အပိုင်း ၁၀
Viewers 9k

Chapter 10

မနက်ခင်းလေပြည်လေညင်းများက သန့်ရှင်းလတ်ဆတ်ကာ စိတ်ကြည်နူးဖွယ်ကောင်းလှသည်။ စိမ်းလန်းစိုပြည်သော ပြင်သစ်ပလိန်းပင်များက တရှပ်ရှပ်အသံများမြည်နေသည်။ မနက်မိုးသောက်ချိန်တွင် အက်စ်မြို့တွင် မိုးအနည်းငယ်ရွာသွန်းခဲ့၍ အရွက်များပေါ်တွင် ရေစက်လေးများ တွဲလွဲခိုနေသည်။ လေတိုက်၍ အရွက်များ လှုပ်ရှားသွားချိန်တိုင်းတွင် ရေစက်လေးများက သူတို့နှစ်ယောက်၏ အဝတ်များအပေါ် ပက်ဖြန်းလိုက်လေသည်။

မြို့က ယခုအချိန်တွင် သက်ဝင်လှုပ်ရှားခြင်းမရှိသေး၍ လမ်းသွားလမ်းလာ အနည်းငယ်သာရှိသည်။  

လမ်းဘေးရှိ အိမ်ဟောင်း၏ အကာနံရံတွင် လေလွကင့်ကြောင်လေးတစ်ကောင်က ဝပ်နေချိန်တွင် အပြာရောင်ယူနီဖောင်းဝတ်ထားသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက လက်တွန်းလှည်းတစ်စီးကို တွန်းနေသည်။

" ဦးဦးရေ မင်္ဂလာပါ..."

ပုပုက သူ့ကို ပျော်ရွှင်စွာဖြင့် လက်ပြလိုက်သည်။

လူသံများကြား၍ လေလွင့်ကြောင်လေးက နံရံပေါ်ခုန်တက်ရန် ပြင်နေစဉ်တွင် တံမြတ်စည်းကိုင်ထားသော သန့်ရှင်းရေးဝန်ထမ်းက တစ်ဖက်သို့လှည့်လာပြီး ပုပုကိုပြုံးပြကာ လက်ဝှေ့ယမ်းပြနေသည်။ 

စက်ဘီးငယ်လေးက ဂျီဩမေတြီပုံများ၊ အင်္ဂလိပ်စာလုံးများနှင့် အာရေဗျဂဏန်းပုံစံများကို နံရံတွင် ဆေးမှုတ်ထားသည့်လမ်းကို ဖြတ်သွားသည်။ ယခင်ကဆိုလျှင် ပုပုက သူ့အဖေ၏ကားနှင့်သာ ကျောင်းသွားရ၍ ဤနေရာကို မျက်စိတစ်မှိတ်အတွင်းဖြတ်သွားရသော်လည်း ယနေ့တွင်မူ စက်ဘီးနောက်တွင် ထိုင်နေခြင်းဖြစ်၍ ဂရပ်ဖတီများကို ပထမဆုံးအကြိမ် အသေးစိတ်ကျကျ မြင်ဖူးခဲ့သည်။

သူ နံရံကို လက်ညှိုးထိုးပြပြီး တအံ့တဩဖြင့်ပြောလိုက်သည်။

" ကိုကြီး ဟိုကိုကြည့်လိုက်ဦး... နံရံပေါ်မှာ ပုံတွေအများကြီးဆွဲထားတယ်..."

ရှေ့တွင် လမ်းကွေးတစ်ခုရှိ၍ စုန့်ရန်က စက်ဘီးကို အရှိန်လျှော့ပြီး သူ့ကိုပြောလိုက်သည်။

" သေချာကိုင်ထားဦးနော် လက်မလွှတ်လိုက်နဲ့..."

စက်ဘီးက ဆတ်ခနဲဖြစ်သွား၍ ပုပု အလန့်တကြားထအော်လိုက်ပြီး လက်ပိစိလေးများဖြင့် စုန့်ရန်၏ တီရှပ်အင်္ကျီကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်။ 

ပုပုတက်ရောက်နေသည့် ကျောင်းက စစ်နန်လမ်းမပေါ်တွင် တည်ရှိခြင်းဖြစ်ပြီး လက်ရာမြောက်သည့် ဗီလာခြံဝင်းများစွာလည်းရှိပေသည်။ ထိုနေရာကို ကျောက်စိမ်းပင်လယ်အော်အိမ်ရာမှဆိုလျှင် စက်ဘီးဖြင့် ၁၅မိနစ်ခန့် သွားရပေသည်။ သူတို့ရောက်လာချိန်တွင် မျက်နှာချိုချိုဖြင့် ဒါရိုက်တာဖြစ်ဟန်ရသော အမျိုးသမီးကြီးတစ်ဦးက ကျောင်းသို့ရောက်လာသော ကလေး‌ငယ်လေးများကို အပေါက်ဝတွင် ကြိုနေသည်။

စုန့်ရန်က စက်ဘီးကိုရပ်ထားလိုက်ပြီး ပုပုအောက်ဆင်းသည်ကို ကူညီပေးလိုက်သည်။ သူတို့နှစ်ယောက် လက်ချင်းတွဲထားပြီး ဒါရိုက်တာဆီသို့ လျှောက်သွားလိုက်သည်။ 

ဒါရိုက်တာက ခါးကိုင်း၍ ပုပုကို ‌ကြင်နာစွာကြည့်ပြီး မေးလိုက်သည်။

" ဟယ်ယွဲ့ယန်... ဒီနေ့ သားကို ဘယ်သူလိုက်ပို့တာလဲ..."

" ဒါ ကိုကြီးလေ...ပါပါးက အိမ်မှာမရှိဘူး အဲဒါကြောင့်မို့ ကိုကြီးက သားကိုလိုက်ပို့ပေးတာ..."

စုန့်ရန်က ရှင်းပြသည်။

" ကျွန်တော်က ဟယ်ယွဲ့ယန်တို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာနေတာပါ... ကျွန်တော်‌တို့က ... အမ်... တော်တော်လေး ရင်းနှီးကြပါတယ်... လူကြီးမင်းဟယ်က ဒီရက်ပိုင်း အလုပ်ကိစ္စခရီးသွားစရာရှိလို့ လဝက်လောက်အထိ ပြန်လာဦးမှာမဟုတ်ပါဘူး... အဲဒါကြောင့် သူက ပုပုကို ကျောင်းအကြိုအပို့လုပ်ပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းထားလို့ပါ..."

" အဲ့လိုကိုး... ဒါဆိုရင် ကလေးလေးက အရင်ဝင်သွားလိုက်နော်... ကိုကြီးကိုတော့ ခဏနေခဲ့ခိုင်းလိုက်းမယ်..."

ဒါရိုက်တာက ပြုံးနေဆဲဖြစ်သည်။

" မင်းရဲ့အချိန်တွေကို နည်းနည်းတော့ ယူရဦးမယ်... ကျေးဇူးပြုပြီး ကိုယ်ရေးအချက်အလက်‌လေးတွေ ရေးပေးလို့ရမလား..."

" ရပါတယ် ရပါတယ်..."

ပုပုက သူ့ကိုနှုတ်ဆက်ပြီးနောက် စာသင်ခန်းထဲဝင်သွားကာ ကလေးမလေးများအကြားရောက်သွားပြီး သူတို့နှင့် စကားစမြည်ပြောနေသည်။ 

ငယ်ငယ်ရွယ်ရွယ်လေးတည်းက မိန်းကလေးငယ်လေးတွေကို ဆွဲဆောင်နိုင်တဲ့ မွေးရာပါစွမ်းရည်ရှိနေတာ ရှင်း‌နေတာပဲ...

ဒီလိုကိစ္စမျိုးမှာ အဖေဖြစ်သူရဲ့ခြေရာကိုနင်းနေတာတော့ ကံဆိုးတာပဲ...

စုန့်ရန်က သူ့စိတ်ထဲတွင် ခိုးကြောင်ခိုးဝှက် အကဲဖြတ်နေသည်။

မှတ်ပုံတင်ထုတ်လိုက်ပြီးနောက် ဖုန်းနံပါတ်ကိုရေးလိုက်ပြီး ဒါရိုက်တာက သူ့မျက်နှာကို မှတ်မိနေရန် တောက်ပစွာ ပြုံးပြလိုက်သည်။ ထို့နောက်တွင် စက်ဘီးနင်း၍ အနီးဆုံးဟင်းသီးဟင်းရွက်ဆေးထဲ သွားလိုက်သည်။

ကလေးတစ်ယောက်ကို စောင့်ရှောက်ရတာ ခက်ခဲတယ်ဆိုပေမယ့် တခြားလူ‌ရဲ့ကလေးကို စောင့်ရှောက်ရတာ ပိုပြီး ခက်ခဲတဲ့တာဝန်ပဲ...

ယမန်နေ့ညက ဖုန်းဖြေလိုက်ချိန်တွင် စုန့်ရန်က အိပ်ပျော်နေစဉ် လမ်းလျှောက်သာ့်အခြေအနေမျိုးဖြစ်နေ၍ အလေးအနက် မတွေးတောနိုင်ခဲ့ပေ။ ပုပုက ချစ်စဖွယ်ကောင်း၍ လိမ်မာသော ကလေးလေးဟုသာ ထင်ခဲ့မိသည်။ မရေမတွက်နိုင်သော စိုးရိမ်ပူပန်မျအကြားတွင် ဤတာဝန်များကို အခြားလူများထံ လက်လွှဲမပေးချင်၍ သူကိုယ်တိုင် ပုပုကို စောင့်ရှောက်ရန် ရွေးချယ်လိုက်သည်။ သို့ရာတွင် ယနေ့၌ အမျိုးသားကလေးထိန်းအဖြစ် အမှန်တကယ် ပြုလုပ်ရချိန်မှသာ သူက ကလေးများကို ပြုစုရန် မသင့်တော်သော‌လူဖြစ်ကြောင်း သိလိုက်ရသည်။

အဓိက အကြောင်းအရင်းမှာ သူက ဆင်းရဲသောကြောင့်ဖြစ်သည်။

အက်စ်မြို့တွင်မူ တစ်လလျှင်လစာယွမ်နှစ်ထောင်ရသော ‌ ကော်လံဖြူဝတ် ဝန်ထမ်းများကို ဆင်းရဲသသည်ဟု ဆိုနိုင်သော်လည်း စုန့်ရန်၏ ဆင်းရဲ‌မွဲတေမှုက အမှန်အကန်ပင်ဖြစ်သည်။ တဲ့တိုးပြောရမည်ဆိုပါက သူ့အနေအထားက ရေတစ်စက်ကိုပင် မနည်းညှစ်ထုတ်ရသည့် အခြေအနေဖြစ်နေသည်။ သူ့ထံတွင် ဘဏ်ကတ်တစ်ကတ်သာရှိပြီး ကတ်ထဲမှ ငွေကြေးကလည်း တစ်နှစ်ပတ်လုံးတွင် ဂဏန်းလေးလုံးထက် မပိုပေ။ ရံဖန်ရံခါတွင် လအနည်းငယ် နောက်ကျနေခဲ့သော ပုံကြမ်းအတွက် ငွေကြေးများက နောက်ဆုံးတွင် သူ့အကောင့်ထဲသို့ ရောက်ရှိသွားချိန်မျိုးတွင်မူ ဂဏန်း၅လုံးအထိ ရှိလာတတ်သည်။ သို့ရာတွင် အိမ်ငှားခ ပြန်လည်ပေးဆောင်ရစမြဲဖြစ်သောကြောင့် နောက်ရက်တွင် ဂဏန်းလေးလုံးအထိ ပြန်ကျသွားဆဲပင်။

ပူသို့သို့ကို စတင်တာဝန်ယူပေးရချိန်တွင် အခန်း8012A၌ Innova Evoကြောင်စာဘူး တစ်ထပ်ကြီးကို တွေ့ခဲ့ရသည်။ ၎င်း၏ ဈေးကိုအင်တာနက်ပေါ်တွင် စုံစမ်းကြည့်လိုက်သည့်အခါ ကြောင်သခင်ဖြစ်သူ၏ ကြွယ်ဝမှုကို အသိအမှတ်ပြုနိုင်ခဲ့သည်။

စုန့်ရန်ကိုယ်တိုင်ကလည်း ဆင်းရဲမှုဖြင့် နေထိုင်ရသောဘဝကို အသားကျနေခဲ့သည်။ ပန်းသီးများဝယ်ယူချိန်တွင်လည်း ဈေးအပေါ်ဆုံးအသီးများကိုသာ ရွေးချယ်ဝယ်ယူသည်။ စတော်ဘယ်ရီကို အလွန်စားချင်ပါကလည်း ရာသီချိန်ရောက်မှသာ ကီလိုဝက်သို့မဟုတ် တစ်ကီလိုခန့်သာ ဝယ်ယူလေ့ရှိသည်။ သူ ချယ်ရီသီးများကို မစားရသည်မှာ နှစ်နှစ်ပြည့်လုနီးပြီဖြစ်သည်။ ကြက်ဥဝယ်လျှင်လည်း အညိုရောင်အခွံကိုမဝယ်ပဲ အဖြူရောင်အခွံ့နှင့် ကြက်ဥများကိုဝယ်သည်။ ပန်းချီပုံကြမ်းများပေးရန် ကန့်သတ်ရက်သို့ ရောက်လာသည့်အခါ တစ်လနီးပါး အသင့်စားခေါက်ဆွဲနှင့် ကြက်ဥချောင်းများကိုသာ စားလေ့ရှိသည်။ သူ စုဆောင်းထားခဲ့သည့် ငွေကြေးများကိုလည်း ပန်းချီစာရွက်နှင့် ဆေးများအပေါ်တွင်သာ အသုံးပြုလိုက်လေ့ရှိသည်။

ယခုအချိန်တွင် ပုပုလေးကလည်း သူ့အိမ်တွင် ရှိတေပြီဖြစ်၍ စုန့်ရန်က ယခင်ကဲ့သို့ အသီးအရွက်ကို မဝယ်ပဲနေ၍ မရတော့ပေ။ ကြက်ဥကိုလည်း ကောင်းသည့်အညိုရောင်အခွံများကိုသာ ရွေးချယ်ဝယ်ယူပြီး အမဲသားကိုလည်း အပိုင်းငယ်လေးများ ပိုင်းဖြတ်စေကာ ပုစွန်ကိုလည်း လတ်ဆတ်သည်များသာ ဝယ်ယူသည်။ မုန်လာဥလေးလုံးရွေးနေသည်ကပင် သူ့အတွက် အချိန်ငါးမိနစ်ခန့်ကုန်သည်။ ဈေးဆိုင်ကိုစောင့်သော အဖွားအိုကြီး၏မျက်နှာက စူပုပ်နေပြီး သူ့ဇနီးက ကိုယ်ဝန်ဆောင်ထားရသည်လားဟု မေးလာသည်။ စုန့်ရန် အံ့အားသင့်သွားပြီး သူ့ထံတွင် ဇနီးမရှိသေးသော်လည်း က‌လေးတစ်ယောက် ရှိကြောင်းပြောလိုက်သည်။ အဖွားအိုကြီးက နှစ်ကြိမ်တိတိ "ကျစ်" ခနဲအသံပြုလိုက်ပြီး စုန့်ရန်ကိုပို၍ မထီမဲ့မြင်ပြုလာသည်။

စုန့်ရန်က စကားပြောမှားသွားခြင်းဖြစ်သည်။ သူ ဤကိစ္စကို မဖြေရှင်းတော့ပဲ ကိုးရို့ကားယားဖြင့် မုန်လာဥများအတွက်သာ ပိုက်ဆံပေးလိုက်သည်။ 

" ဘာလဲ ကလေးအမေက ထွက်ပြေးသွားတာလား.. အိုင်းယား ဒီလောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကလေးတစ်ယောက်ရနေတာ မင်းပါးနဲ့ မားက စည်းကမ်းမတင်းကြပ်တဲ့ပုံပဲ ..."

( T/N - စောင်အဖွားကြီး - -)

အဖွားကြီးက သူ့ကိုဆူပူကျိန်းမောင်းနေပြီး အကြွေများထည့်ထားသည့် ဘူးထဲမှ ‌အကြွေစေ့တစ်စေ့ကို မထုတ်ချင်ထုတ်ချင်ဖြင့် ထုတ်လိုက်ပြီး မေးလာသည်။

" ပြန်အမ်းတာ ယူဦးမှာလား မယူတော့ဘူးလား..."

သူမမျက်လုံးများက လူသတ်ချင်စိတ်များဖြင့် ပြည့်နေပုံရသည်။

စုန့်ရန်က သူ ပြန်အမ်းတဲ့ငွေကို ယူရဲတော့မယ်တဲ့လား... 

" မယူတော့ပါဘူး မယူတော့ပါဘူး..."

ပြောပြောဆိုဆိုနှင့် ကြွပ်ကြွပ်အိတ်ကိုယူပြီး တစ်ချိုးတည်းလစ်ပြေးတော့သည်။

လူပျိုလေးစုန့်ရန်မှာ အသီးအရွက်ဈေးထဲသို့ အပြစ်ကင်းစွာဖြင့် ဝင်လာခဲ့သော်လည်း လက်မထပ်ရသေးသည့် မိဘအဖြစ် အတင်းအဖျင်းပြောခံလိုက်ရသည်။

စက်ဘီးခြင်းထဲတွင် သူဝယ်ယူခဲ့သည့် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားနှင့် နွားနို့များ ထည့်ပြီး ကျောက်စိမ်းပင်လယ်အော်အိမ်ရာသို့ ပြန်လာခဲ့သည်။ အဆောက်အဦးနံပါတ်၅နေရာသို့ ဖြတ်သန်းလာသည့်အခါ ထိုနေရာတွင် ကားပေါင်းဒါဇင်ခန့် ရပ်ထားသည်ကို မြင်လိုက်ရသည်။ စုန့်ရန်က ကားတစ်စီးကို ရှာဖွေနေသည်။

ငွေရောင် Infinitiကားက ထိုနေရာတွင် မရှိပေ။ 

(T/N - Infinitiဆိုတာ ဂျပန်နိုင်ငံ Nissanကားကုမ္ပဏီရဲ့ ဇိမ်ခံကားထုတ်တဲ့ ကုမ္ပဏီခွဲပါ၊ Infiniti ကားတွေကို မြောက်အမေရိကမှာ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ တရားဝင် စရောင်းခဲ့ပါတယ် )

သူ အိမ်ပြောင်းလာသည့်နေ့မှစ၍ ယခုအထိ ဤအိမ်ရာတွင် ဇိမ်ခံကားပေါင်းများစွာကို နေ့စဉ်မြင်တွေ့ရသော်လည်း ထို ငွေရောင်Infinitiကားကိုမူ ပထမဆုံးအကြိမ်တွေ့ပြီးချိန်မှစ၍ နောက်တစ်ကြိမ် ထပ်တွေ့ရန် အခွင့်အရေး မရခဲ့တော့ပေ။

တစ်ကြိမ်တောင် ထပ်မတွေ့တော့ပါလား...

စုန့်ရန်၏ရင်ထဲမှ မီးပွားလေးမှာ လောင်စာကုန်လုနီးပါးဖြစ်သွားသကဲ့သို့ အားပျော့သွားရသည်။

Infinitiနတ်ဘုရားက ဤနေရာတွင် မနေသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်ကို လွန်ခဲ့သည့်ရက်အနည်းငယ်က သူ တွေးမိသည်။ ထိုနေ့က သူ့ကလေးနှင့်အတူ ဤနေရာသို့ အလည်လာစဉ်တွင် တိုက်ဆိုင်စွာဖြင့် သူနှင့်တွေ့သွားခြင်းဖြစ်သည်ဟုသာ ထင်လိုက်သည်။ သူက သေချာရေရာခြင်းမရှိပဲ အိမ်သော့ကိုယူလိုက်ပြီး ချက်ချင်းပြောင်းလာခြင်းဖြစ်၍ ဤကိစ္စကို မသိနိုင်ဖြစ်နေသည်။

သို့ရာတွင် သူ့ယူဆချက်ကို အတည်ပြုနိုင်ရန် စုန့်ရန်က အိမ်ပြောင်းလာပြီးမကြာမီတွင် တစ်ရက်၌ မနက်လေးနာရီအိပ်ရာထပြီး ထိုကားကို သွားရှာခဲ့သည်။ နှစ်ရက်ဆက်တိုက်ရှာသော်လည်း တစ်စုံတစ်ရာမှ ရှာမတွေ့ခဲ့ပေ။

ရလဒ်မှာ သူ၏အိပ်ချိန်များလျော့သွားခြင်းသာ ဖြစ်ခဲ့သည်။ 

အက်စ်မြို့တွင် လူဦးရေ သန်း၂၀ကျော်ရှိသည်။

ဤမျှ ကြီးမားသောလူပင်လယ်ကြီးကို ရင်ဆိုင်ရသည့်အခါ ကြိုးစားအားထုတ်မှုနှင့်ကံကြမ္မာနှစ်ခုလုံးက 

ဖော်ပြရန်မထိုက်တန်သည်အထိ အလွန်နည်းပါးလှသည်။ အကယ်၍ Infinitiနတ်ဘုရားက ဤနေရာတွင် နေထိုင်ခြင်းမဟုတ်ပါက စုန့်ရန်က သူ့ကို ဒုတိယအကြိမ် တွေ့နိုင်တော့မည်မဟုတ်ပေ။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ...

စုန့်ရန် စက်ဘီးလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်ထပြီး စက်ဘီးခြင်းထဲမှ စားသောက်ဖွယ်ရာမျိုးစုံကို စိုက်ကြည့်နေကာ စိတ်ထဲတွင် တွေးတောနေမိသည်။

တစ်ညတည်းနဲ့ သူက လူလွတ်ဘဝကနေ ကလေးတစ်ယောက်အဖေဖြစ်သွားရပြီး ကြားထဲက စိတ်ကူးယဉ်ဆန်တဲ့ ချစ်ဇာတ်လမ်းတွေရှိရမယ့်အပိုင်းကို ကျော်ခွသွားတာပါလား... ဒါက မဆိုးရွားလွန်းဘူးလား... တခြားလူတွေရဲ့ ဘဝကတော့ ရာသီဥတုလေးမျိူရှိတယ်လေ ... သူက အမြဲတမ်း ပုံကြမ်းပေးရမယ့်ရက်တွေ အိမ်လခပေးရမှာတွေနဲ့ အလုပ်ရှုပ်နေပြီး ကောင်းကင်ဘုံကို ဘာမှလည်း အကြွေးမတင်ထားပဲနဲ့ သူ့ဘဝရဲ့ နွေဦးအချိန်လေးကိုလည်း တစ်ခါမှ မခံစားရဖူးဘူး...

ပစ္စည်းအားလုံးကို ရေခဲသေတ္တာထဲ ထည့်ပြီးချိန်တွင် နာရီက မနက်ဆယ်နာရီကို ညွှန်ပြနေသည်။

နေရောင်ခြည်က သာယာကြည်နူးဖွယ်ကောင်းလောက်အောင် နွေးထွေးနေပြီး ဧည့်ခန်းကလည်း အလင်းရောင်များဖြင့် တောက်ပနေ၍ ပန်းချီဆွဲရန် အပြီးပြည့်စုံဆုံးအချိန်ဖြစ်သည်။ 

စုန့်ရန်က စာရွက်၊ စုတ်တံ၊ ဆေးစပ်သည့်အပြားများကို ပြင်ဆင်ပြီးချိန်တွင် နူးညံ့သောအမွေးဘောလုံးလေးရောက်လာပြီး သူ့ကိုပွတ်သပ်ကာ အစာတောင်းနေသည်။ စုန့်ရန်က တူနာအသားဘူးကိုဖွင့်ဖောက်ပြီးနောက် ကြောင်စာခွက်ထဲ ထည့်ပေးလိုက်သည်။ ပူသို့သို့က အစားအစာကို ဖြုန်းတီးတတ်သည့်ကြောင်ဖြစ်သည်။ ၎င်းက ခေါင်းငုံ့၍ နှစ်လုတ်ခန့်စားပြီးချိန်တွင် နေရောင်ခြည်ဖြာကျနေသည့်နေရာသို့သွားကာ နေပူဆာလှုံနေသည်။ စုန့်ရန်က သံဘူးထဲမှ ကျန်ရှိနေသည်များကို wrapဖြင့် ပြန်ပတ်ထားပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်သည်။

သူ့အလုပ်စားပွဲတွင် ပြန်ထိုင်ပြီးနောက် ထိပ်ဆုံးအံဆွဲကိုဖွင့်ပြီး သစ်သားဘောင်ဖြင့် ပုံလေးတစ်ပုံကို ထုတ်လိုက်သည်။ 

၎င်းက ပုံကြမ်းငယ်တစ်ပုံသာဖြစ်သည်။ ထိုပုံကြမ်းပေါ်တွင် Infinitiနတ်ဘုရားက ရှေ့တည့်တည့်သို့ကြည့်နေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်ပြီး ပြုံးနေသည်မှာ ပျင်းရိပျင်းတွဲပုံစံဖြစ်နေသော်လည်း အလွန်ဆွဲဆောင်မှုရှိပြီး ဆန့်ကျင်ဘက်လိင်များကို ဖမ်းစားနေသည်။ 

စုန့်ရန် သူ့ကိုကြည့်လိုက်ပြီးနောက် နှလုံးခုန်သံများ ထိန်းချုပ်မရနိုင်အောင် ဖြစ်သွားသည်။ 

ထိုမြင်ကွင်းက သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် ထင်ကျန်ရစ်နေခဲ့ခြင်းဖြစ်ပြီး ပူပြင်းလှသည့် သံတိုးဖြင့် နှလုံးသား၏ အနူးညံ့ဆုံးနေရာကို ရက်စက်စွာဖိကပ်လိုက်သကဲ့သို့ ခံစားနေရသည်။ ထိုအချိန်က ကားကွေ့လိုက်စဉ်အချိန်တွင် နူးညံ့သောနေရာင်ခြည်က ကားပေါ်ဖြာကျနေပြီး ထိုလူ၏ ခံ့ညားသော မျက်နှာအစိတ်အပိုင်းများကို မြင်လိုက်ရသည်မှာ မော်ဒယ်တစ်ယောက်၏ မျက်နှာဖက်သို့ မီးထိုးလိုက်သာ့်သဖွယ် ခံစားရသည်။ 

တစ်ကိုယ်လုံး ရုတ်တရတ် ရပ်တန့်သွကာ စုန့်ရန်၏ ဦးနှောက်တွင်းရှိ ဂီယာများ သံချေးတက်သွားပြီး သူ့အတွေးများ ယိုယွင်းလာကာ ဆင်ခြင်တုံတရားမရှိနိုင်တော့ပေ။

အိမ်သို့ အမြန်ပြန်လာပြီး ပန်းချီဆွဲရန်အချိန်ရောက်လာစဉ်မှာပင် ခဲတံကိုကိုင်ထားသည့်လက်များက တုန်ယင်နေသည်။

လူတစ်ယောက်ကိုမြင်မြင်ချင်း ချစ်မိသွားသည့်အချိန်မှ အမှတ်ရမှုက အမြဲတစေ ကွက်ကွက်ကွင်းကွင်း အသက်ဝင်နေသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ခံစားချက်များ မြင့်တက်လာမှုကြောင့် တိကျသာ့် အသေးစိတ် အချက်အလက်များက မှုန်ဝါးဝါး ဖြစ်နေသည်။

Xxxxxxxx