အပိုင်း ၁၁
Viewers 9k

Chapter 11

စုန့်ရန် မျက်လုံးများမှိတ်လိုက်ချိန်တွင် ထိုလူ၏ ဦးခေါင်းမှ ဆံချည်တစ်မျှင်အထိ စိတ်ကူးဖြင့် ပုံဖော်နိုင်ပေသည်။ သို့ရာတွင် ခဲတံကို စာရွက်ပေါ်ချလိုက်သည်နှင့် အရာအားလုံးကို ဖုံးကွယ်ထားလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ ထိတ်ထိတ်ပျာပျာဖြစ်သွားသော်လည်း အသေးစိတ်တွေးတောခြင်းကို မရပ်တန့်လိုက်နိုင်ပေ။ ပြန်လည်စဉ်းစားမိသည့် အချိန်တစ်စက္ကန့်တိုင်းတွင် သူ၏မှတ်ဉာဏ်အချို့ ပျက်ယွင်းသွားမည်ကို စိုးရိမ်နေမိသည်။ သို့ဖြစ်၍ အသက်ရှုမှားလောက်စရာ တဒင်္ဂအချိန်ကာလလေးက နောက်ဆုံးတွင် တစ်စထက်တစ်စ ဝေဝါးသွားပြီး ထပ်မံတွေးတော့ကြည့်၍ မရတော့ပေ။

ကောက်ကြောင်းကိုဆွဲပြီး အသေးစိတ်အချက်အလက်များကို အသားပေး၍ အရိပ်ထည့်လိုက်သည်။

ပုံတူကို လျင်မြန်စွာဆွဲပြီးသည့်နောက်တွင် စုန့်ရန်က အားလုံးကို စိတ်တိုင်းမကျဖြစ်နေသည်။ ကောင်ကြောင်းများက ဖရိုဖရဲဖြစ်ပြီး အရိပ်ထည့်ထားသည်ကလည်း ကြည့်ရန်ပင် ကြောက်စရာကောင်းနေကာ အရောင်ရောစပ်ခြင်းကလည်း အဆင်မပြေဖြစ်နေသည်။ ထိုလူ၏ ချောမောခံ့ညားမှု ၁%ကိုမှ မဖော်ပြနိုင်ဖြစ်နေသည်။ 

ခဏတာ စိတ်လိုက်မာန်ပါဖြစ်မှုကြောင့် ထိုစာရွက်လေးကို လုံးချေပြီး လွှင့်ပစ်မိလုနီးပါးဖြစ်သွားခဲ့ရသည်။

စိတ်လိုက်မာန်ပါဖြစ်ချိန် ကျော်လွန်သွားသည့်အခါ စုန့်ရန်က ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်ခဲ့ပြီး သူ၏ကိုယ်ပိုင်လက်ရာက အမှန်တကယ် မှတ်သားဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသည်။ ရုပ်ပုံ၏ ရှု့ထောင့်တိုင်းကို မကျေမနပ်ဖြစ်ရသည့် အကြောင်းရင်းမှာ သူ၏ လိုအပ်ချက်များ မြင့်မားလာစေရန် ရူးရူးမူးမူး ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ 

သို့ဖြစ်၍ စုန့်ရန်က ဤပုံကြမ်းကို အမှတ်တရအဖြစ် ဘောင်ခတ်ပြီး သိမ်းဆည်းထားသည်။ မနက်တိုင်း မလုပ်မစမီတွင် ပုံကိုထုတ်ပြီး ၅မိနစ်ခန့် စေ့စေစပ်စပ်ကြည့်ပြီး သူ လျှို့ဝှက်ပြီးအားကျနေရသည့် နတ်ဘုရားနှင့် လက်ရှိတွင် တွဲနေရသကဲ့သို့ ဟန်ဆောင်နေသည်။ 

" အဟမ်း... ဆယ်နာရီကျော်ပြီဆိုတော့ အလုပ်စလုပ်ရတော့မှာပေါ့..."

ရုပ်ပုံကားချပ်ဘေးကိုကြည့်ပြီး စုန့်ရန်က ထိုနတ်ဘုရား၏ ပါးပြင်ကိုထိလိုက်ကာ စိတ်ထားမြင့်မြတ်သည့် ဇနီးသည်ကဲ့သို့ ပြောလိုက်သည်။

" အလုပ်များနေမှာဆိုတော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး... နေ့လယ်ခင်းကျမှ စကားထပ်ပြောတော့မယ်..."

အံဆွဲကို ပြန်ဖွင့်လိုက်ပြီးနောက် ပုံကြမ်းလေးကို သူ့နေရာသူ ပြန်ထားလိုက်သည်။ 

အံဆွဲကို ပိတ်လိုက်ပြီးသည့်နောက်တွင် စုန့်ရန်က သူ ပြုလုပ်လိုက်မိသော အပြုအမူကြောင့် ရှက်မိသွားသည်။ သူ့မျက်နှာကို လက်တစ်ဖက်ဖြင့်အုပ်ထားပြီး အတွေးလွန်နေမိသည်။

သူက အဲ့လူကြီး ခဏခဏနှာချေအောင် လုပ်နေမိတာပဲ...

( T/N - လူတစ်ယောက်က မကြာခဏ နှာချေနေတယ်ဆိုရင် တစ်ယောက်ယောက်က ကိုယ့်အကြောင်းတွေပြောနေတာဆိုပြီး တရုတ်လူမျိုးတွေက အယူသီးကြပါတယ် )

အား တောင်းပန်ပါတယ်...

ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ...

စုန့်ယန်က လက်နှစ်ဖက်ကိုအုပ်လိုက်ပြီး ခေါင်းငုံ့လိုက်ကာ သူချစ်ရသော နတ်ဘုရားကို တောင်းပန်လိုက်သည်။ 

တစ်ချိန်တည်းမှာပင် ပစိဖိတ်သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းမှ SwordArc၏ နည်းပညာဌာနတွင် အချိန်ပိုအလုပ်ဆင်းနေကြသည့်လူများက သူတို့၏ နည်းပညာခေါင်းဆောင်အရာရှိက သုံးကြိမ်တိတိ နှာချေသည်ကို ကြားလိုက်ရသည်။ တစ်ကြိမ်နှာချေတိုင်း နောက်တစ်ကြိမ်ထပ် ‌ကျယ်လောင်လာသည်ကိုလည်း သတိပြုမိကြပေသည်။

“Bless you မစ္စတာဟယ်...” 

“Bless you မစ္စတာဟယ်...” 

“Bless you မစ္စတာဟယ်...” 


တစ်ခဏတာခန့် တစ်ခန်းလုံးတွင် ဆုတောင်းသံများဖြင့် ပြည့်သွားသည်။

ဟယ်ကျစ်ယွမ်က တစ်ရှူးဘူး လှမ်းယူလိုက်သည်။ သူ့ရှေ့မှ အေးစက်သွားသော ကော်ဖီခွက်ကိုကြည့်ကာ ယခုချိန်တွင် ဂျင်းလက်ဖက်ရည်ပူပူတစ်ခွက်သာ သောက်သင့်သည်ဟု တွေးနေမိတော့သည်။

Xxxxxxx

ဒုတိယနေ့ ညနေ ၄နာရီ ၃၃မိနစ် 🖌️ 

ညနေပိုင်းတွင် စုန့်ရန်က သူ့စက်ဘီးဟောင်းလေးဖြင့် ပုပုကို ကျောင်းသွားကြိုခဲ့သည်။ 

ယမန်နေ့ကမူ ပုပုက လာကြိုမည့်သူကို မစောင့်ပဲ မျောက်ပေါက်စလေးတစ်ကောင်ကဲ့သို့ ဆရာမ၏မျက်စိအောက်မှ ထွက်ပြေးသွားသည်။ သို့ရာတွင် ယနေ့၌ သူ့ကို အကြိုအပို့လုပ်ပေးမည့်အစ်ကိုကြီးတစ်ယောက် ရှိနေပြီဖြစ်၍ အရှေ့ဘက်တံခါးတွင်သာ ရပ်စောင့်နေခဲ့သည်။ စုန့်ရန်ကိုမြင်သည့်အခါ ပုပုက အနီရောင်ပန်းပွင့်ပုံစံ စတစ်ကာလေးကို သူ့ပါးတွင်ကပ်လိုက်သည်။ စုန့်ရန်က သူ့ကို ထိုအကြောင်းမေးသည့် အခါ ရှဉ့်ကျားလေးနှင့် သူ့သူငယ်ချင်းမီးခိုးရောင်ရှဉ့်လေးတို့အကြောင်းကို သူငယ်ချင်းများကို ပြန်ပြေပြခဲ့သည်ဟု ပုပုက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဖြေလိုက်သည်။ သို့ဖြစ်၍ အတန်းထဲမှ မိန်းကလေးတိုင်းက သူ့ကို စတေကာများပေးလိုက်ခြင်းဖြစ်သည်။

မူလတွင် စုန့်ရန်က သူ၏ထူးကဲသော မှတ်ဉာဏ်စွမ်းရည်နှင့် ဖော်ပြနိုင်စွမ်းကြောင့် အံ့အားသင့်သွားခဲ့ရသည်။ ဒုတိယတစ်ကြိမ်တွေးလိုက်သည့်အခါပါပါးဟယ်က ရှောင်ကျူကဲ့သို့ စက်ရုပ်မျိုးကို တီထွင်ထားနိုင်သည့်လူဖြစ်၍ အခြားလူများထက် ဉာဏ်ရည်ပိုမြင့်မည်မှာ သေချာသည်။ ကျားတစ်ကောင်က ခွေးတစ်ကောင်ကို သားအဖြစ် မွေးထားမည်မဟုတ်ဟူသော ဆိုရိုးစကားကဲ့သို့ပင် ပုပုက သူ့မျိုးရိုးဗီဇကို ဆက်ခံထားသူဖြစ်၍ အခြားကလေးများထက် ကျိန်းသေပေါက် ‌ထူးချွန်နေလိမ့်မည်သာဖြစ်သည်။

( T/N - အဲဒီစကားပုံက ထူးချွန်ထက်မြက်တဲ့မိဘတွေက ထူးချွန်တဲ့ကလေးတွေကိုပဲ မွေးထုတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ...)

ပုပုက ထိုသို့ချီးကျူးခံရခြင်း၏ ချိုမြိန်မှုကို အရသာခံနေမိသည်။ ညစာစားပြီးချိန်တွင် စုန့်ရန်အနားတွင်ကပ်နေပြီး သူ့ကို အခြားပုံပြင်တစ်ပုဒ်ပြောပြရန် ပူဆာနေပေသည်။ သို့မှသာ နောက်တစ်နေ့တွင်လည်း စတစ်ကာလေးများ ရနိုင်မည်ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ စုန့်ရန်က " မကခုန်နိုင်တဲ့သစ်ကုလားအုပ်တွေလေး း " ဟူသောစာအုပ်ကို ရွေးချယ်ခဲ့သည်။ လူငယ်လေးနှင့် ကလေးလေးက ဆိုဖာပေါ်တွင် သက်တောင့်သက်သာလှဲနေပြီး မမောမပန်းပဲ စကားစမြည်ပြောနေကြသာ်။

ဇာတ်လမ်းလေးက အလွန်ရိုးစင်းလှသည်။ ၎င်းက ကခုန်ရခြင်းကို နှစ်သက်သော သစ်ကုလားအုပ်ငယ်လေးအကြောင်းဖြစ်သည်။ ၎င်း၏ရှည်လျားလှသော ခြေလက်လေးဖက်နှင့် အခြားတိရစ္ဆာန်များနှင့် ကွဲပြားသော ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ကခုန်လျှင် အမြဲတမ်းချော်လဲပြီး သူ့ကိုယ်သူ ‌ပြဿနာဖြစ်စေခဲ့သည်။ နောက်ဆုံးတွင်မူ သူနှင့် အလိုက်ဖက်ဆုံးဖြစ်သော သဘာဝတေးဂီတကို ရှာတွေ့သွားခဲ့ပြီး ကခုန်နိုင်ခဲ့ပေသည်။ 

ပုံပြင်ကို နားထောင်ပြီးသည့်နောက်တွင် ပုပုက ဧည့်ခန်း၏အလယ်သို့ ခုန်ဆွခုန်ဆွဖြင့်ထွက်သွားပြီစ ခြေဖျားထောက်ကာ လည်ပင်းကိုမော့၍ အရပ်ရှည်သောသစ်ကုလားအုပ်တစ်ကောင်ကဲ့သို့ ပြုမူနေပြီး ကခုန်နေပေသည်။ ပုသို့သို့က သူ၏နယ်မြေကို လုယူခံလိုက်ရပေသည်။ ကြောင်လေးက ကတိုက်ကရိုက် မတ်တပ်ရပ်လာပြီး ဆိုဖာလက်တင်ပေါ် ခုန်လိုက်ပြီး အကြောဆန့်လိုက်သည်။

" မြောင်..."

သူက စုန့်ရန်ကို ဆန္ဒပြနေခြင်းဖြစ်သည်။

စုန့်ရန်က ရုပ်ပုံစာအုပ်လေးကိုပိတ်ပြီး ၎င်း၏ အမွေးလေးကို ပွတ်ပေးလိုက်သည်။ ထို့နောကိ မျက်နှာလိုမျက်နှာရပုံစံဖြင့် ပြောလိုက်သည်။

" မင်းတို့နှစ်ယောက်လုံးနာမည်က ပု တွေလေ ဒါပေမဲ့ ငါ နှစ်ယောက်လုံးကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ဘူး... ငါ့ကို နည်းနည်းလောက်သနားပြီး တစ်ယောက်နဲ့တစ်ယောက် တည့်အောင်နေပေးလို့မရဘူးလား..."

ပုသို့သို့က ငြင်းဆန်သည့်သဘောဖြင့် ၎င်း၏ သွားစွယ်များကို ထုတ်ပြကာ သူ့ကိုကိုက်လိုက်သည်။

" ဟေး အဲ့လိုမလုပ်နဲ့လေ..."

စုန့်ရန်က သူ့လက်ချောင်းကို မှုတ်နေပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။ 

" ဒီနေ့ ညလယ်စာ မကျွေးတော့ဘူး..."

" မြောင်း..."

ပုသို့သို့၏ မျက်လုံးများက ရန်လိုသည့်ဟန် ဖြစ်လာသည်။ စုန့်ရန်က ကြောက်ချင်ယောင်ဆောင်လိုက်ရတော့သည်။

" ဟုတ်ပါပြီ ကျွေးမှာပါ ကျွေးမှာပါ..."

လှေနံနှစ်ဖက်နင်းရင် ဝဋ်လည်တတ်တယ်လို့ လူတွေက ဘာလို့ပြောကြတာပါလိမ့်...

စုန့်ရန်ထံတွင် အလုပ်နှစ်ခုသာ‌ရှိသည်။ သူက ဤကြောင်လေးထံတွင် ကျေးကျွန်အဖြစ် မနေရပါက ကလေးလေး၏ ကျေးကျွန်အဖြစ် နေရသည်။ ဤအိမ်တွင် သူ့ရာထူးက အလွန်နိမ့်ပါးလှ၍ ဖုန်မှုန့်လေးတစ်မှုန်စာသာရှိသည်။ 

ည ၈နာရီ ၅၀မိနစ်တွင် ပုပုက ညစာစားသည့် စားပွဲခုံတွင်ထိုင်ကာ လည်ပင်းတွင် အဝတ်စလေးတစ်စကို ပတ်ထားပြီးအဖြူရောင်စာရွက်ပေါ်တွင် ရောင်စုံခဲတံလေးများဖြင့် ရေးခြစ်နေသည်။ 

စုန့်ရန်က သူ့အတွက် တိရစ္ဆာန်ပုံစံ ကောက်ကြောင်းလိုင်းလေးများ ဆွဲပေးထားသည်။ ၎င်းက ရှဉ့်လေးနှစ်ကောင်၊ သစ်ကုလားအုပ်လေးတစ်ကောင်နှင့ ပုရစ်လေးတစ်ကောင်တို့ဖြစ်သည်။ ထို့အပြင် သစ်ရွက်များ၊ မှိုများနှင့် သစ်ငုတ်တိုများပါဝင်ပေသည်။ ထိုပုံများ ဆွဲထားပေးရခြင်းမှာ စုန့်ရန်က မီးဖိုချောင်ထဲတွင် ဓားကိုင်ပြီး ဖက်ထုပ်အတွက် အဆာပလာထည့်ရန် အသားများကို ဓားဖြင့် တောက်တောက်စင်းနေချိန်တွင် ပုပု ဤနေရာသို့ အာရုံမရောက်အောင်ဖြစ်သည်။

တောက် တောက် တောက် တောက်...

သူက စည်းချက်ကျစွာဖြင့် အသားကိုတောက်တောက်စင်းနေသည်။

မူလက စုန့်ရန် အသားများကို တောက်တောက်စင်းနေချိန်တွင် ပုပုက သူ့ဘေးနားရောက်လာပြီး ခေါင်းလေးစောင်း၍ ကြည့်နေသည်။ ဤကလေးက သူ့အိမ်တွင် ချစ်ခြင်းမေတ္တာကို မရရှိခဲ့ပုံပေါ်သည်။ သူ့ကိုစိတ်ရှည်လက်ရှည်ဖြင့် အဖော်လုပ်ပေးမည့်လူတစ်ယောက်ကို တွေ့သည့်အခါ သူ့အတွက် အဖိုးတန်ရတနာကို ရှာတွေ့သွားသကဲ့သို့ ဖြစ်သွားသည်။ ရလဒ်အနေဖြင့် သူက စုန့်ရန်အနားမှ တစ်မိနစ်ပင် မခွဲချင်တော့ပေ။

ကလေးက သူ့ကို ကပ်တွယ်နေသည်မှာ ပြဿနာမဟုတ်ပေ။ သို့ရာတွင် မီးဖိုချောင်သုံးဓားဖြင့် အသားကို နုတ်နုတ်စင်းနေသည့်မြင်ကွင်းကို ကလေးတစ်ယာက်ကြည့်နေရန် မသင့်တော်ပေ။ 

သို့ဖြစ်၍ စုန့်ရန် အကြံထုတ်လိုက်ရသည်။ သူက တိရစ္ဆာန်များ ပုံစံ ကောက်ကြောင်းလိုင်းလေးများဆွဲပြီး ရောင်စုံခဲတံ ၄၈ချောင်းအဆက်လိုက် ချပေးထာကာ ပုပု၏ သိချင်စိတ်ကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့သည်။ ကလေးလေးက သူ့ရုပ်ပုံလေးများကို သဘောကျသွားသည်။

ကလေးလေးက လေးနှစ်အရွယ်သာ ရှိသေးသော်လည်း အလွန်လိမ္မာသည်ဟု ပြောနိုင်သည်။ သို့ရာတွင် သူ့ထံ၌ စိတ်လုံခြုံမှု အနည်းငယ် ကင်းမဲ့နေသည်။ ထိုအကြောင်းကို တွေးမိသွားသောအခါ ပါပါးဟယ်၏ ကလေးပြုစုစောင့်ရှောက်နည်းက စုန့်ရန်အတွက် တစ်နှစ်တာလုံး ဟာသလုပ်စရာကိစ္စကြီးဖြစ်နေသည်။ ခွေးတစ်ကောင်ကိုပင် ထိုကဲ့သို့ မစောင့်ရှောက်သင့်ပေ။

စုန့်ရန်က လက်ထဲတွင် မီးဖိုချောင်သုံးဓားကိုကိုင်ထားပြီး ဆွဲဆောင်မှုရှိသောအသံကို ပြန်လည်တွေးတောနေမိသည်။ တစ်ဖက်လူက အခြားလူများကို နောက်ပြောင်ကျီစယ်ရာတွင် ထိပ်တန်းကျွမ်းကျင်သူဖြစ်ပြီး အချစ်အကြောင်းလည်းနောကြေနေမည့်ပုံပေါ်သည်။ သူ့စိတ်ထဲတွင် ဒေါသဖြစ်လာမိ၍ သွားများပင် ယားကျိကျိဖြစ်လာသည်။ ဒေါသကြောင့် သူ့အသားအရောင်က စိမ်းရာမှ အနီ၊ အနီမှ ခရမ်းရောင်သို့ပြောင်းလာပြီး တစ်ခဏတွင်း ပေါက်ကွဲလုမတတ်ဖြစ်လာသည်။ သူ့စိတ်ထဲ မွှန်ထူနေမိပြီး အသားကို ဓားပြားရိုက်နေလျက်ဖြင့်ပင် ဒေါသကို ဖြေဖျောက်လိုက်ရသည်။ 

ပုပုမှာ လေထဲတွင်ပြည့်နေသော သတ်ဖြတ်လိုစိတ်ကြောင့် ကြောက်လန့်နေပြီး လက်ပိစိလေးဖြင့်ထိရှလွယ်သော နှလုံးသားလေးကို အသာဖိထားသည်။

နာရီလက်တံက နောက်ဆုံးတွင် ကိုးနာရီတိတိအချိန်သို့ အတိအကျညွှန်ပြနေသည်။

" ပီကာချူး – ပီကာချူး – ပီကာချူး – ပီကာချူး – "

ပီကာချူးဖုန်းမြည်သံက ဧည့်ခန်းထဲမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ ထိုအသံက နားထဲ စူးခနဲဝင်လာ၍ စုန့်ရန်မှာ လက်တစ်ချောင်းကိုပင် ခုတ်မိလုနီးနီးဖြစ်သွရသည်။ ပုပုက စာရွက်နှင့် ရောင်စုံခဲတံများကို ချထားခဲ့ပြီး စားပွဲထွင် ထိုင်နေရာမှ ခုန်ဆင်းသွားပြီး ဖုန်းသံကြားရာသိူ့ ပြေးထွက်သွားတော့သည်။

" ပါပါး..."

ယခုလက်ရှိအခြေအနေကို ပြောရမည်ဆိုလျှင် စုန့်ရန်က သူ၏ဆူပွက်လာသောဒေါသများကို ဖိနှိပ်ထားရပြီး အသားတောက်တောက်စင်းနေသည့်အရှိန်ကို ၉၀%ခန့် လျှော့ချလိုက်သည်။ သူ ဆက်လုပ်နေချိန်တွင် ပုပုက ဧည့်ခန်းမှပြေးလာပြီး သူ့ကို ဝမ်းသာအားရဖြင့် ခေါ်လိုက်သည်။ 

" ကိုကြီး အိမ်မှာရှိတယ်... ပါပါး စကားပြောချင်လို့လား..."

လာပြန်ပြီလား...

လူကြီးမင်းဟယ် ခင်ဗျားကျွန်တော့်အတွက် တွေးပေးတာတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော် လောလောဆယ် ခင်ဗျားနဲ့ စကားမပြောချင်ဘူး...

စုန့်ရန်က ဓားကို အသာချထားလိုက်ပြီး မီးဖိုချောင်ထဲမှ အသာထွက်သွားကာ ညာဘက်လက်ညှိုးကို နှုတ်ခမ်းတွင် ကပ်ပြပြီး "ရှူး" ဟု ပုပုကို ပြောလိုက်သည်။

ပုပုက စကားပြောနေရာမှ ချက်ချင်းရပ်သွားပြီး သူ့ကို စူးစမ်းနေသည်။

စုန့်ရန်က ဘယ်ဘက်လက်ညှိုးဖြင့် အကြိမ်အနည်းငယ် ထိုးပြလိုက်ပြီးနောက် လက်ချောင်းနှစ်ချောင်းကို Xပုံစံလုပ်ပြီး ငြင်းဆန်ကြောင်း ပြသလိုက်သည်။ 

ပုပုက သူ အချက်ပြသည်ကို သိသွားပြီး ချက်ချင်းတစ်ဖက်သို့လှည့်သွားသည်။

" ကိုကြီးက အိမ်သာတက်နေတယ်တဲ့... ပါပါးနဲ့ စကားပြောလို့မရသေးဘူး..."


စုန့်ရန် ထိုနေရာတွင် ကျောက်ရုပ်ဖြစ်သွားသည်။

ယခုအချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိတော့သည်။ 

ရေချိုးခန်းထဲ ဝင်နေတဲ့အချိန် တံခါးမပိတ်ထားတာကို ဝန်ခံလိုက်ရမှာထက်စာရင် လိမ်ထားတယ်ဆိုပြီးပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တာ ပိုကောင်းမယ်ထင်တယ်...

" ထားလိုက်တော့ ကိုကြီးကို ဖုန်းပေး..."

သူ့နှဖူးကို လက်တစ်ဖက်ဖြင့်ထောက်ထားပြီး ပြောလိုက်သည်။

သို့ရာတွင် ပုပုပြောလိုက်သည်မှာ -

" ဟုတ် ပါပါး ဘိုင်းဘိုင်..."

ဒီလောက် လွယ်လွယ်နဲ့ ကျော်ဖြတ်လိုက်လို့ရတာလား...

ကလေးလေးက ဖုန်းချသည့်ခလုတ်ကို နှိပ်လိုက်သည့်အခါမှ စုန့်ရန် စိတ်အေးလက်အေးဖြစ်သွားပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

" ကိုကြီး ပါပါးက ကိုကြီးအိမ်သာတက်တာ မနှောင့်ယှက်တော့ဘူး မဟုတ်ရင် ဝမ်းချုပ်နေလိမ့်မယ်တဲ့... ကိုကြီးအိမ်သာတက်ပြီးမှ ဖုန်းပြန်ခေါ်လို့ပြောတယ်..."

ပုပုက မျက်လုံးများမှေး၍ ပြုံးပြလိုက်ပြီး ဖုန်းကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။

တောက် တောက် တောက် တောက်...

မီးဖိုချောင်ထဲတွင်မူ စဉ်းတီးတုံးပေါ်မှ တောက်တောက်စင်းနေသည့်အသားများက အရပ်မျက်နှာအနှံ့ကို လွင့်စင်ကုန်သည်။

စုန့်ရန် အလွန်ဒေါသထွက်နေသောကြောင့် ၅မိနစ်ခန့်အချိန်ယူရမည့်အသားများကိုလည်း တစ်မိနစ်အတွင်း အပြီးသတ်လိုက်သည်။ ထို့နောက် ကြက်သွန်မြိတ်‌ေရေဆေးခြင်း၊ တို့ဟူးလှီးခြင်း၊ ဟင်းချက်ဝိုင်နှင့် ပဲငံပြာရည်ထည့်ခြင်းနှင့် ဂျုံမှုန့်များဖြူးခြင်းကို တစ်ဆက်တည်းလုပ်ဆောင်လိုက်ပြီး တူတစ်ချောင်းဖြင့် ပါဝင်ပစ္စည်းအားလုံးကို အမြန်မွှေလိုက်သည်။ နောက်ဆုံးတွင် လူတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြေရှင်းရန် လိုအပ်သည့် အချိန်အပိုင်းအခြားအတွင်းတွင် အတွင်းမှ အဆာပလာများအားလုံးကို ပြင်ဆင်ခြင်း ပြီးဆုံးသွားပြီး ရေခဲသေတ္တာထံမှ ဖက်ထုပ်ရွက်များကို ထုတ်လိုက်သည်။ 

ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ပြီးသည့်အခါ ဖုန်းကိုလက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ 

Xxxxxx