MM Storyteller
Webnovel Translations
အပိုင်း ၁၂
Viewers
10k
Chapters
98
Chapter 12
သူ ဘာကို ကြောက်နေစရာလိုလို့လဲ...
လူချင်းသိသူများသာ သူတို့၏ပုံရိပ်မပျက်စီးအောင် ထိန်းသိမ်းရမည်ဖြစ်သော်လည်း ပါပါးဟယ်၏ မျက်လုံးထဲတွင် စုန့်ယန်၏ပုံရိပ်က ရှိမနေပေ။ ဝက်သေတစ်ကောင်က ရေနွေးဖြင့် အရေခွံခွာခံရမည်ကို မကြောက်သကဲ့သို့ အရှက်မဲ့သူမဖားက ဤကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းဖြစ်သည်။ ယခုလာမည့်ဆယ်ရက် သို့မဟုတ် လဝက်အတွင်းတွင် သူတို့က တစ်ယောက်နှင့်တစ်ယောက် မတွေ့ဆုံပဲ ပူးပေါင်းဆောင်ရွက်ရမည်သာဖြစ်သည်။ ထို့အပြင် သူတို့နှစ်ယောက် တွေ့ဆုံပြီးချိန်တွင်လည်း ပူးပေါင်းရန်ကိစ္စက မလိုအပ်တော့ပေ။ ကလေးလေးကို ခဏတာ ထိန်းပေးပြီးသည်နှင့် သူတို့က ခွဲခွာရမည်သာဖြစ်သည်။
သူတို့ကြားမှာ လုံခြုံရေးတံခါးနှစ်ချပ်တောင် ခြားနေတာ... ဘာမှဆိုင်တဲ့လူတွေလည်း မဟုတ်တာကို ဘာကိုများ ကြောက်နေရမှာလဲ...
ကဲပါ စကားပြောဖို့ တွန့်ဆုတ်မနေတော့ပါဘူး...
စုန့်ရန်က သူ့ကိုယ်သူ အားပေးစကားအချို့ပြောလိုက်ပြီးနောက် ဖုန်းပြန်ခေါ်သည့်ခလုတ်ကိုနှိပ်ကာ ဖုန်းကို ပခုံးနှင့် ခေါင်းကြားညှပ်လိုက်ပြီး ခေါင်းစောင်း၍ကိုင်လိုက်ကာ ဖက်ထုပ်ထုပ်နေလိုက်သည်။
ယမန်နေ့က သူ၏ အတွေ့အကြုံများကြောင့် ယနေ့တွင် သူ သတိလက်လွတ်နေမိတော့မည်မဟုတ်ပေ။
တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေးပဲပြောတာပေါ့...
ဖုန်းသံက အကြိမ်အနည်းငယ်ခန့် မြည်ပြီးသည့်အခါမှ ဖုန်းကိုင်လိုက်ပြီး ဟယ်ကျစ်ယွမ်၏အသံကို ကြားလိုက်ရသည်။
" စုန့်ရန်လား..."
ယမန်နေ့ကနှင့်ယှဉ်ပါက ပို၍ ပျင်းတိပျင်းရွဲဖြစ်နေသော်လည်း ပို၍ ညင်သာနေသည်။
မဟုတ်သေးပါဘူး သူ့နားရွက်တွေတောင် ယားကျိကျိဖြစ်သွားသလိုပဲ...
စုန့်ရန်၏ နားရွက်များ အနည်းငယ်နီရဲသွားပြီး ရှိုးတိုးရှန့်တန့် ဖြစ်နေသည်ကို မသိသာအောင် ပြောလိုက်သည်။
" ကျွန်တော်ပါ..."
" မင်း... မြန်သားပဲ..."
ဟယ်ကျစ်ယွမ်က အဓိပ္ပါယ်ပါပါဖြင့် ရယ်လိုက်သည်။
စုန့်ရန်၏ မျက်နှာက ဖြူဖျော့သွားပြီး တောက်တောက်စင်းထားသည့် အသားပန်ကန်ထဲသို့ တူကို အားပြင်းပြင်းဖြင့် စိုက်လိုက်သည်။
" ကျွန်တော်က ဝမ်းမချုပ်နေဘူးလေ..."
အဲ့လူက စကားကို ကောင်းကောင်းမပြောတတ်တာလားဘာလား...
ဟယ်ကျစ်ယွမ် ရယ်လိုက်ပြန်သည်။
" ဟုတ်ပါပြီ အနည်းဆုံးတော့ မင်း ကျန်းကျန်းမာမာရှိနေတာပေါ့ ... အခု ဘာလုပ်နေတာလဲ..."
" ဖက်ထုပ်ထုပ်နေတာပါ... ဒီမနက်က ကျွန်တော် ပုပုအတွက် ဖက်ထုပ်ပြုတ်ပေးလိုက်တာ သူတော်တော်လေး သဘောကျလို့လေ..."
သူ့စကားများက တုံးတိသာဖြစ်ပြီး စကားစကို အမြန်ဖြတ်နေခြင်းဖြစ်သည်။ သူ့အသံက Google Assistant modeဖွင့်ထားသကဲ့သို့ဖြစ်နေပြီး ဟယ်ကျစ်ယွမ်နှင့် စိတ်မပါလက်မပါ ပြောနေရပုံပေါ်သည်။
ဟယ်ကျစ်ယွမ်က ပြောစရာစကားများ ပျောက်ရှသွားမိသည်။
သူ ဘာလုပ်ထားမိလို့လဲ... မနေ့ကကိစ္စက အဲ့လောက်တောင် စိတ်တိုစရာကောင်းသွားတာလား...
" ဖက်ထုပ်ကို ကိုယ့်ဘာသာလုပ်တာ အလုပ်မရှုပ်ဘူးလား... ဈေးဝယ်စင်တာတွေမှာ အသင့်စားအထုပ်တွေရှိတာပဲကို..."
" လူကြီးမင်းဟယ် အဲဒါက ဖက်ထုပ်အကြီးကြီးတွေလေ... ပုပုပါးစပ်လေးက သေးသေးလေးကို အဲ့လောက်ကြီးတာတွေဆို မနည်းစားရမှာပေါ့... သူက ဖက်ထုပ်အသေးလေးတွေကို ပိုကြိုက်တာ..."
စုန့်ရန်က စကားပြောနေလျက် ဖက်ထုပ်အစာကို တူဖြင့်ယူပြီး ကျွမ်းကျင်စွာ ထုတ်လိုက်သည်။
" ပြီးတော့ အသင့်စားဖက်ထုပ်တွေက အိမ်မှာလုပ်တဲ့ ကျွန်တော့် ဖက်ထုပ်တွေလောက် စားကောင်းမယ်တဲ့လား... ကျွန်တော့် ဖက်ထုပ်တွေက အချစ်တွေနဲ့ ပြည့်နေတာ... ကျွန်တော်က အရည်အသွေးကောင်းတဲ့ ဝက်သား၊ ကြက်သွန်မြိတ်၊ တို့ဟူးနဲ့ လက်ရာကောင်းကောင်းလေး လုပ်ထားတာ ... ပြီစတော့ ကျွန်တော်က အရသာမှုန့်တွေ ဘယ်တော့မှ မထည့်ဘူး... အဲဒါကြောင့်မို့ ကျွန်တော့်ဖက်ထုပ်တွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတယ်... ပြီးတော့ အစာပလာတွေကလည်း ကလေးတွေအကြိုက်နဲ့ ကွက်တိပဲ..."
ဟယ်ကျစ်ယွမ်၏စိတ်ထဲ ယားကျိကျိဖြစ်သွားသည်။
" ကိုယ် မနက်စာ မစားရသေးဘူး... မင်းဖက်ထုပ်ကို ညွှန်းနေတာကိုကြားပြီး ဗိုက်တောင်ဆာလာသလိုပဲ..."
စုန့်ရန်က မျက်ခုံးပင့်လိုက်ပြီး ဖက်ထုပ်ရွက်ကိုယူကာ အဓိကနေရာကို ထပ်ပြောလိုက်သည်။
" ကလေးတွေရဲ့ အကြိုက်နဲ့ပဲ ကွက်တိနော်..."
ကလေးတွေနော် ခင်ဗျားမဟုတ်ဘူး...
သူ့စကားကြောင့် တစ်ဖက်မှ အသံတိတ်သွားပြီး ရယ်သံလည်း ပျောက်ကွယ်သွားသည်။
" အမ်..."
စုန့်ကန်က ဖက်ထုပ်ထုပ်နေခြင်း ရပ်တန့်သွားပြီး စိတ်ထဲ အပြစ်မကင်းဟု ခံစားလိုက်ရသည်။
သူ့လေသံက နည်းနည်းများ ပြင်းထန်သွားလား...
သူ ထင်ထားသည့်အတိုင်းပင် ဟယ်ကျစ်ယွမ်က အတော်လေး ကြာမှ နေရခက်စွာဖြင့် ပြန်ဖြေသည်။
" ဒါဆိုရင်လည်း ပုပုစားဖို့ပဲ ပြင်ပေးလိုက်ပါ... ဒီလူကြီးက ဝင်မရှုပ်တော့ပါဘူး..."
စုန့်ရန်က အသည်းအသန်တားလိုက်ရသည်။
" လူကြီးမင်းဟယ် ကျွန်တော် အဲ့လိုသဘောနဲ့ပြောတာ မဟုတ်ပါဘူး...
တစ်ဖက်လူက ယဉ်ကျေးစွာ ပြုမူတတ်သော စက်မှုနည်းပညာရှင်တစ်ယောက်ဖြစ်သည့်အပြင် အခြားလူများကို မည်သို့မြှောက်ပင့်ရမည်ကို သိသူတစ်ယောက်ဖြစ်ကာ သူ့ကိုလည်း အကြိမ်အနည်းငယ်ခန့် ချီးကျူးဖူးသည့်လူဖြစ်သည်။ စုန့်ရန်က ယမန်နေ့ကကိစ္စများကို စိတ်ထဲမထည့်ထားသော်လည်း သူ့အကျင့်အတိုင စိတ်ကောက်ပြလိုက်သကဲ့သို့ ဖြစ်သွား၍ တစ်ဖက်လူ၏ငယ်ထိပ်ကို အုတ်ခဲဖြင့် ထုလိုက်သကဲ့သို့ ဖြစ်သွားပုံရသည်။
လူတစ်ယောက်က ဆင်းရဲ၍ရသော်လည်း ယဥ်ကျေးမှုကင်းမဲ့နေ၍ မရပေ။
စုန့်ရန်က သူ့လက်ထဲမှ နှင်းတမျှဖြူဖွေးသော ဖက်ထုပ်လေးကိုစိုက်ကြည့်နေပြီး ပြေရာပြေကြောင်း ပြန်ပြောရန် ပြင်လိုက်သည်။
" တ... တကယ်တော့ ကျွန်တော်ဆိုလိုချင်တာက ဒီနေ့လုပ်ထားတဲ့ဖက်ထုပ်က ပုပုတို့လို ကလေးလေးတွေကြိုက်တဲ့အရသာမျိုးမို့ပါ... လူကြီးတွေကြိုက်တာမျိုးတွေ မဟုတ်ဘူးလေ... လူကြီးမင်းဟယ် စားချင်တယ်ဆိုရင် ကျွန်တော်နောက်မှ လူကြီးတွေကြိုက်တဲ့ အရသာမျိုး လုပ်ပေးပါ့မယ်..."
ဟုတ်ပြီ ဒီလိုပြောလိုက်တာ ကောင်းတယ်...
သူက ဧည့်ဝတ်ကျေပွန်မှုကို ပြသလိုက်ရုံသာမက သူ့စိတ်ကူးများကိုပါ ဖော်ပြလိုက်နိုင်ပေသည်။ ထို့အပြင် ဖက်ထုပ်ကဲ့သို့ မနက်စာအဖြစ်စား၍ရသောအရာများက မည်သူကမှ ဧည့်သည်များကို ဧည့်ခံမည်မဟုတ်ပေ။
ဘယ်သူက တခြားလူတွေကို မနက်စာစားဖို့ ဖိတ်မှာမို့လဲ နေ့လယ်စာတို့ ညနေစာတို့ဆို ဟုတ်သေးတယ်...
စုန့်ရန်မှာ သူ၏ ဖြတ်ထိုးဉာဏ်ကြောင့် ကိုယ့်ကိုကိုယ် အထင်ကြီးသွားမိသည်။ စိတ်ထဲတွင် ဝမ်းသာအားရဖြစ်သွားသောကြောင့် သူ့လက်ထဲမှ ဖက်ထုပ်ငယ်လေးကို ပန်းကန်ပေါ်တင်ထားလိုက်ပြီး အပေါ်မှ ဂျုံမှုန့်များ ဖြူးထားလိုက်သည်။
တစ်ဖက်မှ ဟယ်ကျစ်ယွမ်မှာ အနည်းငယ်ပြုံးမိသွားသည်။
" ကောင်းပါပြီ အခွင့်အရေးရမယ်ဆိုရင်တော့ ကိုယ်မင်းရဲ့လက်ရာကို မြည်းကြည့်ချင်ပါတယ်..."
စုန့်ရန်မှာ ရန်စခံလိုက်စဉ်က သူ့စိတ်အခြေအနေမှာ ဆူးများသည့် ကန္တာရအပင်ကဲ့သို့ဖြစ်သွားသော်လည်း ပြောရာပြေကြောင်းပြန်ပြောသည့်အခါတွင်လည်း သူက အကျိုးသင့်အကြောင်းသင့်ဖြစ်အောင် တုံ့ပြန်လိုက်သည်။ စိတ်ကြည်ကြည်လင်လင်ဖြင့် ဟယ်ကျစ်ယွမ်နှင့် စကားစမြည်ပြောနေမိသည်။ အချိန်တိုအတွင်းတွင် ပန်းကန်ပြားပေါ်တွင် ဖက်ထုပ်များဖြင့် ပြည့်သွားသည်။
" အဲဒါတင် မကသေးဘူး... အသီးအရွက်တွေက အသေးအဖွဲကိစ္စပဲရှိသေးတာ ကျွန်တော်က အသားနှပ်တာ ပိုကျွမ်းတယ်..."
သူ့ အချက်အပြုတ်စွမ်းရည်များကိုလည်း ကိုယ်တ်ိုင်ချီးကျူးနေသည်။
" ကျွန်တော်ချက်တဲ့ ဝက်သားနီနှပ်က အဆီများပေမဲ့ ချွဲကျိကျိမဟုတ်ဘူး အသားလေးက နူးညံ့ပြီး တောက်ပနေတာပဲ... ပုစွန်ကြက်သွန်ဖြူပေါင်း၊ ခုံးကြက်ဥနှပ်၊ အမဲမိုးခိုသားနဲ့ ရှာချာဆောစ့်၊ ကြက်တောင်ပံကင် ဟင်းတော်တော်များများကို ကျွန်တော်ချက်တတ်တယ်... ဟင်းချက်နည်းလား ဟင်းချက်နည်းတွေအတိုင်းချက်ရတာ ပျင်းစရာကောင်းလို့ ကျွန်တော့်ဘာသာကျွန်တော်ချက်တာ..."
( T/N - ရှာချာဆောစ့်ဆိုတာ ထိုင်ဝမ်ဟင်းပွဲတွေမှာသုံးတဲ့ စပ်တဲ့ငရုတ်နှစ်တစ်မျိုးပါ။ ပဲပိစပ်ဆီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ပုစွန်ခြောက်တို့က လုပ်ထားတာပါ၊ တစ်ခါတစ်ရံမှာ "တရုတ်အသားကင်ဆော့စ်" အဖြစ်လည်း ရောင်းပါတယ် )
" ကျွန်တော်က ဆောစ့်လုပ်တာလည်းကျွမ်းတယ်... ကိတ်မုန့်လား... ကိတ်မုန့်တွေအများကြီးစားရင် ပုပု သွားပိုးစားလိမ့်မယ်... ပြီးတော့ ကျွန်တော်ကovenသုံးနည်းမသိတော့ ဘယ်လိုကိတ်မုန့်ဖုတ်ရမယ်ဆိုတာ မသိဘူး... ကျွန်တော် ကြွားပြီးပြောတာတော့ မဟုတ်ပါဘူ အချက်အပြုတ်အရည်အချင်း ၁၈မျိုးထဲမှ ကျွန်တော်မချက်တတ်တဲ့ တစ်ခုတည်းသောအရာက အနောက်တိုင်းအစားအစာတွေပဲ..."
စုန့်ရန်က တူဖြင့် အသားများကို ယူလိုက်ပြီး ဖက်ထုပ်ထဲတွင် ပျော်ရွှင်စွာ ထည့်လိုက်သည်။
" အာ ဟုတ်သားပဲ... ပါပါးဟယ် ပုပုက ဘာစားရတာကြိုက်လဲဟင်... ဟင် မသိဘူးလား... မဟုတ်သေးပါဘူး ခင်ဗျားက အဖေဖြစ်ပြီး အဖိုးတန်ကလေးလေးက ဘာကြိုက်တယ်ဆိုတာ မသိဘူးလား... ဒီလိုဆိုရင်ရော ဘယ်လိုလဲ... ကျွန်တော် ပုပုအကြောင်း မှတ်တမ်းဖိုင်လေးတစ်ခု လုပ်ပေးထားမယ်လေ နောက်ပိုင်း ကလေးထိန်းအန်တီအသစ်ရှာမယ်ဆိုရင် အဲ့ဖိုင်လေး ပေးလိုက်ရုံပဲပေါ့..."
ဟယ်ကျစ်ယွမ်က သူပြောသည်များကို စိတ်ပါဝင်စားစွာ နားထောင်နေသည်။
" မင်းက ကလေးပြုစုစောင့်ရှောက်ရတာကို တော်တော်အတွေ့အကြုံရှိတာလား..."
စုန့်ရန်က အခိုင်အမာပြောလိုက်သည်။
" ဒါပေါ့... ကျွန်တော့်မိသားစုမှာ ညီလေး ညီမလေးတွေ အများကြီးရှိတာ ကလေးတစ်ယောက်ချင်းစီအတွက် ဖိုင်တစ်ခုစီရှိတယ်... ကလေးပြုစုစောင့်ရှောက်တာ ကျွန်တော့်ရဲ့ အလုပ်အဟောင်းပဲ... ပုပုကိုထိန်းပေးခဲ့တဲ့ ဟွမ်ကွေ့ဟွားထက်စာရင် ကျွန်တော်က ပိုပြီးတောင် အသုံးဝင်ဦးမယ်... ကျွန်တော်သာ ကလေးထိန်းလုပ်မယ်ဆိုရင် တစ်လကို ယွမ်ထောင်ဂဏန်းလောက်တော့ ရမှာပဲ..."
လစာအကြောင်းပြောလိုက်သည့်အချိန်မှသာ ဟယ်ကျစ်ယွမ်က ယနေ့ဖုန်းခေါ်ရသည့် ရည်ရွယ်ချက်ကို သတိရသွားသည်။
" စုန့်ရန် ဒီလဝက်အတွက် လစာအကြောင်း ဆွေးနွေးရအောင်..."
စုန့်ရန် အံ့အားသင့်သွားခဲ့သည်။
" လစာလား..."
ကလေးတစ်ယောက်ကိုကူထိန်းပေးတာ လစာပေးဖို့လိုလို့လား...
ဟယ်ကျစ်ယွမ်က သဘောထားကြီးစွာဖြင့် ဈေးတစ်ခုကိုပြောလိုက်သည်။
" အပြင်ကလေးထိန်းအလုပ်တွေအတိုင်းပဲ ကိုယ် မင်းကိုပေးပါ့မယ်... လတစ်ဝက်စာအတွက် ယွမ်၈၀၀၀ဆို အဆင်ပြေနိုင်မလား..."
ဒုတ်...
စုန့်ရန် အံ့ဩတကြီးဖြစ်သွားခဲ့ပြီး သူ့လက်ထဲမှတူ ပြုတ်ကျသွားရသည်။
ယွမ်ရှစ်ထောင်တဲ့လား... သူ ကလေးထိန်းလုပ်နေတာလား ဘဏ်ဓားပြတိုက်နေမိတာလား...
ဟယ်ကျစ်ယွမ်က ထပ်ပြောသည်။
" ရှစ်ထောင်က လုပ်အားခ သက်သက်ပါပဲ စားသုံးကုန်တွေအတွက် ကုန်ကျစရိတ်တွေ မပါသေးဘူး... အသီးအရွက်၊ အသားငါးနဲ့ နွားနို့ဝယ်တာတွေကို စာရင်းတစ်ခုလုပ်ထားပါ အဲဒါတွေကို ကိုယ်နောက်မှ ပြန်ပေးမယ်..."
" အဲ့... အဲ့လောက်ကြီးအထိ လုပ်ပေးဖို့ မလိုပါဘူး..."
စုန့်ရန်က အိမ်မက်မက်နေသည်ဟုပင် ထင်မိလာသည်။
" ကျွန်တော်က ဖက်ထုပ်ပဲထုပ်ပေးရတာပဲ အဲဒါက လုပ်အားခ ယွမ်ရှစ်ထောင်တန်လို့လား..."
ဟယ်ကျစ်ယွမ်က သူ့မေးခွန်းကို နောက်မေးခွန်းတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။
" ဒါဆိုရင် မင်း ဘယ်လောက် လက်ခံနိုင်မလဲ..."
စုန့်ရန်က ကိန်းဂဏန်းများတွက်ချက်ခြင်းတွင် အလွန်ဆိုးရွားလှသည်။ လက်ချောင်းများထောင်ကာ တုန်တုန်ယင်ယင်နှင့် တွက်ချက်နေပြီးနောက် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
" ရှစ်ရာလောက်ပေါ့..."
" အသက်လည်း ဝအောင်ရှုပါဦး... အဲဒါက အနိမ့်ဆုံးလစာသတ်မှတ်ချက်ထက်တောင် နည်းနေသေးတယ်..."
ဟယ်ကျစ်ယွမ်က သူ၏တောင်းဆိုချက်ကို ချက်ချင်းငြင်းဆန်လိုက်သည်။
စုန့်ယန်ကလည်း ဆန္ဒဖော်ထုတ်လာသည်။
" ကျွန်တော်က အချိန်ပိုင်းပဲလုပ်ပေးတယ်လို့ သတ်မှတ်လို့ရတယ်လေ..."
" ဒါဆိုရင်လည်း အနိမ့်ဆုံး နာရီလုပ်ခ စံနှုန်းအောက်လည်း ရောက်နေသေးတယ်..."
( T/N - တရုတ်နိုင်ငံမှာ လုပ်ခလစာနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ အများကြီးရှိပါတယ်၊ အဲဒါကြောင့်မို့ လူတစ်ယောက်ရဲ့ အနိမ့်ဆုံးလစာနဲ့ အချိန်ပိုင်းအလုပ်အတွက် အနည်းဆုံးနာရီလုပ်အားခစံနှုန်းတွေက မတူပါဘူး..."
ဟယ်ကျစ်ယွမ်၏ ချေပချက်က ပြတ်သားလွန်း၍ စုန့်ရန် ပြောစရာစကားမဲ့သွားရသည်။
သူတို့က ဖုန်းထဲတွင် ကတ်သီးကပ်ဖဲ့ စကားများနေကြခြင်းဖြစ်သည်။ တစ်ဖက်မှ လူချမ်းသာက သုံးမကုန်သော်ငွေများကို ပေးချင်နေသော်လည်း တစ်ဖက်မှလူမွဲလေးကလည်း ငွေပမာဏများစွာကို လက်လွတ်စပယ် လက်မခံရဲပေ။ ထိုရလဒ်ကြောင့် အသစ်စက်စက်ကမ်းလှမ်းမှုမှာ ယွမ် ၁၂၀၀၀ရောက်လာသည်အထိ မပြီးဆုံးနိုင်အောင်ဖြစ်နေသည်။
စုန့်ရန်က အသည်းအသန်ပြောနေရသည်။
" လူကြီးမင်းဟယ် ကျေးဇူပြုပြီး အကျိုးသင့်အကြောင်းသင့်လေးတော့လုပ်ပါလား..."
" ယွမ် ၁၃၀၀၀ရော..."
စုန့်ရန်၏ မျက်နှာက ခပ်တည်တည်ဖြစ်လာသည်။
" ကျွန်တော် တကယ်စိတ်ဆိုးမိတော့မယ်နော်..."
" ယွမ် ၁၄၀၀၀..."
စုန့်ရန် : " ကျွန်တော် ..."
" တစ်သောင်းငါး..."
" သောင်းလေးထောင် သောင်းလေးထောင်... သောင်းလေးထောင်ဆိုရပြီ..."
စုန့်ရန် သူ့ကို ဖြတ်ပြောလိုက်ရသည်။ သူ မျက်ရည်များဝဲလျက် အလံဖြူလေးကို တဖြည်းဖြည်း ဝှေ့ယမ်းပြလိုက်ရသည်။
ဟယ်ကျစ်ယွမ်၏ မတန်တဆ ကမ်းလှမ်းမှုစျေးနှုန်းကြောင့် သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်ဟု စုန့်ရန်ခံစားခဲ့ရသည်။ သူတို့ကြားမှ အဓိက စီးပွားရေးကိစ္စအပြင် ဝေးကွာလှသည့် နိုင်ငံရပ်ခြားတွင်ရှိနေသော အလုပ်ရှင်ကို ဖော်ရွှေစွာဆက်ဆံပေးခြင်းကဲ့သို့ ဗွီအိုင်ပီဝန်ဆောင်မှုများလည်း ပေးသင့်သည်ဟု ထင်လာသည်။
ပထမဦးဆုံး ပြုလုပ်ရမည်က သူနေထိုင်ကောင်းမကောင်းကို စစ်ဆေးပေးခြင်းဖြစ်သည်။
စုန့်ရန်၏ မျက်နှာပေါ်တွင် အပြုံးကြီးကြီးတစ်ခုပေါ်လာပြီး ရှေ့သွားရှစ်ချောင်းလုံးပေါ်အောင် ပြုံးလိုက်သည်။
" လူ
လူကြီးမင်းဟယ် အိပ်ရာနိုးလာပြီလား... အဲဒီမှာ ဘယ်အချိန်ရှိနေပြီလဲ..."
ဟစ်ကျစ်ယွမ်က သမ်းဝေလိုက်သည်။
" မနက် ခြောက်နာရီကျော်ရုံပဲရှိသေးတယ်... ကိုယ် အိပ်ရာထဲကတောင် မထွက်ရသေးပါဘူး..."
သူ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လိုက်သည့်အခါ မီးခိုးရောင်သန်းနေပြီး မိုးစင်စင်မလင်းသေးသောကောင်းကင်ကြီးကို မြင်တွေ့လိုက်ရသည်။ ထိုမြင်ကွင်းနှင့် ဆန့်ကျင်စွာ စုန့်ရန်၏အသံက တက်ကြွလန်းဆန်းနေ၍ ကမ္ဘာပေါ်သို့ အလင်းတန်းတစ်တန်း ဖြာကျလာသည်နှင့်တူ၍ သူ့စိတ်က ကြည်လင်သွားသည်။
" အိုး..."
စုန့်ရန် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီးနောက် စိတ်ကူးယဉ်နေမိသည်။
Xxxxxxx
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN