ သူက ပြန်မဖုံးလိုက်ဘဲ သူမအား ရည်ရွယ်ချက်ရှိရှိ ပြနေသကဲ့သို့ ကိုယ်ကိုကိုင်းထားသည်။
စူးထောင်၏
မျက်လုံးများက သူ့ ရင်ဘတ်ကြွက်သားပေါ် အကြည့်ကွေ့ဝိုက်သွားပြီး စာရွက်စာတမ်းများပေါ်တွင်
သက်ဆင်းသွားကာ တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြောလိုက်၏။ "ရှင်သွားအိပ်လေ။"
"ကိုယ်သာအိပ်လိုက်ရင် မင်းကထပ်ပြီး ထွက်ပြေးသွားလိုက်မှာ
မဟုတ်လား " ရှဲ့ကျင်းက လက်ကိုဆန့်တန်းကာ သူမကိုပွေ့ချီလိုက်တော့သည်။
ရုတ်တရက်
ခြေထောက်လွတ်သွားသဖြင့် စူးထောင်သည် အထိတ်တလန့်နှင့် လေထဲတွင် ခြေကားယားလက်ကားယားဖြစ်နေကာ
အံကြိတ်ပြီး ပြောလိုက်၏။" ကျွန်မကို အောက်ချပေး။"
ဒါပေါ့
ရှဲ့ကျင်က သူမစကားကို ဘယ်လိုလုပ်နားထောင်မှာလဲ၊ သူမကို ကြောင်တစ်ကောင်ကို ပွေ့ချီထားသလိုမျိုးပွေ့ချီရင်း
ကုတင်ပေါ်တင်ကာ စောင်ခြုံပေးလိုက်ပြီး သူက သူမဘေးမှာလှဲချလိုက်ရင်း အနောက်ကနေ သူမကိုခပ်တင်းတင်း
ဖက်ထားတော့သည်။
သူ့ရဲ့ခပ်ကြီးကြီးလက်က
ခပ်သေးသေးလက်လေးကို ဆုပ်ကိုင်လိုက်သောအခါ လက်ဖဝါးက ခြစ်ခံထိသွားသည်။သူက လက်ဖဝါးကိုဖွင့်ကာ
သူမ၏လက်ချောင်းများကို ဖြန့်လိုက်၏။တွေ့ပါပြီ လက်သည်းတစ်ချောင်းက ကျိုးနေပြီး အညီအညာ
ညှပ်ထားတဲ့ပုံမပေါ်ဘဲ ဘေးကိုကွဲထွက်နေသည်။
"မင်းရဲ့လက်သည်းတွေ ကျိုးသွားပြန်ပြီလား။"
ရှဲ့ကျင်က မျက်မှောင်ကြုတ်ကာ မပျော်မရွှင် ကြည့်လိုက်ရင်း သူ့လေသံကနိမ့်နေပေမယ့် နူးညံ့လို့နေ၏။"နာနေလား"
"မနာပါဘူး" စူးထောင် တိုးထွက်လာပြီး သူမခေါင်းလေးပေါ်လာသည်နှင့်
တပြိုင်နက် သူ့လက်ကိုဆန့်ကာ ခေါင်းလေးကိုပြန်ဖိချလိုက်သည်။
"မနာရင်လည်း ဆက်လှဲနေ "
"ကျွန်မ ရေချိုးချင်တယ်" စူးထောင်က နောက်တစ်ကြိမ်
ပြန်တိုးထွက်လာပြီး သူ့လက်ထဲမှ လှစ်ကနဲလျောထွက်သွားပြီး ရေချိုးခန်းထဲသို့ အမြန်ပြေးသွားလိုက်၏။
ရေချိုးသည်ကို
အခွင့်ကောင်းယူပြီးနောက် ရေချိုးခန်းတံခါးကို တိတ်တဆိတ်ဖွင့်လိုက်ကာ အိပ်ခန်းထဲသို့
စိုက်ကြည့်ရင်း ယခုအချိန်လောက်ဆို ရှဲ့ကျင်းအိပ်ပျော်သွားလောက်မည်ဟု ခန့်မှန်းပြီး
ဆိုဖာဘက်သို့ ခိုးဝင်လာသည်။
သို့သော်လည်း ဆိုဖာပေါ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီး
သူမကိုစိုက်ကြည့်နေသော ရှဲ့ကျင်ကြောင့် သူမ လန့်သွားရ၏။
"ရှင်မအိပ်ရသေးဘူးလား"စူးထောင်က အနည်းငယ်ရှက်သွားပုံရသည်။
"မင်းမှအိပ်သေးတာ ကိုယ်ဘယ်လိုလုပ် အိပ်လို့ရမှာလဲ။"
စူးထောင်မှာ ဆိုဖာပေါ်ထိုင်နေသည့် ရှဲ့ကျင်၏ မင်းသမီးလေးလို
ပွေ့ချီတာကို ခံလိုက်ရသည်။ ကုတင်ပေါ်၌ နောက်ထပ်တဖန် ချီတင်လိုက်ပြီး သူမလက်နဲ့ခြေတို့ကို
ခပ်တင်းတင်း ချုပ်နှောင်လိုက်ရင်း သက်ပြင်းခပ်တိုးတိုးချကာ အသံခပ်အက်အက်လေးဖြင့်
" အသက်ကြီးလာလေ စကားနားမထောင်တော့လေပဲ။"
ထိုသို့ရေရွတ်ပြီးနောက် ငြိမ်သက်စွာ မျက်လုံးမှိတ်ပြီး
နှစ်စက္ကန့်အတွင်း အိပ်ပျော်သွားတော့သည်။
အခန်းသည်
လုံးဝတိတ်ဆိတ်နေပြီး စူးထောင်ခေါင်းလှည့်ကြည့်လိုက်တော့ ချက်ခြင်းအိပ်ပျော်သွားတဲ့
ရှဲ့ကျင်ကို တွေ့လိုက်ရ၏။ ဒီနှစ်ရက်အတွင်းမှာ သူတော်တော်လေး ပင်ပန်းပြီး နည်းနည်း အေးစက်စက်ဖြစ်နေတာကို
သူမခံစားလို့ပင်ရနိုင်သည်။
သူမက
တိတ်တဆိတ်သူ့ကိုကြည့်လိုက်ပြီး အတိတ်မှသူတို့၏ အမှတ်တရများက သူမအတွေးထဲတွင် အနှေးပြကွက်ရှိုးတစ်ခုပမာ
တဝဲလည်လည်ဖြစ်နေ၏။ သူမတို့၏အချစ်၊ ဆုံးစည်းမှုတွေက ဘယ်အချိန်မှာနိုးသွားမလဲဆိုတာ မသိရတဲ့အိမ်မက်တစ်ခုလိုပင်။
'သူမက
ရှဲ့ကျင်ကိုချစ်တဲ့အတွက် အိပ်မက်ကအဆုံးသတ်သွားပြီး အချစ်တွေပျောက်ကွယ်သွားရင်တောင်
အချင်းချင်း မထိခိုက်စေဘဲနဲ့ ဒီတိုင်းပုံမှန်လေး လမ်းခွဲလိုက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။'
---
ရှဲ့ကျင်သည်
ဒီရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ကောင်းကောင်း အိပ်ပျော်သွားပြီး ၇နာရီမထိုးခင်အထိ
အိပ်ပျော်နေ၏။
'တကယ်လို့
ကျင်းချွေ့ဝမ်သာ မိတ်ကပ်ပြင်တဲ့သူတွေနဲ့ တံခါးလာမခေါက်ခဲ့ရင် ရှဲ့ကျင်တစ်ယောက် ဆက်အိပ်နေဦးမှာ။
ကြည့်ရတာ သူက အိပ်ရေးဝဝအိပ်ချင်နေတဲ့ပုံပဲ။'
သူမျက်လုံးဖွင့်ကြည့်လိုက်သောအခါ
သူ့လက်ထဲတွင်ဗလာဖြစ်နေပြီး လွတ်နေတဲ့အခန်းကို ဝေ့ကြည့်နေရင်း ရုတ်တရက် ဒေါသတွေထွက်လာသည်။
သူ၏ဒေါသများက စားပွဲ ပေါ်တွင်တင်ထားသော ဆေးဘူးနှစ်ဘူးကြောင့် လျော့ကျသွား၏။
တစ်ခုက
အအေးမိပျောက်ဆေးဖြစ်ပြီး နောက်တစ်ခုက ချောင်းဆိုးပျောက်ဆေး ဖြစ်သည်။
ထိုဆေးနှစ်ဘူးကြားထဲတွင်
စာတိုလေးတစ်စောင်က ရှိနေ၏။
'မနက်စာ
စားပြီးတာနဲ့ဆေးသောက်လိုက်ပါ။ တစ်နေ့ကို၃ကြိမ်သောက်ရမှာ။ ရေလည်း များများသောက်ပေးဦး။
ကျွန်မ ခန်းမကိုသွားတော့မယ်။'
ဒါက
သူ့အိမ်က ရှောင်ထောင်လေးရဲ့လက်ရေးပဲ။
သူ့၏ခက်ထန်နေသော
မျက်နှာပေါ်တွင် နွေးထွေးမှု အရိပ်အယောင်များ ပေါ်လာကာ အနက်ရောင်မျက်လုံးများကနူးညံ့နေပြီး
အဆက်မပြတ် ခေါက်နေသော တံခါးကို သွားဖွင့်လိုက်၏။
ကျင်းချွေ့ဝမ်သည်
သူ့သူဌေးကိုမြင်လိုက်ရသောအခါ ၃စက္ကန့်လောက် မင်သက်သွားပြီး နောက်ဆုံးတွင် နွေးထွေးနူးညံ့နေသည့်လူက
သူ၏ကြောက်စရာကောင်းသော သူဌေးဖြစ်နေမှန်း သတိရသွားတော့သည်။
ရှဲ့ကျင်၏ မျက်နှာသည် မိတ်ကပ်များများပြင်စရာမလိုဘဲ
အဝတ်အစားနှင့် ဆံပင်ကိုပြင်ဆင်လိုက်ရုံဖြင့် ချောမောခန့်ညားမှုအပြည့်နှင့် ထွက်လာနိုင်၏။
ထိုအခမ်းပွဲကို
နှစ်လယ်ပိုင်းတွေ့ဆုံဆွေးနွေးမှုဖြင့် စတင်ခဲ့ပြီး ရှဲ့ကျင်သည် ၉နာရီတွင် အခမ်းအနားပွဲစင်မြင့်ထက်သို့တက်ကာ
မိနစ်၄၀ကြာ မိန့်ခွန်းပြောခဲ့ပြီး သတင်းထောက်များ၏ အမေးအဖြေအတွက် မိနစ်၂၀စာအချိန်ပေးခဲ့၏။
နှစ်လယ်အစည်းအဝေးကြီးနောက်တွင်
Brand ပရိုမိုးရှင်း ရှိုးပွဲလာမည်ဖြစ်ပြီး နာမည်ကြီး မင်းသမီး ကျန်းဝမ်အား အသစ်ထွက်ရှိထားသည့် video portal website ကိုကြော်ငြာပေးရန် ရှိုးပွဲသို့ ဖိတ်ကြားထားသည်။
စူးထောင်၏
စီစဉ်ညွှန်ကြားမှုအောက်တွင် လူတိုင်းက မိမိတို့၏အလုပ်ကို အဆင့်ဆင့်လုပ်ဆောင်နေကြ၏။
ဆွေးနွေးပွဲကလည်း
တော်တော်လေးကို ချောချောမွေ့မွေ့ပြီးသွားသည်။ စင်ပေါ်တွင် ရှဲ့ကျင်က တည်တည်ငြိမ်ငြိမ်နှင့်
အကျဉ်းချုပ်လိုက်ကာ အလားအလာရှိသောအမြင်ကိုပေးလိုက်၏။ ကင်မရာမီးရောင်များအောက်တွင် သူသည်
ထူးခြားသောစရိုက်နှင့် သန်မာသော စိတ်ဓာတ်အပြည့်ဖြင့် မွေးဖွားလာသောဘုရင်တစ်ပါးပမာ။
သူ၏တည်ငြိမ်ပြတ်သားသော အကြည့်အောက်တွင် မီဒီယာများက
မေးခွန်းခက်ခက်များကို မမေးဝံ့ဘဲ အများစုမှာ PRဌာနမှ ကြိုတင်အတည်ပြုပေးထားသော မေးခွန်းများအတိုင်းသာ
စနစ်တကျ မေးကြသည်။
နှစ်လယ်အစည်းအဝေးပွဲကြီး
ပြီးသွားပြီးနောက် Brand ကြော်ငြာရေး အလှည့်ရောက်လာပြီပင်။
brand
ambassador က စင်နောက်ကိုရောက်သွားပြီဖြစ်၏။ စူးထောင်ကရှဲ့ကျင့်ကိုအဖော်ပြုပြီး နားနေခန်း၌ခေတ္တအနားယူနေကာ
ခဏစောင့်နေကြသော ကြေညာရေးအဖွဲ့အနေနှင့် မျက်နှာပြပြီးတာနဲ့ ပြီးဆုံးမည်ဖြစ်သည်။
စင်အနောက်ဘက်ရှိ
လမ်းကျဉ်းလေးကို ဖြတ်လျောက်လာသောအခါ ခေါင်းချင်းဆိုင်ဆွေးနွေးနေသံများက ပျံ့လွင့်လာသည်။
စူးထောင်က
ဟိုဟိုဒီဒီတစ်ချက်ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းထောင့်နေရာတွင် မရင်းနှီးသောလုပ်ဖော်ကိုင်ဖက်
အနည်းငယ်က အတူတကွစုရုံးနေကြကာ စိတ်လှုပ်ရှားစွာ အတင်းပြောနေကြ၏။ သူတို့ကိုကူညီပေးဖို့
တခြားဌာနကသူတွေကို ခဏတာ အကူအညီတောင်းထားတာ ဖြစ်ပုံရသည်။
"ဟုတ်လို့လားဟယ်
အဲဒီလောက် ပြောင်ပြောင်တင်းတင်းကြီး တစ်ကားထဲကနေထွက်လာတာလား။"
"ဟဲ့
ငါ့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာနော်။ ကားပါကင်မှာ စူးထောင်က ဥက္ကဌရဲ့ကားကိုမောင်းလာပြီး
ဥက္ကဌက သူ့ဘေးကထိုင်ခုံနေရာကနေ ထွက်လာတာဟေ။"
"အဲဒီက
ဘာတွေထူးဆန်းနေလို့လဲ၊ အတွင်းရေးမှူးချင်လည်း ကားမောင်းသူ ဘေးကထိုင်ခုံနေရာ ထိုင်ဖူးတာပဲကို။"
"
အေးလေ!!! အတွင်းရေးမှူးချင်က ဥက္ကဌရဲ့ အချစ်ဦးဖြစ်ပြီးတော့ စူးထောင်က ဒီတိုင်းအစားထိုးခံသက်သက်ပဲ။
အခုတော့ စူးထောင်က တာဝန်ယူထားတာလေ။"
"သေချာပေါက်
စူးထောင်က ပိုပြီးလုပ်ကိုင်နိုင်စွမ်းရှိတယ်။ သူက ကုန်ကျစရိတ် ထုတ်ပေးရမယ့် ဝင်ငွေထွက်ငွေစာရင်းကိုတောင်
အတည်ပြုပေးရတာလေ။ဘယ်လောက်တောင် အစွမ်းအစရှိလိုက်သလဲ!!။"
"နာခံမှုရှိတာလွဲလို့
တခြားဘာတွေများ သူလုပ်တတ်လို့လဲ။ သူ့မှာ အဲဒီလောက်တောင် အစွမ်းအစရှိနေလို့လား။ ပြောစကား
နာထောင်တာလောက်တော့ ငါလည်းလုပ်တတ်တာပေါ့။ ဒီလိုဆို ငါလည်းအစွမ်းအစရှိသွားမှာလား။"
"စကားနားထောင်နေရုံနဲ့မရဘူး
ချင်ရွယ်ရှီးနဲ့လည်း တူနေရမယ်။"
"မနေ့က
အဆိုပြုချက်ကို သူမကိုယ်တိုင် လုပ်ထားတာ မဟုတ်ဘူးလို့တောင် ငါသံသယဖြစ်နေပြီ။ ဥက္ကဌက
သူ့အတွက် အကုန်လုပ်ပေးထားတာ ဖြစ်နိုင်တယ်။ အကုန်လုံးကို သူ့ဘာသာသူဆို ဘာမှမလုပ်တတ်လောက်ဘူး။"
......
စူးထောင်က
အဝတ်လဲခန်းထဲသို့ ရှဲ့ကျင်နောက်လိုက်သွားကာ တံခါးကိုပိတ်လိုက်ပြီး အတင်းတုပ်သံကို ဟန့်တားလိုက်၏။
'သူမက
ဒီလိုအတင်းအဖျင်းစကားတွေကို နှစ်ဝက်လောက် နားထောင်လာရတော့ လုံး၀ကိုခံနိုင်ရည်ရှိနေပြီ။
ပထမဆုံးအကြိမ်တုန်းလို တုံးတုံးအအနဲ့ ဘာတွေဖြစ်နေတာလဲလို့ မေးမှာမဟုတ်သလို ရှဲ့ကျင်
ရှင်းပြမလား၊ မရှင်းပြဘူးလားဆိုတာကိုလည်း သူမ ဂရုမစိုက်တော့ပါဘူး။'
'
ဘာပဲဖြစ်ဖြစ် သူကစိတ်ဆိုးသွားသလိုမျိုးတုန့်ပြန်ပြီး တခြားသူပြောတာတွေကို နားမယောင်ဖို့နဲ့
သူပြောတာကိုပဲနားထောင်ဆိုပြီး ပြောလာမှာလေ။'
သူမက
ဆိုဖာပေါ်တွင်ထိုင်နေပြီး အမူအရာမဲ့စွာဖြင့် ဖုန်းပွတ်နေသော ရှဲ့ကျင်ကို တစ်ချက်ကြည့်လိုက်သည်။အတင်းတုပ်သံတွေကို
မကြားလိုက်ရတဲ့ပုံပဲ။
ထို့ကြောင့်
စူးထောင်က သူ့ကိုမနှောင့်ယှက်တော့ဘဲ ဘေးနားတွင်ထိုင်ချကာ ၁၀မိနစ်အတွင်း ပရိုမိုးရှင်းပွဲကြီး
စတင်မည့်အချိန်ကို စောင့်နေသည်။
ရှဲ့ကျင်ရဲ့ဖုန်းက
WeChatမှ စာတိုများအဆက်မပြတ်ဝင်လာနေပြီး သူက တိုတိုတုတ်တုတ် ပြန်ဖြေပေးပြီးနောက် ဖုန်းကိုချထားလိုက်တော့သည်။
၁၀ မိနစ်ဆိုသည့်အချိန်က မြန်မြန်ကုန်သွားပြီး အပြင်ဘက်တွင်
တီးလုံးသံများထွက်လာသည်ကို ကြားလိုက်ရ၏။ ပွဲတာဝန်ခံအနေနှင့် စူးထောင်က ပွဲစဉ်တစ်ခုလုံးကို
စောင့်ကြည့်ရန် အပြင်ထွက်ရမည်ဖြစ်ပြီး ဥက္ကဌဖြစ်သူ ရှဲ့ကျင်မှာမူ နောက်တစ်ခါ လူလုံးပြရန်မလိုအပ်တော့ပေ။
မထင်မှတ်ထားစွာပင်
စူးထောင်လှမ်းထွက်သွားသည်နှင့်တပြိုင်နက် ရှဲ့ကျင်ကလည်း သူမနောက်သို့လိုက်လာခဲ့၏။ သူဘယ်သွားမလဲဆိုတာကို
သူမလည်းဂရုမစိုက်ပေ။ စပ်စုချင်စိတ်ဖြင့် ခဏတုန်းကထောင့်နေရာကို သူမတစ်ချက်ကြည့်လိုက်သော်လည်း
လူတစ်ဦးတစ်ယောက်မျှမရှိတော့ချေ။
------
ကျန်းဝမ်သည်
လက်ရှိတွင် ရေပန်းအစားဆုံးကြယ်ပွင့်တစ်ဦးဖြစ်ပြီး ကြော်ငြာရိုက်ခြင်းတွင်စိတ်နှစ်ထားကာ
တခြားသောနာမည်ကြီး show ပွဲများစွာအလုပ်လက်ခံပြီး ကြော်ငြာတန်ဖိုးအမြင့်ဆုံးမင်းသမီးအဖြစ်
သတ်မှတ်ခံထားရ၏။
သူမက
နူးညံ့သော်လည်း နှိမ့်ချတတ်သူမဟုတ်ချေ။သူမသည် အမျိုးမျိုးသောရှိုးများစွာတွင်ဧည်သည်အနေဖြင့်ပါဝင်ပြီး
စကားကိုလည်းအလွန်ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သည်။ လုပ်ငန်းခွင်ထဲမှလူတချို့ကို အပြစ်ပြုမိပြီးနောက်
မျက်နှာသာတချို့ဆုံးရှုံးသွား၏။
သူမရဲ့အေဂျင်စီကသာ
ကြုံရာကျပန်းရှိုးများကို မပို့ဘဲ သင့်လျော်သော
ထိတွေ့မှုအဆင့်ကိုသာ ထိန်းထားနိုင်လျှင် သူမရဲ့ fanbase က ပိုကြီးလာနိုင်သည်။
ခဏအကြာတွင် ခန်းမသည် တိတ်ဆိတ်သွားပြီး ပွဲရုံမှ ထွက်ခွာပြီး
ကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက်များ နှင့် ပစ္စည်းများနှင့် ကိရိယာများ ထုပ်ပိုးထားသော
လုပ်ဖော်ကိုင်ဖက်များသာ ကျန်ရစ်ခဲ့သည်။ အနည်းငယ်ညံနေပုံရသည်။
စင်မြင့်ထက်ရှိ တောက်ပနေသော ကျန်းဝမ်ကို ကြည့်နေရင်း
အတွေးနွံထဲနစ်နေကာ ရှဲ့ကျင်ခေါ်နေသည်ကိုပင် မကြားလိုက်ရချေ။
သန်မာသည့်လက်တစ်စုံက
သူမမျက်လုံးတွေကို ဖုန်းအုပ်ထားပြီး သူမ၏နားကိုထိနေသော နွေးထွေးသောလေကြောင့် ကြက်သီးထသွားကာ
သူ့၏ဆွဲဆောင်မှုရှိသော အသံခပ်အက်အက်က သူမရဲ့နားထဲတွင်တိုက်ရိုက်ဝင်ရောက်လာသည်။"ကြည့်လို့ကောင်းလား
ရှောင်ထောင်လေး။"
စူးထောင်
ဘေးကိုလှမ်းကြည့်လိုက်သောအခါ သူ၏နက်နဲပြီး ဗိုလ်ကျလွန်းသည့် အကြည့်နဲ့ဆုံသွား၏။ သူမ၏
အမူအရာက တစ်စက္ကန့်လောက် အေးခဲသွားပြီးနောက် သဘောတူသည့်ပုံစံဖြင့် ခေါင်းညိတ်ပြလိုက်ကာ
ပွဲစင်မြင့်ထက်သို့ အာရုံပြန်စိုက်လိုက်သည်။
စင်မြင့်အောက်ရှိ
မှိန်ပျပျအလင်းရောင်ကို အသုံးချပြီး ရှဲ့ကျင်သည် သူမလက်ကို လှမ်းဆွဲလိုက်၏။ စူးထောင်က
သူ့ကို တချက်စိုက်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရာ မှောင်မဲနေသော ပရိသတ်နေရာကို
မည်သူမျှအာရုံမစိုက်ဘဲ ရှိနေသောကြောင့် အတင်းအကြပ် မရုန်းလိုက်တော့ချေ။
ဒီလိုအရေးကြီးတဲ့ အခါမျိုးမှာ ဘာမတော်တဆမှုမှ မဖြစ်စေချင်ပေ။
သူမလက်ကိုဆုပ်ကိုင်ထားပြီးနောက်
ရှဲ့ကျင်က ပိုနာခံလာကာ သူမအား ကျန်းဝမ်ကို ဆက်ကြည့်ခွင့်ပြုလိုက်တော့သည်။
စူးထောင်သည်
စင်မြင့်ပေါ်ရှိ မီးမောင်းတစ်ခု စောင်းနေသည်ကို သတိပြုမိသွား၏။
ကျန်းဝမ်သည်
ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး သူမ စင်မြင့်အနီးသို့ လျှောက်လာသောအခါ ဂါဝန်စက အလင်းရောင်နှင့်
ဆန့်ကျင်ပြီး တခြားဘက်သို့ လွင့်နေသည်။
စူးထောင်ဟာ
သူမရဲ့ထောင့်မှ ကျန်းဝမ်ဂါဝန်စက မီးမောင်းနဲ့ညိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
နောက်ပြီး ကျန်းဝမ် ဝတ်ဆင်ထားသည်ကလည်း ပုခုံးကြိုးပျောက်ဂါဝန်ဖြစ်နေသည်။
'သူမ
ပေါ်တော့မှာပဲ။'
စူးထောင်သည်
ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး ရှဲ့ကျင်၏ လက်ကို ခါချလိုက်ကာ သူမ၏ကုတ်အင်္ကျီကိုချွတ်လိုက်ရင်း
စင်မြင့်ပေါ်သို့ ပြေးတက်သွားတော့သည်။ ကျန်းဝမ်ရဲ့ ဂါဝန်မကျွတ်ကျမီ သူမရောက်သွားပြီး
ကျန်းဝမ်ခန္ဓာကိုယ်ကို သူမရဲ့အင်္ကျီဖြင့် ပတ်ပေးလိုက်၏။
မတော်တဆမှုကို
သတင်းထောက်တွေ မတုံ့ပြန်ခင်မှာ စူးထောင်က ကျန်းဝမ်ရဲ့ဂါဝန်စကို ပြန်ဆွဲထုတ်လိုက်ပြီး
သူမရဲ့ရင်ဘတ်ကိုဖုံးပေးရင်းနှင့် စင်မြင့်အောက်ရောက်သည်အထိ ကွယ်ပေးထားသည်။
ကျန်းဝမ်သည်
အဝတ်လဲခန်းသို့ ပြန်သွားပြီး အဝတ်အစားပြန်လဲလိုက်၏။
နောက်ဆုံးပွဲစဉ်တွင်
မတော်တဆမှုမျိုးဖြစ်သွားသောကြောင့် အစီအစဉ်ကို ပြန်လည်နေရာချတော့သည်။ အေးဂျင့်က ထျန်းကျင်
group ရဲ့ PRဌာနက လုပ်ဖော်ကိုင်ဖက်နှင့် ဆွေးနွေးပြီးနောက် ကျန်းဝမ်အား အဝတ်အစားလဲပြီးနောက်
သူမကို စင်ပေါ်မတက်ခိုင်းတော့ပေ။
PR
ဌာနဝန်ထမ်းများက မီဒီယာများအား နေ့လည်စာထွက်စားရန် စီစဉ်ပေးလိုက်တော့သည်။
ခဏအကြာတွင်
ခန်းမက တိတ်ဆိတ်သွားကာ
လုပ်ဖော်ကိုင်ဖက်များက
ထွက်သွားကြပြီးနောက် ရှုပ်ပွကျန်နေသောပစ္စည်းများကို သန့်ရှင်းရေးလုပ်ကာ နေရာပြန်ချနေကြတယ်။
ကြည့်ရကာ အနည်းငယ်ဆူညံနေပုံပင်။
"ရှောင်ထောင်လေး
ခဏတုန်းက စင်ပေါ်ပြေးတက်သွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စူပါမန်းလို့ထင်နေတာလား။"ရှဲ့ကျင်သည်
မျက်လုံးမှေးစင်းလိုက်ပြီး သန်မာသောလက်ချောင်းများက သူမလည်ပင်နောက်ကိုဆွဲကိုင်ကာ သူနှင့်နီးကပ်စေလိုက်သည်။
သူ့လေသံကမကျယ်ပေမယ့် အန္တာရယ်အငွေ့အသက်နှင့် ပြည့်နေ၏။"စောနတုန်းက ဘယ်လက်နဲ့ကိုယ့်ကို
တွန်းထုတ်လိုက်တာလဲ။"
"လွတ်ပါ"
စူးထောင်က အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။
ဝန်ထမ်းတချို့က
ဟိုသွားဒီသွားနေတုန်းပဲ။ သူက ဂရုမစိုက်ဘူးဆိုပေမယ့် သူမကတော့ အမြဲတမ်း ရုံးရဲ့အတင်းအဖျင်း
မဖြစ်ချင်ဘူး။"
ရှဲ့ကျင်
တစ်ခုခုမပြောနိုင်ခင်မှာပဲ ဂျင်းဘောင်းဘီနှင့် လိမ္မော်ရောင်ဦးထုပ်ကို ၀တ်ဆင်ထားသည့်
အသက်၃၀အရွယ် ခပ်ထွားထွား အမျိုးသားတစ်ဦး ပေါ်လာကာ သူတို့ကြားက အခြေအနေကို ဖြတ်တောက်လိုက်၏။
သူ့လက်ထဲတွင်
ကျန်းဝမ်ကိုဖုံးဖို့ပေးထားတဲ့ ကုတ်အင်္ကျီကို ကိုင်ထားတုန်းပင်။
"ဟယ်လို
ကျွန်တော်က ကျန်းဝမ်ရဲ့ မန်နေဂျာပါ။ ခဏတုန်းကအတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာ ကျွန်တော့ရဲ့ကတ်ပါ။"
ရှဲ့ကျင်က
ကတ်ကိုယူလိုက်ပြီး ထိုခပ်ထွားထွားမန်နေဂျာကို မဖော်ရွေစွာနှင့်ကြည့်ကာ အေးစက်စက်လေသံဖြင့်
" ကုတ်အင်္ကျီပြန်ပေး။"
ရှဲ့ကျင်၏
ကြောက်မက်ဖွယ်ကောင်းသည့်အော်ရာကြောင့် မန်နေဂျာက ထိတ်လန့်သွားသည်။ သူ့လက်မောင်းတွင်
ချိတ်ထားသော ကုတ်အင်္ကျီကို အမြန်ပြန်ပေးလိုက်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြောလာ၏။
"ဝမ်ဝမ်က ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းစားဖိတ်ချင်ပါတယ်တဲ့။"
"မလိုဘူး။"
ရှဲ့ကျင်က အေးစက်စွာ ငြင်းဆိုလိုက်ပြီး စူးထောင်၏ ကုတ်အင်္ကျီကို အနီးနားရှိ အမှိုက်ပုံးထဲတွင်
ပြီးစလွယ် ပစ်ထည့်လိုက်၏။ တခြားယောက်ျားတွေ ထိထားပြီးသာအရာမှန်သမျှကို သူမအားဝတ်ခွင့်ပြုမည်မဟုတ်ချေ။
"ကျေးဇူးပြုပြီး
ကျန်းဝမ်ကို ပြန်ပြောပေးပါဦး။ ဒါကအသေးအဖွဲကိစ္စပဲမို့ စိတ်မပူပါနဲ့လို့" စူးထောင်က
သူ့အတွက် အဆင်ပြေသွားစေရန် မန်နေဂျာကို နူးနူးညံ့ညံ့ပြုံးပြလိုက်သည်။
'မန်နေဂျာက
ရှဲ့ကျင်ရဲ့ အန္တရာယ်ရှိတဲ့အငွေ့အသက်ကြောင့် ထိတ်လန့်သွားပြီး သူ့ရဲ့စူးရှပြီး ရန်လိုတဲ့
မျက်လုံးတွေကိုကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲမျိုချရင်း 'သည်လူက ရူးနေတာပဲ' ဟု တိတ်တဆိတ်
ကျိန်ဆဲပြီး အမြန်ထွက်ပြေးသွား၏။'
အေးဂျင့်ထွက်သွားပြီးမှသာ
ရှဲ့ကျင်၏ အေးစက်စက်အမူအရာ ပျောက်ကွယ်သွားတော့သည်။ စူးထောင်အမှိုက်ပုံးအား ငေးကြည့်နေတာကို
မြင်လိုက်ရပြီး သူ့လက်နှစ်ဖက်ဖြင့် သူမကိုပွေ့ဖက်လိုက်၏။
သူမ၏လည်ပင်းတွင်
ခေါင်းမြုပ်ထားပြီး ကိုယ်အငွေ့အသက်ကို နမ်းရှိုက်လိုက်ပြီးမှသာ သူတည်ငြိမ်သွားတော့သည်။
"ရှောင်ထောင်လေး
မင်းကိုယ့်ကို မကြောက်ဘူးလား။"
စူးထောင်ဟာ
ရှဲ့ကျင်ရဲ့ပိုင်ဆိုင်လိုစိတ်အပေါ် မကြောက်သည့်အပြင် သူ့ရဲ့ပြင်းထန်တဲ့ ပိုင်ဆိုင်လိုစိတ်ကြောင့်
ပိုပြီးလုံခြံသွားသလိုခံစားနေရ၏။
သူမကို
ကြောက်လန့်စေတဲ့အရာက သူ့ရဲ့ခံစားချက်တွေနဲ့ ပိုင်ဆိုင်လိုစိတ်တွေဟာ သူမအတွက်ချည်းပဲ
မဟုတ်တော့မှာကိုပင်။
အခုတော့
သူမအား ထိုလုံခြုံစိတ်ချရတယ်ဆိုတဲ့ခံစားချက်မျိုးကို သူမပေးနိုင်တော့ချေ။
'အဲဒီကုတ်အင်္ကျီလိုပဲ။
သူ မလွှင့်ပစ်ရင်တောင် သူမက လွှင့်ပစ်လိုက်မှာပင်။'